← Chapters

မြေကမ္ဘာပင်မမီးကြော

Vol. 136 Ch. 1875

မြေကမ္ဘာပင်မမီးကြော

Vol. 136 Ch. 1875

ဖန်ရှန်လုသည် တခြားသူများ၏ လှိုဏ်ဂူများကို ဖြတ်ကျော်လာသည့်အခါ၌ပင် သူတို့က ဖန်ရှန်လုကို သတိပြုမိကြသော်လည်း အရေးမစိုက်ကြပေ။

သူတို့သည် အပြင်လူတစ်ယောက်က သူတို့၏ဆရာ စောင့်ကြည့်မှုအောက်၌ အပြင်လူတစ်ယောက် သည်နေရာသို့ ဝင်ရောက်လာနိုင်လိမ့်မည်ဟု မထင်ထားကြပေ။ ဖန်ရှန်လုက ပင်မတပည့်တစ်ယောက်လည်း ဖြစ်သေး၏။ သူမ၏အမ ဖြစ်သူမှာလည်း သူတို့ဆရာ၏ အာရုံစိုက်မှုကို ခံရသူ မဟုတ်လား။ သူတို့၏ဆရာက ဖန်ရှန်လု၏အမကို ဆက်ခံသူအဖြစ် သတ်မှတ်ပေးတော့မည့်ပုံ ပေါ်၏။

ထို့အတွက်ကြောင့် ကလန်၏ တခြားအဖွဲ့ဝင်များသည် ဖန်ရှန်လုအတွက် ပြဿနာ မဖြစ်စေနိုင်ပေ။ သူမသည် တောင်အောက်ခြေသို့ ချောချောမွတ်မွတ် ရောက်လာခဲ့ကာ ကျောက်အခန်းတစ်ခု၏ အပြင်ဘက်တွင် ရပ်လိုက်၏။

သည်ကျောက်အခန်း၏ တံခါးသည် အနီရောင်ရှိကာ အဆုံးမဲ့အပူဓာတ်ကို ပေးစွမ်းနေ၏။ သာမန်ကျင့်ကြံသူတစ်ယောက်သည် ဒီတံခါးအပြင်ဘက်တွင် ရပ်နေရုံဖြင့် သူတို့၏သွေးများ ဆူပွက်လာသကဲ့သို့ ခံစားမိလိမ့်မည်။

ပို၍ တိတိကျကျဆိုရသော် သည်ကျောက်အခန်းသည် ပင်မမီးကြော၏အတွင်းဘက်၌ ဖွင့်လှစ်ထားခြင်း ဖြစ်၏။ သည်အတွင်း၌ ကျင့်ကြံခြင်းမှာ ပင်မမီးကြောအတွင်း၌ ကျင့်ကြံတာနှင့် အတူတူပင်။

သည်နေရာမှာ မီးအနှစ်သာရကျင့်ကြံသူများအတွက်သာ ပြုလုပ်ထားခြင်း မဟုတ်ပေ။ မြေကမ္ဘာမီးကြော ဆန္ဒ၏အောက်၌ တခြား သိမ်မွေ့ဆန်းကြယ်အနှစ်သာရအားလုံးကိုလည်း ကျင့်ကြံနိုင်ပေသည်။

သည်နေရာရှိ မီး၏ ဖိအားကို ငှားယမ်းအသုံးချခြင်းက သော့ချက်ဖြစ်၏။ ထိုဖိအားကြောင့် အပြင်ဘက်ရှိ ရက်ပေါင်းများစွာက ဒီနေရာနှင့် တစ်ရက်တာဖြင့် ညီမျှနေပေသည်။

သည်ကျောက်ခန်းမှာလည်း ဒီတောင်ရှိ တန်ဖိုးအရှိဆုံးနေရာ ဖြစ်ကာ ပင်မတပည့်များသာ ဝင်ရောက်နိုင်သည်။

