← Chapters

ငွေထပ်တိုးပေးခြင်းက ဘယ်တော့မှ မမှားဘူး

Vol. 7 Ch. 61

ငွေထပ်တိုးပေးခြင်းက ဘယ်တော့မှ မမှားဘူး

Vol. 7 Ch. 61

ဦးလေးဘိုးဘိုးသည် သူ၏ လုပ်ရပ်များမှတစ်ဆင့် သင်သာ အသက်ရှည်ရှည်နေပြီး တပည့်ကို နောက်ကျမှ လက်ခံမည်ဆိုလျှင် ထိုတပည့်၏ ဝါစဉ်ကို အတော်အတန် မြင့်တက်သွားစေနိုင်ကြောင်း လက်တွေ့သက်သေပြခဲ့၏။

တန်ဝမ်ကျဲသည် ဝါစဉ်အရ မြင့်နေသော်လည်း ထိုဝါစဉ်ကို အခွင့်ကောင်းမယူရဲပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ “လျှပ်စီးဓမ္မဘုရင်” ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် ဝါစဉ်အရ ဂျူနီယာသိုင်းဦးလေးဟု ခေါ်နေရသော်လည်း သူတို့မှာ ဂိုဏ်းဝင်ချင်းလည်း မတူသလို ဆွေမျိုးလည်း မတော်စပ်ကြပေ။ အကယ်၍ တန်ဝမ်ကျဲသာ ထိုဂုဏ်ပုဒ်ကို အမှန်တကယ် အလေးအနက် ခံယူလိုက်မည်ဆိုလျှင် ညဘက်အိပ်သည့်အခါ မျက်စိနှစ်ဖက်လုံး မှိတ်ပြီး အိပ်ရဲမည်မဟုတ်ချေ။

“ဦးလေးကျန့် ဦးလေးက ကျုပ်ထက် အများကြီး အသက်ကြီးပါတယ်။ ကျုပ်တို့ ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။”

“မဖြစ်ဘူး...လူကြီးနဲ့ လူငယ်၊ အထက်နဲ့ အောက်ကြားမှာ စနစ်တကျ ရှိရမယ်။”

ရှီကျန့်က လုပ်ထုံးလုပ်နည်းအတိုင်း ခပ်တည်တည်ဖြင့်သာ နေပြီး အခေါ်အဝေါ်ကို ပြောင်းလဲရန် ငြင်းလိုက်၏။

“အားကျဲ...အားကျန့်က ဒီလိုလူမျိုးပဲ။ သူက သူ့ဆရာ့ဆီက အကျင့်တွေ အကုန်ရထားတာဆိုတော့ ပြောင်းလဲလို့ ရမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ ခေါ်လိုက်ပါ။”

ဒုတိယဦးလေးဘိုးဘိုးကလည်း ဝင်ပြောသဖြင့် အခေါ်အဝေါ်ကိစ္စမှာ ပြေလည်သွားခဲ့သည်။

သို့သော်လည်း တန်ဝမ်ကျဲသည် ရှီကျန့်အား ဦးလေးကျန့်ဟုသာ ခေါ်ရန် ဆုံးဖြတ်လိုက်၏။ ၎င်းမှာ တစ်ဖက်လူ၏ လျှပ်စီးလက်သီးကို ကြောက်၍မဟုတ်ဘဲ မိမိဖခင်အရွယ်လောက်ရှိသော လူတစ်ယောက်ကို အာ့ကျန့်ဟု ခေါ်ရမည်ကို စိတ်မသန့်သောကြောင့်ပင်။

“တကယ်တော့ ဦးလေးကျန့် ဒီကိုလာတာက ကျုပ်ကြောင့်ပါ”

တန်ဝမ်ကျဲက ပြောလိုက်သည်။

“ကျုပ်ဝယ်ထားတဲ့ ဝိုင်စက်ရုံမှာ ပြဿနာကြီးတစ်ခု ရှိနေတယ်။ အဲဒီမှာ သရဲခြောက်ပြီး လူအများကြီး သေခဲ့ဖူးတယ်။ အဲဒီတုန်းက ဒီမိစ္ဆာတွေကို နှိမ်နင်းဖို့ အဆင့်မြင့်ပညာရှင်တစ်ယောက် ငှားချင်ခဲ့တာ။ ပထမဆုံး သတိရမိတာကတော့ ဒီလောကမှာ အသန်မာဆုံးဖြစ်တဲ့ ဦးလေးကျန့်ကိုပဲ။”

