သခင်ဆယ့်သုံးယောက်၏ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးခြင်း
Vol. 28 Ch. 271
အချိန်တခဏကြာသည်အထိ နှစ်ဖက်လုံး တစ်ဖက်နှင့်တစ်ဖက် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြ၏။
ပတ်ဝန်းကျင်အခြေအနေသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေခဲ့သည်။
သို့သော် ထိုအချိန်မှာပင် အသံတစ်သံက နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။
"မင်းတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ...ဆက်ဆိုကြ ဆက်ကကြစမ်း...ပျော်ပျော်ပါးပါး နေကြ..."
ကြက်ပေါက်စတစ်က ခေါင်းခါယမ်းပြီး သူတို့ကို စတင်၍ လှုံ့ဆော်လိုက်သည်။
သူတို့သည် အလွန်အမင်း ပျော်ရွှင်နေခဲ့ကြသည်။
ထိုကြောင့် မည်သူ ဝင်လာသည်ဖြစ်စေ သူတို့ ဂရုစိုက်မနေနိုင်တော့ချေ။
သူ စကားပြောနေစဉ် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ လူများသည် လျှင်မြန်စွာ တုံ့ပြန်လိုက်ကြ၏။
မည်သူကို ဂရုစိုက်ရမည်နည်း...
သူတို့သည် အရင်ဆုံး ပျော်ပျော်ပါးပါး နေကြရမည် မဟုတ်လော...
ထို့ကြောင့် သူတို့သည် သူတို့၏ စိတ်လှုပ်ရှားဖွယ် ဖျော်ဖြေမှုများထဲသို့ တဖန်ပြန်၍ နစ်မြောသွားတော့သည်။
အချိန်တခဏကြာပြီးနောက် ဂီတတူရိယာတီးခတ်သူများက တီးခတ်ကြပြီး ဗုံတီးသူများက တီးနေကြသည်။
တက်ကြွနေသော မြင်ကွင်းသည် မိုးကောင်းကင်ယံအထိပင် တုန်ခါသွားစေပေ၏။
ခုနစ်စင်ကြယ်ဓားဂိုဏ်းဝင်များ၏ မျက်လုံးများ နီမြန်းသွားခဲ့ကြသည်။
ဤလူများသည် အလွန်အမင်း မောက်မာလွန်းကာ ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ မျက်စေ့ကျနေသော ရတနာများကို သူတို့၏မျက်စိရှေ့တွင်ပင် ပြောင်ပြောင်တင်းတင်း သိမ်းကြုံး၍ယူဆောင်သွားခဲ့ကြသည်။
ထိုမျှသာမက ယခုအချိန်တွင် သူတို့သည် ခုနစ်စင်ကြယ်ဓားဂိုဏ်းကို လုံးလုံးလျားလျား လျစ်လျူရှုထားကြ၏။
ခုနစ်စင်ကြယ်ဓားဂိုဏ်းဝင်များ၏ အဆုတ်များသည် ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေကြရသည်။
သူတို့၏ ခုနစ်စင်ကြယ်ဓားဂိုဏ်းသည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း...
ဤသည်မှာ ထိပ်သီးတစ်ဝက်အဆင့် အင်အားစုတစ်စုပင်။
အကယ်၍ ထိပ်သီးအင်အားစုကြီးလေးစုသာ မရှိပါက မြောက်ပိုင်းဒေသသည် ခုနစ်စင်ကြယ်ဓားဂိုဏ်းကိုသာ ရိုသေလေးစားရမည်ဟု ဆိုနိုင်ပေ၏။
ထိုသို့ဆိုသည့်တိုင် ယခု၌မူ...
သူတို့သည် ဤနေရာသို့ ရောက်ရှိလာသည့်တိုင် ထိုလူများ၏ လုံးလုံးလျားလျား လျစ်လျူရှုခြင်းကို ခံထားရသည်။
သူတို့သည် ဤသည်ကို အမှန်တကယ် သည်းမခံနိုင်ကြတော့ချေ။
"ဝုန်း..."
ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးက ခြေဆောင့်နင်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် မြေပြင်တပြင်လုံး တုန်ခါသွားခဲ့သည်။
သူ၏စွမ်းအားများ ပျံ့နှံ့သွားပြီး ဧရာမဗုံကြီးသည် တစစီပေါက်ကွဲကာ လွင့်စင်သွားခဲ့ပေ၏။
ထိုအကြီးအကဲက ခက်ထန်စွာ ကြည့်လိုက်ပြီး သူ၏မျက်နှာ ရေခဲကဲ့သို့ အေးစက်တင်းမာနေသည်။
"မင်းတို့က သတ္တိတော်တော်ကောင်းတာပဲ....ငါတို့ရဲ့အခွင့်အရေးတွေကို ခိုးယူသွားပြီးတော့ ငါတို့ရှေ့မှာတောင် ပျော်ရွှင်နေရဲသေးတယ်ပေါ့..."
"မင်းတို့က သေရမှာကို မကြောက်ဘူးလား..."
သူ စကားပြောဆိုနေစဉ် ကြက်သီးထဖွယ် သတ်ဖြတ်လိုခြင်း အငွေ့အသက်များက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
သို့သော် သူ ဒေါသထွက်နေသော်လည်း တခြားတစ်ယောက်က သူ့ထက် များစွာပို၍ ဒေါသထွက်နေခဲ့သည်။
ဤသည်မှာ ဓားတစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ဝူရှားပင်။
"ဟမ့်...မင်းတို့က သခင်ဆယ့်သုံးယောက်နဲ့ တခြားသူတွေရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးရဲတယ်ပေါ့...ခွင့်လွှတ်လို့မရဘူး..."
ငရဲမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ သူ၏ရက်စက်ကြမ်းတမ်းသော မျက်နှာက အစောပိုင်းက စကားပြောခဲ့သော ခုနစ်စင်ကြယ်ဓားဂိုဏ်း အကြီးအကဲအား အမှန်တကယ်ကို အနည်းငယ် ကြောက်ရွံ့သွားစေခဲ့သည်။ သူသည် မသိစိတ်ကနေ၍ ခြေတစ်လှမ်း နောက်ဆုတ်မိလေ၏။
မကြာမီတွင် သူသည် သူ၏မတော်တဆအမှားကြောင့် ရှက်ရွံ့ကာ ဒေါသထွက်လာခဲ့သည်။
မဟုတ်သေး....
ဤအခြေအနေတွင် သူ၏ခုနစ်စင်ကြယ်ဓားဂိုဏ်းက ဒေါသထွက်သင့်သည် မဟုတ်လော...
ဤလူသည် မည်သည့်အရာကို ဆိုလိုသနည်း....
ဤှလူနှင့် သူတို့အကြားတွင် ဖြေရှင်း၍မရသော သွေးကြွေးရန်ငြိုးတစ်ခု ရှိနေသည့်အလား သူ ခံစားနေရသည်။
ပိုင်ဝူရှား၏စိတ်နှလုံးသားထဲတွင် ဤလုပ်ရပ်က သခင်ဆယ့်သုံးယောက်နှင့် တခြားသူများ၏ ပျော်ရွှင်မှုကို အနှောင့်အယှက်ပေးနေပြီး သခင်ဆယ့်သုံးယောက်အား စော်ကားလိုက်ခြင်းဖြစ်ကြောင်း သူ မည်သို့ သိနိုင်မည်နည်း....
ထို့အပြင် သူ၏စိတ်နှလုံးသားထဲရှိ သခင်ဆယ့်သုံးယောက်၏ အဆင့်အတန်းအရ ဤသည်က အမှန်တကယ်ကို သွေးကြွေးရန်ငြိုးတစ်ခု မဟုတ်လော....
ပိုင်ဝူရှား ရှေ့သို့တက်လာချိန်တွင် ကျီးဝူချန်က မည်သို့ နောက်ကျကျန်ရစ်နိုင်မည်နည်း....
