ငါက အပျော့ဆုံးပဲ
Vol. 7 Ch. 66
“Out of the Dark” (ဝိညာဉ်ပြန်လာသောည) ဇာတ်လမ်းက ရိုးရှင်းပါသည်။ မိဘအပေါ် မသိတတ်သော သားဖြစ်သူ မစ္စတာလီသည် မတော်တဆ ချော်လဲကာ သေဆုံးသွားခဲ့သည်။ မစ္စလီသည်လည်း သူ၏နောက်သို့ လိုက်သွားရန် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး ရက်လည်ညတွင် ကလဲ့စားချေရန် ကြံစည်သည်။ မိမိကိုယ်ကို သရဲဖမ်းစားသည့် ဆရာကြီးဟု ကြေညာထားသော စိတ်ကျန်းမာရေးလူနာ လီယွန်၊ တိုက်၏ လုံခြုံရေးဝန်ထမ်းများနှင့် အားကွမ်ဆိုသော မိန်းကလေးတို့သည် ထိုညတွင် စုပေါင်းပြီး အငြိုးအတေးကြီးမားသော ဝိညာဉ်များ၏ ရန်ကို ရင်ဆိုင်ကြရမည်ဖြစ်သည်။
ဇာတ်လမ်းက အလွန်ရိုးရှင်းပါသည်။ အတိုချုပ်ပြောရလျှင် “ပထမခုနစ်ရက်” နှင့် ကလဲ့စားချေလိုသော ဝိညာဉ်များအကြောင်းပင်။
“ပထမခုနစ်ရက်လား။”
တန်ဝမ်ကျဲတစ်ယောက် တိုက်ရှေ့တွင်ရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်။
“ဒါက စားပွဲတင်အသေးအဖွဲလေးပဲ မဟုတ်လား။”
သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် ၇ ရက်မြောက်နေ့ ပြန်လာမည့် သရဲနှစ်ကောင်ကို ဖမ်းရသည်မှာ လွယ်ကူလောက်ပါသည်...။
အင်း ဖြစ်နိုင်ခြေရှိပါတယ်လေ။
လျှို့ဝှက်နယ်မြေကမ္ဘာ၏ နိယာမများမှာ ထူးဆန်းလှ၏။ တစ်ခါတစ်ရံ နတ်ဘုရားများပင် ဝင်၍မရ၊ တစ်ခါတစ်ရံ အချိန်ကာလက မတည်ငြိမ်၊ တစ်ခါတစ်ရံ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းသာ သွားရသည်။ အတိုချုပ်ပြောရလျှင် သတိထားခြင်းက အကောင်းဆုံးပင်။
တန်ဝမ်ကျဲ၏ ယခုတစ်ခေါက် ဇာတ်ကောင်မှာမူ နောက်ဆုံး၌ သန့်ရှင်းသွားခဲ့ပြီဖြစ်သည်။ သူသည် ၉ လွှာတွင် နေထိုင်သော သာမန်ဒေသခံတစ်ဦးသာ ဖြစ်၏။ သူ၏ နေထိုင်မှုမှာ သရဲများပြန်လာမည့်နေ့အထိသာ ကြာမြင့်မည်ဖြစ်ရာ မည်သူ၏ “ခုနစ်ရက်” ဖြစ်လာမည်ကို ပြောရခက်ပေသည်။ အကယ်၍ သူသာ မစ္စတာလီနှင့် မစ္စလီတို့ကို သတ်သေခွင့်မပေးဘဲ တားဆီးနိုင်ခဲ့လျှင် မစ်ရှင်က ချက်ချင်းပြီးသွားမည်လော။ အငြိုးကြီး ဝိညာဉ်သာ မရှိတော့လျှင် ခုနစ်ရက်မြောက်နေ့က ဘယ်တော့မှ ရောက်လာတော့မည်။ မဟုတ်သဖြင့် သူ ထာဝရ စောင့်နေရမည်လော။
