ပြင်ပတွဲဖက်
Vol. 55 Ch. 765
ရိကလန်၌
ကလန်၏ သခင်ကြီး သေဆုံးသွားသည့်အတွက်ကြောင့် အိမ်တော်တစ်ခုလုံးတွင် ပိတ်စဖြူများ ချိတ်ဆွဲထားပြီး ဝမ်းနည်းဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
သို့သော် ဧည့်ခန်းမဆောင်၏ အခြေအနေမှာ အနည်းငယ် တင်းမာနေလေသည်။
ရိချိုးရွှယ်မှာ ဧည့်ခန်းမဆောင်၏ အဓိကနေရာတွင် ထိုင်နေလျက်ရှိပြီး သူမ၏ဘေးတွင် ရိချင်းကျီ ရှိနေသည်။ ခန်းမဆောင်အတွင်း အခြားသော ပုံရိပ်များစွာလည်း ရှိနေကြပြီး ရိကလန်၏ အရေးကြီးပုဂ္ဂိုလ်များ စုစည်းနေကြခြင်း ဖြစ်သည်။
ဇူယွမ်မှာ စားပွဲရှည်၏ အဆုံးသတ်ထိုင်ခုံတွင် နေရာယူထားလျကိ ရှိသည်။ သူသည် ပထမ၌ အနားယူရန် စီစဉ်ထားခဲ့ပါသော်လည်း ရိချိုးရွှယ်၏ ဖိတ်ခေါ်မှုကြောင့် ဤနေရာသို့ ရောက်လာခဲ့ရသည်။
သူသည် ခန်းမဆောင် တစ်ခုလုံးအား ကြည့်ရှုလိုက်ပြီးနောက် ရိချိုးရွှယ်၏ ဘယ်ဘက်တွင် ထိုင်နေသော ပုံရိပ်သုံးခုအား စိတ်ဝင်စားသွားမိသည်။ ကျင့်ကြံခြင်းအဆင့် မြင့်ပုံရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၊ မိန်းမငယ်တစ်ဦးနှင့် လူငယ်တစ်ဦးတို့ ရှိနေကြခြင်း ဖြစ်သည်။
လူငယ်လေးမှာ ပိန်သွယ်ခန့်ညား၍ ဆွဲဆောင်မှုရှိသော ရုပ်ရည်အား ပိုင်ဆိုင်ထားလေသည်။
ထိုလူငယ်လေး၏ဘေးတွင် အနီရောင် အဝတ်အစားများ ဆင်မြန်းထားသော ကျက်သရေရှိလှသည့် မိန်းမငယ်တစ်ဦး ရှိသည်။
၎င်းတို့သည် ရိကလန်မှ မဟုတ်ပဲ ရွှမ်ကျိုးမြို့တော်၏ ဆန်းကြယ်လင်းယုန် ကုန်သည်ကြီးများအသင်းမှ ဖြစ်ကြသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်သူမှာ လျိုထျန်းရင်ဟု အမည်ရပြီး ထိုအသင်းအား အုပ်ချုပ်သူ ဖြစ်၏။
ရှောင်ရွှမ်းစီရင်စုမှ အားကောင်းသော အဖွဲ့အစည်း တစ်ခုဖြစ်သည်နှင့်အညီ ၎င်းတို့မှာ ရိမိသားနှင့် ချူးမိသားစုတို့ကိုပင် ယှဉ်ပြိုင်နိုင်သော အင်အားရှိသည်။
လူငယ်လေးနှင့် မိန်းမငယ်တို့မှာ လျိုကျစ်ရွှမ်းနှင့် လျိုမင်ဟု ခေါ်တွင်ကြပြီး လျိုထျန်းရင်၏ သားသမီးများ ဖြစ်သည်။
ဆန်းကြယ်လင်းယုန် ကုန်သည်ကြီးများအသင်းနှင့် ရိကလန်တို့သည် အလွန်ဆက်ဆံရေး ကောင်းမွန်လှသောကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ရောက်ရှိလာကြခြင်းပင်။
"လျိုဦးလေး....အချိန်နောက်ကျမှ ဖိတ်ခေါ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။" ရိချိုးရွှယ်မှ ညင်သာစွာ စကားဆိုလိုက်သည်။