ဖန်ရှန်လုက ဝမ်လင်းကို ထိုအကြောင်းအရာများအားလုံးကို ပြောပြခဲ့ပြီး သူတို့က နီးကပ်လာ၏။ အခုအခိုက်၌ ကျောက်အခန်းအပြင်ဘက်တွင် ဖန်ရှန်လုက ညာလက်ကို ဝေ့ယမ်းလိုက်ရာ အနီရောင်တံခါးမှာ လူတကိုယ်စာ ဝင်ပေါက်လောက် ပွင့်လှစ်သွား၏။ တံခါး ပွင့်လာသည့်အခါ၌ အတွင်းဘက်မှ ရူးသွပ်ဖွယ်ဟိန်းမြည်သံတသံ ထွက်ပေါ်လာသည်။

သိပ်မကြာခင်တွင် မီးပင်လယ်တစ်ခု ဝင်ပေါက်ထံမှ ပျံ့နှံ့လာပြီး မီးနဂါးအဖြစ်ပြောင်းကာ ဖန်ရှန်လုကို ဝါးမြိုရန် ဟန်ပြင်၏။

ဖန်ရှန်လု၏ မျက်လုံးမှာ အရောင်တောက်သွား၏။ မီးနဂါး နီးကပ်လာစဉ် သူမက တိုးညင်းစွာ ပြော၍ ထူးခြားသောအသံတစ်သံကို ထုတ်ဖော်၏။

“ကျိုး…”

ထိုအသံ ထွက်ပေါ်လာသည်နှင့် မီးနဂါးမှာ တုန်ယင်ကာ ဖန်ရှန်လုရှေ့မှာပင် မီးအစက်အပြောက်များအဖြစ်သို့ ပျက်စီးသွားချေ၏။ သူမက အချိန်ဆွဲမနေတော့ဘဲ တံခါးပေါက်ထဲသို့ လှမ်းလျှောက်လာ၏။ သူမ ဝင်ရောက်လာသည့်နောက် တံခါးမှ ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။

ထိုသို့ ဖြစ်ပျက်လာချိန်၌ တောင်ထိပ်ရှိ လှိုဏ်ဂူ၌ အသက်သုံးဆယ်ပတ်လည်ခန့် လူငယ်အမျိုးသမီးတစ်ယောက်က ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူမက တာအိုဝတ်ရုံအဖြူကို ဝတ်ဆင်ထားသည်။

ထိုအမျိုးသမီးက မင်သက်လောက်အောင် လှကာ သူမကို တွေ့မြင်ရသူတိုင်း နှလုံးတချက် ခုန်ပေါက်သွားနိုင်လောက်၏။ သူ၏မျက်ခုံးမှာ လခြမ်းကွေးအလား။မျက်လုံးတို့မှာ ဖီးနှစ်ကဲ့သို့ ရှိပြီး သူမ၏နှဖူးထက်၌ တောက်ပရွှန်းလဲ့သော ကြယ်ငါးလုံးကို အလှဆင်ထားသေး၏။ ထိုသည်က သူမကို သာ၍ စွဲဆောင်မှု ရှိစေသည်။

သူမသည် ဘာရယ်မဟုတ် ရှေ့သို့ လှမ်းကြည့်လိုက်ကာ သူမ၏နတ်ဘုရားအာရုံကို အောက်ဘက်ရှိ ကျောက်တံခါးထံသို့ စေလွှတ်လိုက်၏။ သို့ပေမည့် သူမ၏နတ်ဘုရားအာရုံက ဝင်ရောက်မည့်ပုံ မရဘဲ တချက်ဝေ့ခတ်ပြီးနောက် ပြန်ရောက်ရှိလာသည်။

“ဒါဟာ လုအာ အနေနဲ့ ကလန်ကို ပြန်ရောက်တဲ့အချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ဒီနေရာကို လာခဲ့တာပဲ။ သူမကို စိတ်အနှောက်အယှက် ပေးနေတဲ့ အရာတွေကို မေ့သွားတာ ကောင်းပါတယ်လေ…”

