ရွှမ်ကျိုးမြို့တော်သို့ရောက်ရှိခြင်
Vol. 55 Ch. 762
"ယုဝေ..."
ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းပေါ်ရှိ အမည်တစ်ခုအား အချိန်အတော်ကြာမျှ ငေးမောကြည့်ရှုနေမိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဇူယွမ်မှာ ဝူဘုရင်အား တိုက်ခိုက်ချေမှုန်းလိုသဖြင့် ကောင်းကင်တံခါးအဆင့်မျှနှင့် ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာလာခဲ့သည်။
ထိုအချိန်ကာလတဝိုက်၌ပင် စုယုဝေမှာလည်း ထူးဆန်းသောလူကြီးတစ်ဦး၏ ခေါ်ဆောင်မှုနှင့် ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာကာ သူနှင့်ဝေးကွာသွားခဲ့ရသည်။
ထိုအချိန်မှစ၍ ၎င်းတို့နှစ်ဦး ပြန်လည်တွေ့ဆုံခြင်း မရှိတော့ပေ။
ဇူယွမ်သည် သူမ ဟွမ်းယွမ်ကောင်းကင်ဒေသသို့ ထွက်ခွာသွားသည်ဟုသာ သိရှိခဲ့ရပြီး အဆင်ပြေစေရန် ဆုတောင်းပေးရုံမျှသာ တက်နိုင်ခဲ့သည်။
"အရင်တုန်းက ပိန်ပိန်သေးသေး ကလေးမလေးက ဟွမ်းယွမ်ကောင်းကင်ဒေသမှာ အခုလိုမျိုး ထိပ်ရောက်နေမယ်လို့တောင် မထင်ခဲ့မိဘူး။" ဇူယွမ်မှာ မျက်ရည်များဝဲလျက် သက်ပြင်းချလိုက်သည်။ စုယုဝေအား စတင်တွေ့ဆုံစဉ်၌ သူမသည် ရွှံ့များ၊ သဲများ ပေကျံနေပြီး ဆေးဆိုင်တစ်ခုရှေ့တွင် အလွန်နေမကောင်းဖြစ်နေသော အဖိုးအိုအား ဆွဲထားလျက် သည်းထန်စွာ ရွာသွန်းနေသော မိုးရေအောက် ဒူးထောက်ကာ အဖိုးဖြစ်သူကို ဆေးကုပေးပါရန် အထပ်ထပ်အခါခါ တောင်းပန်နေခဲ့သည်။
ထိုမိန်းမငယ်လေးသည် မည်သည့်နောက်ခံမှမရှိပဲ လောကဓံ၏ ကြမ်းတမ်းမှုများအကြား ခက်ခက်ခဲခဲကြိုးစားကာ ပွင့်ဖူးလာသော အပင်ငယ်လေးပင် ဖြစ်သည်။
စုယုဝေသည် ယခင်ကတည်းကပင် အလွန်ကြိုးစားတက်သူဖြစ်သောကြောင့် သူမ၏အောင်မြင်မှုအား ဇူယွမ် အံ့အားသင့်ခြင်း မဖြစ်မိပေ။
"ယုဝေ....ဂုဏ်ယူပါတယ်..."
