← Chapters

ဘိုးဘေး သတိလစ်သွားခြင်း

Vol. 28 Ch. 277

ဘိုးဘေး သတိလစ်သွားခြင်း

Vol. 28 Ch. 277

ဖူဝမ်နန်းတော်သည် မည်သည်ကြောင့် လောကကြီးနှင့် သီးခြားကင်းကွာနေသနည်း....

မြောက်ပိုင်းဒေသရှိ အင်အားစုအားလုံးနီးပါး၏ မျက်လုံးထဲတွင် ဤသည်က မည်သည်ကြောင့် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံး ဖြစ်နေသနည်း....

ဖူဝမ်နန်းတော်၏ အင်အားကြောင့် ဖြစ်သလော...

ဤသည်မှာ အမှန်တကယ်ကို အကြောင်းအရင်းတစ်ခုပင်။

သို့သော် ထို့ထက်ပိုသည်မှာ ဖူဝမ်နန်းတော် ဘိုးဘေး၏ဂုဏ်သတင်းကြောင့် ဖြစ်သည်။

မြောက်ပိုင်းဒေသတစ်ခုလုံးရှိ လူများအတွက် ဖူဝမ်နန်းတော်၏ဘိုးဘေးသည် ဒဏ္ဍာရီတစ်ခုဖြစ်ပြီး ပုံပြင်တစ်ပုဒ်အလားပင်။

သူတို့၏ဂိုဏ်းမှ လူများအတွက်မူ သူသည် ယုံကြည်မှုတစ်ခုဖြစ်ပြီး သူတို့၏ဘဝတလျှောက်လုံး ကြိုးစားအားထုတ်ရမည့် ရည်မှန်းချက်ပန်းတိုင်တစ်ခုပင်။

ဘိုးဘေးကြီး၏အစွမ်းထက်မှုသည် သူ စတင်ထွက်ပေါ်လာကတည်းက ရှုံးနိမ့်ခဲ့ဖူးခြင်းမရှိသော မှတ်တမ်းကြောင့်သာ မဟုတ်ချေ။

သူ၏ ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံခြင်းကြောင့်လည်း ဖြစ်ပေ၏။

သူသည် ယန်သုံးပါးနယ်ပယ်အလွန်ရှိ ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။

ဖူဝမ်နန်းတော်မှ လူများသည် ဘိုးဘေး၏ အသံကို အမှန်တကယ် ရင်းနှီးကျွမ်းဝင်နေကြသည်။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မိုးကောင်းကင်ယံသို့ စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်ကြ၏။

"ဘိုးဘေးကို ရိုသေလေးစားစွာနဲ့ ကြိုဆိုပါတယ်..."

အကန့်အသတ်မဲ့ ဝမ်းမြောက်မှုများနှင့် ရောနှောနေသော အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရသည့် အသံများသည် တိမ်တိုက်များကို ဖြတ်သန်းသွားကာ မိုးကောင်းကင်ယံကို တုန်ခါသွားစေခဲ့သည်။

ဤအချိန်မတိုင်မီက ဖူဝမ်နန်းတော်မှ လူများသည် အလွန်အမင်း စိတ်မွန်းကြပ်နေခဲ့ကြ၏။

ယခုချိန်၌ ဘိုးဘေး ရောက်ရှိလာချိန်တွင် သူတို့၏မကျေနပ်ချက်များအားလုံးကို ဖွင့်ထုတ်လိုက်သည့်အလား သူတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

ထို့ပြင် သေလုမျောပါး ဖြစ်နေသော ဖူကျုံးသည်လည်း ဤအချိန်တွင် အသက်စွမ်းအားများ ပြန်လည်၍ ပြည့်ဖြိုးလာပုံရပြီး သူ၏မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့သည်။

သူသည် အရှက်ကွဲခံပြီး ဤဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်မှာ အချည်းနှီး မဟုတ်ခဲ့ချေ။

သူ အံ့တင်းတင်းကြိတ်ကာ ယခုအချိန်အထိ တောင့်ခံထားခဲ့သည်။

ဘိုးဘေး ပြန်ရောက်လာပြီဖြစ်ရာ ရန်ငြိုးဟောင်း ရန်ငြိုးသစ်များအားလုံးကို စုပေါင်း၍ ရှင်းလင်းရမည့် အချိန်သို့ ရောက်ရှိလာလေပြီ။