လျိုထျန်းရင်မှ လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "မလိုပါဘူး။ ဦးလေးက ရိအဖိုးကြီးရဲ့ သူငယ်ချင်းပဲဟာ။ ဦးလေးဘာလို့ လာတာလဲဆိုတာရော သိတယ်မလား။"
သူသည် မျက်ခုံးပင့်ကာ စကားဆက်လိုက်သည်။ "တူမလေး ချိုးရွှယ်....ဒီအချိန်က ချူးကလန်နဲ့ အုပ်စိုးသူသခင်တိုက်ပွဲကို တိုက်ရမယ့်အချိန် မဟုတ်သေးဘူး။ ခဏလောက် ဆက်စောင့်သင့်တယ်။ အဖိုးရိက သမီးကို အုပ်စိုးသူသခင်မနေရာပေးနိုင်ဖို့ ထျန်းယွမ်နယ်မြေရဲ့ အကြီးအကဲတွေဆီ ပြောပေးထားတယ်မလား။ ဘာလို့ ချူးကလန်ကို အခွင့်အရေးပေးနေရမှာလဲ။"
ရိချိုးရွှယ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "လျိုဦးလေး....အဖိုးရိက ထျန်းယွမ်နယ်မြေရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ဆိုပေမယ့် ချူးကလန်မှာလည်း ပြင်ဆင်ထားတာတွေ ရှိမှာပဲ။ ကျွန်မကြားတာတော့ အကြီးအကဲတွေတချို့ကို ချူးကလန်က ပမာဏ တော်တော်ကြီးကြီး လာဘ်ထိုးထားတယ်တဲ့။ အဲ့ဒါကြောင့် ရိအဖိုး ကူညီပေးနေတာတောင် မသေချာနိုင်တော့ဘူး။"
"အခု ကျွန်မတို့အတွက် အရေးအကြီးဆုံးက နောက်ခုနစ်ရက်အတွင်း ဖြစ်လာတော့မယ့် အုပ်စိုးသူသခင်တိုက်ပွဲပဲ။ အဲ့တိုက်ပွဲ နိုင်တာနဲ့ ကျွန်မတို့ ရိကလန်ရဲ့ ကိစ္စတွေအားလုံး ချောမွေ့သွားလိမ့်မယ်။"
ရိချင်းကျီမှ သက်ပြင်းချကာ ပြောလိုက်သည်။ "အုပ်စိုးသူသခင်တိုက်ပွဲကိုနိုင်ဖို့က မလွယ်ဘူးလေ။ ချူးလုံက ကျင်ရှန်းကောင်းကင်ဂိုဏ်းမှာ လေ့ကျင့်နေတဲ့ ချူးလင်ကိုတောင် ရအောင်ပြန်ခေါ်ထားတာ။ သူတို့ဖက်က အနိုင်ရဖို့ သေချာပြင်ဆင်ထားတယ်ဆိုတာ သိသာတယ်။"
ချူးလင်၏အမည်အား ကြားလိုက်ရသည်နှင့် လူငယ်များ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ရှောင်ရွှမ်းစီရင်စု၏ လူငယ်မျိုးဆက်များအကြား ချူးလင်မှာ အတော်ပင် လွှမ်းမိုးထားနိုင်သူ ဖြစ်သည်။
တိတ်ဆိတ်နေသော ခန်းမဆောင်အတွင်း ချိုမြမြ ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။ "ချူးလင်ကို ဘာစိတ်ပူစရာ ရှိလို့လဲ။ အမတော် ချိုးရွှယ်....အုပ်စိုးသူသခင်တိုက်ပွဲအတွက်က တစ်ဖက်ကို နတ်ဘုံခန်းဝါအဆင့် ငါးယောက်စီ ပြိုင်ရမှာလေ။ ငါးယောက်ထဲက နှစ်နေရာက အပြင်လူ ဝင်ကူပေးလို့ရတယ်လေ။"
"ကျွန်မရဲ့အကိုဆိုရင်ရော ဘယ်လိုလဲ။ ရှောင်ရွှမ်းစီရင်စုထဲမှာ အကိုရယ်၊ အမတော် ချိုးရွှယ်ရယ်၊ ချူးလင်ရယ်ပဲ နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခု ရှိကြတာမလား။"
ထိုစကားအား ဆိုလိုက်သူမှာ နီနီရဲရဲ အဝတ်အစားများကို ဆင်မြန်းထားသော လှပလွန်းသည့် လျိုမင်ပင် ဖြစ်သည်။
