← Chapters

ငါ လူယုတ်မာရဲ့ ထောင်ချောက်ထဲ ရောက်သွားတာလား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မသိတာလဲ။

Vol. 7 Ch. 63

ငါ လူယုတ်မာရဲ့ ထောင်ချောက်ထဲ ရောက်သွားတာလား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မသိတာလဲ။

Vol. 7 Ch. 63

ရှီကျန့် ရောက်ရှိလာခြင်းကြောင့် တန်ဝမ်ကျဲသည် သူ၏ ကျင့်ကြံခြင်းအစီအစဉ်ကို ခေတ္တပြောင်းလဲလိုက်ပြီး မော်ရှန်း ကျန်းမာရေးလက်သီးသိုင်းနှင့် ဓားလက်ချောင်းပညာရပ်များကို ခဏဘေးဖယ်ကာ မိုးကြိုးလက်ဝါးကိုသာ အာရုံစိုက် လေ့ကျင့်တော့လေသည်။

ကျင့်စဉ်များကို ရှာဖွေရန် လွယ်ကူသော်လည်း နာမည်ကျော် ဆရာကောင်းများကို ရှာဖွေရန်မှာမူ ခက်ခဲလှ၏။ ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် လျှပ်စီးမန္တန် ပညာရပ်နှင့် ပတ်သက်လျှင် ရှီကျန့်က ဒုတိယဟု ဆိုပါက မည်သူကမျှ ပထမဟု မပြောရဲကြပေ။ ထို့ကြောင့် တန်ဝမ်ကျဲသည် ဦးလေးကျန့်ထံမှ ပညာများကိုသာ အပတ်တကုတ် သင်ယူတော့လေသည်။

ရှီကျန့်သည်လည်း ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားသူရာ ခမ်းနားထည်ဝါသော ဆက်ဆံမှုများ၊ ချိုသာသော စကားလုံးများနှင့် ဒုတိယဦးလေးဘိုးဘိုး၏ ဘေးမှ ကူညီတိုက်တွန်းမှုများကြောင့် သူသည် တန်ဝမ်ကျဲအား လျှပ်စီးမန္တန်ပညာကို လမ်းညွှန်ပြသရန် သဘောတူခဲ့လိုက်လေသည်။

လူတို့သည် အသက်ကြီးလာလျှင် ဝေဝေဝါးဝါး ဖြစ်လာတတ်ကြ၏။ ဒုတိယဦးလေးဘိုးဘိုးသည်လည်း သူ၏ လူ့ဘဝသက်တမ်းမှာ အကန့်အသတ် ရှိနေပြီဖြစ်ကြောင်း သိသဖြင့် ရှီကျန့်ကို သူ၏ တပည့်အား ပညာသင်ကြားပေးရန် တောင်းဆိုသည့်အခါ လိုအပ်သည့်အချိန်တွင် ဝေဝေဝါးဝါးလုပ်တတ်လာခဲ့သည်။

တစ်ခါတစ်ရံ သူ၏ ဝါစဉ်ကို အသုံးချ၍လည်း ပြောတတ်ရာ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းကို အလေးထားသော ရှီကျန့်အဖို့ သူ၏ မြင့်မားလှသော ဝါစဉ်နှင့် အသက်အရွယ်မှာ အလွန်ပင် ထိရောက်လှပေသည်။

ရှီကျန့်၏ လမ်းညွှန်မှုအောက်တွင် တန်ဝမ်ကျဲ၏ မိုးကြိုးလက်ဝါးပညာမှာ လျင်မြန်စွာ တိုးတက်လာပြီး နောက်ဆုံးတွင် အဆင့် ၂ သို့ ရောက်ရှိသွားကာ အတွေ့အကြုံမှတ်များလည်း ပြည့်လုနီးပါး ဖြစ်လာခဲ့လေသည်။ သို့သော် အနည်းငယ်သာ လိုတော့သည့် အနေအထားတွင် မည်သို့ပင် ကြိုးစားကျင့်ကြံစေကာမူ ထပ်မံတိုးတက်ခြင်း မရှိတော့ပေ။ ရှီကျန့်ကို မေးကြည့်ရာတွင်မူ ၎င်းမှာ ပုံမှန်သာ ဖြစ်ကြောင်း ပြောပြခဲ့လေသည်။

အချို့လူများသည် တစ်သက်လုံး မိုးကြိုးလက်ဝါးကို ကျင့်ကြံကြသော်လည်း ဘာမှ ဖြစ်မလာခဲ့ကြပေ။ တန်ဝမ်ကျဲသည်မူ နှစ်ရက်၊ သုံးရက်အတွင်း ဤမျှ တိုးတက်လာခြင်းမှာ အံ့ဩစရာပင်။

