လျှပ်စီးမိုးကြိုးလက်သီးလား။ တန်ဝမ်ကျဲ: “ဟင့်အင်း...ကျုပ် မလိုချင်ပါဘူး။”
Vol. 7 Ch. 64
တန်ဝမ်ကျဲသည် ချက်ချင်းပင် ယွန်းယန်ဘိန်းခန်းကို ပိတ်ပစ်လိုက်၏။
သူသည် ပြတ်သားသော လုပ်ဆောင်ချက်ဖြင့် ရှီရှောင်ကျန်းနှင့်အတူ ပျော်ပါးနေသူအားလုံးကို ဖမ်းဆီးရန် အမိန့်ပေးလိုက်ရာ ရဲစခန်းမှာ လူများဖြင့် ပြည့်လျှံသွားတော့သည်။
မနက်ဖြန်ကျမှ အရာရှိနဲ့ တွေ့ရမှာလား။ ခရိုင်ဝန်ပဲဖြစ်ဖြစ်၊ တပ်မှူးပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အတွေ့မခံနိုင်ပေ။
ရှီကျန့်နှင့် မတိုင်ပင်ရသေးသော်လည်း ရှီကျန့်၏ ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားတတ်သည့် သဘောသဘာဝအရ လောင်းကစားအကြွေးဆပ်ရန် ငွေချေးသည့်ကိစ္စမျိုးကို သူဘယ်တော့မှ အဖြစ်ခံမည်မဟုတ်ကြောင်း တန်ဝမ်ကျဲ သိနေ၏။ အမှန်ဆိုလျှင် ထိုလောင်းကစားအကြွေးများ လုံးဝမရှိခဲ့သယောင် ဖုံးဖိထားခြင်းက အကောင်းဆုံးပင်။
သူသည် ရှီရှောင်ကျန်း၏ အပြစ်ကင်းစင်မှုကို ပြန်လည်ဖော်ဆောင်ရန်အတွက် ရှီကျန့်ထံ လူလွှတ်အကြောင်းကြားလိုက်ခြင်းမှာ ရှီကျန့်၏ တုံ့ပြန်မှုကို ကြည့်ချင်၍သာဖြစ်သည်။ ကိစ္စကို အေးအေးဆေးဆေး ပြီးသွားအောင် ငွေပေးရှင်းမလား သို့မဟုတ် တင်းခံနေမလားဆိုသည်ကို သသိချင်ခြင်းဖြစ်သည်။ ယခုအခါ ရှီကျန့်သည် သူ၏ဂုဏ်သိက္ခာကို တန်ဖိုးထားကြောင်း သေချာသွားပြီဖြစ်ပြီး သခင်လေးတန်သည်လည်း မိမိဂုဏ်သိက္ခာကို တန်ဖိုးထားသူဖြစ်ရာ သူတို့နှစ်ဦးမှာ သဘောထားချင်း ထပ်တူကျသွားတော့လေသည်။
“ဗိုလ်ကြီး...သခင်ကြီးလီ၊ သခင်ကြီးကျောက်နဲ့ သခင်ကြီးချန်တို့ရဲ့ အိမ်ကလူတွေ ဘိန်းခန်းအကြောင်း လာပြီးစုံစမ်းနေကြပါတယ်။”
“စုံစမ်းတာတွေ ဘာတွေ လာလုပ်မနေနဲ့။ ဒါက ရဲစခန်းပဲ။ သူတို့ကို ဝင်လာချင်ရင် ဝင်လာခဲ့လို့ပြောလိုက်။ ဒါပေမဲ့ ဝင်လာတာနဲ့ အပေါင်းအပါတွေအဖြစ် သတ်မှတ်ခံရမယ်။ တစ်ခါဝင်လာပြီးရင် ပြန်ထွက်ဖို့ကို လုံးဝမစဉ်းစားနဲ့။”
“ဘေးမြို့က မြို့တော်ဝန်ယဲ့လည်း လာမေးနေပါတယ်။”
“သူ့ကိုလည်း တခြားလူတွေလိုပဲ လစ်လိုက်တော့လို့ ပြောလိုက်။”
သူတို့က ငါ သူဌေးကြီးတန်ကို လာဆွမှတော့ ငါ နည်းနည်းလောက် ဒေါသထွက်ပြတာ မလွန်ဘူးမလား။
သူသည် ယွန်းယန်ဘိန်းခန်း၏ စာရင်းဇယားများကို လှန်လှောကြည့်ရှုလိုက်ရာ ဘိန်းဖြူများကို တစ်လတစ်ကြိမ် ပြန်ဖြည့်တင်းကြောင်း တွေ့ရှိလိုက်ရလေသည်။
“နောက်တစ်သုတ်က ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက် ရောက်လာတော့မှာပဲ။”
သူ ဘယ်လိုလုပ်ခဲ့သလဲဆိုသည်မှာ အရေးမကြီးချေ။ မှောင်ခိုဘိန်းများကို ရှာတွေ့သရွေ့ မည်သူကမှ လုပ်ငန်းစဉ်ကို ဂရုစိုက်နေမည် မဟုတ်ပေ။
ဘိန်းရှာရသည်မှာ တခြားလူများအတွက် ခေါင်းခဲစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တန်ဝမ်ကျဲအတွက်တော့ မဟုတ်ချေ။
အရိုးရှင်းဆုံးနည်းလမ်းမှာ အလောင်းမောင်းနှင်ပြီး မှောင်ခိုသွင်းသူများ သူ၏တံခါးဝအထိ လာပို့ပေးမည်ကို စောင့်နေရန်ပင်။
သို့မဟုတ် ရှီကျန့်ကို ဗေဒင်တွက်ခိုင်းပြီး အကူအညီတောင်းနိုင်ပေသည်။ မိမိသားနှင့် ပတ်သက်နေသည်ဖြစ်ရာ ဘိန်းရှိသည့်နေရာကို တွက်ချက်ပေးရန်ကို မဆိုထားနှင့် ကောင်းကင်လျှို့ဝှက်ချက်များကို အမှန်တကယ် ပေါက်ကြားစေရမည်ဆိုလျှင်တောင် ရှီကျန့်က ဝမ်းမြောက်ဝမ်းသာ ကူညီမည်မှာ သေချာပေသည်။
သို့မဟုတ် သရဲတစ္ဆေများ၊ နာနာဘာဝများဆီကလည်း အကူအညီတောင်း၍ ရသေး၏။ နည်းလမ်းက လမ်းမှားရောက်နေသလို ဖြစ်နေသော်လည်း ဘိန်းကို ရှာတွေ့သရွေ့ အရာအားလုံးက တရားမျှတသွားမည်ဖြစ်သည်။
သူသည် ဘိန်းခန်းက ဖမ်းလာသူများကို ညွှန်ပြပြီး အမိန့်ပေးလိုက်သည်။
“ဒီလူတွေကို တစ်ယောက်ချင်းစီ ခွဲပြီး စစ်ဆေးလိုက်။”
...
