အခန်း (၃၀၄-၃၀၆)
Vol. 21 Ch. 304-306
အခန်း ၃၀၄ ။ တပည့်အဖြစ် ပြန်လည်ခေါ်ယူခြင်း
ကျားမိစ္ဆာက ကြက်သေသေသွားပြီး အမြန်ခေါင်းလှည့်လာကာ သူ့မျက်လုံးတွေက အဆာပြေမုန့်တစ်ခု အရှေ့ရောက်လာသလိုမျိုး တကယ်ကြီး တောက်ပသွားလေရဲ့။ သူ့သွားရည်တွေက ကျလာတယ်။
"မိန်းမတစ်ယောက်ပဲ ဟားဟားဟား ငါ ဒီနေ့ရမ်းကံကောင်းနေပါလား၊ စားသောက်စရာကောင်းတွေက ငါ့ဆီတန်းရောက်လာတာပဲ၊ မိန်းကလေးတွေအသားက ငါ့အကြိုက်ပဲ"
နောက်တော့ သူက ချက်ချင်း လက်ထဲက ကလေးနှစ်ယောက်ကိုချပြီး ရှန်းရင်ဆီ လျှောက်လာခဲ့တယ်။ ကောင်လေးက အကျယ်ကြီး ချောင်းဟန့်ပေမဲ့ သေချာအသက်မရှူနိုင်သေး။ သူက အမြန်အလောတကြီးနဲ့ ရှန်းရင်ကိုလှမ်းအော်လိုက်တယ်။
"အစ်မကြီး၊ ပြေးတော့ ဒါ မိစ္ဆာတစ်ကောင်ပဲ၊ ပြေး"
ဒါပေမဲ့ ရှန်းရင်က မလှုပ်ဘဲ ကျားမိစ္ဆာက သူမဆီရောက်တော့မဲ့ဆဲဆဲ။
ကလေးက စိုးရိမ်သွားပြီး အရှေ့ကို အသည်းအသန် ပြေးလာကာ ကျားမိစ္ဆာခြေထောက်တစ်ဖက်ကို အသေဆုပ်ကိုင်ထားတယ်။
ကျားမိစ္ဆာရဲ့ခြေလှမ်းတွေက နှေးသွားတယ်။ သူ့ခြေထောက်က လူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။
"မင်းသေတွင်း မင်း တူးနေတာပဲ" အလင်းရောင်တစ်ခု သူ့လက်တွေထဲ လက်လာပြီး ချွန်မြတဲ့လက်သည်းတွေအဖြစ် ပြောင်းသွားကာ ကောင်လေးရဲ့ကျောဆီ လှမ်းလိုက်တယ်။
"ဟေး..." ရှန်းရင်က ရုတ်တရင် ရှေ့တက်လာတယ်။
"မိစ္ဆာဘုရင်က နင်တို့အားလုံး ထွက်လာပြီး လူတွေကိုစားတာ ဂရုမစိုက်ဘူးလား"
ကျားမိစ္ဆာက ရပ်သွားပြီး သူ့ကိုလှည့်ကာ စပ်ဖြီးဖြီးကြည့်တယ်။
"မိစ္ဆာဘုရင်လား၊ ဟားဟားဟား... ငါတို့မိစ္ဆာဘုရင်က ငါတို့ကျင့်ကြံဆင့်တွေမြင့်အောင် လူသားတွေ ပိုစားဖို့ပဲ ပြောလိမ့်မယ်"
"အိုး" ရှန်းရင်က တစ်ခဏတာ မှင်တက်သွားတယ်။
"မိစ္ဆာဘုရင်က ယုန်တစ်ကောင်မဟုတ်ဘူးလား"
"ဘာယုန်လဲ" ကျားမိစ္ဆာက ရယ်တယ်။
"မိန်းကလေး၊ မင်းလိမ်လိမ်မာမာနေပြီး စားခွင့်ပေးရင် သက်သက်ညှာညှာ သေခွင့်ပေးမယ်"
သူ စကားပြောပြီး တစ်ဖက်လှည့်ကာ သူ့လက်က သူမနှလုံးဆီ လှမ်းလာတယ်။
"အစ်မကြီး" ကလေးက အကျယ်ကြီး ထအော်တယ်။
"အော် ဒါဆို တော်သေးတာပေါ့"
ရှန်းရင်က တီးတိုးပဲရေရွတ်တယ်။ ဒါပေမဲ့ ချွန်ထက်နေတဲ့လက်သည်းတွေက သူမရင်ဘတ်ကို မဖောက်ထွက်ခင်လေးမှာတင် သူမကိုယ်ကို ရုတ်တရက် ဘေးဘက်စောင်းကာ ကျားမိစ္ဆာရဲ့နောက်စေ့ဆီ လက်လှမ်းပြီး အတင်းဖိချလိုက်တယ်။
နောက်အခိုက်အတန့်မှာတော့ ဘန်းခနဲအသံကျယ်ကြီး ကြားလိုက်ရတယ်။ စောနလေးကတင် မောက်မာနေတဲ့ ကျားမိစ္ဆာက မြေပေါ်ဖိချခံလိုက်ရပြီး နစ်မြုပ်သွားကာ အသက်ရှူရပ်သွားတော့တယ်။ မြေကြိးလည်း သက်ရောက်ခံလိုက်ရပြီး ဆတ်ခနဲအသံနဲ့အတူ လူတစ်ယောက်စာ အက်ကွဲကာ ရွာထဲထိ ဆန့်တန်းသွားတယ်။
"..."
(⊙_⊙)
ကလေးက အူကြောင်ကြောင်ဖြစ်နေတယ်။ သူက ရှန်းရင်ကို အူကြောင်ကြောင်ကြည့်ကာ အချိန်တော်တော်ကြာတဲ့အထိ ဘာပြန်ပြောရမှန်းမသိ။
"အစ်မ... ကြီး" အဲဒါ... မိုက်လိုက်တာ
"နင် သင်ချင်လား"
ရှန်းရင်က ခေါင်းလေးစောင်းလိုက်တယ်။
သူက တခဏတာ မှင်တက်သွားပြီး မျက်လုံးက အဆမတန်တောက်ပသွားခဲ့ကာ အသည်းအသန် ခေါင်းညိတ်တော့တယ်။
"ဟုတ်"
(?′?`?)
