← Chapters

နတ်ဘုံခန်းဝါအဆင့်ကျင့်ကြံသူစာရင်း

Vol. 55 Ch. 761

နတ်ဘုံခန်းဝါအဆင့်ကျင့်ကြံသူစာရင်း

Vol. 55 Ch. 761

"ချီကျင့်...."

ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ထိုနာမည်အား ရေရွတ်နေမိသည်။ ၎င်းမှာ မိန်းကလေးတစ်ဦး၏ အမည်နာမ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူ၏စီနီယာအကိုတော်ဟု ထင်မှတ်ထားခဲ့သူမှာ အမတော်တစ်ဦး ဖြစ်နေခြင်းပင်...

သူသည် ခေါင်းအားခါယမ်းလျက် ဆရာသခင်ကန်းယွမ်မှ သေချာမရှင်းပြခဲ့ခြင်းကို နားမလည်နိုင် ဖြစ်နေမိသည်။

"ကန်းယွမ်အရှင်မှာ တပည့်နှစ်ယောက်ရှိတာမလား။ ဘာလို့ သေနာပတိအဖွဲ့အစည်းမှာ တစ်ယောက်ပဲ ရှိနေတာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။

"ဟုတ်တယ်။ ချီကျင့်သခင်မက ကန်းယွမ်အရှင်ရဲ့ ဒုတိယမြောက် တပည့်ပဲ။ အကြီးဆုံး တပည့်နာမည်က ကျွမ့်ကျူးလို့ခေါ်တယ်။ သူက သေနာအတိအဖွဲ့အစည်းထဲမှာ ရှိခဲ့ပေမယ့် ကန်းယွမ်အရှင် ပျောက်သွားထဲက တစ်ယောက်ထဲပဲ နေတော့တယ်။ သူက သူတော်စင်အဆင့်တွေနဲ့တောင် တိုက်ခိုက်နိုင်တယ်တဲ့။ ဒါပေမယ့် ဒီနှစ်တွေအတွင်း သူ့သတင်း လုံးဝမကြားရဘူး။ အဲ့ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေအရ ချီကျင့်သခင်မက ကျွမ့်ကျူးနေရာကို ဆက်ခံခဲ့တာ။" ရိချိုးရွှယ်မှ ရှင်းပြလိုက်သည်။

ဒါဆို ငါ့ရဲ့အကြီးဆုံး စီနီယာအကိုတော်က ကျွမ့်ကျူးပေါ့.... ဇူယွမ်မှာ အခြေအနေကို နားလည်သွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ့တွင် စီနီယာအကိုတော်နှင့် အမတော် တစ်ယောက်စီ ရှိနေခြင်းပင် ဖြစ်သည်။

ထို့အပြင် ရိချိုးရွှယ်၏ ရှင်းပြချက်မှတဆင့် စီနီယာအကိုတော်နှင့် အမတော်တို့၏ ကျင့်ကြံခြင်းအဆင့်များကိုပါ မှန်းဆနိုင်လိုက်သည်။

စီနီယာအကိုတော် ကျွမ့်ကျုးသည် သူတော်စင်အဆင့်များနှင့်ပင် တိုက်ခိုက်နိုင်သည်ဟု ဆိုလာသောကြောင့် အနည်းဆုံး လောကကိုကြီးစိုးခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်ပေလိမ့်မည်။ ကလန်ခေါင်းဆောင် ချင်းယန်နှင့် စွမ်းရည်တူ သို့မဟုတ် ထိုထက်ပင် ပို၍သာလွန်နေနိုင်သည်။

စီနီယာအကိုတော် ကျွမ့်ကျူးနှင့် အမတော်ချီကျင့်တို့အကြားတွင် ကျင့်ကြံခြင်းအဆင့် ကွာခြားမှု ရှိနိုင်ပါသော်လည်း အလွန်ကွာဟနေမည် မဟုတ်လောက်ပေ။

ဇူယွမ်မှာ ထိုကျင့်ကြံခြင်းအဆင့်များအပေါ် လွန်စွာအံ့အားသင့်နေမိသည်။ ကန်ရွှမ်းကောင်းကင်ဒေသ၌ လောကကိုကြီးစိုးခြင်း အဆင့်ရှိသူတစ်ဦးသည် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့ကဲ့သို့ အင်အားကြီးကလန်ကြီးများကိုပင် တည်ထောင်နိုင်ပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ရိချိုးရွှယ်မှ သက်ပြင်းချကာ ပြောလိုက်သည်။ "ကန်းယွမ်အရှင် ထွက်သွားတာ အရမ်းကြာနေပြီ။ အဲ့ကိစ္စက ထျန်းယွမ်နယ်မြေအပေါ် သက်ရောက်မှု တော်တော်ကြီးတယ်။"

