အစ်ကိုဖုန်း....ကျွန်တော့်ကို ကယ်ပါအုံး
Vol. 28 Ch. 278
သို့သော် ယနေ့တွင် အကြောင်းပြချက်မသိရဘဲ ဖြစ်ပွားလာသည့် မမျှော်လင့်ထားသော အဖြစ်အပျက်များ ပုံမှန်ထက် ပိုများနေပုံရပေ၏။
ဘဲခုနစ် လှုပ်ရှားတော့မည့်အချိန်မှာပင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
မိုးကောင်းကင်ယံကို ထွင်းဖောက်ကာ အလင်းတန်းတစ်တန်း ဖြတ်သန်းလာသည်။
ဤှသည်မှာ ဥပဒေသစွမ်းအားဖြင့် သွန်းလုပ်ထားသော ဓားတစ်လက်ပင်။
ထိုဓားရှည်သည် တားဆီး၍မရနိုင်သော အရှိန်အဝါတစ်ရပ်ကို သယ်ဆောင်လာကာ လေဟာနယ်ကို ဆုတ်ဖြဲပြီး မိုးကောင်းကင်ယံမှ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ကျဆင်းလာသည်။
"ချလွင်..."
ထိုဓားရှည်ထံမှ တိုးညှင်းသော မြည်ဟီးသံတစ်သံ ထွက်ပေါ်လာပေ၏။
ထိုအရာထံမှ နဂါးဟိန်းသံနှင့်ကျားဟိန်းသံကဲ့သို့ အသံမျိုးကို ထုတ်လွှတ်လိုက်သည်။
ဓားချီများ လှိုင်းထလာပြီး အရပ်မျက်နှာအဘက်ဘက်ကို တုန်ခါသွားစေကာ ဘဲခုနစ်ထံသို့ တိုးဝင်လာခဲ့သည်။
ပေပေါင်းများစွာ ရှည်လျားသော ဓားချီတစ်လှိုင်းသည် လမ်းကြောင်းလွဲသွားပြီး ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအပေါ်သို့ ရိုက်ခတ်သွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် ထိုယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ တစစီဆုတ်ဖြဲခြင်း ခံလိုက်ရပေ၏။
ဤရုတ်တရက် အပြောင်းအလဲက လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
လမ်းကြောင်းလွဲလာသော ဓားချီတစ်ခုတည်းကပင် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို ချက်ချင်းသတ်ဖြတ်နိုင်စွမ်းရှိပါက ထိုဓားသည် မည်မျှထိ ထက်ရှနေမည်နည်း။
ဘဲခုနစ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဤဓားသည် သူ့ကို ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း သိသာထင်ရှားသည်။
သူသည် များစွာတွေဝေနေခြင်းမရှိဘဲ သူ၏ပါးစပ်ကို ဖွင့်ဟကာ အနက်ရောင်မီးတောက်တစ်ခုကို ထွေးထုတ်လိုက်၏။
ဖျက်ဆီး၍မရနိုင်ပုံရသော ဥပဒေသဓားသည် အနက်ရောင်မီးတောက်၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။
ထိုအချိန်မှသာ ပုံရိပ်နှစ်ခုသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။
သူတို့အနက်မှ တစ်ဦးသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါက်ယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။ သူ၏ဆံပင်ရှည်များက ပခုံးပေါ်သို့ ဖြာကျနေပေ၏။
သူ၏ပုံပန်းသွင်ပြင်သည် နူးညံသိမ်မွေ့ပြီး ယဉ်ကျေးကာ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော မျက်နှာရှိပြီး သန့်စင်သော နတ်ဘုရားအလင်းရောင်တစ်လွှာဖြင့် ဖုံးလွှမ်းထားသည်။
သူသည် လောကီရေးရာများနှင့် ကင်းကွာကာ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်ဘုရားတစ်ပါးကဲ့သို့ ထူးခြားပြီး သီးခြားကင်းကွာနေပုံရပေ၏။
