← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း ၃၀၇ ။ ချီကိုကိုယ်ထဲ လမ်းညွှန်ခြင်း

အုပ်စုက ရိုးသားမှုဂိုဏ်းမှာ နေခဲ့တယ်။ အမတသွေးကြောကြောင့် အစတုန်းက အောက်အဆင့်ကို နိမ့်ဆင်းနေတဲ့ ရိုးသားမှုဂိုဏ်းဟာ အထက်ထျန်းလန်လောကမှာ ဝိညာဉ်ချီအထူဆုံးဂိုဏ်းအဖြစ် ခုန်တက်သွားခဲ့တယ်။ မသေမျိုးချီဆိုတာက ဝိညာဉ်ချီရဲ့ ပိုပြီးထူထဲတဲ့ အသွင်ဖြစ်ပြီး သွေးကြောရဲ့ သေးငယ်တဲ့အပိုင်းလေးကတောင် သာမန်ဝိညာဉ်သွေးကြောတွေထက် အဆရာချီသန်မာတယ်။ တောင်ပေါ်က ချယ်ရီပွင့်တွေက သေမျိုးအပင်တွေမို့ ဝိညာဉ်ချီထူထဲတာကို ခံနိုင်ရည်မရှိဘဲ သိသိသာသာသေသွားခဲ့တယ်။ အဲအစားဝိညာဉ်စွမ်းအင်အပင်တွေက ပတ်ပတ်လည်မှာ ပွင့်လန်းလာလေတယ်။

တိုက်ဆိုင်မှုကြောင့်ထင် သူတို့နေတဲ့ တောင်ထွတ်က ပုလွေနည်းတောင်ထွတ်လို့ ခေါ်တာမို့ အဆင်သင့်စွာပဲ ကူယွဲ့က ဝူတိတောင်ထွတ်လို့ ပြောင်းလဲလိုက်တယ်။

[မှတ်ချက် ။ ။ တရုတ်မှာ ဒီစကားလုံးနှစ်ခုက အသံဆင်ပြီးစာလုံးကွဲတာမျိုးပါ]

ကူယွဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မှားယွင်းပြီး ဆင်းရဲတဲ့ဂိုဏ်းကို ဝင်ရောက်မိလို့ သူ့မာန ထိခိုက်တယ်လို့ ခံစားရတာကြောင့်ထင် လော့ဟုန်ကို ငွေစာရင်းတွေစစ်ဖို့ ဆွဲခေါ်သွားပြီးနောက်ပိုင်း ရက်ပိုင်းပြန်မလာဘူး။ တစ်ဂိုဏ်းလုံးလည်း အလုပ်များလာတယ်။ ဟိုဟိုဒီဒီ ပြေးလွှားနေတဲ့ အဆင့်နိမ့်တပည့်တွေကိုလည်း မကြာခဏမြင်နိုင်တယ်။

အအားဆုံးကတော့ ဝူတိတောင်ထွတ်ပေါ်က ဆရာတပည့်နှစ်ယောက်ပဲ။ ရှန်းရင်က စားလိုက် အိပ်လိုက်၊ စားလိုက်နဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းပြန်ပြီး သူမဘာသာ လုံးဝလွှတ်ပေးလိုက်တယ်။ ဖေဖေနျိုက ‌အောက်ဘုံကို ရောက်လာရတဲ့ အကြောင်းရင်းကို နောက်ဆုံးတော့ မှတ်မိပြီး ပြန်မလာခင်အထိပဲ။

"ဒီရက်ပိုင်း ငါဒီနားဝန်းကျင်မှာ အချက်အလက်စုဆောင်းနေတာ" ကူယွဲ့က မည်းနက်နေတဲ့အမူအရာနဲ့ ပြောတယ်။

"ထျန်းလန်လောကက အရင်နဲ့မတူတော့ဘူး၊ အများကြီးပိုပါးသွားပြီ" ဝိညာဉ်ချီတွေက ရိုးသားမှုဂိုဏ်းမှာ ရှားပါးနေတာတောင် တပည့်ထောင်ချီရှိနေသေးတာ မဆန်းတော့ဘူး။