"ကောင်းပြီလေ" ရှန်းရင်က လက်ခုပ်တီးကာ ထရပ်လိုက်တယ်။
"ငါ့နာမည်က ရှန်းရင်၊ ခုကစပြီး ငါက နင့်ဆရာပဲ"
ကလေးက တစ်ခဏကြောင်နေပေမဲ့ နောက်တော့ မျက်လုံးတွေက ပိုတောင်တောက်ပသွားပြီး သူ့နှလုံးသားထဲ တစ်ခါမှမခံစားရဖူးတဲ့ ပြည့်လျှံမှုတစ်မျိုး ရောက်လာခဲ့တယ်။
တစ်အောင့်အကြာ...။
သူ လက်ကို တင်းတင်းမာမာထားကာ ထရပ်လိုက်တယ်။ သူ့ကိုယ်ပေါ်က ဖုန်တွေကို ခါလိုက်ပြီး သူမရှေ့လုံးဝတည်ကြည်စွာ ဒူးထောက်ချလိုက်တယ်။ သူက သုံးကြိမ်ဦးတည်က လက်သီးဆုပ်လိုက်တယ်။
"ဆရာ"
"အင်း၊ နင်က ခုငါ့တပည့်ဖြစ်ပြီဆိုတော့..." ရှန်းရင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြီးမှ နဂိုကျားပုံစံ ပြောင်းသွားပြီဖြစ်တဲ့ မြေကြီးပေါ်က ကျားမိစ္ဆာကို လက်ညှိုးထိုးလိုက်တယ်။
"ကျားသားကို ဘယ်လိုချက်ရမလဲ သိလား"
ကလေး ဆွံ့အသွားလေရဲ့။
ပြီးတော့ ခုလေးတင် ရောက်ကာစကူယွဲ့ရော။
——————
အဲဒီမိစ္တာတွေကို ရှင်းပစ်ဖို့ ကူယွဲ့အတွက်တော့ မကြာလိုက်။ သူတို့ အရေအတွက်အများကြီးနဲ့ ရောက်လာခဲ့တာဆိုပေမဲ့ အားလုံးက အဆင့်၅၊ ၆ မိစ္ဆာလေးတွေ။ သူတို့ကို နှိမ်နင်းတာက သူ့အတွက် ကိတ်မုန့်တစ်တုံးလိုပဲ။ ကောင်းကင်က လင်းထိန်စပြုလာပြီဖြစ်ပြီး အနီးနားက အမတဂိုဏ်းတွေက မကြာခင် တစ်ယောက်ယောက် လွှတ်တော့မှာ။ သူ ရှင်းပြရမှာ ပျင်းလွန်းတယ်။ ထိတ်လန့်မှုအပြင် ရွာစွန်နားမှာနေပြီး စားဖိုမှူးကို ငါးဆားနယ်ပေးတဲ့ အမေဝမ်ကလွဲ ရွာသားတွေက တကယ်ထိခိုက်ခဲ့တာမျိုး မရှိဘူး။
အဲဒါက အသက်၆၀ကျော်နေပြီဖြစ်တဲ့ အမျိုးသမီးအိုကြီးလေ။ သူမက ၅နှစ်၆နှစ်အရွယ်ရှိတဲ့ မြေးမနဲ့ပဲ နေတာ။ နီးစပ်မှုကြောင့်ထင် သူမက လုံးဝမှတ်ဉာဏ်ပျောက်နေတဲ့ စားဖိုမှူးကို တစ်ခါတလေ ကူညီတယ်။ အဲဒါကြောင့် သူ စောနက အလောတကြီး အသည်းအသန် ပြေးသွားခဲ့တာပဲ။
ဒဏ်ရာက ပြင်းတော့မပြင်းပါဘူး။ ကူယွဲ့ သာမန်သိုင်းကွက်တစ်ခုသုံးကာ ဆေးကုသပေးပြီး သက်ရှည်ဆေးတစ်လုံး ပေးလိုက်တယ်။ နောက်တော့ ရှန်းရင်၊ စားဖိုမှူးတို့နဲ့ ထွက်ဖို့ပြင်ဝယ်။ သူ မထွက်သွားခင် ရွာထဲ အရင်တစ်ခုထက် ပိုပြီးသက်ရောက်မှုရှိတဲ့ အင်းကွက်အစီအရင်အင်းကွက်တစ်ခု လုပ်ခဲ့တယ်။ ဒါပြီးရင် အမတမိစ္ဆာတစ်ယောက် မဆင်းလာသရွေ့ ဘယ်မိစ္ဆာမှ ဝင်ပြီး လူတွေကို စားသောက်လို့ရတော့မှာမဟုတ်ဘူး။
"ဘာလို့ အင်းကွက်ဗဟိုကို အမေဝမ့်အိမ်မှာ ထားရတာလဲ" ရှန်းရင်က မနေနိုင်ဘဲ မေးလိုက်တယ်။
"မင်းက ဒါကိုတကယ်မေးရဲတယ်ပေါ့လေ"
ကူယွဲ့ တစ်ဖက်လှည့်ကာ သူမကိုစိုက်ကြည့်လိုက်တယ်။
"မင်းအဲမှာလုပ်ခဲ့တဲ့ အက်ကွဲကြောင်းကြီးကြောင့်သာ မဟုတ်ရင် ငါဘာလို့အဲလိုလုပ်ဖို့လိုမှာလဲ"
သူ ဒါကိုစဉ်းစားတိုင်း ဒေါသထွက်တယ်။
သူမိစ္ဆာတွေကို ကောင်းကောင်းရှင်းနေတုန်း သူ့နောက်ကနေ အက်ကွဲကြောင်းကြီး ရုတ်တရက် ပေါ်လာပြီး တစ်ရွာလုံးကို နှစ်ခြမ်းပိုင်းသလိုဖြစ်တော့ သူပါ အထဲပြုတ်ကျတော့မလို့။ တကယ်လို့ ဒါကြောင့်သာ မဟုတ်ရင် သူတို့ ဘာလို့ မနက်အစောကြီး ထွက်ပြေးဖို့လိုမလဲ။
"အိုး" ဒါပေမဲ့ သူမ အားအများကြီးမှ မထည့်လိုက်တာကို။
"‘အိုး’လို့ပြောနေတာတော်တော့" ကူယွဲ့ ပေါက်ကွဲတော့မယ်။
"ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ဂရုစိုက်ပေးလို့မရဘူးလား၊ မင်းသိရဲ့လား..."
သူ ဆူနေတုန်းရှိသေး တစ်ချိန်လုံး ဘေးမှာရပ်နေတဲ့ကလေးက ရုတ်တရက် သူမရှေ့ဝင်လာပြီး ရှန်းရင်ရှေ့ ကာကွယ်တဲ့အမူအရာနဲ့ လက်လေးတွေကိုဖြန့်လိုက်တယ်။ သူက ကူယွဲ့ကိုကြည့်ပြီး ဒေါသထွက်သလိုအမူအရာနဲ့။
"ကျွန်တော်... ကျွန်တော့်ဆရာကို ဆူတာမျိုး ခွင့်မပြုဘူး၊ သူက ကျွန်တော့်ကိုကယ်ဖို့ လုပ်ခဲ့တ။"
ကူယွဲ့ တစ်ခဏတန့်သွားပြီး ရှေ့က ကလေးကိုကြည့်ကာ ချက်ချင်းမျက်ဆံလှန်မိလိုက်တယ်။
"ဟော်၊ မှတ်ဉာဏ်ပျောက်နေသေးတာတောင် ဘယ်လိုလုပ် ဆရာကိုဖားတဲ့သူဖြစ်နေသေးတာလဲ" သူ့ကို ဘာအာရုံမှမစိုက်တော့ဘဲ ရှန်းရင်ကို ကြည့်လိုက်တယ်။
"မင်း သူ့ကိုတပည့်အဖြစ် ပြန်လက်ခံလိုက်ပြီလား"
"အင်း" ရှန်းရင်က ခေါင်းညိတ်ပြီး ကလေးရဲ့ ဆံပင်ကို ပွတ်တယ်။
"လာ သူ့ကို ဖေဖေနျိုလို့ ခေါ်လိုက်"
"..."