“မင်းက အဲဒီ သူဌေးကြီးတန်လား။”

ရှီကျန့်က တန်ဝမ်ကျဲကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ ငွေကို ရေလိုသုံးနေသည့် သူဌေးကြီးတန်မှာ သူ၏ ဝါစဉ်တူ ဂျူနီယာဦးလေး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်မှတ်ထားခဲ့ပေ။

ရှီကျန့်ကိုယ်တိုင်က အစားအသောက်နှင့် အပျော်အပါးကို မမက်မောသော်လည်း သူ၏သားဖြစ်သူမှာမူ ငွေလိုအပ်ပေသည်။ ကလေးက ငယ်သေးသဖြင့် အပျော်အပါးမက်ခြင်းမှာ သဘာဝကျသော်လည်း ရှီကျန့်မှာ မော်ရှန်းဂိုဏ်း၏ စီနီယာအစ်ကိုကြီးဖြစ်ကာ ငွေကြေးအမြဲ ပြတ်လပ်နေတတ်သည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် တစ်နိုင်ငံလုံး အနှံ့ လှည့်လည်သွားလာနေရသဖြင့် ငွေရှာရသည်မှာ ပို၍ပင် ခက်ခဲပေ၏။

သူယခု ရောက်လာရသည့် အကြောင်းရင်းမှာလည်း တန်ဝမ်ကျဲ ပေးထားသော မက်လောက်စရာ ဈေးနှုန်းကြောင့်ပင်။

“ငွေဒင်္ဂါး ၁၀၀၊ အစားအသောက် အခမဲ့၊ ခရီးစရိတ် အကုန်အကျခံမည်။”

“ငါတို့က မိသားစုတွေဆိုတော့ ဆွေးနွေးရတာ ပိုလွယ်သွားတာပေါ့။ မင်းတို့ရဲ့ စီးပွားရေးကိစ္စတွေကိုတော့ ငါဝင်မပြောတော့ဘူး။ ဒါပေမဲ့ အားကျန့် ဒီကိုရောက်နေတုန်း သေချာလေး ဆွေးနွေးကြပေါ့။”

ဒုတ်ယဦးလေးဘိုးဘိုး ဆိုသည်။

ကျင့်ကြံသူတစ်ဦးအတွက် သေဆုံးပြီးနောက် ငရဲပြည်တွင် အစီရင်ခံရခြင်းမှာ အောင်မြင်မှုဟု ယူဆနိုင်သော်လည်း လူသားတို့၏ ခွဲခွာခြင်းနှင့် မတူဘဲ ယင်နှင့်ယန် လောကနှစ်ခုကြား ပြန်လည်ဆုံတွေ့ရန်မှာ အလွန်ခက်ခဲလှပေသည်။

ရှီကျန့်နှင့် ဒုတိယဦးလေးဘိုးဘိုးတို့ စကားပြောနေသည်ကို ကြည့်ရင်း တန်ဝမ်ကျဲ၏ အကြည့်က ဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေသော ရှီရှောင်ကျန့်ဆီသို့ ရောက်သွားခဲ့သည်။

ထိုအခါ ရှီရှောင်ကျန့်က ဦးစွာ နှုတ်ဆက်လိုက်၏။

“သိုင်းတူဦးလေးဘိုးဘိုး။”

တန်ဝမ်ကျဲသည်မူ သူ ဤမျှ ယဉ်ကျေးနေခြင်းမှာ ငွေဒင်္ဂါး ၁၀၀ ကြောင့် ဖြစ်လိမ့်မည်ဟု သံသယရှိနေ၏။ ဤကောင်လေးမှာ ပုံမှန်ဆိုလျှင် အတော်လေး မောက်မာမည့်ပုံပင်။

“ငါ့ကို အစ်ကိုကျဲ လို့ပဲ ခေါ်ပါ။ ငါတို့က အသက်ချင်းလည်း သိပ်မကွာပါဘူး။”