ဇူယွမ်မှာ 'မင်းသားလေး' 'မင်းသားလေး'ဟု အမြဲတစေ ခေါ်တွင်နေတက်သော စုယုဝေ၏အသံများကို ပြန်လည်ကြားယောင်ကာ ခပ်ဖွဖွ ပြုံးလိုက်မိသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် ထိုမိန်းမငယ်လေးမှာ အင်ပါယာငယ်တစ်ခု၏ မင်းသားတစ်ပါးထက် အဆပေါင်းများစွာ မြင့်မားသော အနေအထားသို့ ရောက်ရှိနေခဲ့လေပြီ။
၎င်းတို့နှစ်ဦး ပြန်လည်တွေ့ဆုံခဲ့ပါက ယခင်ကကဲ့သို့ နွေးထွေးနေဦးမည်လား ဇူယွမ် သိချင်မိသေးသည်။
သူမ၏ ယခုအဆင့်အတန်းဖြင့်ဆိုပါက သူ့အား 'မင်းသားလေး'ဟု တရိုတသေ သုံးနှုန်းလျှင် ရယ်ချင်စရာ ကောင်းနေပေလိမ့်မည်။
"ရှင်က ဇီရှောင်းနယ်မြေရဲ့ စုယုဝေကို သိလို့လား။" ရိချိုးရွှယ်မှာ ဇူယွမ်၏ အမူအရာကြောင့် နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကျွန်တော့်လိုလူက ဘယ်လိုလုပ် သိပါ့မလဲ။ ဟွမ်းယွမ်ကောင်းကင်ဒေသက အမျိုးသမီးတွေက အရမ်းထူးချွန်ကြတာပဲလို့ တွေးမိသွားလို့ပါ။ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းရဲ့ ထိပ်ဆုံးသုံးယောက်မှာ နှစ်ယောက်က မိန်းကလေးတွေလေ။"
"ဝူရှန်းနယ်မြေက ဝူယောင်နဲ့ ဇီရှောင်းနယ်မြေက စုယုဝေတို့က အရမ်းတော်ကြတာ။ သူတို့ရဲ့ နယ်မြေအရှင်သခင်တွေကတောင် သူတို့ကို အလေးထားကြတယ်။ တကယ့်ကို လိုက်လို့မမှီနိုင်တဲ့ ပါရမီရှင်တွေပဲ။"
"ဒါပေမယ့် ပြောရရင် သူတို့နှစ်ယောက်က တော်တော်ထူးဆန်းတယ်။ စုယုဝေက ပုံမှန်ဆိုရင် အရမ်းတည်ငြိမ်ပြီး အေးအေးဆေးဆေး နေတတ်ပေမယ့် ဝူယောင့်ကိုမြင်တာနဲ့ တခြားတစ်ယောက်လိုမျိုးကို ဖြစ်သွားတာ။ သူတို့တွေ့တိုင်း အမြဲတိုက်ပွဲဖြစ်နေတော့တာပဲ။"
"သူတို့နှစ်ယောက်ကြားမှာ လူမသိတဲ့ ပြဿနာတစ်ခုခု ရှိနေပုံရတယ်။"
"ထင်တာကတော့ စုယုဝေဘက်ကပဲ အခဲမကြေတာမျိုး ဖြစ်နေသလိုပဲ။ ဝူယောင်ကိုယ်တိုင်တောင် စုယုဝေက ဘာလို့သူ့ကို အကြောင်းပြချက်မရှိ မုန်းနေတာလဲဆိုတာ မသိဘူး။ ဇီရှောင်းနယ်မြေရဲ့ အကြီးအကဲတွေကိုယ်တိုင် စုယုဝေကို ဖြောင်းဖြပေမယ့် လုံးဝမရဘူး။ အမြဲအေးအေးဆေးဆေးနေတက်တဲ့ ကောင်မလေးက ဝူယောင့်ကိုတော့ နာနာကျည်းကျည်းကို မုန်းနေတာ။"
"နောက်ဆုံးတော့ အကြီးအကဲတွေလည်း လက်လျှော့သွားကြတယ်။ သူတို့စိတ်ထဲမှာ ထိပ်ဆုံးရောက်နေတဲ့ လူငယ်နှစ်ယောက် အချင်းချင်း တိုက်ကြတာ လက်ရည်ပိုတက်တယ်လို့ တွေးထားကြပုံပဲ။"
ရိချိုးရွှယ်မှ ခပ်ဖွဖွရယ်မောကာ ဆက်လက်စကားဆိုလိုက်သည်။ "အဲ့ဒါကြောင့် အခုဆို သူတို့နှစ်ယောက် ထိပ်တိုက်ဆုံလိုက်တိုင်း လူတွေက စိတ်ဝင်တစား ဖြစ်နေတော့တာပဲ။ သူတို့က ဟွမ်းယွမ်ကောင်းကင်ဒေသရဲ့ လူငယ်မျိုးဆက်ထဲမှာ အလှအပရော၊ အရည်အချင်းရော ထိပ်ဆုံးမှာ ရှိနေကြတာလေ။"
