← Chapters

ဝိညာဉ်ပြန်လာသောည

Vol. 7 Ch. 65

ဝိညာဉ်ပြန်လာသောည

Vol. 7 Ch. 65

ညစာစားပွဲအတွင်း တန်ဝမ်ကျဲ၏ မျက်နှာမှာ တက်ကြွလန်းဆန်းမှုများဖြင့် ဝင်းပနေ၏။ သူ၏ ရာထူးတိုးခြင်းနှင့် ချမ်းသာကြွယ်ဝမှုအသစ်များကြောင့် စိတ်ဓာတ်တက်ကြွနေသည်ဟု အများက ထင်မှတ်ထားကြသော်လည်း သူ လျှပ်စီးမိုးကြိုးလက်သီးကို ရရှိခဲ့ခြင်းကြောင့် ပျော်ရွှင်နေသည်ကိုမူ သူတို့မသိကြပေ။

ဒေသခံသူဌေးများနှင့် လူကြီးသူမများက သူ့ကို ဖားချောသွေးကာ အရက်ခွက်များဖြင့် တိုက်ခဲ့ကြ၏။ ယနေ့နောက်ပိုင်းတွင် တန်ဝမ်ကျဲကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲသူ ရှိတော့မည်မဟုတ်ပေ။

သူဌေးကြီးတန်၊ သခင်ကြီးတန် ဟူသော ဘွဲ့ထူးများအပြင် ယခုအခါ မြို့တော်ဝန်တန်ဟူသော ဘွဲ့ပါ ထပ်တိုးလာခဲ့ပြီဖြစ်သည်။ ထို့အပြင် စစ်ဗိုလ်ချုပ်လုံ၏ စစ်တပ်သည်လည်း ပြင်းထန်သော အရှိန်အဝါဖြင့် ရောက်ရှိလာခဲ့ရာ သေနတ်ကိုင်ဆောင်ထားသော အုပ်ချုပ်သူနှင့် ရင်ဆိုင်ရပါက မည်သည့်ဒေသခံလူမိုက်မျှ ငြိမ်ငြိမ်ဝပ်ဝပ် နေကြရုံသာ ရှိတော့သည်။

ထိုအချိန်မှစ၍ မိုင်တစ်ရာအတွင်းရှိ လူတိုင်းသည် တန်ဝမ်ကျဲ၏ အာဏာစက်အောက်တွင် တုန်လှုပ်ချောက်ချားကြရတော့မည်ဖြစ်သည်။

သို့သော် အချို့သောသူများ၏ ဉာဏ်မှာ အလွန်လျင်မြန်လှ၏။ တန်ဝမ်ကျဲသည် စစ်ဗိုလ်ချုပ်လုံ၏ ခဲအိုဖြစ်လာတော့မည်မှာ လျှို့ဝှက်ချက်မဟုတ်သဖြင့် ထိုအဓိကနေရာကို မည်သူမျှ လုယူရန်မဝံ့ရဲကြပေ။ သို့သော် မိမိတို့၏ လှပသောသမီးပျိုများကို မယားငယ်အဖြစ် လက်ထပ်ပေးရန်မှာမူ ပြဿနာမရှိနိုင်ဟု သူတို့တွေးလိုက်ကြလေသည်။

လက်ရှိတန်ဝမ်ကျဲမှာ လူကြီးလူကောင်းဆန်သောအသွင် ရှိသော်လည်း သူသည် ယခင်က သားရဲတိရစ္ဆာန်ထက်ပင် ဆိုးဝါးပြီး မိန်းမလှလေးများကို အလွန်နှစ်သက်သူဖြစ်ကြောင်း မည်သူကမသိဘဲ ရှိမည်နည်း။

“မတိုက်ခိုက်နိုင်ရင် ပူးပေါင်းလိုက်” ဆိုသကဲ့သို့ပင်။

လက်ထပ်ထိမ်းမြားခြင်းဖြင့် မဟာမိတ်ဖွဲ့ရန် စိတ်ကူးပေါ်လာသည်နှင့် ကမ္ဘာကြီးမှာ ရုတ်တရက် ကျယ်ပြောလာပြီး ဖြစ်နိုင်ခြေများစွာဖြင့် ပြည့်နှက်သွားတော့သည်။

