← Chapters

သူ့အတွက် မိသားစုဆုံစည်းခွင့် ပေးလိုက်မယ်

Vol. 28 Ch. 273

သူ့အတွက် မိသားစုဆုံစည်းခွင့် ပေးလိုက်မယ်

Vol. 28 Ch. 273

"ကြက်... ကြက်သခင်ကြီး အဲ့ဒီနတ်ဘုရားက ဘယ်သူများလဲ....ကျွန်တော်တို့ရဲ့ အင်အားအကြီးမားဆုံး အားထားရာက ဘယ်သူများ ဖြစ်လာနိုင်မလဲ..."

ပိုင်ဝူရှား၏အသံသည် အလောသုံးဆယ်ဖြစ်နေကာ သူ၏အသက်ရှူနှုန်းသည် သုံးဆခန့် မြန်ဆန်နေပြီး သူ၏ရင်ဘတ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ နောက်ဆုံးတွင် သူက တုန်ယင်နေသောအသံဖြင့် မေးမြန်းလိုက်၏။

"ဘယ်သူ ဖြစ်နိုင်အုံးမှာလဲ...ဒါက ငါတို့ရဲ့သခင် ကျုံးချင်ပေါ့..."

ကျုံးချင်အကြောင်း ပြောဆိုချိန်တွင် ကြက်ပေါက်စတစ်၏မျက်နှာထား တည်ကြည်လေးနက်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများထဲတွင် ရိုသေလေးစားမှုများ အားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

စာခြောက်ရုပ်အပေါ် သူ၏လေးစားမှုသည် သူ့ထက်သာလွန်သော စွမ်းအားကြောင့်ပင်။

သို့သော် ကျုံးချင်အပေါ် သူ၏ လေးစားမှုမှာ သူ၏ရိုးတွင်းခြင်ဆီထဲအထိ စိမ့်ဝင်နေပြီး သူ၏ စိတ်ဝိညာဉ်ထဲတွင် စွဲထင်နေသည်။

ကျုံးချင်သည် သူ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်လာခဲ့သည်ဟု ဆိုလျှင်လည်း ချဲ့ကားပြောဆိုရာ ရောက်မည်မဟုတ်ချေ။

"ကြက်သခင်ကြီး သခင်ရဲ့မူရင်းဇစ်မြစ်က ဘာများလဲ..."

ကျီးဝူချန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစားကာ ရိုသေလေးစားစွာ မေးမြန်းလိုက်၏။

"နတ်ဆိုးမြို့တော်က သခင့်ရဲ့ပိုင်ဆိုင်မှုပဲ...သူက အဲ့ဒီအရာကို ဒီနေရာဆီရွှေ့ဖို့ ငါတို့ကို အမိန့်ပေးခဲ့တာ..."

ကြက်ပေါက်စတစ်က တုံ့ပြန်အဖြေပေးသည်။

ဤစကားက သူတို့၏စိတ်နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားသော မိုးကြိုးတစ်စင်းအလားပင်။

နတ်ဆိုးမြို့တော်...

ဤသည်က အမှန်တကယ်ကို သခင်၏ပိုင်ဆိုင်မှု ဖြစ်နေပေ၏။

ဤသည်မှာ ကျုံးချင်သည် နတ်ဆိုးမြို့တော်၏ သခင်ဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်လော....

ဒါက ဘယ်လိုဟာသမျိုးလဲ...

ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့၏ စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်ရီသွားပေ၏။

နတ်ဆိုးသခင်သည် သမိုင်းရေစီးကြောင်းအတွင်း၌ သေဆုံးသွားခဲ့ပြီလို့ လူအများက ပြောဆိုခဲ့ကြသည် မဟုတ်လော...

မည်သည်ကြောင့် ဤသို့ ဖြစ်နိုင်မည်နည်း...