"အဲ့လိုနဲ့ ဟွမ်းယွမ်ကောင်းကင်ဒေသမှာ ဝူယောင်အဖွဲ့နဲ့ စုယုဝေအဖွဲ့ဆိုပြီးတောင် နှစ်ဖွဲ့ကွဲသွားကြတယ်။"
အလွန်ကျက်သရေရှိကာ လှပလွန်းသော ရိချိုးရွှယ်သည်ပင် သူမတို့အပေါ် အနည်းငယ် မနာလိုနေဟန် ရှိသည်။ သို့သော် ဝူယောင်နှင့် စုယုဝေသည် ဟွမ်းယွမ်ကောင်းကင်ဒေသ၌ အလှအပရော၊ အရည်အချင်းရောတွင် ထိပ်ဆုံးနေရာ၌ ရှိနေကြသူများဖြစ်ကြောင်း သူမကိုယ်တိုင် လက်ခံထားပေသည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။ ဝူယောင့်အပေါ် စုယုဝေ မုန်းတီးနေရခြင်းအား သူခန့်မှန်းနိုင်ပေသည်။
စုယုဝေသည် ကြီးမြတ်သောဇူအင်ပါယာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သောကြောင့် ဝူအင်ပါယာနှင့် ပဋိပက္ခများအား သိရှိထားသည်။
ထို့ကြောင့် ဝူယောင့်အပေါ် စိတ်အလိုမကျဖြစ်နေခြင်း ဖြစ်နိုင်သည်။
သို့သော် ထိုသို့မဟုတ်ခဲ့လျှင် ဇူယွမ်၏ခန့်မှန်းချက်မှာ ရှက်ဖွယ်အတိ ဖြစ်ရမည်ဖြစ်သောကြောင့် အတိအကျ ကောက်ချက်မချရဲပေ။
အချိန်နှင့် ပတ်ဝန်းကျင်သည် အရာအားလုံးကို ပြောင်းလဲစေနိုင်စွမ်း ရှိသဖြင့် စုယုဝေမှာ ယခင်ကနှင့် တူညီနေဦးမည်လား မပြောတက်ပါချေ။
အတိတ်ကာလများ၌ စုယုဝေသည် ဇူယွမ့်အပေါ် အထင်ကြီးရိုသေကာ တလေးတစား ဆက်ဆံခဲ့ပါသော်လည်း ဟွမ်းယွမ်ကောင်းကင်ဒေသသို့ ရောက်ရှိသွားပြီးနောက်တွင် ထိုအရာများမှာ ဟာသပြက်လုံးသာသာမျှပင် ဖြစ်သွားနိုင်ပေသည်။
ဇူယွမ်မှာ အတွေးများကြား နစ်မျောနေပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "သူတို့နှစ်ယောက်လုံးက အရမ်းတော်ကြတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ချင်ကြတာ ပုံမှန်ပါပဲ။"
ရိချိုးရွှယ်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ လူအများ မမှီနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် ပြိုင်ဖက်ကောင်းတစ်ယောက် ရှိနေရန်မှာ ခက်ခဲလှသည်။
ဇူယွမ်မှာ ကျင့်ကြံသူများစာရင်းကို ဆက်လက်ဖတ်ရှုလိုက်ပြီးနောက် ထိုစာရင်းအတွင်း ပါဝင်သူများသည် နတ်ဘုံခန်းဝါ မဟာအဆင့်ရှိကာ အနည်းဆုံး နိဗ္ဗာန်ရှစ်ခု ဖွင့်လှစ်ထားနိုင်သူများဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူသည် အံ့အားသင့်စွာဖြင့် ဟွမ်းယွမ်ကောင်းကင်ဒေသမှာ အကောင်းမွန်ဆုံးဖြစ်ကြောင်း လက်ခံလိုက်ရသည်။ ကန်ရွှမ်းကောင်းကင်ဒေသ၌ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုမျှ ဖွင့်လှစ်နိုင်သူမှာ အလွန်ရှားပါးပေသည်။
"ဒီနတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူစာရင်းက ကျော်ကြားမှုအပေါ် အခြေခံထားတာဆိုတော့ အတိအကျကြီးတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဒါကိုလုံးဝအတည်မယူလဲ ဖြစ်တယ်။"
