ငါတို့အားလုံးက လေလွင့်ကျင့်ကြံသူတွေဖြစ်လို့ အချင်းချင်း တွေ့ဆုံရတာကလည်း ရေစက်တစ်မျိုးပါပဲ
Vol. 28 Ch. 280
တခြားတစ်ဖက်တွင်မူ...
ကျုံးချင်သည် ပိုင်လင်းအတွက် အခက်အခဲများနှင့် အတားအဆီးအချို့ကို ဖြေရှင်းပေးရန် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို စေလွှတ်ပြီးနောက် သူကိုယ်တိုင်ကမူ လုပ်စရာဟူ၍ ဘာမှမရှိတော့ပုံရသည်။
ဤနတ်ဆိုးမြို့တော်ထဲတွင်...
လူများအားလုံးနီးပါးသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ယှဉ်ပြိုင်လုယူရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။
လူများအားလုံးတွင် သူတို့ ဆောင်ရွက်ရမည့် ကိုယ်ပိုင်ကိစ္စများ ရှိနေကြ၏။
လူတချို့သည် လျှို့ဝှက်နယ်မြေ ရတနာသိုက်များကို ရှာဖွေရန် အလုပ်ရှုပ်နေကြပြီး လူတချို့ကမူ အခွင့်အရေးများနှင့် ကံကြမ္မာကောင်းများကို ယှဉ်ပြိုင်လုယူရန် အလုပ်ရှုပ်နေကြသည်။
ဤရှုပ်ထွေးနေသော လျှို့ဝှက်နယ်မြေထဲတွင် ကျုံးချင်၏တည်ရှိနေမှုက လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုမရှိသကဲ့သို့ ဖြစ်နေသည်။
သူသည် ဤကိစ္စကို ဂရုမစိုက်ခဲ့ဘဲ နေ့စဥ်နေ့တိုင်း ဝိုင်အရက်သောက်ကာ လမ်းလျှောက်ထွက်လေ့ရှိပေ၏။
ပိုင်လင်းသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်လာမည့်အချိန်ကိုသာ သူ စောင့်ဆိုင်းနေခဲ့သည်။
ယနေ့တွင်....
ကျုံးချင်သည် ရှေးဟောင်းလမ်းမကြီးတစ်ခုတလျှောက် လမ်းလျှောက်နေခဲ့သည်။
"ဝေါင်း..."
သားရဲတစ်ကောင်၏ဟိန်းဟောက်သံက သူ၏စိတ်အာရုံကို ဖမ်းစားသွားခဲ့သည်။
သူ မော့ကြည့်လိုက်ရာ အရောင်အသွေးစုံလင်သော နတ်ဆိုးကျားရဲတစ်ကောင်က သူ၏ရှေ့ရှိလမ်းထောင့်မှ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုနတ်ဆိုးကျားသည် အရပ်တစ်ကျန်းခန့် မြင့်ပြီး ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုသားရဲသည် အစွယ်များကို လှစ်ဟထားကာ ကျုံးချင်အား သွားရည်ကျနေပြီး သူ့ကို သားကောင်အဖြစ် သတ်မှတ်ထားသည်။
လက်ရှိတွင် နတ်ဆိုးမြို့တော်ထဲ၌ လူသားမျိုးနွယ် ကျင့်ကြံသူများသာမက နတ်ဆိုးသားရဲ အမြောက်အများလည်း ရောယှက်၍ပါဝင်နေကြ၏။
အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို စိတ်ဝင်စားသူများတွင် လူသားမျိုးနွယ်များသာ မဟုတ်ကြောင်းကို သိထားသင့်သည်။
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံခြင်းစွမ်းအားရှိသော နတ်ဆိုးသားရဲတစ်ကောင်သည် ကျုံးချင်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ချေ။
ထိုနတ်ဆိုးသားရဲက သူ့အား သားကောင်အဖြစ် သတ်မှတ်ရဲသောကြောင့် ကျုံးချင်အနေဖြင့် ထိုကျားအား တမလွန်သို့ ပို့ဆောင်ပေးရန် ဝန်မလေးခဲ့ချေ။
သို့သော် သူ မလှုပ်ရှားရသေးမီမှာပင် အဝေးမှနေ၍ ဥပဒေသစွမ်းအားများ ပါဝင်နေသော ဓားရှည်တစ်လက် လျင်မြန်စွာ ပျံသန်းလာပြီး နတ်ဆိုးကျား၏ဝမ်းဗိုက်ကို တိုက်ရိုက်ထွင်းဖောက်သွားကာ ချက်ချင်းသေဆုံးသွားစေခဲ့သည်။