"ငါတို့ အရင်တစ်ခေါက်က ထွက်လာခဲ့တည်းက နှစ်သန်းချီကြာသွားခဲ့ပြီ၊ မျိုးနွယ်စုကြီးလေးခုလည်း ပျောက်ကွယ်သွားတာ ကြာပြီတဲ့" သူ လောကဓံတရားပဲဆိုတဲ့ ခံစားချက်နဲ့ သက်ပြင်းချမိတယ်။

"အိုး" ရှန်းရင်က သူ့လောက် ခံစားချက်မရှိဘဲ ပြန်ဖြေတယ်။ သူမ မြွေနဂါးကိုမြင်ပြီးတည်းက သိတာကြာပြီ။

"ဝိညာဉ်ချီလျော့ပါးလာမှုက ထျန်းလန်လောကက သူ့ဘာသာ ရပ်တည်ရတဲ့ကမ္ဘာ ဖြစ်လာတာကြောင့်ထင်တာပဲ" ကူယွဲ့က ခန့်မှန်းတယ်။ ဒါက လျှို့ဝှက်တဲ့အမတနယ်မြေ ဖြစ်ခဲ့ဖူးပြီး အမတသွေးကြောတွေရဲ့ အားဖြည့်ပေးတာကို ခံခဲ့ရတာမို့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေအများကြီး ထုတ်လုပ်ပေးခဲ့တာ။ ဒါပေမဲ့ ထျန်းလန်လောကက ဘုံသုံးထောင်ထဲကတစ်ခုဖြစ်လာတဲ့အခါ‌မှာတော့ ဝိညာဉ်ချီအားလုံးက ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝအားဖြည့်မှုပေါ် မှီခိုရတာမို့ ပါးကျသွားတာက သဘာဝပါပဲ။ တချို့ကို အနိုင်ရပြီး တချို့ကို ဆုံးရှုံးရတာပါပဲ ထျန်းလန်လောကက လူတွေအတွက်တော့ နောက်ပိုင်း အရင်ကထက် အကြိမ်၁ရာလောက် ပိုပြီးခက်လာမဲ့ပုံပဲ။

"အိုး" ရှန်းရင်က အဆာသွတ်မုန့် တစ်ပိုင်းကို ကိုက်ဝါးနေဆဲ။

"ငါ စောနက စိုက်ထားတဲ့ အမတသွေးကြောတစ်ဝက်က ဖြည်းဖြည်းချင်း စလျော့နည်းလာဖို့များတယ်၊ ဒါကြောင့် ကြာရှည်ခံမှာမဟုတ်ဘူး"

ကူယွဲ့ လေးနက်စွာ ပြောလိုက်တယ်။

"အဲဒါကြောင့် ငါတို့ စားဖိုမှူးကို လေ့ကျင့်ခိုင်း- အာ၊ သူက ဘယ်လိုလုပ် သေမျိုးဖြစ်နေသေးတာလဲ" သူ စကားမဆုံးခင် သူ့အကြည့်က ဘေးမှာပန်းကန်တစ်ချပ်ကိုင်ထားတဲ့ ယိချင်းပေါ် အကြည့်ရောက်သွားတယ်။ သူ ချက်ချင်း ဒေါသပေါက်ကွဲတော့တာပေါ့။

"အာ" ရှန်းရင် တန့်သွားတယ်။

"ဘာ'အာ' တုံး" ကူယွဲ့ အဆာသွတ်မုန့်ကို ကောက်ယူလိုက်တယ်။

"အခြေခံကျင့်ကြံရေး ကျောက်စိမ်းပြားကို မင်း‌ဆီပေးခဲ့ပြီး သင်ခိုင်းခဲ့တယ်မဟုတ်လား၊ ဒီရက်ပိုင်း ဘာလုပ်နေတာလဲ၊ မင်း အနည်းဆုံးတော့ ချီကို ကိုယ်ထဲ လမ်းညွှန်နည်းတွေ သင်ပေးသင့်တယ် မဟုတ်ဘူးလား လဝက်လောက်ရှိနေပြီကို ချီသန့်စင်မံမှုတောင်မရသေးဘူး"

"အဲဒါအလုပ်ရှုပ်လွန်းတယ်..."