"ထိပ်ဆုံးဆယ်ယောက်ကတော့ ဝှက်ဖဲတွေအများကြီးနဲ့ ယှဉ်လို့မလွယ့်တဲ့ သူတွေပဲ။ ဒါပေမယ့် တကယ့်တိုက်ပွဲမှာ တိုက်ခိုက်ရတာ မဟုတ်သ၍ ဘယ်သူက ပိုသာလဲဆိုတာ ပြောရခက်တယ်။"
"ကျွန်မအမြင်မှာတော့ ဝူယောင်နဲ့ စုယုဝေ နှစ်ယောက်လုံးက ပထမနေရာမှာရှိတဲ့ ကျောက်မုရှန်ထက် မနိမ့်ဘူး။" ရိချိုးရွှယ်မှာ ပြုံးရင်းဖြင့် စာလိပ်အား သိမ်းဆည်းလိုက်သည်။
ဇူယွမ်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ သေရေးရှင်ရေး တိုက်ခိုက်ရသော တိုက်ပွဲမဟုတ်ပါက အရည်အချင်း အစစ်အမှန်ကို မြင်တွေ့ရရန် ခက်ခဲပေသည်။
"ကြိုးစားထား...အကိုတော်ဇူယွမ်။ ရှင်နတ်ဘုံခန်းဝါ မဟာအဆင့် ရောက်တဲ့အချိန်ကြရင် ဒီစာရင်းထဲ ပါလာလိမ့်မယ်။" ရိချိုးရွှယ်မှာ ချစ်စဖွယ်ကောင်းသော အမူအရာဖြင့် ဇူယွမ်အား အားပေးလိုက်သည်။
"မင်းပြောသလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်။" ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုနတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းအပေါ် စိတ်ဝင်စားခြင်း မရှိပေ။
သူ့တွင် ရည်မှန်းချက်နှစ်ခုသာ ရှိသည်။ စွမ်းအင်များ တိုးမြင့်လာရန်နှင့် ဘိုးဘေးနဂါးမီးအိမ်ကို ရယူနိုင်သာ ဖြစ်သည်။ ထို့နောက် ဖြစ်နိုင်မည်ဆိုလျှင် ဝူယောင်နှင့်တွေ့ဆုံကာ မြင့်မြတ်သောနဂါးချီများအား ပြန်လည်ရယူရမည်ပင်။
"သခင်မလေး....ကျွန်မတို့ ရွှမ်ကျိုးမြို့တော်ကို ရောက်ပါပြီ။" ကျောက်ယွဲ့မှ ရထားလုံး အပြင်ဖက်မှ စကားဆိုလိုက်သည်။
ရိချိုးရွှယ်မှာ ဇူယွမ်နှင့်အတူ လိုက်ကာစအား မ,တင်ကာ ကြည့်ရှုလိုက်သည်။
ဇူယွမ်မှာ အပြင်ဖက်သို့ လှမ်းကြည့်လိုက်သောအခါတွင် ခပ်လှမ်းလှမ်း၌ မြို့တော်တစ်ခုအား တွေ့ရှိလိုက်ရသည်။
မြို့ရိုးနံရံပေါ်တွင် ပုံရိပ်သုံးခုအား မြင်တွေ့ရသောကြောင့် သူ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ထိုပုံရိပ်သုံးခုမှာ အေးစက်ခက်ထန်စွာဖြင့် ၎င်းတို့အား ကြည့်ရှုနေလေသည်။
ယင်းတို့ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
ထိုသုံးဦးလုံးမှာ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ချူးကျီနှင့် အတော်ဆင်တူပေသည်။
ချူးမိသားစု၏ သခင်ကြီး....
ထိုသုံးဦး၏အလယ်တွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားမှ ဇူယွမ်အားကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
"ရိချိုးရွှယ်....ငါ့သားကိုသတ်ခဲ့တဲ့ကောင်ကို အခုချက်ချင်း ထုတ်ပေးစမ်း။"