သူ တိုက်ထဲသို့ လှမ်းဝင်မည်အပြုတွင် ဘေးမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မစ္စတာတန် မင်္ဂလာညချမ်းပါ။”
တန်ဝမ်ကျဲ လှည့်ကြည့်လိုက်သော်လည်း ဘာမှမရှိပေ။
အောက်သို့ ထပ်မံငုံ့ကြည့်လိုက်သောအခါ လုံခြုံရေးဝန်ထမ်းတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ် လဲလျောင်းနေပြီး မျက်နှာတွင်လည်း မျက်ရည်များဖြင့် ပြည့်နှက်နေ၏။ စောစောက တက်ကြွလှသော နှုတ်ဆက်သံမှာ ထိုသူ့ထံမှလာသည်ဟု မည်သူမျှ ထင်မည်မဟုတ်ပေ။
တန်ဝမ်ကျဲ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး မေးလိုက်သည်။
“ရှောင်လင်သိုင်းက တကယ်ကောင်းတာပဲနော်။ မင်းက သံခြေထောက်လား။”
“ကျုပ်က သံမဏိသတ္တိပါ မစ္စတာတန်။”
ထိုသူက ဆိုသည်။ တန်ဝမ်ကျဲ ခေါင်းညိတ်လိုက်သည်။
“သြော်... သံမဏိခေါင်းသိုင်းကိုး။ မင်း ဘာလို့ ဒီမှာ လဲနေတာလဲ။”
သံမဏိသတ္တိက ပြန်ပြင်ပေးရန် ကြိုးစားလိုက်သည်။
“ဝါး... ကျုပ်မိန်းမ တခြားသူနောက် ပါသွားပြီ အီးဟီး။ ပြီးတော့ ကျုပ်က သံမဏိသတ္တိပါ မစ္စတာတန်။”
“ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ်။”
တန်ဝမ်ကျဲက လက်သီးဆုပ်ကာ ဂုဏ်ပြုလိုက်သည်။
“ဗျာ...”
သံသတ္တိမှာ ရုတ်တရက် ငိုရမည်ကိုပင် မေ့သွားခဲ့၏။
“ခင်ဗျားမိန်းမ တခြားသူနောက် ပါသွားပြီဆိုတော့ ခင်ဗျားမှာ မိန်းမအသစ် ရှာခွင့်ရသွားတာပေါ့။ သူ မပြေးခင်က ခင်ဗျားမှာ မိန်းမတစ်ယောက်ပဲ ရှိတာလေ။ အခု သူ မရှိတော့ဘူးဆိုတော့ မိန်းမဖြစ်နိုင်ချေရှိတဲ့သူတွေက အများကြီးပဲ မဟုတ်ဘူးလား။”
“ဟုတ်သားပဲ။”
သူ၏ဝမ်းနည်းမှုများ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။ သစ်ပင်အပုလေးတစ်ပင် ဆုံးရှုံးသွားသော်လည်း တောအုပ်ကြီးတစ်ခုလုံး ရလိုက်သလို ခံစားချက်မျိုးပင်။
တန်ဝမ်ကျဲသည် သူ ဖြူစင်သောလူတစ်ယောက်ကို ကယ်တင်လိုက်နိုင်ပြီဟု ခံစားလိုက်ရသည်။ သို့သော် သံမဏိသတ္တိ၏ ရုပ်ရည်နှင့်ဆိုလျှင် သူရလိုက်သည်မှာ “တောအုပ်” မဟုတ်ဘဲ “လူမဝင်ရ နယ်မြေ” သာ ဖြစ်ပေလိမ့်မည်။ ကြည့်ရုံက ပြဿနာမရှိသော်လည်း အနားကပ်လျှင်တော့ ဥပဒေချိုးဖောက်မှုနှင့် တရားစွဲခံရမည်မှာ သေချာသည်။