ညရောက်သော်...။
“ရှန်ရှီး အလောင်းမောင်းနှင်သူလာနေတယ်...အသက်ရှင်နေတဲ့တွေ ရှောင်နေကြ။”
ရိုးရိုးဝတ်စုံဝတ်ထားသော အလောင်းမောင်းနှင်သူ တာအိုဆရာတစ်ဦးသည် ဝိညာဉ်ခေါ်ခေါင်းလောင်းကို လှုပ်ယမ်းရင်း မြို့၏ စစ်ဆေးရေးဂိတ်သို့ လျှောက်လာခဲ့၏။
“ရှန်ရှီး အလောင်းမောင်းနှင်သူလာနေတယ်...အသက်ရှင်နေတဲ့တွေ ရှောင်နေကြ။”
သူ ရှေ့ကို နှစ်လှမ်းတက်လိုက်တိုင်း သူ့နောက်က ကျန်းရှီ (တရုတ်ဖုတ်ကောင်) တန်းကြီးက သုံးကြိမ် ခုန်လိုက်လာခဲ့သည်။
စစ်ဆေးရေးဂိတ်ရှေ့ ရောက်သောအခါ အလောင်းမောင်းနှင်သူ တာအိုဆရာသည် ရိုင်ဖယ်သေနတ်ကိုင်ကာ ကင်းလှည့်နေသော ရဲများကို မြင်ပြီး ရင်ထိတ်ခဲ့သွားသော်လည်း အပြင်ပန်းတွင် တည်ငြိမ်အောင် ဟန်ဆောင်ထားလိုက်၏။
သူသည် လမ်းခရီးတွင် ထိုကဲ့သို့ စစ်ဆေးရေးဂိတ်များနှင့် ကြုံခဲ့ဖူးပေသည်။ သို့သော် အလောင်းမောင်းနှင်ခြင်းကို ကံနိမ့်သည်ဟု ယူဆကြသဖြင့် ခုန်နေသော ကျန်းရှီများကို မြင်လျှင် သာမန်လူများက အလောင်းကို အမှန်တကယ် မစစ်ဆေးရဲကြချေ။ ထို့ကြောင့် သူသည် အနှောင့်အယှက်မရှိ ခရီးသွားနိုင်ခဲ့ပြီး အလောင်းမောင်းနှင်သည့်နည်းဖြင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာ မှောင်ခိုသွင်းနိုင်ခဲ့ပေသည်။
ယနေ့တွင်မူ သေနတ်ကိုင်ထားသည့် စစ်သားများမှာ နည်းနည်းများနေသလိုဖြစ်နေသော်လည်း အဆင်ပြေလိမ့်မည်ဟု သူယုံကြည်နေ၏။
ထိုစဉ်...
“ဟေ့ ဟေ့ ဟေ့...ရပ်လိုက်စမ်း။ စစ်ဆေးမယ်။”
အမျိုးသားတစ်ဦးသည် ရိုင်ဖယ်တစ်လက်ကို ကိုင်ဆောသ်ပြီး လျှောက်လာကာ လှမ်းအော်လိုက်လေသည်။
အလောင်းမောင်းနှင်သူ တာအိုဆရာက ချက်ချင်းရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“အရာရှိမင်း...ကျုပ်က အလောင်းမောင်းနှင်ရုံသက်သက်ပါပဲ။ ဥပဒေကို မချိုးဖောက်ရဲပါဘူး။ စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်။”
သူသည် သူ့နောက်က ကျန်းရှီများကို ညွှန်ပြကာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြသလိုက်၏။
သို့သော် စစ်ဆေးနေစဉ်အတွင်း ကျန်းရှီများက ရုတ်တရက် လှုပ်ရှားသွားခြင်း သို့မဟုတ် တွန့်လိမ်သွားခြင်းမျိုး ဖြစ်ခဲ့လျှင်တော့ သူလည်း ဘာမှမတတ်နိုင်ကြောင်း သွယ်ဝိုက်ပြသလိုက်လေသည်။
သို့သော် သူအံ့သြသွားသည်မှာ ထိုလူက “ခဏစောင့်ဦး၊ စစ်ဆေးဖို့ မလောပါနဲ့။” ဟု ပြောလိုက်ခြင်းပင်။
ထိုအခါ အလောင်းမောင်းနှင်သူ တာအိုဆရာက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့ပါ၊ ဒါပေမဲ့ ကျုပ်က ဒီဧည့်သည်တွေကို အိမ်အရောက် ပို့ပေးရမှာမို့ လမ်းမှာ အကြာကြီး နောက်ကျနေရင် မကောင်းဘူးလေ။”
သူတို့စကားပြောနေစဉ် နောက်ထပ်လူတစ်ယောက် ရောက်လာပြီး ပထမလူက ရောက်လာသူကို ပြောလိုက်သည်။
“ဗိုလ်မှူး...ဒါ စစ်ဆေးရေးဂိတ်ကို ဖြတ်ချင်နေတဲ့ အလောင်းမောင်းနှင်သူပါ။”
“အလောင်းမောင်းနှင်သူ ဟုတ်လား။”
ရောက်လာသူမှာ တန်ဝမ်ကျဲပင် ဖြစ်သည်။
“အရာရှိမင်း၊ စစ်ဆေးချင်ရင် စစ်ဆေးပါ။”
အလောင်းမောင်းနှင်သူ တာအိုဆရာက ပြောလိုက်သည်။
ထိုအခါ တန်ဝမ်ကျဲက သေနတ်ကို တိုက်ရိုက်ဆွဲထုတ်လိုက်၏။
“ကျန်းရှီဆိုတာ လူသေတွေပဲ။ လူသေတွေက ကျည်ဆန်ကို မကြောက်ဘူးမလား။”