သူ၏သား သေဆုံးမှုအတွက် အမုန်းတရားကို ဖြေရှင်း၍ မပြီးသေးချေ။

ထို့ပြင် သူ အရှက်ကွဲခဲ့ရမှုအတွက် အမုန်းတရားသည်လည်း ပင်လယ်ကဲ့သို့ နက်ရှိုင်းပေ၏။

သူသည် ဤအရာများအားလုံးကို ကြက်ပေါက်စတစ်ထံမှ ပြန်လည်၍ယူဆောင်ရပေမည်။

ဘိုးဘေးသည် ကြက်ပေါက်စတစ်၏ ပြိုင်ဘက် ဟုတ်မဟုတ်ဆိုသည်နှင့် ပတ်သက်၍မူ မည်သူကမျှ ဤမေးခွန်းကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ချေ။

လူတိုင်း၏ စိတ်ထဲတွင် ဘိုးဘေးသည် သူတို့၏ကောင်းကင်ဘုံပင်။

ဘိုးဘေး ထွက်ပေါ်လာချိန်၌ သူသည် ရန်သူအားလုံးကို သေချာပေါက် ချေမှုန်းပေလိမ့်မည်။

ဖူဝမ်နန်းတော်မှ လူများ၏ ဘိုးဘေးအပေါ် ယုံကြည်မှုသည် မျက်ကန်းယုံကြည်မှုအဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

လူအုပ်ကြီး၏ စိတ်အားထက်သန်စွာ စောင့်မျှော်နေမှုများကြားတွင်...

ဆံပင်ဖြူများရှိကာ နုပျိုသောမျက်နှာသွင်ပြင်နှင့် အဘိုးအိုတစ်ဦးသည် လက်နောက်ပစ်ကာ မိုးကြိုးများကို စီးနင်းပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ပေါ်လာခဲ့သည်။

သူ၏ ရှည်လျားသောဆံပင်ဖြုများပေါ်တွင် တောက်ပသော အလင်းရောင်များ စီးဆင်းနေပေ၏။

သူ၏ဝတ်ရုံရှည်သည် လူးလွန့်နေပြီး မရေမတွက်နိုင်သော ဥပဒေသစွမ်းအားများက ထိုအရာအတွင်း၌ တလိမ့်လိမ့်ထနေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူညီနေပေ၏။

သူ၏အငွေ့အသက်များသည် ကြယ်မြစ်များကဲ့သို့ ကျယ်ပြန့်ပြီး နက်ရှိုင်းလှသည်။

ဖူဝမ်နန်းတော်၏ဘိုးဘေးသည် ကြက်ပေါက်စတစ်၏ရှေ့သို့ ရောက်လာပြီး သူ၏မျက်လုံးများမှ ထင်ရှားသော သတ်ဖြတ်လိုခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေပုံရသည်။

"မင်းက သေသင့်တယ်..."

သူ ကြက်ပေါက်စတစ်ကိုကြည့်ပြီး ပြောဆိုသည်။

ဤသည်မှာ ကောင်းကင်ဘုံကိုးထပ်မှ နတ်ဘုရားတစ်ပါးက မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသည့်အလားပင်။

သူ၏ တည်ငြိမ်အေးဆေးသော စကားများက ကြက်ပေါက်စတစ်အား သေမိန့်ချနေသကဲ့သို့ ဖြစ်နေပေ၏။

"ဘိုးဘေးရဲ့ နတ်ဘုရားစွမ်းအား..."

ဤအချိန်တွင် ဖူဝမ်နန်းတော်မှ တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် သူတို့၏လက်သီးများကို ဆုပ်ထားကြသည်။

သူတို့၏ သွေးများသည် စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှင်မြန်စွာ လည်ပတ်နေသည်။

ဤအချိန်တွင် သူတို့သည် ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါဆိုသည်မှာ မည်သို့ရှိကြောင်းနှင့်....

ယန်သုံးပါးနယ်ပယ်အလွန် ကျင့်ကြံသူတစ်ဦး၏ ခမ်းနားကြီးကျယ်မှုဆိုသည်မှာ မည်သို့ရှိကြောင်းကို သူတို့၏ဘိုးဘေးထံမှ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

လူများအားလုံးက ဘိုးဘေးသည် ကြက်ပေါက်စတစ်ကို မိုးကြိုးပစ်သကဲ့သို့ လျှင်မြန်ပြင်းထန်သော စွမ်းအားဖြင့် ဖိနှိပ်တော့မည်ဟု စိတ်ကူးယဉ်တွေးတောနေကြစဉ်မှာပင်....