အိမ်တွင် သမီးပျိုရှိသူများသည် တန်ဝမ်ကျဲကို ပြန်ကြည့်သည့်အခါ “ငါ့သမက်လောင်းက တကယ်ကို အားကိုးထိုက်တာပဲ” ဟူသော ခံစားချက်မျိုး မရဘဲမနေနိုင်ကြတော့ပေ။ သူတို့၏ အကြည့်များမှာ အလွန်စူးရှလွန်းသဖြင့် အနားသို့ တိုးဝှေ့လာကြသော ဒေသခံသူဌေးများကို မြင်သောအခါ တန်ဝမ်ကျဲမှာ စိုးရိမ်စိတ်ဖြင့် နောက်သို့ပင် ဆုတ်လိုက်မိ၏။ မယားငယ်ကိစ္စများကို သူတို့ပြောလာမှသာ တန်ဝမ်ကျဲမှာ သက်ပြင်းချနိုင်တော့လေသည်။

အော်... မိန်းမတွေ ပေးမလို့လား၊ ဒါဆိုလည်း စောစောကပြောပါတော့လား။။

သူသည် ကျန်းမာသန်စွမ်းသူဖြစ်ပြီး တန်မျိုးရိုးမှ ဆင်းသက်လာသော ဒဏ္ဍာရီလာ စွမ်းဆောင်ရည်များကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုနေရာတွင် ရှိနေသော ဒေသခံလူကြီးမင်းတိုင်းကို ယောက္ခမဟု ခေါ်ရမည်ဆိုလျှင်တောင် သူငြင်းလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူသည် ထိုသူများပြောသမျှကို တစ်လုံးမှမယုံပေ။ အရပ်လေးပေသာရှိသော သူတစ်ဦးက သူ၏သမီးမှာ ရှေးခေတ်မိန်းမလှလေး ‘ကျောက်ဖေးယန်’ ကဲ့သို့ ကျော့ရှင်းသည်ဟု ဆိုသည်။ အခြား သွားခေါ၊ နှာခေါင်းပွ၊ နားရွက်ကားသောသူကလည်း သူ၏သမီးတွင် ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးရှိသည်ဟု ဆိုပြန်သည်။ မျက်စိစောင်းနေသော လူကြီးမင်းတစ်ဦးကမူ သူ၏သမီးမှာ အသားအရေဖြူစင်ပြီး နုနယ်သော်လည်း၊ ကံမကောင်းစွာဖြင့် ‘အချစ်ကြီးသော မျက်လုံး’ ရှိကြောင်း၊ လူတစ်ယောက်ကို နှစ်ယောက်စာ မြင်နိုင်လောက်အောင် ချစ်တတ်ကြောင်း ပြောပြနေလေသည်။

သူတို့၏ ဖော်ပြချက်အရ သမီးတိုင်းမှာ နတ်မိမယ်လေးများအလား လှပနေကြပြီး လူပျိုများမှာ အိမ်တံခါးကျိုးမတတ် လာရောက်တောင်းဆိုနေကြသည်ဟု ဆိုသည်။ အိမ်တွင်း၌သာ နေထိုင်ကြသဖြင့် အပြင်လူများ မသိကြခြင်းဖြစ်သည်ဟုလည်း အကြောင်းပြကြ၏။

တန်ဝမ်ကျဲကမူ “သမီးဆို အဖေတူ၊ သားဆို အမေတူ” ဟူသော စကားကို သတိရလိုက်သည်။ ထိုသူများ၏ ရုပ်ရည်ကိုကြည့်ပြီး သူတို့၏ “အလှကိုချဲ့၊ အဆိုးကိုဖုံး” ပြောဆိုနေမှုများမှာ အနည်းငယ် လွန်လွန်းနေသည်ဟု ခံစားနေရ၏။ ထို့ကြောင့် အခွင့်အရေးရမှ ထပ်ပြောကြရအောင်ဟုဆိုကာ တစ်ယောက်ချင်းစီကို ငြင်းပယ်လိုက်လေသည်။

ထိုည တန်အိမ်တော်သို့ ပြန်ရောက်သောအခါ တန်ဝမ်ကျဲသည် စိတ်မရှည်စွာဖြင့် လျှပ်စီးမိုးကြိုးလက်သီး ကျမ်းစာအုပ်ကို လှန်လှောကြည့်ရှုတော့သည်။ ရှီကျန့် ပြန်လည်၍မထွက်ခွာမီ အနည်းဆုံး အခြေခံအဆင့်ကိုတော့ တတ်မြောက်အောင် လုပ်ရမည်ဖြစ်သည်။

