← Chapters

လာချင်တဲ့အချိန်လာပြီး ထွက်ချင်တဲ့အချိန် ပြန်ထွက်သွားလို့ရမလား

Vol. 28 Ch. 279

လာချင်တဲ့အချိန်လာပြီး ထွက်ချင်တဲ့အချိန် ပြန်ထွက်သွားလို့ရမလား

Vol. 28 Ch. 279

ထိုအချိန်တွင်...

ချင်းမင် အပြင်းအထန် ဖိနှိပ်ခံထားရသည်ကို မြင်တွေ့ချိန်၌ ဖုန်းဝူကျီးက ဝင်ရောက်၍ လှုပ်ရှားလိုက်သည်။

သူသည် အလွန်အမင်း စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုပင်။

သူ၏လှုပ်ရှားမှုတိုင်းသည် သဘာဝတရားနှင့် တသားတည်းကျနေပုံ ရပေ၏။

သူ၏ခန္ဓာကိုယ်မှ အလွန်အမင်း တောက်ပသော နတ်ဘုရားအလင်းတန်းများ ပွင့်အံ့ထွက်လာပြီး တိုက်ပွဲမြေပြင်သို့ တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။

ဖုန်းဝူကျီး ပါဝင်လာခြင်းကြောင့် အစပိုင်းတွင် တစ်ဖက်သတ်နိုင်နေသော တိုက်ပွဲသည် တဖြည်းဖြည်း အကြိတ်အနယ် အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

ဖုန်းဝူကျီးသည် အလွန်စွမ်းအားကြီးမားသည်ဟု ဆိုရပေမည်။

အကယ်၍ ချင်းမင်သည် နတ်ဆိုးစစ်သူကြီးနှစ်ဦးခန့်၏ စွမ်းအားကိုသာ ပိုင်ဆိုင်ထားပါက သူသည် နတ်ဆိုးစစ်သူကြီးဆယ်ဦးခန့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။

တိုက်ပွဲမြေပြင်တွင် ပုံရိပ်ဆယ့်လေးခုသည် ယှဉ်ပြိုင်တိုက်ခိုက်နေကြ၏။

ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း အရှိန်အဝါများက မိုးကောင်းကင်ယံတွင် ပျံ့နှံ့နေသည်။ ဓားချီအလင်းတန်းများက ပတ်ဝန်းကျင်အနှံ့အပြား၌ တောက်ပနေပြီး သွေးချီများက တိမ်တိုက်များဆီသို့ မြင့်တက်သွားပေ၏။

သူတို့ထံမှ စွမ်းအားကြီးမားသည့် ဝှက်ဖဲများနှင့် နည်းစနစ်များ အဆုံးမရှိ ထွက်ပေါ်လာခဲ့ကာ...

တိုက်ခိုက်မှုတိုင်းနှင့် ရိုက်ခတ်မှုတိုင်းသည် အဆုံးအစမဲ့သော စွမ်းအားလှိုင်းများကို ပွင့်အံ့ထွက်စေပြီး မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မြင့်တက်သွားပေ၏။

ဤမြင်ကွင်းကြောင့် မရေမတွက်နိုင်သော လူများ ထိတ်လန့်သွားခဲ့သည်။

ယနေ့ ဤနေရာသို့ ရောက်ရှိလာသူများသည် အားနည်းသူများဟု မဆိုနိုင်ချေ။

သို့သော် ယခုအချိန်တွင် တိုက်ပွဲမြေပြင်မှ ထွက်ပေါ်လာသော ဖိအားကြောင့်ပင် လူတစ်ဝက်ခန့်သည် ခံနိုင်ရည်မရှိတော့ကြောင်း အော်ဟစ်နေကြ၏။

တိုက်ပွဲမြေပြင်ရှိ ပုံရိပ်တိုင်းသည် ဤနေရာရှိ လူများအားလုံးကို သုတ်သင်ရှင်းလင်းနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ဤတိုက်ပွဲသည် အချိန်မည်မျှကြာမြင့်နေပြီကို မသိရသော်လည်း မည်သည့်ဘက်ကမျှ တခြားတစ်ဖက်ကို အနိုင်မယူနိုင်ခဲ့ချေ။

နောက်ထပ် အကြိတ်အနယ် တိုက်ခိုက်မှုများ အပြီးတွင် နှစ်ဖက်လုံး အကွာအဝေးတစ်ခုအထိ ဆုတ်ခွာသွားကြသည်။

"ရပ်လိုက်ကြတော့..."