လေဟာနယ်ထဲမှ ခြေထောက်တစ်ချောင်း ပျံ့လွင့်လာသည်ကို သူတို့ မြင်တွေ့မိပေ၏။

"ဝုန်း..."

ထိုဧရာမခြေထောက်ကြီးသည် ရှေးဟောင်းခေတ်မှ နတ်ဆိုးသားရဲကြီးတစ်ကောင်အလား တလိမ့်လိမ့်ထနေသော နတ်ဘုရားစွမ်းအားများကို သယ်ဆောင်လာခဲ့သည်။

ဤသည်က အဆုံးအစမရှိ ထိတ်လန့်ဖွယ်ကောင်းလှပြီး လေဟာနယ်ပင်လျှင် ပြိုလဲကျသွားသည်အထိ ကန်ကျောက်ခြင်းခံလိုက်ရသည်။

ဤခြေထောက်သည် ဖူဝမ်နန်းတော် ဘိုးဘေးဖူကျီး၏ခေါင်းပေါ်သို့ တိတိကျကျ ကျရောက်သွားခဲ့သည်။

ထို့နောက် ဖူဝမ်နန်းတော်မှ လူများ၏ ကြီးမားသော မျှော်လင့်ချက်များ ထားရှိခံရသော ဘိုးဘေး...

မိုးကြိုးများကို စီးနင်းကာ ဥပဒေသစွမ်းအားများဖြင့် ရစ်သိုင်းလွှမ်းခြုံပြီး အလွန်ကြီးကျယ်ခမ်းနားစွာ ဝင်ရောက်လာခဲ့သော ဤအစွမ်းထက်ပုဂ္ဂိုလ်ကြီးသည် မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သတိလစ်မေ့မြောသွားပေ၏။

ထို့နောက် လေဟာနယ်ထဲမှ ဘဲတစ်ကောင် ထွက်ပေါ်လာခဲ့သည်။

"ငါ့ရဲ့အစ်ကိုကြီးကို လက်ညှိုးထိုးရဲတဲ့ ဒီအမှိုက်က ဘယ်ကကောင်လဲ..."

သူ၏စကားများမှာ အလွန်မထီမဲ့မြင်ပြုရာရောက်သည်။

ယခုရောက်ရှိလာသူမှာ တခြားသူမဟုတ်ဘဲ ဘဲခုနစ်ပင်။

ရုတ်တရက် အပြောင်းအလဲက အစောပိုင်းက ဆူညံနေခဲ့သော ဖူဝမ်နန်းတော် တပည့်များအား သူတို့၏လည်ပင်းကို တိုက်ရိုက်ညှစ်ခံလိုက်ရသကဲ့သို့ ခံစားရစေခဲ့သည်။

သူတို့၏စိတ်များ ဗလာကျင်းသွားပြီး ခေါင်းထဲတွင် သွေးလှည့်ပတ်မှု ပြတ်တောက်သွားကာ သူတို့၏မျက်နှာများ နီမြန်းသွားပေ၏။

သူတို့အားလုံး၏အခြေအနေများ ဆိုးရွားနေခဲ့သည်။

ထို့ပြင် ဘိုးဘေးကြီးက သူ့အတွက် လက်စားချေပေးမည်ဟု မူလက ထင်မှတ်ထားခဲ့သော ဖူကျုံးမှာလည်း ရူးမတတ် ဖြစ်သွားခဲ့သည်။

ဤသည်မှာ ဖူဝမ်နန်းတော်၏ဘိုးဘေးပင်။

သူသည် သူတို့၏စိတ်ပိုင်းဆိုင်ရာ မှီခိုအားထားရာဖြစ်ပြီး ယုံကြည်မှုတစ်ခုကဲ့သို့ တည်ရှိနေသူ ဖြစ်ပေ၏။

သူသည် ယန်သုံးပါးနယ်ပယ်အလွန်ရှိ ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။

သို့သော် ယခုအချိန်တွင် သူသည် ဘဲတစ်ကောင်၏ကန်ချက်ကြောင့် သတိလစ်မေ့မျောသွားခဲ့လေပြီ။

ဖူကျုံးသည် သူ၏စိတ်နှလုံးသား ကွဲအက်တော့မည့်အလား ခံစားလိုက်ရသည်။

မြောက်ပိုင်းဒေသတစ်ခုလုံးတွင် ယန်သုံးပါးနယ်ပယ်အလွန် ကျင့်ကြံသူဟူ၍ မည်မျှရှိသနည်း....

