← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း ၃၀၁ ။ ငါ့မှာရှိတယ်

အဲတော့ သူ ဒီထိ ငါ့နောက်လိုက်လာတာက ဗိုက်ဆာလို့လား။

ကလေးက အကြောင်းရင်း ရှာတွေ့သလိုမျိုးပုံနဲ့ ခုမှ အဖွင့်အပိတ်တောင် မကွဲပြားတဲ့ ခြံတံခါးကို ဖွင့်ပေးလေတယ်။

"အထဲဝင်ခဲ့ပါ"

ရှန်းရင်က အထဲကို အလိုက်သင့်ဝင်လာပြီး ဒီအတော်လေးသန့်ရှင်းပေမဲ့ ယိုယွင်းနေတဲ့အိမ်ကို ဟိုဟိုဒီဒီကြည့်လိုက်တယ်။ သူမ နောက်တော့ အလုပ်စလုပ်နေပြီဖြစ်တဲ့ ကလေးကို လှည့်ကြည့်တယ်။ ကလေးက ကောင်းကင်ဘုံနဲ့ အချိန်ကွာခြားချက်ကြောင့်ထင် သူမ မိစ္ဆာနတ်ဘုရားကို ထုထောင်းနေတဲ့ အတောအတွင်း ဆယ်နှစ်အရွယ်ဖြစ်သွားပြီ။

"ကျေးဇူးပြုပြီး ဒီမှာ ခဏလောက်စောင့်ပေးပါ" သူက အခန်းတစ်ခုထဲဝင်သွားပြီး ငါးဆားနယ်နှစ်ကောင် ထုတ်လာတယ်။

"ဒါ ရွာထဲက အမေဝမ် ကျွန်တော့်ကိုပေးတာ၊ ကျွန်တော့်မှာရှိသမျှ ဒါအကုန်ပဲ"

ရှန်းရင်က သူ့လက်ထဲက ငါးဆားနယ်တွေကိုကြည့်ပြီး ဘာမှမပြော။

"အစ်မက ဘယ်လိုချက်ရမလဲ မသိဘူးလား"

သူမက မယူတာမြင်တော့ ကလေးက မေးလာတယ်။

"ဟင့်အင်း" သူမ ခေါင်းကို ခိုင်ခိုင်မာမာယမ်းလိုက်တယ်။

သူက ငါးဆားနယ်ကို ခပ်တွန့်တွန့်ကြည့်ပြီး ဘေးက တစ်ဝက်ပြိုလဲနေတဲ့အိမ်ကို လှမ်းကြည့်တယ်။ အတော်ကြာတော့ ဆုံးဖြတ်ချက်ချပြီးဟန်နဲ့ ပြောလာတယ်။

"ခဏစောင့်ပါ"

သူက ပြောပြီး အထဲဝင်သွားတယ်။ အဲတော့မှပဲ ရှန်းရင် နားလည်လိုက်တာက အဲဒါနဂိုက မီးဖိုချောင်ဖြစ်ပြီး ထမင်းစားစားပွဲကို ဝိုးတဝါးမြင်နေရတယ်။

သူက ခြေဖျားထောက်ပြီး ထမင်းစားပွဲပေါ် ငါးတင်လိုက်တယ်။ နောက်တော့ ခြံထဲပြန်ပြေးသွားပြီး ရေတစ်ပုံးဆွဲလာတယ်။ နောက်တော့ ခပ်ယိုင်ယိုင်ကုလားထိုင်တစ်လုံးကို ရွှေ့လာပြီး ဒယ်အိုးကို စတင် သန့်ရှင်းရေးလုပ်လိုက်တယ်။ သူက သန့်ရှင်းရင်း ကူညီဖို့အရိပ်အယောင်နည်းနည်းလေးတောင် မပြတဲ့ ရှန်းရင်ကို လှမ်းပြောတယ်။

"ကျွန်တော်အရင်က တစ်ခါမှ ဟင်းမချက်ဖူးဘူး၊ လုပ်နိုင်ပါ့မလားမသိဘူးနော်"

သူက ပြောနေတုန်း သူ့ကိုယ်က အလိုအလျောက်တုံ့ပြန်မှုလိုမျိုး သန့်ရှင်းနှုန်းကပိုမြန်လာတယ်။ ပြီးတော့ နဂိုက ဘာလုပ်ရမလဲ စဉ်းစားမရတဲ့ ငါးဆားနယ်က ချက်ချင်း သူ့ခေါင်းထဲ ဟင်းချက်စရာနည်းလမ်း ဒါဇင်ကျော် ဝင်လာတယ်။ သူက အလိုလိုပြောမိသွားတယ်။

"ဆန်မရှိတာ နှမြောစရာပဲ"

"ငါ့မှာ ရှိတယ်" ရှန်းရင်က ရုတ်တရက် ပြောတယ်။

သန့်ရှင်းရေးလုပ်နေတဲ့ ကလေးက လန့်သွားတယ်။ သူက အနားကို ရုတ်တရက် ကပ်လာတဲ့ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူ မတုံ့ပြန်နိုင်ခင် ရှန်းရင်က သူမဘေးက ပိုက်ဆံအိတ်အရွယ်လောက်ပဲရှိတဲ့ အိတ်ထဲကနေ သူ့ကိုယ်ထဲ ကြီးတဲ့ဆန်အိတ်တစ်အိတ်ကို ဆွဲထုတ်လာတယ်။ ဆန်အိတ်ထဲ ဖြူဖွေးနေတဲ့ဆန်တွေ ပြည့်နေပြီး ဖန်သားလိုကြည်လင်ဝဖြိုးကာ အပေါ်မှာ အဖြူဖျော့ဖျော့လေထုရှိနေတယ်။

"ရော့ဒီမှာ" ရှန်းရင်က သူ့ခြေထောက်ဘေး ဆန်အိတ်ကို တန်းချပေးလိုက်တယ်။

ကလေးက ယိုင်နဲ့နဲ့ ကုလားထိုင်ကနေ ခုန်ထွက်လာပြီး အတော်လေး လှပတဲ့ဆန်စေ့တွေကို သိချင်စိတ်နဲ့ ကြည့်တယ်။ ဘယ်လိုမှန်းမသိ နောက်ထပ်အကြံတစ်ခု သူ့စိတ်ထဲပေါ်လာကာ တန်းပြောမိလိုက်တယ်။

"ဝိညာဉ်နီသားရဲအသားနဲ့ဆို အတော်လေးလိုက်မှာ၊ မရှိတာ နှမြော..."

"ငါ့မှာရှိတယ်" သူ စကားမဆုံးခင် သူ့ရှေ့ကလူက အဲအိတ်ထဲကနေ နီရဲတောက်ပနေတဲ့သားရဲတစ်တုံးကို ထုတ်လာတယ်။

သူ့မျက်လုံးတွေ ပိုပြူးသွားတယ်။

"ဝိညာဉ်နီသားရဲနဲ့ ကြက်ရိုးရိုး..."

"ငါ့မှာရှိတယ်" သူမက ကြက်သားတစ်ပိုင်းထုတ်တယ်။

"အာ၊ ဒါဆို နတ်သမီးသိုး..."