သို့သော် သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် တခြားအရာတစ်ခုကို တွေးတောမိခဲ့ကြသည်။

လူတစ်ယောက်သည် အတိုင်းအတာတစ်ခုအထိ စွမ်းအားကြီးမားလာချိန်၌ ပြတ်တောက်သွားသော ခြေလက်အင်္ဂါများကို ပြန်လည်ပေါက်ဖွားစေခြင်းသည် သေးငယ်သော ကိစ္စတစ်ခုပင်။

ဒဏ္ဍာရီများထဲတွင်ပင် သွေးတစ်စက်ကပင် အသက်အသစ်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည် မဟုတ်လော....

တစ်နည်းအားဖြင့်ဆိုရလျှင် နတ်ဆိုးသခင်သည် အတိတ်တွင် အမှန်တကယ် သေဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ ဤလောကတွင် ဆက်လက်၍ အသက်ရှင်သန်နေခြင်း ဖြစ်ပေမည်။

ထို့အပြင် သူတို့သည် သူ၏ လက်အောက်ငယ်သားများ ဖြစ်ခွင့်ရသည်အထိ ကံကောင်းခဲ့ကြ၏။

"အစ်ကိုပိုင်... မြန်မြန်လေး ငါ့ကို ဆိတ်ဆွဲကြည့်စမ်း.... ငါ အိပ်မက်မက်နေတာလား..."

ကျီးဝူချန်သည် စကားများပင် ကမောက်ကမ ဖြစ်နေခဲ့လေပြီ။

နတ်ဆိုးသခင်...

ထိုကဲ့သော ပုဂ္ဂိုလ်မျိုးသည် သူတို့အတွက် ဒဏ္ဍာရီများအနက်မှ ဒဏ္ဍာရီတစ်ခုပင်။

သို့သော် ယခုအချိန်၌ ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် သူသည် သူတို့၏အရှင်သခင် ဖြစ်လာခဲ့သည်။ သူတို့၏ဘဝတလျှောက်လုံးရှိ အံ့အားသင့်ဖွယ်ရာများအားလုံးကို ပေါင်းစည်းလိုက်လျှင်ပင် ဤသတင်းလောက် ပြင်းထန်ပြီး တုန်လှုပ်ဖွယ်ကောင်းမည် မဟုတ်ကြောင်း သူတို့ ကျိန်ဆိုဝံ့ပေ၏။

နောက်ထပ်အချိန်တခဏတွင် ကျီးဝူချန်၏ မျက်နှာ ရှုံမဲ့သွားခဲ့သည်။

အကြောင်းအရင်းမှာ ပိုင်ဝူရှားက သူ့အပေါ် အင်အားသုံး၍ ဆိတ်ဆွဲလိုက်သောကြောင့်ပင်။

သူ၏အသားများ အညိုအမည်းစွဲသွားသည်အထိ ဆိတ်ဆွဲခြင်းခံလိုက်ရသည်။

ထို့ပြင် ပိုင်ဝူရှား၏ လက်ပေါ်ရှိ ထောင်တက်နေသော သွေးကြောများကို ကြည့်ခြင်းအားဖြင့် သူ၏နှလုံးသားမှာလည်း ထပ်တူထပ်မျှ လှိုင်းထန်နေကြောင်း သိသာထင်ရှားသည်။

"ဘယ်လိုလဲ...မင်းတို့က သာမန်ခုနစ်စင်ကြယ်ဓားဂိုဏ်းလေးက လူတွေလောက်ကို သတ်လို့မရသေးဘူးလို့ ထင်နေတုန်းပဲလား..."

ကြက်ပေါက်စတစ်က မတ်တတ်ရပ်လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကို ထုတ်ဖော်လိုက်၏။

"သူတို့ကို သတ်လို့ရတယ်..."

"သူတို့ကို သေချာပေါက် သတ်ရမယ်..."

သူတို့၏ကျောထောက်နောက်ခံက အမှန်တကယ်ကို မည်မျှထိ စွမ်းအားကြီးမားကြောင်းကို သိရှိသွားသောအခါ သူတို့နှစ်ဦး၏ သဘောထားများ အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။

နောက်နေတာလား....