တန်ဝမ်ကျဲ၏ ပါရမီနှင့် ပတ်သက်၍ ရှီကျန့်မှာ အနည်းငယ် အံ့ဩသွားခဲ့ကသော်လည်း သိပ်တော့ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပါရမီက ပို၍ပင် ထူးချွန်သောကြောင့်ပင်။ ကျင့်ကြံခြင်းလောကတွင် မိုးကြိုးလက်ဝါးကို သိသူပေါင်း များစွာ ရှိသော်လည်း သူကဲ့သို့ လက်ဝါးပေါ်တွင် တကယ့် လျှပ်စီးများကို ဖန်တီးနိုင်သူမှာ မည်သူရှိသနည်း။

တန်ဝမ်ကျဲသည် ထပ်မံ လေ့ကျင့်ကြည့်သော်လည်း တိုးတက်မှု မရှိတော့သဖြင့် အတွေ့အကြုံမှတ်များကို သုံးကာသာ အဆင့်တက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ဤသည်မှာ အတွေ့အကြုံမှတ်များ၏ တကယ့် အသုံးဝင်ပုံပင်။ ကျင့်ကြံခြင်းတွင် မည်သည့် အဟန့်အတားမျှ ရှိတော့မည် မဟုတ်ပေ။

[စဉ်ဆက်မပြတ် လေ့လာခြင်းနှင့် ရုတ်တရက် နားလည်သဘောပေါက်ခြင်းကြောင့် သင်၏ မိုးကြိုးလက်ဝါးမှာ အဆင့် ၁ ဆင့် တိုးတက်သွားပါပြီ။ လက်ရှိအဆင့် - အဆင့် ၃။]

စွမ်းရည်: မိုးကြိုးလက်ဝါး အဆင့် ၃ (၁/၁၂၅၀)၊ မန်နာ ကုန်ဆုံးမှု: ၄၊ အသက်စွမ်းအင် ကုန်ဆုံးမှု: ၂။

မိုးကြိုးလက်ဝါးမှာ မီးထိန်းချုပ်ခြင်းပညာနှင့် မတူဘဲ အဆင့် ၂ မှာ အကန့်အသတ် မဟုတ်သည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

မန်နာနှင့် အသက်စွမ်းအင် ကုန်ဆုံးမှုမှာလည်း အနည်းငယ် တိုးလာခဲ့သည်။ စွမ်းအားနှင့် ပတ်သက်၍မူ သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် မိုးကြိုးလက်ဝါးမှာ ဝုန်းကနဲ မြည်ဟည်းသွားပြီး ရှေ့ရှိ လေ့ကျင့်ရေးနံရံကို အပေါက်ကြီး ဖြစ်သွားစေရုံသာမက မီးကျွမ်းရာများကိုပါ ကျန်ရစ်စေခဲ့သည်။ သူ့လက်ချောင်းနှင့် ထိကြည့်သည့်အခါ ပူနွေးနေမှုကိုပင် ခံစားလိုက်ရလေသည်။

“ဒီလောက် အစွမ်းနဲ့ဆိုရင် သရဲတွေကို ထားလိုက်ဦး လူတစ်ယောက်ရဲ့ ခေါင်းကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ ကြေမွသွားအောင် လုပ်ပစ်လိုက်လို့ရတယ်။”

အစွမ်းကုန် အသုံးချနိုင်စွမ်းမှာ အမှန်တကယ် အံ့မခန်းပင်။

သူသည် ကိုက်ဖောက်ထားရသော လက်ချောင်းကို သန့်စင်ရန် အရက်ပြန် ရှာလိုက်၏။ စွမ်းအားက လုံလောက်သော်လည်း မန္တန်မရွတ်ခင်တိုင်း လက်ချောင်းကို ကိုက်ဖောက်နေရသည်မှာ ကျန်းမာရေးနှင့် မညီညွတ်သလို အတော်လည်း နာကျင်လှပေသည်။ သူ၏ လက်ချောင်းဆယ်ချောင်းမှာ ဘယ်တော့မှ မကျန်းမာနိုင်တော့ပေ...။

တန်ဝမ်ကျဲတွင် အကြံပေး ပုဂ္ဂိုလ် မရှိသဖြင့် သူကိုယ်တိုင်ပင် အမြဲ အလုပ်ရှုပ်နေရ၏။ အကယ်၍ အထက်လူကြီးက သေချာ မကြည့်လျှင် လက်အောက်ငယ်သားများက ပျင်းရိနေတတ်ကြပေသည်။