ဓားရှည် ပျံသန်းလာရာ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ အဝေးမှ လျှောက်လှမ်းလာသော ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်အချိုးအစားနှင့် အမျိုးသမီးတစ်ဦးကို သူ မြင်တွေ့မိပေ၏။
သူမသည် အနီရောင်သားရေအင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ခါးတွင် ကျောက်စိမ်းပြားတစ်ပြားကို ချိတ်ဆွဲထားသည်။ သူမ၏ မီးတောက်ကဲ့သို့ နီမြန်းနေသော ဆံပင်ရှည်များက ပခုံးပေါ်သို့ ကျဆင်းနေပြီး သူမအား ရဲရင့်ကာ စိတ်ဓာတ်တက်ကြွနေသော အသွင်အပြင်အား ပေးစွမ်းနေသည်။
ထိုအမျိုးသမီးသည် ကျုံးချင်၏အနီးမှ ဖြတ်လျှောက်သွားကာ နတ်ဆိုးကျားဆီသို့ တိုက်ရိုက်သွားပြီး သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူမသည် နတ်ဆိုးကျား၏ ရုပ်အလောင်းကို ဖြတ်တောက်ပြီး နတ်ဆိုးအမြူတေနှင့် အဖိုးတန်ပစ္စည်းတချို့ကို ထုတ်ယူလိုက်သည်။
ထိုအချိန်ကျမှသာ သူမက ကျုံးချင်ကို ကြည့်လိုက်၏။
"ရှင်က တစ်ယောက်တည်းလား..."
ကျုံးချင်က ခေါင်းညိတ်ပြသည်။
"ကြည့်ရတာတော့ ရှင်က လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်မယ်...ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်က နတ်ဆိုးကျားတစ်ကောင်က ရှင့်ကို မလှုပ်ရဲလောက်အောင် အတော်လေး ခြောက်လှန့်သွားပုံရတယ်..."
"တကယ်လို့ ကျွန်မသာ အချိန်မီ ရောက်မလာခဲ့ရင် ရှင်က ဒီသားရဲရဲ့ ပါးစပ်ထဲကို ရောက်သွားလောက်ပြီ မဟုတ်လား..."
"အခု နတ်ဆိုးမြို့တော်ထဲမှာ အခြေအနေတွေက ရှုပ်ထွေးနေပြီးတော့ အန္တရာယ်တွေက နေရာတိုင်းမှာ ရှိနေတယ်...ရှင့် ဘာတွေတွေးနေတာလဲ... လမ်းပေါ်မှာ တစ်ယောက်တည်း လျှောက်သွားရဲတယ်ပေါ့..."
ကျုံးချင်အပေါ် သူမ၏အကြည့်များတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤမျှထိ နိုးကြားမှုအားနည်းသော လူတစ်ယောက်သည် ယခုအချိန်အထိ မည်သည်ကြောင့် အသက်ရှင်နေသည်ကို သူမ ထူးဆန်းနေပုံရသည်။
ကျုံးချင်က သူ၏နှာခေါင်းကို ပွတ်သပ်ကာ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"တကယ်တော့ ငါ့ရဲ့ စွမ်းအားက မဆိုးဘူး... အန္တရာယ်အများစုကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေရော မရှိဘူးလား..."
"အိုး....ကျေးဇူးပြုပြီး မနောက်စမ်းပါနဲ့..."
ဤစကားကိုကြားချိန်၌ အမျိုးသမီးက ရယ်မောလိုက်သည်။
"ရှင်က အသက်နှစ်ဆယ်တောင် ပြည့်သေးတဲ့ပုံ မရှိဘူးလေ...ရှင့်အမေရဲ့ဗိုက်ထဲကတည်းက ကျင့်ကြံလာခဲ့ရင်တောင် ရှင့်ဆီမှာ ဘယ်လောက်ထိ မြင့်မားတဲ့ စွမ်းအားမျိုး ရှိနေနိုင်မှာမလို့လဲ..."
"ကျွန်မရဲ့ရဲ့ ယင်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံခြင်းနဲ့တောင် ထိပ်သီးကျင့်ကြံသူတွေ စုဝေးနေတဲ့ ဒီနတ်ဆိုးမြို့တော်မှာ ကျွန်မ သတိထားပြီး နေရသေးတယ်....ပြီးတော့ အန္တရာယ်အများစုကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့တောင် မပြောရဲဘူး..."
"ကျွန်မတို့က လေလွင့်ကျင့်ကြံသူတွေပဲလေ... အချင်းချင်း တွေ့ဆုံရတာကလည်း ကံကြမ္မာရေစက်တစ်ခုလို့ သတ်မှတ်လို့ရတယ်..."