သို့သော် လေ့ကျင့်မှု၏ ပထမဆုံးအဆင့်မှာတင် သူ အခက်တွေ့သွားရ၏။

“မိုးကြိုးချီကို မျိုချရမယ် ဟုတ်လား။”

ထိုလက်သီးပညာကို လေ့ကျင့်ရန် မိုးကြိုးချီကို ဝါးမျိုရန် လိုအပ်သည်။ လှုပ်ရှားမှုများကို လေ့ကျင့်ရန်မှာ အဆင်ပြေသော်လည်း မိုးကြိုးချီကို ဝါးမျိုရန်မှာ လူသားခန္ဓာကိုယ်ဖြင့် မဖြစ်နိုင်ပေ။ လက်ရှိမှာ မိုးရာသီဖြစ်သဖြင့် မိုးကြိုးပစ်ခြင်းမှာ မရှားသော်လည်း ၎င်းကို မည်သို့ဝါးမျိုရမည်ကို သူမသိပေ။

ထို့အပြင် မိုးကြိုးဝါးမျိုနိုင်ရန်အတွက် ပါရမီလည်း လိုအပ်သေး၏။ သာမန်လူတစ်ယောက်သည် လျှပ်စီးများရစ်ပတ်ပတ်နေသော ကောင်းကင်ကိုကြည့်ကာ ပါးစပ်ဟထားလျှင်လည်း မိုးကြိုးချီတစ်စက်မှ ရလိမ့်မည်မဟုတ်ပေ။

အနီးအနားတွင် နာမည်ကြီးဆရာတစ်ဦး ရှိနေသဖြင့် မမေးလျှင် အလဟဿဖြစ်ပေတော့မည်။ နောက်တစ်နေ့မနက်တွင် မိုးရွာပြီး လျှပ်စီးများ လက်နေသဖြင့် တန်ဝမ်ကျဲသည် ရှီကျန့်ထံသွားကာ မိုးကြိုးချီဝါးမျိုနည်းကို မေးမြန်းလိုက်၏။

“ဂျူနီယာဦးလေး...လျှပ်စီးမိုးကြိုးလက်သီးကို ကျင့်ကြံပြီး ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးချီကို ဝါးမျိုတာက နတ်ဘုရားစွမ်းအားပဲ။ ဒါက ကျုပ်တို့လို သာမန်လူသားတွေ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။”

ရှီကျန့်သည် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်ရာ ကျမ်းစာအုပ်ကို လက်ဆောင်ပေးပြီးကတည်းက သေသေချာချာ သင်ပြပေးရမည်ဖြစ်သည်။

သူ၏ကိုယ်ပိုင်သားမှာ ပါရမီရှိသော်လည်း ယခုထိ မတတ်မြောက်သေးပေ။ ရှီကျန့်၏အမြင်တွင် သူ၏သားမှာ ကမ္ဘာပေါ်တွင် အတော်ဆုံးဖြစ်သည်။ မတတ်မြောက်ခြင်းမှာ စိတ်မပါဘဲ အဆော့မက်နေ၍သာဖြစ်ပြီး တကယ်တမ်း စိတ်နှစ်လိုက်လျှင် ဘာမဆိုတတ်နိုင်သည်ဟု သူယုံကြည်သည်။ တန်ဝမ်ကျဲကဲ့သို့ ငွေနဲ့များနံစော်နေသော ကုန်သည်တစ်ယောက်အဖို့ လျှပ်စီးလမ်းစဉ်ကို လေ့ကျင့်နိုင်ရန်မှာ အိပ်မက်သက်သက်သာ ဖြစ်လိမ့်မည်ဟု သူတွေးထားခဲ့သည်။

“ဦးလေးရှီ လမ်းညွှန်ပေးပါဦး။”

တန်ဝမ်ကျဲက လက်အုပ်ချီကာ တောင်းဆိုလိုက်သော်လည်း ပိုက်ဆံထပ်ပေးမည်ဟူ၍တော့ မပြောတော့ပေ။