သူ၏ဘယ်ဘက်ရင်ဘတ်တွင် တောင်များနှင့် မြစ်များပုံစံ သင်္ကေတစ်ခုကို ပန်းထိုးထားသည်။
ထိုသင်္ကေတ၏အထက်တွင် 'ကောင်းကင်' ဟူသော စာလုံးကို ရိုက်နှိပ်ထားပေ၏။
တခြားလူတစ်ဦးမှာမူ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သို့သော် သူ့ထံတွင် ဖော်ပြ၍မရနိုင်သော ထူးဆန်းမှုတစ်ခု ရှိနေသည်။
သူသည် လူအုပ်ကြီးထံသို့ သိသာထင်ရှားစွာ ချဉ်းကပ်လာသော်လည်း သူ၏ခန္ဓာကိုယ်သည် ငြိမ်သက်နေပြီး လောကကြီးသည် သူ၏နံဘေးပတ်လည်တွင် ရွေ့လျားနေသကဲ့သို့သာ ခံစားနေရသည်။
မကြာမီမှာပင် ထိုလူနှစ်ဦးသည် မြေပြင်အထက် တစ်ကျန်းခန့်အကွာရှိ လေဟာနယ်အတွင်းတွင် တိုက်ရိုက်ရပ်တန့်သွားကြ၏။
ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားသော အစိမ်းရောင်ဝတ်ရုံဝတ်လူက သူ၏နှုတ်ခမ်းကို တွန့်ကွေးပြီး အပြုံးနှင့် ပြောဆိုသည်။
"စိတ်ဝင်စားစရာပဲ....တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်...မြောက်ပိုင်းဒေသမှာ ငါ့ရဲ့ဓားကို တားဆီးနိုင်စွမ်းရှိတဲ့ သက်ရှိတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့မိဘူး..."
သူသည် ဘဲခုနစ်ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ရပ် ရှိနေပေ၏။
"ဒီနေ့ ဖူဝမ်နန်းတော်ရဲ့ဘိုးဘေးကို ငါ ကာကွယ်ပေးမယ်...မင်းက ငါ့ရဲ့ဓားချက်ကို ခံနိုင်ရည်ရှိခဲ့ပြီးတော့....ကျင့်ကြံခြင်းဆိုတာကလည်း မလွယ်ကူတာကို ထည့်သွင်းစဉ်းစားပြီး မင်း မြန်မြန် ဆုတ်ခွာသွားလိုက်...ဒါဆိုရင် ငါက မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်..."
"မဟုတ်ရင်..."
သူသည် သူ၏ခေါက်ယပ်တောင်ကို ပိတ်ပြီး လက်နောက်ပစ်ကာ မတ်တတ်ရပ်လိုက်၏။
"နောက်နှစ် ဒီနေ့က မင်း သေဆုံးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်သွားလိမ့်မယ်..."
သူ၏ တည်ငြိမ်သော စကားများတွင် ကြီးမားသော ယုံကြည်မှုများ ပါဝင်နေခဲ့သည်။
ဤသည်မှာ သက်ရှိများအားလုံးသည် သူ၏ရှေ့တွင် သာမန်ပုရွက်ဆိတ်လေးများသာ ဖြစ်နေသည့်အလားပင်။
ယခင်က စိတ်ပျက်အားငယ်နေပြီဖြစ်သော ဖူဝမ်နန်းတော်မှ လူများသည် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို ခံစားမိပေ၏။
ယခုရောက်ရှိလာသူသည် သူ၏ ပထမဆုံး လှုပ်ရှားမှုဖြင့် သူတို့ဘက်မှ ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို မတော်တဆ သတ်ဖြတ်မိခဲ့သည်။ သို့ရာတွင် ထိုလူနှစ်ယောက်သည် သူတို့၏ဘိုးဘေးကို ကယ်တင်ရန် ဤနေရာသို့ ရောက်လာပုံရသည်။
ထို့ပြင် သူ၏အမူအကျင့်ကို ကြည့်ခြင်းအားဖြင့် ယခုရောက်လာသူသည် သူတို့၏ဘိုးဘေးထက်ပင် ပို၍စွမ်းအားကြီးမားပုံရကြောင်း မြင်တွေ့နိုင်ရန် မခက်ခဲချေ။
ဤထိတ်လန့်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း...