ဤသည်မှာ သခင်ဆယ့်သုံးယောက်နှင့် တခြားလူများ၏ရှေ့တွင် မျက်နှာရစေရန်နှင့် အသိအမှတ်ပြုခံရစေရန် အခွင့်အရေးတစ်ခုပင်။
သူနှင့်ပိုင်ဝူရှားတို့သည် ခုနစ်စင်ကြယ်ဓားဂိုဏ်းဝင်များရှေ့တွင် ဘယ်နှင့်ညာယှဉ်တွဲ၍ မတ်တတ်ရပ်လိုက်ကြ၏။
ကျီးဝူချန်က မောက်မာထောင်လွှားစွာ ပြောဆိုသည်။
"ငါတို့သခင်တွေရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက်မပေးဘဲ မင်းတို့ အမြန်ထွက်သွားဖို့ ငါ အကြံပေးချင်တယ်...မဟုတ်ရင် ငါတို့ ရက်စက်တယ်လို့ အပြစ်မတင်နဲ့..."
သူ စကားပြောဆိုနေစဉ် ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူနှစ်ဦးရှိနေပြီး သူတို့၏ပေါင်းစပ်အရှိန်အဝါများက သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ ရာနှင့်ချီသော လူများကို သိမ်မွေ့စွာ ဖိနှိပ်ထားပုံရသည်။
"ခုနစ်စင်ကြယ်ဓားဂိုဏ်းကို ရန်စရဲတဲ့အထိ မင်းတို့ဆီမှာ ဘယ်လို စွမ်းရည်မျိုးတွေ ရှိနေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."
ထိုအချိန်မှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အေးစက်စက် အသံတစ်သံက နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။
တစ်ချိန်တည်းမှာပင် ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ လူအုပ်အကြားမှ တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် တခြားသူမဟုတ်ဘဲ ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖူနျန်ပင်။
ဤအချိန်တွင် ဖူနျန်၏အရှိန်အဝါသည် ပင်လယ်ကြီးကဲ့သို့ ကြီးမားကျယ်ပြန်နေပြီး သူ၏မျက်နှာအမူအယာ တင်းမာခက်ထန်နေကာ သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်နေသည်။
သူက ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ကို ကြည့်ပြီး မောက်မာထောင်လွှားစွာ ပြောဆိုသည်။
"ဒီနေရာက လျှို့ဝှက်ရတနာတွေကို လွှဲပြောင်းပေးလိုက်ရင် ငါက မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးမယ်..."
ဖူနျန် ထွက်ပေါ်လာချိန်၌ ကျီးဝူချန်နှင့် ပိုင်ဝူရှားတို့ တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
သူတို့သည် ခုနစ်စင်ကြယ်ဓားဂိုဏ်းကို မသိကျွမ်းသူများ မဟုတ်ကြချေ။
ယေဘုယျဂိုဏ်းအင်အားအရ ခုနစ်စင်ကြယ်ဓားဂိုဏ်းသည် မြောက်ပိုင်းဒေသရှိ ထိပ်သီးအင်အားစုတစ်ခုဖြစ်လာရန် အနီးစပ်ဆုံးဂိုဏ်းအဖြစ် လူသိများကျော်ကြားသည်။
ဤဂိုဏ်းသည် ပဉ္စမမြောက် ထိပ်သီးအင်အားစုကြီး ဖြစ်လာရန် အလားအလာအရှိဆုံးအဖြစ်လည်း ချီးကျူးခံရပေ၏။
ဤဂိုဏ်းကို တခြားပထမတန်းစားဂိုဏ်းများနှင့် ခွဲခြားသိမြင်နိုင်ရန်အတွက် 'ထိပ်သီးတစ်ဝက်အဆင့်' ဟူသော အယူအဆ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ယခင်ကသာဆိုလျှင် သူတို့သည် ထိုဂိုဏ်းကို သတိထား၍ နေခဲ့ကြပေမည်။
သို့သော် ယခုအချိန်၌ သူတို့နှစ်ဦးသည် အချင်းချင်း အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကြသည်။
ခုနစ်စင်ကြယ်ဓားဂိုဏ်းဆိုလျှင်ရော ဘာဖြစ်လဲ....