လျိုကျစ်ရွှမ်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ချူးလင်က တကယ်တိုက်ဖို့ မလွယ်တဲ့သူဆိုပေမယ့် ချိုးရွှယ်အတွက်ဆို ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်ရလည်း အဆင်ပြေပါတယ်။"
သူ၏စကားများကြောင့် ခန်းမဆောင်အတွင်း တီတိုးရယ်မောသံများ ထွက်ပေါ်လာသည်။
ရိချိုးရွှယ်မှာလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
လျိုကျစ်ရွှမ်းမှာ ထိုအပြုအမူကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရပါသော်လည်း မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေဆဲ ဖြစ်သည်။ ရိကလန်၏ တန်ဖိုးရှိလှသော ပန်းပွင့်လေးအား ဆွတ်ခူးနိုင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သောကြောင့် သူသည် နှစ်ပေါင်းများစွာကြာအောင် လက်မလျှော့ခဲ့ပေ။
"တူမလေး ချိုးရွှယ်.....ကျစ်ရွှမ်းကလည်း နတ်ဘုံခန်းဝါ မဟာအဆင့်ကို ရောက်ပြီးပြီလေ။ ရိကလန်သာ လိုအပ်မယ်ဆိုရင် သူ့ကိုအပြင်အကူအညီ နှစ်နေရာထဲက တစ်နေရာမှာ ထည့်လိုက်ပါ။" လျိုထျန်းရင်မှ ပြောလိုက်သည်။
သူသည် သားဖြစ်သူ၏ ခံစားချက်များအား နားလည်နေသည့်အပြင် ရိချိုးရွှယ်၏ အရည်အချင်းများကိုလည်း သဘောကျမိသဖြင့် တက်နိုင်သမျှ ကူညီပေးမိသည်။
ရိချင်းကျီမှ ခေါင်းညိတ်ထောက်ခံကာ စကားဆိုလိုက်သည်။ "လျိုကျစ်ရွှမ်းက တကယ်တော်တဲ့ လူငယ်လေးပဲ။ သူသာ ကူညီပေးမယ်ဆိုရင် ချိုးရွှယ် အများကြီး သက်တောင့်သက်သာရှိတာပေါ့။"
ရိချိုးရွှယ်မှာ ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ယခုအချိန်သည် ရိကလန်အတွက် အမှန်တကယ် အကူအညီ လိုအပ်နေချိန်ဖြစ်သောကြောင့် လျိုကျစ်ရွှမ်း၏ ကမ်းလှမ်းချက်အား ငြင်းဆန်ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်။
"အဲ့ဒါဆို ကျွန်မတို့ကို စောင့်ရှောက်ပေးပါဦး။ ကျေးဇူးတင်ပါတယ် အကိုတော် ကျစ်ရွှမ်း..." ရိချိုးရွှယ်မှ ပြုံးကာပြောလိုက်သည်။
လျိုကျစ်ရွှမ်းမှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ သို့သော် ချိုးရွှယ်သည် ယခုအချိန်ထိ သူနှင့်အလှမ်းဝေးနေဆဲဟု ခံစားနေမိသည်။
"ရိကလန်မှာ နတ်ဘုံခန်းဝါ မဟာအဆင့်ကို ရောက်ထားတဲ့ ကျင့်ကြံသူနှစ်ယောက် ရှိတယ်။ ဒါပေမယ့် သူတို့က နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုပဲ ဖွင့်ထားနိုင်ကြတာ။" ရိချင်းကျီမှ ပြောလိုက်သည်။