တစ်ဖက်လူသည် သူတို့၏ဘိုးဘေးနှင့် နက်ရှိုင်းသော ဆက်သွယ်မှု ရှိနေပုံရသည် မဟုတ်လော...
လူများအားလုံး သတိကြီးစွာထား၍ ဆွေးနွေးပြီး ခန့်မှန်းနေကြစဉ် ဖူဝမ်နန်းတော်၏ဂိုဏ်းချုပ် ဖူကျုံးကမူ အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုလေးစုအနက်တစ်စု၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူသည် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တချို့ကို သိရှိထားသည်။
ဖူဝမ်နန်းတော်သည် ထိပ်သီးအင်အားစုတစ်စု ဖြစ်သော်လည်း ကုန်းမြေတစ်ခုလုံးကို ကြည့်လိုက်လျှင် ဤသည်က ဒေသတွင်း အုပ်စိုးသူတစ်ဦးသာ ဖြစ်ပေ၏။
ဖူဝမ်နန်းတော်၏ယေဘုယျ စွမ်းအားသည် လောကကြီး၏ အစစ်အမှန် ထိပ်သီးအင်အားစုများနှင့် များစွာအလှမ်းကွာဟနေဆဲပင်။
သူ၏ဘိုးဘေးသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်စုအတွက် အလုပ်အကျွေးပြုနေကြောင်းကို သူ အမြဲတစေ သိရှိထားခဲ့သည်။
ထို့ထက်ပို၍ တိတိကျကျပြောဆိုရလျှင် ဘိုးဘေးသည် ထိုအင်အားစုအတွက် အထူး ကောင်းကင်ဘုံရတနာတစ်ခုကို စုဆောင်းပေးနေခြင်းသာ ဖြစ်သည်။
ထို့ပြင် ဘိုးဘေးကြီးသည် ယန်သုံးပါးနယ်ပယ်အလွန်သို့ အဆင့်တက်နိုင်ခဲ့ခြင်း၏ အကြောင်းအရင်းမှာ ထိုအင်အားစု၏ အကူအညီကြောင့်ပင်။
ထိုအင်အားစုသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ဘိုးဘေးက သူ့ကို ထိုအကြောင်း ရှားရှားပါးပါးသာ ပြောပြလေ့ရှိသည်။
အစစ်အမှန်စွမ်းအားအရဆိုလျှင် ထိုကဲ့သို့ အင်အားစုရှေ့တွင် ယန်သုံးပါးနယ်ပယ်အလွန်ရှိ ကျင့်ကြံသူသူများပင်လျှင် လုံးဝအရေးမပါကြောင်းကိုသာ သူ ပြောခဲ့ဖူးသည်။
ယခုကြည့်ရသည်မှာ ဤအစိမ်းရောင်ဝတ်ရုံရှင်သည် လူအများကြားတွင် လျှောက်လှမ်းနေသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် အင်အားစု၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်နိုင်ချေရှိသည်။
ထို့အပြင် သူ၏ရင်ဘတ်ပေါ်ရှိ သင်္ကေတကို ကြည့်ခြင်းအားဖြင့်...
"ဒီလူက ကောင်းကင်ဂိုဏ်းကများ ဖြစ်နေမလား..."
ဖူကျုံး၏မျက်နှာအမူအယာသည် ပြောင်းလဲခြင်းမရှိသော်လည်း သူ၏စိတ်နှလုံးသားထဲတွင်မူ ရူးသွပ်လုမတတ် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေပေ၏။
အကယ်၍ ဖူဝမ်နန်းတော်သည် မြောက်ပိုင်းဒေသရှိ အင်အားစုအားလုံး၏အထက်တွင် မြင့်မားစွာ ရပ်တည်နေသော တောင်ကြီးတစ်လုံးဖြစ်ပါက....