သူတို့သည် ဖီးနစ်ငှက်မွှေးများနှင့် ချီလင်ဦးချိုတို့ကဲ့သို့ အမှန်တကယ်ကို ရှားပါးလှသည်။

သို့သော် ယခုအချိန်၌ ထိုကဲ့သို့ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်ကြီးသည် ကန်ချက်တစ်ချက်ဖြင့် သတိလစ်မေ့မြောသွားခဲ့လေပြီ။

ထိုမြင်ကွင်းသည် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းပေ၏။

ဤသည်မှာ အလွန်ကြမ်းတမ်းလွန်းသဖြင့် ကောင်းကင်ဘုံက သူ့ကို ဆော့ကစားနေသည်ဟုပင် ဖူကျုံး ထင်မှတ်သွားခဲ့သည်။

ဘဲခုနစ်၏ကန်ချက်က ယန်သုံးပါးနယ်ပယ်အလွန် ထိပ်သီးကျင့်ကြံသူတစ်ဦးကို သတိလစ်သွားစေရုံသာမက ဖူဝမ်နန်းတော် တပည့်များ၏ ယုံကြည်မှုကိုလည်း တစစီ ဖြစ်သွားစေခဲ့သည်ဟု ဆိုနိုင်သည်။

ဤသည်က သူတို့ကို ဘဝဆိုသည်အား မေးခွန်းထုတ်မိသွားစေခဲ့သည်။

ဤအဖြစ်အပျက်၏ အဓိကလူဖြစ်သော ဘဲခုနစ်သည် ကြက်ပေါက်စတစ်၏ရှေ့သို့ ရောက်လာခဲ့သည်။

သူက သံသယအပြည့်ဖြင့် မေးမြန်းလိုက်၏။

"အစ်ကိုကြီး....မင်းကို လက်ညှိုးထိုးပြီး အော်ဟစ်ရဲတဲ့ ဒီလို အမှိုက်မျိုးကို ငါ သတ်ပစ်လိုက်ရမလား..."

ထိုစကားတစ်ခွန်းတည်းကပင် ဖူဝမ်နန်းတော်မှ လူများအား မရေမတွက်နိုင်သော ပြင်းထန်သည့် စိတ်ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဤစော်ကားမှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့လေပြီ။

သူတို့၏ယုံကြည်ချက်အဖြစ် သတ်မှတ်ထားသော တည်ရှိမှုကြီးဖြစ်သည့် သူတို့၏ဘိုးဘေးသည် ဘဲခုနစ်၏ပါးစပ်ထဲတွင် အမှိုက်တစ်ကောင် ဖြစ်သွားခဲ့သလော...

တချို့လူများက နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကြောင့် သူတို့၏မျက်လုံးများကို စုံမှိတ်ထားလိုက်ကြ၏။

ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူတို့၏လောကအမြင်ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင်....

အဝေးရှိ မိုးကောင်းကင်ယံတွင် ဧရာမလူအုပ်စုကြီးတစ်စုက အဝေးမှနေ၍ ချဉ်းကပ်လာသည်။

ဤလူများသည် ဓားတစ်သောင်းဂိုဏ်းနှင့် ရာသီလေးပါးဂိုဏ်းတို့မှ ဂိုဏ်းသားများပင်။

ဤနေရာသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ တပည့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဖရိုဖရဲဖြစ်နေကာ...

ဖူဝမ်နန်းတော်၏အထိမ်းအမှတ်သင်္ကေတဖြစ်သော ခန်းမကြီးသည် ပြိုကျပြီး တစစီဖြစ်နေပေ၏။

မြေပြင်ပေါ်တွင် ဖူဝမ်နန်းတော်၏ အဆင့်မြင့်အဖွဲ့များအားလုံး လဲကျနေကြသည်။

ဖူဝမ်နန်းတော်မှ တပည့်များသည် ပူဆွေးသောကရောက်နေသော ဆွေမျိုးများနှင့် တူညီနေသည်။

ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များ၏ စိတ်နှလုံးသားများထဲတွင် အကန့်အသတ်မဲ့သော လှိုင်းတံပိုးများ ရိုက်ခတ်လာခဲ့သည်။

သူတို့သည် ဤခရီးစဉ်၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိရှိထားကြသည်။

ဤသည်က ဖူဝမ်နန်းတော်ကို တိုက်ခိုက်ရန် မဟုတ်လော...

သို့သော် ဤတိုက်ခိုက်မှုအရှိန်နှုန်းမှာ အနည်းငယ် လျှင်မြန်လွန်းနေသည် မဟုတ်လော...

