ရုပ်တု၏ လက်တစ်ဖက်
Vol. 44 Ch. 468
တစ်ဝက်တစ်ပျက် မူးနေဆဲဖြစ်သော လော့ရှီးကို ခေါ်ကာ ထန်ထျန်းက ခြံဝင်းအပြင်ဘက်ရှိ အစီအရင်ကို ဖွင့်ပြီး ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရှောင်းယောင်ရွှင်နှင့် ယွမ်ယုတို့လည်း ယန်ရှို့အင်မော်တယ်အရှင်ထံမှ သတင်းရရှိထားသဖြင့် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
ခြံဝင်းကြီးထဲမှ ထွက်လာကြသော လူနှစ်ယောက်ကို မြင်လိုက်ရသည့်အခါ ရှောင်းယောင်ရွှင်က ချက်ချင်းပင် မျက်မှောင်ကြုတ်သွားတော့သည်။
သူ မှတ်မိသလောက်ဆိုလျှင် လော့ရှီးက လွန်ခဲ့သော သုံးရက်ကတည်းက ထန်ထျန်း၏ ခြံဝင်းအတွင်းသို့ ဝင်သွားခဲ့ခြင်း မဟုတ်ပါလား၊ အခုမှ ဘာကြောင့် ထွက်လာရသနည်း။
သူမက အထဲမှာ သုံးရက်တိတိ နေခဲ့သည်ဟု ဆိုလိုခြင်းလော။
လော့ရှီးကို အသေအချာ ထပ်ကြည့်လိုက်သောအခါ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့် သူမ၏ မျက်နှာပေါ်ရှိ ပုံမှန်မဟုတ်သော နီမြန်းမှုများကို မြင်လိုက်ရသဖြင့် ရှောင်းယောင်ရွှင်၏ မျက်နှာမှာ ညိုမည်းသွားခဲ့သည်။
လွန်လွန်းလှပြီ
ရှန်းယွမ်စင်မြင့်သို့ ရောက်လာပြီဆိုလျှင် ကျင့်ကြံခြင်းကိုသာ အဓိကထားသင့်သည်၊ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်နိုင်ရသနည်း။
ဤကိစ္စကို မိသားစုထံ အသေအချာ အစီရင်ခံကာ ပြင်းပြင်းထန်ထန် အရေးယူရမည်ဟု သူ စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့သည်။
"ဟေး... ရွှင်အာလေး"
လော့ရှီးက ပျင်းရိပျင်းတွဲဖြင့် သူ့ကို နှုတ်ဆက်လိုက်၏။
ရှောင်းယောင်ရွှင်ကမူ ဝတ်ကျေတမ်းကျေသာ ပြန်ထူးလိုက်ပြီး ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မဆိုတော့ပေ။
လော့ရှီးမှာ ယခုမှ နိုးလာကာစ ဖြစ်သဖြင့် ထိုအချက်ကို သတိမထားမိဘဲ သမ်းဝေရင်း သူမ၏ ဆံပင်များကိုသာ ပြန် ပြင်နေတော့သည်။
"မင်း ပြန်ပြီး အနားယူလိုက်ပါလား"
ထန်ထျန်းက ပြောလိုက်သည်။
လော့ရှီးက ခေါင်းခါယမ်းကာ "ရှင့် ရှန်လင် ကို ကျွန်မ ဘယ်လိုလုပ် အလွတ်ခံမလဲ"
"ရပါတယ်၊ ကျွန်မ တောင့်ခံနိုင်ပါသေးတယ်၊ ပြီးမှပဲ ပြောကြတာပေါ့"
ထန်ထျန်းက "အော်" ဟုသာ ပြန်ထူးလိုက်ပြီး ဆက်မပြောတော့ပေ။
ဘာပဲဖြစ်ဖြစ် နိုးလာပြီဆိုမှတော့ သူမ အလိုရှိသလိုသာ နေပါစေတော့။
ခဏအကြာတွင် ယန်ရှို့အင်မော်တယ်အရှင်၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