"ဘာဖြစ်လို့လဲ။" ဇူယွမ်မှ မေးလိုက်သည်။

"ဟွမ်းယွမ်ကောင်းကင်ဒေသက နယ်မြေကိုးခု ခွဲထားတယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခုကြားမှာ ပြဿနာတွေ အများကြီးပဲ။ ကန်းယွမ်အရှင် မရှိတော့တာ နှစ်တော်တော်ကြာသွားတဲ့အပြင် သေသွားပြီဆိုတဲ့ ကောလဟလတွေပါထွက်လာတော့ တချို့နယ်မြေကြီးတွေက ထျန်းယွမ်နယ်မြေကို ရန်စချင်လာကြတယ်။"

"အဲ့ဒါတွေက ဘာမှသိပ်မဟုတ်တော့ဘူး။ ထျန်းယွမ်နယ်မြေထဲမှာလည်း အခြေအနေတွေက တအားရှုပ်ထွေးနေတာ။"

"သေနာပတိအဖွဲ့အစည်းမှာကို သိသိသာသာ ကွဲနေကြတာ။ ကျင်းရှန်းကောင်းကင်ဂိုဏ်း၊ ပိုင်စဲ့ကလန်နဲ့ ရှင်းခယ်ရွှယ်ကျင်းကလန်တို့ကတစ်ဖွဲ့။ သူတို့က အင်အားကြီးတော့ သြဇာလည်းရှိတယ်။ အခုလောလောဆယ် ထျန်းယွမ်နယ်မြေကို ကြီးစိုးထားတာ သူတို့အုပ်စုပဲ။ တစ်ဖက်မှာ ချီကျင့်သခင်မနဲ့ မုထုံကလန်က သူတို့နဲ့ သိပ်အဆင်မပြေကြဘူး။"

"အဲ့ပြဿနာတွေက စီရင်စုကိုးရာအထိ ပျံ့ကုန်တယ်။ စီရင်စုကိုးရာက ထျန်းယွမ်နယ်မြေရဲ့ အခြေခံပဲဆိုတော့ ဒီစီရင်စုတွေကို ထိန်းချုပ်နိုင်မှ ရင်းမြစ်တွေ လိုအပ်သလောက် ရနိုင်မှာလေ။ အဲ့ဒါကြောင့်  အုပ်စိုးသူသခင်နေရာကို နှစ်ဖက်စလုံးက သူတို့လူပဲ ဖြစ်စေချင်ကြတယ်။ အဲ့ဒါနဲ့ပဲ ထျန်းယွမ်နယ်မြေက နည်းနည်းမှကို မငြိမ်းချမ်းတော့ဘူး။"

ရိချိုးရွှယ်မှ ခါးသက်စွာ ရယ်မောလိုက်ရင်းဖြင့် စကားဆက်လိုက်သည်။ "ကန်းယွမ်အရှင်သာ မရှိခဲ့ရင် ထျန်းယွမ်နယ်မြေက ပျက်စီးနေလောက်ပြီ။ ဒါမှမဟုတ် တခြားနယ်မြေတစ်ခုခုရဲ့ အစိတ်အပိုင်းတောင် ဖြစ်သွားနိုင်တယ်။"

ဇူယွမ်၏ အမူအရာမှာ လေးနက်နေရသည်။ ဆရာသခင် ကန်းယွမ် ခန့်မှန်းထားသည့်အတိုင်းပင် ၎င်းထွက်ခွာသွားပြီးသည့်နောက် ထျန်းယွမ်နယ်မြေ၏ အခြေအနေများမှာ အတော်ရှုပ်ထွေးနေဟန် ရှိသည်။

ဇူယွမ်မှာ ခေါင်းများပင် ကိုက်လာရသည်။ သူသည် ဘိုးဘေးနဂါးမီးအိမ်ကို ရယူနိုင်ရန်အတွက် ထျန်းယွမ်နယ်မြေ၏ စွမ်းအင်များအား လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက သူ၏အဆင့်မျှဖြင့် မြင့်မြတ်လှသော ရတနာအား ထိတွေ့ခွင့် ရှိလိမ့်မည်ပင် မဟုတ်ပေ။