အလောင်းမောင်းနှင်သူတာအိုဆရာက အတင်းအကြပ် ပြုံးလိုက်ရသည်။
“ဟားဟားဟား အရာရှိမင်း...ဒါတွေက ကျုပ်ရဲ့ ဖောက်သည်တွေပါ။ အပြစ်အနာအဆာဖြစ်သွားရင် ကျုပ် တာဝန်ယူနိုင်မှာ မဟုတ်ပါဘူး။”
“ဒါက ရိုးရှင်းပါတယ်။ ငါ့မှာ တခြားဟာတွေ ချို့တဲ့ချင်ချို့တဲ့မယ်၊ ငွေတော့ မချို့တဲ့ဘူး။”
တန်ဝမ်ကျဲက လက်ဝေ့ယမ်းပြလိုက်၏။
“အားလုံးပဲ... ချိန်လိုက်စမ်း။ ကျန်းရှီတစ်ကောင်က ကျည်ဆန် ဘယ်နှတောင့် စားနိုင်မလဲ ကြည့်ရအောင်။ အပြစ်အနာအဆာဖြစ်သွားရင် ကျန်းရှီတစ်ကောင်ကို ငွေဒင်္ဂါး ၁၀၀ နှုန်းနဲ့ ပြန်လျော်ပေးမယ်။”
တခြားလူများ မမြင်နိုင်သော်လည်း သူက ဘာကြောင့် မမြင်နိုင်ရမည်နည်း။ ထိုထဲတွင် ကျန်းရှီတစ်ကောင်မှ မရှိဘဲ အားလုံးက လူများ အရေခြုံထားခြင်းသာ ဖြစ်သည်။
စစ်ဆေးရေးဂိတ်ရှိ လူတစ်ဒါဇင်ခန့်မှာ သေနတ်များကို မြှောက်ကာ ကျန်ရှီများကို ချိန်လိုက်ကြ၏။ သူတို့သည် အလောင်းကို မစစ်ဆေးရဲသော်လည်း ပစ်ဖို့တော့ မကြောက်ကြပေ။
အလောင်းမောင်းနှင်သူ တာအိုဆရာက စကားဆက်ပြောချင်သော်လည်း တန်ဝန်ကျဲက တိုက်ရိုက်ပစ်ထည့်လိုက်ပြီဖြစ်သည်။
ဒိုင်း—!
ငါက ဘာလို့ မူးယစ်ဆေးကုန်သည်တွေကို အကျိုးအကြောင်းပြပြီး ရှင်းပြနေရမှာလဲ။
ပထမဆုံး ကျန်းရှီးသည် ပေါင်ကို အမှန်တကယ် ထိမှန်သွားပြီး မြေပြင်ပေါ်လဲကျကာ အော်ဟစ်တော့လေသည်။
သူ တကယ်ပစ်သည်ကို မြင်သောအခါ ကျန်သည့်လူများလည်း ကျန်းရှီအဖြစ် ဟန်မဆောင်ရဲတော့ဘဲ အော်ဟစ်ကာ အသက်လု ထွက်ပြေးကြတော့၏။ သို့သော် ထိုလူများမှာ တန်ဝမ်ကျဲ၏ အမိန့်ကို ကြိုတင်ရရှိထားပြီး ချောင်းမြောင်းစောင့်ဆိုင်းနေသူများ ဖြစ်သည်။ ထွက်ပြေးချင်လျှင်ပင် လမ်းဖြောင့်အတိုင်းသာ ပြေးနိုင်ပြီး တစ်ယောက်ပြီးတစ်ယောက် အပစ်ခံလိုက်ရတော့သည်။
အလောင်းမောင်းနှင်သူ တာအိုဆရာ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး လက်ဟန်တစ်ခုပြုလုပ်ရန် သူ၏လက်ချောင်းကို ကိုက်ဖောက်လိုက်၏။
ဒိုင်း....။
သူ၏မျက်ခုံးနှစ်ခုကြားတွင် သွေးချင်းချင်းနီသော အပေါက်တစ်ခု ပေါ်လာခဲ့လေသည်။ သူသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးပြူးကျယ်လျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“သွားစစ်ဆေးလိုက်။”
တန်ဝမ်ကျဲက သူ၏သေနတ်ပြောင်းကို မှုတ်လိုက်သည်။
သရဲတစ္ဆေများအတွက်ဆိုရင် တစ္ဆေနှိမ်နင်းသည့် လျှပ်စီးလက်ဝါးရှိပြီး လူများအတွက်ဆိုရင်တော့ လူသတ်သည့် လျှပ်စီးလက်ဝါး ရှိပေ၏။
“အရာရှိမင်း....။ သူတို့က တကယ်ကို မှောင်ခိုသမားတွေပဲ။ သူတို့ကိုယ်မှာ ဘိန်းတွေ ပတ်ထားပါတယ်။”
“အဲဒီအထဲက အသက်ရှင်နေတဲ့ လူအနည်းငယ်ကို ကယ်ထားလိုက်။ အကုန်အသေမခံနဲ့။ သူတို့ကို ပြန်ခေါ်သွားပြီး ဒီပစ္စည်းတွေကို ဘယ်သူ့ဆီ ရောင်းမှာလဲဆိုတာ စစ်ဆေးလိုက်။”
ထိုညတွင် သေနတ်သံများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ မြို့များမှာ တိတ်ဆိတ်သွားတော့သည်။
သာမန်လူများမှာ ဘာမှမသိကြဘဲ မြို့တော်ဝန်ယဲ့၏ မိသားစုတစ်ခုလုံး အဖမ်းခံရသည်ဟုသာ ကြားလိုက်ကြရသည်။ စစ်သေနာပတိချုပ်ပင်လျှင် တပ်ဖွဲ့များ စေလွှတ်လိုက်သဖြင့် အမှုကြီးတစ်ခုနှင့် ပတ်သက်နေပုံရ၏။