သူသည် စေတနာများ ရေစီးကမ်းပြိုလိုက်နေသောလူ မဟုတ်ပေ။ ရှီကျန့်သားအဖမှာ ငွေရေးကြေးရေး အခက်အခဲရှိနေသော်လည်း ရှီကျန့်သည် သူ၏စီးပွားရေးသမားအဆင့်အတန်းကို အထင်သေးနေသည်ကို သူခံစားမိ၏။ အခက်အခဲဖြစ်နေချိန်တွင် ပိုက်ဆံပေးခြင်းမှာ “နှင်းထဲမှာ မီးသွေးပို့ပေးခြင်း” ဖြစ်သော်လည်း ယခုအခါ ရှီကျန့်၏လက်ထဲတွင် ငွေဒင်္ဂါး ၂၀၀၀ ရှိနေပြီဖြစ်ရာ ပိုက်ဆံထပ်ပေးခြင်းက အလုပ်ဖြစ်တော့မည်မဟုတ်ပေ။

ပိုက်ဆံသည် လူ၏စိတ်နေစိတ်ထားကို ပြောင်းလဲစေနိုင်ပေသည်။

ရှီကျန့်က မေးလာခဲ့သည်။

“မင်း ကောင်းကင်စာသား မိုးကြိုးတံဆိပ်အကြောင်း ကြားဖူးလား။”

“ကြားဖူးတာပေါ့။”

တန်ဝမ်ကျဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းကင်က မိုးကြိုးနတ်မင်းက လူဆိုးတွေနဲ့ မိစ္ဆာတွေကို အပြစ်ပေးတဲ့အခါ လျှပ်စီးနဲ့ ဖျက်ဆီးတတ်တယ်။ အဲဒီအလောင်းပေါ်မှာ ကျန်ခဲ့တဲ့ မိုးကြိုးအမှတ်အသားက ‘ကောင်းကင်စာသား မိုးကြိုးတံဆိပ်’ ပဲ မဟုတ်လား။”

ရိုးရိုးရှင်းရှင်းပြောရလျှင် မိုးကြိုးပစ်ခံရပြီးနောက် ကျန်ရစ်သော အမှတ်အသားပင်ဖြစ်သည်။

ရှီကျန့်က ဆက်ပြောလိုက်သည်။

“ဒီလက်သီးပညာအတွက် လိုအပ်တဲ့ မိုးကြိုးချီကို အဲဒီတံဆိပ်ကနေ ရနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီလျှပ်စီးက မိုးကြိုးနတ်မင်းက မိစ္ဆာတွေကို သတ်ဖို့သုံးတာဖြစ်လို့ မိစ္ဆာချီ အရမ်းများတယ်။ အဲဒါက ကောင်းကင်ရဲ့ ညီညွတ်မှုကို ပျက်စီးစေတဲ့အတွက် သတိထားပြီး မကျင့်ကြံရင် သက်တမ်းတိုတတ်တယ်။”

သြော်... ဒါကြောင့် ဦးလေးရှီက မိစ္ဆာမြင်ရင် သတ်ချင်နေတာကိုး။ Upgrade လုပ်ဖို့ ပစ္စည်းရှာနေတာပဲ။

တန်ဝမ်ကျဲ စိတ်ထဲမှ တွေးလိုက်မိ၏။

“ဒါဆို မိုးကြိုးပစ်ခံရမယ့် မိစ္ဆာတွေနဲ့ သရဲတွေကို လိုက်ရှာရမှာလား။”

ကျင့်ကြံမှု၏ အခက်ခဲဆုံးအပိုင်းမှာ ပထမခြေလှမ်းပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသတ်၊ မီးရှို့၊ မကောင်းမှုလုပ်သူများစွာ ရှိသော်လည်း မိုးကြိုးပစ်ခံရသူမှာမူ သိပ်မများလှပေ။

“ဒါက မခက်ပါဘူး။ ကျင့်ကြံမှုအစောပိုင်းမှာ မိုးကြိုးဆွဲငင်တဲ့ အစီအရင်ကိုသုံးပြီး ကောင်းကင်မိုးကြိုးကို ဆွဲခေါ်လို့ရတယ်။ ဒါပေမဲ့ အဲဒီသရဲတွေနဲ့ မိစ္ဆာတွေမှာ မကောင်းဆိုးဝါးချီ အလုံအလောက်မရှိရင် မိုးကြိုးပစ်ခံရပေမဲ့ အမှတ်အသား ကျန်ခဲ့မှာမဟုတ်ဘူး။ သူတို့က အရမ်းယုတ်မာသူတွေ ဖြစ်ရမယ်။ ဒါမှသာ သူတို့ရဲ့ဝိညာဉ် ပျောက်ကွယ်သွားတဲ့အခါ အဲဒီတံဆိပ်က ကျန်ရစ်ခဲ့မှာ။”