ထိုအမျိုးသမီးမှာ ဖန်ရှန်လု၏ဆရာ ဖြစ်သူပင်။

ထိုအမျိုးသမီး၏ မျက်နှာချင်းဆိုင်၌ ဖန်ရှန်လုနှင့် ရုပ်ချင်းဆင်သော အမျိုးသမီးတစ်ယောက် ရှိလို့နေ၏။ သို့သော် သူမက ဖန်ရှန်လုထက် သိသိသာသာ ပိုအေးစက်ပုံ ပေါက်သည်။ ဝမ်လင်းက ထိုအမျိုးသမီးကို သိပေ၏။ သူမမှာ ဖန်ရှန်လု၏အမ ဖန်ရှန်မင်ပင်။

သူမ၏မျက်တောင်က လှုပ်ခတ်သွားကာ သူမသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက သက်ပြင်းချကာ မျက်လုံးပြန်မှိတ်၍ ဆက်လက် ကျင့်ကြံနေတော့သည်။

တောင်အောက်ခြေရှိ ကျောက်အခန်းတွင်း၌ ဖန်ရှန်လုသည် လှိုဏ်ဂူထံမှ အပူဓာတ်ကို ခံစားမိ၏။ သူမ၏နှဖူးထက်၌လည်း ချွေးများ ပြန်လာသည်။ သည်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာသူတိုင်းမှာ ပင်မမီးကြောစိတ်ဆန္ဒ၏ ဖိအားဖြင့် ဝန်းရံခြင်း ခံရမည်သာ။ သင်သည် ဒီနေရာသို့ ဝင်ရောက်လာသည်နှင့် ထိုင်ချကာ ဖိအားနှင့် အရင်ဆုံး သင့်ကိုယ်သင် သဟဇာတ ဖြစ်အောင် လုပ်ဖို့ လိုလိမ့်မည်။

“ငါ့အနေနဲ့တော့ ကျောက်ခန်းအတွင်းနက်ပိုင်းထဲထိ မဝင်ရောက်နိုင်ဘူး။ ငါ ဒီကို မလာခဲ့တာ ကြာခဲ့လှပြီ။ ငါ နင့်ကို ဒီနေရာမှာပဲ စောင့်နေလိုက်မယ်…”

ဖန်ရှန်လုက ထိုသို့ ပြောနေစဉ် သူမ၏အင်္ကျီလက်အိုးထဲမှ အခိုးအငွေ့အမျှင်တန်းတစ်ခု ထွက်လာသည်။ ဝမ်လင်းက သူမ၏ဘေး၌ ပေါ်လာ၏။

ဝမ်လင်း ပေါ်လာသည့်အခါ ပတ်ဝန်းကျင်အပူလှိုင်းက သူ့ထံ တရကြမ်း တိုးဝင်လာ၏။ သို့ပေမည့် ယင်းတို့မှာ နီးကပ်လာရုံ ရှိသေး ဝမ်လင်းက ထိုအပူလှိုင်းတို့ကို ရှိုက်သွင်းလိုက်သည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ ရှိုက်သွင်းခံလိုက်ရသော အပူလှိုင်းက မီးအနှစ်သာရအဖြစ်သို့ ပြောင်းကာ သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးသည်။

“ဒါဟာ တကယ့်ကို ပင်မမီးကြောပဲ။ ဒီအပူက မီးကြောခွဲဒါဇင်ချီကျော်နဲ့ ညီမျှနေပြီ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ ဤသည်မှာ သူ ရှာနေသော နေရာပင်။

ကျောက်အခန်းက လေးထောင့်မဟုတ်နေပေ။ ၎င်းမှာ အမှန်တကယ်ကျောက်အခန်း မဟုတ်ပါ။ ဘေးပတ်လည်နံရံ၌ ရှည်လျားသော အနီရောင်အစင်းမြောင်တစ်ခု ရှိနေ၏။ လူတစ်ယောက်သည် ပို၍ အနက်ပိုင်းသို့ သွားလေလေ အနီရောင်အလင်းက ပို၍ တုန်လှုပ်ဖွယ်ကောင်းလာလေပင်။

