← Chapters

မသေနိုင်သော စစ်နတ်ဘုရား

Vol. 7 Ch. 68

မသေနိုင်သော စစ်နတ်ဘုရား

Vol. 7 Ch. 68

ကပ္ပတိန်လုသည် လက်ရှိတွင် အသည်းအသန် ထွက်ပြေးနေရ၏။

သူသည် သူ့နောက်မှ ဓားများကိုင်ကာ လိုက်လာနေသော ဇနီးမောင်နှံကို လှည့်ကြည့်ရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။

“ဘာလို့ ငါ့နောက်ကိုပဲ လိုက်နေကြတာလဲဟ။”

ကံကောင်းထောက်မစွာဖြင့် သူက လုံခြုံရေးခေါင်းဆောင် ဖြစ်နေခဲ့လေသည်။ အခြားအရာများတွင် မကျွမ်းကျင်သော်လည်း တိုက်၏ တည်ဆောက်ပုံကိုမူ အပိုင်သိထားသူဖြစ်ရာ လျင်မြန်သော လှုပ်ရှားမှုများဖြင့် ထိုဇနီးမောင်နှံ၏ သေစေနိုင်သော ဓားချက်များကို အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့သည်။

သူ့နောက်မှ လိုက်လာသော ထိုနှစ်ယောက်မှာ အမောမဆိုက်ဘဲ မည်သို့ ဤမျှအကြာကြီး ပြေးနိုင်နေသလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရ၏။

ထိုစဉ် ရှေ့ဘက် လျှောက်လမ်းထောင့်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

“ကပ္ပတိန်လု ဝပ်လိုက်...။”

ကပ္ပတိန်လု၏ ခန္ဓာကိုယ်သည် အလိုအလျောက်ပင် အမိန့်ကို နာခံလိုက်ပြီး ရှေ့သို့ ထိုးလှဲလိုက်၏။ ထိုခဏမှာပင် ခေါက်ကုလားထိုင် နှစ်လုံးသည် သူ၏ ဦးရေပြားထက်မှ ဝဲပျံကာ ဘယ်နှင့်ညာမှ ထွက်ပေါ်လာပြီး နောက်မှ လိုက်လာသော လီဇနီးမောင်နှံ၏ မျက်နှာကို တည့်တည့်မှန်သွားတော့လေသည်။

ထိုနှစ်ဦးမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်သွားကြတော့သည်။

“ကပ္ပတိန်လု ဒီမှာရှိမှန်း မင်း ဘယ်လိုသိတာလဲ။”

တန်ဝမ်ကျဲသည် ခေါက်ကုလားထိုင်ကို ချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော လီဇနီးမောင်နှံကို တစ်ချက်ကြည့်ကာ လီယွန်ကို မေးလိုက်၏။

“လီလီက ငါ့ကို ပြောပြတာ။”

လီယွန်သည် လက်တစ်ဖက်တွင် ခေါက်ကုလားထိုင်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ပလတ်စတစ် ပန်းအိုးလေးကို ညွှန်ပြကာ လေးလေးနက်နက် မိတ်ဆက်ပေးလိုက်သည်။

“ဒါက လီလီလေ။”

“မင်္ဂလာပါ လီလီ။”

တန်ဝမ်ကျဲသည် လီယွန်ကို အလေးထားသောအားဖြင့် ထိုပလတ်စတစ်ပန်းအိုး၏ အရွက်များကို လက်ဆွဲနှုတ်ဆက်လိုက်၏။ သို့သော် လီယွန်ပြောသမျှကိုမူ သူတစ်လုံးမှ မယုံပေ...။ သို့မဟုတ် သူသည် ဤကမ္ဘာ၏ နိယာမနှင့်ပတ်သက်၍ သံသယအချို့ ရှိနေပြီဖြစ်သည်။

ရေခဲသေတ္တာနှင့် အမှန်ခံရခြင်းက ဒဏ်ရာမရစေသော်လည်း ဓားနှင့် အထိုးခံရခြင်းက ဒဏ်ရာရစေသည်။

၉ လွှာတစ်ခုတည်းမှာပင် သူနှင့် လီယွန်သည် ကပ္ပတိန်လုကို ရှာမတွေ့သော်လည်း ပလတ်စတစ် နှင်းပန်းအိုးလေးကမူ လူရှာတွေ့နိုင်၏။