"သွားစမ်းပါ" ကူယွဲ့က ဒေါသတကြီး လှမ်းကြည့်တယ်။ သူက ဇဝေဇဝါဖြစ်နေတဲ့ ကလေးကိုကြည့်ကာ ပြောတယ်။
"ငါတို့ သူ့ကိုခုပြန်ရတာ ကောင်းပါတယ်လေ၊ အော် ဟုတ်သား ကောင်လေး မင်းအခု နာမည် ဘယ်လိုခေါ်လဲ"
ကလေးက ခေါင်းယမ်းတယ်။
"ကျွန်တော့်မှာ နာမည်မရှိဘူး" သူမှတ်မိတတ်စတည်းက အဲရွာလေးထဲက အိမ်စုတ်လေးမှာ သူ့ကို နာမည်ပေးမဲ့သူမရှိဘဲ နေနေခဲ့တာ။
"ကောင်းသားပဲ" ကူယွဲ့ စိတ်အေးသွားတယ်။ နာမည်အသစ်ကိုခေါ်ရတာ အနေခက်နေမှာကို သူတကယ် ကြောက်နေခဲ့တာ။ သူ ရှန်းရင်ကို တံတောင်နဲ့ တွတ်လိုက်တယ်။
"မင်းက ဆရာပဲ၊ သူ့ကိုပြောလိုက်၊ နာမည်ဘာလဲဆိုတာ"
ကလေးမျက်လုံးတွေက ချက်ချင်းတောက်ပသွားကာ ရှန်းရင်ကို ကြည့်တယ်။
"ဆရာ ကျွန်တော့်ကိုနာမည်ပေးမှာလား"
"အာ" ရှန်းရင် ကြောင်သွားပြီး သူမရှေ့က လူကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်တယ်။
"အိုး နင့်ကို စားဖို-"
"ယိချင်း" သူမ စကားမဆုံးခင် ကူယွဲ့ အတင်းအကြပ် စကားဖြတ်ပြောရကာ ကလေးကို ဆွဲကိုင်ပြီး ဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။
"မင်းရဲ့တာအိုနာမည်ကို ယိချင်းလို့ခေါ်မယ် နားလည်လား"
ဘာစားဖိုမှူးတုံး။ မင်း သူ့ကိုနေ့တိုင်း စားဖိုမှူးလို့ ခေါ်တာရပေမဲ့ နာမည်ပြောင်းပါ ပြောင်းတဲ့ထိတော့ လွန်လို့မဖြစ်ဘူးလေ။
ရှန်းရင် ။ ။ "..." ငါကျင့်သားရနေရုံလေးပဲ မဟုတ်ဘူးလား။
"ယိချင်း..." ကလေးက နာမည်ကိုပျော်ရွှင်စွာ ရွတ်ပြီး သူ့ရင်ထဲကနေ ရင်းနှီးနေသလိုခံစားချက် တက်လာတယ်။ သူက ရှန်းရင်ဘက် လှည့်ကာ ပျော်ရွှင်စွာပြောလိုက်တယ်။
"ကျေးဇူးပါဆရာ"
ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်း ပြောတဲ့လူက သူပါဟ။
"ဖေဖေနျို ငါတို့ ဘယ်သွားမှာလဲ" ရှန်းရင် သူတို့ဘေးကနေ ဖြတ်သန်းနေတာ ဆယ်မိနစ်ကျော်ပြီဖြစ်တဲ့ တိမ်တွေကို လှည့်ကြည့်လိုက်တယ်။
"ဗိုက်အရမ်းဆာနေပြီ"
ကူယွဲ့က စပ်ဖြီးဖြီးလုပ်လိုက်တယ်။ မင်းခုလေးတင် မျိုထားတာမဟုတ်ဘူးလား။
သူ သူမကိုဒေါသတကြီး ပြန်လှည့်ကြည့်ပြီးမှ အရှေ့ကို နောက်တစ်ကြိမ်လှမ်းမျှော်လိုက်တယ်။
"ငါတို့အထက်ထျန်းလန်လောကရဲ့ ရိုးသားမှုဂိုဏ်းဆီသွားမှာ"
"ဘာ"
အဲဒါ ဘာနေရာကြီးတုံး။
…
အခန်း ၃၀၅ ။ ရိုးသားမှုဂိုဏ်း၌ တည်းခိုခြင်း
"အဲဒါအထက်ထျန်းလန်လောကရဲ့ အလယ်အဆင့် အမတကျင့်ကြံသူဂိုဏ်းပဲ" ကူယွဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြတယ်။
"ငါစစချင်း ပြန်ရောက်ချိန် သူတို့အချက်အလက်တွေကို စုံစမ်းပြီးပြီ၊ ရိုးသားမှုဂိုဏ်းရဲ့ ကျင့်စဉ်အများစုက ဓားကျင့်ကြံမှုတွေပဲ၊ ပြီးတော့ သူ စောနိုင်သမျှစောစော စတင်လေ့ကျင့်ဖို့လိုတယ်၊
အဲဒါက စား- ယိချင်းအတွက် သင့်တော်တဲ့နေရာပဲ၊ ဒါကြောင့် ငါအဲကိုသွားပြီး ငါတို့နှစ်ယောက်လုံး နာမည်နဲ့ စာချုပ်ချုပ်ပြီးပြီ"
"အိုး" ပြောရရင်တော့ အပြင်သွားပြီး အလကား စားသောက်ဆိုင် သူတို့အတွက် ရှာပေးခဲ့တယ်ပေါ့။ ဖေဖေနျိုက တကယ့်ကို စောင့်ရှောက်သူပဲ။
(⊙ o ⊙)
"ယိချင်း ကျင့်ကြံမှုမှာ အဆင့်တစ်ခုမရောက်ခင်ထိ ငါတို့အဲမှာနေမယ်" ကူယွဲ့ စားဖိုမှူးကို ငုံ့ကြည့်လိုက်တယ်။ မိစ္ဆာတွေ ရွာကိုတိုက်ခိုက်မှုက သူ့ကို သတိတစ်ခု ပေးခဲ့တယ်။ အဲဒါက သူ့မှာ အခု လုံးဝခုခံနိုင်စွမ်း မရှိသေးတာမို့ လောလောဆယ် သူ့အတွက် တကယ့်ကို အန္တရာယ်များလွန်းတယ်ဆိုတာပဲ။ သူ့ကိုယ်ခန္ဓာက လက်ထောက်စည်းတံဆိပ်ကို လက်ခံဖို့ သင့်တော်တဲ့အထိ ဘယ်ချိန်မှ ပြန်သက်သာမလဲဆိုတာ မသေချာဘူး။ ဒါပေမဲ့ သူ့ကျင့်ကြံမှုမြင့်လေ သူ့အတွက်ပိုကောင်းလေပဲ။ ဒါကြောင့် သူ လက်ထောက်အစစ်ဖြစ်မလာခင်ထိ သူ့ကျင့်ကြံဆင့်ကို တတ်နိုင်သမျှ တိုးတက်လာအောင်လုပ်မှဖြစ်မယ်။ သူ ဒါကို စဉ်းစားပြီး သူ့ခြေထောက်အောက်က ယပ်တောင်ကပိုပြီးတောင် မြန်မြန်ပျံသန်းလာခဲ့တာ ဆယ်မိနစ်ကျော်ထ် မရပ်ဘူး။
"ငါတို့ရောက်ပြီ" သူ့ရှေ့က ဝိညာဉ်ချီတွေ ပေါကြွယ်ဝတဲ့ တောင်ထိပ်တွေကို လက်ညှိုးထိုးပြလိုက်တယ်။ သူက သိုင်းကွက်တစ်ခုဖန်တီးလိုက်တော့ သူ့ပတ်လည်က ခပ်ရေးရေးအဖြူရောင်က ပျောက်သွားကာ သူ့ကျင့်ကြံဆင့်ကို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ထိ တန်းနှိမ့်လိုက်တယ်။ သူ ဘေးကရှန်းရင်ကို လှည့်ကြည့်ကာ နှုတ်ခမ်းထောင့် တွန့်သွားတယ်။
"မင်းအတွက်တော့ မလိုပါဘူး" သူမကိုယ်သူမ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသု ဟန်ဆောင်ရင်တောင် လူတွေက ကွာခြားချက်ကို မြင်မှာမဟုတ်ဘူး။
"ဟမ်" ရှန်းရင် အူကြောင်ကြောင်ဖြစ်သွားတယ်။
သူက သူမတို့ခေါ်ပြီး အထဲပျံသန်းလာခဲ့ပြီ။
——————
