← Chapters

အုပ်စိုးသူသခင်တိုက်ပွဲ

Vol. 55 Ch. 764

အုပ်စိုးသူသခင်တိုက်ပွဲ

Vol. 55 Ch. 764

ရိချိုးရွှယ်၏စကားသံမှာ မြို့တံခါးမှတဆင့် ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးထံ ပျံ့နှံ့သွားကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။

မည်သူကမှ ရိချိုးရွှယ်သည် ထိုမျှအထိ ဆုံးဖြတ်ချက် ပြတ်သားလိမ့်မည်ဟု ထင်မှတ်မထားကြပေ။

မြို့ရိုးနံရံပေါ်တွင် ရှိနေသော ချူးလုံမှ မထီမဲ့မြင် စကားဆိုလိုက်သည်။ "အဟက်....ချိုးရွှယ်က တော်တော်သတ္တိရှိနေတဲ့ပုံပဲ။"

ထို့နောက် ကောင်းကင်ထက်တွင် ရှိနေသော ချင်းကျီအားကြည့်ကာ စကားဆက်လိုက်သည်။ "ခင်ဗျားတို့ ရိကလန်က ဒီလိုလား။"

ရိချင်းကျီမှ ရိချိုးရွှယ်အားကြည့်ကာ ပြောလိုက်သည်။ "ငါတို့ရဲ့ ရိသခင်ကြီး မဆုံးခင်က ရိချိုးရွှယ်ကို အုပ်စိုးသူသခင်မနေရာ လွှဲပေးသွားတယ်။ အဲ့ဒါကြောင့် သူမပြောတဲ့ စကားတိုင်းက ငါတို့ရိကလန်ကို ကိုယ်စားပြုတယ်။"

"သူမက ခင်ဗျားတို့ရိကလန်ရဲ့ သခင်မလေးဖြစ်နေတာ ခင်ဗျားတို့ကိစ္စပဲ။ ဒါပေမယ့် အရင်ရိသခင်ကြီး မဆုံးခင်က ပြောသွားတဲ့ စကားလောက်နဲ့ သူမကို အုပ်စိုးသူသခင်မနေရာ ပေးဖို့မလုံလောက်ဘူး။" ချူးလုံမှ လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။

"စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် အုပ်စိုးသူသခင်အသစ် ဖြစ်လာမယ့်သူက ထျန်းယွမ်နယ်မြေရဲ့ အကြီးအကဲတွေဆီက ထောက်ခံမှုလိုအပ်တယ်။"

"အရင်အုပ်စိုးသူသခင်က ယာယီအုပ်စိုးသူသခင်နေရာကို ပေးအပ်ပိုင်ခွင့်ရှိတယ်။" ချင်းကျီမှ စကားဆိုလိုက်သည်။

သူသည် ရှောင်ရွှမ်းစီရင်စု၏ အုပ်စိုးသူသခင်နေရာအား ရယူလိုသော ချူးကလန်၏ အကြံအစည်များကို သိရှိနေသည်။ သို့သော် တန်ကြေးများစွာ ပေးဆပ်ထားရသော ရိကလန်အနေဖြင့် ထိုနေရာအား အနည်းငယ်မျှ လက်လျှော့လိုက်ရန်ပင် စိတ်ကူးမရှိပေ။

"ဘာပဲဖြစ်ဖြစ် ယာယီအုပ်စိုးသူသခင်နေရာပဲ ပေးလို့ရတာ သိတယ်မလား။" ချူးလုံမှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "ကျုပ်တို့ချူးကလန်က အုပ်စိုးသူသခင်နေရာအတွက် တိုက်ယူလို့ရတယ်။"

"အုပ်စိုးသူသခင်တိုက်ပွဲလား။"

ရွှမ်ကျိုးမြို့တော် တစ်ခုလုံးမှာ အံ့အားသင့်ကုန်ကြရသည်။ အုပ်စိုးသူသခင်တိုက်ပွဲဆိုသည်မှာ ရိကလန်နှင့် ချူးကလန်တို့သည် ထိုရာထူးနေရာအတွက် ရေကုန်ရေခမ်း တိုက်ခိုက်ကြတော့မည်ဟူသည့် သဘောပင်ဖြစ်သည်။

ရိချင်းကျီမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ "ချူးကလန် လိုချင်တာက ဒါလား။"

ချူးလုံမှ ခက်ထန်စွာ စကားဆိုလိုက်သည်။ "ကျုပ်ပြောပြီးသားပဲ။ ကျုပ်သားကို သတ်ခဲ့တဲ့ကောင်ကို ထုတ်ပေးမယ်ဆိုရင် ရိမိသားစုနဲ့ ချူးမိသားစု ဆက်ဆံရေးက အရင်အတိုင်းပဲ ရှိနေလိမ့်မယ်။"