“ဆယ်ပေတိုင်း အဆင့်သစ်တစ်ခု ဖြစ်ပေါ်တယ်။ စုစုပေါင်း ပေသုံးရာခုနစ်ဆယ် ရှိတယ်။ နင့်အနေနဲ့ နင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အကောင်းဆုံးနေရာကို ရှာနိုင်တယ်…”

ထိုအခိုက်တွင် ဖန်ရှန်လုသည် ချွေးများရွှဲနစ်နေလေပြီ။ သူမက တံခါးဘေးတွင် ထိုင်ချလိုက်သည်။

“နင် သုံးရက်အတွင်း ထွက်သွားနိုင်တယ်။ ငါ ဒီမှာ နည်းနည်းကြာအုံးမယ် ပုံပဲ…။ နင် ဒီလိုလုပ်ခဲ့ရင် ငါ့ကြောင့် ဒီနေရာမှာ ပြောင်းလဲမှုအချို့ ဖြစ်လာခဲ့ရင်တောင် နင့်အပေါ်မှာ များများစားစား သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး…”

ဝမ်လင်းသည် ဖန်ရှန်လုထံ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ပြီးနောက် အခန်းအတွင်းနက်ပိုင်းသို့ သွားရောက်လေတော့သည်။

ဖျတ်ခနဲအတွင်း သူက ပေနှစ်ရာကျော်ထိ ရွှေ့လျားလာခဲ့ပြီ ဖြစ်၏။ သူ ခြေချလိုက်သည့်အခိုက်၌ သူ့ကို မီးပမာဏများစွာ ဝန်းရံသည်။ သို့သော် ထိုမီးတို့မှာ ဝမ်လင်း၏ စုပ်ယူခြင်းကို ချက်ခြင်း ခံလိုက်ရသည်သာ။

နောက်ခြေတလှမ်းဖြင့် ဝမ်လင်းသည် ဒီလှိုဏ်ဂူထဲ ပေသုံးရာခုနစ်ဆယ်အနက်သို့ ရောက်လာခဲ့၏။ လှိုဏ်ဂူ၏အနက်ဆုံးအပိုင်းပင်။ ဝမ်လင်းသည် နေရာတွင် ထိုင်ချကာ သူ့လက်ကို မြေပြင်ထက်သို့ ချက်ခြင်း ဖိချလိုက်သည်။

သည်အခိုက်တွင် သူသည် ပင်မမီးကြောအတွင်း၌ ၎င်း၏ မီးအနှစ်သာနှင့် စိတ်ဆန္ဒတို့ကို ဝါးမြိုရန် ရောက်နေလေပြီ။ မဟာစိတ်ဝိညာဉ်ကလန်ကဲ့သို့ အစွမ်းထက် ကလန်ကြီးအတွင်း၌ အခုလိုမျိုး လုပ်ရပ်မှာ ကျားပါးစပ်ထဲက သွားကို နှုတ်ယူခြင်းမျိုးပင်။

ဖန်ရှန်လုက လှိုဏ်ဂူအတွင်းဘက်သို့ ဝင်ရောက်သွားသော ဝမ်လင်း၏ပုံရိပ်ကို စောင့်ကြည့်နေ၏။ နံရံများမှ ထွက်ပေါ်နေသော မြင့်မားသည့်အပူရှိန်ကြောင့် ဝမ်လင်းကို သူမအနေဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အချိန်အတန်ကြာပြီးနောက် သူမက သက်ပြင်းချကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံတော့သည်။