ဤမျှ ကြီးကျယ်ခမ်းနားသော နောက်ခံမျိုးဖြင့် ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ နောက်ကွယ်ရှိ အင်အားစုကို မဆိုထားနှင့် မြောက်ပိုင်းဒေသတစ်ခုလုံးကို ခြေမှုန်းပစ်ရန်ပင် ပြဿနာ မရှိနိုင်ချေ။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးသည် သူတို့ကိုယ်သူတို့ အလွန်အမင်း ကျေးဇူးတင်နေခဲ့ကြ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက သူတို့ကို ဖိနှိပ်စဉ်က အညံ့ချရန် ရွေးချယ်ခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ ကျေးဇူးတင်နေကြခြင်းဖြစ်သည်။

ထိုသို့မဟုတ်ပါက မိုးကောင်းကင်ယံကို အန်တုနိုင်လောက်အောင် စွမ်းအားကြီးမားသော ဤနောက်ခံအင်အားကို သူတို့ မည်သည်ကြောင့် မှီခိုအားထားနိုင်မည်နည်း။

ထိုအချိန်မှာပင် ကြက်ပေါက်စတစ်က မတ်တတ်ထရပ်လိုက်သည်။

"ကောင်းပြီ....ဘာမှ ထပ်မပြောနဲ့တော့...သူတို့သွားရမယ့်လမ်းကို ပို့ပေးရမယ့် အချိန်ရောက်ပြီ..."

သူ စကားပြောဆိုနေစဉ် သူ၏မျက်လုံးများသည် ချုပ်နှောင်ခံထားရဆဲဖြစ်သော ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖူနျန်အား အေးစက်တင်းမာစွာ စိုက်ကြည့်နေခဲ့သည်။

"ကောင်လေး....မင်းက အရမ်းသတ္တိရှိတာပဲ....မင်းက ကြက်သခင်ကြီးကို ငှက်လို့ ခေါ်ရဲတယ်ပေါ့..."

ကြက်ပေါက်စတစ်သည် ချုပ်နှောင်ခံထားရဆဲဖြစ်သော ဖူနျန်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။

ထို့နောက် သူ၏တောင်ပံတစ်ဖက်ဖြင့် ဖူနျန်၏ မျက်နှာကို ပုတ်လိုက်သည်။

သူ၏မျက်လုံးများထဲရှိ အေးစက်မှုမှာ နှစ်သောင်းနှင့်ချီ တည်ရှိခဲ့သော ရေခဲလှိုဏ်ဂူကြီးထဲသို့ ရောက်သွားသည့်အလား ဖူနျန်၏စိတ်နှလုံးသားကို အေးခဲသွားစေသည်။

သို့သော် သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစား၍ ပြောဆိုလိုက်သည်။

"မင်း ငါ့ကို သတ်လို့မရဘူး...တကယ်လို့ မင်း ငါ့ကို သတ်ရင် ဖူဝမ်နန်းတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."

ဤအချိန်တွင် ဖူဝမ်နန်းတော်ကသာ သူ့ကို ယုံကြည်မှုတချို့ ပေးစွမ်းနိုင်သည်။

"ကြက်သခင်ကြီးက မင်းရဲ့သောက်ရေးမပါတဲ့ ဖူဝမ်နန်းတော်ကို ဂရုစိုက်မယ်လို့ မင်း ထင်နေတာလား..."

"ဝုန်း..."

ကြက်ပေါက်စတစ်က ပါးစပ်ကိုဖွင့်ဟကာ စွမ်းအားကြီးမားသော အားလှိုင်းတစ်ရပ်ကို ထွေးထုတ်လိုက်၏။

မိုးကောင်းကင်ယံအနှံ့အပြားသို့ မိုးကြိုးလျှပ်စီးများ ပန်းထွက်လာခဲ့သည်။

ထိုအရာများသည် အဆုံးမဲ့သော ဖျက်ဆီးခြင်း အရှိန်အဝါများကို သယ်ဆောင်လာကာ ခုနစ်စင်ကြယ်ဓားဂိုဏ်းဝင်များ၏ခေါင်းပေါ်သို့ ကျဆင်းလာသည်။

"မင်းတို့က ကြက်သခင်ကြီးကို စော်ကားရဲတဲ့အတွက်.... မင်းတို့အားလုံး ကောင်းကင်မိုးကြိုးရဲ့ အပြစ်ပေးမှုကို ခံစားကြည့်ကြစမ်း..."