"ရှိတယ်"

ထုတ်လာပြန်တယ်။

"ရေသားရဲ..."

"ငါ့မှာရှိတယ်" သူမက ထုတ်နေတာ မရပ်တော့။

"လတ်ဆတ်တဲ့ သစ်ခွရည်..."

"ငါ့မှာရှိတယ်" သူမက ထုတ်နေဆဲ။

"ကြက်သွန်နီ၊ ဂျင်းနဲ့ တခြားဟင်းခတ်‌အမွှေးအကြိုင်တွေ..."

"ငါ့မှာရှိတယ်" သူမက တူးထုတ်ဆဲ။

"ဆီ၊ ဆား၊ အနှစ်ရည်နဲ့ ရှာလကာရည်..."

"ငါ့မှာရှိတယ်" ပျော်ပျော်ကြီး ထုတ်နေလေရဲ့။

"အိုးနဲ့ ဒယ်ပြားတွေ..."

"ငါ့မှာရှိတယ်..."

ဆယ်မိနစ်နေတော့ မီးဖိုချောင်မျက်နှာပြင်နဲ့အတူ ခြံဝန်းထဲ ပါဝင်ပစ္စည်းမျိုးစုံနဲ့ ပြည့်သွားလေတယ်။

ကလေးက အစကလန့်သွားပေမဲ့ နောက်ဆုံးကျ လုံးဝတည်ငြိမ်နေပြီ။ သူက တစ်ဖက်လှည့်ကာ ယိုင်နဲ့နဲ့ကုလားထိုင်ပေါ် ပြန်တက်သွားပြီး စတင်ချက်ပြုတ်တော့တယ်။ သူ ချက်ပြုတ်ရင်း ပိုတောင်ဇဝေဇဝါ ဖြစ်လာတယ်။ သူ အရင်က တစ်ခါမှ ဟင်းမချက်ဖူးတာ အသိသာကြီး။ ဒါပေမဲ့ သူ ဟင်းချက်ပစ္စည်းတွေကို ကိုင်လိုက်တာနဲ့ ခန္ဓာကိုယ်က ဘာလုပ်ရမလဲဆိုတာ အလိုလိုသိနေတယ်။

တစ်နာရီအကြာ။

မွှေးကြိုင်တဲ့ရနံ့တွေနဲ့ ဟင်းပွဲတွေက စားပွဲတစ်ခုလုံးပြည့်သွားတယ်။ ဖိတ်ကြားဖို့တောင်မလို ရှန်းရင်က စားပွဲရှေ့ထိုင်ကာ စစားသောက်နေပြီ။

ဘေးက ကလေးက ဘာဖြစ်နေမှန်း လုံးဝနားမလည်သလိုမျိုး မျက်နှာပေါ် ဇဝေဇဝါအပြည့်။ ဒါပေမဲ့ သူက စားစရာကို သဘောကျစွာ စားသောက်နေသူကိုကြည့်ပြီး ရင်ထဲ စိမ်းကားမှုမခံစားရ... ဒါက ဖြစ်သင့်ဖြစ်ထိုက်သလိုမျိုးပဲ။

သူက တစ်ဖက်လှည့်ပြီး ကြမ်းပြင်ပေါ် ပုံနေတဲ့ ကျန်တဲ့ ဟင်းချက်ပစ္စည်းတွေကို မြင်တော့မှ စားနေတဲ့လူကို တွန်းလိုက်တယ်။

"ဒါတွေကို ပြန်ထည့်ရမလား"

ရှန်းရင်က စားနေရင်း တန့်သွားပြီး သူမကိုယ်ဘေးဘက်မှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ကို ဆွဲယူကာ ကမ်းပေးလိုက်တယ်။

ကလေးက မှင်တက်သွားပြီး အလိုလိုလှမ်းယူမိကာ ပစ္စည်းတွေကို သိမ်းခိုင်းတာမှန်း ခုမှ သဘောပေါက်သွားတယ်။ သူထိုင်ခုံပေါ်က လျှောဆင်းပြီး သိုလှောင်အိတ်ထဲ ကြမ်းပြင်ပေါ်က ဟင်းချက်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထည့်လိုက်တယ်။ သူ ထည့်နေရင်း အံ့အားသင့်မှု ရင်ထဲ မြင့်တက်လာတယ်။ သူ ဒီလိုဆန်းကြယ်တဲ့အိတ်မျိုး မမြင်ဖူးဘူး။ ပစ္စည်းတွေ အများကြီးထည့်ထားပေမဲ့ ဘယ်တော့မှ မပြည့်နိုင်သလိုမျိုး လုံးဝမလေးဘူး။

သူ မနေနိုင်ဘဲ ခဏခဏ လှမ်းကြည့်မိတယ်။ အတော်ကြာတော့ သူ ပြန်လျှောက်လာကာ တံခါးဝမှာ ရုတ်တရက်ပေါ်လာခဲ့တဲ့ အစ်မကြီးကို ပြန်ပေးလိုက်တယ်။

ဒါပေမဲ့ သူမက မယူ။ စားသောက်နေရင်း သူမက မဆိုစလောက် မေးပင့်ပြတယ်။

"ဒါနင့်ဟာ" အစတည်းက စားဖိုမှူးပိုင်တာကို၊ သူမက ယူလာပေးရုံပဲ။

"ဟမ်" သူထိတ်လန့်သွားပြီး မျက်လုံးလေးတွေ ပြူးသွားတယ်။

"ကျွန်တော့်ကို... ပေးနေတာလား"

"အင်း"

သူ တုံ့ဆိုင်းနေပြီး အချိန်အတော်ကြာ တွေးပြီးမှ ရှန်းရင်ဘေး ပြန်ချထားလိုက်တယ်။

"ကျွန်တော် မယူနိုင်ဘူး"

"အာ" ရှန်းရင်လက်က တန့်သွားပြီး အလိုလိုပြန်ပြောမိလိုက်တယ်။

"ဒါဆို နင်နောက်ပိုင်း ဟင်းဘယ်လိုချက်မလဲ"

"အိုး" သူက အိတ်ကိုပြန်ယူတယ်။ သူ့ပခုံးလေးတွေက နည်းနည်း လျော့ကျသွားတယ်။ သူ့ကြည့်ရတာ... ဒီထူးဆန်းတဲ့အစ်မကြီး ချည်နှောင်တာခံထားရသလိုပဲ။

သူက လက်ထဲကအိတ်ကို ကျစ်ကျစ်ဆုပ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်လေ။ သူ့မျက်လုံးတွေထဲ သိချင်စိတ်တွေ စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေပြီး တစ်ခုခုမေးချင်ပေမဲ့ ဘယ်လိုမေးရမလဲ မသေချာသလိုမျိုး ရှန်းရင်ကို ကြည့်နေတယ်။

ရှန်းရင်က စိုက်ကြည့်ခံနေရတာကို နည်းနည်း အနေရခက်သွားတယ်။ သူက ဟင်းပွဲတွေကို လက်ညှိုးထိုးလိုက်တယ်။

"အရင်စား နောက်မှစကားပြောလို့ရတယ်"

