ကြောက်မက်ဖွယ်ကိုယ်ပွား
Vol. 136 Ch. 1879
“ရှစ်ဆင့်မြောက် ကောင်းကင်ဘုံတာအို၊ အဆုံးစွန်မီးတာအို…” ဤသည်မှာ ကောင်းကင်ဘုံဘိုးဘေး ကောင်းကင်ဘုံနွားထီးကို ချိပ်ပိတ်ရာ၌ အသုံးပြုခဲ့သော အစွမ်းထက်မန္တာန်တစ်ခု ဖြစ်ပေ၏။ ဝမ်လင်း၏နတ်ဘုရားအာရုံ တစိတ်တပိုင်းသည် ပုံရိပ်ယောင်ထံမှ ထွက်ခါလာစ ရှိသေး၏။ သူက မိန်းမောနေဆဲပင်။ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးချိန်၌လည်း မိန်းမောနေဆဲသာ။ သူ၏စိတ်ထဲ၌ ရှိနေသော တစ်ခုတည်းသောအရာမှာ ကောင်းကင်ဘုံဘိုးဘေး အသုံးပြုခဲ့သော အစွန်းရောက်မီးတာအိုမန္တာန်သာ ဖြစ်၏။
ဝမ်လင်းသည် ထိုသို့ ပြောလိုက်သည့်အခါ၌ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာ၏ အရိပ် ပေါ်လာသည်။ အဝေးမှ ကြည့်ပါက သည်နေရာတွင် ဝမ်လင်းနှစ်ယောက် ရပ်နေသည်နှင့် တူသည်။ ဤသည်မှာ ထူးခြားလှ၏။
အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် မီးဖြင့် ပြုလုပ်ထားခြင်းပင်။ ထို့ကြောင့် ၎င်း ပေါ်လာသည်နှင့် အပူလှိုင်းတစ်ခု ပျံ့နှံ့လာ၏။ သူ့ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တွန့်ခေါက်ပုံပျက်လာဟန် ပေါ်သည်။ ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာ၌လည်း အစွမ်းထက်မီးဆန္ဒတစ်ခု ပါဝင်နေသည်။ ထိုစိတ်ဆန္ဒမှာ မီးတို့၏ အရှင်သခင်၊ မီးစိတ်ဆန္ဒပင်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ လူငယ်အရွယ်အမျိုးသမီးထံ လက်ညွှန်လိုက်စဉ် သူ့အနှစ်သာရခန္ဓာမှာလည်း အလားတူ လိုက်လုပ်ဆောင်သည်။ တချိန်တည်းမှာ ဝမ်လင်းနှင့် သူ့အနှစ်သာရခန္ဓာတို့၏ လက်ချောင်းထိပ်များထံမှ အစိမ်းရောင်အခိုးငွေ့အမျှင်တန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင်အခိုးငွေ့တို့မှာ အလွန်ပေါ့ပါးကာ လူတစ်ယောက်သည် သေချာမကြည့်ပါက မြင်ရလိမ့်မည် မဟုတ်ပေ။ ၎င်းက ဝမ်လင်း၏လက်ချောင်းကို ဖြည်းဖြည်းချင်း ထွေးပတ်သည်။
တချိန်တည်းမှာ ဝမ်လင်းနှင့်သူ့အနှစ်သာရခန္ဓာတို့ထံမှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာ၏။ ထိုဖိအား ပျံ့နှံ့လာကာ လူငယ်အရွယ်အမျိုးသမီး၏ အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားသည်။
သူမက သူမ၏ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက် တုန်ယင်မှုကို ရှင်းလင်းစွာ ခံစားမိသည်။ ထိုထူးဆန်းသော ပြောင်းလဲမှုက သူမ၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။
“ဒါ…ဒါက ဘယ်လိုမန္တာန်မျိုးလဲ။ ဒါက ငါ့ခန္ဓာကိုယ်ထဲက သွေးမျိုးဆက်ကိုပါ လှုပ်ခါစေနိုင်တယ်…”