ရဲစခန်းအတွင်း၌ တန်ဝန်ကျဲသည် သွေးအားကောင်းစေသော လက်ဖက်ရည်ကို သောက်နေခဲ့လေသည်။
“ဗိုလ်မှူး အဲဒီလူတွေ ဝန်ခံသွားပါပြီ။ ဆရာလေးရှီက ငွေကို လက်ဖွာပြီး သုံးနေတာ မြင်တော့ သူ့ဆီကနေ ဥစ္စာပစ္စည်းတွေ လိမ်ယူချင်ခဲဘကြတာပါ...။”
ထိုသို့ပြောရင်း ရဲအရာရှိက ဝန်ခံချက်ကို တန်ဝမ်ကျဲထံ ပေးအပ်လိုက်၏။
သံသယရှိသူများကို တစ်ယောက်ချင်းစီ ခွဲခြားစစ်ဆေးခဲ့ပြီး ဝန်ခံချက်များစွာကို မှတ်တမ်းတင်ထားပေသည်။ တန်ဝမ်ကျဲ၏ လျင်မြန်သော ဖမ်းဆီးမှုများကြောင့် သူတို့အချင်းချင်း ဇာတ်တိုက်ရန်ပင် အခွင့်အရေး မရခဲ့ကြပေ။
သူသည် ဝန်ခံချက်များကို အကျဉ်းချုပ် ဖတ်ကြည့်လိုက်၏။
ရှီရှောင်ကျန်းသည် တန်ဝမ်ကျဲထံမှ ငွေဒင်္ဂါး ၁၀၀ ရရှိပြီးနောက် သူ၏ အသုံးအဖြုန်းကြီးမှုမှာ ထိုသခင်လေးများ၏ အာရုံစိုက်မှုကို ခံရှိခဲ့ရလေသည်။ ထိုလူတစ်စုမှာ ယင်ကောင်များကဲ့သို့ပင် ရှီရှောင်ကျန်းထံမှ ငွေများကို လိမ်ယူရန်သာ စဉ်းစားနေကြသူများဖြစ်သည်။
ပထမတစ်ကြိမ်တွင် ရှီရှောင်ကျန်းသည် အနည်းငယ် ဆင်ခြင်နိုင်သေးသည်။
သို့သော် ဒုတိယအကြိမ်တွင် ထိုသခင်လေးများက ပို၍မြှောက်ပင့်ပေးလိုက်သောအခါ ရှီရှောင်ကျန်းသည် ရှိသမျှငွေများ ကုန်သွားရုံသာမက ငွေဒင်္ဂါး ၁၀၀ ပါ အကြွေးတင်သွားတော့လေသည်။ ထိုမျှဖြင့် ပြီးသွားပြီဟု သူတို့ထင်ခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ ရှီရှောင်ကျန်းသည် နောက်နေ့တွင်ပင် အကြွေးကို အကျေဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။
သူ့ဆီက ငွေညှစ်ရန်သာ ကြံစည်နေသည့် ထိုသခင်လေးများသည် ချက်ချင်းပင် အစီအစဉ်သစ် တစ်ခု ထပ်ဆွဲလိုက်ကြတော့၏။ နည်းနည်းပါးပါး စုံစမ်းကြည့်လိုက်သောအခါ ရှီရှောင်ကျန်းနှင့် တန်အိမ်တော်ကြားက ပတ်သက်မှုကို သိသွားခဲ့ကြပြီး ရှီရှောင်ကျန်းကို အသုံးချကာ သူဌေးကြီးတန်ဆီကနေ အလွယ်တကူ ငွေညှစ်ရန် ထောင်ချောက်ဆင်လိုက်ကြခြင်းပင်။
ဤသည်မှာ ယခင်အတိုင်း လုပ်ရိုးလုပ်စဉ်သာဖြစ်သည်။
မကောင်းမှုလုပ်ရန် အဆင်သင့်ရှိသည့် ဆိုင်တစ်ဆိုင်နှင့် ပေါင်းပြီး အာဏာပိုင်များကို တိုင်တန်းမည်။ အောက်ခြေလောကမှ ဥပဒေလောကအထိ အားလုံးကို ချိတ်ဆက်ထားလိုက်မည်။ မည်သူပဲ ဤထောင်ချောက်ထဲ ရောက်ရောက် တိတ်တိတ်ဆိတ်ဆိတ်နှင့် အရှုံးပေးလိုက်ရသည်ချည်းပင်။
သို့သော် ထိုလူတစ်စုသည် တန်ဝမ်ကျဲက ဘိန်းခန်းကို တိုက်ရိုက်ပိတ်ပစ်ပြီး သူတို့အားလုံးကို ဖမ်းဆီးလိုက်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။ ထို့ကြောင့် သူတို့ စီစဉ်ထားသလို ဖြစ်မလာခဲ့တော့ချေ။
တန်ဝမ်ကျဲသည် လက်မှတ်ရေးထိုးထားတဲ့ ဝန်ခံချက်များကို ချထားလိုက်ပြီး ဘိန်းခန်းပိုင်ရှင်နှင့် ထိုသခင်လေးများကို ခေါ်လာခိုင်းလိုက်၏။
“မင်းတို့က တကယ်ပဲ မှောင်ခိုလုပ်ရဲတယ်ပေါ့။ သတ္တိကတော့ မသေးဘူးပဲ။”
“သခင်ကြီးတန်...အရာရှိတန်၊ ဒါ ဘာကို ဆိုလိုတာလဲ။”
“ကျုပ် မှောင်ခိုဘိန်းတွေကို ရှာတွေ့ထားပြီးပြီ။ အကုန်အစင်စွန့်ပစ်ပြီး ပြန်ခုခံတဲ့ မှောင်ခိုသမားတွေနဲ့ ကျုပ် ပစ်ခတ်မှုဖြစ်နေတုန်းမှာ မတော်တဆ ပစ်သတ်မိတာက...”