ဤကောင်းကင်ဂိုဏ်းသည် ဖူဝမ်နန်းတော်အတွက် လက်လှမ်းမီနိုင်စွမ်းမရှိသော တည်ရှိမှုတစ်ခုပင်။
ယခုချိန်တွင် ကောင်းကင်ဂိုဏ်းမှ တပည့်တစ်ဦးက လှုပ်ရှားလာပြီဖြစ်ရာ တစ်ဖက်လူသည် မကောင်းဆိုးဝါး စိတ်ဝိညာဉ်များအားလုံးကို ဖိနှိပ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။
ဖူဝမ်နန်းတော်မှအဖွဲ့ဝင်များ ခံစားနေရသော အံ့အားသင့်တုန်လှုပ်မှုနှင့် နှိုင်းယှဉ်လျှင် ရာသီလေးပါးဂိုဏ်းနှင့်ဓားတစ်သောင်းဂိုဏ်းမှ လူများကမူ သူတို့၏စိတ်နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်သည်။
လေဟာနယ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသော ဤလူနှစ်ဦးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။
သူတို့၏ဓားမှ ဓားချက်တစ်ချက်တည်းကပင် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်းရှိသည်။
ကြက်သခင်ကြီးနှင့် ဘဲခုနစ်တို့၏ရှေ့တွင်ပင် သူတို့သည် လုံးလုံးလျားလျား အကြောက်အလန့်ကင်းမဲ့နေပုံရသည်။
သူတို့၏ မောက်မာသော အပြုအမူသည် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော်လည်း ဤသည်က အချက်တစ်ချက်ကို ညွှန်ပြနေသည်။
ဤသည်မှာ သူတို့သည် သူတို့၏ကိုယ်ပိုင် စွမ်းအားအပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေကြခြင်းပင်။
ကြက်သခင်ကြီးနှင့်ဘဲခုနစ်တို့က သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်လော....
လူများအားလုံး၏စိတ်နှလုံးသားများ လှိုင်းထန်နေစဉ်တွင် ဘဲခုနစ်သည် ယခုရောက်ရှိလာသူများကို မျက်စောင်းထိုး၍ ကြည့်လိုက်၏။
သူအလွန်ဒေါသထွက်နေခဲ့သည်။ တစ်ဖက်လူသည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ့ကို ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် သူက ဓားတစ်ချက်ကို တားဆီးနိုင်ခဲ့သောကြောင့် သူတို့က သူ့ကို အသက်ချမ်းသာပေးမည်ဟု ပြောခဲ့ကြသည်။
ထိုမျှသာမက သူ၏အစ်ကိုကြီး သတ်ချင်သော လူကို သူတို့က ကာကွယ်ပေးမည်ဟု ချက်ချင်းထုတ်ပြန်ကြေညာလိုက်၏။
သူတို့သည် အမှန်တကယ်ကို အစွန်းရောက်သည်အထိ မောက်မာလွန်းသည်။
သူက လှောင်ပြောင်လိုက်သည်။
"ဒီအမှိုက်တွေက ဘယ်ကနေ ရောက်လာတာလဲ.... ဒီနေရာကိုလာပြီး ကြွားလုံးထုတ်ရဲတယ်ပေါ့..."
ထို့နောက် သူသည် တောင်ပံတစ်ဖက်ကို လက်အဖြစ် အသုံးပြုကာ ကောင်းကင်ယံတွင် မတ်မတ်ရပ်ပြီး အစိမ်းရောင်ဝတ်ရုံဝတ်လူကိုကို လက်ညှိုးထိုး၍ ပြောဆိုလိုက်သည်။
"ဘဲခုနစ် သတ်ချင်တဲ့လူကို မင်း ကာကွယ်ပေးနိုင်လို့လား..."
မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော သူ၏ဟိန်းဟောက်သံသည် တုန်လှုပ်ခြင်းကင်းမဲ့သော တည်ငြိမ်မှု ခံစားချက်ကို ပေးစွမ်းနေပေ၏။
"အရမ်းလွှမ်းမိုးချုပ်ကိုင်နိုင်လွန်းတယ်..."
ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းတို့မှ လူများ၏စိတ်နှလုံးသားများ တုန်ရီသွားသည်။
ဘဲခုနစ်၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော ထုတ်ပြန်ကြေညာချက်ကြောင့် သူတို့အားလုံး အထင်ကြီးသွားခဲ့သည်။
ဤအချိန်တွင် သူတို့နှင့်ဘဲခုနစ်ကြား ကွာခြားချက်သည် စွမ်းအားတစ်ခုတည်းတွင် မဟုတ်ကြောင်းကို သူတို့ ရှင်းလင်းစွာ နားလည်သဘောပေါက်သွားပေ၏။
ဤမောက်မာမှု အဆင့်အတန်း တစ်ခုတည်းကပင် သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
လူများအားလုံး၏အကြည့်အောက်တွင် အစိမ်းရောင်ဝတ်ရုံဝတ်လူသည် ခေါင်းခါယမ်းလိုက်ပြီး မထီမဲ့မြင်ပြုသော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နေရာငယ်လေးတစ်ခုမှာ မွေးဖွားလာတဲ့ သက်ရှိတွေပဲလေ....စွမ်းအားနည်းနည်းလေး ရလာတာနဲ့ ကောင်းကင်က ဘယ်လောက်ကျယ်ပြန့်ပြီးတော့ မြေကြီးက ဘယ်လောက်နက်ရှိုင်းလဲဆိုတာကို မေ့သွားကြတာပဲ..."
"တချို့လူတွေက စော်ကားလို့မရဘူးဆိုတာကို သူတို့ မသိကြဘူး..."
သူသည် စကားပြောဆိုနေရင်း သူ၏နံဘေးတွင်ရှိသော သူ၏အဖော်ကို ကြည့်လိုက်၏။
"အစ်ကိုဖုန်း...မင်း လှုပ်ရှားပြီးတော့ ဒီရေတွင်းထဲက ဖားတွေကို မင်းရဲ့စွမ်းအားတွေနဲ့ နည်းလမ်းတွေကို မျက်မြင်တွေ့ခွင့်ပေးဖို့ စိတ်ဝင်စားလား..."
"စိတ်မဝင်စားဘူး..."
ထိုစကားကို တုံ့ပြန်လာသည်မှာ လေထဲတွင် လွင့်မျောလာပြီး ဂရုမစိုက်သော အသံတစ်သံပင်။
"အဲ့ဒီလိုဆိုရင်လည်း အစ်ကိုဖုန်း ခဏလောက် အနားယူလိုက်အုံး.... ငါက ဒီအကောင်ပေါက်လေးတွေကို ရှင်းလင်းပြီးရင် အဲ့ဒီအစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ယူဆောင်လာခဲ့မယ်..."
သူသည် စကားပြောဆိုနေရင်း ရှေ့သို့ခြေတစ်လှမ်း တက်လိုက်၏။
ထို့နောက် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ...
သုံးပေခန့် ရှည်လျားသော ဓားတစ်လက်သည် သူ၏အင်္ကျီလက်ထဲမှ တိုက်ရိုက်ပျံ့လွင့်လာသည်။
ထိုဓားတစ်လက်လုံး အစိမ်းရောင်သန်းနေကာ နေ လ နှင့် ကြယ်များကို ကိုယ်စားပြုသော နက်နဲသိမ်မွေ့သည့် မှော်မန္တန်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ဓားအလင်းရောင်သည် တောက်ပနေပြီး ကြယ်များကို ထွင်းဖောက်ကာ နေနှင့်လကို ဆုတ်ဖြဲပစ်တော့မည့်အလားပင်။
ဤဓားသည် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းပေ၏။
ဓားမှ ထွက်ပေါ်နေသော အရှိန်အဝါသက်သက်ဖြင့်ပင် အနီးအနားရှိ လူများအားလုံးကို ကြီးမားသော ဖိအားများ ခံစားရစေသည်။
တစ်စုံတစ်ယောက်သည် ထိုဓားရှည်တွင် တွယ်ကပ်နေသော ဓားစိတ်ဆန္ဒကို ကြည့်လိုက်ရုံဖြင့် သူ၏စိတ်ဝိညာဉ်ကို ဆုတ်ဖြဲခံရတော့မည့်အလား ခံစားမိစေသည်။
ဤသည်မှာ ရောက်ရှိနေသူအားလုံးအတွက် စိတ်ကူးယဉ်တွေးတောနိုင်ခြင်းပင် မရှိသော တိုက်ခိုက်မှုတစ်ခု ဖြစ်ပေ၏။
ထိုတိုက်ခိုက်မှု၏အဆင့်အတန်းမှာ အလွန်မြင့်မားပြီး သူတို့၏နားလည်နိုင်စွမ်းထက် များစွာပို၍ ကျော်လွန်နေသည်။
ဤသည်က ယခင်ဓားချက်ထက် ဆယ်ဆမက ပို၍ထိတ်လန့်ဖွယ် ကောင်းနေသည်။
ထိုဓားရှည်သည် အရာအားလုံးကို ဖယ်ရှားရှင်းလင်းပစ်တော့မည့် အနေအထားဖြင့် ဘဲခုနစ်ဆီသို့ တိုးဝင်လာခဲ့သည်။
ဘဲခုနစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အကန့်အသတ်မဲ့သော အလင်းတန်းများသည် သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာပေ၏။
သူ၏နောက်ကွယ်တွင် ပေဆယ်ဂဏန်းခန့် မြင့်မားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် ရှေးဟောင်းခေတ်၏ အရှိန်အဝါများကို သယ်ဆောင်လာသော နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးနှင့် တူညီနေသည်။
"ဝုန်း..."