သူက ခေါင်းငုံ့ပြီး တစ်ချက်ကြည့်ကာ ခေါင်းယမ်းတယ်။

"ကျွန်တော်က တကယ်တော့စားစရာမလိုဘူး"

"ဟမ်" ရှန်းရင် မော့ကြည့်လိုက်တယ်။

သူမ အထင်မှားမှာစိုးရိမ်သလို သူက အသည်းအသန် ရှင်းပြပါလေရော။

"ကျွန်တော်... ကျွန်တော်ဆိုလိုတာက ကျွန်တော်က ငယ်ငယ်တည်းက ဘယ်တော့မှ ဗိုက်မဆာဘဘူး၊ ဘာလို့လဲတော့ မသေချာဘူးရယ်" သူက စကားဆုံးတော့ တစ်စုံတစ်ရာကို အမှတ်ရသွားတဲ့ပုံနဲ့ ထပ်ပြောတယ်။

"ဒါ ကျွန်တော့်လျှို့ဝှက်ချက်ပါ၊ တခြားသူကို မပြောလို့ရမလား" သူက ဆယ်နှစ်ပဲ ရှိသေးပေမဲ့ သူ့လိုစားသောက်စရာမလိုတာက ပုံမှန်မဟုတ်ဘူးမှန်းတော့ ခပ်ရေးရေးနားလည်နေပြီ။

သူက ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမှ တစ်ခါမှ မပြောဖူးပေမဲ့ ဒီနေ့တော့ သူမကိုပြောဖို့ အဆင်ပြေမှန်း အလိုလိုသိနေသလိုမျိုး ထုတ်ပြောမိလိုက်တယ်။

"အိုး" ရှန်းရင်က တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုးနဲ့ ပြန်ဖြေပြီး ဆက်စားသောက်တော့တယ်။

ရှန်းရင် မြန်မြန်စားလိုက်ပေမဲ့ စားပွဲပေါ်မှာ ဟင်းပွဲတွေ အများကြီးရှိနေတော့ နာရီဝက်ကြာတာတောင် ဟင်းပွဲတစ်ဝက်မကုန်။ သူက ဆက်စားတယ်။ ကလေးကလည်း ဘေးကဆက်ကြည့်နေပြီး သူ့ရင်ထဲက မေးခွန်းတွေကို မနည်းမျိုသိပ်ဖို့ ကြိုးစားနေတဲ့ဟန်။ နောက်‌ဆုံးတော့ သူမဗိုက်ပြည့်သွားတဲ့ပုံ ပေါ်တဲ့အထိပဲ။

သူ့မျက်နှာလေးက ဝင်းလက်သွားပြီး စကားပြောဖို့ ပြင်တယ်။ ဒါပေမဲ့ အဲအခိုက်အတန့်လေးမှာတင် ရုတ်တရက်အိမ်အပြင်ဘက်က ကလေးဆန်ဆန် ယောက်ျားလေးတစ်ယောက်အသံ ထွက်လာတယ်။

"ဟေး ကောင်စုတ်လေး မင်းဒီမှာလား" ခေါင်းလေးတစ်လုံးက ခြံဝန်းတံခါးထဲ အတင်းတိုးဝင်နေတယ်။ သူက ခြံဝန်းထဲ ဟိုဟိုဒီဒီကြည့်ပြီး အရွယ်နဲ့မလိုက်တဲ့ မျက်လုံးအရောင်လက်နေတယ်။

ရှန်းရင်လက် ရပ်တန့်သွားခဲ့တယ်။

... အိုး။

…

အခန်း ၃၀၂ ။ ထမင်းတစ်နပ် အလကားစားရန် တားမြစ်ထား

ကလေးက မျက်မှောင်ကြုတ်ကာ အနည်းငယ် မပျော်ရွှင်ဟန်နဲ့ ထိုင်ခုံကနေ ခုန်ဆင်းပြီး တံခါးကနေ အပြင်ကိုထွက်သွားခဲ့တယ်။

"ခွေး မင်း ဘာလို့ဒီရောက်နေတာလဲ" သူ့လိုပဲ တံခါးဝက ကလေးကလည်း ဒီရွာမှာ ရုတ်တရက်ပေါ်လာခဲ့တဲ့ မိဘမဲ့ဖြစ်ပြီး ရွာရဲ့အစွန်းက အိမ်ပျက်တွေထဲ နေတယ်။ နှစ်ယောက်လုံးက ဒီမှာနေတာ ငါးနှစ်ခြောက်နှစ်လောက် ရှိနေပြီဖြစ်ပြီး ကြင်နာတဲ့ရွာသားတွေဆီက ရံဖန်ရံခါအကူအညီကို အားထားကြတယ်။

ဒါပေမဲ့ သူတို့ရဲ့ ခပ်ဆင်ဆင်အတွေ့အကြုံတွေရှိတာတောင် နှစ်ယောက်သား အဆက်အဆံ သိပ်မရှိတာတော့ စရိုက်ချင်း လိုက်ဖက်မှုမရှိတာကြောင့် ဖြစ်နိုင်တယ်။

"ငါ့ကို ခွေးလို့မခေါ်ဖို့ပြောထားတယ်လေ၊ ငါ့နာမည် ကျင်းချီ" သူက မျက်မှောင်ကြုတ်တယ်။ နောက်တော့ သူက တစ်စုံတစ်ရာကို မှတ်မိသွားပြီး လက်ထဲက ကန်စွန်းဥကိုခါပြတယ်။

"အမေဝမ်က ငါ့ကို ကန်စွန်းဥတစ်လုံးပေးလိုက်တယ်၊ မျှစားကြမလား"

"မလိုတော့ဘူး" ကလေးက ခေါင်းယမ်းတယ်။

ဒါပေမဲ့ ကျင်းချီက စကားနားမထောင်ဘဲ သူ့လက်ထဲ ကန်စွန်းဥကို ထိုးထည့်ပေးတယ်။ သူ ယူရတော့တာပေါ့။

"စားစား" ကျင်းချီက တစ်ကိုက်ကိုက်ပြီး သူ့ကိုကြည့်ရင်း လောလေတယ်။

"ငါတို့ဘဝတွေက ဆက်နွယ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ကူညီတာ ပုံမှန်ပဲ" သူ့မျက်နှာပေါ် ရက်ရောတဲ့ပုံစံနဲ့ အသံထွက်ရယ်တယ်။

သူက နောက်တော့ တစ်စုံတစ်ရာကို တွေးမိဟန် မျက်ဆန်လှန်ကာ အေးစက်စက်ပြောတယ်။

"ဟမ့် ဒီရွာက မကြင်နာတဲ့လူတွေနဲ့ ပြည့်နေတာ၊ အမတမိသားစုတွေဆီက ကာကွယ်မှု၊ သူတို့ရဲ့နှစ်စဉ် အထွက်နှုန်းကောင်းတာတွေ၊ ချမ်းသာတဲ့ဘဝတွေအကြောင်း အပြောတွေသာရှိတာ ငါတို့နှစ်ယောက်လုံးကို ဂရုစိုက်တာ ရှားတယ်၊ အဲထဲ အမတမိသားစုတွေရဲ့ ဂုဏ်ကျက်သရေဘယ်မှာလဲ၊ သူတို့က ငါတို့ငယ်လို့ဆိုပြီး အနိုင်ကျင့်နေရုံသက်သက်မဟုတ်ဘူးလား"