ကြက်ပေါက်စတစ်က မောက်မာထောင်လွှားသော လေသံဖြင့် ပြောဆိုသည်။ မိုးကောင်းကင်ယံတွင် ပြည့်နှက်နေသော လျှပ်စီးမိုးကြိုးများနှင့်အတူ ဤအချိန်တွင် သူသည် ဒဏ္ဍာရီများထဲမှ ထွက်လာသော မိုးကြိုးနတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။

ရုတ်ချည်းဆိုသလိုပင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် ညည်းတွားသံများဖြင့် ပြည့်နှက်သွားပေ၏။

ယင်သုံးပါးနယ်ပယ်အောက် ကျင့်ကြံဆင့်ရှိသူများသည် မိုးကြိုးတစ်ချက်တည်းဖြင့်ပင် တိုက်ရိုက်သတ်ဖြတ်ခံလိုက်ရပြီး ယင်သုံးပါးနယ်ပယ်ရှိသူများမှာမူ တိုက်ခိုက်မှုနှစ်ချက်မျှ ခံရပြီးနောက် အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရတော့သည်။

ယန်သုံးပါးနယ်ပယ်ရှိသူများသာ တောင့်ခံနိုင်ရန် ရုန်းကန်နေကြရ၏။

အရေးမပါပုံရသော ကြက်ပေါက်စလေးတစ်ကောင်သည် ဤမျှထိ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည်ဟု ဖူနျန် ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။

သူ၏ပါးစပ်မှ မိုးကြိုးများ ထွေးထုတ်လိုက်ရုံဖြင့် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများအားလုံးနီးပါး အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရသည်။

တဖြည်းဖြည်း တိတ်ဆိတ်သွားသော ညည်းတွားသံများကို နားထောင်ရင်း သူ၏ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားများ လျှင်မြန်စွာ ဆုံးရှုံးနေသည်ကို သူ ခံစားမိပေ၏။

ဖူနျန်ထံတွင် ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် မည်ကဲ့သို့လူစားမျိုး ဖြစ်သနည်း....

သူသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင်သူတစ်ဦး ဖြစ်ပြီး ထိပ်သီးတစ်ဝက်အဆင့် အင်အားစုတစ်စု၏ ဂိုဏ်းချုပ်ပင်။ သူသည် ကြီးမားသော အခွင့်အာဏာနှင့် နာမည်ဂုဏ်သတင်းကို ပိုင်ဆိုင်ထားပြီး သူ၏ဖခင်သည် ဖူဝမ်နန်းတော်၏အကြီးအကဲဖြစ်သဖြင့် သူ့အား ပြိုင်ဘက်ကင်းသော နောက်ခံတစ်ခုကို ပေးစွမ်းထားသည်။

သို့သော် အာဏာ အဆင့်အတန်း စွမ်းအားနှင့် ပါရမီတို့ကို ပေါင်းစပ်ထားသော သူသည် ဤနေရာတွင် သေဆုံးရမည်လော....

သူ စိတ်ကျေနပ်နိုင်ခြင်း မရှိချေ။

"ဝုန်း..."

