← Chapters

လီယွန်

Vol. 7 Ch. 67

လီယွန်

Vol. 7 Ch. 67

“သူ့ကို အလွတ်မပေးနဲ့။”

အပြင်ဘက်တွင် တစ်စုံတစ်ယောက်က အော်ဟစ်ရင်း ပြေးလွှားသွား၏။

သိပ်မကြာခင်မှာပင် အခြားတစ်ယောက်ကလည်း အော်ဟစ်ရင်း ဖြတ်ပြေးသွားပြန်သည်။

“အမေ..အမေ..ဘယ်မှာလဲ။”

လှေကားထောင့်တွင်မူ တိတ်ဆိတ်နေပြီး အရေးပေါ်ထွက်ပေါက်မှ အစိမ်းရောင်မီးလင်းရောင်က တန်ဝမ်ကျဲ၏ မျက်နှာပေါ်သို့ ကျရောက်နေခဲ့ရာ သူ၏ပုံစံမှာ သရဲတစ်ကောင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့လေသည်။

ထိုစဥ် တန်ဝမ်ကျဲက အရင်စကားစလိုက်သည်။

“မင်းကို ဘယ်လိုခေါ်ရမလဲ။”

“ငါ... က... ရှောင်... ရုံ... ရဲ့... အ... ဘွား...”

“သေသေချာချာပြောစမ်း။”

တန်ဝမ်ကျဲက သူ၏လက်ကိုမြှောက်ပြီး ရှောင်ရုံ၏ ပါးကို ဆွဲလိမ်လိုက်၏။

“ငါ မင်းထက်အစွမ်းထက်တဲ့ သရဲတွေ အများကြီး မြင်ဖူးတယ်။ အဲဒီလောက်အထိ အသံကို ကြောက်စရာကောင်းအောင် လုပ်နေဖို့ လိုလို့လား။”

ကောင်လေးသည် သူ၏လည်ပင်းကို ထောက်ထားသော တန်ဝမ်ကျဲ၏ ဓားမကြီးကို တစ်ချက်ကြည့်လိုက်ပြီး အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရန် ဆုံးဖြတ်လိုက်လေသည်။

“ငါက ရှောင်ရုံရဲ့ အဘွားပါ။ ငါ့ကို အဘွားကြီးလီလို့ ခေါ်နိုင်ပါတယ်။”

သူက ထိုသို့ဆိုကာ တန်ဝမ်ကျဲကို သရဲဖမ်းဆရာကြီးတစ်ဦးအဖြစ် သတ်မှတ်လိုက်ပုံရသည်။

“ကျွန်မသားက ကျွန်မကို သတ်ခဲ့တာပါ ဆရာကြီး။ အဲ့ဒါကြောင့် ကလဲ့စားချေဖို့ ပြန်လာခဲ့တာပါ။”

ပုံမှန်အားဖြင့် ခုနစ်ရက်မြောက်နေ့တွင် သရဲများကို သေမင်းတမန်များက လိုက်ပါပို့ဆောင်ပေးရမည်ဖြစ်သည်။ သို့သော် အဘွားကြီးလီသည် တစ်ယောက်တည်း ပြန်လာခဲ့ပြီး စိတ်ရှိလက်ရှိ ကလဲ့စားချေနေခြင်းမှာ ထူးဆန်းနေခဲ့သည်။ သေမင်းတမန်များမှာလည်း တစ်ယောက်မှပင် မတွေ့ရပေ။

တန်ဝမ်ကျဲက ခေါင်းငုံ့လိုက်ပြီး ကောင်လေး၏ ပုခုံးကို ဖက်လိုက်သည်။

“ဘာလို့ ရဲမတိုင်တာလဲ။ မင်းက ပူးကပ်နေပြီပဲဟာ။ ရဲကို တိုက်ရိုက်ဖုန်းဆက်လိုက်ရင် မကောင်းဘူးလား။ နောက်ပြီး မင်းအခု ပူးနေတာက ဒီကလေးပဲ။”