ထိုနတ်ဆိုးပုံရိပ်ယောင်ကြီးသည် သူ၏လက်သီးကို လွှဲယမ်းလိုက်ပြီး တန်ချိန်သောင်းနှင့်ချီ လေးလံသော အင်အားများကို သယ်ဆောင်လာကာ ဓားရှည်ဆီသို့ ထုနှက်လိုက်၏။
လက်ဝါးနှင့်ဓားတို့၏ ရိုက်ခတ်မှု စွမ်းအားနှင့် ထက်ရှမှုတို့၏ ထိပ်တိုက်တွေ့ဆုံမှုက မြေပြင်ကို တုန်ခါသွားစေသော ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်သည်။
တိုက်ခိုက်မှုတစ်ခုအပြီးတွင် ထိုဓားရှည်သည် လွင့်ထွက်သွားပြီး ဘဲခုနစ်၏ပုံရိပ်မှာ ခြေသုံးလှမ်းခန့် နောက်ဆုတ်သွားခဲ့သည်။
ဤဖြစ်ရပ်က အစိမ်းရောင်ဝတ်ရုံဝတ်လူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွားစေခဲ့သည်။
သူ၏ဓားချက်ကို ယန်သုံးပါးနယ်ပယ်အလွန်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ကြောင်း သူ ယုံကြည်ထားပေ၏။
ထိုသို့ဆိုသည့်တိုင် ယခုအချိန်၌ ဘဲတစ်ကောင်က သူ၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။
ဤသည်က သူ့ကို အနည်းငယ် မျက်နှာပျက်သွားစေခဲ့သည်။
သူ ချင်းမင်ထံ၌ မည်ကဲ့သို့ နာမည်ဂုဏ်သတင်းမျိုး ရှိနေသနည်း...
ယခု၌မူ သူသည် ဘဲတစ်ကောင်ကိုပင် မသတ်နိုင်ခဲ့ချေ။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက သူ၏မျက်နှာကို မည်သည့်နေရာ၌ သွားထားရမည်နည်း။
ဤသည်ကို တွေးမိသဖြင့် သူက ဘဲခုနစ်အားကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းက ငါ့ကို တကယ်ကြီး အံ့အားသင့်သွားစေတယ်လို့ ငါ ပြောရမယ်...ဒါပေမဲ့ ဒါက မင်းရဲ့ အမြင့်ဆုံးစွမ်းအားပဲ မဟုတ်လား... ပြီးတော့ ငါက ငါ့ရဲ့ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းကိုပဲ သုံးရသေးတယ်..."
"ဒီနေ့ မင်းက ငါ့ရဲ့ဓားအောက်မှာ သေဖို့ ကံကြမ္မာ ဖန်တီးခံထားရပြီးသားပဲ..."