ထန်ထျန်း၏ ဘေးတွင် ရှိနေသော လော့ရှီးကို မြင်သောအခါ သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှ ထပ်မပြောဘဲ တစ်ချက်ကြည့်ကာ လျစ်လျူရှုထားလိုက်သည်။
ထန်ထျန်းတို့ လူစုကို ကြည့်ပြီး သူက ခပ်အေးအေးပင် ပြော လိုက်သည်။ "ငါနဲ့ လိုက်ခဲ့ကြ"
ထို့နောက် ယန်ရှို့အင်မော်တယ်အရှင်၏ ဦးဆောင်မှုဖြင့် သူတို့က ရေနှင့်သစ်သား လျှိုမြောင် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။
ရေနှင့်သစ်သား လျှိုမြောင်မှ ထွက်လာပြီးနောက် ထျန်းချီတောင်၏ ပင်မတောင်ထိပ်သို့ ခဏတာ တက်ခဲ့ကြကာ နက်ရှိုင်းသော တောင်ကြားအချို့ကို ဖြတ်ကျော်ခဲ့ကြသည်။
နောက်ဆုံးတွင် ကျယ်ပြောလှသော အတွင်းတောင်ကြားတစ်ခု သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
ဤနေရာမှာ ဝမ့်ယွဲ့လှိုဏ်ဂူအတွင်းပိုင်းထက်ပင် ပိုမိုကျယ်ဝန်းသော တောင်ကြားကြီး ဖြစ်ကာ ပတ်ပတ်လည်ရှိ တောင်ထိပ်များက ၎င်းကို လုံးဝ ဖုံးကွယ်ထားသည်။
ကောင်းကင်ယံတွင် နိမိတ်ကောင်းသော တိမ်တိုက်များ ဖုံးလွှမ်းနေသဖြင့် ထျန်းချီတောင် အပြင်ဘက်မှ မည်သို့ပင် ကြည့်စေကာမူ မမြင်နိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ ထျန်းချီတောင်၏ အတွင်းပိုင်းတွင် ဤကဲ့သို့သော အခြားကမ္ဘာတစ်ခု ဝှက်ထားသည်မှာ အမှန်ပင်။
တောင်ကြားမှာ အလွန်ညီညာပြန့်ပြူးနေပြီး အထဲတွင် အမျိုးမျိုးသော အင်မော်တယ်မြက်များ၊ အင်မော်တယ်ပန်းများနှင့် ဝိညာဉ်အသီးများဖြင့် ပြည့်နှက်နေကာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အလွန်တရာ လှပနေတော့သည်။
တောင်ကြား၏ ဗဟိုချက်တွင်မူ အလွန်မြင့်မားသော ယဇ်ပလ္လင်ကြီးတစ်ခု တည်ရှိနေ၏။
ယဇ်ပလ္လင်၏ အထက် တွင်မူ ကောင်းကင်ယံအထိ မြင့်မားလှသော ကြီးမားသည့် ရုပ်တုကြီး တစ်ခု ရှိနေသည်။
ရုပ်တု၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများမှာ အဆုံးမဲ့ အင်မော်တယ် မြူခိုးများအတွင်း ပုန်းကွယ်နေပြီး မြေပြင်မှ ကြည့်လျှင် ခြေထောက်နှင့် ခြေသလုံး အစိတ်အပိုင်းအချို့ကိုသာ မြင်တွေ့နိုင်သည်။
သို့သော် ထိုမျှပင် တောင်ကြီးတစ်လုံးကဲ့သို့ ခမ်းနားလှသည်။