ရိချင်းကျီမှာ မည်သည့်စကားမှမဆိုပဲ ရိချိုးရွှယ်ကို ကြည့်ရှုလိုက်သည်။

ရိချိုးရွှယ်မှာ တည်ငြိမ်နေလျက် အနည်းငယ်မျှပင် နောက်ဆုတ်မည့်ဟန်မရှိပဲ ချူးလုံအားကြည့်ကာ ပြောလိုက်သည်။ "ချူးကလန်က တိုက်ခိုက်ချင်တယ်ဆိုတော့လည်း ကျွန်မတို့ ရိကလန်က အုပ်စိုးသူသခင်တိုက်ပွဲကို လက်ခံပေးရမှာပေါ့။"

စောင့်ကြည့်နေကြသူများမှာ ထိုစကားကြောင့် အလွန်အံ့သြထိတ်လန့်ကုန်ကြရသည်။ ပြင်ပလူတစ်ဦးအား ကာကွယ်ရန်အတွက် ရိချိုးရွှယ်မှာ အုပ်စိုးသူသခင်တိုက်ပွဲအား တွေဝေမှုပင်မရှိပဲ လက်ခံခဲ့သည်။

ချူးလုံမှ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးနေအောင်ပြုံးကာ ပြောလိုက်သည်။ "ချိုးရွှယ်က တကယ်ထက်တဲ့သူပဲ။"

"စည်းကမ်းတွေအရ ကျွန်မက နတ်ဘုံခန်းဝါအဆင့်ဆိုတော့ အုပ်စိုးသူသခင်တိုက်ပွဲကို တိုက်မယ့်သူကလည်း ကျွန်မနဲ့ အဆင့်တူ ဖြစ်ရမှာနော်။" ရိချိုးရွှယ်မှ အလေးအနက် စကားဆိုလိုက်သည်။

"ဒါပေါ့ ဒီတစ်ခေါက် အုပ်စိုးသူသခင်တိုက်ပွဲက နတ်ဘုံခန်းဝါအဆင့်ပဲ ဖြစ်ရမှာ။"

ရိချိုးရွှယ်မှာ နတ်ဘုံခန်းဝါအဆင့်သာ ရှိသေးသဖြင့် ချူးကလန်ဘက်မှ ကောင်းကင်ဘုံနေမင်းအဆင့်အား ဝင်ရောက်ယှဉ်ပြိုင်ခိုင်း၍ မရပေ။ ထိုသို့သာ စေလွှတ်ခဲ့ပါက အခြေမနေများမှာ အလွန်ရှုပ်ထွေးသွားပေလိမ့်မည်။

ရိချိုးရွှယ်မှာ ချူးလုံနောက်မှ ထွက်လာသော ပုံရိပ်အား ကြည့်ရှုလိုက်သည်။

လူများစွာမှာ ဓားသွားများကဲ့သို့ ချွန်ထက်နေသည့် မျက်ခုံးများဖြင့် အရပ်ရှည်ရှည် လူငယ်တစ်ဦးကို တွေ့ရှိလိုက်ကြရသည်။

မုချောင် အပါအဝင် လူငယ်တော်တော်များများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ "ချူးလင်....သူက ကျင်ရှန်းကောင်းကင်ဂိုဏ်းမှာ ရှိနေရမှာ မဟုတ်ဘူးလား။"

ရိချိုးရွှယ်၏ အမူအရာမှာ အနည်းငယ် ခက်ထန်သွားရသည်။

ထိုလူငယ်မှာ ချူးကလန်၏ သားအကြီး ချူးလင်ဖြစ်သည်။

ချူးလင်သည် သားအငယ် ချူးယန်ကဲ့သို့ မဟုတ်ပဲ ရှောင်ရွှမ်းစီရင်စု၏ လူငယ်မျိုးဆက်များအတွင်း ထိပ်ဆုံးနေရာ၌ရှိကာ ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ တပည့်အဖြစ် လက်ခံခဲ့သူပင်။

ချူးလင်သည် ရှောင်ရွှမ်းစီရင်စုထံ ပြန်မလာသည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပါသော်လည်း သူ၏ဂုဏ်သတင်းမှာ ယခုထက်တိုင် မွှေးပျံ့နေဆဲဖြစ်ပြီး ထျန်းယွမ်နယ်မြေ တစ်ခွင်လုံးထိပင် ကျော်ကြားသည်။