ထိုအမျိုးသမီး၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားပြီး သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ (၃၆၀၀၀)သော ဒွာရပေါက်များထံမှ အနက်ရောင်အခိုးငွေ့များ ထုတ်လွှတ်ကာ သူမကို ဝန်းရံ၏။ ထို့နောက် ယင်းတို့သည် တစ္ဆေမျက်နှာ(၃၆၀၀၀)ခု အဖြစ်သို့ ပြောင်းလဲသည်။ ဒီတစ္ဆေမျက်နှာ စစ်တပ်က သူမကို ကြောက်လန့်စေသော မန္တာန်ကို ဟန့်တားနိုင်ဖို့ ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။
အစိမ်းရောင်အခိုးငွေ့ ဝမ်လင်း၏ ညာလက်ချောင်းပေါ်တွင် ပေါ်လာသည့် တချိန်တည်းနီးပါး၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနှင့် လှိုဏ်ဂူလောကတို့ကြားရှိ လေဟာနယ်ဟင်းလင်းပြင် တနေရာရှိ ကျောက်ခွံထဲ၌ ရှိနေသော ဝမ်လင်း၏ကိုယ်ပွားမှာလည်း မျက်လုံးဖွင့်လာချေသည်။ သူကလည်း ညာလက်ကို ပင့်မြှောက်ရာ သူ့လက်ချောင်းတွင် အစိမ်းရောင်အခိုးငွေ့ ပေါ်လာသည်။ ထိုအစိမ်းရောင်အခိုးငွေ့က သူ့လက်ချောင်းကို တကြိမ်တိတိ လှည့်ပတ်သည်။
တချိန်တည်းမှာ မြေကမ္ဘာမီးကြော၏ အတွင်းနက်ပိုင်း၌ ဝမ်လင်းနှင့် သူ့အနှစ်သာရခန္ဓာတို့မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အစွမ်းထက်စွမ်းအင်ကို ခံစားမိသည်။ တစ္ဆေမျက်နှာ(၃၆၀၀၀)က နီးကပ်လာစဉ် အစိမ်းရောင်အခိုးငွေ့က သူ့လက်ချောင်းကို တကြိမ် လှည့်ပတ်၏။
ချက်ခြင်းပင် အစိမ်းရောင်အခိုးငွေ့စက်ဝန်းတစ်ခုမှာ ဝမ်လင်း၏လက်ချောင်းထံမှ ပျံ့လွင့်လာ၏။ ၎င်းက ချဲ့ကားကာ တစ္ဆေမျက်နှာများထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ထိုအခိုးအငွေ့စက်ဝန်းက ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာ၌လည်း ပေါ်လာဟန် ရကာ ရှေ့သို့ ပျံသန်းထွက်လာသည်။
မန္တာန်တစ်ခုနှင့် နှစ်ဆသက်ရောက်မှု။ ဤသည်မှာ လူတစ်ယောက်၏ ခွန်အားကို တိုက်ရိုက် မြင့်တင်ပေးနိုင်တာ ထင်ရှားလေ၏။
ဝမ်လင်း၏အခိုးအငွေ့စက်ဝန်းက အရင်ဆုံး ပျံသန်းထွက်လာကာ တစ္ဆေမျက်နှာများနှင့် ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ မရေမတွက်နိုင်သော လှိုင်းဂယက်များ မြေပြင်တလျှောက် ဂယက်ထသွား၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။ ကျယ်လောင်နာကျင်စွာ အော်သံများ ပဲ့တင်ထပ်သည်။ တစ္ဆေမျက်နှာပေါင်း(၃၆၀၀၀)က နာကျင်စွာ စူးစူးဝါးဝါး အော်ဟစ်ကုန်ပြီး ယင်းတို့သည် ဝမ်လင်း၏ အခိုးအငွေ့စက်ဝန်းအောက်၌ ပျက်စီးကုန်ရသည်။