ချင်းမင်က ကြွင်းကျန်ရစ်နေဆဲဖြစ်သော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြောဆိုလိုက်၏။

"ငါ ဝန်ခံပါတယ်.... အစောက မင်းတို့ကို ငါ အထင်သေးမိခဲ့တယ်...အခု မင်းတို့ရဲ့စွမ်းအားက ငါ့ရဲ့ လေးစားမှုကို ရရှိသွားပြီ...တကယ်တော့ ငါနဲ့ မင်းတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး...ဖူဝမ်နန်းတော်ရဲ့ ဘိုးဘေးကိုသာ ငါ့ကို ခေါ်သွားခွင့်ပြုမယ်ဆိုရင် ကျန်တဲ့သူတွေကို မင်းတို့သဘောကျ လုပ်လို့ရတယ်..."

"ဒီကိစ္စကို ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီနေရာမှာတင် အဆုံးသတ်လိုက်ကြရအောင် ...ဘယ်လိုသဘောရလဲ..."

သိသာထင်ရှားသည်မှာ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏စွမ်းအားက ချင်းမင်အား သူ၏မထီမဲ့မြင်ပြုမှုများကို ဖယ်ရှားလိုက်စေပြီး သူ၏ရပ်တည်ချက်ကို သိမ်မွေ့စွာ ပျော့ပျောင်းသွားစေခြင်းပင်။

ချင်းမင်ကို သိသူများအတွက် ဤအရာသည် လုံးလုံးလျားလျား မယုံကြည်နိုင်စရာ ကိစ္စတစ်ခု ဖြစ်ပေ၏။

ချင်းမင်၏မောက်မာမှုသည် နာမည်ကြီးကာ သူ စတင်ထွက်ပေါ်လာကတည်းက သူ ခေါင်းငုံ့သည်ကို မည်သူမျှ မမြင်ဖူးခဲ့ချေ။

သို့သော်လည်း ဤစကားများက ဖူဝမ်နန်းတော်မှ လူများ၏နှလုံးသားကို ချက်ချင်းဆိုသလိုပင် ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားစေခဲ့သည်။

အစပိုင်းတွင် သူတို့က ဤလျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုနှစ်ခုသည် ဖူဝမ်နန်းတော်၏ အကျပ်အတည်းကို သေချာပေါက် ဖြေရှင်းပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။

သို့သော် ယခုအချိန်တွင် သူတို့သည် အသုံးချခံ နယ်ရုပ်များအဖြစ် စွန့်ပစ်ခံလိုက်ရလေပြီ။

အထူးသဖြင့် ဖူကျုံး၏မျက်လုံးများ နီမြန်းနေခဲ့သည်။

ယနေ့တွင် သူသည် သူ၏ဘဝ၌ ကြီးမားသော အတက်အကျပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်သည်။

သူသည် မျှော်လင့်ချက်နှင့် စိတ်ပျက်အားငယ်မှုတို့ကြားတွင် အကြိမ်ကြိမ် လူးလှိမ့်နေခဲ့ရ၏။

သူ လက်ခံရန် ပို၍ခက်ခဲစေသောအရာမှာ ဂုဏ်သိက္ခာရှိသော ထိပ်သီးအင်အားစုတစ်ခု၏ ဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး လူတစ်ဦး၏အောက်နှင့် လူသောင်းပေါင်းများစွာ၏အထက်တွင် ရှိနေသော သူသည် တစ်နေ့တွင် အသုံးချခံ နယ်ရုပ်တစ်ရုပ်အဖြစ် ဆက်ဆံခံရခြင်းပင်။

သူ အလွန်အမင်း စိတ်ပျက်အားငယ်နေချိန်တွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ သဘောထားက သူ၏အသက်ရှင်လိုစိတ်ကို ပြန်လည်၍ ရှင်သန်လာစေခဲ့သည်။

ကြက်ပေါက်စတစ်က လှောင်ပြောင်လိုက်သည်။

"မင်းက ဘာကောင်မလို့ ငါတို့ ညီအစ်ကိုတွေက မင်းကို မျက်နှာသာပေးရမှာလဲ...ငါသတ်ချင်တဲ့လူကို မင်းလိုကောင်က ကာကွယ်ပေးလို့ မရဘူး..."