"..." ကလေးက မှင်တက်သွားတယ်။ သူက လက်ထဲက ကန်စွန်းဥကို တစ်ချက်ကြည့်ကာ အလိုလို မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ ဒီစကားထဲ တစ်ခုခုလွဲနေတယ်လို့ခံစားရပေမဲ့ ဘာလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။

ဒါပေမဲ့ ကျင်းချီကတော့ ပြောလေ ပိုဒေါသထွက်လာလေ။ အသိအမှတ်ပြုခံရဖို့ အသည်းအသန် ဖြစ်နေသလိုမျိုး သူ့ပခုံးကို ပုတ်လိုက်တယ်။

"အရိုင်းအစိုင်းလေး၊ တစ်နေ့ကျ ငါက ထူးကဲတဲ့ လူတစ်ယောက်ဖြစ်လာပြီး ဘယ်သူ့ကိုမှ မမှီခိုရတော့တဲ့သူ ဖြစ်လာမယ်ဆိုတာ မယုံဘူးလား၊ အဲကျ အထက်စီးဆန်တဲ့ဒီလူတွေအားလုံးကို တက်နင်းပြမယ်"

ကလေးက မှင်တက်သွားပေမဲ့ တစ်အောင့်နေတော့ ခေါင်းညိတ်ပြလိုက်ကာ သူမြန်မြန်ပြန်ဖို့ပဲ မျှော်လင့်နေမိတယ်။

"မင်းက ငါ့ကိုနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူဆိုတာသိသားပဲ" သူ့အမူအရာက ပျော်သွားပြီး လူကြီးတစ်ယောက်လို ရယ်တယ်။

"မင်းရဲ့ ယုံကြည်မှုကောင်းအတွက် မင်းညီအစ်ကိုဖြစ်တဲ့ငါက မင်းကို အနာဂတ်မှာစောင့်ရှောက်မယ် မင်း ငါနဲ့အတူ စွန့်စားခန်းထွက်ချင်လား"

"ရွာအပြင်လား" ကလေးက ချက်ချင်း ခေါင်းယမ်းလိုက်တယ်။

"အဲအပြင်မှာ အန္တရာယ်များတယ်လို့ လူတိုင်းပြောကြတယ်လေ၊ ငါတို့ ရွာအပြင်မထွက်သင့်ဘူး"

"ပြီးတော့ မင်းက ဒါကိုတကယ်ယုံတယ်လား" ကျင်းချီက မျက်ဆန်လှန်ကာ နှာမှုတ်တယ်။

"မကြာခင် အန္တရာယ်များမှာက ရွာထဲ ဖြစ်လိမ့်မယ်၊ တကယ်လို့မင်း... အာ အဲအနံ့ကဘာတုန်း" သူက ရုတ်တရက် နှာရှုံ့ပြီး သူ့မျက်လုံးတွေက တစ်ခုခုကို မှတ်မိသွားသလိုမျိုး တောက်ပသွားတယ်။

"အော်ဟုတ်သား၊ အမေဝမ်က မင်းကို ငါးဆားနယ်နှစ်ကောင်ပေးလိုက်တယ်လို့ ပြောတာကြားခဲ့တယ်၊ ဘယ်လိုချက်ရမလဲ မင်းမသိလောက်ဘူးမလား၊ ငါကူညီမယ်လေ"

ပြီးတော့ အဖြေပြန်မရဘဲ သူက တံခါးကိုတွန်းဖွင့်ကာ အထဲတန်းဝင်လာတယ်။

"ခဏ..." ကလေးက အနောက်ကို အပြေးလိုက်လာတယ်။

ဒါပေမဲ့ တခြားကောင်လေးက ရှန်းရင်နဲ့အတူ သူမရှေ့က မပြီးဆုံးသေးတဲ့ စားသောက်ပွဲကြီးကို မြင်သွားပြီးပြီ။

သူက လုံးဝကို မှင်တက်နေပြီး ကြည့်ရတာ ဒီလိုမြင်ကွင်းကို လုံးဝမမျှော်လင့်ထားပုံပဲ။ သူက ဟင်းပွဲအပြည့် စားပွဲကို တန်းကြည့်ပြီး တံတွေးမျိုချတဲ့အသံတချို့ ထွက်လာတယ်။

ကလေးက အမြန်လိုက်လာပြီး သူ့ရဲ့ မျက်နှာလေးက အတင်းကျူးကျော်ဝင်လာသူကိုကြည့်ပြီး မကျေနပ်မှုနဲ့ တွန့်ရှုံ့နေတယ်။

ကျင်းချီဆိုတဲ့ကလေးက စားစရာကို မျှော်ကြည့်တဲ့အကြည့်ကို မနည်းထိန်းချုပ်လိုက်ရတယ်။ သူက ရှန်းရင်ကို ယဉ်ကျေးတယ်ဆိုပြီး သူ့ဘာသာထင်တဲ့နည်းနဲ့ ပြုံးပြကာ အပြစ်ကင်းတဲ့လေသံနဲ့ ပြောလိုက်တယ်။

"အစ်မကြီး... ထမင်းစားနေတာလား"

နောက်တော့ သူ့ဗိုက်ကနေ ပူးပေါင်းတဲ့အနေနဲ့ တဂွီဂွီအသံတွေထွက်လာတယ်။

ရှန်းရင်က မျက်လုံးမှေးကာ ပြန်ဖြေတယ်။

"အင်း" နောက်တော့ သူ မျှော်နေတဲ့အကြည့်ကို မမြင်သလိုမျိုး သူမက ဟင်းပွဲတွေကိုဆက်စားကာ အရင်ကထက်တောင် ပိုအသံဆူညံလာတယ်။

အစတည်းက စားပွဲပေါ် စားစရာအများကြီး မရှိတော့တဲ့အပြင် အခုဆို အရမ်းကို မြန်ဆန်တဲ့အရှိန်နဲ့ ပျောက်ကုန်ကာ အသားပန်းကန်တစ်ဝက်ပဲ ကျန်တော့တယ်။ ကျင်းချီမျက်လုံးထဲ စိတ်ရှုပ်ထွေးမှုတွေ တောက်ပလာပေမဲ့ တောင်းဖို့ကို ရှက်လွန်းနေတယ်။ သူက တစ်ချက်စဉ်းစားပြီး ဘေးက ကလေးဘက် လှည့်ကာ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

"အရိုင်းအစိုင်းလေး၊ ဒီခပ်လှလှအစ်မကြီးက ဘယ်သူလဲ၊ မင်းရဲ့ ပျောက်ဆုံးနေတဲ့မိသားစုလား"

ကလေးက ရှန်းရင်ကို မော့ကြည့်မိပြီး နောက်တော့ စကားပြောနေတဲ့လူကို ကြည့်ပြီးတော့မှ သူမက ဘယ်သူလဲဆိုတာ သူ ‌မမေးရသေးမှန်း နားလည်သွားခဲ့ပြီး ဘယ်လိုပြန်ဖြေရမလဲ တစ်ခဏ စဉ်းစားမရဖြစ်နေတယ်။