"ဂိုဏ်းအင်အားစုတွေ သောင်းကျန်းနေတဲ့ဒီနတ်ဆိုးမြို့တော်မှာ ကျွန်မတို့ရဲ့ တစ်ဦးချင်းစွမ်းအားက အရမ်းကိုအားနည်းလွန်းတယ်..."
"အခုကစပြီး ရှင်က ကျွန်မရဲ့နောက်ကို လိုက်ခဲ့လို့ရတယ်..."
"ရှင့်ကို ကြီးမားတဲ့ အခွင့်အရေးတွေ ဒါမှမဟုတ် ကံကြမ္မာကောင်းတွေ ရအောင် ကူညီပေးမယ်လို့တော့ ကျွန်မ ကတိမပေးနိုင်ဘူး....ဒါပေမဲ့ ကျွန်မက ရှင့်ကို ကာကွယ်ပေးထားမယ်ဆိုရင် အနည်းဆုံးတော့ ရှင် အသက်ရှင်ဖို့နဲ့ ဘေးကင်းကင်း ပြန်ထွက်သွားနိုင်ဖို့ ဖြစ်နိုင်ခြေက ပိုများသွားလိမ့်မယ်..."
ထိုအမျိုးသမီးသည် အလွန်စိတ်သဘောထားကောင်းပြီး ဖော်ရွေသူတစ်ယောက်ပင်။
စကားလုံးအနည်းငယ်ဖြင့်ပင် ယနေ့မှစ၍ သူမက သူ့ကို ကာကွယ်ပေးတော့မည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ကျုံးချင်သည် အနည်းငယ် ဆွံ့အသွားပေ၏။
"ဒါက မလိုအပ်ဘူးထင်တယ်..."
"ကျွန်မကတော့ ရှင်က မျက်နှာပျက်ရမှာကို ကြောက်နေတယ်လို့ ထင်တယ်...ကျင့်ကြံခြင်းလမ်းစဉ်မှာ 'အရှက်မရှိတဲ့သူက ဘယ်တော့မှ ဗိုက်မဆာဘူး' ဆိုတဲ့ စကားပုံ ရှိတယ်လေ..."
"ကျွန်မရဲ့နောက်ကို လိုက်ရတာကို ရှင် ရှက်နေဖို့ မလိုပါဘူး..."
ထိုအမျိုးသမီး၏အမြင်အရ ကျုံးချင်သည် သူ အရှက်ရမည်ကို ဂရုစိုက်နေသဖြင့် ငြင်းဆန်နေခြင်းပင်။
ကျုံးချင် တုံ့ပြန်ရန် အခွင့်အရေးမရမီမှာပင် အမျိုးသမီးက ထပ်မံ၍ ပြောဆိုလိုက်၏။
"တိုက်တိုက်ဆိုင်ဆိုင်နဲ့ ပျက်စီးယိုယွင်းနေတဲ့ လျှို့ဝှက်နယ်မြေငယ်လေးတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ်....ဂိုဏ်းအများစုက အဲ့ဒီ လျှို့ဝှက်နယ်မြေကို အထင်သေးကြပေမဲ့ ကျွန်မတို့အတွက်တော့ အဲ့ဒါက အခွင့်အရေးတစ်ခုပါပဲ..."
"အဲ့ဒီ လျှို့ဝှက်နယ်မြေကို ဖွင့်ဖို့အတွက် ကျွန်မကို ကူညီပေးမယ့် လူတစ်ယောက် လိုတယ်..."
"အဲ့ဒီအချိန်ကျရင် အထဲမှာရှိတဲ့ ရတနာတွေကို ရှင်နဲ့ကျွန်မ ခွဲဝေပြီး ယူလို့ရတယ်လေ..."
"သွားကြစို့..."
"အဲ့ဒီလျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို ရှာရတာက မခက်ခဲဘူး....တကယ်လို့ ကျွန်မတို့ သွားတာ နောက်ကျသွားပြီး တခြားတစ်ယောက်ယောက်က အရင်ရောက်သွားရင် ဆိုးရွားသွားလိမ့်မယ်..."