"အဲ့ဒါဆို အခုငါးယောက်ပြည့်ဖို့ တစ်ယောက်ပဲ လိုတော့တာပေါ့။ ကူညီပေးဖို့လူ ရှာပေးဖို့လိုလား။" လျိုထျန်းရင်မှ မေးမြန်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဆန်းကြယ်လင်းယုန် ကုန်သည်ကြီးများအသင်းကနေ ဆက်သွယ်ခိုင်းလို့ ရတယ်နော်။"
အုပ်စိုးသူသခင်တိုက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အရည်အချင်းရှိ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတစ်ဦး လိုအပ်နေသောကြောင့် လူတိုင်းမှာ အလေးအနက် တွေးတောနေကြရသည်။
သို့သော် ရှောင်ရွှမ်းစီရင်စုအတွင်းမှ နတ်ဘုံခန်းဝါ မဟာအဆင့် ကျင့်ကြံသူများသည် ရိကလန်နှင့် ချူးကလန်တို့၏ ပြဿနာများကြား ဝင်ရောက်လိုခြင်း ရှိကြမည်မဟုတ်ပေ။
ထိုင်ခုံအဆုံးတွင် ရှိနေသော ဇူယွမ်မှာမူ ယခုကိစ္စသည် သူနှင့်မသက်ဆိုင်သည့်အလား လက်ဖက်ရည်ကြမ်းကိုသာ အေးအေးလူလူ သောက်နေလျက်ရှိသည်။ သူသည် ရိချိုးရွှယ် အုပ်စိုးသူသခင်မ ဖြစ်လာမည့်အရေးကို ထောက်ခံပါသော်လည်း တက်နိုင်သမျှ ပြဿနာများနှင့် ဝေးဝေးသာ နေလိုသည်။
သို့သော် သူ့အား တောက်ပစွာဖြင့် ငေးမောကြည့်ရှုနေသော မျက်ဝန်းအစုံကို ဇူယွမ်မှ သတိထားမိလိုက်သည်။
ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်ကြည့်ရှုလိုက်သောအခါတွင် မျက်တောင်ပင်မခတ်သော ရိချိုးရွှယ်အား တွေ့ရှိလိုက်ရသည်။
ရိချိုးရွှယ်မှာ မျှော်လင့်ချက်များ ပြည့်ဝနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ပြုံးကာကြည့်ရှုနေလေသည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ မသိကျိုးကျွံပြုလျက် လက်ဖက်ရည်ကြမ်းကိုသာ ဆက်သောက်နေမိသည်။
ခေတ္တမျှ ကြာမြင့်သွားပြီးနောက် ခန်းမဆောင်အတွင်း ရှိနေကြသူများမှာ ရိချိုးရွှယ်သည် ထိုင်ခုံအဆုံးတွင် ရှိနေသော လူငယ်အား ငေးမောကြည့်ရှုနေသည်ကို သတိပြုမိသွားကြသည်။
ရိချိုးရွှယ် မိတ်ဆက်ပေးထားသဖြင့် ထိုလူငယ်လေးသည် ရှောင်ရွှမ်းစီရင်စု၏ လေနတ်ဆိုးဓားပြခေါင်းဆောင်ဖြစ်သော ရွှီဖုန်းကိုပင် သတ်ဖြတ်နိုင်ခဲ့သူဖြစ်ကြောင်း အားလုံးမှ သိရှိထားလေသည်။
သို့သော် အုပ်စိုးသူသခင်တိုက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်မည့်သူသည် နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိထားသင့်သည်။ ယင်းလူငယ်လေးမှာ ထိုပြိုင်ပွဲအတွက် ယုံကြည်စိတ်ချရမည့် သူတစ်ဦး မဟုတ်ပေ။
ထို့အပြင် ဇူယွမ်သည် ရိချိုးရွှယ်ကိုပင် မသိကျိုးကျွံပြုနေသဖြင့် ယခုပြဿနာအတွင်း ဝင်ပါလိုစိတ် မရှိသည်မှာ ထင်ရှားလှသည်။