ထိုအခိုးအငွေ့စက်ဝန်းက ယင်းတစ္ဆေမျက်နှာစစ်တပ်ကို ထွင်းဖောက်ကာ လူငယ်အရွယ်အမျိုးသမီး၏ရှေ့တွင် ပေါ်လာ၏။ သူမက တုန်ယင်ကာ နောက်သို့ အမြန်ဆုတ်သည်။ သူမသည် လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်၍ သူမနှင့် ဆင်တူသော သုံးပေခန့်ပုံရိပ်ကို ဖွဲ့စည်းစေသည်။ သို့ပေမည့် ထိုပုံရိပ်မှာ သူမ၏ မူလစိတ်ဝိညာဉ် မဟုတ်ပါ။ ထိုအမျိုးသမီးက အလွန်ရက်စက်သောနည်းလမ်းတစ်ခု အသုံးပြု၍ ဖြစ်ပေါ်စေလိုက်သော အရာတစ်ခုသာ ဖြစ်သည်။
ထိုသုံးပေခန့်ပုံရိပ် ထွက်ပေါ်လာသည့်နောက် စူးစူးရှရှအော်သံ ပြု၏။ ထိုအသံက တစ္ဆေမျက်နှာများကို ထွင်းဖောက်လာသော အခိုးအငွေ့အမျှင်တန်းနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံနှင့်အတူ အခိုးအငွေ့စက်ဝန်းသည် ပျက်စီးကာ ထိုပုံရိပ်ငယ်မှာလည်း လွင့်ပျောက်သွား၏။ ပြင်းထန်သောဖိသိပ်အားက ဝမ်လင်းနှင့် ထိုအမျိုးသမီးတို့ပေါ်သို့ သက်ရောက်လာသည်။
ဝမ်လင်းသည် ရှေးတောက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ထိုဖိသိပ်အားကြောင့် နောက်သို့ ခြေလှမ်းများစွာ လွင့်ထွက်သွားရ၏။ သူ သွေးပါ အန်လိုက်ရသည်။ သို့သော် သူ့မျက်နှာမှာ အားနည်းငယ် မပေါက်သွားသည့်အပြင် ထိုအစား သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်လာသည်။
“သန်မာလိုက်တဲ့ခန္ဓာကိုယ်။ ငါ့မန္တာန်ရဲ့ ပြိုလဲမှုကနေ ဖိသိပ်အားကို ခုခံနိုင်တယ်…”
ထိုလူငယ်အရွယ်အမျိုးသမီးကလည်း နောက်ဆုတ်၏။ သူမ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
သို့သော် ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ဝမ်လင်းထံ၌ အနှစ်သာရအစစ်အမှန်ခန္ဓာသာ မပိုင်ဆိုင်ထားပါက သူသည် အခြေအနေလှလိမ့်မည် မဟုတ်ပေ။ သို့သော် ခုချိန်၌ သူ့အနှစ်သာရခန္ဓာမှာ ပြီးပြည့်စုံနေပြီ ဖြစ်၏။ သူ၏အနှစ်သာရခန္ဓာဖြင့် ဖန်တီးထားသော အခိုးအငွေ့စက်ဝန်းက ဖိသိပ်အားကို ထွင်းဖောက်ကာ သည်အမျိုးသမီးထံ ပျံသန်းလာချေသည်။
ထိုမြင်ကွင်းက သူမကို ခါးသီးစွာ ခံစားမိစေသည်။ သူမက အနှစ်သာရခန္ဓာအကြောင်း နားလည်ထား၏။ ဤသည်မှာ လူနှစ်ယောက်နှင့် တပြိုင်နက်တည်း တိုက်ခိုက်ရခြင်းနှင့် ဆင်တူပေ၏။
ထိုအခိုးအငွေ့စက်ဝန်း နီးကပ်လာစဉ် လူငယ်အရွယ်အမျိုးသမီးက အံတင်းတင်းကြိတ်ကာ သူမ၏ညာလက်ကို ပင့်မြှောက်၏။ ထိုအခါ သူမ၏လက်ကြားတွင် အပြာရောင်ထီးတစ်လက် ပေါ်လာသည်။
ထိုထီးထံမှ ကောင်းကင်ဘုံစွမ်းအင် ပေါက်ကွဲထွက်လာ၏။ ထိုထီး ပေါ်လာသည်နှင့် မြေပြင်ထုသည်ပင် တုန်ယင်လာဟန် တူ၏။ ကြောက်မက်ဖွယ်အော်ရာက ၎င်းထီးထံမှ ထွက်ပေါ်လာသည်။ အနှီထီးမှာ သာမန်မဟုတ်ပေ။