ခေါက်ကုလားထိုင်နှင့် ရိုက်ခြင်းက လူကို သတိလစ်စေသော်လည်း ဒဏ်ရာအပြင်းအထန် မရစေပေ။

ဤအရာများအားလုံးက ထူးဆန်းနေသော်လည်း အမှန်တကယ်တွင် ယုတ္တိတစ်ခု ရှိနေခဲ့လေသည်။ ထိုယုတ္တိမှာ လီယွန်နှင့် ဆက်စပ်နေခြင်းဖြစ်ပြီး သူ ဘယ်လိုယုံကြည်သလဲဆိုသည့်အတိုင်း အရာရာက လည်ပတ်နေခြင်းပင်။

“အခု ဘာဆက်လုပ်မလဲ။”

ကပ္ပတိန်လုတစ်ယောက် ကြမ်းပြင်မှ ကုန်းရုန်းထလာခဲ့သည်။ တန်ဝမ်ကျဲ၏ အကြည့်မှာ ကပ္ပတိန်၏ ဝမ်းဗိုက်ဆီသို့ ရောက်သွားပြီးနောက် ပေါင်ကြားဆီသို့ ဆက်သွားလိုက်၏။

ကပ္ပတိန်လု၏ မျက်နှာပျက်ယွင်းသွားပြီး ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ကာကာ အခြားလက်တစ်ဖက်ဖြင့် ပေါင်ကြားကို ဖုံးအုပ်လိုက်သည်။

“မစ္စတာတန်... ကျုပ်အလုပ်က တိုက်ထဲကလူတွေကို ကာကွယ်ပေးဖို့ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို လာမနှောင့်ယှက်ပါနဲ့။”

“ခင်ဗျား ဓားနဲ့ အထိုးခံလိုက်ရတယ် မဟုတ်လား။”

“ဟုတ်တယ်၊ အထိုးခံရတယ်။ အရမ်းနာတာပဲ။”

ကပ္ပတိန်လုနှင့် လီယွန်ကို ကြည့်ရင်း တန်ဝမ်ကျဲသည် နောက်ဆုံးတွင် လက်ရှိအခြေအနေကို လက်ခံရန်သာ ဆုံးဖြတ်လိုက်တော့လေသည်။ ဓားနှင့် အထိုးခံရခြင်းနှင့် သေဆုံးခြင်းမှာ သီးခြားစီ ဖြစ်နေ၏။ “သေပြီ” ဟု မပြောသရွေ့ ထိုလူမှာ သေလိမ့်မည်မဟုတ်သကဲ့သို့ပင်။

ငါသာ တစ်ချက်အထိုးခံလိုက်ရရင် သေသွားလောက်လား။

တန်ဝမ်ကျဲသည် မိမိဝမ်းဗိုက်ကို ပြန်စမ်းကြည့်မိပြီး တွန့်ဆုတ်သွားခဲ့၏။ စမ်းသပ်ရန်အတွက် အထိုးခံပေးမည့်သူတစ်ဦးကို ရှာတွေ့လျှင် ပိုကောင်းပေလိမ့်မည်။

“ဘာလုပ်ရမလဲဆိုတော့... ဒီနှစ်ယောက်ကို ငါတို့...”

လီယွန်က ပေါက်ကရများ ထပ်ပြောတော့မည်ကို မြင်သဖြင့် တန်ဝမ်ကျဲက ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

“ဒီနှစ်ယောက်က ခင်ဗျားတို့ကို ရူးရူးမူးမူး ထိုးခဲ့သလို သူတို့အမေကို သတ်ခဲ့မှန်းလည်း ကျုပ်တို့သိထားတယ်။ အဲ့ဒါကြောင့် ရဲကိုပဲ ခေါ်ရမယ်။”

ရဲခေါ်ခြင်းကို ဘယ်သူမှ မကန့်ကွက်ကြပေ။

ရဲခေါ်သည့်လုပ်ငန်းစဉ်မှာ ချောမွေ့လှပေသည်။ ထိုဇနီးမောင်နှံကို ရဲများက ဖမ်းခေါ်သွားသည်အထိ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပေ။ အရာအားလုံး ပြီးဆုံးသွားပြီဟုပင် ထင်ရပေသည်။