ရိကလန်မှ အကြီးအကဲများမှာ ဇူယွမ်အားကြည့်၍ အလိုမကျ ဖြစ်နေရသည်။ ဇူယွမ်သည် အရည်အချင်းရှိသူ ဖြစ်ကောင်းဖြစ်နိုင်ပါသော်လည်း သူရဲဘောကြောင်သူသာ ဖြစ်သည်။ ယခုပုံစံအား ကြည့်ရှုခြင်းဖြင့်ပင် ၎င်းသည် ချူးကလန်အား ကြောက်ရွံ့နေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
ပတ်ဝန်းကျင် အခြေအနေမှာ အောင့်သက်သက်နိုင်သော အနေအထား ဖြစ်နေရသည်။
"နတ်ဘုံခန်းဝါ ဗဟိုအဆင့်နဲ့များ ဘဝင်မြင့်နေလိုက်တာ။" လျိုမင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
သူမသည် ရိချိုးရွှယ်၏ အပြုအမူများကြောင့် ဇူယွမ့်အပေါ် အနည်းငယ် မုန်းတီးနေမိသည်။ သူမ၏အကိုတော် ကူညီပေးမည်ဟု ဆိုလာစဉ်ကပင် စိတ်မလှုပ်ရှားခဲ့သော ရိချိုးရွှယ်သည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသည့် လူငယ်တစ်ဦးအား မျှော်လင့်ချက် ပြည့်ဝနေသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေခဲ့သည်။
ထိုလူသည် အုပ်စိုးသူသခင်တိုက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန်ပင် အရည်အချင်း မပြည့်မီလောက်ပေ။
လျိုမင်အတွက်မူ ရှောင်ရွှမ်းစီရင်စု တစ်ခုလုံး၌ သူမ၏အကိုတော် လျိုကျစ်ရွှမ်းကသာ အထူးချွန်ဆုံး ဖြစ်သည်။ သူမအကိုတော်နှင့် ဇူယွမ်တို့ အရည်အချင်း နှိုင်းယှဉ်ကြည့်ပါက မိုးနှင့်မြေလောက် ကွာခြားနေပေလိမ့်မည်။
လျိုကျစ်ရွှမ်းမှာလည်း ဇူယွမ်အား လှမ်း၍ကြည့်ရှုလိုက်မိသည်။
ဇူယွမ်မှာ လျိုမင်၏ ဝေဖန်မှုအား လျစ်လျူရှုလျက် လက်ဖက်ရည်ကြမ်းကိုသာ စိမ်ပြေနပြေ တစ်ငုံချင်း သောက်နေသည်။
ရိချိုးရွှယ်မှာ ဇူယွမ်၏ အပြုအမူအပေါ် ဒေါသထွက်ဟန်ပင်မပြပဲ ပြုံးကာစကားဆိုလိုက်သည်။ "အကိုတော် ဇူယွမ်.....ရှင့်ရဲတန်ကြေးကို ဘာလို့မပြောတာလဲ။"
ဇူယွမ်မှာ လက်ဖက်ရည်ခွက်အား ချလိုက်ပြီးနောက် စာရင်းအချို့ ရေးသားထားသော စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။
"ချိုးရွှယ်က တကယ်တဲ့တိုးသမားပဲ။ ရိကလန်ကသာ ဒီပစ္စည်းတွေ ပေးမယ်ဆိုရင် ကျွန်တော် ဝင်ပြီးတိုက်ပေးနိုင်ပါတယ်။" ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
ယခင်တည်းက ကြိုတင်ပြင်ဆင်ထားဟန်ရှိသော စာရင်းအား မြင်တွေ့လိုက်ရသည့်အတွက် ခန်းမဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
ဇူယွမ်သည် မည်မျှအရည်အချင်းရှိမှန်း မသိရှိရသေးပါသော်လည်း သူ၏အရှက်မဲ့မှုမှာ ကြောက်မက်ဖွယ်ရာပင် ဖြစ်လေတော့သတည်း...