ဝမ်လင်းကတော့ သူ့မျက်လုံးတို့မှာ တောက်ပနေပြီး သူက မြေပြင်ထက်သို့ သူ့လက်နှစ်ဖက်ကို ချထား၏။ မီးအနှစ်သာရ လှိုင်းများက သူ့လက်နှစ်ဖက်ထံသို့ တရကြမ်းစီးဝင်ကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မီးဖြင့် ခြုံလွှမ်းခြင်း ခံလာရသည်။ နောက်သုံးရက်အကြာ၌ သူ့အော်ရာမှာ ပျောက်ကွယ်သွားတော့၏။ သူသည် မြေကမ္ဘာပင်မမီးကြောနှင့် တသားတည်း ဖြစ်လာခဲ့ကာ ထောက်လှမ်းမိနိုင်ဖို့ အလွန်တရာ ခက်ခဲလာသည်။ သည်အခိုက်၌ သူ့နတ်ဘုရားအာရုံသည် ကျောက်အခန်းအောက်ခြေထံသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာကာ ပင်မမီးကြောထံသို့ ဦးတည်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း မီးအနှစ်သာရနှင့် ပြည့်ဝနေလေပြီ။ ထို့ကြောင့် ပို၍ စုပ်ယူခြင်းက သူ့မီးအနှစ်သာရအစစ်အမှန်ခန္ဓာကို ပြီးပြည့်စုံစေဖို့ အကူအညီ မဖြစ်စေတော့ပေ။ သူ လုပ်ဖို့ လိုအပ်သည်မှာ မြေကမ္ဘာမီးကြော၏ ဆန္ဒကို ဝါးမြိုဖို့သာ ဖြစ်၏။

ထိုစိတ်ဆန္ဒကို ဝါးမြိုခြင်းဖြင့်သာ သူသည် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ မီးအားလုံး၏ အရှင်သခင် ဖြစ်လာပြီး သူ့မီးအနှစ်သာရအစစ်အမှန်ခန္ဓာမှာလည်း အပြည့်အဝ ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

“ဒီတကြိမ်တော့ ငါ အောင်မြင်ရမယ်…”

ဝမ်လင်း၏နတ်ဘုရားအာရုံက သူ့အနှစ်သာရအစစ်အမှန်ခန္ဓာအဖြစ် မီးကြောအတွင်း၌ ပြောင်းလဲသည်။ ထိုခန္ဓာ၏ ဦးခေါင်းမှာ ဟင်္သာငှက် ဖြစ်နေသေးကာ ထူးဆန်းနေသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသည့် အနှစ်သာရနှင့် စိတ်ဆန္ဒတို့မှာ တုန်လှုပ်ဖွယ် ကောင်းလှသည်။

သူ့နတ်ဘုရားအာရုံဖြင့် ဝမ်လင်းသည် ပင်မမီးကြောမှာ မြေကြီးအတွင်းနက်ပိုင်း၌ လှဲလျောင်းနေသော အဆုံးမဲ့မီးနဂါးတစ်ကောင် ဖြစ်သည်ဟု မြင်နိုင်သည်။ ၎င်းထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းနေသည်။ ၎င်းသည် မြေကမ္ဘာမီးကြောကြောင့် ဖြစ်ပေါ်လာခဲ့ကာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ပြီးသည့်အလား။

၎င်းထံ၌ ဉာဏ်ရည် မရှိလေပေ။ စိတ်ဆန္ဒတစ်ခုသာ ပိုင်ဆိုင်သည်။ ထိုစိတ်ဆန္ဒမှာ မိုးကောင်းကင်၏ခွန်အားအလား။ ၎င်းက ဝမ်လင်းပေါ်သို့ ဖိအားကို အဆက်မပြတ် ကျရောက်နေစေ၏။

ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာ၏ မျက်လုံးမှာ တလက်လက် ဖြစ်လာကာ အေးတိအေးစက် အပြုံးကို လှစ်ဟဖော်၏။ သူသည် မရှောင်သည့်အပြင် ထိုစိတ်ဆန္ဒ သူ့ထံ နီးကပ်လာစဉ် ၎င်းကို စတင်ဝါးမြိုတော့သည်။