ဤစကားများကြောင့် ချင်းမင်၏မျက်နှာ လုံးလုံးလျားလျား သုန်မှုန်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤသည်က ဖူကျုံး၏စိတ်နှလုံးသားကို ကြီးမားသော ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

သူတို့၏ ပဋိပက္ခ အပြည့်အဝ ကြီးထွားလာမှသာ သူနှင့်ဖူဝမ်နန်းတော်အဖွဲ့ဝင်များအားလုံး အသက်ရှင်သန်နိုင်ရန် အခွင့်အရေး ရရှိပေမည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ပြီး စိတ်ချင်းဆက်သွယ်နားလည်နိုင်သော အခြေအနေသို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေလေပြီ။

ကြက်ပေါက်စတစ်၏ စကားဆုံးသည်နှင့်....

နတ်ဆိုးစစ်သူကြီးနှစ်ဦး ထွက်လာကာ ဖူဝမ်နန်းတော်ဂိုဏ်းချုပ် ဖူကျုံးနှင့် ဖူဝမ်နန်းတော် ဘိုးဘေးဖူကျီးတို့၏ရှေ့သို့ အသီးသီး ရောက်ရှိလာကြသည်။

"မလုပ်....မလုပ်ပါနဲ့..."

ဖူကျုံးက တစ်စုံတစ်ခုကို သိရှိသွားပုံရပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့် ကောင်းကင်ဂိုဏ်းမှ တပည့်များကြား ပဋိပက္ခ ကြီးထွားလာသည့်အပေါ် အစပိုင်းတွင် သူ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် သူသည် ယခုအချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး အကြောက်တရားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားမိပေ၏။

သေမင်းတမန် ရောက်ရှိလာခြင်းကို သူ ခံစားမိကာ ဤအချိန်တွင် သူသည် သနားညှာတာရန် တောင်းပန်ချင်နေခဲ့သည်။

အကယ်၍ သူသည် ယခင်က ရဲရင့်စွာ သေဆုံးရန် ပြင်ဆင်ထားခဲ့လျှင် အပြောင်းအလဲများ ဆက်တိုက်ကြုံတွေ့ပြီးနောက် အသက်ရှင်ရသည်မှာ မည်မျှထိကံကောင်းကြောင်း ယခုအချိန်၌ အမှန်တကယ်ကို ခံစားနေရလေပြီ။

သေခြင်းနှင့်ရှင်ခြင်းကြားတွင် သူ့အတွက် သားတစ်ယောက် ဆုံးရှုံးရခြင်းသည် လက်ခံနိုင်စရာကိစ္စတစ်ရပ်ပင်။

မည်သို့ပင်ဆိုစေကာမူ သားတစ်ယောက် ဆုံးရှုံးသွားပါက နောက်တစ်ယောက် ထပ်ရနိုင်သော်လည်း သူ့ထံတွင် အသက်တစ်ချောင်းသာ ရှိပေသည်။ အကယ်၍ သူ၏ အသက်သာ ဆုံးရှုံးသွားပါက အရာအားလုံး ပျောက်ကွယ်သွားပေမည်။

သို့သော် နတ်ဆိုးစစ်သူကြီးနှစ်ဦးသည် သူနှင့် အပိုစကားပြောမနေတော့ဘဲ သူတို့၏ဧရာမခြေထောက်ကြီးများဖြင့် နင်းချေလိုက်ကြသည်။