အကယ်၍ ထိုဂိုဏ်းသည် သခင်ဆယ့်သုံးယောက်ကို စော်ကားခဲ့ပါက သူတို့သည် ထိုလူများကို ဆက်လက်၍ တိုက်ခိုက်သွားမည်သာ ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးလုံးသည် မကြာသေးမီကမှ ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူများအဖြစ် အဆင့်တက်ထားခဲ့ကြသည်။ ထိုကြောင့် သူတို့အား ခုနစ်စင်ကြယ်ဓားဂိုဏ်းကို မကြောက်ရွံ့ရန် လုံလောက်သော ယုံကြည်မှုများ ပေးစွမ်းထားသည်။
ဤသည်ကို တွေးတောမိချိန်၌ ကျီးဝူချန်က တည်ငြိမ်စွာ ပြောဆိုသည်။
"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ...မင်းက ငါတို့ရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ပြောရဲတယ်ပေါ့...ဒီနေရာမှာ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲအောင် မင်းက ဆေးစားမှားထားလို့လား..."
"ဒီစကားတွေပြောတဲ့အချိန်မှာ မင်း လျှာကို မင်း ပြန်ကိုက်မိမှာ မကြောက်ဘူးလား..."
ဤစကားကိုကြားချိန်၌ ခုနစ်စင်ကြယ်ဓားဂိုဏ်းချုပ်ဖူနျန်၏မျက်လုံးများမှ မီးတောင်ပေါက်ကွဲနေသကဲ့သို့ ဒေါသများ ပွင့်အံ့ထွက်လာသည်။
"မင်းက သေချင်နေတာပဲ..."
သူသည် တီးတိုးရေရွတ်လိုက်ပြီးနောက် ချက်ချင်းလှုပ်ရှားလိုက်၏။
သူသည် ပင်လယ်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်နှင့် တူညီနေကာ....
သူ၏နံဘေးပတ်လည်တွင် တောက်ပသော နတ်ဘုရားသက်တန့်ရောင်စဉ်များ ပွင့်လန်းလာခဲ့သည်။
"ချလွင်..."
ဓားချင်းရိုက်ခတ်သံများက သူ၏နံဘေးပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် မတူညီသော ပုံစံအမျိုးမျိုးရှိသည့် ထက်ရှသော ဓားခုနစ်လက်သည် သူ၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ ခုနစ်စင်ကြယ်ဓားဂိုဏ်း၏ လျှို့ဝှက်သိုင်းကွက်ဖြစ်သော ကောင်းကင်ခွဲခုနစ်စင်ကြယ်ဓားပင်။
ထိုဓားခုနစ်လက်သည် သွေးအနှစ်သာရ ချီနှင့် စိတ်ဝိညာဉ်တို့မှ ပြောင်းလဲလာခြင်း ဖြစ်ပေ၏။
ဓားနှင့်စိတ်ဆန္ဒတို့ကို ပေါင်းစပ်ကာ ခန္ဓာကိုယ်ကို သိုင်းကွက်အဖြစ် အသုံးပြုပြီး ဓားများကို ထိန်းချုပ်ရန် စိတ်ဝိညာဉ်ကို အသုံးပြုခြင်းဖြင့် ဖျက်ဆီး၍မရနိုင်သော ထက်ရှသည့် ဓားများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ဤဓားများသည် တောင်များကို ဖြိုခွဲနိုင်ပြီး ပင်လယ်များကို ဖြတ်တောက်နိုင်ကာ လကိုပင် တုန်ခါစေနိုင်ပေ၏။
ထိုအရာများ၏စွမ်းအားသည် အတိုင်းအတာတစ်ခုထက်ကျော်လွန်ကာ ထိတ်လန့်ဖွယ် ကောင်းလှသည်။
ဤသည်မှာ ရှားပါးပြီး ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးသိုင်းကွက်တစ်ခုပင်။
ဓားခုနစ်လက်သည် ဖူနျန်၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး သူနှင့်အတူ ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့ဆီသို့ ပြေးဝင်သွားခဲ့သည်။