သူသည် ဆိုင်တစ်ဆိုင်၏ စာရင်းများကို စစ်ဆေးပြီးရုံသာ ရှိသေးသည်။

စာရင်းဇယားများတွင် ပြဿနာ မရှိပေ။ သူ၏ ဦးလေးတန်ယွီနှင့် မတူသည်မှာ သူသည် ဒေသခံ သူဌေးသူကြွယ်များနှင့် ပေါင်းစားခြင်းထက် သေနတ်ကို ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်ထားသည့် လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့ခြင်းပင်။

သူသည် လူတိုင်းကို ပိုက်ဆံရှာရန် လမ်းပြပေးနေဆဲ ဖြစ်သော်လည်း သူ၏ တန်မိသားစုမှာ အလွန်ပင် ဩဇာကြီးမားလာခဲ့၏။ ဒေသခံ သူဌေးသူကြွယ်များက သူ့ကို လုပ်ငန်းများလက်ဆောင်ပေးခဲ့သည့် အဖြစ်အပျက်ကြောင့် သူ၏ အခြေခံအုတ်မြစ်မှာ ပို၍ပင် ခိုင်မာလာခဲ့ပြီး စား၊ ဝတ်၊ နေ၊ ရေး ကိစ္စရပ်များအားလုံးတွင် ပါဝင်ပတ်သက်လာနိုင်ခဲ့သည်။ ယခုအခါ သူ၏ ဝိုင်စက်ရုံမှာလည်း လည်ပတ်နေပြီး နေ့စဉ် ရွှေဝင်နေသလို ဖြစ်နေသော်လည်း အခြား ဒေသခံ သူဌေးသူကြွယ်များမှာမူ တရားဝင် စီးပွားရေးများမှ ပိုက်ဆံ သိပ်မရကြပေ။

လက်ဖက်ရည်ဆိုင် လုပ်ငန်းကို ကြည့်လျှင် နေ့တိုင်း လူစည်ကားပြီး ဝင်ငွေရှိသော်လည်း အစားအသောက် ရောင်းရသည်မှာ ဘယ်လောက်ရမည်နည်း။ နေ့စဉ်ရရှိသည့် အမြတ်ကလေးများမှာ သူတို့၏ ကြီးမားသော လောဘကို မဖြည့်ဆည်းနိုင်ပေ။

မမေးဘဲနှင့်ပင် တန်ဝမ်ကျဲသည် ထိုသူဌေးသူကြွယ်များသည် လောင်းကစား၊ ပြည့်တန်ဆာနှင့် မူးယစ်ဆေးဝါး ကဲ့သို့သော တရားမဝင် လုပ်ငန်းများဘက်သို့ တိတ်တဆိတ် ပြန်လှည့်သွားကြပြီ ဖြစ်ကြောင်းသိ၏။ သူသည် ထိုလူယုတ်မာများက သူ့ကို ပြဿနာပြန်ရှာမည်ကိုလည်း စိုးရိမ်သဖြင့် မြို့ထဲရှိ အလေအလွင့်များကို ပိုက်ဆံပေးကာ သတင်းနားစွင့်ခိုင်းထားခဲ့ခြင်းဖြစ်သည်။

သူဌေးကြီးတန်သည် ပိုက်ဆံပေးရာတွင် အလွန် ရက်ရောသူ ဖြစ်ကြောင်း သိကြသဖြင့် ထိုသူများသည် တန်မိသားစုနှင့် ပတ်သက်သည့် သတင်းမှန်သမျှကို စောင့်ကြည့်နေတတ်ကြ၏။ အကယ်၍ သူတို့၏ သတင်းတစ်ခုခုသာ အသုံးဝင်ခဲ့လျှင် ပိုက်ဆံနှင့် လဲလှယ်နိုင်သောကြောင့်ပင်။

တန်ဝမ်ကျဲကို စီးပွားရေးလောက၏ ဘစ်ရှော့ကြီးတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပြီး ကျေးရွာများ၌ ငွေကြေးများ မည်သို့ပင် လည်ပတ်နေပါစေ သူ့လက်ထဲသို့ တစ်ကြိမ်တော့ ဖြတ်သန်းရစမြဲ ဖြစ်သည်။

သို့သော် ထိုဒေသခံ သူဌေးသူကြွယ်များမှာမူ စကားတစ်ခွန်းနှင့် လူတစ်ယောက်၏ အသက်ကို စီရင်နိုင်သည့် တကယ့် မြေရှင်ပဒေသရာဇ်များ ဖြစ်ကြ၏။ နှစ်စဉ်နှစ်တိုင်း ဝက်ခြင်းထဲထည့်ပြီး ရေနှစ်သတ်ခြင်း၊ ကြိုးပေးသတ်ခြင်း သို့မဟုတ် အရိုက်ခံရ၍ သေဆုံးခြင်းများမှာ သူတို့၏ မျိုးနွယ်စုအတွင်း စကားတစ်ခွန်းဖြင့်သာ ဆုံးဖြတ်ခံရခြင်း ဖြစ်သည်။