တန်ဝမ်ကျဲက ရှီရှောင်ကျန့်နားသို့ သွားပြီး အသာအယာ အနံ့ခံကြည့်လိုက်သည်။

ဒါ ရေမွှေးနံ့ပဲ။

အမျိုးအစားကို မခွဲခြားနိုင်သော်လည်း တစ်ဖက်လူသည် ယနေ့ ရူယီဂေဟာသို့ သွားခဲ့သည်မှာ သေချာ၏။ တန်မိသားစု၏ နိုင်ငံခြားကုန်စည်ဆိုင်တွင်သာ ရေမွှေးများ ရရှိနိုင်ပေသည်။ မြို့ထဲရှိ အခြားဆိုင်များမှာလည်း တန်ဝမ်ကျဲက ဈေးပေါပေါဖြင့် အကုန်ဝယ်ယူ သိမ်းဆည်းထားပြီးဖြစ်သည်။ ယခုအခါ သူသည် နန်မိသားစုမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် နိုင်ငံခြားကုန်စည်များအား လက်ဝါးကြီးအုပ်ထားသည့်သူပင်။

အဓိက အပန်းဖြေစခန်း ၃ ခုထဲတွင် ယိဟုန်မျှော်စင်မှာ ဆင်းရဲပြီး ရေမွှေးကောင်းကောင်း မသုံးနိုင်ပေ။ ဖီးနစ်မျှော်စင်မှာမူ ရှေးရိုးဆန်သော ပြည့်တန်ဆာအိမ် ဖြစ်သည်။ ရူယီဂေဟာတစ်ခုတည်းသာ ခြေအိတ်ရှည်များ၊ ချီပေါင်းဝတ်စုံများဖြင့် ရှန်ဟိုင်းစတိုင်ကို အတုယူထားပြီး ထိုနေရာမှ မိန်းကလေးများသာ ရေမွှေးကို ပုံမှန်ဝယ်ယူလေ့ရှိပေသည်။

စကားပြောပြီးနောက် တန်ဝမ်ကျဲသည် ရှီကျန့်နှင့် သူ၏သား... မဟုတ်သေးဘူး...ဆရာတပည့် နှစ်ယောက်ကို နားနားနေနေ နေနိုင်ရန် တန်အိမ်တော်သို့ ပို့ဆောင်ပေးလိုက်၏။ တန်မိသားစုတွင် လူဦးရေ နည်းသဖြင့် အခန်းလွတ်များစွာ ရှိပေသည်။

ညရောက်သောအခါ သုံးယောက်သား သရဲဖမ်းရန် ကျိုးချွမ်မြို့ရှိ ဝိုင်စက်ရုံသို့ ထွက်လာခဲ့ကြသည်။

ကျိုးချွမ်မြို့၊ မြို့တော်ဝန်ယဲ့၏ အိမ်တော်...။

ဖယောင်းတိုင်မီးများ တဖျပ်ဖျပ် လင်းလက်နေ၏။ စားပွဲပေါ်တွင် ကြက်သွန်ဖြူ တစ်ပန်းကန် ရှိနေပြီး မြို့တော်ဝန်ယဲ့မှာ ခေါက်ဆွဲတစ်လုပ်စားတိုင်း ကြက်သွန်ဖြူ နှစ်မြွှာ စားကာ ချွေးတပြန်ပြန်ဖြင့် မြိန်ယှက်စွာ စားသောက်နေခဲ့သည်။

“ဒုန်း...။”

ရုတ်တရက် စားပွဲကိုရိုက်လိုက်သည့်သံကြောင့် မြို့တော်ဝန်ယဲ့ လန့်ဖြန့်သွားပြီး မတ်မတ်ထိုင်လိုက်ရ၏။

“ဘာဖြစ်တာလဲ။”

သူသည် အဝေးတွင် ထိုင်နေသော သားဖြစ်သူ ဒေးဗစ်ကို လှမ်းကြည့်လိုက်သည်။

“အဖေ...အဲ့ဒီသူဌေးကြီးတန်က ရင်ဆိုင်ရလွယ်တဲ့လူ မဟုတ်ဘူး။”

“သူဌေးကြီးတန်လား။”

မြို့တော်ဝန်ယဲ့က ကြက်သွန်ဖြူ နှစ်မြွှာကို ကောက်ဝါးလိုက်ရင်း ပြောလိုက်သည်။

“သူတို့မိသားစုက ဘိန်းလုပ်ငန်းထဲ တစ်ခါမှ မပါခဲ့ဘူး။ အစားအသောက်နဲ့ လူသုံးကုန်တွေပဲ လုပ်တာ။ ဘာလဲ...ငါတို့လုပ်ငန်းနဲ့ သူနဲ့ ဘာဆိုင်လို့လဲ။”