ဒါပေမဲ့ ကျင်းချီက တိတ်ဆိတ်မှုဟာ သဘောတူညီမှုလို့ထင်ပြီး ပိုတောင်အားရပါးရပြုံးတော့တယ်။

"မင်းမိသားစုကို ရှာတွေ့သွားတဲ့အတွက် ဝမ်းသာပါတယ်၊ ဒါပေမဲ့ မင်း ရက်ရောမှု နည်းနည်းချို့တဲ့ရာ မကျဘူးလား၊ မင်း ‌အဲလောက်ကောင်းကောင်းစားနေတယ်ဆိုတာ ငါက မသိဘဲ မင်းဗိုက်ဆာနေမှာဆိုးလို့ ကန်စွန်းဥတောင် လာပေးတာ" သူက ရယ်ပြီး ပခုံးကိုလာပုတ်တယ်။

"ငါတို့က ညီအစ်ကိုတွေပဲ၊ မင်းနဲ့ပတ်သက်ပြီး အရမ်းအားနာမနေတော့ဘူး"

နောက်တော့ ပြန်တုံ့ပြန်တာကို မစောင့်ဘဲ သူက တူတစ်စုံကိုယူကာ ဆာလောင်မှုကို မထိန်းချုပ်နိုင်ဝောာ့သလိုမျိုး အသားပန်ကန်ဆီ လက်လှမ်းလေတယ်။

"ခဏ" ကလေးက ပို‌လောကြီးသွားပြီး ရှန်းရင်ကို အလိုလိုလှမ်းကြည့်မိလိုက်တယ်။

ရှန်းရင်က အစကမလှုပ်သေးဘဲ တူက ဟင်းပွဲနား ရောက်ခါနီးမှ ရုတ်တရက် ပန်းကန်လုံးကို သူမဘက် ဆွဲလိုက်တယ်။ ပြီးတဲ့နောက်မှာတော့ သူ့ရှေ့မှာတင် စားစရာအားလုံးကို ပါးစပ်ထဲထိုးထည့်လိုက်တာ ဟင်းအနှစ်တောင်မချန်ခဲ့ဘူး။

အဲတော့မှပဲ သူမက ပန်းကန်လုံးကို ချကာ ဗိုက်ပွတ်တယ်။

"ငါဗိုက်ပြည့်ပြီ"

ကလေးက ဆွံ့အသွားတယ်။ ကျင်းချီရောပဲ။

တကယ်တော့ သူ့ကိုယ်က လုံးဝတောင့်တင်းသွားပြီး စားစရာအတွက် ကလေးတစ်ယောက်နဲ့ လုရလောက်တဲ့အထိ အရှက်ကင်းမဲ့မယ်လို့ လုံးဝမထင်ခဲ့ပုံပဲ။ ပြီးတော့ အနှစ်တောင် မချန်ခဲ့ဘူး။ သူ့မျက်နှာက ဖြူဖျော့သွားပြီး မယုံကြည်နိုင်မှုအပြည့်။

ဒါပေမဲ့ ဘေးက ကလေးကတော့ တစ်စုံတစ်ရာကို ‌မှတ်မိသွားတယ်။ သူက မီးဖိုချောင်ဆီ ပြန်ပြေးပြီး တစ်စုံတစ်ရာ ယူလာကာ ပေးလိုက်တယ်။

"ခွေး မင်းဒါကိုယူသွားလို့ရတယ်"

အံ့ဩစရာ မကောင်းစွာပဲ ငါးဆားနယ်နှစ်ကောင်။

ကျင်းချီက တစ်ခဏတာ မှင်တက်သွားတယ်။ မကြုံစဖူး အရှက်ရတဲ့ခံစားချက်က သူ့နှလုံးသားအောက်ခြေကနေ မြင့်တက်လာပြီး ဒေါသပေါက်ကွဲသွားမှုနဲ့အတူ လက်ကို ခါထုတ်ပစ်လိုက်တယ်။

"မင်းက ဒါဘာသဘောလဲ၊ ငါ့ကို သူတောင်းစားလို ဆက်ဆံနေတာလား"

ဒေါသကြောင့်ထင် သူ့မျက်နှာတစ်ပြင်လုံးနီရဲနေပြီး တစ်ကိုယ်လုံး တုန်ယင်နေတယ်။

"အရိုင်းအစိုင်းလေး၊ ငါ မင်းကို ရွာထဲက လူတွေလိုမျိုးပဲ အတ္တကြီးမယ်မထင်ခဲ့ဘူး၊ ငါက မင်းရဲ့ဟင်းပွဲတွေကို ဂရုစိုက်တယ်ထင်နေတာလား"

ကလေးက နီရဲလာတဲ့ သူ့လက်ကို သူ ပွတ်လိုက်တယ်။ သူ အစက ဒေါသမထွက်ပေမဲ့ ခုတော့ မျက်မှောင်ကြုတ်ကာ တစ်လေးတစ်နက် အမူအရာနဲ့ ပြောလိုက်တယ်။

"ဒါတွေအားလုံးက အစ်မကြီးပိုင်တာ၊ ငါ အဲဒါတွေကို သူ့အစား မင်းကို ပေးလို့မရဘူးလေ၊ ဒါပေမဲ့ ငါးဆားနယ်ကတော့ ငါ့ဟာ" အဲနောက် သူက ငါးကို နောက်တစ်ကြိမ် လှမ်းပေးလိုက်တယ်။

"မင်း..." တခြားကလေးက ပိုတောင် ဒေါသထွက်လာပြီး ရှန်းရင်ကို ဒေါသထွက်ချင်ပေမဲ့ နည်းနည်းတော့ ကြောက်နေသလိုမျိူး လှမ်းကြည့်တယ်။ သူက သူ့ဘေးက ကလေးကိုပဲ ပြန်လှည့်စိုက်ကြည့်တော့တယ်။

"မင်းက တခြားသူတွေနဲ့မတူဘူးလို့ တွေးမိပြီး ကူညီချင်ခဲ့တာများသွားတယ် ဒီလိုမျိုး မထင်မိခဲ့ဘူး... ဟမ့် မင်းရဲ့တုံးအမှုအတွက် ပြန်ပေးဆပ်ရမယ်" သူက တစ်စုံတစ်ရာ မှတ်မိသွားပုံနဲ့ ထုတ်ပြောပြီး တစ်ဖက်လှည့်ကာ ချက်ချင်း‌ထွက်သွားတယ်။ သူ့ကိုကြည့်ရင် တကယ်ပဲ ပြန်မပေးဆပ်တဲ့ ကျေးဇူးကြွေး ကြီးကြီးမားမားရှိနေတယ်လို့ တွေးမိလောက်တယ်။

ကလေးက လောလော‌ဆယ်တင် ဘာဖြစ်သွားမှန်း နားမလည်သလိုမျိုး ဇဝေဇဝါဖြစ်နေတယ်။ သူ မမှားဘူးလေ၊ ဟင်းပွဲတွေက အစ်မကြီး ယူလာတာဖြစ်ပြီး သူက ဟင်းချက်တာပဲ လုပ်ပေးခဲ့တာ။ တကယ်လို့ ခွေးက စားချင်ရင် သေချာပေါက် အစ်မကြီးဆီကနေ ခွင့်ပြုချက်တောင်းခံရမှာပေါ့။