၎င်းအပြင် လက်တွေ့ကျလုနီးပါး ဖြစ်နေသော နိယာမစွမ်းအားများကြောင့် လူတို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် ယန်ရှို့အင်မော်တယ်အရှင်က ဝါကျင့်ကျင့် စက်ဝိုင်းပုံ မိုးမခရွက် တစ်ရွက်ကို ထုတ်ကာ ကောင်းကင်သို့ ပစ်တင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးမခရွက်မှာ လေနှင့်အတူ ကြီးထွားလာပြီး ကြီးမားလှသော မိုးမခရွက်ပုံ လှေကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားကာ သူတို့ရှေ့တွင် ဆိုက်ကပ်လာခဲ့သည်။
ထို့နောက် ယန်ရှို့အင်မော်တယ်အရှင်က သူ့နောက်မှ လော့ရှီးကို ကြည့်ကာ မေးလိုက်သည်။ "မင်းက ဆက်လိုက်ဦးမှာလား"
"ထပ်လိုက်ရင်တော့ ရှန်လင် ကို အတူတူ ခံယူရလိမ့်မယ်"
"ရှန်လင် ယူပြီးသားလူက ထပ်ယူရင် ချက်ချင်းပဲ ပြာအဖြစ် ပြောင်းသွားလိမ့်မယ်"
လော့ရှီးက "အော်" ဟု ထူးကာ အမြန်ပင် ပြောလိုက်သည်။ "ဒါဆို ကျွန်မ မလိုက်တော့ဘူး"
"တကယ်တော့ ကျွန်မ သိပါတယ်၊ ခုနက အိပ်ချင်မူးတူး ဖြစ်နေလို့ မေ့သွားတာပါ"
ပြောပြီးနောက် သူမက ထန်ထျန်းအနားသို့ တိုးကပ်ကာ စိတ်ချင်းဆက်သွယ်ပြီး ပြောလိုက်သည်။ "ကျွန်မ ပင်မတောင်ထိပ်ဘက်ကနေ ရှင့်ကို ကြည့်နေမယ်"
"တကယ်တော့ အကြီးအကဲ အများကြီးက အဲဒီမှာ ရှိနေကြတာ၊ ရှင် မမြင်ရရုံပဲ ရှိတယ်"
"ဒါက တစ်စုံတစ်ယောက် စောင့်ကြည့်နေတယ်ဆိုတဲ့ အသိကြောင့် ရှင်တို့ စိတ်လှုပ်ရှားမှာ စိုးလို့လေ"
ထန်ထျန်း : ...
ဒါဆို မင်းက ဘာလို့ ငါ့ကို လာပြောနေတာလဲ
ပြောပြီးနောက် လော့ရှီးက ကိုယ်ယောင်ဖျောက် ထွက်သွားခဲ့သည်။
ထို့နောက် ယန်ရှို့အင်မော်တယ်အရှင်က ထန်ထျန်းတို့ သုံးဦးကို ပြောလိုက်သည်။ "အခု ဒီမိုးမခလှေက မင်းတို့ကို ရှန်လင် သန့်စင်မှု လုပ်မယ့်နေရာဆီ ခေါ်သွားလိမ့်မယ်"
"သန့်စင်မှုရဲ့ နိယာမစွမ်းအားတွေက အလွန် ကြီးမားတယ်၊ ဒီသုံးရက်အတွင်းမှာ မင်းတို့ ကျင့်သားရနေပြီလို့ မျှော်လင့်ပါတယ်"
"သန့်စင်မှု အောင်မြင်သွားရင် မင်းတို့အားလုံး အကျိုးကျေးဇူး အများကြီး ရလိမ့်မယ်"
"ဒါပေမဲ့ အကယ်၍ တောင့်မခံနိုင်ရင်တော့ ထျန်းချီတောင်ကနေ ထွက်ခွာပြီး မင်းတို့ရဲ့ ကုံးချန် ခြံဝင်းကိုပဲ ပြန်ရလိမ့်မယ်"
"ကဲ... ဒါပါပဲ၊ အားလုံး အပေါ် တက်ကြတော့"
စည်းကမ်းများကို အကျဉ်းချုံး ပြောကြားပြီးနောက် ထန်ထျန်းတို့ လူစုက တစ်ဦးပြီးတစ်ဦး မိုးမခလှေပေါ်သို့ တက်ခဲ့ကြသည်။
ယန်ရှို့အင်မော်တယ်အရှင်၏ ထိန်းချုပ်မှုအောက်တွင် မိုးမခလှေမှာ ဖြည်းညှင်းစွာ မြင့်တက်လာပြီး ထူထပ်လှသော တိမ်တိုက်များကို ဖြတ်ကျော်ကာ တိမ်ပင်လယ်ကြားမှ တားမြစ်ရုပ်တု ရှိရာသို့ ဦးတည် ပျံတက် သွားတော့သည်။