ကျုံးချင်က ခါးသက်သက်အပြုံးတစ်ခု ပြုံးလိုက်သည်။ ထိုလျှို့ဝှက်နယ်မြေအပေါ် သူ အနည်းငယ်မျှ စိတ်ဝင်စားမှု မရှိခဲ့ချေ။
သို့သော် အမျိုးသမီး၏တိုက်တွန်းမှုကြောင့် သူသည် သူမ၏နောက်သို့ လိုက်ပါသွားခဲ့လေ၏။
ကောင်းကင်ဘုံမျက်လုံး၏ စောင့်ကြည့်လေ့လာမှုအရ ထိုအမျိုးသမီးထံတွင် မကောင်းသော ရည်ရွယ်ချက်မျိုး မရှိချေ။
သူမက သူ့ကို ကြည့်ရတာ အဆင်ပြေသည်ဟု ယူဆပြီး နှစ်ဦးလုံးမှာ 'လေလွင့်ကျင့်ကြံသူများ' ဖြစ်နေသည်။ ထိုကြောင့် သူမ၏စွမ်းဆောင်နိုင်မှုအကန့်အသတ်အတွင်းမှ သူ့အား အကာအကွယ်တချို့ပေးကာ ကူညီပေးလိုခြင်း ဖြစ်နိုင်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူ လုပ်စရာဟူ၍ ဘာမှမရှိပေ။
သူက ထိုကိစ္စကို အပြင်ထွက်၍ လမ်းလျှောက်သည်ဟုသာ သဘောထားလိုက်သည်။
သူတို့နှစ်ယောက်သား လျင်မြန်စွာ ခရီးဆက်ခဲ့ကြပြီး လမ်းတလျှောက်တွင် အမျိုးသမီးက ထပ်မံ၍ ပြောဆိုသည်။
"ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးမယ်... ကျွန်မရဲ့နာမည်က ဟော်လင်းအာ...မြောက်ပိုင်းဒေသရဲ့တောင်ဘက်ကပါ..."
"ရှင်ကရော..."
"ကျုံးချင်....အရှေ့ပိုင်းဒေသကပါ..."
ဟော်လင်းအာ၏ လှပသော မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"အရှေ့ပိုင်းဒေသက ဧည့်သည်တစ်ယောက်ပဲ...အရှေ့ပိုင်းဒေသက ဒီနေရာနဲ့ ဝေးတယ်မဟုတ်လား...ရှင် ဒီနေရာကို ရောက်ဖို့ အချိန်တော်တော်ကြာ ခရီးသွားခဲ့ရမှာပဲ....ဟုတ်တယ်မဟုတ်လား..."
သူမ ရည်ညွှန်းသော 'အချိန်တော်တော်ကြာ' ဆိုသည်မှာ နှစ်များဖြင့် တိုင်းတာခြင်းပင်။
"အချိန်အတော်လေးတော့ ယူခဲ့ရတယ်..."
ရှန်ကျန်းဂိုဏ်းမှ ထွက်ခွာလာပြီးကတည်းက အချိန်မည်မျှ နှောင့်နှေးခဲ့ရသည်ကို ကျုံးချင် တွေးတောမိလိုက်ပြီး ယခုဆိုလျှင် တစ်လနီးပါးခန့် ရှိနေလေပြီ။
"အဲ့ဒီနေရာက အတော်လေး ဆင်းရဲတယ်လို့ ကျွန်မ ကြားဖူးတယ်...ပြီးတော့ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်ကို ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားအဖြစ် သတ်မှတ်ထားကြပြီး ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်က ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေလို့ ကြားတယ်.... အဲ့ဒါက တကယ်ပဲလား..."
ဟော်လင်းအာသည် အရှေ့ပိုင်းဒေသကို အလွန် စိတ်ဝင်စားနေပေ၏။
အရှေ့ အနောက် တောင်နှင့်မြောက် ဒေသလေးခုအနက် အရှေ့ပိုင်းဒေသ
ဤသည်က တိုက်ခိုက်ရေးစွမ်းအား အနိမ့်ပါးဆုံးနေရာအဖြစ် လူသိများကျော်ကြားသည်။
သို့သော် ဤမျှထိ နိမ့်ကျသော တိုက်ခိုက်ရေးစွမ်းအားက သူမအား အလွန်အမင်း သံသယဝင်စေခဲ့သည်။
"အတိုင်းအတာတစ်ခုအထိတော့ မှန်ပါတယ်..."