တခြားမိုးကြိုးတစ်ချက်က သူ့ကို လာရောက်ထိမှန်ချိန်၌ ဖူနျန်၏အရှိန်အဝါ အလွန်အားနည်းသွားပေ၏။

သို့သော် နတ်ဘုရားအလင်းတန်းတစ်တန်းက သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာခဲ့သည်။

ဤနတ်ဘုရားအလင်းတန်းသည် သူ၏ကျန်ရှိနေသော အသက်စွမ်းအားများကို စုပ်ယူသွားပြီး အလွန်မြန်ဆန်သောအရှိန်ဖြင့် မိုးကောင်းကင်ယံဆီသို့ မျောလွင့်သွားသည်။

ဤသည်မှာ လျှို့ဝှက်နည်းစနစ်တစ်ခုပင်။

သူ့ဘဝ၏နောက်ဆုံးမြင်ကွင်းကို သူ၏အရင်းနှီးဆုံးဆွေမျိုးများထံသို့ ပေးပို့ရန် အကြွင်းအကျန် စိတ်ဝိညာဉ်၏စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်ပေ၏။

"မင်းတို့က ငါ့ကို အသက်ရှင်ဖို့ လမ်းစမပေးမှတော့ ငါတို့အားလုံး အတူတူ သေကြတာပေါ့..."

"ဖူဝမ်နန်းတော်က မင်းတို့အားလုံးကို ငါနဲ့အတူ သေဖို့ အဖော်အနေနဲ့ ပို့ပေးလိမ့်မယ်..."

ထို့ပြင် ဤသည်မှာ သူ၏နောက်ဆုံးစကားများ ဖြစ်လာခဲ့ပေသည်။

ဤအချိန်တွင် ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာနိုင်ပေပြီ။

သူတို့သည် ကြက်ပေါက်စတစ်၏လျှပ်စီးမိုးကြိုးများဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဤသတ်ဖြတ်ခြင်းသည် နာရီဝက်ပင် မကြာလိုက်ချေ။

ထို့ပြင် ဤသည်က ကြက်ပေါက်စတစ်အနေဖြင့် ဖူနျန်အား ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ချင်နေခြင်းကြောင့်သာဖြစ်သည်။ ထိုသို့မဟုတ်ပါက ကြက်ပေါက်စတစ်၏ စွမ်းအားဖြင့်ဆိုလျှင် သူတို့ကို သတ်ဖြတ်ခြင်းသည် သူ၏ကြက်ခြေသည်းများကို လှုပ်ခတ်လိုက်သကဲ့သို့ လွယ်ကူပေလိမ့်မည်။

အချိန်တခဏကြာပြီးနောက် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ လူများသည် သူ့ကို အကြောက်တရားနှင့်ရိုသေမှုများဖြင့် ကြည့်နေခဲ့ကြသည်။

ကြက်ပေါက်စတစ်သည် စွမ်းအားကြီးမားကြောင်း သူတို့ သိထားသော်လည်း ဤမျှအတိုင်းအတာထိ စွမ်းအားကြီးမားလိမ့်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ကြချေ။

ထိပ်သီးတစ်ဝက်အဆင့် အင်အားစုတစ်စုလုံး...

ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏နည်းလမ်းများကို မည်သို့မျှ ခန့်မှန်း၍ မရနိုင်ချေ။

ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် ကြက်ပေါက်စတစ်၏ရှေ့သို့ ရောက်လာကြ၏။

"ကြက်သခင်ကြီး....ခုနစ်စင်ကြယ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဖူဝမ်နန်းတော်ဆီ သတင်းပို့ဖို့အတွက် နောက်ဆုံးမှာ အဲ့ဒီနတ်ဘုရားအလင်းရောင်ကို ပစ်လွှတ်လိုက်တယ်..."

"ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ..."