“ဟားဟားဟား...ကျုပ် မိန်းမအသစ် သွားရှာတော့မယ်ဗျာ ဟားဟားဟားဟား။”
သံမဏိသတ္တိ ကုန်းရုန်းထရပ်လိုက်စဉ် တိုက်ပေါ်မှ အဝတ်သေတ္တာတစ်လုံး ပြုတ်ကျလာပြီး သူ့ကို တည့်တည့်ထိမှန်ကာ ကြမ်းပြင်ပေါ်တွင် တစ်ဖန်ပြန်၍ ခြေပစ်လက်ပစ် လဲကျသွားပြန်၏။
“ချီးပဲ...။”
တန်ဝမ်ကျဲ အလိုအလျောက် နောက်သို့ ဆုတ်လိုက်သည်။
အထပ်ဆယ်ထပ်ကျော်ပေါ်က ပြုတ်ကျလာသည့် အဝတ်သေတ္တာဆိုသည်မှာ သူ့ကိုပင် သေစေနိုင်သော်လည်း သံမဏိသတ္တိမှာမူ ဘာမှဖြစ်မသွားဘဲ ကြမ်းပြင်ပေါ်တွင် လှုပ်စိလှုပ်စိသာ ဖြစ်နေခဲ့သည်။
နေဦး... သူ သေသွားပြီလား။
သူ အနားကပ်ကြည့်လိုက်သောအခါ သံမဏိသတ္တိ၏ ဟောက်သံကို ကြားလိုက်ရလေသည်။
အိပ်ပျော်သွားတာလား။
တစ်ခုခုတော့ မှားနေပြီ။ ဒီကမ္ဘာကြီးက ပုံမှန်မဟုတ်ဘူး။
ထိုစဉ်....။
“တောင်းပန်ပါတယ် မစ္စတာတန်။ အခုတလော လူတွေက အမြင့်ကနေ ပစ္စည်းတွေ လျှောက်လွှင့်ပစ်နေကြတယ်လေ။ ကျုပ်တို့ ဖြေရှင်းနည်း ရှာနေပါတယ်။”
ဘေးမှ အခြားအသံတစ်ခု ထွက်လာခဲ့သည်။
“ဒီ သံမဏိသတ္တိကတော့ အလုပ်ခိုးလုပ်နေပြန်ပြီ။”
သူက ဘယ်နားမှာ အလုပ်ခိုးလုပ်နေလို့လဲ။ မဟုတ်သေးဘူး...နေဦး... အထပ်ဆယ်ထပ်ကျော်ပေါ်က ပြုတ်ကျလာတဲ့ ပစ္စည်းမှန်ပြီး အိပ်ပျော်သွားတာဆိုတော့ တကယ်ကို အလုပ်ခိုးလုပ်နေတာပဲ။
“ခေါင်းဆောင်လုလား။”
တန်ဝမ်ကျဲသည် ထိုလူကို မှတ်မိသွားခဲ့သည်။
“ခင်ဗျားက ဘယ်လိုဖြေရှင်းမှာလဲ။”
“လုံခြုံရေးတွေကို တိုက်အောက်မှာရပ်ပြီး ပြုတ်ကျလာတဲ့ ပစ္စည်းတွေကို ဖမ်းခိုင်းမလို့ပါ။”
ခေါင်းဆောင်လုက ဆိုသည်။
သူ ပြောပြီးသည်နှင့် တန်ဝမ်ကျဲသည် အပေါ်မှ အသံတစ်ခုကို ကြားလိုက်ရပြန်၏။ သူသည် အလိုအလျောက် ဘေးသို့ ရှောင်လိုက်သော်လည်း ခေါင်းဆောင်လုမှာမူ မရှောင်တိမ်းနိုင်ဘဲ အပေါ်မှ ပြုတ်ကျလာသော ရေခဲသေတ္တာကြီးနှင့် တည့်တည့်တိုးသွားတော့လေသည်။
လေးလံသော ပစ္စည်းကြီး မြေပြင်ပေါ်ကျသွားခြင်းဖြစ်ရာ တန်ဝမ်ကျဲ၏ ခြေထောက်အောက်တွင်ပင် တုန်ခါမှုကို ခံစားလိုက်ရသည်။
“ခရက်... ခရက်။”
ထိုစဉ် ရေခဲသေတ္တာတံခါး ပွင့်လာပြီး ခေါင်းဆောင်လုသည် ဘာဒဏ်ရာမှမရဘဲ ထွက်လာခဲ့ကာ ညည်းညူလိုက်လေသည်။