တန်ဝမ်ကျဲသည် စစ်ဗိုလ်ချုပ်လုံ၏ ခဲအိုလောင်း ဖြစ်သွားပြီဟု သူကြားထား၏။ စစ်တပ်၏ ကျောထောက်နောက်ခံ ရှိနေသဖြင့် ဒေသခံ သူဌေးသူကြွယ်များက သူ့ကို ပြဿနာမရှာရဲကြပေ။

“စီးပွားရေးအရတော့ ဘာမှမပတ်သက်ပါဘူး။”

ဒေးဗစ်က ခေါင်းခါပြလိုက်သည်။ သို့သော် စုံစမ်းကြည့်ရာတွင် တန်မိသားစုမြို့နယ်နှင့် ပတ်ဝန်းကျင်ရွာများအားလုံးသည် နေ့စဉ်သုံးပစ္စည်းများအတွက် တန်ဝမ်ကျဲကိုသာ လုံးလုံးလျားလျား အမှီပြုနေရခြင်းဖြစ်ကြောင်း ဒေးဗစ် သတိထားမိခဲ့သည်။

တန်ဝမ်ကျဲမှာ ထိုဒေသ၏ ဘုရင်တစ်ဆူကဲ့သို့ ဖြစ်မနေပေဘူးလား။ ယခု သူက ဝိုင်စက်ရုံကိုပါ ဝယ်လိုက်ပြီဆိုလျှင် ဘိန်းခန်းများ၊ ပြည့်တန်ဆာအိမ်များနှင့် လောင်းကစားရုံများအတွက် အရက်ကိုပါ တန်ဝမ်ကျဲဆီက ဝယ်ယူရတော့မည်ဖြစ်သည်။

“ငါတို့က ငါတို့ပိုက်ဆံ ငါတို့ရှာတာပဲ။ သူကလည်း သူဌေးကြီးတန်အဖြစ် ဆက်နေမှာပေါ့။”

မြို့တော်ဝန်ယဲ့က ဆိုသည်။

“ဘိန်းအသစ်တွေ မကြာခင် ရောက်တော့မယ်။ အဲ့အခါကိရင် ငါတို့ နောက်ထပ် အမြတ်ကြီးကြီး ရဦးမှာ ဟီးဟီး...။”

ထိုစဥ် မြို့တော်ဝန်ယဲ့က ရုတ်တရက် ရပ်သွားပြီး ဂေ့ခနဲ လေတက်လိုက်၏။

အဝေးတွင် ထိုင်နေသော ဒေးဗစ်မှာ လက်ဖြင့် နှာခေါင်းကို ခါယမ်းထုတ်လိုက်ရသည်။ အနံ့က သူ့ဆီအထိ ရောက်လာသောကြောင့်ပင်။

“ဘိန်းလုပ်ငန်း လုပ်တာ ငါတို့တစ်ယောက်တည်းမှ မဟုတ်တာ။ မင်းက ဘာတွေ စိုးရိမ်နေတာလဲ။”

ဖခင်ဖြစ်သူက ထိုသို့ပြောလာသဖြင့် ဒေးဗစ်လည်း ခေါင်းငြိမ့်ပြီး ထိုကိစ္စကို စိတ်ထဲမှာသာ ထားလိုက်တော့သည်။ စီးပွားရေးအရလည်း ထိပ်တိုက်မတွေ့ကြပေ။ တန်ဝမ်ကျဲက သူ့နယ်မှာ သူဘုရင်လုပ်ပြီး ဒေးဗစ်ကလည်း သူ့ပိုက်ဆံသူ ရှာမည်ဖြစ်သည်။

သို့သော် စိတ်ထဲတွင်တော့ ဤကဲ့သို့ ပိုက်ဆံရှာခြင်းမှာ အန္တရာယ်ကြားတွင် ရှင်သန်နေရသလို သူခံစားနေရ၏။ ပိုက်ဆံအများကြီး ရနေသည်ဟု ထင်ရသော်လည်း ထိုဒေသခံဘုရင်က သူတို့ကို မောင်းထုတ်ရန် နည်းလမ်းပေါင်းစုံ ရှိနေနိုင်ပေသည်။

“အဖေ...,ဘိန်းတွေကို ဘယ်လို သယ်လာမှာလဲ။”

“ဟဲဟဲ...။”

မြို့တော်ဝန်ယဲ့က ကြက်သွန်ဖြူ အနည်းငယ်ကို ပါးစပ်ထဲ ထပ်ထည့်လိုက်ပြီး ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

“အလောင်းမောင်းနှင်သူနဲ့ပေါ့...”