သူ တွေးနေတုန်းရှိသေး လက်ဖဝါးကြီးတစ်ဖက်က သူ့ခေါင်းပေါ်ကျလာတယ်။ ဟင်းချက်ပစ္စည်းတွေကို မှော်ဆန်ဆန် ထုတ်နိုင်တဲ့ အစ်မကြီးက ရုတ်တရက် လက်လှမ်းလာပြီး သူ့ဆံပင်ကို ပွတ်သပ်ပေးကာ မျက်လုံးတွေထဲ တန်းတန်းမတ်မတ်ကြည့်တယ်။ သူ့နှလုံးသားထဲကနေ နွေးထွေးမှုတစ်မျိုး ခံစားလိုက်ရပြီး ပျော်ရွှင်မှုတစ်မျိုး မြင့်တက်လာတယ်။ အစ်မကြီးက သူ့ကိုနှစ်သိမ့်နေတာလား။ သူ အလိုလို အနားတိုးမိသွားပြီး အနွေးဓာတ် ကြာရှည်ခံဖို့မျှော်လင့်မိတယ်။

ဒါပေမဲ့ အစ်မကြီးက ရုတ်တရက် ကိုယ်ကိုကိုင်းလာပြီး သူ့ကိုအင်မတန်လှပစွာပြုံးပြကာ အသံချိုချိုလေးက သူ့နားထဲ ချက်ချင်းဝင်လာတယ်။

"ပန်းကန်ဆေးဖို့အချိန်တန်ပြီ"

"..."

…

အခန်း ၃၀၃ ။ မိစ္ဆာများ၏ ညဘက်တိုက်ခိုက်မှု

ကလေးက နောက်ဆုံးတော့ ရှင်းလင်းသိမ်းဆည်းပြီးချိန် ကောင်းကင်ကမှောင်မည်းနေပြီ။ ရွာအိမ်တွေက မီးထွန်းစ ပြုလာတယ်။ သူ့အိမ်မှာ မီးမရှိတာမို့ ခပ်ဖျော့ဖျော့လရောင်ကိုသာ မြင်ရတယ်။ ကလေးက တံခါးဖွင့်လိုက်တော့ အစ်မကြီးက အိပ်ပျော်တော့မလိုမျိုး စားပွဲပေါ်မှီနေတာ မြင်လိုက်ရတယ်။

သူ ကုလားထိုင်တစ်လုံးပေါ်တက်ကာ သူမလက်ကိုတွန်းပြီး သိချင်စိတ်နဲ့မေးလိုက်တယ်။

"နောက်ကျနေပြီလေ အစ်မကြီး၊ အိမ်မပြန်ဘူးလား"

ရှန်းရင်က ပျင်းတိပျင်းရွဲခေါင်းစောင်းပြီး သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်တယ်။

"အင်း ပြန်မှာ"

"ဒါဆို..."

"ငါ့မိဘကို စောင့်နေတာ"

ကလေးက မှင်တက်သွားပြီး သူမစကားကို နားမလည်နိုင်တဲ့ပုံ။ သူ မေးမလို့ပဲရှိသေး တံခါးတစ်လျှောက် လေပြင်းတစ်ချက် ဝင်လာတာမို့ သူအလိုလို မျက်လုံးမှိတ်လိုက်မိတယ်။

ချက်ချင်းပဲ တည်ငြိမ်တဲ့အသံတစ်သံ ရုတ်တရက် ထွက်လာတယ်။

"ငါပြန်လာပြီ ရှန်းရင် မင်းကိစ္စဖြေရှင်းပြီးပြီလား"

သူ မော့ကြည့်လိုက်တော့ အခန်းထဲ နောက်ထပ်လူတစ်ယောက် ရှိနေတာ သိလိုက်ရတယ်။ သူက ဆံပင်အနက်ရောင်၊ ဝတ်ရုံဖြူဝတ်ထားပြီး ခပ်ရေးရေးအဖြူရောင်အလွှာတစ်ခု ဝန်းရံထားလေတယ်။ သူ့လက်ထဲမှာက ကျောက်စိမ်းပုလွေတစ်ချောင်း။ သူက လူကြီးမင်းတစ်ယောက်နဲ့ မတူပေမဲ့ ဘာကြောင့်မှန်းမသိ နည်းနည်းရင်းနှီးနေသလိုပဲ။ သူ သတိတကြီး ခြေတစ်လှမ်းပြန်ဆုတ်လိုက်တယ်။

ပြီးတော့ စားပွဲပေါ်မှီနေခဲ့တဲ့ အစ်မကြီးက ရုတ်တရက် ခေါင်းကိုစောင်းလိုက်တယ်။

"ဖေဖေနျို ဘယ်လိုလုပ် အဲလောက်ကြာနေတာလဲ"

သူက ညစာအတွက် အချိန်မီတောင် ရောက်မလာဘူး။

"ငါ လာခဲ့တဲ့လမ်းကအမတဂိုဏ်းတစ်ခုမှာ ခဏတည်းခိုဖို့ လုပ်ထားတယ်" ကူယွဲ့ ဘေးက ထိုင်ခုံမှာဝင်ထိုင်ပြီး အေးစက်စက်မျက်နှာပေးနဲ့ကလေးကို ကြည့်လိုက်တယ်။

"ငါတို့ ဒီတောင်တန်းရွာမှာပဲ တစ်သက်လုံး နေလို့ မဖြစ်ဘူး၊ ဝိညာဉ်ချီက ကျင့်ကြံဖို့အတွက် ပါးလွန်းတယ်၊ ငါ သင့်တော်တဲ့ဂိုဏ်းတစ်ခု ရှာတွေ့ထားတယ်၊ ငါတို့ မနက်ဖြန်မနက်မှ ပြန်ထွက်မယ်"

"ကောင်းပြီလေ"

"မိစ္ဆာနတ်ဘုရားဘက်မှာတော့ အဖြေရှာမတွေ့သေးဘူး" သူ မဆိုစလောက် မျက်မှောင်ကြုတ်မိတယ်။

"မျက်နှာပြင်က ဘာဖြစ်တာလဲ မသေချာဘူး၊ ကြမ္မာက ရုတ်တရက် စောင်းငင်သွားပြီး ဘယ်လိုလုပ်လုပ် ထိန်းညှိလို့မရဘူး၊ သူက မချင့်မရဲဖြစ်လို့ ခုန်ဆွခုန်ဆွတောင်ဖြစ်လုနီးပါးပဲ၊ စောင်းငင်မှုရဲ့လားရာက ဒီအောက်ဘက်ဘုံတွေထဲဆိုတာပဲ သိရတယ်"

"အိုး"

"ကြမ္မာက ပြဿနာအများဆုံးကိစ္စပဲ၊ ပြီးတော့ အတင်းအကြပ် အဖတ်ဆယ်လို့တောင်မရဘူး၊ တဖြည်းဖြည်း အသုံးပြုမှပဲ အလုပ်ဖြစ်မှာ"