တန်ဝမ်ကျဲ၏ လက်ညှိုးက ဘိန်းခန်းပိုင်ရှင်ကို အသာလေး ညွှန်ပြလိုက်ပြီး တုန်လှုပ်နေသည့် မျက်လုံးများနှင့် ကြည့်နေကြသည့် နောက်တစ်ယောက်ဆီကို ရွှေ့လိုက်၏။
“မင်း၊ မင်း၊ မင်း၊ ပြီးတော့ မင်း... မင်းတို့အားလုံးက မှောင်ခိုသမားတွေနဲ့ တစ်ဖွဲ့တည်းပဲ။ မင်းတို့အားလုံး သေသင့်တယ်။”
ထိုလူအုပ်စုသည် တန်ဝမ်ကျဲ ပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းပင် သဘောပေါက်သွားပြီး ထိတ်လန့်တုန်လှုပ်သွားကြတော့လေသည်။
သူက သူတို့ရဲ့ အလောင်းတွေကို မှောင်ခိုသမားတွေနဲ့ ရောချပစ်ဖို့ ရည်ရွယ်နေတာပဲ။
ယခု ၎င်းတို့သည် သူ့၏ စင်းတီတုံးပေါ်က အသားများ ဖြစ်နေပြီဖြစ်ရာ တန်ဝမ်ကျဲက သူပြောချင်တာကို ပြောလို့ရနေပြီဖြစ်၏။
တန်ဝမ်ကျဲသည် လက်ဖက်ရည် တစ်ငုံထပ်သောက်ပြီး စားပွဲပေါ်ကို အသာအယာ ပြန်တင်လိုက်သည်။
“ငါ့ကိုတောင် လာလိမ်ရဲတယ်ပေါ့။ အခု ငါ မင်းတို့ကို ငွေဒင်္ဂါး ရှစ်ထောင် ပေးမယ်။ မင်းတို့ အဲဒါကို သုံးရဲတဲ့ သတ္တိရှိလား။”
“အရာရှိတန်...ကျုပ်တို့ကို ချမ်းသာပေးပါ။ ကျုပ်တို့ လောဘဇောတိုက်သွားလို့ပါ။”
“ကျုပ်တို့ အဲဒီလောက်အများကြီး မယူချင်ပါဘူး။ အားလုံးက ရှီရှောင်ကျန်းရဲ့ အပြစ်တွေပါ...ဟီးဟီး။”
“ဒါပေမဲ့ အဲဒီဆရာလေးရှီက ကျုပ်တို့ ထင်ထားတာထက်တောင် ပိုပြီး ငွေကိုဖြုန်းတီးနေတာပါ။ ကျုပ်တို့ တားချင်တဲ့အချိန်မှာ မတားနိုင်တော့ဘူး။”
တန်ဝမ်ကျဲက သူတို့ကို စိုက်ကြည့်လိုက်သည်။
တစ္ဆေတွေက လိမ်တတ်တယ်လို့ ပြောကြပေမဲ့၊ လူတွေရဲ့ ပါးစပ်ကထွက်တဲ့ စကားတွေကရော ဘယ်တုန်းက အမှန်တရား ဖြစ်ခဲ့ဖူးလို့လဲ။ ဒါက သင်္ချိုင်းကုန်း မြင်မှ မျက်ရည်ကျချင်တဲ့ အမျိုးအစားတွေပဲ။
သူတို့ထဲက တစ်ယောက်က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ကျုပ်တို့က မတရားလုပ်ခံရတာ မဟုတ်ပါဘူး။ ဆရာလေးရှီကသာ မတရားလုပ်ခံရတာပါ။ ကျုပ်တို့ ဆရာလေးရှီကို တောင်းပန်သင့်ပါတယ်။ အဲဒီအကြွေးတွေကို အကုန်ပယ်ဖျက်ပေးလိုက်ပါပြီ။”
တန်ဝမ်ကျဲက ခေါင်းခါလိုက်၏။
“မဟုတ်ဘူး...ဒီလို လွယ်လွယ်နဲ့ ဘယ်ပယ်ဖျက်လို့ ရပါ့မလဲ။ ဘယ်သူ့ငွေကမှ ကောင်းကင်ကနေ ကျလာတာ မဟုတ်ဘူး။ ဒါပေမဲ့ အတိုးကိုတော့ မေ့ထားလိုက်။ မင်းတို့ အရင်း ၃,၀၀၀ ကိုတော့ တောင်းရမယ်။ တစ်ပြားမှ မလျော့စေနဲ့။”
“ဟင်....”
လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တန်ဝမ်ကျဲ ဘာကို ဆိုလိုတာလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ၃,၀၀၀ ပါ၊ တစ်ပြားမှ မလျော့စေရပါဘူး။ ဒါပေမဲ့ ဒီငွေကို ဘယ်သူ့ဆီမှာ သွားတောင်းရမှာလဲ။”
“ငါ့ဆီမှာပေါ့။”
တန်ဝမ်ကျဲက သူ၏နှာခေါင်းထိပ်ကို ပြန်ညွှန်ပြလိုက်သည်။
“မင်းတို့ အစကတည်းက ထောင်ချောက်ဆင်ပြီး ငါ့ဆီကနေ ဝေစုယူချင်ခဲ့တာ မဟုတ်ဘူးလား။ ဒါ့အပြင် ငါက အများအကျိုးကို ရှေးရှုပြီး တရားမျှတမှုကို မြတ်နိုးတဲ့သူပါ။ ငါ့လူတွေဘက်ကနေ ရပ်တည်ပေးရတာကို ငါက ဝါသနာပါတယ်လေ။”
သူက တကယ်ပဲ အများအကျိုးကို ရှေးရှုပြီး တရားမျှတမှုကို မြတ်နိုးတဲ့သူပါ။
တခြားလူများ မသိသော်လည်း ဘိန်းခန်းပိုင်ရှင်သည်မူ ကောင်းကောင်းသိပေသည်။ လွန်ခဲ့သည့် တစ်ပတ်လောက်က သူဌေးကျောက် သေဆုံးသွားပြီးနောက် တန်ဝမ်ကျဲက မြေရှင်များကို လာပြီး စာရင်းရှင်းရန် ပြောခဲ့၏။ ထို့ပြင် သူသည် သူ၏ အတွင်းလမ်းကြောင်းများကို သုံးပြီး သူ့အကြွေးများကို အရင်ရှင်းပစ်ခဲ့သည်။