ထို့ကြောင့် သူ့အား မြင်တွေ့လိုက်ရသောအခါ မုချောင်တို့သာမက ရိချိုးရွှယ်သည်ပါ အမူအရာ ပြောင်းလဲသွားရလေသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ချူးလင်မှ ရိချိုးရွှယ်အားကြည့်ကာ နှုတ်ဆက်လိုက်သည်။ "ချိုးရွှယ်...မတွေ့ရတာ ကြာပြီနော်။"

"ငါတို့နှစ်ယောက် ရန်သူတွေအနေနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

ချူးလင်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူသည် ဇူယွမ်အား တစ်ချက်ကလေးမျှပင် အရေးမလုပ်ပေ။

ရိချိုးရွှယ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မရှိ။

ချူးလင်မှာ ပျော်ရွှင်နေလား၊ စိတ်အနှောင့်အယှက် ဖြစ်နေသည်လား ခန့်မှန်းမရသောအသံဖြင့် ညင်သာစွာ စကားဆိုလိုက်သည်။ "ကိုယ်တို့သိလာခဲ့တာ တော်တော်ကြာပြီနော်။ အခု အပြင်လူတစ်ယောက်ကြောင့် ကိုယ့်ညီလေး သေသွားရတာကို မင်းကဒီအခြေအနေထိဖြစ်အောင် လုပ်ပစ်တယ်။ မင်းနည်းနည်းလွန်တယ် မထင်ဘူးလား။"

"ဒီလိုတွေဖြစ်ရတာ ဘာကြောင့်လဲ ရှင်လည်းသိမှာပါ။" ရိချိုးရွှယ်မှ ပြောလိုက်သည်။

ချူးလင်မှ သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်သည်။ "ဒီလိုအခြေအနေတွေ ဖြစ်လာတာ လုံးဝမကောင်းဘူး။ တကယ်ဆိုရင် မင်းတို့နဲ့ ကိုယ်တို့ သေချာဆွေးနွေးကြရမှာ။ ဘာလို့လဲ အဲ့လူက မင်းကိုခက်ခဲစေတာများ ရှိနေလား။"

"မင်းက လူတွေအပေါ် အရမ်းကြင်နာတက်လွန်းတယ်။"

"အဲ့ဒါကြောင့် ကိုယ့်လက်ထဲပဲ အပ်လိုက်ပါ။ အဲ့ကောင်သေသွားရင် မင်းအတွက် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး။"

ဝုန်း.....

ထိုစကားသံနှင့်အတူ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ချူးလင်၏ပုံရိပ်မှာ တစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားသည်။

ရိချင်းကျီမှာ သူ့အားတားဆီးရန် ပြင်ဆင်လိုက်သည်။

သို့သော် ကောင်းကင်ဘုံနေမင်းအဆင့်ရှိသော ချူးကလန်၏ အကြီးအကဲများမှ တားဆီးလိုက်ကြသည်။ ချူးလုံမှ ရယ်မောကာ စကားဆိုလိုက်သည်။ "အကြီးအကဲ ချင်းကျီက လူငယ်တွေကြားကို ဝင်ရှုပ်မလို့လား။"

ချူးလင်၏ပုံရိပ်မှာ ဇူယွမ်နှင့် ရိချိုးရွှယ်တို့ရှေ့တွင် ပေါ်ထွက်လာသည်။

မုချောင်နှင့် အခြားသူများမှာ ချူးလုံအား မြင်တွေ့လိုက်ရသဖြင့် နောက်သို့ဆုတ်ခွာသွားကြသည်။

ချူးလင်မှာ ပြုံးသယောင်ယောင် ရှိနေပါသော်လည်း မျက်ဝန်းများမှာ အေးစက်ခက်ထန်နေသည်။ သူသည် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ငါတို့မိသားစု နှစ်ခုကြား ပြဿနာတက်ရတာ မင်းကြောင့်ပဲ။ တောကြိုအုံကြားကလာတဲ့ကောင် မင်းဘဝမင်းသိရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်သင့်တယ်။ ဘာလို့ဒီမှာ ရှိနေရသေးတာလဲ။"

"အဟက်....ကိုယ့်ကိုယ်ကို သတ်သေဖို့ သတ္တိမရှိဘူးမလား။ ရပါတယ်။ ငါကပဲမင်းကို မရဏလမ်းဆီ ပို့ပေးရမှာပေါ့။"

သူသည် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ရောင်စဉ်ရှစ်သွယ်ရှိသော ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား ဖြစ်ပေါ်စေလိုက်သည်။