သူက ပြောရင်း ကောင်လေး၏ နဖူးကို တို့လိုက်၏။

“ဒါ မင်းရဲ့ မြေးလေး မဟုတ်ဘူးလား။ မင်း သူ့ကို မချစ်ဘူးလား။ သူ့ကို သူ့မိဘတွေကို သတ်တဲ့ လူသတ်သမားဆိုတဲ့ နာမည်ဆိုးနဲ့ တစ်သက်လုံး နေသွားစေချင်တာလား။”

“ကျွန်မ ကလဲ့စားချေချင်တယ် ဆရာကြီး။”

ကောင်လေးက အဘွားကြီးလေသံဖြင့် ဆက်ပြောလိုက်သည်။

“မင်းက အများကြီး တွေးနေတာပဲ။ သူက သရဲလေ။ သရဲနဲ့ လူနဲ့က မတူဘူးကွ။”

ထိုစဉ် အမှောင်ထဲမှနေ၍ အနက်ရောင်ဝတ်စုံရှည် ဝတ်ဆင်ထားကာ ပလတ်စတစ် နှင်းပန်းအိုးတစ်လုံး ကိုင်ထားပြီး အဝတ်သေတ္တာ ဆွဲထားသော အမျိုးသားတစ်ဦး လမ်းလျှောက်လာခဲ့လေသည်။

လှေကားထောင့်ရှိ အရေးပေါ်ထွက်ပေါက်မှ အစိမ်းရောင်မီးရောင်က ထိုသူ၏ ပုခုံးနှင့် ဦးခေါင်းပေါ်သို့ ဖြာကျနေခဲ့သည်။

“လီယွန်: The Professional လား။”

တန်ဝမ်ကျဲ မျက်ခုံးပင့်လိုက်သည်။

“မင်းလည်း အဲဒီကား ကြည့်ဖူးတာပဲလား။”

တစ်ဖက်လူက အံ့သြတကြီး မော့ကြည့်လိုက်ပြီး မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွား၏။ သို့သော် သူ၏ နေကာမျက်မှန်နှင့် ဦးထုပ်ကြောင့် မျက်လုံးများကိုမူ မမြင်ရပေ။

“မင်းနာမည် ဘယ်လိုခေါ်လဲလို့ မေးပါရစေ။”

ထိုသူက ရုတ်တရက် လေးလေးနက်နက် မေးလိုက်သည်။

“သင်ပြီးမှ မေး။”

တန်ဝမ်ကျဲက ပြန်ဖြေလိုက်သည်။

“မေးပြီးမှ သင်။”

“သင်ပြီးမှ မေး။”

“ဟေ့။”

ထိုစဉ် ဓားမကြီးဖြင့် အထောက်ခံထားရသော ကောင်လေးက မနေနိုင်ဘဲ ဝင်ပြောလိုက်၏။

“နင်တို့ ဘာလုပ်နေကြတာလဲ။ ငါကက သရဲလေ။ ငါကိုလည်း နည်းနည်းလောက်တော့ အလေးထားကြပါဦး။ လျစ်လျူမရှုကြပါနဲ့ဟဲ့။”

“သရဲဆိုတော့ရော ဘာဖြစ်လို့လဲ။”

ထိုလူသည် သူ၏ အဝတ်သေတ္တာနှင့် ပလတ်စတစ်ပန်းအိုးကို ချလိုက်ပြီး အိတ်ထဲမှ ခေါက်ဓားတစ်ချောင်း ထုတ်ကာ ကောင်လေး၏ အခြားပုခုံးတစ်ဖက်တွင် ထောက်လိုက်၏။

တစ်ဖက်မှာ ဓားမကြီး၊ တစ်ဖက်မှာ ခေါက်ဓားနှင့် ညှပ်မိနေသော ကောင်လေးမှာ စကားပြောမိသည်ကိုပင် နောင်တရသွားခဲ့ပြီး ပါးစပ်ပိတ်လိုက်တော့လေသည်။

“ငါက လီယွန်။ တခြားသူတွေကတော့ ငါ့ကို သရဲဖမ်းဆရာကြီးလို့ ခေါ်ကြတယ်။”

“ငါက စတီဖင်ချောင်ပါ။ တခြားသူတွေကတော့ ငါ့ကို သရဲဖမ်း ဘုရင်ကြီးလို့ ခေါ်ကြတယ်။”