သူဌေးကျောက်၏ ခရီးစရိတ်များထဲက အများစုမှာ တခြားဘယ်သူ့လက်ထဲမှ မရောက်သွားခဲ့ချေ။ တန်ဝမ်ကျဲက အကြောင်းပြချက်ကို ကောင်းကောင်း ဖန်တီးထားသောကြောင့် ဘယ်သူမှလည်း အပြစ်ရှာ၍ မရခဲ့ပေ။
ယနေ့ သူက ထပ်ပြီး “အများအကျိုးရှေးရှုပြီး တရားမျှတမှုကို မြတ်နိုးပြ” လာပြန်၏။
သူ ဘာကို ကြံစည်နေတာလဲဆိုတာ ဘယ်သူသိမှာလဲ။ သူက သူတို့ကိုပဲ ထပ်ပြီး ပစ်မှတ်ထားနေတာလား။
“သခင်ကြီးတန်...အရာရှိတန်၊ ကျုပ်တို့ နောက်မလုပ်ရဲတော့ပါဘူး။”
ဘိန်းခန်းပိုင်ရှင်က ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်၏။
တန်ဝမ်ကျဲက အံကြိတ်လိုက်လေသည်။
“မင်းတို့ လုပ်ရဲရမယ်။”
သူတို့က ငွေပေးတာတောင် မယူရဲကြဘူး။ ဒီလိုသတ္တိမျိုးနဲ့များ ငွေညှစ်ဖို့ ထောင်ချောက်ဆင်ရဲကြသေးတယ်။
“လုပ်ရဲပါတယ်၊ လုပ်ရဲပါတယ်။ ကျုပ်တို့ မဖြစ်မနေ လုပ်ရဲရမှာပေါ့။ သခင်ကြီးတန်...ကျေးဇူးပြုပြီး ဒီလ... မဟုတ်ဘူး၊ ဒီနှစ်ရက်အတွင်း... မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီနေ့... အမ်၊ အခုလား။ အခုချက်ချင်း ငွေဒင်္ဂါး ၃,၀၀၀ ကို ပေးမလို့လား။ အချိန်ရရဲ့လား။”
ထိုလူက တန်ဝမ်ကျဲ၏ မျက်နှာကို ကြည့်ပြီး သူ့၏ အမူအရာပေါ် မူတည်ကာ အချိန်ကို အမြဲတမ်း ညှိပြောလိုက်၏။
တန်ဝမ်ကျဲက ကျေနပ်သွားခဲ့သည်။
“အဲ့လိုမှပေါ့။ အကြွေးရှိရင် ဆပ်ရမှာက သဘာဝပဲ။ ငါ အခုချက်ချင်း ငွေပေးမယ်။ မကြောက်ပါနဲ့။”
...
တန်အိမ်တော်တွင်မူ ရှီကျန့်နှင့် သူ၏သားသည် စောင့်နေခဲ့ကြသော်လည်း ဘယ်သူမှ အကြွေးလာတောင်းတာမျိုး မရှိချေ။ မွန်းတည့်ချိန်လောက်တွင်မူ ရှီရှောင်ကျန့်နှင့် ယခင်က အတူတူရှိနေခဲ့သည့် သခင်လေးတစ်ယောက် ရောက်လာခဲ့လေသည်။
“ဆရာလေးရှီ၊ အရင်က အကြွေးတွေအားလုံးကို သခင်ကြီးတန်က ရှင်းပေးလိုက်ပါပြီ။”
ထိုသခင်လေးက ရှီရှောင်ကျန့်၏ ရှေ့မှာတင် အကြွေးစာချုပ်များကို အစအနလေးများဖြစ်အောင် ဆုတ်ဖြတ်ပစ်လိုက်၏။
“ကျုပ်မှာ တခြားကိစ္စတွေ ရှိသေးလို့ အခု သွားလိုက်ပါဦးမယ်။”
ထိုအခါ ရှီရှောင်ကျန်းသည် သူ့နောက်ကို ခြေလှမ်းအနည်းငယ် လိုက်သွားပြီး မေးလိုက်လေသည်။
“နောက်တစ်ခါ ဘယ်မှာ တွေ့ကြမလဲ။”
နောက်တစ်ခါလား။ ထပ်တွေ့ဦးမလို့လား။ ဒီလူရဲ့ ဦးနှောက်ထဲမှာ တစ်ခုခု မှားနေတာလား။ ငါတို့က ထောင်ချောက်ဆင်ပြီး မင်းကို ဒီလောက်အထိ နှိပ်စက်ထားတာတောင် မင်းက နောက်တစ်ခါ ထွက်ကစားဖို့ပဲ တွေးနေသေးတာလား။ မင်းက မင်းအသက်ကို တန်ဖိုးမထားပေမဲ့ ငါတို့ကတော့ ငါတို့အသက်ကို တန်ဖိုးထားတယ်ကွ။
ထိုသခင်လေးသည် သရဲမြင်လိုက်ရသလို မျက်နှာပေးနှင့် ဘာမှတောင် ပြန်မပြောရဲဘဲ လှည့်ပြေးသွားတော့လေသည်။
“နောက်တစ်ခါဆိုတာ မရှိတော့ဘူး။”
ရှီကျန့်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သို့သော် “ရှင်းပေးလိုက်ပြီ” ဆိုသည်မှာ အကြွေးဆပ်လိုက်ခြင်းလား ဒါမှမဟုတ် အကြွေးကို မရှိအောင် လုပ်ပစ်လိုက်ခြင်းလား ဆိုသည်ကိုမူ သူ သေချာမသိချေ။ အကယ်၍ ငွေပေးလိုက်ခြင်းဆိုလျှင် ဤသတင်း အပြင်ကို ပေါက်ကြားသွားလျှင် သူ၏ဂုဏ်သိက္ခာက ထိခိုက်ဦးမှာပင်။
စား၊ သောက်၊ ကစား၊ မူးယစ်ခြင်းများကြောင့် ငွေဒင်္ဂါး ရှစ်ထောင် အကြွေးတင်ခြင်းဆိုသည်မှာ ဂိုဏ်းလောက၌ သူက ရယ်စရာ ဖြစ်သွားလိမ့်မည်။