နတ်ဘုံခန်းဝါ မဟာအဆင့်

ချူးလင်သည် နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ထို့ကြောင့် အလွန်အမင်း ယုံကြည်ချက် ပြင်းထန်နေသည်မှာ မထူးဆန်းတော့ပေ။

သူသည် သတ်ဖြတ်လိုစိတ်များ ပြင်းပြနေဟန်ဖြင့် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ဇူယွမ့်ကို ထိုးချလိုက်သည်။

သို့သော် ရိချိုးရွှယ်မှာ ရောင်စဉ်ရှစ်သွယ် ကွမ်းဟွမ်ရောင်လျှံဝန်း နှစ်ခုအား ထွက်ပေါ်စေလျက် ချူးလင်၏ တိုက်ခိုက်မှုအား ဝင်ရောက်ထိပ်တိုက်တွေ့ဆုံလိုက်သည်။

ဘန်း......

ခက်ထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ့လာကာ ပတ်ဝန်းကျင်အား လွှမ်းခြုံစိုးမိုးသွားသည်။

မြေပြင်များသည်လည်း အက်ကွဲကုန်ရလေသည်။

ရိချိုးရွှယ်မှာ နောက်သို့ယိုင်သွားရသည်။ ထိုအချိန်မှာပင် လက်ဝါးတစ်ဖက်မှ သူမ၏ကျောပြင်အား ထိန်းညှိပေးထားလိုက်သည်။

"ချိုးရွှယ်.....ကြည့်ရတာ မင်းကငါ့ကို ဒီပြဿနာထဲ ဝင်မပါစေချင်ပုံပဲ။ ရတယ်လေ....နောက်မှ အဲ့ကောင် ပိုးစိုးပက်စက် သေရတဲ့အချိန်ကြရင် နောင်တမရစေနဲ့။" ချူးလင်မှာ မထီမဲ့မြင် စကားဆိုလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားသည်။

သူ၏အပြုအမူကြောင့် ရိကလန်၏ အကြီးအကဲများ စိုးရိမ်ပူပန်သွားရသည်။

"ဟေး....."

ချူးလင်မှာ လှမ်းခေါ်လိုက်သော စကားသံကြောင့် လှည့်ကြည့်လိုက်သောအခါတွင် ရိချိုးရွှယ်၏နောက်တွင် ရှိနေသော ဇူယွမ်အား တွေ့ရှိလိုက်ရသည်။ "မင်းတို့ချူးကလန်က ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတွေသာ ဝင်မရှုပ်မှာ သေချာရင် ငါမင်းကိုသတ်နိုင်တယ်သိလား။"

ချူးလင်မှာ ဝါးလုံးကွဲရယ်မောလိုက်မိသည်။ ရွှီဖုန်းသည်ပင် ဇူယွမ်၏လက်ထဲ သေဆုံးသွားရသည့် သတင်းများကို သူကြားသိခဲ့ရပြီး ဖြစ်သည်။ သို့သော် ရွှီဖုန်းကဲ့သို့သူမျိုးသည် သူ့အတွက် အရေးစိုက်စရာမရှိသော ပမွှားသာသာမျှပင်။

ချူးလင်မှာ မြို့ရိုးနံရံပေါ် ပျံဝဲဆင်းသက်လျက် ရွှမ်ကျိုးမြို့တော်ကြီးအား ကြည့်ရှုလိုက်သည်။

ထို့နောက် ချူးကလန်၏ သခင်ကြီး ချူးလုံနှင့် ရိချိုးရွှယ်တို့အား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အုပ်စိုးသူသခင်တိုက်ပွဲကို နောက်လာမယ့် ခုနစ်ရက်မြောက်နေ့မှည ကျင်းပမယ်။ ရိကလန်က ကတိပေးထားတဲ့အတိုင်း ဆက်ဆက်ရောက်လာဖို့ မျှော်လင့်တယ်။"

ထို့နောက် ချူးလင်မှာ ချူးကလန်မှ ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲနှစ်ဦးနှင့်အတူ ရွှမ်ကျိုးမြို့တော်အတွင်း ဝင်ရောက်သွားတော့သည်။

စောင့်ကြည့်နေသော လူများအားလုံးမှာ ရိကလန်နှင့် ချူးကလန်တို့၏ အစစ်အမှန် တိုက်ပွဲအတွက် အလွန်ပင် စိတ်လှုပ်ရှားနေမိကြသည်။

လာမည့်ခုနစ်ရက်အတွင်း ပွဲကြီးပွဲကောင်းတစ်ခု စတင်တော့မည်ပင် ဖြစ်လေတော့သတည်း.....

All Chapters