သို့သော် တန်ဝမ်ကျဲ၏ “ရက်လည်နေ့” မစ်ရှင်မှာ မပြီးဆုံးသေးပေ။

အိမ်နီးနားချင်းများက လီဇနီးမောင်နှံမှာ သူတို့အမေကို သတ်ရုံတင်မကဘဲ ယနေ့ည၌ လူများကိုပါ လိုက်ထိုးနေကြသည်မှာ မယုံနိုင်စရာပဲဟုပင် အတင်းပြောနေကြ၏။

လုံခြုံရေးဝန်ထမ်းများမှာလည်း အခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီးသွားကြပြီဖြစ်သည်။ ကပ္ပတိန်လုသည် လီယွန်နှင့် တန်ဝမ်ကျဲတို့ကို အလွန်ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောကြားခဲ့သော်လည်း လီယွန်ပြောသော သရဲပုံပြင်များကိုမူ သူလုံးဝမယုံပေ။

ဒီကမ္ဘာမှာ သရဲဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။

“ခင်ဗျားဆီမှာ ၅၀၀ ရှိလား။”

လီယွန်က ကပ္ပတိန်လုကို မေးလိုက်သည်။

“ဘာလုပ်ဖို့လဲ။”

ကပ္ပတိန်လုက နားမလည်သော်လည်း လီယွန်၏ တည်ကြည်သော မျက်နှာကြောင့် ငွေ ၅၀၀ ကို ထုတ်ပေးလိုက်၏။

လီယွန်သည် ထိုငွေကိုယူပြီး သူ၏အိတ်ထဲသို့ ထည့်လိုက်သည်။

“ကျုပ်အိမ်က ဝေးတော့ တက္ကစီစီးဖို့ လိုတယ်လေ။”

“ဘာကွ ငါ့ပိုက်ဆံ ပြန်ပေးစမ်း။”

ကပ္ပတိန်လာက လှမ်းလုမည်အပြုတွင် တောင့်ခဲသွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် တန်ဝမ်ကျဲသည် ကပ္ပတိန်လု၏ အိတ်များကို နှိုက်ကြည့်နေပြီဖြစ်သောကြောင့်ပင်။ ဘောင်းဘီအိတ်ထဲတွင် ဘာမှမတွေ့သဖြင့် လီယွန်ကို လှည့်ပြောလိုက်သည်။

“ဟေး လီယွန် တစ်ယောက်တစ်ဝက် ခွဲကြရအောင်။ ပြီးတော့ ခင်ဗျား စိတ်ကျန်းမာရေးဆေးရုံကို ပြန်ချင်ရင် ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲလေ။”

“ဟုတ်သားပဲ။”

လီယွန်က ခေါင်းညိတ်လိုက်၏။ နောက်အခိုက်အတန့်တွင် လူတစ်စု ရုတ်တရက် ပြေးထွက်လာပြီး ကပ္ပတိန်လု၏ အံ့သြနေသော အကြည့်အောက်တွင် လီယွန်ကို ကြိုးဖြင့်တုတ်ကာ အတင်းအဓမ္မ ဖမ်းခေါ်သွားကြတော့လေသည်။

“အဲဒီလူတွေက ဘယ်သူတွေလဲ။”

ကပ္ပတိန်လုမှာ ကြောင်နေဆဲပင်။ ထိုစဉ် ထိုလူအုပ်ကြီးက လှည့်ကြည့်ကာ အော်ပြောလာခဲ့သည်။

“ငါတို့က ချုံကွမ်း စိတ်ကျန်းမာရေးဆေးရုံကပဲ။”

သည်ည ဖြစ်ပျက်ခဲ့သည်များမှာ အလွန်ထူးဆန်းလွန်းသဖြင့် ကပ္ပတိန်လုမှာ ကြောက်လန့်နေ၏။ တန်ဝမ်ကျဲ၏ စူးရှသော အကြည့်ကို ခံစားမိသောအခါ သူ တုန်လှုပ်သွားခဲ့သည်။ တန်ဝမ်ကျဲနှင့် အတူရှိနေခြင်းက အန္တရာယ်ရှိသည်ဟု သူ ခံစားနေရလေသည်။

“မစ္စတာတန်... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ ကျုပ်... ကျုပ်...”