လော့ဟုန် ခုတလော အရမ်းကို ကံကောင်းနေတာဖြစ်ရမယ်လို့ တွေးမိခဲ့တယ်။ ရိုးသားမှုဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ သူက ရိုးသားမှုဂိုဏ်းကို နှစ်ရာနဲ့ချီ အောင်မြင်ထမြောက်ဖို့ နည်းမျိုးစုံကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့ဂိုဏ်းက တခြားကျင့်ကြံသူတွေထက် ခက်ခဲတဲ့ ဓားကျင့်ကြံမှုကိုပဲ အမြဲအာရုံစိုက်ခဲ့တာမို့ ကြီးမားတဲ့အောင်မြင်မှုရရှိခဲ့တဲ့ တပည့်တွေက အရမ်းနည်းတယ်။ နတ်ဝိညာဉ်ကျင့်ကြံဆင့် ရောက်တဲ့သူဆို ငါးယောက်တောင်မပြည့်။
ဓားကျင့်ကြံမှုက နှလုံးသားရဲ့ ရိုးရှင်းမှုလိုအပ်ပြီး ဂိုဏ်းကအမြဲ သင့်မြတ်ကာ အတွင်းပဋိပက္ခတွေကနေ အတော်လေး လွတ်လပ်တယ်။ တပည့်တွေကလည်း ကျင့်ကြံမှုမှာ အတော်လေးအားထုတ်ကြတယ်။
ဒါပေမဲ့ သူတို့က အထက်ထျန်းလန်လောကမှာရှိနေတဲ့အတွက် သူတို့ပတ်လည်က တခြားဂိုဏ်းတွေနဲ့ ယှဉ်ရင် ခပ်မှိန်မှိန်။ ဓားကျင့်ကြံမှုနဲ့ဆို အဆင့်ပိုမြင့်တဲ့လူကို စိန်ခေါ်နိုင်ပေမဲ့ တခြားဂိုဏ်းတွေရဲ့ များပြားတဲ့ ပမာဏက အထက်စီးဆန်မှုကို ပေးစွမ်းနေတယ်။ ပြီးတော့ တခြားဂိုဏ်းတွေအားလုံးမှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေရှိတယ်။
ထိပ်တန်းဂိုဏ်းတွေကို မစဉ်းစားနဲ့ သူတို့နဲ့အင်အားမတိမ်းမယိမ်း သာမန်ဂိုဏ်းတွေတောင် ပုံမှန်တော့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှစ်ယောက်တော့ရှိတယ်။ ရိုးသားမှုဂိုဏ်းပဲ... အုတ်မြစ်က နဂိုတည်းက တိမ်တဲ့အပြင် မသေမျိုးတက်လှမ်းမှုကိုအောင်မြင်သွားတဲ့ မူလဆရာကလွဲလို့ တခြားနတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေ ထပ်မရှိတော့ဘူး။ အထူးသဖြင့် အကြီးအကဲတစ်ယောက်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူရဲ့ နှိမ်နင်းတာကိုခံလိုက်ရပြီး သေသွားခဲ့တာပဲ။ ကိစ္စတွေက သူတို့ဂိုဏ်းအတွက် ပိုပြီးတောင် ခက်ခဲလာခဲ့တယ်။
သူ ရိုးသားမှုဂိုဏ်းက နောက်တစ်ခေါက် ဂိုဏ်းပြိုင်ပွဲမှာ အလယ်ဆင့်ဂိုဏ်းကနေ အောက်အဆင့်ဂိုဏ်းကို ကျသွားမှာကိုတောင် မှန်းဆနေနိုင်ပြီ။ သူဒါကိုစဉ်းစားတိုင်း အရမ်းစိတ်ပူပန်လာပြီး သူ့ကျင့်ကြံမှုတောင် ဒါကြောင့် တိုးတက်မှုမရှိဘဲ ပိတ်ဆို့ခံနေရသလိုပဲ။
ဒါပေမဲ့ နဂိုဆရာရဲ့ ကောင်းချီးပေးမှုကြောင့်ထင် သူက သူ့ကံကို လက်ခံတော့မလို့ရှိသေး ရုတ်တရက် ကံကောင်းမှုနဲ့ ကြုံတွေ့လိုက်ရတယ်။ ကူယွဲ့လို့ခေါ်တဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ဂိုဏ်းဆီ ရောက်လာပြီး ရိုးသားမှုဂိုဏ်းကို ဝင်ဖို့ တောင်းဆိုလာတယ်။
သူအိပ်မက်မက်နေတယ်လို့တေညင် တွေးခဲ့တာ။ သူ့ဂိုဏ်း နှစ်ရာချီ ကြိုးစားပေမဲ့ မရခဲ့တဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူက ဒီလောက်အလွယ်လေး သူ့တံခါးဝဆီ ရောက်လာတယ်တဲ့လား။ ပြီးတော့ ဓားကျင့်ကြံသူတဲ့လေ။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဓားကျင့်ကြံသူတွေကို ဘယ်အဆင့်တူမှ အနိုင်မယူနိုင်သလို အဆင့်ပိုမြင့်သူတွေနဲ့တောင် လက်ရည်တူနိုင်တယ်။ ဆိုလိုတာက သူက ထျန်းလန်လောကသုံးခွင်မှာ ဘာပြိုင်ဘက်မှ မရှိတော့ဘူးပေါ့။ ပြီးတော့ ဒီလောက်သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်က အဆင့်နိမ့်ဆီ ကျလုနီးပါးဖြစ်နေတဲ့ ဒီဂိုဏ်းကို တကယ်ဝင်ချင်တယ်ပေါ့လေ
လော့ဟုန် တကယ်ကို အိပ်မက်မက်နေမိတာပဲဖြစ်ရမယ် ဒါပေမဲ့ သူထပ်စဉ်းစားကြည့်တော့ အဲလူက လုံးဝနောင်တရပုံ မပေါ်။
သူ့စိတ်နဲ့သူ ကောင်းကင်စိတ်အာရုံကိုထားခဲ့ပြီး ဂိုဏ်းနာမည်ကတ်ပြားထဲချိပ်ပိတ်ကာ ပေးလာခဲ့တယ်။
အဲတော့မှပဲ သူ နောက်နေတာမဟုတ်မှန်း လော့ဟုန် အတည်ပြုနိုင်တာ။ သူ ချက်ချင်းကို အပျော်လုံးဆို့ပြီး စိတ်လှုပ်ရှားနေတဲ့ခံစားချက်နဲ့ ဂိုဏ်းအတွက် တခြားလိုအပ်ချက်တွေရှိမရှိ မေးခဲ့တယ်။ သူ့ကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ဆွဲထားမယ်ဆိုတဲ့ဆုံးဖြတ်ချက်အပြည့် ဖြစ်နေတယ်။
ဒါပေမဲ့ သူက တစ်ခဏပဲ စဉ်းစားပြီး နောက်နေ့ အတူဝင်ရောက်ဖို့ သူငယ်ချင်းတစ်ယောက်ကိုပါ ခေါ်လာမယ်ဆိုတဲ့အကြောင်း ပြောလာတယ်။
အဲဒါပဲလား။
"ဆရာသခင် မိတ်ဆွေရဲ့ ကျင့်ကြံဆင့်က ဘာများလဲ သိခွင့်ရှိမလားဗျ"
သူ အလိုလို မေးမိသွားတယ်။
အဲလူမျက်နှာက အကြောဆွဲသလိုမျိုး နည်းနည်းလှုပ်ရှားသွားပုံပေါ်ပြီး အတော်လေးကြာမှ ပြောလာတယ်။
"ခင်ဗျား... နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်လို့ မှတ်နိုင်ပါတယ်" သူက အဲဒါပြောပြီး လူ အရင်သွားခေါ်မယ်ဆိုတဲ့အကြောင်း ပြသကာ ရိုးသားမှုဂိုဏ်းကနေ ထွက်သွားတယ်။
နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း နောက်ထပ် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူ
လော့ဟုန် သူ့မျက်လုံးကိုသူ မယုံနိုင်။ တစ်ခဏအတွင်းမှာပဲ မထင်မရှားအဆင့်နိမ့်ဂိုဏ်းဖြစ်လာတော့မဲ့ သူ့ဂိုဏ်းက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ကြိုဆိုနေပြီ။ ပြီးတော့ သူတို့ဘာသာ တံခါးဝကို ရောက်လာတာတဲ့လေ။
သူ တရားကျင့်ကြံဖို့အတွက် တည်တည်ငြိမ်ငြိမ်နေဖို့ကို အရမ်းစိတ်လှုပ်ရှားနေပြီး ဒီကောင်းကင်ကနေ ကျလာတဲ့ အဆာသွပ်မုန့်အကြောင်း အသိပေးဖို့ ညတွင်းချင်း အကြီးအကဲတွေကို စုဝေးခဲ့တယ်။ တစ်ဂိုဏ်းလုံး သူ့လိုတုံ့ပြန်ပြီး စိတ်လှုပ်ရှားလွန်းလို့ တခြားဂိုဏ်းတွေဆီ သွားပြီး ကြွားချင်နေတာ။ ညတွင်းချင်း သူတို့ ဧည့်သည်ခန်းဆောင်ရှေ့ တပည့်တွေအားလုံးကို စုဝေးကာ တောက်ပနေတဲ့မျက်လုံးတွေနဲ့ သူတို့ပြန်လာမှာကိုစောင့်ကြတယ်။ သူတို့ရဲ့အမူအရာတွေနဲ့ သူတို့ရဲ့ပိုင်မုန့်တွေ... အာ မဟုတ်ပါဘူး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ကြိုဆိုဖို့ပဲ။
ဒါပေမဲ့ တစ်ညလုံး ရင်ထဲက စိတ်လှုပ်ရှားမှုက သေမသွားဘဲ တစ်ညလုံးစောင့်မိသွားခဲ့တယ်။ နေတက်လာတော့မှ သူတို့ရဲ့ပိုင်မုန့်တွေ... အာ မဟုတ်ပါဘူး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ရောက်လာတာကို မြင်ရတော့တယ်။
ဒါကြောင့် ကူယွဲ့ ရှန်းရင်နှင့်ရောက်လာချိန် ဧည့်သည်ခန်းမဆောင်ရှေ့ ဆာလောင်နေတဲ့ အကြည့်တွေနဲ့ သူတို့ကို စိုက်ကြည့်နေတဲ့ လော့ဟုန်နဲ့ တပည့်ထောင်ချီကို မြင်လိုက်ရတယ်။
မျက်နှာပြင်နှစ်ခုလုံးမှာရှိခဲ့သူဖြစ်တဲ့ ကူယွဲ့တောင် ထိတ်လန့်သွားတယ်။
ဒီလူတွေက ဘာပါလိမ့်။
o(╯□╰)o
"ရိုးသားမှုဂိုဏ်းတပည့်တွေနဲ့အတူ လော့ဟုန် ဆရာသခင်ပြန်ရောက်လာမှုကို ကြိုဆိုပါတယ်" လော့ဟုန်က လျှောက်လာပြီး ကြည်ညိုမှုနဲ့ လက်သီးဆုပ်ကာ ဂါဝရပြုတော့တယ်။။
ပြီးတော့ သူ့နောက်က လူအုပ်ကြီးက အတူတူ ဂါဝရပြုလေတယ်။
"ကြိုဆိုပါတယ် ဆရာသခင်"
အသံက ကျယ်ချက် အရှိန်က ပြင်းလိုက်တာဟ။
ပြီးတော့ မြေပြင်ကိုထိကာစ သုံးယောက်သားလုံးဝကို ဇဝေဇဝါဖြစ်သွားခဲ့တယ်။
ရှန်းရင် မနေနိုင်တော့ဘဲ တံတောင်နဲ့ ဖေဖေနျိုကို တွတ်လိုက်တယ်။
"ဒါတွေအားလုံးက နင်ငှားထားတဲ့သရုပ်ဆောင်လူအုပ်ကြီးလား"
"ဘာ" ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"ငါနာမည်ပဲ သွင်းခဲ့တာဟ၊ ဒီလိုဘာကြောင့်ဖြစ်လဲ မသိဘူး" ဒါက ကြိုဆိုမှုအတွက် နွေးထွေးလွန်းနေတယ်။
သူ့မျက်နှာက အနည်းငယ် မှောင်မည်းသွားကာ သူ့ရှေ့ကလူဆီ လျှောက်သွားခဲ့ရတယ်။
"ဂိုဏ်းချုပ်လော့ ဒီလိုလောကဝတ်မျိုး မလိုပါဘူး"
"လိုတာပေါ့ လိုတာပေါ့" လော့ဟုန်က ပိုတောင်ပြုံးပြီး အပြုံးက နားရွက်တက်ချိတ်တော့မလို။ သူ စိတ်ရင်းနဲ့ပျော်နေတာ။ ဘယ်သူက ရိုးသားမှုဂိုဏ်းကို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေ မထုတ်လုပ်တဲ့အတွက် ဆက်အထင်သေးရဲတော့မှာလဲ။ သူတို့တွေ ထုတ်လုပ်စရာမလိုဘူး၊ စုဆောင်းဖို့ပဲလိုတာ။
"ဆရာသခင် ကျွန်ုပ်တို့နဲ့ ပူးပေါင်းတာ ဂိုဏ်းအတွက်ကံကောင်းတာပဲ၊ ဒါကြောင့် ဆရာသခင်ရဲ့ ခံ့ညားမှုကို တပည့်တွေ ကြည်ညိုဖို့ ဒီအခွင့်အရေးကိုသုံးခဲ့တာပါ" သူကပြောရင်း ဘေးဖယ်ကာ သုံးယောက်ကို အထဲဖိတ်တယ်။
"ကျေးဇူးပြုပြီး ကျွန်ုပ်နဲ့အတူ လိုက်ခဲ့ပါ"
သုံးယောက်သား ဧည့်သည်ခန်းမထဲ လိုက်ခဲ့ကြတယ်။ အပြင်မှာတော့ တပည့်ထောင်ချီကလူစုကွဲသွားပြီဖြစ်ပြီး ရံဖန်ရံခါ ဘေးကနေစပ်စုအကြည့်တချို့ပဲ ခံစားရတော့တယ်။ ဧည့်သည်ခန်းမဆောင်ထဲမှာတော့ လော့ဟုန်နဲ့ နောက်ထပ်နတ်ဝိညာဉ်ကျင့်ကြံသူပဲကျန်ရစ်တယ်။
ကူယွဲ့ ဂိုဏ်းချုပ်နဲ့ အပြန်အလှန်လောကွတ်ချော်တဲ့ စကားတချို့စတင်လိုက်ပြီး တစ်အောင့်နေတော့ နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်တယ်။
"အော်ဟုတ်သား၊ ကျုပ်တို့က ခုမှရောက်ကာစဆိုတော့ ဂိုဏ်းနဲ့မရင်းနှီးသေးဘူး၊ အခု ဂိုဏ်းရဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူ ရှိနေလား သိခွင့်ရှိမလား"
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဒီမှာအကြာကြီးနေရမှာဆိုတော့ နေရာရဲ့ခေါင်းဆောင်ကို နှုတ်ဆက်ဖို့က လိုတယ်လေ။
…
အခန်း ၃၀၆ ။ ရိုးသားမှုဂိုဏ်း၌ ကြွယ်ဝမှုရှာခြင်း
လော့ဟုန် မှင်တက်သွားပြီး အံ့ဩသွားတဲ့အကြည့်က သူ့မျက်နှာပြင်ထက်ပေါ်လာတယ်။ ဖြစ်နိုင်တာက သူတို့မှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေမရှိတာ မသိတာများလား။ သူ ချက်ချင်း စိတ်လှုပ်ရှားလာပြီး စကားပြန်ရုတ်သိမ်းမှာကို စိုးရိမ်သွားတယ်။ သူ့ဘေးက ဆရာတူညီကို လှမ်းကြည့်လိုက်ပြီး ဂရုတစိုက်စတင်လိုက်တယ်။
"ဒါနဲ့ပတ်သက်ပြီး... ပြောရမှာတော့ အတော်လေး စိတ်မကောင်းဖြစ်ပါတယ်၊ ဆရာသခင် ရောက်မလာခင်က ကျွန်ုပ်တို့ဂိုဏ်းမှာ လောလောဆယ် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ မရှိခဲ့ပါဘူး"
"..."