အစပိုင်းမှာ ကောင်းကင်မိုးကြိုးကို ငှားသုံးရသော်လည်း နောက်ဆုံးအဆင့်မှာ မည်သို့ရှိမည်ကိုမူ ရှီကျန့်က မပြောတော့ပေ။ တန်ဝမ်ကျဲကလည်း သိပြီးသားဖြစ်သည်။ နောက်ဆုံးအဆင့်မှာ ရှီကျန့်ကဲ့သို့ လက်ဗလာဖြင့် လျှပ်စီးများကို ဆင့်ခေါ်နိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။

“ဦးလေးရှီ အဲဒီ မိုးကြိုးဆွဲငင်တဲ့ အစီအရင်ကို သိလား။”

“သိတာပေါ့။”

တန်ဝမ်ကျဲတွင် “လျှို့ဝှက်နယ်မြေ” ရှိသည်။ မကောင်းမှုအလွန်လုပ်ကြသော မိစ္ဆာများကို ရှာဖွေရန်မှာ မခက်ခဲပေ။ အခက်အခဲမှာ အစပျိုးရန်သာဖြစ်သည်။ တစ်ခါစတင်နိုင်လျှင် ကျင့်ကြံရန်မှာ လွယ်ကူသွားမည်ဖြစ်ပြီး ကျင့်ကြံမှု မတိုးတက်လျှင်ပင် အတွေ့အကြုံမှတ်များသုံးကာ အဆင့်မြှင့်တင်၍ ရှီကျန့်၏အဆင့်သို့ ရောက်အောင် လုပ်ဆောင်နိုင်ပေသည်။

“ကျုပ်ကို သင်ပေးနိုင်မလား”

သူ အလွန်တိုးတက်ချင်နေ၏။ ရှီကျန့် ခေါင်းငြိမ့်ပြသည်။

“ဒီအစီအရင်က ထိပ်တန်းလျှို့ဝှက်ချက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါကို မိစ္ဆာနှိမ်နင်းဖို့ သုံးလို့မရဘူး။ မိစ္ဆာက လှုပ်ရှားလို့မရတဲ့ အခြေအနေမှာပဲ သုံးလို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီအစီအရင်က အလုပ်လုပ်တာ နှေးတဲ့အတွက် သာမန်လူတောင် ပြေးလွတ်နိုင်တယ်။ အဲ့ဒါကြောင့် သုံးမယ်ဆိုရင် ပစ်မှတ်ကို အရင်ဆုံး အသေသတ်ပြီးမှ မိုးကြိုးခေါ်ရမယ်။”

Pokemon ကစားနေတာကျနေတာပဲ၊ သွေးအရင်လျော့အောင်လုပ်ပြီးမှ ဖမ်းရမှာပေါ့။

တန်ဝမ်ကျဲက တွေးလိုက်မိသည်။

သူသည် အစီအရင်ကို သေသေချာချာ မှတ်သားထားလိုက်၏။ အစီအရင်လမ်းစဉ်သည် မိမိ၏ခွန်အားထက် ငွေကြေးဓနပေါ်တွင် ပိုမိုမူတည်နေသဖြင့် သူနှင့် အလွန်ကိုက်ညီနေလေသည်။

သူ၏ အသက်ကို စစ်ဆေးကြည့်ရာ လျှို့ဝှက်နယ်မြေသို့ ထပ်မံဝင်ရောက်ရန် နောက်ထပ် ၁၀ ရက်ခန့် လိုသေးသည်။ ရှီကျန့်သားအဖမှာလည်း “ကြေးနီချပ်ဝတ် ဝိညာဉ်အလောင်း” ကို ရှာဖွေရန်အတွက် ယူနန်သို့ သွားတော့မည်ဖြစ်၏။ ယူနန်မှာ အလွန်ဝေးလွန်းလှပြီး သူ၏ဆရာဖြစ်သူ အဘိုးကြီးကျူးမှာလည်း သက်တမ်းကုန်ခါနီးနေပြီဖြစ်ရာ တန်ဝမ်ကျဲမှာ လိုက်မသွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။