ဘိုးဘေးနဂါးမီးအိမ်အား ရယူနိုင်ရန်အတွက် ထျန်းယွမ်နယ်မြေ၏ စွမ်းအင်များကို လိုအပ်သောကြောင့် သေနာပတိ အဖွဲ့အစည်း နှစ်ဖက်စလုံး ဆက်ဆံရေး ကောင်းမွန်နေမှသာ ဖြစ်နိုင်လိမ့်မည်။ အကယ်၍ ချီကျင့်သခင်မသာ အင်အားသာလွန်သောဖက်မှ ဖြစ်နေခဲ့ပါက ခက်ခဲလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူနှင့်ချီကျင့်သခင်မ၏ ဆက်နွယ်မှုမှာ ဆရာတူမောင်နှမဖြစ်နေပြီး ဘိုးဘေးနဂါးမီးအိမ် ရယူခြင်းမှာလည်း ဆရာသခင်ကန်းယွမ်၏ အမိန့်ဖြစ်နေသောကြောင့်ပင်။

သို့သော် ကျင်းရှန်းကောင်းကင်ဂိုဏ်း၊ ပိုင်စဲ့ကလန်နှင့် ရှင်းခယ်ရွှယ်ကျင်းကလန်တို့အား ခန့်မှန်းမရနိုင်သောကြောင့် ဇူယွမ်အနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဝံ့ရဲပေ။

အရေးအကြီးဆုံးအချက်မှာ ဘိုးဘေးနဂါးမီးအိမ်အား နယ်မြေကိုးခုမှ အလှည့်ကျ ထိန်းသိမ်းနေခြင်းပင် ဖြစ်သည်။ အကယ်၍ ထျန်းယွမ်နယ်မြေသည်သာ အတွင်းအပြင်မှ ပြဿနာများစွာကြောင့် နယ်မြေတစ်ခုအဖြစ်မှ ပြိုကွဲသွားခဲ့ပါက ဘိုးဘေးနဂါးမီးအိမ်အား ထိန်းသိမ်းခွင့်ရှိတော့မည် မဟုတ်။

နယ်မြေကိုးခုအတွင်း ပါဝင်ခြင်း မရှိတော့လျှင် သူမပြောနှင့် စီနီယာအမတော်ချီကျင့်သည်ပင် အခြားသော နယ်မြေအရှင်သခင်များအား မျက်နှာသာပေးရန် တောင်းပန်၍ရမည် မဟုတ်ပါချေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ ထျန်းယွမ်နယ်မြေတွင် နယ်မြေအရှင်သခင် ပျောက်ဆုံးနေသည်မှာ အမှန်တရား ဖြစ်သည်။

"တကယ်ပြဿနာပဲ။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။

ဆရာသခင် ကန်းယွမ်သာ လူလုံးထွက်ပြလိုက်ပါက ယခုဖြစ်ပေါ်နေသော ပြဿနာများအားလုံး ငြိမ်သက်သွားမည် ဖြစ်ပါသော်လည်း အခြားသော နယ်မြေအရှင်သခင်များမှ ယောင်ယောင့်အား ၎င်းတို့ထံ လွှဲအပ်ရန် ပြောလာကြလိမ့်မည် ဖြစ်သောကြောင့် ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ပထမဆုံးအနေဖြင့် စီနီယာအကိုတော်နှင့် အမတော်တို့အား ရှာဖွေရန်သာ ဇူယွမ်မှ တွေးတောလိုက်သည်။

သို့သော် ထိုသို့လုပ်ရန်မှာလည်း မလွယ်ကူပေ။ ဆရာသခင် ကန်းယွမ်သည် အချက်အလက်များ ပေါက်ကြားသွားမည်စိုးသဖြင့် တတိယမြောက်တပည့်ဟူသည့် ဇူယွမ်၏ အဆင့်အတန်းအား စီနီယာအကိုတော်နှင့် အမတော်တို့မှလွဲ၍ အခြားသူများထံ အသိပေးခြင်း မပြုရန် မှာကြားထားခဲ့သည်။

သူ၏ အဆင့်အတန်းအား ဖော်ပြခြင်းမရှိပဲ စီနီယာအမတော်နှင့် မည်သို့တွေ့ရပါမည်နည်း။

သူမသည် ထျန်းယွမ်နယ်မြေအား အုပ်ချုပ်နေသူများထဲမှ တစ်ဦးဖြစ်ပြီး သူသည် နတ်ဘုံခန်းဝါအဆင့်သာရှိသော အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