ကူယွဲ့ ဒီဂိုဏ်းကို ဒီလောက်အားနည်းမယ်မထင်ခဲ့ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အလယ်အဆင့်ဂိုဏ်းဆိုတော့ သိပ်တော့ဂရုမစိုက်ပါဘူး။
"နတ်ဝိညာဉ်ကျင့်ကြံသူတွေရော"
"သုံး... ယောက်လောက်ပါ"
"သုံးယောက်လား" အရမ်းနည်းလွန်းတယ်မလား။ အထက်ထျန်းလန်ဂိုဏ်းက ခုနေထိုင်ဖို့ အရမ်းကို ခက်နေပြီလား။
"ဟုတ်ပါတယ်၊ တစ်ယောက်က ကျွန်ုပ်၊ တခြားတစ်ယောက်က ဆရာတူညီလော့လွေ့ပါ"
"အိုး၊ တခြားသူကရော" သုံးယောက်လို့ပြောတယ်မဟုတ်လား။
"တခြားတစ်ယောက်က ကံမကောင်းစွာပဲ လွန်ခဲ့တဲ့တစ်လက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် အနိုင်ယူတာ ခံလိုက်ရပြီး ကွယ်လွန်သွားပါတယ်"
ကူယွဲ့ ။ ။ "..."
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ဒါဆို နှစ်ယောက် မဟုတ်ဘူးလား။
တစ်ဂိုဏ်းလုံး သူတို့ကို ကြိုဆိုဖို့ တန်းစီရပ်ပြီး စိတ်အားထက်သက်လွန်းနေတာ အံ့ဩသင့်စရာ မရှိတော့ဘူး။ တစ်ဂိုဏ်းလုံးမှာ နတ်ဝိညာဉ်ကျင့်ကြံသူနှစ်ယောက်တည်းနဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုလုပ် အလယ်အဆင့်ဂိုဏ်းလို့ ခေါ်ရဲတာလဲ အတိတ်တုန်းက အလယ်ထျန်းလန်လောကထဲက သာမန်ဂိုဏ်းတွေတောင် ဒီထက်အများကြီးပိုသာတယ်
"ထားလိုက်တော့" ကူယွဲ့ သက်ပြင်းချလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စားဖိုမှူးအတွက် အောက်ဘုံမှာ ယာယီနေရုံပါပဲ။
"ကျုပ်တို့ ခရီးသွားပြီးတော့ အတော်လေးပင်ပန်းနေပြီ၊ ကျုပ်တို့အနားယူဖို့အတွက် နေရာတစ်နေရာ စီစဉ်ပေးဖို့ ဂိုဏ်းချုပ်ကို အနှောင့်အယှက်ပေးလို့ရမလား"
"သေချာပေါက်ပေါ့ သေချာပေါက်ပေါ့" သူတို့ ချက်ချင်း ထွက်မသွားတာမြင်တော့ ဂိုဏ်းချုပ် စိတ်အေးသွားခဲ့တယ်။ သူ ချက်ချင်း လူအုပ်ကို ဧည့်သည်ခန်းမထဲကနေ ခေါ်ထုတ်လာခဲ့တယ်။
"ဆရာသခင်နဲ့..." သူက ဘေးမှာ အသီးပန်းကန်တစ်ဝက်ကုန်အောင် စားပြီးနေတဲ့ရှန်းရင်ကို ကြည့်လိုက်တယ်။ အဲတော့မှပဲ ဒါက ဆရာသခင်ကူယွဲ့ပြောတဲ့သူငယ်ချင်း ဖြစ်ရမယ်ဆိုတာ မှတ်မိသွားတယ်။ သူတစ်ချိန်လုံး သူမအကြောင်းမေးဖို့ မေ့နေခဲ့တာ။
"သူက ရှန်းရင်လို့ခေါ်တယ်" ကူယွဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆက်လိုက်တယ်။
"သူ့ဘေးက ကလေးကတော့ သူ့တပည့် ယိချင်းပါ"
လော့ဟုန် ရှန်းရင်ကို အလိုလို လှမ်းကြည့်လိုက်ပေမဲ့ သူမပတ်လည်မှာ ဝိညာဉ်ချီစွမ်းအင် အတက်အကျမျိုး အရိပ်အယောင်တစ်စက်မှ မတွေ့ရဘူး။ သူရင်ထိတ်သွားခဲ့တယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်တစ်ယောက် ဖြစ်တာမို့ သူမရဲ့ဝိညာဉ်စွမ်းအင်ကိုတောင် ကောင်းကောင်းဖုံးကွယ်ထားနိုင်တာပဲ။ သူ အမြန် ဂါဝရပြုလိုက်တယ်။
"ဆရာသခင်ရှန်း" ဒီနောက် သူက ဘေးကစားဖိုမှူးကို ကြည့်လေတယ်။
"မိတ်ဆွေလေးယိချင်း"
ဒါတွေအားလုံးအပြီးမှာတော့ သူက သုံးယောက်ကို ဧည့်သည်ခန်းမအပြင် ဦးဆောင်ကာ ထွက်လာပြီး အနောက်ဘက်ဆီ လျှောက်လာခဲ့တယ်။ နေရာရွှေ့ပြောင်းအစီအရင်တချို့အပြီး မကြာခင်မှာ သူတို့ ကျွန်းတစ်ကျွန်းရဲ့ထိပ်ကိုရောက်လာတယ်။
မြင်ကွင်းထဲမှာတော့ ပန်းရောင်တွေအများကြီး - ဒါက ချယ်ရီပင်တောအုပ်ပဲ၊ ပန်းတွေက ရာသီအပြောင်းအလဲတွေမရှိ ပွင့်ဖူးနေကြတယ်။ လှပပြီး အဆင့်နိမ့်ဝိညာဉ်ဆေးပင်တချို့ကို ဘေးမှာ ခပ်ရေးရေးမြင်နေရတယ်။ တောအုပ်ထဲ အဆောက်အဦလေးတစ်လုံး ရှိနေတယ်။ အရမ်းကို ကြော့ရှင်းနေတာပဲ။