မျိုးနွယ်စုအတွင်းတွင် ဆွေမျိုးချင်း အကာအကွယ် ပေးကြ၏။ ဥပဒေလား...ထိုသူဌေးသူကြွယ်များကသာ ဥပဒေပင်ဖြစ်သည်။ အကယ်၍ တန်ဝမ်ကျဲတွင် သေနတ်များ မရှိခဲ့လျှင် သူသည်လည်း နေရာတင်ပင် အသတ်ခံလိုက်ရသည်မှာ ကြာပြီ ဖြစ်သည်။

“အရက်သမားအဘိုးကြီးဟွာလးပါလား။ ဘာကိစ္စရှိလို့လဲ။ ကျုပ်နဲ့ ပြောစရာ ရှိလို့လား။”

တန်ဝမ်ကျဲ ဆိုင်ထဲမှ ထွက်လာစဉ် အရက်သမားအဘိုးကြီးဟွား လာနေသည်ကို မြင်လိုက်ရသဖြင့် တစ်ခုခု ပြောစရာ ရှိနေမှန်း သိလိုက်၏။

“သူဌေးကြီးတန်။”

အရက်သမာသအဘိုစကြီးဟွားက တန်ဝမ်ကျဲကို နှုတ်ဆက်လိုက်လေသည်။

“ဟို သခင်လေးရှီ က အိမ်တော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်လား။”

“သခင်လေး ရှီလား...။”

တန်ဝမ်ကျဲ အနည်းငယ် ကြောင်အသွားခဲ့သည်။

“သူ ဘာဖြစ်လို့လဲ။”

ရှီရှောင်ကျန့် တစ်ယောက် အပြင်မှာ ပျော်ပါးနေသည်ကို သူ သိပေသည်။ ရှီကျန့် ရှိနေသော်လည်း ထိုကောင်လေးက ပြည့်တန်ဆာအိမ် သွားခြင်းကို မထိန်းနိုင်ပေ။ နောက်ပိုင်းတွင် ရှီကျန့်က သူနှင့်အတူ တစ်နေကုန် ရှိနေတတ်သဖြင့် ရှီရှောင်ကျန့်မှာ ပို၍ပင် လွတ်လပ်သွားခဲ့သည်။

အစကတော့ ထိုသူက မန္တန်များကို သုံးပြီး လူတွေကို ဒုက္ခပေးမည်ကို စိုးရိမ်ခဲ့သော်လည်း လူလွှတ်ပြီး စောင့်ကြည့်ခိုင်းရာတွင် ရှီရှောင်ကျန့်မှာ နေ့တိုင်း ပိုက်ဆံသုံးပြီး ပျော်ပါးနေရုံသာ ရှိသဖြင့် သူ ဂရုမစိုက်တော့ပေ။

ပြည့်တန်ဆာအိမ်မှာ ပိုက်ဆံဖြုန်းတာက ဘယ်လောက်ကုန်မှာ မို့လို့လဲ။ သူ့အဖေကိုယ်တိုင်ကတောင် ဂရုမစိုက်တာကို ထန်ဝင်ကျဲက ဘာလို့ ဝင်ပါရမှာလဲ။

ထို့ကြောင့် သူသည် ရှီကျန့်ကို ပိုက်ဆံပေးရန် အကြောင်းပြချက် အမြဲရှာခဲ့ရသည်။ ငွေဒင်္ဂါး အနည်းငယ်ကို သူ ဂရုမစိုက်ပေ။ ရှီကျန့်ကို ဆရာအဖြစ် ငှားရမ်းခဟုသာ သူ သတ်မှတ်ထားခဲ့၏။ ရှီရှောင်ကျန့်က ထိုပိုက်ဆံကို ပြည့်တန်ဆာများအတွက် သုံးသည်ဖြစ်စေ၊ သူ လုံးဝ ဂရုမစိုက်ချေ။

“ပြဿနာတက်ပြီ။”

အရက်သမားအဘိုးကြီးဟွားက အသံကို နှိမ့်ချလိုက်သည်။

“ခုနက ကျုပ် ယွမ်ယန်ဘိန်းခန်းနားက ဖြတ်လာတော့ သခင်လေးရှီက ငွေဒင်္ဂါး ၈,၀၀၀ အကြွေးတင်နေတယ်လို့ ကြားခဲ့တယ်။ တစ်ဖက်လူက ပိုက်ဆံရှာဖို့ တစ်ရက်ပဲ အချိန်ပေးထားတယ်။ မရရင် မနက်ဖြန် တရားရုံးမှာ တရားစွဲမယ်တဲ့။”