“ချီး... မင်းနာမည်က တန်ဝမ်ကျဲ ဆိုတာ ရှင်းနေတာချည်းကို။ ပြီးတော့ စတီဖင်ချောင် ဆိုတဲ့ နာမည်ကလည်း ပေါလိုက်တာ။”

ထို့နောက် လီယွန်က အောက်ထပ်ကို လက်ညိုးထိုးပြသည်။

“စောစောက မင်းတို့ စကားပြောနေတာ ငါကြားလိုက်တယ်။”

တန်ဝမ်ကျဲ : “... “

“ဒါဆို ဘာလို့ မေးနေတာလဲ။ ခင်ဗျားက... စိတ်ကျန်းမာရေး လူနာလား။”

“ဟိုက်...မင်းက ဒါကိုတောင် သိတာလား။”

“ပုံမှန်လူက ညဘက် မီးမရှိတဲ့နေရာမှာ နေကာမျက်မှန် တပ်ထားမှာမဟုတ်ဘူးလေ။”

“ယုတ္တိရှိတယ်၊ အချက်အလက်ခိုင်လုံတယ်။ ငါ တကယ် အထင်ကြီးသွားပြီ။”

ထိုလူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အသိအမှတ်ပြုသောအားဖြင့် ကောင်လေး၏ လည်ပင်းကို ထောက်ထားသော လက်များကို တစ်ဖက်စီ ပြောင်းကိုင်ကာ အားလပ်သွားသော လက်များဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ကြလေသည်။

“ခင်ဗျား စောစောက ပြောတဲ့စကားက ဘာကို ဆိုလိုတာလဲ။”

“ငါပြောသလိုပဲ။ သရဲဆိုတာ စွမ်းအင်တစ်မျိုးပဲ။ လူတွေ သေသွားရင် သရဲဖြစ်လာပေမဲ့ သူတို့က အသက်ရှင်စဉ်ကနဲ့ လုံးဝမတူတော့ဘူး။ ဒါက ရူပဗေဒ အသိပညာတွေ ပါဝင်နေတာ၊ မင်း နားလည်မှာမဟုတ်လို့ ငါ မရှင်းပြတော့ဘူး။”

လီယွန်က အာပေါင်အာရင်းသန်သန်ဖြင့် ခဏပြောပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။

“၁၂ နာရီ ထိုးတော့မယ်။ အဘွားကြီးလီကို ပြန်ပို့ရမယ့် အချိန်ပဲ။”

တန်ဝမ်ကျဲကလည်း မငြင်းပေ။ လီယွန်၏ သရဲပြန်ပို့နည်းကို သူ အလွန်စိတ်ဝင်စားနေခဲ့သည်။

ထို့ကြောင့် လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်သည် ဓားမကြီးနှင့် ခေါက်ဓားကို အသုံးပြုကာ ဝန်းရံစောင့်ကြပ်သည့် ပုံစံဖြင့် လမ်းလျှောက်ကာ ထွက်ခဲ့လာကြ၏။

အိမ်ထဲသို့ ရောက်သောအခါ လီယွန်သည် သူ၏ အဝတ်သေတ္တာကို ဖွင့်လိုက်ပြီး ယမ်းတောင့်များ၊ ပုဆိန်၊ ဂစ်တာ၊ ချောကလက်၊ ပလတ်စတစ်စက္ကူ၊ နွားနို့၊ တူ၊ ကြွက်ထောင်ချောက် အစရှိသည်တို့ကို အပြင်သို့ ကျဲချလိုက်လေသည်။

“အိမ်သာထဲက အိမ်သာအဖုံးကို သွားဖွင့်ပေးပါဦး “

လီယွန်က ခိုင်းလိုက်သည်။

တန်ဝမ်ကျဲက ချက်ချင်း အိမ်သာထဲဝင်ကာ အဖုံးကို မလိုက်သည်။

“ဒီနောက်ထပ် အဆင့်က အရမ်းအရေးကြီးတယ်။”

လီယွန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“သရဲကို ကလေးရဲ့ ကိုယ်ထဲက ထွက်လာအောင် လုပ်ရမယ်။ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင်...”