“လူတွေ ပစ်ချတဲ့ ပစ္စည်းတွေက ပိုပိုပြီး ရယ်စရာကောင်းလာပြီ။ ဒီတစ်ခါတော့ ရေခဲသေတ္တာကြီးပဲ။”
ရေခဲသေတ္တာကြီးနဲ့ အမှန်ခံလိုက်ရတာတောင် ဘာမှမဖြစ်ဘူးလား။
ဒါဆိုရင် ဒီကမ္ဘာမှာ ငါက အပျော့ဆုံးပဲပေါ့။ ဒါက မကောင်းဘူးနော်။ ဒီ ရက်လည်ညမှာ ရှင်သန်ဖို့ ခက်ခဲသွားလိမ့်မယ်။ သရဲက ငါ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်သွားနိုင်တယ်။
ဒီမှာရှိတဲ့လူတွေက စိတ်ပိုင်းဆိုင်ရာတင် မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာပါ မူမမှန်ကြဘူးပဲ။
တန်ဝမ်ကျဲသည် ခေါင်းဆောင်လုအနားသို့ သွားကာ သူ၏ ရင်အုပ်ကြွက်သားများနှင့် ချောကလတ်ခြောက်ခုအလား ပျူထွက်နေသော ဗိုက်ကြွက်သားများကို စမ်းသပ်ကြည့်လိုက်၏။ လက်က ပေါင်ကြားဆီသို့ ဆက်သွားမည်အပြုတွင် ခေါင်းဆောင်လုက သူ၏လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်လေသည်။
“မစ္စတာတန်၊ ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး။”
ခေါင်းဆောင်လု၏ မျက်နှာမှာ တည်ကြည်နေ၏။
“ကျုပ် သိချင်တာက ခင်ဗျား ရေခဲသေတ္တာနဲ့ အမှန်ခံလိုက်ရတာတောင် ဘာလို့မသေတာလဲဆိုတာပဲ။”
တန်ဝမ်ကျဲ သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
“ရေခဲသေတ္တာနဲ့ အမှန်ခံရတာက အမှန်ခံရတာပဲ။ သေတာက သေတာပဲလေ။ သက်သက်စီပဲ။”
ခေါင်းဆောင်လုက သဘာဝကျကျပင် ပြန်ပြောလိုက်၏။
ခင်ဗျားတို့ရဲ့ ယုတ္တိဗေဒက ဒီလောက်တောင် ကောင်းနေတာလား။
တန်ဝမ်ကျဲ ခဏစဉ်းစားပြီးနောက် လက်ကို ဝန်လေးစွာဖြင့် ရုပ်သိမ်းလိုက်ရလေသည်။ အမြင့်မှ ပြုတ်ကျလာသည့် ရေခဲသေတ္တာနှင့် အမှန်ခံလိုက်ရသည်ကိုပင် ဘာမှမဖြစ်သည့်သူဆိုလျှင် ရှီကျန့်၏ လျှပ်စီးမိုးကြိုးလက်သီးပင် သူတို့ကို သတ်နိုင်ဖို့ ခဲယဉ်းလိမ့်မည်ဟု သူယုံကြည်လိုက်သည်။ သူတို့သည် ဖျက်ဆီးရွေ့၍မရနိုင်သော ကိုယ်ထည်များနှင့်ပင် တူနေ၏။
“ခေါင်းဆောင်လု...ခေါင်းဆောင်လု...ရှောင်ရုံ ပျောက်သွားပြီ။”
ထိုစဉ် ဇနီးမောင်နှံနှစ်ဦး အလန့်တကြား ပြေးထွက်လာခဲ့ကြသည်။
“ဘာ...။”
ခေါင်းဆောင်လု လန့်သွား၏။