ရှစ်ထောင်လား။

တန်ဝင်ကျဲ၏ မျက်ခွံများ တလှုပ်လှုပ် ဖြစ်သွား၏။

ရှီရှောင်ကျန့် ဒီကို ရောက်နေတာ ဘယ်နှစ်ရက် ရှိသေးလို့လဲ။

မူလက ထိုသားအဖနှစ်ယောက်လုံးမှာ ငွေဒင်္ဂါး ၅၀ ပင် မရှိလောက်ချေ။ ရက်အနည်းငယ်အတွင်း၌ ရှီရှောင်ကျန့်က ဤမျှအထိ ရက်ရက်ရောရော သုံးရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တကယ့်ကို အကျင့်ပျက်တဲ့ ကောင်လေးပဲ။

အရက်သမားအဘိုးကြီးဟွားတောင်မှ ရှီရှောင်ကျန့်သည် တန်အိမ်တော်၏ ဧည့်သည်ဖြစ်ကြောင်း သိလျှင် ယွမ်ယန်ဘိန်းခန်းက ဘာလို့ မသိဘဲ နေည်နည်း။ တစ်ဖက်လူက ရှီရှောင်ကျန့်ကို ရည်ရွယ်တာ မဟုတ်ဘဲ၊ သူ တန်ဝမ်ကျဲကို ရည်ရွယ်ပြီး ပြဿနာရှာလိုက်ခြင်းပင်။

တန်ဝမ်ကျဲက ဆိုင်ဘက်ကို လက်ဝှေ့ယမ်းပြလိုက်ရာ ဆိုင်မန်နေဂျာသည် ချက်ချင်း သိလိုက်ပြီး အရက်သမားအိုကြီးဟွားကို ဆုကြေးပေးလိုက်၏။

“ကျေးဇူးတင်ပါတယ် သူဌေးကြီးတန်။ စီးပွားရေးတွေ ဒီထက်မက တိုးတက်ပြီး ငွေတွေ ဒီရေလို ဝင်ပါစေဗျာ။”

ကောင်းချီးစကားများ ပြောပြီးနောက် အရက်သမားအိုကြီးဟွားကယတစ်ယောက် ဝမ်းသာအားရ ထွက်သွားတော့လေသည်။

အကယ်၍ ရှီရှောင်ကျန့်သာ အဖမ်းခံရလျှင် ၎င်းမှာ ရှီကျန့်၏ ဂုဏ်သိက္ခာကို စော်ကားရုံသာမက သူ့မျက်နှာကိုပါ ဖြတ်ရိုက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

ရှစ်ထောင်ဆိုသည်မှာ များလှသည်တော့ မဟုတ်ပေ။ သူ ပေးနိုင်၏။ သို့သော် ဤပိုက်ဆံကို ပေး၍ မဖြစ်ပေ။ မဟုတ်လျှင် ရှီရှောင်ကျန့်ကို ဒီနေ့ ထောင်ချောက်ဆင်လျှင် မနက်ဖြန် တခြားတစ်ယောက်၊ သဘက်ခါ နောက်တစ်ယောက်နှင့် လူတိုင်းက သူ့ဆီကနေ ငွေညှစ်ရန် ရောက်လာကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူဌေးကြီးတန်မှာ ပရဟိတဂေဟာ ဖြစ်မသွားပေဘူးလား။

“ငါ ဒီသူဌေးသူကြွယ်အုပ်စုနဲ့ ထိပ်တိုက်တွေ့ဖို့ လိုလာပြီပဲ။”

တန်ဝမ်ကျဲ ကောင်းကင်ကို မဪ့ကြည့်လိုက်ရာ ရာသီဥတုက သာယာနေဆဲပင်။

“ရဲစခန်းကို သွားမယ်။”

တန်ဝမ်ကျဲသည် မြင်းလှည်းပေါ်တက်ရင်း အမိန့်ပေးလိုက်ပြီး သူ၏ယုံကြည်ရသော အစေခံတစ်ဦးကို အနားခေါ်ကာ စကားပြောလိုက်သည်။

“သခင်ကြီး။”