သူ စကားပြောနေစဉ်မှာပင် တန်ဝမ်ကျဲ၏ လက်များက မန္တန်တံဆိပ်များအား ဖော်ဆောင်နေသည်ကို တွေ့လိုက်ရလေသည်။ တန်ဝမ်ကျဲသည် ဟိုဟိုဒီဒီ လမ်းလျှောက်လိုက်ပြီး ကောင်လေး ရှောင်ရုံ၏ ကျောကုန်းကို လက်ဖြင့် တို့လိုက်၏။

“အား...။”

အဘွားကြီးလီ၏ ဝိညာဉ်သည် ကောင်လေးကိုယ်ထဲမှ လွင့်ထွက်သွားပြီး အိမ်သာခွက်ထဲသို့ ခေါင်းစိုက်ကာ ဝင်သွားတော့လေသည်။

လီယွန်သည် ချက်ချင်းပင် ရှေ့သို့ ပြေးတက်သွားပြီး အဘွားကြီးလီသရဲကို လက်နှစ်ဖက်ဖြင့် ဆွဲဖမ်းကာ အိမ်သာခွက်ထဲသို့ ခေါင်းစိုက် ထိုးထည့်လိုက်ပြီး ခြေထောက်ဖြင့် ဖိနင်းချလိုက်၏။

တန်ဝမ်ကျဲလည်း ရှေ့သို့ တိုးသွားလိုက်သည်။

သူသည် အဘွားကြီးလီ၏ ဝိညာဉ်ကို ထိလိုက်သောအခါ အလွန်အံ့သြသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ယင်ယန်မျက်လုံးဖြင့် ကြည့်လိုက်သောအခါ ဤသရဲတွင် ခိုင်မာသော ရုပ်ဝတ္ထုပုံသဏ္ဌာန် ရှိနေသောကြောင့်ပင်။ တစ်နည်းအားဖြင့် ဤကမ္ဘာမှ သရဲများသည် သူ ယခင်က တွေ့ဖူးသမျှ သရဲများနှင့် လုံးဝမတူပေ။

သူတို့နှစ်ဦး ပေါင်းပြီး ကန်ကျောက်လိုက်သောအခါ နောက်ဆုံးတွင် သရဲမှာ အိမ်သာခွက်ထဲသို့ လိပ်ခွေကာ ဝင်သွားတော့လေသည်။ အဘွားကြီးလီမှာ အလုံးလိုက်ကလေး ဖြစ်သွားပြီး ခေါင်းလေးသာ အိမ်သာခွက်ထဲတွင် ပေါ်နေတော့သည်။

“နင်တို့ နှစ်ယောက်... ငါ့အတွက် ရဲလေး ဘာလေး ခေါ်ပေးလို့ မရဘူးလား။”

နောက်တစ်စက္ကန့်တွင် လီယွန်က အိမ်သာရေဆွဲခလုတ်ကို နှိပ်ချလိုက်၏။

ရေများ ဝဲလှည့်စီးဆင်းသွားသည်နှင့်အမျှ အဘွားကြီးလီ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။

“ဒါပဲလား။”

တန်ဝမ်ကျဲသည် ရုပ်ရှင်ကြည့်ဖူးသော်လည်း ဤအခြေအနေမှာ အလွန် ထူးဆန်းနေဆဲပင်။

“အိမ်သာက ငရဲပြည်နဲ့ ဆက်နေတာလေ။ ငါ သူ့ကို ပို့လိုက်ပြီ။”

လီယွန်က ဘာမှမဟုတ်သကဲ့သို့ လက်ခါပြလိုက်သည်။

သို့သော်လည်း သူ၏ မျက်နှာပေးက ရုတ်တရက် တည်ကြည်သွားပြီး တန်ဝမ်ကျဲကို ကြည့်လိုက်၏။

“မင်း စောစောက သုံးလိုက်တဲ့ လှုပ်ရှားမှုက ဘာလဲ။”

“အစီအရင်မန္တန်လေ။ ကျုပ်က တာအိုလမ်းစဉ်လိုက်စားသူဆိုတော့ သရဲဖမ်းဖို့ အစီအရင် သုံးတာ သဘာဝပါပဲ။”

တန်ဝမ်ကျဲက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ထူးဆန်းသည်မှာ လီယွန်က သရဲမြင်လိုက်ရသလို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေခြင်းပင်။ သူက နေကာမျက်မှန်ကို အောက်သို့ လျှောချလိုက်သည်။