ဖူဝမ်နန်းတော်တွင် အမြင့်မားဆုံး အာဏာနှင့် အဆင့်အတန်းရှိသော လူနှစ်ဦးသည် နင်းခြေသတ်ဖြတ်ခြင်းကို ခံလိုက်ရပေ၏။

ကွာခြားချက်မှာ ဖူကျုံးသည် ကြောက်ရွံ့မှုများဖြင့် သေဆုံးသွားခြင်းပင်။

ဖူဝမ်နန်းတော်၏ဘိုးဘေးကမူ အလွန် အေးချမ်းစွာ သေဆုံးသွားခဲ့သည်။

အကြောင်းအရင်းမှာ သူသည် အစောပိုင်းက ဘဲခုနစ်၏ကန်ချက်ကြောင့် သတိလစ်သွားခဲ့ပြီး ယခုအချိန်အထိ သတိပြန်မလည်လာသေးသောကြောင့်ပင်။

ထို့ပြင် သူသည် ဘယ်တော့မှ ပြန်နိုးလာတော့မည် မဟုတ်ချေ။

နတ်ဆိုးစစ်သူကြီးကြီးနှစ်ဦး၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လွန်းသည်။

ဤသည်မှာ အလွန်မြန်ဆန်လှသဖြင့် ချင်းမင်ပင်လျှင် သူတို့ကို တားဆီးရန် အချိန်မရလိုက်ချေ။

သူ ကာကွယ်ပေးလိုသောလူသည် သူ၏မျက်စိရှေ့တွင် အဖြစ်ဆိုးနှင့် သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ သူ၏မျက်လုံးများ ချက်ချင်းနီမြန်းသွားပေ၏။

သူသည် အလွန်ဒေါသထွက်သွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့သည်။

ချင်းမင်က လေဟာနယ်အတွင်းတွင် မတ်တတ်ရပ်ကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"ကောင်းတယ်..."

"အရမ်းကောင်းတယ်..."

"ဒီနေ့ ဒီရန်ငြိုးက မပြီးပြတ်နိုင်တော့ဘူး..."

"နောင်တစ်ချိန်ကျရင် ဒီနေ့ မင်းတို့ရဲ့လုပ်ရပ်တွေအတွက် နောင်တမရဖို့ပဲ ငါ မျှော်လင့်တယ်..."

"အစ်ကိုဖုန်း သွားကြစို့..."

ချင်းမင်သည် ပြင်းထန်သော ခြိမ်းခြောက်စကားများ ပြောဆိုပြီးနောက် ဖုန်းဝူကျီးနှင့်အတူ ထွက်ခွာသွားရန် ရည်ရွယ်လိုက်သည်။

သို့သော် ကြက်ပေါက်စတစ်က သဘောမတူချေ။

"ကောင်စုတ်လေး...ဒီနေရာက မင်း လာချင်တဲ့အချိန်လာပြီး ထွက်ချင်တဲ့အချိန် ထွက်သွားလို့ရတဲ့ နေရာများ မှတ်နေလား..."

"ငါ့ရဲ့ညီခုနစ်ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ရန်ငြိုးက မရှင်းရသေးဘူး မဟုတ်လား..."

"အခု ထွက်သွားဖို့ ကြိုးစားနေတာက အဲ့ဒီလောက်ထိ လွယ်ကူမယ်လို့ ငါ မထင်ဘူး..."

သူ စကားပြောဆိုနေစဉ်မှာပင် နတ်ဆိုးစစ်သူကြီးများသည် လူခွဲလိုက်ကာ သူတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြ၏။

ဤသည်ကို မြင်တွေ့ချိန်၌ ချင်းမင်၏မျက်လုံးများ ပို၍နီမြန်းသွားခဲ့သည်။

သူ စတင်ထွက်ပေါ်လာကတည်းက တခြားသူများကို အမြဲတစေ ပိတ်ဆို့ဟန့်တားခဲ့သူမှာ သူသာလျှင် ဖြစ်ပေ၏။

ယခု၌မူ သူသည် တခြားသူများ၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံနေရလေပြီ။

ဤသည်မှာ အမှန်တကယ်ကို အနိုင်ကျင့်လွန်းရာကျသည်။

ဤအချိန်တွင် ဖုန်းဝူကျီးက ရှေ့သို့တက်လာခဲ့ကာ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို အကဲခတ်လိုက်သည်။

"ငါတို့နှစ်ယောက် ထွက်သွားချင်ရင် မင်းတို့ တားလို့မရဘူး..."