မိုးတိတ်သွားပြီးနောက် ရှီကျန့်သည် ရှီရှောင်ကျန့်ကို ခေါ်ဆောင်ကာ နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။ ထပ်မံတွေ့ဆုံရန်မှာ မသေချာတော့ပေ။

“သခင်ကြီး... သခင်လေးရှီက တွေ့ခွင့်တောင်းနေပါတယ်။”

အစေခံတစ်ဦးက လာရောက်သတင်းပို့လာခဲ့သည်။

“ဘယ်သူလဲ။”

“အရင်က ငွေညှစ်လို့ အဖမ်းခံရတဲ့သူတွေထဲက တစ်ယောက်ပါ။”

တန်ဝမ်ကျဲ အနည်းငယ်စဉ်းစားပြီးနောက် “ဝင်ခိုင်းလိုက်” ဟု ပြောလိုက်သည်။

သခင်လေးရှီသည် တန်ဝမ်ကျဲကို မြင်သောအခါ ခေါင်းငုံ့ပြီး ချဉ်းကပ်လာခဲ့သည်။

“သူဌေးကြီးတန်... ခင်ဗျားအိမ်က ဧည့်သည်တော်က ဒီနေ့ ငွေဒင်္ဂါး ၅၀၀ ထပ်သုံးသွားပါတယ်။ ကျုပ်တို့ ထပ်မသုံးခိုင်းရဲတော့လို့ သူ့ကို နှင်ထုတ်လိုက်ပါပြီ။”

တန်ဝမ်ကျဲသည် ရှီရှောင်ကျန့်အကြောင်းကို ကောင်းကောင်းသိ၏။ သူသည် အစွမ်းထက်သောဖခင်ရှိသဖြင့် ဘာကိုမျှမကြောက်တတ်သူဖြစ်သည်။ ယခင်က ဆင်းရဲ၍ ခိုးစားခဲ့ရသော်လည်း ယခု ပိုက်ဆံရှိလာကာ ထိန်းမည့်သူမရှိသဖြင့် ရေလိုသုံးနေခြင်းဖြစ်သည်။

သခင်လေးရှီက ပိုသောငွေများကို တန်ဝမ်ကျဲအား ပြန်ပေးရန် ကြိုးစားလိုက်၏။

“ဒါက မင်းတို့ရိုးရိုးသားသား ရထားတဲ့ငွေပဲ။ မင်းတို့ပဲ သိမ်းထားလိုက်ပါ။”

တန်ဝမ်ကျဲက လက်ကာပြလိုက်သည်။

သူသည် ရှီကျန့်၏ လျှို့ဝှက်ကျမ်းကို ဝယ်ယူရန် ထိုငွေများကို သုံးခဲ့ခြင်းဖြစ်ရာ ပြန်ယူရန် စိတ်ကူးမရှိပေ။

ထို့နောက် တန်ဝမ်ကျဲသည် ကျူးမိသားစုအိမ်သို့ သွားရောက်ကာ ဆရာဖြစ်သူအား လျှပ်စီးမိုးကြိုးလက်သီးအကြောင်း အကုန်ပြောပြလိုက်၏။ သူ၏ဗျူဟာမှာ ပွင့်လင်းမြင်သာမှုရှိရန်ဖြစ်သည်။ ဆရာဖြစ်သူကလည်း သူ၏တပည့်ဖြစ်သူ အမြတ်ရနေသဖြင့် သဘောတကျကာ ရယ်မောနေလေတော့သည်။

“ဆရာ... ဝိညာဉ်လောကက လူတွေကို ဆက်သွယ်ပေးနိုင်မလား။”

တန်ဝမ်ကျဲက မေးလိုက်သည်။

“ဘာလုပ်ဖို့လဲ။”

“ကျုပ် ပိုက်ဆံသုံးပြီး အဲဒီ ကြေးနီချပ်ဝတ် ဝိညာဉ်အလောင်းကို ဖမ်းဖို့ လူငှားချင်လို့ပါ။”