ပူပြင်းတောက်လောင်နေသော နေမင်းကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဓားချီအလင်းတန်းသည် မိုးကောင်းကင်ယံကို ခြေမွှဖျက်ဆီးတော့မည့်အလား လေဟာနယ်ကို ဆုတ်ဖြဲသွားခဲ့သည်။
ဤထိတ်လန့်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့သည် ပေါ့ဆရဲခြင်းမရှိဘဲ သူတို့၏ အစွမ်းထက်ဆုံး သိုင်းကွက်များကို အသုံးပြုလိုက်ကြ၏။
ထိတ်လန့်ဖွယ်ကောင်းသော သွေးချီစွမ်းအားများက သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ထိုသွေးချီများသည် လှိုင်းထန်နေသော ပင်လယ်သမုဒ္ဒရာကြီးကဲ့သို့ တဝုန်းဝုန်းထနေပြီး နဂါးဟိန်းသံများနှင့်ကျားဟိန်းသံများလည်း ရောယှက်၍ ပါဝင်နေခဲ့သည်။
"ဝုန်း..."
သူတို့သုံးဦးသည် မြောက်ပိုင်းဒေသတွင် ရှားပါးသော ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။
ဤအစပိုင်းတိုက်ခိုက်မှုက အမှန်တကယ်ကိုပင်မြေပြင်တပြင်လုံးကို တုန်ခါသွားစေပေ၏။
ဓားများအချင်းချင်းရိုက်ခတ်မှုသည် ကြယ်နှင့် လတို့ ရိုက်ခတ်မိမှုနှင့် တူညီနေသည်။
ဆန်းကြယ်စွမ်းရည်များအကြား အားပြိုင်မှုသည် အကန့်အသတ်မရှိသော တောက်ပသည့် နတ်ဘုရားသက်တန့်ရောင်စဉ်များအဖြစ် ပွင့်အံ့ထွက်လာခဲ့သည်။
ဤလျှို့ဝှက်နယ်မြေ၏ ထူးခြားသော သဘာဝသာ မရှိပါက ချက်ချင်းဆိုသလိုပင် မိုင်တစ်ရာ ပတ်လည်နေရာတဝိုက်သည် ဖျက်ဆီးခံရနိုင်ချေရှိပေ၏။
တိုက်ပွဲတွင် သူတို့သုံးဦးသည် အလွန်မြန်ဆန်သောအရှိန်ဖြင့် လှုပ်ရှားနေခဲ့ကြသည်။
နေရာတိုင်းတွင် မရေမတွက်နိုင်သော နောက်ချန်ပုံရိပ်များကိုသာ ချန်ထားခဲ့ပြီး ဓားချီအလင်းတန်းများနှင့်သွေးချီများလည်း တလိမ့်လိမ့်ထနေခဲ့သည်။
ဥပဒေသစွမ်းအားအမျိုးမျိုး လှည့်ပတ်နေပြီး ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများ တဝုန်းဝုန်းထနေသည်။
"သတ်..."
ဤတိုက်ပွဲတွင် နှစ်ဖက်လုံး ရူးသွပ်လုမတတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။
ဤသည်က ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ တပည့်များအား အလွန်အမင်း မယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်။
ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်သော သူတို့၏ဂိုဏ်းချုပ်သည် အချိန်အတော်ကြာသည့်တိုင်အောင် ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ကို အနိုင်မယူနိုင်သေးချေ။
ဤအရာကြောင့် သူတို့၏အာရုံကြောများ အနည်းငယ် ထုံထိုင်းသွားပေ၏။
"ဂိုဏ်းချုပ်ရဲ့ ကောင်းကင်ခွဲခုနစ်စင်ကြယ်ဓားနည်းစနစ်က မြောက်ပိုင်းဒေသတစ်ခုလုံးမှာတောင် အရမ်းထိတ်လန့်ဖို့ကောင်းတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခုပဲ..."