ကျိုးချွမ်မြို့၊ တန်မိသားစု ဝိုင်စက်ရုံ....။

“ယင်စွမ်းအင်တွေက အတော်လေး များနေတာပဲ။”

ရှီကျန့် မျက်မှောင်ကျုံ့လိုက်သည်။

သူသည် ဝါကြီးသူတစ်ဦး ဖြစ်သည့်အပြင် တစ်ဖက်လူကလည်း အဖိုးအခ အများကြီး ပေးထားသဖြင့် ဤကိစ္စကို အကောင်းဆုံး ဖြေရှင်းပေးရန် ဆုံးဖြတ်ထားခဲ့၏။

သုံးယောက်သား စက်ရုံထဲသို့ ဝင်လိုက်သည်နှင့် ယင်ချီများက ဒီရေကဲ့သို့ တိုးဝင်လာခဲ့သည်။ တန်ဝမ်ကျဲ ချက်ချင်းပင် နေရထိုင်ရ ခက်ခဲသွားခဲ့၏။ ဤသရဲမှာ “အင်္ကျီနီဝတ် ရန်ငြိုးကြီးသရဲ” အဆင့်လောက် ရှိပုံရသဖြင့် သူကိုယ်တိုင် အသာရှောင်နေခဲ့သည်မှာ မှန်ကန်သွားခဲ့လေပြီ။

“ထွက်ခဲ့စမ်း...။”

ရှီကျန့်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာ၏။

လျှပ်စီးမိုးကြိုးလက်သီး...။

စက်ရုံတစ်ခုလုံး လျှပ်စီး၏အလင်းရောင်များဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားခဲ့သည်။ လျှပ်စီးနှင့် မိုးကြိုးသံတို့ တစ်ပြိုင်နက် ထွက်ပေါ်လာပြီးနောက် “ဝုန်း” ကနဲ အသံနှင့်အတူ အမှောင်ထဲမှ ပုံရိပ်တစ်ခု ယိုင်ထိုးကာ ထွက်လာတော့လေသည်။

၎င်းမှာ အမှန်တကယ်ပင် အင်္ကျီနီဝတ် မိန်းမသရဲ ဖြစ်ပေသည်။ သို့သော် သူမ၏ ကိုယ်ထည်မှာမူ ယိုင်နဲ့နေခဲ့သည်။ ရှီကျန့်၏ လက်ဝါးချက် တစ်ချက်တည်းနှင့်ပင် သူမ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး ဝိညာဉ်ပါ လွင့်စင်တော့မည့် အခြေအနေ ရောက်သွားခဲ့ရ၏။

“ကျွန်မ ရင်ထဲမှာ ရန်ငြိုးတွေ ရှိတယ်...ကျွန်မ ငယ်ငယ်ကတည်းက...”

မိန်းမသရဲမှာ သူမ မယှဉ်နိုင်သည့် အဆင့်မြင့်ပညာရှင် ရောက်လာသည်ကို သိလိုက်ရသဖြင့် သူမ၏ နာကျည်းချက်များကို ပြောပြရန် ကြိုးစားလိုက်သော်လည်း ရှီကျန့်က နားထောင်လိုစိတ် မရှိဘဲ နောက်ထပ် လျှပ်စီးတစ်ချက် ထပ်မံထုတ်လွှတ်လိုက်လေသည်။

ဝုန်း

မိန်းမသရဲ၏ ဝိညာဉ်မှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားတော့၏။ ရှီကျန့်မှာမူ သာမန်ကိစ္စတစ်ခုကို လုပ်လိုက်သကဲ့သို့ပင်။ သူက ဘေးဘီဝဲယာကြည့်ပြီး ပြောလိုက်သည်။

“သိုင်းတူဂျူနီယာဦးလေး... ဒီစက်ရုံရဲ့ ဖုန်းရွှေကလည်း အတော်လေး ညံ့တယ်...။”