ညနေစောင်းမှ တန်ဝမ်ကျဲ ပြန်ရောက်လာခဲ့သည်။ သူ့ကိုယ်မှာလည်း ဖုန်များ ပေကျံနေ၏။ သားအဖနှစ်ယောက်ကို မြင်သောအခါ သူက ပြောလိုက်သည်။
“ဦးလေးရှီ၊ ရှောင်ကျန်းရဲ့ ကိစ္စက ပြေလည်သွားပါပြီ။ အဲဒီလူတွေက ငွေညှစ်ဖို့အတွက် ရှောင်ကျန်းကို ဒုက္ခပေးဖို့ ထောင်ချောက်ဆင်ခဲ့ကြတာ။ ကျုပ် သူတို့ကို သင်ခန်းစာ ပေးလိုက်ပြီးပြီ။ သူတို့က တကယ့်ကုန်ကျစရိတ် ၃,၀၀၀ ပဲ တောင်းတော့တယ်။ ကျုပ် အဲဒါကို ပေးလိုက်ပါပြီ။ နောက်ပိုင်း ဘယ်သူမှ အတင်းအဖျင်း ပြောတော့မှာ မဟုတ်ပါဘူး။ ကျုပ်တို့က လိမ်လည်ခံလိုက်ရတဲ့ သားကောင်တွေပဲ။”
သူက ရှီရှောင်ကျန်းအတွက် ၃,၀၀၀ ကို ကြိုတင်ပေးထားလိုက်ပြီဖြစ်သည်။
ရှီကျန့်၏ တပည့်က အပျော်အပါးကြောင့် ငွေရှစ်ထောင် အကြွေးတင်ခြင်းနှင့် ရှီကျန့်၏ တပည့်က လူယုတ်မာများ၏ ငွေညှစ်ခြင်းကို ခံရခြင်းဆိုသည်မှာ ပုံပြင်နှစ်ခုလို ကွာခြားသွားပြီဖြစ်သည်။ နောက်ပိုင်းပုံပြင်က ကိုင်တွယ်ရ ပို၍လွယ်ကူပြီး စကားလုံးလေးတွေ နည်းနည်း ပြင်လိုက်လျှင် ပိုပြီး နားဝင်ချိုသွားပေလိမ့်မည်။
“၃,၀၀၀လား။”
ရှီကျန့်၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
သူသည် ဂုဏ်သိက္ခာကို အရာအားလုံးထက် တန်ဖိုးထားသူဖြစ်သည်။ သူ့အတွက် ဒီလောက်အထိ လိုက်လုပ်ပေးနေသည့် တန်ဝမ်ကျဲကို ဒီလို ရှက်စရာကောင်းသည့် ကိစ္စအတွက် ငွေအကုန်ခံခိုင်း၍ ဘယ်ဖြစ်မည်နည်း။ ထို့အပြင် ဤကိစ္စသည် တော်တော်လေး ဟိုးဟိုးကျော်သွားပြီးဖြစ်၍ ဖုံးဖိထား၍လည်း မရတော့ပေ။
သူ့တပည့်ကို သေချာမသင်ကြားနိုင်သည်က တစ်ကြောင်းဖြစ်သည်။ သူ့၏ ဂျူနီယာဦးလေးဆီမှ ငွေ ၃,၀၀၀ ကို အလကားယူလိုက်မည်ဆိုလျှင် နောင်အနာဂတ်၌ သူ ခေါင်းဖော်ရဲတော့မည် မဟုတ်ချေ။
“ဂျူနီယာဦးလေး ငါ့ရဲ့ လျှပ်စီးမိုးကြိုးလက်သီးက ကျင့်ကြံရတာ အရမ်းခက်ခဲတယ်...။”
ရှီကျန့်က သူ့ဝတ်ရုံထဲကနေ စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်သည်။
နောက်ဆုံးတွင် သူ၏ လျှို့ဝှက်ပညာကို ရောင်းစားရသည်အထိ ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သို့သော် ကွာခြားချက်တစ်ခုတော့ ရှိပေသည်။ ထိုနေ့က ရောင်းခြင်းက ငွေအတွက်ဖြစ်၏။ သို့သော် ယနေ့ပေးတာက ကျေးဇူးဆပ်ရန်ပင်။ ဤသတင်း အပြင်သို့ ပေါက်ကြားသွားလျှင်ပင် ဂိုဏ်းလောကက ရှီကျန့်ဟာ ကျေးဇူးသိတတ်ပြီး ဂိုဏ်းအယူဝါဒ မခွဲခြားဘူးဟုသာ ထင်ကြပေလိမ့်မည်။
အရှက်ကို အဝတ်နဲ့ ဖုံးထားခြင်းက ကိုယ်လုံးတီးဖြစ်နေခြင်းထက်တော့ ပိုကောင်းပါသည်။
“အို...ဦးလေးရှီ ဘာတွေ လုပ်နေတာလဲ။ ဟင့်အင်း ကျုပ် မလိုချင်ပါဘူး။”
တန်ဝမ်ကျဲ၏ လက်များက စာအုပ်ငယ်လေးကို ဖမ်းဆုပ်ထားပြီးသားပင်။ သူသည် ဘိန်းခန်းပိုင်ရှင်နှင့် တခြားလူများကို ၃,၀၀၀ အတင်းပေးခဲ့ခြင်းက အလကား မဟုတ်ချေ။
အကယ်၍ သူ တိုက်ရိုက်ဝယ်ဖို့ ပြောခဲ့လျှင် ရှီကျန့်က သေချာပေါက် ရောင်းမှာ မဟုတ်ပေ။ သို့သော် ငွေကို အရင်ပေးလိုက်သည့်အခါ ရှီကျန့်သည် သူ၏ ဂုဏ်သိက္ခာအတွက် ဤစာအုပ်ကို မဖြစ်မနေ ပေးရတော့ပေမည်။
သူသည် စာအုပ်ကို အသာလေး ဆွဲလိုက်သော်လည်း ပါမလာခဲ့ချေ။
တန်ဝမ်ကျဲသည် ရှီကျန့်၏ လက်ချောင်းများကို တစ်ချောင်းချင်းစီ အတင်းဖြန့်လိုက်ပြီး တခြားလက်တစ်ဖက်ဖြင့် စာအုပ်ကို တင်းတင်းဆုပ်ကာ အားနှင့် ဆွဲယူလိုက်လေသည်။