အစေခံက အမိန့်ကို စောင့်ဆိုင်းနေ၏။

“ပြည်နယ်မြို့တော်ကို သွားပြီး သတင်းသွားပို့လိုက်။ ဘိန်းမှောင်ခိုသမားတွေရဲ့ တည်နေရာကို သိပြီဖြစ်လို့ သူတို့ကို ဖမ်းဖို့ ပြင်ဆင်နေပြီလို့ ပြောလိုက်။ နေဦး စစ်ဗိုလ်ချုပ်လုံရဲ့ အိမ်တော်အတွက်လည်း စာတစ်စောင် ပါသေးတယ်။ အဲဒါကို မစ္စနျန်ယင်းဆီ ပေးလိုက်ပါ။ မြင်းစီးကျွမ်းကျင်တဲ့သူကို စေလွှတ်လိုက်။ မြင်းကောင်း သုံးကောင်ကို အလှည့်ကျ သုံးပြီး သွားချေ။ ဒီနေ့အတွင်း အရောက်ပို့ရမယ်။”

သူသည် အစကတော့ အကူအညီ ထပ်မယူချင်တော့ပေ။

သို့သော် အကယ်၍ ထိုသူဌေးသူကြွယ်များတွင်လည်း သေနတ်ရှိနေလျှင်ကော။ အကယ်၍ ထိုလူတွေက တကယ်ပဲ သေဘေးကို မကြောက်ဘဲ သူဌေးကြီးတန်ကို သတ်ဖို့ ကြိုးစားလာရင်ကော။

ထို့ကြောင့် ဘေးကင်းစေရန်အတွက် သူတို့ကို ဓားပြများကို နှိမ်နင်းသည့် စိတ်သွင်းကာ ကိုင်တွယ်ရပေလိမ့်မည်။

ဤသည်မှာ မြားကို အရင်ပစ်ပြီးမှ ပစ်မှတ်ကို ဝိုင်းဆွဲလိုက်သလိုမျိုးပင်။

တခြားသူများ မသိသော်လည်း တန်ဝမ်ကျဲသည်မူ ရုပ်ရှင်တွေထဲကအတိုင်း မြို့တော်ဝန်ယဲ့သည် အလောင်းမောင်းနှင်သူအဖြစ် ဟန်ဆောင်ထားသော မှောင်ခိုသမားများနှင့် အမြဲတမ်း ပတ်သက်နေကြောင်း ကောင်းကောင်း မှတ်မိနေခဲ့သည်။

ဤအတောအတွင်း သူသည် ဘိန်းရှာရန် စစ်ဆေးရေးဂိတ်များ ချမှတ်ထားခဲ့သည်။ အလောင်းမောင်းနှင်သူ တစ်ယောက်ယောက် ပေါ်လာသည်နှင့် သူ့ကို ချက်ချင်း အကြောင်းကြားရမည်ဖြစ်သည်။ ဘိန်းမှောင်ခိုသွင်းသည့် အလောင်းမောင်းနှင်သူများကို ဖမ်းမိသည်နှင့် ကိစ္စက ပြတ်သွားပြီ ဖြစ်သည်။

ဒီမြားကတော့ ပစ်မှတ်ကို ထိမှာ သေချာတယ်...။

“ရှစ်ထောင်ဟုတ်လား။”

ရှီကျန့်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော သားဖြစ်သူကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

ရှီကျန့်သည် တန်ဝမ်ကျဲကို ငွေနံ့များနံစော်နေသည်ဟု ဆိုကာ အထင်သေးခဲ့သော်လည်း ငွေ၏ တန်ဖိုးကို မသိသည်တော့ မဟုတ်ပေ။ သူ ဖုန်းရွှေတစ်ခါကြည့်လျှင် ၁၀ ဒင်္ဂါးသာ ရသည်။

ငွေဒင်္ဂါး ၈,၀၀၀ ရရန် သူ အနည်းဆုံး အကြိမ်ပေါင်း ၈၀၀ ဖုန်းရွှေကြည့်ပေးရမည်ဖြစ်၏။ ခရီးမသွားရဘဲ တစ်နေ့တစ်ကြိမ် ကြည့်ပေးရလျှင်တောင် နှစ်နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်သည်။

သူ့မှာ ဒီလောက် ပိုက်ဆံ မရှိပေ။

စာရွက်ပေါ်ရှိ အကြွေးရှင်များ၏ အမည်ကို ကြည့်ရင်း ရှီကျန့်၏ မျက်နှာမှာ ပို၍ပင် ပျက်ယွင်းသွားတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တန်ဝမ်ကျဲနှင့်အတူ ရှိနေစဉ် ထိုဒေသခံ သူဌေးသူကြွယ်များ၏ အမည်ကို သူ ကြားခဲ့ဖူး၏။ သူတို့အားလုံးမှာ ဩဇာရှိသူများ ဖြစ်ကြသည်။ အကယ်၍ ဤကိစ္စသာ လူသိသွားလျှင် မော်ရှန်းစီနီယာအစ်ကိုကြီးဟူသော သူ၏ နာမည်ဂုဏ်သတင်းမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားပေလိမ့်မည်။