"အိုး"

"အိုးလို့ ပြောနေတာ တော်တော့ ဘယ်လိုပဲဖြစ်ဖြစ် မင်းက စီမံထိန်းသိမ်းသူနော်၊ ဘာလို့ နည်းနည်း မစိုးရိမ်ပေးရတာလဲ"

ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။

"အနည်းဆုံးတော့ ဘယ်သူ့ဆီ စောင်းနေလဲဆိုတာ စုံစမ်းပါလား"

"ဘယ်သူလဲဆိုတာ ငါသိတယ်"

"ဘာ" သူ ရုတ်တရက် ထရပ်မိသွားတယ်။

"မင်းသိတယ်လား"

"အင်း ခုလေးတင် သူ့ကိုမြင်ခဲ့တာ" သူမက ခေါင်းညိတ်ပြပြီး ထပ်ပြောလိုက်တယ်။

"လွန်ခဲ့တဲ့၂နာရီလောက်ကပေါ့"

"ဟိုလီရှစ် လူက ထျန်းလန်လောကသုံးခွင်ထဲမှာပေါ့၊ သူဘယ်မှာလဲ"

"သွားပြီ"

"..."

ဒါ စီမံထိန်းသိမ်းသူ အတုပဲဖြစ်ရမယ်။ ကူယွဲ့ အသက်ပြင်းပြင်းရှူကာ သူမကိုဆွဲဖြဲချင်စိတ် ထိန်းလိုက်ရတယ်။

"သူ ဘယ်သွားတာလဲ၊ ဘယ်ဘက်လဲ"

"အရှေ့... အနောက်... ဒါမှမဟုတ်တောင်လား၊ ဒါမှမဟုတ် မြောက်လား"

"..."

သောက်ကျိုးနည်း၊ သူမ အရပ်မျက်နှာတွေကို သိမလားလို့ သူ မျှော်လင့်လို့မရဘူးပဲ။

"ဆိုလိုတာက အဲသူက ဒီရွာထဲနေတယ်ပေါ့"

ကူယွဲ့ မျက်မှောင်ကြုတ်ကာ တံခါးအပြင်လှမ်းကြည့်လိုက်တယ်။

"ငါတို့ ဒီရွာကို ရောက်လာတဲ့နေ့ခင်းတုန်းက တည်ငြိမ်အေးချမ်းနေပေမဲ့ အခု မိစ္ဆာအရှိန်အဝါအပြည့် ဖြစ်နေတာ အံ့ဩစရာမရှိတော့ဘူး၊ ဒီညခင်းက ငြိမ်းချမ်းမဲ့ပုံ မပေါ်ဘူးပဲ"

သူ့အသံဆုံးသွားချိန် တစ်စုံတစ်ရာကျိုးသွားသလိုမျိုး အဝေးကနေ ဘန်းခနဲ အသံကျယ်ကြီး ထွက်လာတယ်။ အဖြူရောင်အလင်းတစ်ခု ကောင်းကင်ထဲ ဖြတ်သန်း တောက်ပသွားသလိုပဲ။ နောက်အခိုက်အတန့်မှာ ဟိန်းဟောက်သံတွေကို ကြားလိုက်ရတယ်။ အသံမျိုးစုံ ရောထားသလို ကျားတွေမြေခွေးသံတွေပါ ပါနေတယ်။

နဂိုတိတ်ဆိတ်နေတဲ့ရွာလေးက ရုတ်တရက် ဝရုန်းသုန်းကားတွေဖြစ်ကုန်ပြီး အဆက်မပြတ် အော်ဟစ်သံတွေ၊ ငိုသံတွေနဲ့ ‘မကောင်းဆိုးဝါး’ ဆိုပြီး အထိတ်တလန့် ရေရွတ်သံတွေ’ နဲ့ ပြည့်ကုန်တယ်။ ကြည့်ရတာ တစ်ခုခု ပေါ်လာပုံပဲ။

"အစ်မကြီး..." ဘေးမှာရပ်နေတဲ့ ကလေးက ကြောက်သွားပြီး ရှန်းရင်ဘေးရွှေ့လာတယ်။

"မင်းလည်း တကယ်တော့ ကြောက်တတ်တာလား" ကူယွဲ့မျက်လုံးထဲ အံ့အားသင့်မှုအရိပ်အယောင် ဖြတ်ပြေးသွားတယ်။

"ဒါရှားပါးမြင်ကွင်းပဲ၊ မင်းအခုလုပ်နေတာက အရင်တစ်ခေါက်က ကောင်းကင်ဘုံထဲက ကလေးအတုထက် အများကြီး ပိုချစ်ဖို့ကောင်းတယ်"

ကလေးက မှင်တက်သွားတယ်။ သူ့စကားတွေကို နားမလည်ပေမဲ့ ကြည့်ရတာ လှောင်ပြောင်တဲ့လေသံကြောင့် ဒေါသထွက်သွားပုံပဲ။ သူက အသက်ပြင်းပြင်းရှူကာ အပြင်ကိုထွက်ပြီး လုံးဝလေးနက်တဲ့ပုံစံနဲ့ ထိုင်ခုံပေါ်ပြန်ထိုင်ချတယ်။ သူ့လက်လေးတွေကို တင်းတင်းဆုပ်ထားပြီး အတော်လေးကို မတ်မတ်ထိုင်နေတော့တယ်။

"..." ချစ်ဖို့မကောင်းလိုက်တဲ့ကလေး။

"သွားမကူညီဘူးလား" ရှန်းရင်က အပြင်ကိုကြည့်ကာ အမူအရာပြလိုက်တယ်။

"ဒီရွာထဲ အကာအကွယ်အစီအရင်ရှိတယ်လေ၊ ခုကျိုးပဲ့သွားတာ အပြင်လွှာပါပဲ" ကူယွဲ့က လှုပ်ရှားမဲ့အရိပ်အယောင်မပြ။

"အထဲက အစီအရင်က သိပ်မခိုင်ပေမဲ့လည်း ရွာသားတချို့ ကိုယ့်သေတွင်းကိုယ်မတူးသရွေ့ တစ်ညတာ ကာကွယ်ပေးဖို့ ပြဿနာမရှိလောက်ပါဘူး ပြီးတော့ အနားမှာတင် အမတဂိုဏ်းတစ်ခုရှိတယ်၊ သူတို့က မိစ္ဆာတွေအများကြီး ကျူးကျော်လာတာကို အလိုလို သိသွားမှာပဲ၊ သူတို့တွေ အရုဏ်ဦးလောက်ဆို တစ်ယောက်ယောက်ကို ပို့လောက်ပါတယ်"

ရှန်းရင်က သူ့ကိုတစ်ချက်ကြည့်ကာ ဘာမှမပြော။

"ပြီးတော့ မိစ္ဆာနတ်ဘုရားက ပြောတယ်" ကူယွဲ့က မျက်နှာပေါ် လေးနက်တဲ့အမူအရာနဲ့ ဆက်ပြောတယ်။

"သေမျိုးတွေရဲ့ ကံက သူတို့ကိုယ်ပိုင်ကံကြမ္မာအရဆုံးဖြတ်တာတဲ့၊ ငါတို့ လွယ်လင့်တကူ ဝင်မပါတာ အကောင်းဆုံးပဲ"

"အိုး" ရှန်းရင် မျက်လုံးမှေးပြီး ရုတ်တရက် ပြောလိုက်တယ်။

"နင်က သူ့စကားနားထောင်တယ်လား"

"..."