“ကပ္ပတိန်လု...။”

တန်ဝမ်ကျဲက အနားတိုးလာသဖြင့် ကပ္ပတိန်လုသည် ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးသွားတော့၏။

“လခွမ်း...ကျုပ်က ခင်ဗျားရဲ့ အဝတ်တွေကို ချွတ်ပြီး ဒဏ်ရာကို ကြည့်ချင်လို့ဗျ။ လူအချင်းချင်းပဲကို ဒီလောက်အထိ ခုခံနေစရာ မလိုပါဘူး။”

တန်ဝမ်ကျဲသည် အိမ်ပြန်အိပ်လိုက်ပြီး မနက်ဖြန်တွင် ဆေးရုံသို့သွားကာ လီယွန်နှင့် ရင်းနှီးအောင် လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် အိပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့သည်။ အိမ်သာအဖုံးကို ဖွင့်လိုက်လျှင်လည်း အဘွားကြီးလီ၏ ခေါင်းကို သွားသတိရနေသဖြင့် အိမ်သာပင် မတက်ချင်တော့ပေ။

ဤကမ္ဘာတွင် အချိန်ကာလမှာ ပုံမှန်အတိုင်းသာ စီးဆင်းသွားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် တန်ဝမ်ကျဲသည် သူ၏ အိမ်ကို ရှာဖွေကြည့်ရာ ဒေါ်လာ တစ်သိန်းကျော် တွေ့ရှိခဲ့၏။ မများလှသော်လည်း သုံးဖြုန်းရန်အတွက် လောက်ငှပါသည်။

“မစ္စတာတန်။”

သူ အောက်ထပ်သို့ ဆင်းလာစဉ် လုံခြုံရေးဂိတ်မှ ဒါမာဟုခေါ်သော အမျိုးသမီးက သူ့ထံသို့ ချဉ်းကပ်လာခဲ့သည်။ သူမ၏ ရုပ်ရည်ကို ကြည့်ရင်း တန်ဝမ်ကျဲမှာ ရုတ်တရက် ရင်ထဲမှာ မအီမသာ ဖြစ်သွားခဲ့ရ၏။

ဒါမာက ဝေါ်ကီတော်ကီကို ကမ်းပေးရင်း ပြောလာခဲ့သည်။

“ရှင့်အတွက် ဖုန်းလာနေတယ်။”

“ကျုအ်အတွက် ဟုတ်လား။”

တန်ဝမ်ကျဲသည် နားမလည်စွာဖြင့် လှမ်းယူလိုက်၏။

“ဘယ်သူလဲ။”

ထိုစဥ် ကပ္ပတိန်လု၏ အသံ ထွက်လာခဲ့လေသည်။

“မစ္စတာတန် မနေ့ညက စိတ်ဝေဒနာရှင်က ခင်ဗျားနဲ့ စကားပြောချင်လို့ပါတဲ့။”

“လီယွန်လား။”

“ငါပါ...လီယွန်။”

“ခင်ဗျားက ကပ္ပတိန်လု မဟုတ်ဘူးလား။ အသံတောင် မပြောင်းဘူး။”

“ကျုပ်က ဖုန်းထဲကစကားကို ပြန်ပြောပြနေတာလေ။”

“ကောင်းပြီ ဘာကိစ္စလဲ။”

“ငါ တစ်ညလုံး စဉ်းစားကြည့်တာ။ ဟာကွက်ကြီးတစ်ခု တွေ့ခဲ့တယ်။ လီဇနီးမောင်နှံက ထောင်ကနေ ထွက်ပြေးလာဖို့ ရှိနေတယ်။”

ကပ္ပတိန်လုသည် လီယွန်၏ အသံကို တုပရန် ကြိုးစားနေသော်လည်း လုံးဝမတူပေ။ သို့သော် သူကတော့ ဇွတ်တုပနေဆဲပင်။

တန်ဝမ်ကျဲမူ ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။

“ထွက်ပြေးမယ်ဟုတ်လား။ ဘာဟာကွက်လဲ။”

“ရဲစခန်းမှာ ငါသိတဲ့ လူယုတ်မာတစ်ယောက် ရှိတယ်။ အဲဒီကောင်က ပိုက်ဆံ ၁၀၀၀ ပေးရင် လူကို ပြန်လွှတ်ပေးလိမ့်မယ်။”

“သေချာလို့လား။”

ဒီလောက် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်နဲ့လား။

“လုံးဝ သေချာတယ်။”

“သူတို့သာ ထွက်လာရင် မင်း၊ ငါနဲ့ ကပ္ပတိန်လူးကို ကလဲ့စားချေဖို့ လာမှာပဲ။ အဲ့ဒါကြောင့် ဒီညက အရမ်းအန္တရာယ်များလိမ့်မယ်။”