“အစီအရင်မန္တန် ဟုတ်လား။ ဟားဟားဟား...အဲဒါက လုံးဝသိပ္ပံနည်းမကျဘူး။ ဒီထက်ကောင်းတဲ့ လိမ်နည်း မရှိတော့ဘူးလား။”

“ချီး... ခင်ဗျားကျ အိမ်သာနဲ့ သရဲကို ငရဲပို့တဲ့သူဖြစ်ပြီးတော့ ကျုပ်ရဲ့ အစီအရင်တွေကို အတုလို့ ပြောနေတာလား။”

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ထူးဆန်းသူဟု သတ်မှတ်ကာ စိုက်ကြည့်နေကြစဉ် ကြမ်းပြင်ပေါ်တွင် လဲနေသော ရှောင်ရုံက သတိရလာပြီး ငိုယိုတော့လေသည်။

“မေမေ...”

ထိုအချိန်တွင် မစ္စတာလီနှင့် မစ္စလီတို့သည်လည်း အသံကြား၍ ပြေးလာခဲ့ကြ၏။ ခေါင်းဆောင်လုလည်း ပါလာခဲ့သည်။

“မစ္စတာတန် ရှောင်ရုံက ဘာလို့ ဒီမှာ ရှိနေတာလဲ။”

တန်ဝမ်ကျဲက မောဟိုက်နေသော လီဇနီးမောင်နှံကို ကြည့်လိုက်သည်။ သူ စကားပြောမည်အပြုတွင် လီယွန်က အရင်ပြောလိုက်၏။

“သူ့က သရဲပူးခံရပြီး လျှောက်ပြေးနေတယ်လေ။ ကျုပ်နဲ့တွေ့လို့ တော်သေးတာပေါ့။ အခု အားလုံး အဆင်ပြေသွားပြီ၊ စိတ်မပူကြနဲ့တော့။”

“သရဲပူးတယ် ဟုတ်လား။”

လီဇနီးမောင်နှံက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

“သရဲပူးတာ...။”

ခေါင်းဆောင်လုလည်း လန့်သွား၏။ ထိုစဉ်လီယွန်က ဆက်ပြောလိုက်သည်။

“သြော်... ဒါနဲ့ အဲဒီသရဲက သူ့ကို သားဖြစ်သူက သတ်တာလို့ ပြောပြီး ရဲခေါ်ပေးဖို့ တောင်းဆိုသွားသေးတယ်။ သူ့ခေါင်းက စောစောက ဒီအိမ်သာခွက်ထဲမှာပဲ ရှိနေခဲ့တာ။”

လီယွန်က အိမ်သာကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

တန်ဝမ်ကျဲသည် လီဇနီးမောင်နှံ၏ မျက်နှာပျက်ယွင်းသွားသည်ကို သတိပြုမိလိုက်၏။ သူသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး လီယွန်ကို အကာအကွယ်အဖြစ် အရှေ့မှာ ထားလိုက်တော့လေသည်။

ထင်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်တွင် လီဇနီးမောင်နှံ၏ လက်ထဲတွင် ဓားတစ်ချောင်းစီ ရောက်ရှိလာတော့၏။ အမြင့်က ရေခဲသေတ္တာကျတာတောင် ဘာမှမဖြစ်ခဲ့သော ခေါင်းဆောင်လုမှာမူ ယခုတစ်ခါ ဝမ်းဗိုက်ကို ဓားဖြင့် အထိုးခံလိုက်ရပြီး လဲကျသွားတော့လေသည်။

တန်ဝမ်ကျဲသည် စကားတစ်လုံးမှ မပြောဘဲ လှည့်ပြေးတော့၏။

သူ တံခါးဝသို့ ရောက်သောအခါ ဗိုက်ကိုဖိပြီး အပြင်ဘက် နံရံကိုမှီကာ အမောတကော ဖြစ်နေသော ဗိုလ်မှူးလုကို တွေ့လိုက်ရ‌လေသည်။