ရှီကျန့်တစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။ သူ၏လက်ဆစ်များ ဖြူဖျော့သွားသော်လည်း နောက်ဆုံးတွင် လက်ကို လွှတ်ပေးလိုက်လေသည်။ တန်ဝမ်ကျဲလည်း စာအုပ်ကို ဆွဲယူသွားနိုင်ခဲ့သည်။
“စာအုပ်ထဲမှာ ကျင့်ကြံမှု အတွေ့အကြုံတွေပါတယ်။ ဂျူနီယာဦးလေး နားမလည်တာရှိရင် မိုင်ထောင်ချီ အသံလွှင့်စနစ်နဲ့ ငါ့ကို ဆက်သွယ်လိုက်ပါ။ ဒါပေမဲ့ ငါတို့ တန်မိသားစုမြို့မှာ ဆက်မနေတော့ဘူး။ ဒီနေ့ပဲ နှုတ်ဆက်ချင်ပါတယ်။”
“ခဏလေး...အရမ်းအလျင်စလို မသွားပါနဲ့ဦး။”
တန်ဝမ်ကျဲက သူတို့ကို အမြန်တားလိုက်သည်။
“ကျုပ် ဒီနေ့ အောင်မြင်မှုကြီးတစ်ခု ရထားပြီး အစိုးရရဲ့ ချီးကျူးဂုဏ်ပြုမှုကိုလည်း ခံရတော့မယ်။ ကျုပ် ကျိုးချွမ်မြို့ရဲ့ မြို့တော်ဝန်အဖြစ်လည်း ခန့်အပ်ခံရတော့မှာ။ အဲဒါကို ဂုဏ်ပြုဖို့ ဒီည စားပွဲသောက်ပွဲ တစ်ခု ကျင်းပမလို့။ ဦးလေးရှီက လေးစားစရာကောင်းတဲ့သူဆိုတော့ ဒါကို လုံးဝ လွဲချော်လို့ မဖြစ်ပါဘူး။”
မင်းတို့ ထွက်သွားရင် ငါ ဘယ်သူ့ဆီက လက်သီးပညာ သင်ရမှာလဲ။ တကယ်လို့ ငါ မင်းကို ဖုန်းဆက်လို့ မင်း မကိုင်ရင် ဘယ်လိုလုပ်မလဲ။ မင်းတို့ အရောင်းသမားတွေက အကုန်လုံး ဒီလိုချည်းပဲ။ ပစ္စည်းမရောင်းခင်အထိတော့ အကုန်ကောင်းတယ်၊ ပစ္စည်းရောင်းပြီးသွားရင်တော့ ကျောခိုင်းပြီး လူကို လစ်လျူရှုတော့တာပဲ။ အရောင်းအပြီးအစီး ဝန်ဆောင်မှုဆိုတာ လုံးဝမရှိဘူး။
“ကောင်းပါပြီ...။ ဒါဆိုရင်လည်း နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေလိုက်ပါမယ်။”
တန်ဝမ်ကျဲက လက်ကို ထပ်မံ ဝေ့ယမ်းလိုက်သောအခါ ကြိုတင်ပြင်ဆင်ထားသည့် အစေခံတစ်ယောက်က ငွေစက္ကူထုပ်ကြီးတစ်ထုပ်ကို ယူလာပေးလေသည်။
“ကျုပ်တို့ အရင်က သဘောတူထားတဲ့အတိုင်း လျှပ်စီးမိုးကြိုးလက်သီး တစ်အုပ်က ၅,၀၀၀ တန်တယ်။ ကျုပ် ဦးလေးရှီဆီကနေ အမြတ်ထုတ်နေတယ်လို့ မခံစားချင်ပါဘူး။ ဒီမှာ ကျန်တဲ့ ၂,၀၀၀ ပါ။ ဒါကို အရောင်းအဝယ်လို့ မခေါ်ဘဲ ဦးလေးရှီအတွက် ခရီးစရိတ် လက်ဆောင်လို့ပဲ သတ်မှတ်ရအောင်။”
သူက ငွေစက္ကူများကို ရှီကျန့်ဆီ ကမ်းပေးလိုက်၏။
“ဦးလေးက ကျုပ်ကို ကျမ်းစာအုပ် လက်ဆောင်ပေးတယ်။ ကျုပ်က ဦးလေးကို ခရီးစရိတ် ပြန်ပေးတယ်။ ဒါက တကယ့်ကို လှပတဲ့ ပုံပြင်လေး တစ်ပုဒ်ပါပဲ။”
ငါက မင်းရဲ့ အပျော်အပါးမက်တဲ့ သားကို အာမခံပေးဖို့ ငွေကုန်ခံတယ်။ မင်းက အကြွေးဆပ်ဖို့ မင်းရဲ့ အမွေအနှစ်ကို ရောင်းလိုက်ရတယ်။ ဒါဟာ တကယ်ကို လှပတဲ့ ပုံပြင်လေးပဲပေါ့။
ရှီကျန့် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ရှီရှောင်ကျန်းက စိတ်မရှည်စွာဖြင့် ငွေကို ဆွဲယူလိုက်လေသည်။
“ဆရာ၊ အခု ကျုပ်တို့ ယူနန်သွားဖို့ ခရီးစရိတ် ရပြီ။”
ထိုအရာကို မြင်သောခါ ရှီကျန့်က ခေါင်းအသာလေး ငြိမ့်လိုက်သည်။
“အင်း”
သူ့သားအကြောင်း သူသိသလောက်ဆိုရင် ဒီကောင်က ဒီအခြေအနေရဲ့ အန္တရာယ်ကို လုံးဝ သဘောမပေါက်သေးဘူး။ သင်ခန်းစာလည်း ရမှာ မဟုတ်ဘူး။ ဒီငွေတွေကိုလည်း အပျော်အပါးအတွက် ထပ်သုံးဦးမှာပဲ။
ထားလိုက်ပါတော့၊ ကလေးက ငယ်သေးတာပဲ။ ဒါ့အပြင် ဈေးနှုန်းကိုလည်း အရင်ကတည်းက သဘောတူထားတာပဲလေ။
ရှီကျန့်ပင်လျှင် သူ့၏ ပညာဟာ တကယ်ပဲ ငွေဒင်္ဂါး အနည်းငယ်လောက် ပိုတန်ကောင်း တန်နိုင်သည်ဟု စိတ်ထဲမှာ ခံစားမိနေပေသည်။
[T/N: ဒီတစ်ခန်းက တခြားအခန်းတွေထက် နှစ်ဆလောက်ပိုများတယ်။ နှစ်နာရီလောက်ရေးလိုက်ရ။ လျှာထွက် ༎ຶ‿༎ຶ။]