“ဦးလေးကျန့်...ရှေးစကားရှိတယ်လေ။ တစ်ယောက်ကို ခိုင်းပြီးသားကိစ္စ နောက်တစ်ယောက်ကို ထပ်မခိုင်းနဲ့တဲ့။ ဒါကြောင့် ဦးလေးကပဲ ကျုပ်အတွက် ဖုန်းရွှေကိုပါ ကြည့်ပေးလိုက်ပါလား။ ကျုပ် နောက်ထပ် ငွေဒင်္ဂါး ၁၀၀ ထပ်ပေးပါ့မယ်။”

သူဌေးကြီးတန်က ငွေဖြင့် လမ်းခင်းလိုက်ပြန်သည်။

“ငါတို့က မိသားစုတွေပဲလေ။ တခြားလူတွေကို ဖုန်းရွှေကြည့်ပေးရင်လည်း ငါရ ၁၀ ဒင်္ဂါးပဲ ယူတယ်။”

ရှီကျန့်က ခေါင်းခါပြလိုက်၏။ သူသည် သူ့ကိုယ်သူ အခွင့်အရေး မယူတတ်ကြောင်းနှင့် တရားမျှတကြောင်း ပြသလိုက်၏။ တစ်ချိန်တည်းမှာပင် တန်ဝမ်ကျဲ၏ စီးပွားရေးဆန်လှသော အပြုအမူကို မနှစ်မြို့သဖြင့် မျက်မှောင်ကျုံ့လိုက်သည်။

ကျင့်ကြံသူတစ်ဦးသည် စိတ်နှလုံး စင်ကြယ်ရမည်ဖြစ်ပြီး လောဘကင်းရမည်ဖြစ်သည်။ အရာအားလုံးကို ငွေဖြင့် ဝယ်ယူနိုင်သည်ဟု ထင်နေခြင်းမှာ အလွန်ပင် အောက်တန်းကျလှပေသည်။

“ဦးလေးကျန့်က မော်ရှန်းစီနီယာအစ်ကိုကြီး ဆိုတဲ့အတိုင်းပါပဲ။”

တန်ဝမ်ကျဲက ချီးကျူးလိုက်သည်။

“ဦးလေးကျန့်...ခုနက သုံးသွားတဲ့ ပညာက ဘာလဲဆိုတာ သိခွင့်ရှိမလား။”

“မိုးကြိုးလက်သီးပါ”

ရှီရှောင်ကျန့်က ဝင်ရောက်ကြွားဝါလိုက်သည်။

“ဒါက ကျုပ်ဆရာရဲ့ လျှို့ဝှက်မန္တန်ပဲ။”

ဤအချက်က ခရီးသွားလျှင် တပည့်တစ်ယောက် ဘာကြောင့် ခေါ်သင့်သလဲဆိုသည်ကို သိသာစေခဲ့၏။ ကိုယ့်ဘာသာ ကြွားဝါခြင်းထက် တခြားသူက အသားကြွားပေးခြင်းက ပို၍ အထာကျပေသည်။ သူသည်လည်း နောင်တွင် စကားပြောကောင်းသည့် လက်ပါးစေတစ်ယောက် ခေါ်ထားရမည်ဟု စဉ်းစားလိုက်မိ၏။ တစ်စုံတစ်ယောက်က သူ ဘယ်သူလဲဟု မေးလျှင် သူ၏ ဘွဲ့ထူးဂုဏ်ထူးများကို ရွတ်ပြခိုင်းရပေမည်။

အဲဒါမှ အဆင့်ရှိတာ...။

“ကျုပ်ကို သင်ပေးလို့ ရမလား။”

တန်ဝမ်ကျဲက တိုက်ရိုက်ပင် မေးလိုက်သည်။

“ဂျူနီယာဦးလေး...ဒါက ဂိုဏ်းဝင်တွေပဲ သိခွင့်ရှိတဲ့ လျှို့ဝှက်ပညာမို့လို့ ပြင်ပလူကို သင်ပေးလို့ မရပါဘူး။”

ရှီကျန့်က ခေါင်းခါပြလိုက်သည်။

“ကျုပ် ငွေဒင်္ဂါး ၁,၀၀၀ ပေးပါမယ်။”

တန်ဝမ်ကျဲက လက်ညိုးတစ်ချောင်း ထောင်ပြလိုက်၏။ ဘေးတွင် ရပ်နေသော ရှီရှောင်ကျန့်မှာ အသက်ရှူသံများပင် မြန်သွားခဲ့သည်။

ရှီကျန့်ကမူ....