တန်ဝမ်ကျဲမှာမူ ထိုဇနီးမောင်နှံကိုသာ စိုက်ကြည့်နေခဲ့သည်။ အမျိုးသားမှာ အလုပ်ပင်ပန်းထားပုံရပြီး ပါးချောင်ကာ နဖူးပြောင်နေ၏။ ဇနီးဖြစ်သူမှာမူ မိတ်ကပ်မပါဘဲ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း အတော်လေး လှပသူဖြစ်သည်။
ရုပ်ရှင်ထဲတွင် ဤနှစ်ဦးမှာ ဆရာကြီးလီယွန်ကြောင့် သေဆုံးသွားပြီး ခုနစ်ရက်မြောက်နေ့တွင် ကလဲ့စားချေသည့် သရဲဇနီးမောင်နှံ ဖြစ်လာမည့်သူများ ဖြစ်သည်။ ယခုတော့ သူတို့ မသေသေးပေ။ အကယ်၍ သူသာ သူတို့ကို မသေအောင် လုပ်နိုင်ခဲ့လျှင် ရက်လည်ညကို ရှောင်ရှားနိုင်မည်လော။ ဤသို့ဆိုလျှင် ဤလျှို့ဝှက်နယ်မြေက ချက်ချင်း ပြီးဆုံးသွားမည်လော။
သူ စိုက်ကြည့်နေသည်မှာ အတန်ကြာသွားသဖြင့် မစ္စလီမှာ ရှက်ပြီး ခေါင်းငုံ့သွားကာ မစ္စတာလီကမူ သူ့ကို စိုက်ကြည့်ပြီး ပြောလာခဲ့သည်။
“လူငယ်လေး၊ မင်း ဘာကြည့်နေတာလဲ။”
“ခင်ဗျား မိန်းမကို ကြည့်နေတာပါ။”
“မင်း ငါ့ကို စော်ကားနေတာလားကွ။”
“မဟုတ်ပါဘူး...ခင်ဗျား အမေ ပြန်လာနေပြီ။”
တန်ဝမ်ကျဲက အပေါ်ထပ်ကို လက်ညိုးထိုးပြလိုက်သည်။
“သူ ခင်ဗျားဆီ ပြန်လာနေတယ်။”
မစ္စတာလီ၏ မျက်နှာပေါ်ရှိ ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ကြောက်လန့်မှုများ အစားထိုး ဝင်ရောက်လာခဲ့သည်။ သူ၏ ဇနီးသည်ပင်လျှင် တုန်လှုပ်သွားခဲ့၏။
“အမေ... အမေများ ရှောင်ရုံကို ခေါ်သွားတာလား။ အမေ...အမေ...။”
မစ္စတာလီသည် အော်ဟစ်ကာ တိုက်ထဲသို့ တစ်ယောက်တည်း ပြေးဝင်သွားတော့လေသည်။ မစ္စလီသည်မူ တန်ဝမ်ကျဲကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် နောက်မှ လိုက်သွားခဲ့၏။ ခေါင်းဆောင်လုသည်လည်း နောက်မှ လိုက်သွားခဲ့သည်။
“သူ့အမေက သေသွားပြီ မဟုတ်ဘူးလား။”
သံမဏိသတ္တိက ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလာခဲ့သည်။
“အင်း...ရက်လည်နေ့မှာ ပြန်လာတာလေ။”
တန်ဝမ်ကျဲက ခေါင်းငြိမ့်ပြလိုက်သည်။
“ပြန်လာတာလား။ ဒီကမ္ဘာမှာ သရဲရှိတယ်လို့တော့ ကျုပ်ကို လာမပြောနဲ့နော်။ ဟားဟားဟား...ကျုပ်မှာ အခု တောအုပ်ကြီးတစ်ခုလုံး ရှိပြီဆိုတော့ လူတင်မကဘူး သရဲမဆိုရင်တောင် ကျုပ်ရဲ့မိန်းမ ဖြစ်လာနိုင်တာပဲ။ တွေ့ကြည့်ပါစေဦး...ငါ အကုန်လုံးကို အနိုင်ယူပြမယ်။”