မိုးမခလှေပေါ်တွင် ရပ်နေစဉ် ပတ်ဝန်းကျင်မှာ တိမ်တိုက်များဖြင့် လုံးဝ ဖုံးလွှမ်းနေပြီး ပြင်ပကမ္ဘာမှ မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။
နိယာမများ ပျံ့နှံ့နေမှုအောက်တွင် လားရာအာရုံမှာလည်း လျင်မြန်စွာ ပျောက်ဆုံးသွားပြီး အဆုံးမဲ့ တိမ်ပင်လယ်ကြားတွင် လှေငယ်တစ်စင်းသာ ဖြည်းညှင်းစွာ မျောပါနေသကဲ့သို့ ရှိနေသည်။
တစ်ကမ္ဘာလုံးတွင် သူတို့ သုံးဦးတည်းသာ ကျန်ရစ်သကဲ့သို့ ခံစားရသည်။
ထန်ထျန်းက လှည့်ကြည့်လိုက်ရာ ဘေးမှ လူနှစ်ယောက်ကို မြင်တွေ့ရသည်။
အကြည့်ချင်း ဆုံသွားသည့်အခါ ရှောင်းယောင်ရွှင်က မျက်လုံးပြူးကာ မကျေမနပ် ဖြစ်နေသော ပုံစံဖြင့် လှေ၏ အခြားတစ်ဖက်သို့ သွားကာ တစ်ယောက်တည်း တင်ပျဉ်ခွေ ထိုင်လိုက်တော့သည်။
ထန်ထျန်း အနည်းငယ် နားမလည် ဖြစ်သွားရသည်၊ သူ့ကို မသိလိုက်ဘဲ ရန်စမိသွားလို့လား။
သူက ခေါင်းခါယမ်းလိုက်ပြီး ယွမ်ယုကို ကြည့်လိုက်ပြန်သည်။
ထန်ထျန်းနှင့် ရှောင်းယောင်ရွှင်တို့ထက် ယွမ်ယုမှာ သိသိသာသာ စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
ထန်ထျန်းက သူမကို ခဏတာ စိုက်ကြည့်နေသော်လည်း ထူးခြားမှုကို မခံစားရပေ။
"မင်း စိတ်လှုပ်ရှားနေတာလား"
ထန်ထျန်းက မေးလိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ယွမ်ယုမှာ လန့်သွားခဲ့သည်။
သူမ ခဏ ကြောင်သွားပြီးမှ ပြောလိုက်သည်။ "မဟုတ်ပါဘူး... ရပါတယ်၊ ကျွန်မ အဆင်ပြေပါတယ်"
ပြောပြီးနောက် သူမ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
ထန်ထျန်း ဆွံ့အသွားရသည်၊ မင်းရဲ့ မျက်နှာပေါ်မှာတင် 'စိတ်လှုပ်ရှားနေသည်' ဆိုတဲ့ စာလုံးကြီးက ရေးထားသလို ဖြစ်နေပြီပင်။
သူက လှေတစ်ဖက်ရှိ ရှောင်းယောင်ရွှင်ကို ညွှန်ပြကာ ပြောလိုက်သည်။ "မင်း သူ့ကို အတုယူသင့်တယ်၊ သူ ဘာလုပ်သလဲ ကြည့်ပြီး လိုက်လုပ်ကြည့်"
"ဒါက အကူအညီ ဖြစ်နိုင်လိမ့်မယ်"
ရှောင်းယောင် မိသားစုဝင် အများအပြားက ရှန်းယွမ်စင်မြင့်သို့ ဝင်ရောက်ဖူးသဖြင့် အတွေ့အကြုံမှာ အမှန်တကယ်ပင် များပြားပေလိမ့်မည်။
ထို့ကြောင့် သူတို့က ကြိုတင် ပြင်ဆင်မှုအချို့ ပြုလုပ်ထားကြမည်မှာ သေချာသည်။
သူလုပ်သလို လိုက်လုပ်ခြင်းက အသုံးဝင်နိုင်ပေသည်။