"သူတို့နှစ်ယောက်လုံးကို အနိုင်ယူဖို့ အချိန်ပြဿနာပဲ ရှိမယ်လို့ ငါ ယုံကြည်တယ်..."
အကြီးအကဲတစ်ဦးက ယုံကြည်ချက်ရှိရှိ ပြောဆိုသည်။
"အမှန်ပဲ..."
"ဂိုဏ်းချုပ် စပြီးထွက်ပေါ်လာကတည်းက သူက ဆန့်ကျင်သူတွေအားလုံးကို သုတ်သင်ရှင်းလင်းခဲ့ပြီးတော့ ပြိုင်ဘက်ကင်းတယ်..."
"ဂိုဏ်းချုပ်နဲ့ တိုက်ကွက်နည်းနည်းလောက် ယှဉ်ပြိုင်နိုင်တာကိုက.... သူတို့က တကယ့်ကို ထူးခြားနေလို့ပဲ..."
"ဒါပေမဲ့ ဒီလောက်ပါပဲ..."
"နာရီဝက်မပြည့်ခင်မှာ ဒီလူနှစ်ယောက်က ဂိုဏ်းချုပ်ရဲ့ဓားအောက်က စိတ်ဝိညာဉ်တွေ ဖြစ်သွားလိမ့်မယ်.."
"သူတို့က ခုနစ်စင်ကြယ်ဓားဂိုဏ်းရဲ့ကံကြမ္မာကို လုယူရဲတယ်ပေါ့....သူတို့မှာ ယူနိုင်တဲ့ အသက်ရှိရင်တောင် သုံးနိုင်တဲ့ အသက်ရှိမှာ မဟုတ်ဘူး..."
နောက်တစ်ယောက်က သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒအပြည့်ဖြင့် ပြောဆိုလိုက်၏။
ခုနစ်စင်ကြယ်ဓားဂိုဏ်းမှ လူများသည် သူတို့၏ ဂိုဏ်းချုပ်အပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေခဲ့ကြသည်မှာ သိသာထင်ရှားသည်။
သို့သော် တိုက်ပွဲ၏အလယ်တွင် ရှိနေသော ဖူနျန်ကမူ သူ၏တပည့်များကဲ့သို့ ယုံကြည်မှု ရှိမနေခဲ့ချေ။
အစပိုင်းတွင် သူသည်လည်း ပြိုင်ဘက်များကို လွယ်လင့်တကူ ချေမှုန်းနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။
ရာသီလေးပါးဂိုဏ်းနှင့်ဓားတစ်သောင်းဂိုဏ်းအကြောင်းကို သူ သိရှိထားသည်။
ထိုဂိုဏ်းချုပ်နှစ်ယောက်သည် ယန်သုံးပါးနယ်ပယ် ပထမအဆင့် ကျင့်ကြံသူနှစ်ဦးသာ မဟုတ်လော...
ထို့ပြင် သူသည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။
ကျင့်ကြံဆင့်နယ်ပယ် ပို၍မြင့်မားလာလေလေ အဆင့်ငယ်လေးတစ်ခုစီကြားရှိ ကွာခြားချက်သည် ပို၍သိသာထင်ရှားလာလေလေပင်။
ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ယန်သုံးပါးနယ်ပယ် ပထမအဆင့်ကို ရင်ဆိုင်ရာတွင် တစ်ယောက်နှင့် နှစ်ယောက်ကို မဆိုထားနှင့် တစ်ယောက်နှင့်လေးယောက်ဆိုလျှင်ပင် သူ ကြောက်ရွံ့မည် မဟုတ်ချေ။
သို့သော်လည်း သူ စတင်တိုက်ခိုက်လိုက်သည်နှင့် ထိုသို့မဟုတ်ကြောင်း သူ နားလည်သွားခဲ့သည်။