“အဖေ...သူဌေးကြီးတန်က အရမ်းချမ်းသာတာပဲ။ သူ့ဆီကနေ ရှစ်ထောင်လောက် ချေးလို့ မရဘူးလား။”

“ချေးရတာတော့ လွယ်တာပေါ့။ ဒါပေမဲ့ ဘယ်လို ပြန်ဆပ်မှာလဲ။”

“လွယ်ပါတယ်၊ သူ့ကို မန္တန်တွေ သင်ပေးလိုက်လေ။ သူက သင်ချင်နေတာပဲ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် သူ သင်ယူနိုင်မှာလည်း မဟုတ်ပါဘူး။ အဖေ ကိုယ်တိုင် သင်ပေးတာတောင် ကျုပ်တောင် မတတ်တာ။ သူက ဘယ်လိုလုပ် တတ်မှာလဲ။”

ရှီရှောင်ကျန့်က ဆိုသည်။

“ငါ့ရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို သုံးပြီး မင်းရဲ့ အကြွေးကို ဆပ်ပေးရမယ် ဟုတ်လား။ အဲဒီအကြောင်းသာ လူသိသွားရင် ငါ့မျက်နှာကို ဘယ်နား သွားထားရမှာလဲကွ။”

ရှီကျန့် အလွန်အမင်း ဒေါသထွက်နေသဖြင့် သူ၏ မုတ်ဆိတ်မွေးများပင် တလှုပ်လှုပ် ဖြစ်နေခဲ့၏။

သူ၏ တပည့်မှာ လောင်းကစားနှင့် မိန်းမကိစ္စကြောင့် ငွေဒင်္ဂါး ရှစ်ထောင် အကြွေးတင်နေပြီး ၎င်းကို ဆပ်ရန်အတွက် သူက လျှို့ဝှက်ကျင့်စဉ်များကို ရောင်းစားရမည်တဲ့။ အကယ်၍ ကျင့်ကြံခြင်းလောကထဲ သတင်းရောက်သွားလျှင် သူသည် “တပည့်ကို ဆုံးမရကောင်းမှန်းမသိသူ” အဖြစ် အစွပ်စွဲခံရမည်ဖြစ်ပြီး သူ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ရှီကျန့်အတွက် အစားအသောက်နှင့် အပျော်အပါးက အရေးမကြီးပေ။ တခြားအရာများကိုလည်း သူ ဂရုမစိုက်ချေ။ သို့သော် သူ၏ ဂုဏ်သိက္ခာကိုတော့ အကျခံ၍ မရပေ။ သူသည် မော်ရှန်းစီနီယာအစ်ကိုကြီးဟူသော ဂုဏ်သရေရှိ ပုံရိပ်ကို အမြဲတမ်း ထိန်းသိမ်းထားရမည် ဖြစ်သည်။

ရှီရှောင်ကျန့် ဘာမှ ထပ်မပြောရဲတော့ပေ။

ထိုအချိန်တွင် အပြင်မှ ခြေသံများကို ကြားလိုက်ရလေသည်။ ရှီကျန့်က အချက်ပြလိုက်သဖြင့် ရှီရှောင်ကျန့်တစ်ယောက် ချက်ချင်းပင် မတ်တပ်ရပ်လိုက်၏။ ရှီကျန့်သည်လည်း မျက်နှာကို ပြန်လည် ၍ တည်ငြိမ်အောင် ထိန်းလိုက်ပြီး လှုပ်ရှားနေသော မုတ်ဆိတ်မွေးများကိုလည်း ငြိမ်သက်သွားစေလိုက်သည်။

ဝင်လာသူမှာ ဘာမှ သတိမထားမိဘဲ ခေါင်းငုံ့လျက် အလျင်အမြန် ပြောလိုက်၏။

“ဆရာကြီး ရှီ ကျုပ်တို့ သခင်ကကြီး သခင်လေး ရှီရဲ့ ကိစ္စကို သိသွားပါပြီ။ သခင်လေးရှီက လူယုတ်မာတစ်ယောက်ရဲ့ ထောင်ချောက်ဆင်တာကို ခံလိုက်ရတာလို့ သခင်ကြီးက သိထားပါတယ်။ အဲ့ဒါကြောင့် အိမ်တော်မှာပဲ အေးအေးဆေးဆေး စောင့်နေပေးပါ။ နောက်ဆုံး နှစ်ရက်၊ သုံးရက်အတွင်း သခင်လေး ရှီ အပြစ်မရှိကြောင်းကို သခင်ကြီးက သေချာပေါက် သက်သေပြပေးပါလိမ့်မယ်။”