ထိုလူငယ်အမျိုးသမီးက ထီးကို ဖြတ်ခနဲ ပင့်မြှောက်၏။ ထီးက အတော်လေး ကြီးမားပြီး သူမ၏ခန္ဓာကိုယ် ဖုံးအုပ်ထားဖို့ လုံလောက်သည်။ ဝမ်လင်း၏အနှစ်သာရခန္ဓာမှ ဖြစ်ပေါ်လာသော အခိုးအငွေ့စက်ဝန်းက ၎င်းထီးနှင့် ထိပ်တိုက်တွေ့၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ထပ်မံ၍ ဂယက်ထ၏။ မြေပြင်ထုမှာ အပြင်းအထန် တုန်ခါသည်။ ထိုတုန်ခါလှိုင်းက မြေပြင်အပေါ်ထိ ဆန်တက်ကာ မဟာစိတ်ဝိညာဉ်ကလန်တစ်ခုလုံးကို တုန်ခါစေသည်။ မဟာစိတ်ဝိညာဉ်ကလန် ပတ်လည်ရှိ တောင်များသည်ပင် တုန်ခါကာ အက်ကြောင်းများက မြေမျက်နှာထက်၌ ပွင့်ဟထွက်လာ၏။
ထိုအခိုးအငွေ့စက်ဝန်းမှာ ပျက်စီးသွား၏။ သို့သော် ၎င်း ပျက်စီးသွားချိန်၌ အမျိုးသမီး၏ လက်ထဲရှိ ထီးထံမှ တစုံတစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားသကဲ့သို့ စူးစူးရှရှာ အော်မြည်သံ ထွက်ပေါ်လာ၏။ ထိုအော်သံမှာ ဒီထီး၏ စိတ်ဝိညာဉ်ထံမှ ထွက်ပေါ်လာခြင်းပင်။
တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ထီးသည် ပွင့်ဟလာပြီး အက်သံ ပဲ့တင်ထပ်၏။ ၎င်းသည် အပြာရောင်အလင်းအဖြစ် ပြောင်းလဲကာ လူငယ်အမျိုးသမီး၏ခန္ဓာကိုယ်ထဲ အတင်းအကြပ် ပြန်ဝင်ရောက်သွားရသည်။
သည်ထီးအတွက် ထိုအမျိုးသမီးသည် စိတ်နှလုံး နာကျင်ရ၏။ သူမက နောက်ဆုတ်၏။ ဝမ်လင်းထံ ကြည့်နေသော သူမ၏အကြည့်ထဲ၌ သတ်ဖြတ်လိုစိတ်က ပိုတိုးလာ၏။
ဝမ်လင်း၏မျက်နှာမှာ အနည်းငယ် ဖြူရောနေသည်။ အဆုံးစွန်မီးတာအိုမန္တာန်ကို သူ မိန်းမောနေစဉ် အသုံးပြုခဲ့သည့်အတွက် သူ၏ စွမ်းအင် သို့မဟုတ် အနှစ်သာရအစစ်အမှန်ခန္ဓာ၏ စွမ်းအင်တို့ကို များများစားစား မသုံးစွဲခဲ့ရပေ။ သို့ပေမည့် သူသည် လေဟာနယ်ဟင်းလင်းပြင်ထဲရှိ သူ့ကိုယ်ပွားထံမှ စွမ်းအားကိုမူ သုံးစွဲခဲ့ရသည်ဟု ခံစားမိနိုင်သည်။
ဝမ်လင်းသည် အနာဂတ်၌ ထိုကိုယ်ပွားအပေါ် မျှော်လင့်ချက် မြင့်မြင့်ထားထား၏။ ထို့အတွက် သူသည် ၎င်းကို ထိခိုက်စေတာ ခွင့်မပြုနိုင်ပေ။
“ကောင်းကင်ဘုံရှေးဘိုးဘေးရဲ့ စွမ်းအားဟာ အဆုံးစွန်အားကောင်းလွန်းလှတယ်။ ငါဟာ မိန်းမောနေတဲ့အနေအထားမှာ အစိမ်းရောင်အခိုးအငွေ့စက်ဝန်းတစ်ခုကိုပဲ လုပ်နိုင်ခဲ့တယ်။ ဒါတောင်မှ ငါဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးနဲ့ ယှဉ်နိုင်နေပြီ။ ငါသာ စက်ဝန်းနှစ်ခုကို ဖန်တီးထုတ်ဖော်နိုင်ခဲ့ရင် သူမဟာ ငါ့ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး…”
“ဒါပေမဲ့လည်း ဒီမန္တာန်ဟာ ငါ့ကိုယ်ပွားရဲ့ စွမ်းအားကို ထုတ်ယူသုံးစွဲရစေတယ်။ ဒါ့ကြောင့် ဒီမန္တာန် အစွမ်းထက်လှနေတာ အံ့အားသင့်စရာတော့ မရှိလေဘူး…”
ဝမ်လင်းသည် သူ၏ကိုယ်ပွားမှာ အလွန်ဆန်းကြယ်သည်ကို သိထား၏။ သူ့ခန့်မှန်းမှုသာ မှန်ပါက အနာဂတ်တွင် ထိုကိုယ်ပွားသည် ကောင်းကင်ဘုံနှင့်ရှေးဘိုးဘေးတို့ကဲ့သို့ အလားတူ တည်ရှိမှုမျိုး ဖြစ်လာနိုင်လိမ့်မည်။