“မင်းသာ အဲ့ဒါကို မပြောခဲ့ရင် သူတို့ ထွက်ပြေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းပ ပြောလိုက်ပြီဆိုတော့... ထားလိုက်ပါတော့...။ ဒီည ငါ စောင့်နေမယ်။”

တန်ဝမ်ကျဲသည် ဝေါ်ကီတော်ကီကို ဒါမာထံသို့ ပြန်ပေးလိုက်လေသည်။

သူသည် လေးလံသော စိတ်ဖြင့် တိုက်ထဲမှ ထွက်လာခဲ့၏။ လီယွန်နှင့်ပတ်သက်၍ သူ၏ ခန့်မှန်းချက်သာ မှန်ပါက ထိုလူ၏ စိတ်ကူးသည် လက်တွေ့ဘဝကို ပြောင်းလဲစေနိုင်ပေသည်။ သူသာ တစ်ခုခုကို ယုံကြည်လိုက်လျှင် ထိုအရာက အမှန်တကယ် ဖြစ်လာပေတော့မည်။

သူက လူတစ်ယောက်ကို မသေဘူးဟု ယုံကြည်ထားလျှင် ထိုလူမှာ အထပ်မြင့်ပေါ်က ခုန်ချသော်လည်း သေမည်မဟုတ်ပေ။ သူက သေပြီဟု ယုံကြည်လိုက်လျှင်လည်း မည်သူမျှ ကယ်တင်၍ ရတော့မည်မဟုတ်ချေ။

ယခု လီယွန်က လီဇနီးမောင်နှံ ငွေ ၁၀၀၀ ပေးပြီး ထွက်လာမည်ဟု ယုံကြည်သွားပြီဖြစ်ရာ သူတို့ အမှန်တကယ် ထွက်လာကြတော့ပေမည်။

တန်ဝမ်ကျဲ ချက်ချင်းပင် အစီအစဉ်ဆွဲတော့သည်။ ရဲစခန်းကတောင် သူတို့ကို မတားနိုင်လျှင် သူ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ ဝိညာဉ်များ ပြန်လာခြင်းမှာ ရှောင်လွှဲ၍ မရတော့ပေ။

ပထမဆုံးအနေဖြင့် သူသည် ဘုရားကျောင်းတစ်ခုသို့ သွားကာ ကွမ်းတိနတ်မင်းနှင့် စစ်သူကြီ ကျိုးချန်တို့ကို ပူဇော်ကန်တော့လိုက်၏။ ရလဒ်မှာ ကျေနပ်ဖွယ်ဖြစ်ပြီး စစ်သူကြီးကျိုးချန်က တုံ့ပြန်ခဲ့လေသည်။ ဆိုလိုသည်မှာ ဤကမ္ဘာသို့ နတ်ဘုရားများ ဝင်ရောက်နိုင်ဆဲပင်။

နတ်ဘုရားပင့်ဖိတ်ခြင်းသို့မဟုတ် စစ်သူကြီးစေခိုင်းခြင်းတို့မှာ နတ်ဘုရားများ၏ ဆက်သွယ်မှု ဧရိယာအတွင်း ရှိနေသရွေ့ လွယ်ကူလှပေသည်။

ထို့နောက် အမွှေးတိုင်အိုး၊ ဖယောင်းတိုင်နီ၊ စက္ကူဝါနှင့် အခြားပစ္စည်းများကို ဝယ်ယူကာ အစီအရင်လုပ်ရန် ပြင်ဆင်လိုက်၏။ ကြက်သွေးနှင့် မင်များကိုလည်း ဝယ်ယူခဲ့လေသည်။

သူ တိုက်သို့ ပြန်ရောက်သောအခါ မှောင်နေပြီဖြစ်သည်။

အရာအားလုံး ပုံမှန်အတိုင်းပင်။

ထို့နောက် ဓာတ်လှေကား တံခါးပွင့်လာ၏။ ဗိုက်ကိုဖိထားပြီး ခွေနေသော အမျိုးသားတစ်ဦးကို ဓာတ်လှေကားထောင့်တွင် တွေ့လိုက်ရလေသည်။

“ကယ်ပါဦး... ကျွန်တော် ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံလိုက်ရလို့ပါ။”