ဆရာဖြစ်သူက ချက်ချင်းနားလည်သွားခဲ့သည်။ တန်ဝမ်ကျဲသည် ရှီကျန့်ထက်ဦးအောင် ထိုအလောင်းကို ဝယ်ယူပြီး သူ၏လေ့ကျင့်မှုအတွက် အသုံးချရန် ကြံစည်နေခြင်းဖြစ်သည်။ သူ၏တပည့်အတွက်ဆိုလျှင် ဆရာဖြစ်သူက ငြင်းစရာမရှိပေ။

“ဘယ်လောက်ပေးမှာလဲ။”

“သုံးထောင်၊ ငါးထောင်ဆိုရင် မများပါဘူး။ တစ်သောင်း၊ နှစ်သောင်းဆိုရင်လည်း ကျုပ် ပေးနိုင်ပါတယ်။”

တန်ဝမ်ကျဲသည် မကြာခင်ကမှ အကြွေးများ ပြန်ရထားသဖြင့် ငွေမရှားပေ။

ဆရာဖြစ်သူမှာ တန်ဝမ်ကျဲ၏ စည်းစိမ်ကိုသိသော်လည်း ထိုပမာဏကို ကြားသောအခါ အံ့သြသွားရဆဲပင်။

“ဝိညာဉ်အလောင်း တစ်ခုတည်းအတွက် အဲလောက်အများကြီး မလိုပါဘူး။ ငါ ဆက်သွယ်ပေးမယ်။”

“အဲဒီအလောင်းက သာမန်မဟုတ်ဘူးဆရာ။ လူအများကြီးငှားရမယ်။ ဘေးကင်းဖို့က အဓိကပဲ။”

ဆရာဖြစ်သူ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ တန်ဝမ်ကျဲ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ထိုစဉ် ကျူးအူမကြီးတစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရလေသည်။

“ဘာဖြစ်လို့လဲ။”

“မာလင်ရှန်ရဲ့ မိန်းမ... အဲဒီဖောက်ပြန်တဲ့မိန်းမ ကလေးမွေးရင်း သေသွားပြီ။ အဲဒီနောက် သူ့ရဲ့ လင်ငယ်လည်း ပျောက်သွားတယ်...။”

ဒါတွေအားလုံးက တန်ဝမ်ကျဲ ယခင်ကပြောခဲ့ဖူးတဲ့ “မျိုးဖြုတ်သုတ်သင်ခြင်း” ဆိုသည့် စကားနှင့် ကွက်တိဖြစ်နေ၏။ ကျူးအူမကြီး၏ မျက်လုံးထဲတွင် ထိုနူးညံ့သိမ်မွေ့ဟန်ဆောင်နေသော ဒေသခံသူဌေးများမှာ သရဲများထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့လေသည်။

“မင်းကို ဆရာက အရမ်းအလိုလိုက်ထားတာပဲ။”

တန်ဝမ်ကျဲက မှတ်ချက်ပေးလိုက်သည်။

ကျူးအိမ်တော်မှ ထွက်လာပြီးနောက် တန်ဝမ်ကျဲသည် ၁၀ ရက်ခန့် စောင့်ရန် စိတ်ကူးထားသော်လည်း မိုးကြိုးလက်သီးကို မကျင့်ကြံရလျှင် တစ်ကိုယ်လုံး ယားယံနေသကဲ့သို့ ခံစားနေရသဖြင့် “ယာယီလျှို့ဝှက်နယ်မြေ ဝင်ခွင့်လက်မှတ်” ကို ထုတ်ယူလိုက်တော့လေသည်။

သုံးမယ်။

[ယာယီလျှို့ဝှက်နယ်မြေကို တွေ့ရှိပါပြီ :”ဝိညာဉ်ပြန်လာသောည” ။ ကုန်ကျစရိတ် - ယာယီဝင်ခွင့်လက်မှတ် ×၁]

[လျှို့ဝှက်နယ်မြေ မုဒ်ကို ရွေးချယ်ပါ - ဇာတ်ကောင်နေရာယူခြင်း / လွတ်လပ်စွာ စူးစမ်းလေ့လာခြင်း (မရနိုင်သေးပါ)။]

[ရက်လည်နေ့မှာ ပြန်လာခြင်း - သေဆုံးပြီး ၇ ရက်မြောက်နေ့မှာ ကလဲ့စားချေမည့် ဝိညာဉ်က လူတွေကို မထိခိုက်အောင် တားဆီးပါ။ ဆုလာဘ် - ၅၀၀ မှော်ဝင်ငွေ။]

All Chapters