"ဒါလား" ကူယွဲ့ အတော်လေးဇဝေဇဝါဖြစ်သွားတယ်။ ရှုခင်းက ကောင်းပေမဲ့ ဒီက ဝိညာဉ်ချီက သိပ်ပြီး ပါးလွန်းမနေဘူးလား။ ပြောရရင် သေမျိုးအပင်တွေက အမတတောင်တန်းတွေပေါ် အလွယ်တကူ မပေါက်ရောက်ဘူးလေ။ ဒီချယ်ရီတောအုပ်က လူတွေစိုက်ပျိုးထားတာမဟုတ်ဘဲ ဝိညာဉ်ချီပါးမှုကြောင့် သူတို့ဘာသာ ကြီးထွားလာပုံပဲ။ ခပ်ပေါ့ပေါ့ပြောရရင်တော့ ဒီလိုနေရာမှာ ကျင့်ကြံသူတစ်ယောက်အတွက် အမြုတေဖြစ်ပေါ်ခြင်းအဆင့်ကို အောင်မြင်ရင်တောင် ကံကောင်းတာပဲ။
"ဒါက ကျုပ်တို့ဂိုဏ်းထဲ ဝိညာဉ်ချီအများဆုံးနေရာပါ" လော့ဟုန်က မိတ်ဆက်ပေးပြီး သူ့အမူအရာက တကယ်ကို စိတ်လှုပ်ရှားနေကာ အားကျမှုအရိပ်အယောင်တောင် မျက်လုံးထဲပေါ်နေတယ်။
"ဒါ ကျုပ်တို့မူလလက်ဦးဆရာ လေ့ကျင့်ခဲ့တဲ့နေရာပါ၊ ပြီးတော့ ကောလာဟလအရတော့ ဝိညာဉ်သွေးကြော ဖြတ်သန်းသွားတဲ့နေရာပါတဲ့"
"ဝိညာဉ်သွေးကြောလား" သူ နောက်နေတာပဲ ဖြစ်ရမယ်။
"ဒီမှာဝိညာဉ်သွေးကြောရှိတာ သေချာရဲ့လား"
လော့ဟုန် တောင့်တင်းသွားပြီး အတော်လေး ရှက်ရွံ့စွာနဲ့ပြောလိုက်တယ်။
"ဘိုးဘေးဆရာ သူ့မသေမျိုး တက်လှမ်းမှုအပြီးမှာ ဝိညာဉ်ချီက အရင်နဲ့ နှိုင်းယှဉ်လို့ မရတော့ပါဘူး၊ ဒါပေမဲ့... တခြားတောင်ထွတ်တွေနဲ့ယှဉ်ရင် ဒီနေရာက တကယ်ပိုပြီးကြွယ်ဝတာပါ"
"..." ကူယွဲ့ တခြားတောင်ထွတ်တွေကို လှည့်ကြည့်လိုက်တယ်။ သူ စောနက သတိမထားမိပေမဲ့ ခု အနီးကပ်စစ်ဆေးမှုအရ သူတို့ဝိညာဉ်ချီအားလုံးက တကယ်ပဲ ပါးကပ်နေတယ်။ သူ ချက်ချင်းပဲ တစ်ဖက်ကိုလှည့်ပြီး ထွက်သွားချင်စိတ်တွေ ပေါ်လာတယ်။ ဒီလိုဝိညာဉ်ချီအဆင့်က သေချာပေါက် ယိချင်းရဲ့လေ့ကျင့်မှုအတွက် မလုံလောက်ဘူး။
ဒါပေမဲ့ ရှန်းရင်က တစ်ဖက်လှည့်ကာ လော့ဟုန်ကို လှမ်းပုတ်တယ်။
"ဂိုဏ်းချုပ် နင်တို့ စားစရာတွေ ထောက်ပံ့ပေးလား"
လော့ဟုန်က မှင်တက်ပြီး သူမက အစာကင်းလွတ်မှု မရရှိသေးတဲ့တပည့် ဗိုက်ဆာမှာကို စိုးရိမ်နေတယ်လို့ ထင်မိသွားကာ ချက်ချင်း ခေါင်းညိတ်ပြလိုက်တယ်။
"ဟုတ် ဟုတ် ကျွန်ုပ်တို့ဂိုဏ်းက တခြားအရာတွေမှာချို့တဲ့ပေမဲ့ အဆင့်နိမ့်တပည့်တွေ အများကြီး ရှိတာကြောင့် စားသောက်ဆောင်တချို့ရှိပါတယ်"
"ကောင်းပြီလေ၊ ငါတို့နေမယ်" ရှန်းရင်မျက်လုံးတွေ တောက်ပနေတယ်။
"မင်း တော်လောက်ပြီ" ကူယွဲ့ နှုတ်ခမ်းထောင့်တွေ လှုပ်သွားတယ်။ မင်း စားစရာအကြောင်း ကြားတဲ့အချိန်တိုင်း လမ်းမလျှောက်နိုင် မဖြစ်လို့မရဘူးလား။ ပြီးတော့ လော့မျိုးရိုးနာမည်နဲ့ ဂိုဏ်းချုပ် အစာလွတ်မြောက်မှုတောင် မရှိသေးတဲ့ အဆင့်နိမ့်တပည့်တွေ အများကြီးရှိတာ ဘာဂုဏ်ယူစရာရှိလဲ။
( ̄_, ̄)
ကူယွဲ့က စိတ်ပင်ပန်းသွားတယ်။ သူ အသက်ဝဝရှူပြီး ပြောလိုက်တယ်။
"ထားလိုက်တော့၊ နေချင်ရင်လည်းနေ၊ ဂိုဏ်းချုပ်လော့ ခင်ဗျား ကျုပ်ဆီကို ပိုပြီးအဆင့်မြင့်တဲ့ ဓမ္မအသုံးအဆောင်တချို့ ယူလာပေးလို့ရမလား၊ ကျုပ်ဒါတွေကိုငှားပြီး ဝိညာဉ်စုဝေးအင်းကွက်တစ်ခု လုပ်လိုက်မယ်၊ အချိန်တစ်ခုရောက်ရင် အောက်ကဝိညာဉ်သွေးကြောကို ပြန်ပြီး အသက်ပြန်သွင်းနိုင်လောက်တယ်"
ဝိညာဉ်သွေးကြောကို အသက်ပြန်သွင်းတာ အဲဒါတစ်ဂိုဏ်းလုံးကို အကျိုးပြုမှာပဲ။
လော့ဟုန်မျက်လုံးတွေ ချက်ချင်းတောက်ပသွားပြီး သူ့သိုလှောင်အိတ်ကိုထုတ်လာတယ်။
"ကောင်းပါပြီ၊ ကျွန်ုပ်တို့ဂိုဏ်းရဲ့ ဓမ္မအသုံးအဆောင်တွေအားလုံးက ဒီမှာပါ၊ ဆရာသခင် ဘယ်အဆင့် ဓမ္မအသုံးအဆောင်ကိုလိုလဲတော့ မသေချာဘူး"
"မြင့်လေ ကောင်းလေ"
လော့ဟုန် ခဏတွေးပြီး အိတ်ထဲကနေ ဝိညာဉ်ဓားတစ်ချောင်းထုတ်ပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကမ်းပေးလာတယ်။
"ဒါက ကျွန်ုပ်တို့ဂိုဏ်းမှာ အဆင့်အမြင့်ဆုံးဓမ္မအသုံးအဆောင် ဝိညာဥ်ဖြတ်တောက်ဓားပါ ဒါအသုံးဝင်မလား ဆရာသခင်ကြည့်ကြည့်ပါ"