"ဘာအလုပ်ရှုပ်တာတုံး" မင်း ပျင်းနေရုံပဲကို။

"ဖေဖေနျို" ရှန်းရင်က ရုတ်တရက် တည်ကြည်တဲ့အကြည့်နဲ့ မေးလာတယ်။

"ငါ သူ့ကို‌သင်ပေးစေချင်တာ နင်သေချာရဲ့လား"

"အန္တ..." သူ စကားပြောနေရင်း ရပ်သွားပြီး သံဘာဘီအရုပ်တန်းကြီးတစ်တန်း သူ့ခေါင်းထဲ ပေါ်လာတယ်။ သူ့နှုတ်ခမ်းတွန့်သွားတော့လေတယ်။

"ငါသင်လိုက်မယ်" သူ အံကြိတ်လိုက်တယ်။

အမလေး၊ တကယ်လို့ ယိချင်းသာ တကယ် ခန္ဓာကျင့်ကြံသူဖြစ်သွားရင် သူပြန်သွားချိန်ကျ ဝူတိဂိုဏ်းကို ဖျက်ပစ်မယ်။

"စားဖိုမှူး၊ တင်ပျဉ်ခွေထိုင်" သူက ယိချင်းဘက် လှည့်ကြည့်တယ်။

ယိချင်း မှင်တက်သွားပြီး ရှန်းရင်ဘက် အလိုလိုလှမ်းကြည့်မိလိုက်တယ်။ သူမ မကန့်ကွက်ဘူးဆိုတာ မြင်တော့မှ လက်ထဲက အဆာသွတ်မုန့်ကို အောက်ချပြီး ဘေးမှာ ထိုင်ချတယ်။

အရမ်းကောင်းတယ်၊ တာဝန်ပြန်လွှဲပေးတာ အောင်မြင်သွားပြီ။

~(≧▽≦)/~

"မင်း ဝိညာဉ်ချီကို ခံစားမိရင် ဒီလမ်းကြောင်းထဲ လမ်းညွှန်ချေ" ကူယွဲ့ သူ့နဖူးအလယ်တည့်တည့်ကို ညွှန်ပြလိုက်ပြီး ဝိညာဉ်ချီအရိပ်အယောင်တချို့ သူ့သွေးကြောထဲ တစ်ခေါက် စီးဆင်းသွားတယ်။ သူ ပြန်ခွာတော့မလို့ရှိသေး ဝိညာဉ်ချီတွေအများကြီး ရုတ်တရက် ယိချင်းကိုယ်ထဲ ပြေးဝင်လာကာ သူ ပြန်ဆွဲထုတ်ဖို့အချိန်မရလိုက်တဲ့ ဝိညာဉ်ချီတွေကို တန်းဆုပ်ဖမ်းလေတယ်။ ပြီးတော့ သူ့ကျင့်ကြံဆင့်က ချီမွမ်းမံမှုပထမအဆင့်ကနေ ဒုတိယအဆင့်၊ တတိယအဆင့်ထိ တက်လှမ်းသွားပြီးမှ ရပ်တန့်သွားခဲ့တယ်။

"ဟိုလီရှစ်" ကူယွဲ့ထိတ်လန့်သွားတယ်။ ချီမွမ်းမံမှုက အမြဲမြန်ဆန်တယ်ဆိုပေမဲ့ ဒါက နည်းနည်း မြန်လွန်းနေတယ်လေ။ သာမန်လူတွေက တစ်နှစ်နှစ်နှစ်မကြာရင်တောင် အနည်းဆုံးတော့ တတိယအဆင့်ရောက်ဖို့ တစ်လနှစ်လလောက်လိုတယ်။ ဒါပေမဲ့သူကတော့ ဒါကို ဆယ်စက္ကန့်အတွင်း လုပ်သွားတယ်။