သည်စိတ်ဆန္ဒကို ဝါးမြိုကာ သူ့ကိုယ်ပိုင်စိတ်ဆန္ဒကို ခွန်အားဖြည့်ခြင်း။ သူ့ကိုယ်ပိုင်မီးဆန္ဒကို ဖွဲ့စည်းခြင်း။

သူ ဝါးမြိုနေစဉ် မြေကမ္ဘာပင်မမီးကြောသည် တုန်ယင်လာ၏။ ထိုသို့ဖြင့် ပို၍ အစွမ်းထက်လှသော မီးဆန္ဒတစ်ခုသည် ရုတ်တရက် ပေါ်လာကာ ၎င်းမှာ ဝမ်လင်းကို ခြေမွပစ်ချင်သည့်အလား။

သို့သော် ဤခန္ဓာမှာ ဝမ်လင်း၏ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ပေ။ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာသာ ဖြစ်၏။ ထို့ကြောင့် ၎င်းစိတ်ဆန္ဒက သူ့ကို မသက်မသာ မဖြစ်စေရုံသာမက သူ့အား ထပ်မံ ဝါးမြိုခွင့်ပါ ရရှိစေသည်။ သူ့ဦးခေါင်းမှာ တဖြည်းဖြည်း ပြောင်းလဲမည့် အရိပ်အယောင်များ ပြသလာသည်။ သူ့လည်ပင်းမှာ ဟင်္သာငှက်၏ လည်တိုင်ဆက်မဟုတ်တော့၊ အရေပြားကို မြင်လာရနိုင်သည်။

ထိုပြောင်းလဲမှုက ဝမ်လင်းကို စိတ်အားတက်ကြွလာစေ၏။

“ဒီစိတ်ဆန္ဒနောက် လိုက်ရင် ပင်မမီးကြောရဲ့ စိတ်ဝိညာဉ်ဦးခေါင်းပိုင်းထိ ရောက်နိုင်လိမ့်မယ်။ အဲ့နေရာမှာသာ စိတ်ဆန္ဒကို စုပ်ယူလိုက်ရင် ငါ့အနှစ်သာရခန္ဓာဟာ ပြီးပြည့်စုံသွားလိမ့်မယ်…”

ဝမ်လင်းသည် အချိန်သည် ပဓာနဖြစ်မှန်းသိ၏။ ထို့ကြောင့် သူသည် နှေးဖင့်မနေပေ။ သူက မြေအောက်အတွင်းနက်ပိုင်းရှိ ပင်မမီးကြောထံ လိုက်ပါလာသည်။

သူသည် ပင်မမီးကြော၏ ဦးခေါင်းပိုင်းကို ရှာဖွေနေလေ၏။ သူသည် မဟာစိတ်ဝိညာဉ်ကန်၏ စွမ်းအားထောက်တိုင်များ သူ့ကို ရှာမတွေ့ခင် မီးအနှစ်သာရအစစ်အမှန်ခန္ဓာကို ပြီးမြောက်အောင် ဖွဲ့စည်းနိုင်ရမည် ဖြစ်သည်။ မဟုတ်ပါက သူ လုပ်ဆောင်သမျှမှာ အချည်းနှီး ဖြစ်သွားရလိမ့်မည်။

လျှပ်တပြတ်အတွင်း သုံးရက်တာ ကုန်လွန်သွား၏။ ဖန်ရှန်လုက မျက်လုံးဖွင့်လာသည်။ သူမသည် ဝမ်လင်း၏ တည်ရှိမှုကို ဆက်၍ မခံစားမိတော့ပေ။ အနည်းငယ် စဉ်းစားပြီးနောက် သူမသည် ထရပ်ကာ ကျောက်အခန်းထဲမှ လှမ်းထွက်လာ၏။