“ဂျူနီယာဦးလေး၊ လျှို့ဝှက်ပညာဆိုတာ ရောင်းစားလို့ မရပါဘူး။ အဲလိုလုပ်ရင် ဆရာဘိုးလေးတွေက ခွင့်လွှတ်မှာ မဟုတ်ဘူး။”

တန်ဝမ်ကျဲက တဖန်လက်မြှောက်လိုက်ပြန်သည်။

“ဒင်္ဂါး ၅,၀၀၀!”

ရှီရှောင်ကျန့်၏ မျက်လုံးများ နီမြန်းလာ၏။ ရှီကျန့်၏ မျက်နှာမူမူ ပျက်ယွင်းသွားခဲ့သည်။

“ဂျူနီယာဦးလေး...မင်းက ငါ့ကို ငွေနဲ့ စော်ကားနေတာလား။”

“ဟားဟားဟား...ဦးလေးကျန့် စိတ်မဆိုးပါနဲ့။”

တန်ဝမ်ကျဲက လက်ကို ပြန်ချပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဦးလေး မသိသေးလို့ပါ။ ကျုပ်က ကျင့်ကြံခြင်းလောကထဲ ရောက်လာတာ မကြာသေးဘူးလေ။ ဆရာဆီမှာ တပည့်ခံပြီး ပညာသင်တာကလည်း ဒီလို မန္တန်တွေကို စိတ်ဝင်စားလို့ပါ။ တခြားသူရဲ့ အစွမ်းထက်တဲ့ ပညာကို မြင်လိုက်ရတော့ ကျုပ်လည်း သင်ချင်သွားတာပါ။ ဦးလေးရဲ့ မိုးကြိုးလက်သီးက အရမ်းမိုက်လွန်းလို့ ကျုပ် စိတ်လှုပ်ရှားပြီး ဝယ်ချင်မိသွားတာပါ။”

သူက သူ့စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သဖြင့် ရှီကျန့်လည်း ဆက်ပြီး အပြစ်မတင်နိုင်တော့ပေ။

“ဂျူနီယာဦးလေး...မင်းက ကျင့်ကြံခြင်းလောကထဲ ရောက်တာ မကြာသေးတော့ စည်းကမ်းတွေကို မသိသေးတာ ဖြစ်မှာပါ။ ငါ့ရှေ့မှာ ပြောတာကတော့ ကိစ္စမရှိပေမဲ့ တခြားသူတွေရှေ့မှာ သွားပြောရင် လှောင်ပြောင်ခံရလိမ့်မယ်။”

“ဟုတ်ကဲ့ပါ။ ကျုပ် နားလည်ပါပြီ။ နောင်ဆို သတိထားပါ့မယ်။”

တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။

သို့သော်လည်း နောက်တစ်ကြိမ် တစ်ခုခုနှင့် ကြုံလျှင် သူသည် ငွေဖြင့် ထပ်ဝယ်ရန် ကြိုးစားဦးမည်မှာ သေချာပေသည်။

ဆရာဘိုးဘေးများ၏ အိမ်တွင်ပင် ဆန်အပိုရှိည် မဟုတ်ချေ။ သူသာ အသေအချာ လိုက်မေးလျှင် တစ်ယောက်ယောက်ကတော့ သေချာပေါက် ရောင်းပေလိမ့်မည်။ မမေးလျှင်တော့ ဘယ်တော့မှ ဝယ်လို့ရမှာ မဟုတ်ပေ။ သူ မိုးကြိုးလက်သီးကို လိုချင်လျှင် တိုက်ရိုက်သာ မေးရမည်ဖြစ်သည်။

လှည့်ကွက်များ သုံးနေစရာ မလိုပေ။ အကယ်၍ သူက ရှီကျန့်ကို လှည့်စားပြီး ပညာယူခဲ့လျှင်ပင် ရှီကျန့်က တကယ်သင်ပေးချင်စိတ် မရှိပါက သင်ယူသည့်အခါ ပြဿနာတက်နိုင်ပေသည်။

ရှီကျန့်ကို လှည့်စားခြင်းထက် ငွေထပ်တိုးပေးရန် ကြိုးစားခြင်စက ပိုကောင်းပေသည်။ ငွေထပ်တိုးပေးခြင်းက ဘယ်တော့မှ မမှားနိုင်ချေ။

All Chapters