ကူယွဲ့ သူပေးလာတဲ့ ဓားကို အင်မတန်ဂရုတစိုက်ကြည့်လိုက်ရပြီး စပ်ဖြီးဖြီးဖြစ်သွားတယ်။ နောက်နေတာဖြစ်ရမယ်မလား။ ခင်ဗျားတို့ဂိုဏ်းရဲ့ ဓမ္မရတနာက သာမန်ဆဋ္ဌမအဆင့် ဝိညာဉ်ဓားတစ်ချောင်းပဲတဲ့လား။ ဘေးမှာ ကျိုးနေတဲ့အစွန်းနဲ့ ဓားတဲ့လား။
"တခြား... မရှိဝောာ့ဘူးလား"
"အဲဒါမလုံလောက်သေးလို့လား" လော့ဟုန် တစ်ခဏ စဉ်းစားပြီး အိတ်ထဲကနေ ထုတ်လာတာတွေက ပဉ္စမအဆင့် ယပ်တောင်ကျိုး၊ စတုတ္ထအဆင့် ဒုံမင်းအကျိုး၊ တတိယအဆင့် ခေါင်းလောင်းပဲ့...။ သူက အဲဒါတွေအားလုံးကို စိတ်ရင်းအပြည့်နဲ့ ကမ်းပေးလာတယ်။
ကူယွဲ့မျက်နှာ ဒယ်အိုးဖင်လို မှောင်မည်းလာတယ်။ သူ ဝင်လာမိတာ ဆင်းရဲပြီး ခိုကိုးရာမဲ့လွန်းတဲ့ဂိုဏ်းပဲ
ပြီးတော့ အဲလူရဲ့ အမူအရာက တကယ်ကို စိတ်ရင်းအပြည့်နဲ့။ ကောင်းကင်စိတ်အာရုံတစ်ချက် သုံးလိုက်တာနဲ့ သူ့လက်ထဲက အကျိုးအပဲ့ပစ္စည်းတွေက တကယ့်ကို ဂိုဏ်းရဲ့အကောင်းဆုံးပစ္စည်းတွေ။ ချက်ချင်း တစ်ဂိုဏ်းလုံးက ဆင်းရဲမှုအနံ့ ရနေသလိုပဲ။
ကူယွဲ့ အသက်ပြင်းပြင်းရှူပြီး ဒီပစ္စည်းတွေကို ရိုက်ခွဲချင်စိတ် ထိန်းချုပ်နေရတယ်။
"ထားလိုက်တော့" သူ တစ်ဖက်လှည့်ကာ လက်ဟန်တစ်ခု ဖန်တီးပြီး သူ ပစ္စည်းတွေသိမ်းထားပြီး ပြောင်းရွှေ့လို့ရတဲ့ ဆန်းကြယ်ဘုံအသေးလေးတစ်ခုကို ဖွင့်လိုက်တယ်။ သူ အဲကနေ သက်ရှိအရာလိုမျိုး တွန့်လိမ်နေတဲ့ အဖြူရောင်စည်းကြိုးတစ်ခုကို တန်းထုတ်လိုက်တယ်။
တစ်ခဏအတွင်း ပတ်ပတ်လည်က ဝိညာဉ်ချီတွေ အဆမတန်တိုးပွားလာပြီး ထိတွေ့လို့ရတဲ့အရာအဖြစ် ပြောင်းလဲနေတဲ့အတိုင်း အံ့အားသင့်စရာကောင်းလောက်အောင် ထူထဲကာ လမ်းညွှန်စရာမလို ခန္ဓာကိုယ်ထဲ အပြေးဝင်လာကြတယ်။ လော့ဟုန်ရဲ့ ဝိညာဉ်က ချက်ချင်းအသက်ဝင်လာပြီး အချိန်အတော်ကြာတန့်နေတဲ့ သူ့ကျင့်ကြံဆင့်တောင် ပြောင်းလဲမှုတချို့ မြင်လာရပြီ။ သူ မနေနိုင်ဘဲ ကူယွဲ့လက်ထဲက အဖြူရောင်အရာကို စိုက်ကြည့်ကာ မျက်လုံးတွေပြူးကျယ်သွားတယ်။
"ဒါ... ဒါဝိညာဉ်သွေးကြော မဟုတ်လား" သူ အံ့ဩတကြီးရေရွတ်လိုက်တယ်။
"ဒါအမတ..." ကူယွဲ့ပြောရင်း ရပ်သွားကာ သက်ပြင်းချလိုက်တယ်။
"ဘာမှမဟုတ်တော့ဘူး၊ ဝိညာဉ်သွေးကြောအဖြစ် သတ်မှတ်လို့ရတယ်" သု ငှက်လေးပေးတဲ့ ဝိညာဉ်သွေးကြောတစ်ဝက် ရှိသေးတယ်။
သူ ရှေ့ကိုခြေနှစ်လှမ်းလှမ်းပြီး လက်စည်းချိပ်ကို ဖန်တီးကာ အမတသွေးကြောတစ်ဝက်ကို စိုင်ချလိုက်တယ်။ ချက်ချင်းပဲ တောင်ထွတ်တစ်ခုလုံး တစ်စုံတရာ ပျံ့သွားလေရဲ့။ အစမှာပါးလွှာနေတဲ့ဝိညာဉ်ချီက ချက်ချင်းပြည့်လျှံလာပြီး ဂိုဏ်းရဲ့နေရာတိုင်းကို ပြည့်သွားစေခဲ့တယ်။
မြေကြီးကလည်း စတင်တုန်ခါလာတယ်။ ဝိညာဉ်ချီရဲ့ အကာအကွယ်နဲ့အတူ နဂိုက လေထဲမီတာနည်းနည်းပဲမျောလွင့်နေတဲ့ ရိုးသားမှုဂိုဏ်းက ချက်ချင်း အပေါ်ကို တန်းမြင့်တက်သွားပြီး ချက်ချင်းပဲ တိမ်တွေပေါ် ပျံတက်နေပြီ။
ဝိညာဉ်ချီက ဝိညာဉ်စွမ်းအင်တောင်ထဲ ပိုပြီးပြည့်လျှံလာလေ သူတို့က လေထဲ ပိုပြီး ခပ်မြင့်မြင့် လွင့်မျောနေလေပဲ။ ဒါ ထျန်းလန်လောကသုံးခွင်ထဲ လူတိုင်းသိကြတဲ့ဗဟုသုတ။ ဒါပေမဲ့ ကောင်းကင်ထဲ တန်းပြီး လွင့်မျောသွားတာကတော့ ဘယ်သူမှမမြင်ဖူးတဲ့အရာပဲ။
လော့ဟုန် အံ့ဩသွားလွန်းလို့ လက်ထဲကနေ ဓမ္မအသုံးအဆောင်တွေတောင် လွတ်ကျကုန်တယ်။ သူ့ပါးစပ်က အကျယ်ကြီးဟသွားပြီး မျက်နှာက မယုံကြည်မှုအပြည့်။
"ကျုပ်နဲ့လိုက်ခဲ့" ကူယွဲ့ မှင်တက်ကာ ကြောင်အမ်းနေတဲ့ လော့ဟုန်ကို ဆွဲခေါ်လိုက်တယ်။
"ဆရာသခင်၊ ကျွန်ုပ်တို့... ဘယ်သွားမို့လဲ" လော့ဟုန်က ဇဝေဇဝါဖြစ်နေဆဲ။
"စာရင်းတွေကို စစ်ဆေးမို့"
"အာ အယ်"
"ခင်ဗျားတို့ဆင်းရဲနေတဲ့ပုံစံကို ဒီတိုင်း ကြည့်မနေနိုင်တော့ဘူး"
လော့ဟုန် ။ ။ "..."
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
ဖေဖေနျိုကတော့ ဖေဖေပါပဲလေ
╮(╯_╰)╭