“အဲဒီစိတ်ဓာတ်က အကောင်းဆုံးပဲ။”
တန်ဝမ်ကျဲက လက်မထောင်ပြလိုက်သည်။
သံမဏိသတ္တိတွင် ဤကဲ့သို့ မြင့်မြတ်သော ရည်မှန်းချက်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရုပ်ရည်ကိုကြည့်ပြီး လူတစ်ယောက်ကို အထင်မသေးသင့်ကြောင်း သူ သင်ခန်းစာရလိုက်လေသည်။
သူ တိုက်ထဲသို့ လှမ်းဝင်လိုက်၏။ သည်ည ၍ကမ္ဘာရှိ သရဲတွေများ မည်မျှ အစွမ်းထက်သလဲဆိုသည်ကို သူ သိချင်နေခဲ့သည်။ သူ့တွင် ရှိသော ပစ္စည်းကိရိယာများနှင့် ရုပ်ရှင်ထဲက ဇာတ်ကောင်များ၏ အကူအညီဖြင့် ခုခံနေမည့်အစား တိုက်စစ်ဆင်ခြင်းက ပိုပြီး ဘေးကင်းနိုင်သည်ဟု သူယူဆထားလေသည်။
သူ၏ အော်ရာအရှိန်အဝါမှာ မြင့်မားနေသော်လည်း နောက်တစ်စက္ကန့်တွင်မူ ပြန်လည်၍ ညှိုးငယ်သွားတော့သည်။
“တောက်... ဓာတ်လှေကားက ပျက်နေတာလားဟ။ မဖြစ်နိုင်တာ။ ငါက ၉ ထပ်မှာ နေတာလေ။”
ခေါင်းဆောင်လုနှင့် လီဇနီးမောင်နှံတို့မှာ မည်သို့သော စွမ်းအားရှင်များ ဖြစ်ကြသည်မသိ၊ တန်ဝမ်ကျဲထက် စက္ကန့်အနည်းငယ်သာ စော၍ထွက်သွားကြသော်လည်း သူတို့ကို လုံးဝလိုက်မမှီတော့ပေ။ တန်ဝမ်ကျဲ၏ ခန္ဓာကိုယ်မှာ သာမန်လူထက် အဆပေါင်းများစွာ သာလွန်သော်လည်း ဤနေရာတွင်မူ သူသည် အညံ့ဆုံးဖြစ်နေသည်ဟု ခံစားနေရသည်။
သူ ၈ ထပ်မှ ၉ ထပ်သို့ တက်လာစဉ် လှေကားထောင့်တွင် အမွှေးတိုင်နှင့် စက္ကူပြာများ ပြည့်နေသော မီးဖိုတစ်ခုရှိနေ၏။ ထိုနေရာတွင် သံချေးရောင် မျက်နှာနှင့် ကောင်လေးတစ်ဦးသည် ဓားတစ်ချောင်းကို ကိုင်ကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
ထိုကောင်လေး စကားပြောလိုက်သောအခါ အသံမှာ အဘွားကြီးတစ်ယောက်ကဲ့သို့ အလွန်အိုမင်းနေခဲ့ပြီး သူ့ကို ခြိမ်းခြောက်လာခဲ့၏။
“လူငယ်လေး... အသံမထွက်နဲ့။ မဟုတ်ရင် ငါ မင်းကို...”
သို့သော် တန်ဝမ်ကျဲက အရင်ဦးအောင် လှမ်းဝင်လိုက်၏။ တစ်ဖက်လူ အံ့သြသွားစဉ်မှာပင် သူသည် ကောင်လေး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး ပုခုံးပေါ်သို့ ဓားမကြီးတစ်ချောင်းကို တင်လိုက်ပြီးဖြစ်သည်။
“ကောင်လေး... အသံထွက်မယ်မကြံနဲ့။ မဟုတ်ရင် ငါ မင်းကို အပြတ်ရှင်းပစ်လိုက်မယ်။”