သူသည် အခုချိန်၌ ကောင်းကင်ဘုံဘိုးဘေး သို့မဟုတ် ရှေးဘိုးဘေးတို့နှင့် မယှဉ်သာသော်လည်း အချိန်သာ လုံလုံလောက်လောက် ရခဲ့ပါက သူ့ကိုယ်ပွားသည် ကြောက်မက်ဖွယ်အဆင့်ထိ ကြီးထွားတိုးတက်လာနိုင်သည်။
ဤသည်မှာ သူ၏ အကြီးမားဆုံး ဝှက်ဖဲပင်။
ကောင်းကင်ဘုံဘိုးဘေး၏ ရှစ်ဆင့်မြောက်ကောင်းကင်ဘုံတာအိုမှာ ဝမ်လင်း၏ အခု ကျင့်ကြံမှုအဆင့်ဖြင့် မြင်ရုံဖြင့် တတ်ကျွမ်းသွားနိုင်သော အရာ မဟုတ်လေပေ။ မဟာအင်ပါယာတစ်ယောက်ကသာ ထိုသို့ နားလည်နိုင်လောက်တာ ဖြစ်နိုင်ကောင်း၏။
သူ ဒီမန္တာန်ကို အသုံးပြုနိုင်ခဲ့ခြင်းမှာ သူ့ကိုယ်ပွားကြောင့် ဖြစ်၏။ ဝမ်လင်း၏ မူလခန္ဓာကိုယ်က အနှီမန္တာန်ကို တွေ့မြင်ခဲ့သည့်နောက် သူ့ကိုယ်ပွားက ၎င်းမန္တာန်ကို နားလည်သဘောပေါက်ခဲ့ပြီး ထိုနားလည်မှုသဘောတရားက သူ့မူလခန္ဓာကိုယ်ထံ ရောက်ရှိလာခြင်းသာ။ သည့်အတွက်ကြောင့် ကောင်းကင်ဘုံနွားထီးသားရဲအား ချိပ်ပိတ်ပစ်နိုင်သော ဒီတုနှိုင်းမဲ့မန္တာန်ကို ဝမ်လင်းအနေဖြင့် အသုံးပြုစေနိုင်ခဲ့ခြင်းမျှသာ။
စက်ဝန်းကိုးခုကိုသာ ထုတ်ဖော်နိုင်ပါ အနှီမန္တာန်သည် ကောင်းကင်ဘုံနွားထီးသားရဲကိုပင် ချိပ်ပိတ်ပစ်နိုင်၏။ မဟာအင်ပါယာတစ်ယောက်ကိုပါ ချိပ်ပိတ်ပစ်နိုင်သည်ဟု ပြော၍ ရသည်။
သို့ပေမည့် ခုလက်ရှိ ကိုယ်ပွားမှာ ထိုအဆင့်သို့ ရောက်ရှိဖို့ အဝေးကြီး လိုသေးသည်။
ထိုအတွေးများက ဝမ်လင်း၏စိတ်ထဲ၌ တဖြတ်ဖြတ် ပေါ်၏။ သည်အခိုက်၌ လူငယ်အရွယ်အမျိုးသမီးက သူမ၏အပြာရောင်ထီးကို ပြန်သိမ်းဆည်းကာ ဝမ်လင်းထံသို့ အားကောင်းသောသတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လာ၏။
ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာသည်။ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူ့ညာလက်ကို ပင့်မြှောက်ကာ လေဟာနယ်ထံသို့ ဝေ့ယမ်းလိုက်သည်။ သူ့နောက်ရှိ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည်လည်း လိုက်ပါဝေ့ယမ်းသည်။
မြေကမ္ဘာမီးကြောသည် တုန်ခါလာ၏။ သည်မီးကြောမှာ သိသာစွာ ကြီးမားလွန်းသည်။ ၎င်း၏ နဂါးစိတ်ဝိညာဉ်ကို ဆုံးရှုံးထားသည်တောင်မှ ၎င်းသည် အချိန်တိုအတွင်း သွေ့ခြောက်သွားလိမ့်မည် မဟုတ်သေးပါ။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်စဉ် မီးအနှစ်သာရသည် သူ့ခန္ဓာကိုယ်ထံ တရကြမ်း တိုးဝင်လာ၏။
မြေကမ္ဘာမီးကြောတခုလုံးသည် တုန်ခါကာ အားကောင်းသောမီးပင်လယ်တစ်ခု ပေါက်ကွဲထွက်လာ၏။ ထိုမီးပင်လယ်သည် သိသာစွာ ကြီးမားလွန်းသည်။ ထို့ကြောင့် မဟာစိတ်ဝိညာဉ်ကလန်၏ အနီရောင်တောင်သည် စတင် လောင်ကျွမ်းလာသည်။ မီးသည် ပတ်ဝန်းကျင်မြေပြင်ထံမှလည်း ထွက်ပေါ်လာသည်။