"ဘာဖြစ်တာလဲ" သူ ဘေးကလူကို မော့ကြည့်လိုက်တယ်။

"သူက စားဖိုမှူးလေ" ရှန်းရင်က ဖြစ်သမျှက သာမန်ပါပဲလေဆိုတဲ့ပုံစံမျိုး။

"သေချာပေါက် အဲဒါတော့ငါသိ..." သူက ပြေ။နေရင်းရပ်ပြီး မျက်လုံးပြူးသွားတယ်။

"သူ့ကိုယ်ခန္ဓာအပြင် သူ့ကျင့်ကြံဆင့်ကပါ အရင်အတိုင်းလို့ ပြောမှာတော့မဟုတ်ဘူးမလား"

ကောင်းကင်မျိုးနွယ်ကဖြစ်တဲ့ စားဖိုမှူးရဲ့ ကျင့်ကြံဆင့်က ကောင်းကင်အဆင့်ပဲ။ သူ့ကိုယ်ကထူးခြားပြီး ကျင့်ကြံဆင့်အများကြီးကို တောင့်မခံနိုင်ဘူး။ ပြီးတော့ သူက ဝိညာဉ်ချီချို့တဲ့မှုကြောင့် အရင်က သေမျိုးတစ်ယောက်နဲ့တူနေတာ။ ဆိုလိုတာက... သူ ဝိညာဉ်ချီရှိတာနဲ့ လုံးဝမလေ့ကျင့်ဘဲ သူ့နဂိုအဆင့်ဆီ ပြန်မြင့်တက်နိုင်တယ်။

"အမှန်ပဲ"

"..." မေ-ိုး

ဒီမုန်းစရာ အခွင့်ထူးခံလူတွေကတော့

ယိချင်းက သူ့လက်လေးတွေကို စူးစမ်းအကြည့်နဲ့ကြည့်ကာ မျက်လုံးတွေ တောက်ပနေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးတစ်ယောက်ဆိုတော့ သူက ရှန်းရင်ဘက်လှည့်ကာ မျက်နှာက စိတ်လှုက်ရှားမှုအပြည့်။

"ကျွန်တော် သင်ပြီးပါပြီ ကျေးဇူးပြုပြီး ချီးကျူးပါဦး ဆုပေးပါ"

ရှန်းရင်က ရပ်သွားပြီး စားပွဲပေါ်က အဆာသွပ်မုန့်ကို အသာလှမ်းယူကာ ကမ်းပေးလိုက်တယ်။

"ရော့ဒီမှာ" အဲဒါ ဆုပဲ။

ယိချင်းက ပျော်သွားပြီး ချက်ချင်းထရပ်ကာ အဲဒီ အဆာသွတ်မုန့်ကို လှမ်းယူလိုက်တယ်။ ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက်က... ပျော်ရွှင်စွာနဲ့ အဆာသွတ်မုန့်ကို အတူတူစားသောက်ကြတော့တယ်။

ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်း ငတုံးတွေ။

သူ စကားပြောတော့မဲ့ဆဲဆဲ လူတစ်ယောက်က ဘေးကနေ အပြေးဝင်လာတယ်။

"နှုတ်ခွန်းဆက်သပါတယ်၊ ဆရာသခင်" သူက ကူယွဲ့ကို ဂါဝရပြုတယ်။

"ဘာကိစ္စလဲ" ကူယွဲ့က လော့ဟုန်ရဲ့ တပည့်လေးကို မှတ်မိတယ်။

"ဆရာသခင်၊ ဂိုဏ်းချုပ်က ဧည့်သည်ခန်းမဆောင်မှာ ဆရာသခင်နဲ့ အရေးတကြီးကိစ္စတွေ ဆွေးနွေးချင်ပါတယ်တဲ့"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ငွေစာရင်းတွေကို စစ်ဆေးပြီးတည်းက လော့ဟုန်က သူ့ကို မတွေ့အောင် ရှောင်နေခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ စတင်ဖိတ်ခေါ်လာတယ်။