"အကိုတော်ဇူယွမ့်မှာ ဘာအစီအစဉ်တွေရှိလဲ။" ရိချိုးရွှယ်မှ မေးလိုက်သည်။

ဇူယွမ်မှာ ခါးသက်စွာပြုံးရင်းဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ "တကယ်တော့ ဘာမှစဉ်းစားထားတာ မရှိပါဘူး။"

"ရှင်က ကျွန်မကို ကူညီပေးထားတော့ ချူးမိသားစုက မျက်မုန်းကျိုးနေမှာ အသေအချာပဲ။ ဒီရက်တွေအတွင်း အပြင်ကို တစ်ယောက်ထဲမသွားပါနဲ့ဦး။" ရိချိုးရွှယ်မှ သတိပေးလိုက်သည်။

ယခင်က အခြေအနေတိုင်းဆိုလျှင် ရိချိုးရွှယ်မှာ ဇူယွမ်အား အထူးတလည် ဂရုစိုက်ပေးနေမည် မဟုတ်ပါသော်လည်း ယခုအချိန်၌ သူမတို့အား ကယ်တင်ပေးထားသူ ဖြစ်နေသဖြင့် အသက်အန္တရာယ် မဖြစ်စေလိုပေ။

ဇူယွမ်မှာ ရိချိုးရွှယ်၏ အကြံပေးချက်အား ခေါင်းညိတ်လက်ခံလိုက်သည်။ သူသည် စွမ်းအင်များ ပြန်လည်ရရှိနေပြီ ဖြစ်ပါသော်လည်း ချူးမိသားစု၌ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများ ရှိနေပေသည်။ သူသည် ချူးယန်အား သတ်ခဲ့မိသည့်အပြင် ချူးကျီ၏ အကြံအစည်များကိုပါ ဖျက်စီးခဲ့သောကြောင့် ချူးမိသားစုမှသူ့အား လွန်စွာမုန်းတီးနေလောက်သည်။ ထို့ကြောင့် ရိမိသားစုနှင့် အတူနေထိုင်ခြင်းကသာ ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

"ကျွန်မတို့ ရိမိသားစုက ပြဿနာတွေ ဖြေရှင်းပြီးသွားတဲ့ထိ ရှင်ဒီမှာ နေလို့ရပါတယ်။ အကယ်၍ ကျွန်မသာ အုပ်စိုးသူသခင်မနေရာကို ယူနိုင်ခဲ့ရင် ထျန်းယွမ်နန်းတော်ကိုသွားပြီးတော့ ချီကျင့်သခင်မနဲ့ သွားတွေ့ရမှာ။ ရှင်ကတော့ ထျန်းယွမ်နယ်မြေထဲမှာ ဆက်နေချင်သေးတယ်ဆိုရင် အဲ့အခွင့်အရေးကိုသုံးပြီး ရှင့်အတွက် နေရာတစ်နေရာလောက် လုပ်ပေးလို့ရပါတယ်။" ရိချိုးရွှယ်မှ ကမ်းလှမ်းလိုက်သည်။

ဇူယွမ်မှာ စိတ်လှုပ်ရှားသွားရသည်။ "ချိုးရွှယ်က ချီကျင့်သခင်မနဲ့ တွေ့လို့ရတယ်လား။"

ရိချိုးရွှယ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကျွန်မတို့ ရိမိသားစုက ချီကျင့်သခင်မ လက်အောက်ကပါ။"

ဇူယွမ်၏ အံ့အားသင့်မှုအပေါ် သူမနားလည်ပေသည်။ ချီကျင့်သခင်မသည် ထျန်းယွမ်နယ်မြေအား အုပ်စိုးနေသူများထဲမှ တစ်ဦးဖြစ်သည်။ သူမသည် ဟွမ်းယွမ်ကောင်းကင်ဒေသ တစ်ခွင်လုံး၏ အရေးအပါဆုံးသူများထဲ တစ်ဦးအပါအဝင်ဖြစ်ကာ လွန်စွာမြင့်မားသော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

ဇူယွမ်မှာ မထင်မှတ်ထားသော အခြေအနေများကြောင့် အလွန်ပျော်ရွှင်သွားရသည်။

"အဲ့ဒါဆို ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး ချိုးရွှယ်။" ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။