ရှီရှောင်ကျန့်တစ်ယောက် ကြောင်အသွားခဲ့၏။

အပြစ်မရှိဘူးလား။ ဘာအပြစ်မရှိတာလဲလား။

ငါက လူယုတ်မာရဲ့ ထောင်ချောက်ထဲ ရောက်သွားတာလား။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မသိလိုက်တာလဲ။

သူကတော့ အလွန် ပျော်နေခဲ့ခြင်းပင်။ လောင်းကစားလုပ်ခြင်း၊ ဘိန်းစားခြင်း၊ ဖီးနစ်မျှော်စင်က မိန်းကလေး အယောက် ၂၀ ကျော်ကို သူတစ်ယောက်တည်း ငှားရမ်းခြင်းမျးက ဈေးနှုန်း အတိအကျ ရှိပြီးသားပင်။ ပိုက်ဆံချေးတုန်းက အတိုးက နည်းနည်း များသွားရုံဖြစ်သည်။ မည်သူကမှ သူ့ကို အတင်းအကျပ် မလုပ်ခဲ့ချေ။ တကယ်တော့ သူ ပိုက်ဆံယူတုန်းက သူဌေးကြီးတန်၏ နာမည်ကိုပင် ထိုလူများက ခဏခဏ ထည့်ပြောပြီး သိပ်ပြီး စိတ်ဇော မသန်ဖို့တောင် သတိပေးခဲ့သေး၏။

သူဌေးကြီးတန်၏ နာမည်ကို မပြောခဲ့လျှင် ပိုကောင်းပေဦးမည်။ ယခုတော့ ရှီရှောင်ကျန့်သည် ထိုလူက လျှို့ဝှက်ကျင့်စဉ်များအတွက် ငွေဒင်္ဂါး ၅,၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့သည့်နေ့ကို သတိရသွားတော့လေသည်။

အကယ်၍ မိုးကြိုးလက်သီးနှင့် တခြားပညာများကို သုံးပြီး အကြွေးမဆပ်ရလျှင်တောင် သူ့အဖေ၏ ပညာများကို ဈေးကြီးကြီးနှင့် ရောင်းလို့ရကြောင်းကို ရှီရှောင်ကျန့်က သိထား၏။ သူ၏အဖေ၌ မိုးကြိုးလက်သီးသာမက သစ်သားတိုင် မဟာမန္တန်လည်း ရှိသေးပြီး အဲဒါကလည်း အတော်လေး အစွမ်းထက်ပေသည်။ ထိုနှစ်ခုပေါင်းလိုက်လျှင် ငွေဒင်္ဂါး တစ်သောင်းလောက်တော့ သေချာပေါက် ရနိုင်ပေသည်။

လျှို့ဝှက်ကျင့်စဉ်များကို မရောင်းခဲ့သလို သူ့အဖေကလည်း ရောင်းမှာမဟုတ်မှန်း သူ သိ၏။ သို့သော် သူဌေးကြီးတစ်ယောက် ဖြစ်ချင်သည့် စိတ်ကတော့ သူ့ရင်ထဲမှာ ဖုံးဖိမရအောင် ဖြစ်ပေါ်နေခဲ့သည်။ သူသည် လမ်းဆုံးမရောက်သေးဘဲ အရေးကြုံလာလျှင် လျှို့ဝှက်ကျင့်စဉ်များကို ရောင်းပြီး ဖြေရှင်းလို့ရသည်ဆိုသော အတွေးက သူ့နောက်ကွယ်မှာ အမြဲ ရှိနေခဲ့၏။

သို့သော် ယခုအချိန်တွင် ရှီရှောင်ကျန့် ဘာမှ မပြောရဲပေ။

သူစိမ်းများရှေ့၌သာ သူ့အဖေသည် သူ၏သိက္ခာကို ထိန်းနေရသောကြောင့်မဟုတ်ရင် သူ့ခြေထောက်များ ရိုက်ချိုးခံရမှာ သေချာနေသည်ကို သူ ကောင်းကောင်း သိပေသည်။

ရှီကျန့်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားခဲ့၏။ ငွေဒင်္ဂါး ရှစ်ထောင်ဆိုသည်မှာ ကိစ္စအသေးအဖွဲသာ ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်ကသာ အဓိကပင်။ ရှီရှောင်ကျန့်၏ အပြစ်မရှိကြောင်းကို သက်သေပြနိုင်သရွေ့ အဆင်ပြေပေသည်။

“ဂျူနီယာဦးလေးကို ဒုက္ခပေးမိပြီ။”

All Chapters