သူ၏တည်ငြိမ်သော စကားများတွင် အဆုံးမဲ့သော ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

ကြက်ပေါက်စတစ်သည် အလွန်အမင်း စိတ်မကျေမနပ် ဖြစ်သွားပေ၏။

အကယ်၍ သူ၏ညီဖြစ်သူသာ အထွတ်အထိပ်အခြေအနေမှ ကျဆင်းမသွားခဲ့လျှင် ဤကောင်စုတ်လေးသည် မည်သည်ကြောင့် ဤမျှထိ မောက်မာနိုင်မည်နည်း။

သူ ဝန်ခံရန် အလွန်ဝန်လေးနေခဲ့သော်လည်း...

သူတို့ ညီအစ်ကိုဆယ့်နှစ်ဦး၏ လက်ရှိအခြေအနေအရ ထိုလူနှစ်ယောက်ကို အတင်းအကြပ် တားဆီးလျှင် အမှန်တကယ်ကို ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာမည် မဟုတ်ချေ။

သို့သော် အကယ်၍ သူသာ ထိုလူနှစ်ဦးကို ဤအတိုင်း ထွက်သွားခွင့်ပြုလိုက်ပါက သူ၏စိတ်ထဲတွင် ရှင်းလင်းနေမည် မဟုတ်ပေ။

သူ အကျပ်ရိုက်နေချိန်မှာပင်...

"ဟီး...ဟီး..."

ထူးဆန်းသော ရယ်သံတစ်သံ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဤရယ်သံသည် အလွန်အမင်း နတ်ဆိုးဆန်ကာ နေရာတိုင်းတွင် ရှိနေပုံရပြီး လူတစ်ယောက်၏ နားထဲတွင်တိုက်ရိုက်ပဲ့တင်ထပ်နေပုံရသည်။

"အဲ့ဒါက ဘယ်လို သရဲတစ္ဆေသံမျိုးလဲ..."

ချင်းမင်သည် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး သူ၏မျက်လုံးများ နီမြန်းသွားကာ ပြောဆိုလိုက်၏။

ယနေ့သည် သူ့အတွက် အလွန်ကံဆိုးသောနေ့ပင်။

ဤလူသားမဆန်သော သရဲတစ္ဆေသံကို ကြားလိုက်ရခြင်းက သူ့ကို ပို၍စိတ်လှုပ်ရှားကာ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

"သတိထား...ဒါက မရိုးရှင်းဘူး..."

ယခင်က အမြဲတစေ တည်ငြိမ်ပြီး စိတ်သက်တောင့်သက်သာရှိသော ဖုန်းဝူကျီးသည် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပြသလာကာ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သတိပေးသည်။

"ဘယ်လောက်ပဲ မရိုးရှင်းဘူးဆိုပါစေ... ငါတို့ရဲ့ အသက်ကို ယူနိုင်မှာမလို့လား..."

ချင်းမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ စကားပြောနေစဉ် သူ၏ချီစွမ်းအားများ မြင့်တက်လာခဲ့သည်။

သို့သော် ထိုတစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူ၏ ဘဝတစ်သက်တာတွင် ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

စာခြောက်ရုပ်တစ်ရုပ်သည် မည်သည့်အချိန်ကတည်းက ဖုန်းဝူကျီး၏နောက်ကွယ်တွင် ရောက်ရှိနေမှန်း မသိရချေ။

သွေးရောင်တံစဉ်တစ်ခု လွှဲယမ်းလာခဲ့ကာ...

"သတိထား..."