ဖန်ရှန်လု ထွက်ခွာသွားသည့်နောက် မည်သူကမျှ ဒီကျောက်အခန်းသို့ မလာကြပေ။ သို့မဟုတ် ဝမ်လင်း၏ တည်ရှိမှုကို သတိမပြုမိကြပေ။ သို့သော် ဤသည်မှာ ယာယီသာ ဖြစ်၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံမြေအောက်ထဲသို့ ဆင်းသက်နေရင်း မီးစိတ်ဆန္ဒမှ အဆုံးမဲ့ဖိအားကို ရင်ဆိုင်နေရသည်။ သူက မြေကမ္ဘာမီးကြောအတွင်း၏ ဦးခေါင်း တည်ရှိရာ၊ ဒီစိတ်ဆန္ဒ၏ ဇာစ်မြစ်ထံသို့ ဦးတည်လာနေ၏။

နောက်ထပ် သုံးရက် ကုန်လွန်သွားပြန်သည်။ တတိယမြောက်နေ့၏ ညနေခင်းပိုင်း၌ ဝမ်လင်းသည် မြေအောက်သို့ အကွာအဝေးမည်မျှ ဆင်းသက်ခဲ့ပြီးသည်ကို မသိရပေ။ သူက မြေကမ္ဘာမီးကြောစိတ်ဝိညာဉ်၏ ဦးခေါင်းကိုမူ မြင်ရနိုင်လာသည်။

ထိုဦးခေါင်းသည် ပေထောင်သောင်းချီ ကြီးမားသည်။ ၎င်းက ရှေးကျကာ အချိန်ကာလကုန်ဆုံးမှုကို ပေးစွမ်းသည်။ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာက ရှေ့သို့ တိုးဝင်လာခဲ့ကာ ပင်မမီးကြော(ဝါ) မီးနဂါး၏ဦးခေါင်းထဲ ဝင်ရောက်လာ၏။

သူ ဝင်ရောက်လာသည်နှင့် ပင်မမီးကြော၏ မီးနဂါးစိတ်ဝိညာဉ်သည် တုန်ယင်ကာ ချောက်ခြားဖွယ်ဟိန်းသံကို ထုတ်ဖော်သည်။

ထိုဟိန်းသံ မြေမျက်နှာပြင်ထက် ပျံ့နှံ့သွားကာ ဒီပင်မမီးကြောကို တုန်ယင်သွားစေသည်။ မီးကြောအပေါ်ရှိ တောင်မှာ တုန်ယင်သွားကာ ကျောက်စိုင်ကျောက်ခဲများ လိမ့်ဆင်းကျသည်။ သည်တောင်ထံမှ သိပ်သည်းသော မီးပင်လယ်တစ်ခု ပျံ့နှံ့လာချေ၏။

ထိုရုတ်တရက် ပြောင်းလဲမှုက တောင်ထိပ်ရှိ လူငယ်အမျိုးသမီး၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူမ၏နတ်ဘုရားအာရုံကို ချက်ခြင်း ဖြန့်ကျက်ကာ တောင်တခုလုံးကို ခြုံလွှမ်းလိုက်သည်။

“သတ္တိသိပ်ရှိနေတာလား…” ထိုအမျိုးသမီးက ထိုးထွက်လာကာ တောင်အောက်သို့ ချက်ခြင်း ရောက်လာသည်။ သူမသည် လှိုဏ်ဂူထံ တရကြမ်း ဦးတည်၍ အနီရောင်ကျောက်တံခါးကို ဖွင့်လှစ်၍ ဝင်ရောက်လာသည်။

ထိုတံခါး ပွင့်ဟလိုက်သည်နှင့် သည်အခန်းတွင်းနက်ပိုင်း၊ ပေသုံးရာခုနစ်ဆယ်၌ မီးများ ဝန်းရံထားသော ဝမ်လင်း၏ခန္ဓာကိုယ် ရှိနေသည်။ အောက်ဘက်မှ စုပ်အားတစ်ခု ထွက်ပေါ်နေကော သူ့ခန္ဓာကိုယ်သည် အောက်ရှိ မြေကမ္ဘာပင်မမီးကြောထံသို့ ရွှေ့လေသည်။

“ပြေးချင်တာလား…” ထိုလူငယ်အမျိုးသမီး၏ မျက်နှာထက်၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်လာသည်။

All Chapters