အမေရိကန်တွင် ကပ္ပတိန်စတီဗင်၏ ဒိုင်းရှိသကဲ့သို့၊ တရုတ်ပြည်တွင်လည်း ကပ္ပတိန်လုရှုံးနှင့် “Fellow Daoist Bright” (သရဲကားထဲမှ ဓားအထိုးခံရသော်လည်း မသေသည့် ဇာတ်ကောင်) တို့ ရှိကြသည်။ သူတို့မှာ ဒဏ်ရာကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူနိုင်သော အကောင်းဆုံး အကာအကွယ်ပစ္စည်းများ ဖြစ်ကြ၏။

သူ့ရှေ့တွင် ရှိနေသူမှာ “မသေနိုင်သော စစ်နတ်ဘုရား” ဟု တင်စားခံရသော “Fellow Daoist Bright” ပင်ဖြစ်သည်။

တန်ဝမ်ကျဲသည် သူ့ကိုမြင်မြင်ချင်း မှင်တက်သွားသော်လည်း ချက်ချင်းပင် ထို “ပစ္စည်း” ကို မဟုတ်သေးဘူး၊ ထိုလူကို ပွေ့ချီလိုက်၏။

“ကျုပ် ခင်ဗျားကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်။”

ဖိုအခါ ထိုလူသည် တန်ဝမ်ကျဲ၏ လည်ပင်းကို ဖက်ထားလိုက်၏။

“ကျေးဇူးတင်ပါတယ် မစ္စတာတန်။ ခင်ဗျားက တကယ့်လူကောင်းပဲ။ ကျုပ်ကို ဒေါ်လာ ၄၀ လောက် ချေးလို့ရမလား။ ဆေးဖြတ်ထားတာက အရှိန်တက်လာလို့ပါ။”

တန်ဝမ်ကျဲက ခေါင်းယမ်းလိုက်သည်။

“ရတာပေါ့။ ကျုပ်မှာ တစ်နာရီကို ၄၅ ဒေါ်လာရတဲ့ အလုပ်တစ်ခု ရှိတယ်။ ခင်ဗျား စိတ်ဝင်စားလား။”

“ဘာအလုပ်လဲ။”

ထိုလူက ချက်ချင်းမေးလာခဲ့သည်။

တန်ဝမ်ကျဲ - “ကျုပ် ခွဲစိတ်မှု ပညာရပ်တစ်ခုကို စမ်းသပ်ချင်လို့ပါ။”

“ကျုပ်ကို... သွားပြီ...သူတို့ ရောက်လာပြီ။”

ထိုလူသည် ရုန်းကန်ရန် ပြင်လိုက်သော်လည်း နောက်အခိုက်တွင် တန်ဝမ်ကျဲ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြန်၏။

တန်ဝမ်ကျဲ လှည့်ကြည့်လိုက်သောအခါ လီဇနီးမောင်နှံမှာ သူ့ရှေ့တွင် ပေါ်လာခဲ့ပြီဖြစ်သည်။

သူတို့သည် ကလဲ့စားချေရန် ပြန်လာခြင်းဖြစ်ရာ စကားတစ်လုံးမှ မပြောဘဲ ဓားနှင့်သာ လိုက်ထိုးတော့လေသည်။

“နေဦး။”

တန်ဝမ်ကျဲက လက်ပြကာ တားလိုက်၏။

“ကျုပ် တစ်ခုလောက် သိချင်လို့ပါ။ ခင်ဗျားတို့ ရဲဖမ်းသွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီကိုရောက်နေတာလဲ။”

မစ္စတာလီက - “ငါတို့ ပိုက်ဆံပေးပြီး ထွက်လာတာလေ၊ ဒါကြောင့် လွတ်လာတာပေါ့။”

တန်ဝမ်ကျဲ - “၁၀၀၀ လား။”

“မင်း ဘယ်လိုသိတာလဲ။”

တန်ဝမ်ကျဲ သက်ပြင်းချလိုက်ပြီး Fellow Daoist Bright ကို ပုခုံးပေါ်သို့ ခွတင်လိုက်၏။

“စိတ်မပူနဲ့၊ ငါ မင်းကို ကယ်ပါ့မယ်။”

“မိန်းမ သူ့ကိုသတ်...။”

“ဟုတ်တယ် သတ်....။”

ဘရိုက်: “အား!!”

ဘရိုက်: “အားးး!”

ဘရိုက်: “အား...”

တန်ဝမ်ကျဲသည် ဘရိုက်ကို အသုံးပြုကာ ထိုဝိုင်းရံမှုကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့တော့လေသည်။

All Chapters