'သတိထား' ဟူသော စကားလုံးသည် သူ၏ ပါးစပ်မှ ထွက်မလာနိုင်မီမှာပင် ခေါင်းတစ်လုံးက မိုးကောင်းကင်ယံသို့ လွင့်ထွက်သွားခဲ့သည်။

ထိုခေါင်းပြတ်ကြီး မြင့်တက်သွားစဉ်တွင် ချင်းမင်သည် ဖုန်းဝူကျီး၏ မျက်လုံးများထဲရှိ ပြင်းထန်သော မယုံကြည်နိုင်မှုများကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။

ဤမြင်ကွင်းက သူ့ကို လုံးလုံးလျားလျား ထိတ်လန့်သွားစေခဲ့သည်။

ဖုန်းဝူကျီး....

သူ၏အရည်အချင်းသည် ပြိုင်ဘက်ကင်းပြီး ဧကရာဇ်ကြီးတစ်ပါး၏အရှိန်အဝါကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြကာ ကုန်းမြေတစ်ခုလုံးတွင် နှစ်တစ်ရာအတွင်း တစ်ကြိမ်မြင်တွေ့ရခဲသော ပါရမီရှင်တစ်ယောက်ပင်။

ယခု၌မူ သူသည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ခေါင်းဖြတ်ခြင်းခံလိုက်ရလေပြီ။

ဤမိစ္ဆာကောင်သည် မည်သည့်အရာ ဖြစ်သနည်း....

ချင်းမင်သည် သူ၏ခေါင်း အက်ကွဲတော့မည့်အလား ခံစားမိပေ၏။

သူသည် ဤမြောက်ပိုင်းဒေသကို ခေတ်နောက်ကျပြီး အသိပညာကင်းမဲ့သော နေရာတစ်ခုအဖြစ် အမြဲတစေ ထင်မှတ်ထားခဲ့သည်။

ဤနေရာတွင် မည်သည့်ထိပ်သီးကျင့်ကြံသူမျှ ရှိမနေသင့်ချေ။

သို့သော် ယနေ့တွင် သူသည် ပထမဆုံးအနေဖြင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ပြင်းထန်စွာ ချေမှုန်းခြင်းကို ခံလိုက်ရသည်။

ထို့အပြင် သူထက် အဆပေါင်းများစွာ ပို၍စွမ်းအားကြီးမားသော ဖုန်းဝူကျီးသည်လည်း ခေါင်းဖြတ်ခြင်း ခံလိုက်ရပေ၏။

ဤဒေသတွင် ဤမျှထိ ထိတ်လန့်ဖွယ်ရာကောင်းပြီး ထူးဆန်းသော တည်ရှိမှုများ မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

"ထွက်ပြေးရမယ်...ငါ အဝေးကို ထွက်ပြေးရမယ်..."

ဤသည်မှာ ဤအချိန်၌ ချင်းမင်၏စိတ်အတွင်း၌ ရှိနေသော စကားပင်။

ကံဆိုးစွာဖြင့် စာခြောက်ရုပ်သည် လိုအပ်မှသာ လှုပ်ရှားတတ်သော်လည်း သူ လှုပ်ရှားလိုက်သည့်အချိန်တိုင်း ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသော လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည့် စွမ်းအားများ အမြဲတစေ ပါဝင်နေတတ်သည်။

ချင်းမင် ပေအနည်းငယ်သာ ပြေးရသေးချိန်တွင် တံစဉ်တစ်ခုက မည်သည့်အချိန်ကတည်းက သူ၏လည်ပင်းပေါ်တွင် ရောက်နေမှန်း မသိရပေ။

သူနှင့် အလွန်နီးကပ်နေသော သေခြင်းတရားကို သူ ရှင်းလင်းစွာ ခံစားမိပေ၏။

"မင်း ငါ့ကို သတ်လို့မရဘူး...တကယ်လို့ မင်း ငါ့ကို သတ်ရင် မင်းတို့အားလုံး သေရလိမ့်မယ်... ပြီးတော့ မြောက်ပိုင်းဒေသတစ်ခုလုံးလည်း ငါနဲ့အတူ မြှုပ်နှံ့ခံရလိမ့်မယ်..."