ကျီးဝူချန်က သတိကြီးစွာထား၍ မေးမြန်းလိုက်သည်။

သေချာသည်မှာ ဤကိစ္စအတွက် သူတို့ထံတွင် စိုးရိမ်စရာ သိပ်မရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့၏နောက်ခံအင်အားသည်လည်း အလွန်စွမ်းအားကြီးမားနေလေပြီ။ ကောင်းကင်ဘုံထိ တက်လှမ်းနိုင်လောက်အောင် စွမ်းအားကြီးမားသော ဤနောက်ခံကို မှီခိုအားထားနေသည့်တိုင် သူတို့သည် ဖူဝမ်နန်းတော်ကို ကြောက်နေသေးလျှင် ဤသည်က အလွန်အဓိပ္ပါယ်မဲ့ရာ ကျပေလိမ့်မည်။

ဖူဝမ်နန်းတော်၏ပစ်မှတ်ထားခံရခြင်းက နောက်ဆုံးတွင် ပြဿနာတစ်ခု ဖြစ်လာနိုင်ခြင်းကြောင့်သာ ထိုသို့မေးမြန်းရခြင်း ဖြစ်ပေ၏။

ကြက်ပေါက်စတစ်က ဒေါသတကြီး ပြောဆိုလိုက်သည်။

"အဲ့ဒီကောင်က ကြက်သခင်ကြီးကို ငှက်လို့ ခေါ်ပြီး စော်ကားသွားတယ်...သူ့ရဲ့ အမြင်အာရုံက ဆိုးရွားသလို သူ့ရဲ့ ကြီးပြင်းလာမှုကလည်း ဆိုးရွားတယ်..."

"သူ့ရဲ့နောက်က သူ့အဖေက သူ့အတွက် ကလဲ့စားလာချေတာကို သူ လိုချင်နေတာ မဟုတ်လား..."

"အတော်ပဲ ကြက်သခင်ကြီးက သူ့ကို မိသားစုပြန်ဆုံစည်းခွင့် ပေးလိုက်မယ်..."

"ဘယ်သူ့ကို စော်ကားသင့်တယ် ဘယ်သူ့ကို မစော်ကားသင့်ဘူးဆိုတာကို မြေအောက်မှာ သူ့အဖေက သူ့ကို သင်ပေးပါစေ..."

"ဘာတွေ ပြောသင့်တယ် ဘာတွေ မပြောသင့်ဘူး ဆိုတာကိုရောပေါ့..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ ဦးဆောင်သော ဂိုဏ်းနှစ်ဂိုဏ်းမှ လူများ ချွေးစေးများပြန်သွားကြသည်။

ကြက်သခင်ကြီး၏ အသေးအဖွဲကိစ္စများကို အလေးထားတတ်မှုအပေါ် သူတို့၏နားလည်သဘောပေါက်မှုက တခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

တစ်ဖက်လူက သူ့အား ငှက်ဟု ဆဲဆိုခဲ့ရာ ဂိုဏ်းတစ်ဂိုဏ်းလုံး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့ရုံသာမက သူ၏နောက်ကွယ်ရှိ ဆွေမျိုးများလည်း ဖယ်ရှားရှင်းလင်းခြင်း ခံရပေမည်။

အနာဂတ်တွင် 'ငှက်' ဟူသော စကားလုံးကို သူတို့ ထပ်ပြောရဲတော့မည် မဟုတ်ကြောင်း သူတို့ ကျိန်ဆိုဝံ့သည်။

အကယ်၍ သူတို့သည် ကြက်သခင်ကြီး၏တားမြစ်ချက်ကို စော်ကားမိပါက သူတို့သည်လည်း အမှန်တကယ်ကို မတော်မတရား သေဆုံးရပေလိမ့်မည်။

ကြက်ပေါက်စတစ်၏လှုပ်ရှားနိုင်စွမ်းမှာ အလွန် အားကောင်းလှသည်ဟု ဆိုနိုင်ပေ၏။

ဤကဲ့သို့ သားအဖနှစ်ယောက်ကို ပြန်လည်ဆုံစည်းခွင့်ပေးရန် သူ ဆုံးဖြတ်လိုက်သည်နှင့်....

နောက်ထပ်အချိန်တခဏတွင် သူသည် လှုပ်ရှားရန်အတွက် လူအင်အားကို စတင်၍ စုစည်းတော့သည်။

သူသည် ဤကိစ္စအပေါ် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သိသာထင်ရှားသည်။

All Chapters