“စစ်စိတ်ဝိညာဉ်လက်ဝါး…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။ သည်မီးကြောအတွင်းရှိ ကျန်သည့်မီးအားလုံးမှာ အဘက်ဘက်မှ ထွက်ခွာ စုဝေး၍ ဧရာမမီးလက်ဝါးကြီးတစ်ခု ဖြစ်တည်လာသည်။
တချိန်တည်းမှာ ဝမ်လင်း၏အနှစ်သာရအစစ်အမှန်ခန္ဓာကလည်း လှုပ်ရှားလာပြီး သူ့နောက်တွင် ပိုမိုကြီးမားသော မီးလက်ဝါးရာ ပေါ်လာလေ၏။
ဝမ်လင်းသည် သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မီးလက်ဝါးနှစ်ခုသည် လူငယ်အရွယ်အမျိုးသမီးထံ ပျံသန်းဝင်လာသည်။ ဝမ်လင်းက ရလဒ်ကို စောင့်မနေပေ။ သူက ခြေတလှမ်းလှမ်းကာ လှိုင်းဂယက်များ ထသွားပြီးနောက် သူ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။
မြေပြင်ထုသည် တုန်ခါနေကာ မီးပင်လယ် ရုန့်ရင်းမြင့်တက်နေ၏။ ကျယ်လောင်စွာ တုန်ဟည်းသံက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အစိတ်အပိုင်းငယ်တစ်ခုထိ သက်ရောက်မှု ရှိစေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်နှလုံးတို့ကို လှုပ်ခါစေသည်။ မြေပြင်အတွင်းနက်ပိုင်းမှ အမျိုးသမီးတစ်ယောက်၏ ဒေါသတကြီး စူးရှရှ အော်ဟစ်သံတသံ ပဲ့တင်ထပ်သည်။
သည်အခိုက်တွင် ဝမ်လင်းသည် လောကနှင့် ပေါင်းစပ်၍ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုကာ မဟာစိတ်ဝိညာဉ်ကလန်၏ အပြင်ဘက်ရှိ ကောင်းကင်တောင်ပေါ်တွင် ပေါ်လာသည်။
“မီးအနှစ်သာရအစစ်အမှန်ခန္ဓာကို ဖွဲ့စည်းပြီးခဲ့ပြီ။ ငါ့ကျင့်ကြံမှုအဆင့်က ပြောင်းလဲမှု မရှိပေမဲ့ ငါ့ခွန်အားကတော့ နှစ်ဆ ဖြစ်လာခဲ့ပြီ။ ငါဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ခုထိ မယှဉ်နိုင်သေးပေမဲ့ ငါ့မှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ ခွန်အား ရှိလာခဲ့ပြီ။ သေရေးရှင်ရေး အခြေအနေဆိုရင်တော့ အဆုံးစွန်မီးတာအိုနဲ့အတူ ငါ့ရဲ့ ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍မရှိ မန္တာန်တွေကို အသုံးပြုလိုက်ရင် ငါဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတော့ သတ်ပစ်နိုင်လောက်တယ်။ ဒီ့အတွက် ပြန်ပေးရမယ့် တန်ဖိုးကတော့ ကြီးမားလိမ့်မယ်…”
ဝမ်လင်းသည် တောင်ပေါ်တွင် ရပ်နေရင်း သူ့မျက်လုံးသည် တောက်ပနေ၏။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူသည် ထွက်သွားရန် ဟန်ပြင်သည်။
“မိတ်ဆွေလေး…မင်းက ငါ့မဟာစိတ်ဝိညာဉ်ကလန်ကို ဧည့်သည်တစ်ယောက်အဖြစ် ရောက်လာခဲ့ပြီး အခု ထွက်သွားတော့မလို့လား…”
ရှေးဟောင်းအသံတသံ ဝမ်လင်း၏နောက်မှ ပဲ့တင်ထပ်လာ၏။