ကျုံးချင် မြင့်တက်မလာမီက အရှေ့ပိုင်းဒေသသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံများ မရှိသလောက်နီးပါးဖြစ်သော နေရာတစ်နေရာပင်။
ဤသို့ ဖြေဆိုခြင်းက မမှားချေ။
အချိန်တခဏအတွင်းတွင် ဟော်လင်းအာ၏ ကျုံးချင်အပေါ်ကြည့်သော အကြည့်များတွင် သနားညှာတာမှု အရိပ်အယောင်များ ပါဝင်နေပေ၏။
ဤသည်မှာ မြို့သူမြို့သားတစ်ဦးက တောသူတောင်သားတစ်ဦးကို မြင်လိုက်ရသည့်အချိန်၌ တောနယ်ရှိ အခြေအနေများ မည်မျှခက်ခဲကြောင်းနှင့် ဘဝသည် မည်မျှ ကြမ်းတမ်းကြောင်းကို သူတို့၏စိတ်ထဲတွင် ကြိုတင်စိတ်ကူးယဉ်တွေးတောနေသည့်အလားပင်။
"ရှင့်ရဲ့ဇာတိမှာဆိုရင် ကျင့်ကြံသူတော်တော်များများက စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတောင် မဝယ်နိုင်ကြဘူးလို့ ကျွန်မ ကြားဖူးတယ်... အဲ့ဒါက တကယ်လား..."
ဟော်လင်းအာက မေးမြန်းသည်။
ကျုံးချင် အရှက်ရသွားခဲ့သည်။
"စိတ်ဝိညာဉ်ကျောက်တုံးတွေကို မဝယ်နိုင်ဘူးဆိုတာကတော့ နည်းနည်း ပုံကြီးချဲ့လွန်းပါတယ်...အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တချို့ကိုတော့ ရနိုင်ပါတယ်..."
ဟော်လင်းအာက ခေါင်းခါယမ်းလိုက်သည်။
"ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ...ဒါတွေက ကျွန်မ စုဆောင်းထားတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တချို့ပါ.... ကျွန်မအတွက်တော့ သိပ်အသုံးမဝင်တော့ပေမဲ့ ရှင့်အတွက်တော့ အထောက်အကူ ဖြစ်နိုင်တယ်..."
သူမသည် ထိုစကားကိုပြောဆိုရင်း ကျုံးချင်၏ လက်ထဲသို့ သိုလှောင်အိတ်တစ်ခုကို တိုက်ရိုက် ထည့်ပေးလိုက်၏။
သူမသည် သူ့အား ငြင်းဆန်ရန် အခွင့်အရေး မပေးခဲ့ပေ။
ဤသည်က ကျုံးချင်ကို အနည်းငယ် ဆွံ့အသွားစေခဲ့သည်။
ထိုသို့ဆိုလျှင် ယခုချိန်၌ သူသည် ပရဟိတအလှူငွေကို လက်ခံရရှိနေခြင်း ဖြစ်သလော...
ယခင်ဘဝမှ ဟာသတစ်ခုကို သူ အကြောင်းပြချက်မရှိဘဲ တွေးတောမိသွားသည်။
ထိုင်ဝမ်လူမျိုး : မင်းတို့ ပြည်မကြီးကလူတွေ ဆားရည်စိမ်ဘဲဥကိုတောင် မဝယ်နိုင်ဘူးလို့ ငါ ကြားဖူးတယ်...ဒါက ငါ မင်းအတွက် ပြင်ဆင်ထားတဲ့ ဆားရည်စိမ်ဘဲဥတချို့ပါ.... မရှက်ပါနဲ့ မနက်တစ်လုံးစားပြီး ညဘက်လည်း တစ်လုံး စားလို့ရသေးတယ်...ငါ့ရဲ့ ငွေကြေးအရင်းအမြစ်တွေနဲ့ဆိုရင် တစ်နေ့ကို နှစ်လုံး သုံးလုံး ထောက်ပံ့ပေးဖို့က ပြဿနာမရှိပါဘူး...
သို့သော်လည်း ဤအမျိုးသမီး၏စိတ်ထားသည် မဆိုးရွားသဖြင့် သူမ၏ကြင်နာမှုကို သူ ငြင်းဆန်ရန် မလိုအပ်ပေ။
အကယ်၍ သူသာ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါက သူမက သူသည် အရှက်ရခြင်းကို အလွန်ဂရုစိုက်နေပြီး သူ့ကိုယ်သူ အလေးပေးကာ ပြုမူနေသည်ဟု ပြောကောင်းပြောလာနိုင်သည်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး အချိန်တခဏသာ သိကျွမ်းခဲ့ရသော်လည်း ကျုံးချင်သည် ဤအမျိုးသမီး၏စိတ်နေစိတ်ထားကို အနည်းငယ် နားလည်လာခဲ့ပေ၏။
ထိုအမျိုးသမီးသည် သွက်လက်တက်ကြွပြီး ရွှင်လန်းကာ ကူညီလိုစိတ်ရှိပြီး ပူပင်သောကကင်းသူပင်။
စကားပြောဆိုနေရင်း မကြာမီမှာပင် သူတို့နှစ်ဦးသည် လျှို့ဝှက်နယ်မြေတစ်ခု၏ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
Thank For Reading.