ပြင်းထန်သော သေရေးရှင်ရေး အကျပ်အတည်းက သူ၏ဦးနှောက်ကို အရှိန်အဟုန်ဖြင့် အလုပ်လုပ်စေကာ သူ၏အတွေးများ ယခင်ကထက် ပို၍ရှင်းလင်းနေခဲ့သည်။

"ငါက..."

သူ၏နောက်ကွယ်ရှိ အင်အားစုအမည်ကို ကြေညာတော့မည် ဖြစ်သော်လည်း စာခြောက်ရုပ်က သူ့အား အခွင့်အရေး မပေးခဲ့ချေ။

တံစဉ်ကို ဆုပ်ကိုင်ထားသော လက်က ဖြည်းညင်းစွာ ဖြတ်တောက်လိုက်ရာ နောက်ထပ်ခေါင်းတစ်လုံး မိုးကောင်းကင်ယံသို့ လွင့်စင်သွားခဲ့သည်။

ထို့နောက် စာခြောက်ရုပ်က သူ၏ လက်ထဲရှိ မီးအိမ်ကို ရှေ့သို့တိုးလိုက်ရာ ကြွင်းကျန်ခဲ့သော စိတ်ဝိညာဉ်နှစ်ခုသည် ထိုအရာထဲသို့ တိုက်ရိုက် စုပ်ယူခြင်း ခံလိုက်ရပေ၏။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်ကြာမြင့်ခဲ့သော်လည်း စာခြောက်ရုပ် ထွက်ပေါ်လာချိန်မှစ၍ အဆုံးသတ်သွားသည်အထိ အသက်သုံးရှိုက်စာပင် မကြာလိုက်ချေ။

စာခြောက်ရုပ်၏ရှေ့တွင် သက်ရှိအားလုံး တန်းတူညီမျှဖြစ်သည်ဟု ဆိုနိုင်သည်။

"အစ်ကိုကြီးက အရမ်းအစွမ်းထက်တယ်..."

ကြက်ပေါက်စတစ်နှင့် တခြားနတ်ဆိုးစစ်သူကြီးဆယ့်တစ်ဦးတို့သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။

စာခြောက်ရုပ် ထပ်မံလှုပ်ရှားသည်ကို မြင်တွေ့ချိန်၌ သူ၏လက်ထဲမှ အသက်ရှင်လွတ်မြောက်လာခဲ့ခြင်းသည် မည်မျှထိ ကံကောင်းကြောင်းကို သူတို့ နားလည်သဘောပေါက်သွားခဲ့ကြသည်။

ပတ်ဝန်းကျင်နေရာတဝိုက်တွင် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုတစ်ခုက လွှမ်းမိုးသွားပြီး စာခြောက်ရုပ် ပြသလိုက်သော စွမ်းအားကြောင့် လူများအားလုံး ထိတ်လန့်သွားခဲ့သည်။

ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့က တိတ်တဆိတ် တံတွေးမျိုချလိုက်ကြသည်။

အစောပိုင်းက ကြက်ပေါက်စတစ်သည် စာခြောက်ရုပ်၏ ထူးခြားသောစွမ်းအားအကြောင်းကို သူတို့အား ပြောပြခဲ့သော်လည်း...

ယခု၌မူ စာခြောက်ရုပ်သည် သူ၏လက်ကို တစ်ချက်လှုပ်ခတ်ရုံဖြင့် ယန်သုံးပါးနယ်ပယ်အလွန် ထိပ်သီးကျင့်ကြံသူနှစ်ဦးကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်သည်အား သူတို့ မြင်တွေ့လိုက်ရသည်။

သူတို့၏စိတ်နှလုံးသားများ တုန်ရီနေသည်ကိုသာ သူတို့ ခံစားမိပေ၏။

အကယ်၍ စာခြောက်ရုပ်၏စွမ်းအားသည် ဤမျှထိ ထိတ်လန့်ဖွယ်ကောင်းနေပြီဆိုလျှင် သူတို့သခင်၏စွမ်းအားသည် မည်မျှထိ ခန့်မှန်း၍မရသော အတိုင်းအတာအထိ ရောက်ရှိနေမည်နည်း။

All Chapters