တန်ဝမ်ကျဲ နောက်လှည့်ကြည့်မိလိုက်၏။

ခေါင်းဆောင်လုက စောစောက အခန်းထဲမှာ လဲနေတာ မဟုတ်ဘူးလား။

သို့သော် သူနှင့် ခေါင်းဆောင်လု အပြင်ကို ရောက်လာပြီဖြစ်ရာ လီယွန်တစ်ယောက်တည်းသာ ထိုရူးသွပ်နေသော ဇနီးမောင်နှံနှင့် ကျန်ရစ်ခဲ့တော့လေသည်။

အခန်းထဲတွင် လီယွန်သည် ခါးထောက်ကာ ရပ်နေ၏။

“ငါက ဘာနဲ့ထိုးလို့မှ မဖောက်ဘူးကွ။ မင်းတို့ဓားတွေက ငါ့ကို ထိအောင်အောင် မလုပ်နိုင်ဘူး။”

သူက ကြွေးကြော်လိုက်သည်။

စွက် စွက်

လီဇနီးမောင်နှံသည် လီယွန်ကို ဓားဖြင့် အလွယ်တကူ ထိုးလိုက်ကြ၏။ လီယွန်သည်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။ ထို့နောက် ထိုဇနီးမောင်နှံသည် တံခါးဝရှိ တန်ဝမ်ကျဲကို လှည့်ကြည့်လာခဲ့ကြ၏။

“ဟိုက်...”

တန်ဝမ်ကျဲ လှည့်ပြေးရန် ပြင်လိုက်စဉ် လီယွန်သည်လည်း ခေါင်းဆောင်လု၏ ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့ပြန်သည်။ သူတို့နှစ်ဦးစလုံး သေတော့မည့်ပုံ ပေါက်နေသော်လည်း တစ်နေရာမှ တစ်နေရာသို့ ရုတ်တရက် ကူးပြောင်းနိုင်စွမ်းရှိနေပုံရသည်။

“ပြေးတော့...”

လီယွန်က အော်ဟစ်ကာ ရှေ့မှ ဦးဆောင်ကာ ထွက်ပြေးတော့၏။ ကပ္ပတိန်လုသည်လည်း နောက်မှလိုက်လာပြီး နောက်မှ စထွက်သော်လည်း အခြားနှစ်ယောက်ကို အလွယ်တကူ ကျော်တက်သွားတော့သည်။

နောက်မှ လိုက်လာသောအရှိန်ကို ခံစားမိသဖြင့် တန်ဝမ်ကျဲက မေးလိုက်သည်။

“ခင်ဗျား စောစောက နှစ်ချက်တောင် အထိုးခံထားရတာ မဟုတ်ဘူးလား။ ဘာလို့ မသေသေးတာလဲ။”

“ဓားနဲ့ အထိုးခံရတာက အထိုးခံရတာပဲ။ သေတာက သေတာပဲလေ။ ငါတို့ လူစုခွဲပြီး ပြေးကြရအောင်။”

“ဟော်ရာရုပ်ရှင်တွေမှာ လူစုမခွဲရဘူးလို့ ပြောကြတယ်...။”

တန်ဝမ်ကျဲက ရှေ့ကလမ်းကို ကြည့်ပြီး အံကြိတ်ကာ လီယွန်နှင့် လူစုခွဲလိုက်၏။ သရဲကားထဲ ဝင်လာပြီးမှ သရဲမဖမ်းရသေးခင် လူသတ်သမားများ၏ အလိုက်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

မိနစ်အနည်းငယ်ခန့် ရမ်းသမ်းပြေးပြီးနောက် တန်ဝမ်ကျဲ၏ ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာခဲ့လေသည်။

“မပြေးနဲ့တော့...ရှေ့မှာ လမ်းပိတ်နေပြီ။”

လီယွန်ဝစ်ယောက် မည်သို့ရောက်လာခဲ့သည်မသိ၊ သူ့ရှေ့သို့ ရောက်နေပြီး သူ့ဘက်သို့ ပြန်ပြေးလာနေခဲ့သည်။

သူတို့နှစ်ဦး ခဏမျှ အတူပြေးပြီးနောက် လီဇနီးမောင်နှံနှင့် မတိုးမိတော့ပေ။

ထို့ကြောင့် သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။

“ကပ္ပတိန်လု ဘယ်ရောက်သွားတာလဲ။”

All Chapters