ရိချိုးရွှယ်မှ ခေါင်းကိုခါယမ်း၍ စကားဆိုလိုက်သည်။ "ရှင့်ရဲ့အရည်အချင်းနဲ့ဆို နတ်ဘုံခန်းဝါ မဟာအဆင့်ကို ရောက်သွားတာနဲ့ နတ်ဘုံခန်းဝါ ကျင့်ကြံသူများစာရင်းထဲ ဝင်နိုင်မှာပါ။ အဲ့အခါကြရင် ချီကျင့်သခင်မတောင် ရှင့်ကိုသတိထားမိလာလိမ့်မယ်။"

"ထျန်းယွမ်နယ်မြေ တစ်ခုလုံးမှာတောင် အဲ့စာရင်းထဲ ဝင်နိုင်တဲ့သူက ဒါဇင်နည်းနည်းလောက်ပဲ ရှိတာလေ။"

"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းလား။" ဇူယွမ်မှာ စိတ်ဝင်စားသွားရသည်။ သူသည် ထိုစာရင်းတွင် ပါဝင်သော အမည်များအား သိရှိလိုခြင်းမဟုတ်ပဲ ဟွမ်းယွမ်ကောင်းကင်ဒေသမှ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများ၏ အရည်အချင်းကို စိတ်ဝင်တစားဖြစ်မိခြင်း ဖြစ်သည်။

ရိချိုးရွှယ်မှ ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ဟွမ်းယွမ်ကောင်းကင်ဒေသမှာ ကျင့်ကြံခြင်းအဆင့် တစ်ခုချင်းစီအလိုက် ထုတ်ပြန်ထားတဲ့ စာရင်းတွေရှိတယ်။ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၊ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများစာရင်းနဲ့ ရင်းမြစ်အခြေတည်အဆင့် ကျင့်ကြံသူများစာရင်းလိုမျိုးပေါ့။"

"အဲ့စာရင်းထဲ ပါတဲ့သူတွေက သက်ဆိုင်ရာ ကျင့်ကြံခြင်းအဆင့်မှာ အထူးချွန်ဆုံးသူတွေပဲ။ ပြောရမယ်ဆိုရင် တကယ့်ပါရမီရှင်တွေပေါ့။"

"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းထဲမှာပါတဲ့ လူအများစုက လူငယ်မျိုးဆက်တွေပဲ။ ကောင်းကင်ဘုံနေမင်းအဆင့်နဲ့ ရင်းမြစ်အခြေတည်အဆင့်က ကျင့်ကြံသူများစာရင်းတွေမှာတော့ သက်လတ်ပိုင်းအရွယ်နဲ့ လူကြီးတွေများတယ်။"

ရိချိုးရွှယ်မှာ ရွှေရောင်စာလိပ်တစ်ခုအား ထုတ်ယူ၍ ဇူယွမ်အား ပြသလိုက်သည်။ "ဒါက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းပဲ။"

ဇူယွမ်မှာ သိရှိလိုစိတ်ဖြင့် ဖွင့်ချလိုက်သောအခါတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရှေးဟောင်းစာဖြင့် ရေးသားထားသော စာကြောင်းများ ဖြည်းညင်းစွာ ပေါ်ပေါက်လာသည်ကို တွေ့ရှိလိုက်ရသည်။

"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း..."

ဇူယွမ်မှာ အမည်များအား ဖတ်ရှုကြည့်လိုက်သည်။

"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၏ ပထမနေရာ ဝမ့်ကျူးနယ်မြေမှ ကျောက်မုရှန်း"

"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၏ ဒုတိယနေရာ ဝူရှန်းနယ်မြေမှ ဝူယောင်"

ဇူယွမ်မှာ ဝူယောင်၏အမည်အား တွေ့လိုက်ရသောကြောင့် အကြည့်များ ခေတ္တရပ်တန့်သွားရသည်။ သို့သော် ထိုအဆင့်နှင့်ပက်သတ်၍ အံ့အားသင့်ခြင်း မဖြစ်မိပေ။ ယခင်တခေါက် ရင်ဆိုင်ခဲ့ရသော အခြေအနေအရ သူမသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသူ ဖြစ်သည်။

ဇူယွမ်မှာ ခေါင်းအားခါယမ်းလျက် ဆက်လက်ဖတ်ရှုလိုက်သည်။

ထို့နောက် အမည်တစ်ခုအား စာရင်းထဲ မြင်တွေ့လိုက်ရသဖြင့် အလွန်စိတ်လှုပ်ရှားကာ အံ့အားသင့်သွားရသည်။

တတိယမြောက်နေရာတွင် ရှိနေသော အမည်ပင် ဖြစ်သည်။

"နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၏ တတိယနေရာ ဇီရှောင်းနယ်မြေမှ စုယုဝေ"

All Chapters