ကူယွဲ့က တစ်ကိုယ်လုံး တောင့်တင်းသွားပြီး တစ်စုံတစ်ရာကို မှတ်မိသွားသလိုမ်ျုး တိတ်တိတ်လေး ဆဲရေးလိုက်တယ်။

"-ီး" သူ မိစ္ဆာနတ်ဘုရားရဲ့ ထောင်ချောက်ထဲ ထပ်ကျတော့မလို့။

သူ ချက်ချင်းထရပ်ပြီး မျက်နှာချင်းဆိုင်က ကလေးကိုပြောလိုက်တယ်။

"သူမကို စောင့်ကြည့်ထား"

ချက်ချင်းပဲ သူ့ကိုယ်ခန္ဓာက အရောင်တောက်ပသွားပြီး ချက်ချင်းပြေးထွက်သွားခဲ့တယ်။

ကလေးက မှင်တက်နေပြီး သူ့အဓိပ္ပာယ်ကိုနားမလည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘေးကလူကို သေချာလှည့်ကြည့်လိုက်တယ်။

တစ်ခဏအတွင်း အပြင်ဘက်က ဆိုးဆိုးရွားရွား အော်သံတွေ အတော်လေးငြိမ်သက်သွားပြီး အားပေးသံတချို့တောင် ပေါ်လာတယ်။ ရှန်းရင်က လူသေလို စားပွဲပေါ် ဆက်လှဲနေပြီး ကလေးရဲ့အမူအရာက အများကြီးပိုစိတ်အေးသွားတဲ့ပုံ။

တစ်စုံတစ်ရာ ပြိုလဲသွားသလိုမျိုး ဘန်းခနဲအသံကြီးကို ညာဘက်နားကနေ မကြားလိုက်ရခင်ထိပေါ့။ ကျားတစ်ကောင်ရဲ့ ဟိန်းဟောက်သံပါ အနောက်ကနေ ဆက်လိုက်လာတယ်။

သူ့မျက်နှာက ဖြူဖျော့သွားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ အလန့်တကြားပြောလိုက်တယ်။

"အမေဝမ်"

နောက်ဝောာ့ သူက ချက်ချင်းတစ်ဖက်လှည့်ကာ ပြေးထွက်သွားတယ်။

"စား-" ရှန်းရင် စကားမဆုံးခင် ကလေးက ပျောက်သွားပြီ။ သူမ သက်ပြင်းပဲချနိုင်တော့တယ်။

"အလုပ်ရှုပ်လိုက်တာ" ဘာလို့ သူတို့အားလုံး ညသန်းခေါင် မအိပ်ကြတာလဲ။

အဲတော့မှ သူမ စားပွဲကိုလက်ထောက်ကာ ပျင်းတိပျင်းရွဲ ထရပ်လိုက်တယ်။

ကလေးက အဝေးကြီးပြေးသွားတာမဟုတ်ဘဲ မီတာဆယ်ချီလောက်ဝေးတဲ့ နောက်တစ်အိမ်ဆီကိုပဲ။ ရှန်းရင်က နှစ်ပတ်ပတ်ပြီးနောက်မှာ နောက်ဆုံးတော့ သူ့ကိုတွေ့ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ကျားမိစ္ဆာတစ်ကောင်က ဖမ်းထားနေပြီ။

အဲဒါက လူအသွင်တောင် ပြည့်ပြည့်ဝဝ အသွင်မပြောင်းနိုင်သေးတဲ့ ပဉ္စမအဆင့် ကျားမိစ္ဆာတစ်ကောင်။ လူ့ကိုယ်ပေါ်မှာတော့ နဂါးခေါင်းကြီးတစ်ခု။ သူ့ပါးစပ်က ဟနေပြီး ချွန်ထက်တဲ့သွားတွေကို ပြသနေတယ်။ သူက လူတစ်ယောက်ကို တက်နင်းထားတယ်။ ကြည့်ရတာတော့ လူကြီးတစ်ယောက်ပဲ။ ပြီးတော့ သူ့လက်နှစ်ဖက်က ကလေးတစ်ယောက်စီကို ဖမ်းဆုပ်ထားတယ်။ တစ်ယောက်က ကန်ကျောက်နေတဲ့ ယိချင်းဖြစ်ပြီး နောက်တစ်ယောက်က အသက်၅နှစ်၆နှစ်အရွယ် မိန်းကလေး။

"လွှတ်ပေး၊ ကျွန်ဝောာ့်ကို လွှတ်ပေး" သူက ရှိသမျှအားနဲ့ ရုန်းကန်ပေမဲ့ သူ့ပိန်ပိန်ပါးပါး လက်မောင်းလေးတွေက ကျားမိစ္ဆာကို ခြိမ်းခြောက်မှုလုံးဝမရှိ။

"ဟားဟားဟား... ဒီလိုလတ်ဆတ်တဲ့လူသားတွေက ငါ့အကြိုက်ပဲ" ကျားမိစ္ဆာမျက်လုံးတွေက တောက်ပနေပြီး သွားရည်တတောက်တောက်ကျတော့မလိုကြည့်နေတယ်။

"အစကတော့ ဒီအဘွားကြီးရဲ့အသားက အရသာရှိဖို့ဆို မာလွန်းမယ်ထင်နေတာ၊ သေးသေးလေးကျလည်း စားလို့မဝဘူး၊ ဒါပေမဲ့ နောက်ထပ်အသေးလေးတစ်ယောက်ပါ ငါ့ဆီ ပြေးလာမယ်မထင်ခဲ့ဘူး၊ ခုဝောာ့ လုံလုံလောက်လောက် စားလို့ရပြီ"

"မေမေဝမ်နဲ့ ညိုညို့ကိုလွှတ်ပေးလိုက်" ကလေးက ရှိသမျှအားကုန်ထုတ်သုံးပေမဲ့ အချည်းနှီး။ အဲအစား သူ့မျက်နှာက မိစ္ဆာကျားရဲ့ဆုပ်ကိုင်မှုအောက် ခရမ်းရောင်သမ်းလာတယ်။

"မင်းက ဒီလောက်စိတ်အားထက်သန်နေမှတော့ မင်းကို အရင် စစားပေးမယ်" ကျားမိစ္ဆာက ကလေးကို တန်းမြှောက်ပြီး ကိုက်တော့မလိုပုံစံနဲ့ သူ့သွေးသံရဲရဲပါးစပ်ကြီးကို ဟတယ်။

"ဟေး" နောက်ဆုံးတော့ ရောက်လာပြီဖြစ်တဲ့ရှန်းရင်က ရုတ်တရက် အသံလှမ်းပေးလိုက်တယ်။

"ကလေးတွေကို အနိုင်ကျင့်တာ သိပ်မကောင်းလွန်းဘူးမလား"

All Chapters