သူတို့သည် အစောပိုင်းကမှ ရောက်ရှိလာခြင်းဖြစ်ပြီး အရာအားလုံး အဆုံးသတ်သွားပြီဟု ခံစားနေရသည်။

ထိုမျှသာမက သူတို့ ရောက်လာချိန်သည် အလွန်ကောင်းမွန်ပုံရပေ၏။

သူတို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် ဖူဝမ်နန်းတော်၏ဘိုးဘေးကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့် အကြောင်းအရာ ဖြစ်နေခဲ့သည်။

အိုး ဘုရားရေ...

ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ တပည့်များအားလုံး အချိန်တခဏကြာသည်အထိ စိတ်မအေးနိုင် ဖြစ်သွားကြသည်။

ဖူဝမ်နန်းတော်၏ဘိုးဘေးသည် သူတို့အတွက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးပင်။

သို့သော် ယခု၌မူ သူသည် ခွေးသေတစ်ကောင်အလား မြေပြင်ပေါ်တွင် လဲကျနေကာ ကြက်သခင်ကြီး၏အဆုံးအဖြတ်ကို စောင့်ဆိုင်းနေရသည်။

လူများအားလုံးသည် သူတို့၏စိတ်နှလုံးသားများ ရူးသွပ်စွာ ခုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။

ဤသည်မှာ သူတို့၏ စိတ်လှုပ်ရှားနေခြင်း သက်သက်ကြောင့်ပင်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် စွမ်းအားကြီးမားကြောင်း သူတို့ သိထားသော်လည်း ဤမျှထိ ယုတ္တိမရှိလောက်အောင် စွမ်းအားကြီးမားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြချေ။

ထို့ပြင် လူအများသည် စိတ်အားထက်သန်စွာ စောင့်မျှော်နေကြကာ ကြက်ပေါက်စတစ်က ဤယန်သုံးပါးနယ်ပယ်အလွန်ရှိ ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်အား သိချင်နေကြ၏။

ထို့နောက် ကြက်ပေါက်စတစ်က တည်ငြိမ်စွာ ပြောဆိုသည်ကို သူတို့ ကြားလိုက်ရသည်။

"သူ့ကို သတ်လိုက်..."

သူ၏အသံသည် အလွန်ပေါ့ပါးသဖြင့် ယန်သုံးပါးနယ်ပယ်အလွန်ရှိ ထိပ်သီးကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခိုင်းသည်နှင့် မတူညီပေ။

ဤသည်မှာ အရေးမပါသော သာမန်အညတရလူတစ်ဦးကို သတ်ဖြတ်နေသည့်အလားပင်။

ဖူဝမ်နန်းတော်ဘက်ရှိ လူများအားလုံး၏ မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သူတို့၏မျက်နှာအမူအယာတွင် ခါးသီးမှုများနှင့် စိတ်ပျက်အားငယ်မှုများ ရောယှက်နေပေ၏။

ယနေ့ အဖြစ်အပျက်များသည် သူတို့အတွက် အလွန်အမင်း သက်ရောက်မှု ရှိနေသည်။

ပထမဆုံးအနေဖြင့် သူတို့ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များသည် ကြက်တစ်ကောင်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။ ထို့နောက် သူတို့၏မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားသော သူတို့၏ဘိုးဘေးကြီးကမူ ပို၍ပင် အရှက်ကွဲခဲ့ရသည်။ သူ ထွက်ပေါ်လာချိန်မှစ၍ ရှုံးနိမ့်သွားချိန်အထိ အရာအားလုံးသည် ချောမွေ့ပြီး ဆက်တိုက်ဖြစ်ပျက်သွားပေ၏။

ဤသည်က အလွန်အမင်း မြန်ဆန်လွန်းလှသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့ကမူ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားနေခဲ့ကြ၏။

သူတို့ မည်သည့်အရာအား စိတ်လှုပ်ရှားနေကြောင်း သူတို့ကိုယ်တိုင်ပင် မသိကြချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် စိတ်လှုပ်ရှားနေခြင်းကိုသာ ခံစားမိကြသည်။

အချိန်တခဏကြာသည်အထိ ကြက်ပေါက်စတစ်ကို ဗဟိုပြုကာ နှစ်ဖက်လုံးသည် သိသာထင်ရှားသော ဆန့်ကျင်ဘက် အခြေအနေတစ်ခုကို ဖန်တီးနေခဲ့ကြ၏။

All Chapters