ယွမ်ယုက ရှောင်းယောင်ရွှင်ကို ကြည့်ကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမသည်လည်း တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူမ၏ စိတ်အခြေအနေကို တည်ငြိမ်အောင် အားထုတ်နေတော့သည်။
ထန်ထျန်းကမူ ခေါင်းညိတ်လိုက်ပြီး လှေဦးတွင် တစ်ယောက်တည်း ရပ်နေခဲ့သည်။
ဤကဲ့သို့သော ကိစ္စမျိုးအတွက် သူက အထူးတလည် ပြင်ဆင်နေရန် မလိုပေ။
မိုးမခလှေမှာ ဆက်လက် ရှေ့တိုးလာခဲ့ပြီး မကြာမီမှာပင် ကြီးမားလှသော အရိပ်မည်းကြီးတစ်ခု မြင်ကွင်းထဲသို့ ပေါ်လာခဲ့သည်။
ထိုအရိပ်မည်းကြီးမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းထားပြီး ကမ္ဘာမြေနှင့် ကောင်းကင်ကို ဆက်သွယ်ထားသော တိုင်ကြီးတစ်တိုင်အလား တည်ရှိနေသည်။
တစ်ချိန်တည်းမှာပင် ကြီးမားလှသော နိယာမ အော်ရာ များက သူတို့အပေါ်သို့ လွှမ်းမိုး သက်ရောက်လာခဲ့သည်။
ရှောင်းယောင်ရွှင်က မျက်မှောင်ကြုတ်သွားပြီး ယွမ်ယုမှာမူ မျက်နှာပျက်သွားသည်ကို အထင်အရှား မြင်နေရကာ သူမ၏ ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်လာသည်။
သူမ၏ ပါရမီနှင့် ခွန်အား မှာ အနည်းငယ် နိမ့်ကျနေသေးခြင်း ဖြစ်သည်။
သို့သော် ကံကောင်းသည်မှာ သူတို့နှစ်ဦးလုံး နောက်ဆုံးတွင် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ကြသည်။
ခဏအကြာတွင် မိုးမခလှေက အရိပ်မည်းကြီးနှင့် ပိုမို နီးကပ်လာခဲ့ကာ နိယာမစွမ်းအားများမှာလည်း ပို၍ ထူထပ်လာခဲ့သည်။
လှေက အတိုင်းအတာ တစ်ခုကို ဖြတ်ကျော်လိုက်သည့် အခါမှာမူ ရုတ်တရက် အစိုင်အခဲရှိသော ကြီးမားသည့် အရာဝတ္ထုတစ်ခု မိုးမခလှေ၏ အထက်တွင် ပေါ်လာခဲ့သည်။
ထန်ထျန်း မော့ကြည့်လိုက်ရာ ခဏတာ မှင်သက်သွားရသည်။
၎င်းမှာ အမှန်တကယ်ပင် ကြီးမားလှသော လက်တစ်ဖက် ဖြစ်နေတော့သည်။
တားမြစ်ရုပ်တု၏ လက် ပင် ဖြစ်သည်။
ဤသည်မှာ ထန်ထျန်းအနေဖြင့် ခြေထောက်နှင့် ခြေသလုံး မဟုတ်သော တားမြစ်ရုပ်တု၏ အစိတ်အပိုင်းတစ်ခုကို ပထမဆုံးအကြိမ် အနီးကပ် မြင်တွေ့ရခြင်းပင် ဖြစ်သည်။
လက်ကြီးမှာ အနည်းငယ် ငိုက်စိုက်ကျနေပြီး လက်ညှိုးကို ဆန့်ထုတ်ထားသည်။
ကြည့်ရသည်မှာ ခြေထောက်အောက်ရှိ တစ်စုံတစ်ခုကို ညွှန်ပြနေသကဲ့သို့ပင်။
ခဏအကြာတွင် မိုးမခလှေမှာ ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
အတိအကျပင် တားမြစ်ရုပ်တု၏ လက်ညှိုး ညွှန်ပြနေသော နေရာ၌ပင် ဖြစ်တော့သည်။