ဤသဘောထားက ကြက်ပေါက်စတစ်ကို ဆက်လက်၍ သည်းမခံနိုင်အောင် ဖြစ်သွားစေခဲ့သည်။
သူသည် ဤကောင်လေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ယခုချိန်၌ ထိုကောင်လေး၏ မောက်မာသော အမူအကျင့်ကို မြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားထဲရှိ ဒေါသများ မြင့်တက်လာပြီး ချက်ချင်းဆိုသလိုပင် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိသွားပေ၏။
"ညီအစ်ကိုတို့ တက်ကြစို့... သူ့ကို ချကြမယ်..."
ကြက်ပေါက်စတစ်က သူ၏တောင်ပံကို ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။
သူတို့သည် ချင်းမင်အား ချက်ချင်းဆိုသလိုပင် အုပ်စုဖွဲ့၍ တိုက်ခိုက်ကြတော့သည်။
"ဝုန်း..."
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌ အလွန် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ပွင့်အံ့ထွက်လာခဲ့သည်။
လှိုင်းထနေသော စွမ်းအင်ရိုက်ခတ်မှုများ တလိမ့်လိမ့်ထလာပြီး အဆုံးမဲ့ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာကာ ဥပဒေသစွမ်းအားများ မြင့်တက်လာပြီး ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပေ၏။
မိုးကောင်းကင်ယံကြီး အက်ကွဲသွားကာ...
ဤတိုက်ပွဲမြေပြင်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည်။
ဤသည်မှာ နတ်ဘုရားများနှင့်နတ်ဆိုးများ တိုက်ခိုက်နေသည့်အလားပင်။
ဓားချီအလင်းတန်းများနှင့် လက်သီးပုံရိပ်ယောင်များက လေဟာနယ်ထဲတွင် အဆက်မပြတ် ပျံ့လွင့်နေသည်။
ထို့နောက် ချင်းမင်သည် အဖြစ်ဆိုးနှင့် ကြုံတွေ့လိုက်ရပေ၏။
သူ၏စွမ်းအားက အမှန်တကယ်ကိုပင် အထင်ကြီးစရာ ကောင်းလှသည်။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ လက်ရှိအခြေအနေအရ အကယ်၍ သူသာ သူတို့ကို တစ်ယောက်ချင်းစီ ရင်ဆိုင်ရပါက သူတို့သည် အမှန်တကယ်ကို သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
သို့သော် သူသည် အများဆုံး နှစ်ဦးကိုသာ တိုက်ခိုက်နိုင်သည်။
ယခု၌မူ သူတို့ဆယ့်နှစ်ဦးလုံးက သူ့အား တပြိုင်နက်တည်း တိုက်ခိုက်နေသဖြင့် သူ လုံးဝ တောင့်မခံနိုင်တော့ချေ။
မကြာမီမှာပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမြောက်အများ ရရှိသွားခဲ့လေပြီ။
သူ၏မျက်နှာပေါ်ရှိ ဒွာရခုနစ်ပေါက်မှ သွေးများ အဆက်မပြတ် ယိုစီးကျနေခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ပွန်းပဲ့ရောင်ရမ်းနေပြီး သနားစရာကောင်းအောင် ဖြစ်နေကာ သူ့ထံ၌ အစောပိုင်းက မောက်မာထောင်လွှားသော အသွင်အပြင်၏ အရိပ်အယောင်မျှပင် မရှိတော့ချေ။
ဤသည်က ချင်းမင်၏မျက်နှာကို အလွန်အမင်း သုန်မှုန်သွားစေသည်။
ဤမြောက်ပိုင်းဒေသတွင် ဘဲတစ်ကောင်တည်း၏စွမ်းအားကပင် သူ့အား အလွန်အံ့အားသင့်စေခဲ့ပြီးဖြစ်သည်။
ထိုဘဲကဲ့သို့ စွမ်းအားကြီးမားသော တခြားဆယ့်တစ်ဦး ရှိနေလိမ့်မည်ဟု သူ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။
နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သူ၏တည်ငြိမ်မှုနှင့် မောက်မာမှုတို့မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
ဤအချိန်တွင် သူ၏မွေးရာပါ မောက်မာထောင်လွှားမှုကို သူ ဆက်လက်၍ ထိန်းသိမ်းမထားနိုင်တော့ချေ။
"အစ်ကိုဖုန်း....ကျွန်တော့်ကို ကယ်ပါအုံး..."