"နားလည်ပြီ၊ ငါ အဲကိုလာခဲ့မယ်" ကူယွဲ့ ယိချင်းကို ငုံ့ကြည့်ပြီး သူ့နှုတ်ခမ်းတွေက တွန့်သွားကာ မနေနိုင်ဘဲ ထပ်ပြောလိုက်တယ်။

"မင်းကျင့်ကြံဆင့်ကို အရင်တည်ငြိမ်အောင်လုပ်ဦး၊ မင်းဓားဓမ္မက ကိုယ့်ဘာသာထွင်ထားတာဆိုတော့ ငါမင်းကို အဲဒါ သင်ပေးလို့မရဘူး၊ မင်းဘာသာ ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် လုပ်ရမှာ"

"ကောင်းပါပြီ" ယိချင်း‌ရဲ့ခေါင်းလေးက ညိတ်ပြပြီး သူ့မျက်နှာလေးက အနည်းငယ်အေးစက်နေတယ်။

အဲတော့မှပဲ ကူယွဲ့က ပင်မတောင်ထွတ်ဆီ တပည့်နောက် လိုက်ခဲ့တယ်။

သူတို့ပုံသဏ္ဌာန်တွေ ပျောက်သွားတာနဲ့ ယိချင်းက ချက်ချင်း သူ့အေးစက်တဲ့အမူအရာကို ပြောင်းလဲလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကလေးပဲကိုး။ ဘယ်လောက်ပဲ သူ့အသွင်အပြင်ကို တည်ငြိမ်အောင်ထားပါစေ၊ ပထမအဆုံးအကြိမ်လေ့ကျင့်ရတဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘူး။ သူက ရှန်းရင်ကို ဆွဲကိုင်ကာ စတင်မေးတော့တယ်။

"ဆရာ၊ ဆရာ ခုနကဟာက လေ့ကျင့်မှုလားဟင်၊ ပတ်လည်မှာ ရောင်စုံအလင်းရောင်တွေအများကြီး မြင်လိုက်ရတယ်"

"ဆရာ ဆရာ၊ အဲဒါတွေက ဝိညာဉ်ချီပဲလား၊ အခု အဲဒီအလင်းတွေက ကျွန်တော့်ကိုယ်ထဲလည်း ရောက်နေပြီ"

"ဆရာ ဆရာ ကျွန်တော် အဲဒီဝိညာဉ်ချီအားလုံးကို ကျွန်တော့်ခန္ဓာကိုယ်ထဲ ထည့်လိုက်ရင် ဆရာ့လို အင်အားကြီးလာမှာလား"

"ဆရာဆရာ ဆရာသခင် ကျွန်တော့်ကို ခုလေးတင် နားလည်သဘောပေါက်အောင် လုပ်ဆိုပြီးပြောသွားတဲ့ ဓားဓမ္မကဘာလဲဟင်၊ ဘယ်လို နားလည်သဘောပေါက်အောင် လုပ်ရမှာလဲ"

"ဆရာ ဆရာ ဒါက..."

သူက အဖြေမလိုဘဲ သူ့နှလုံးသားထဲက မေးခွန်းတွေအားလုံးကို သွန်ချဖို့ပဲလိုသလိုမျိုး အဆက်မပြတ် မေးနေတော့တယ်။

ရှန်းရင် ။ ။ "..."

ဒီတစ်ကြိမ် စားဖိုမှူးက... နည်းနည်းစကားများသလိုပဲ

…

အခန်း ၃၀၈ ။ နာမည်ကတ်စာရင်းသွင်းခြင်း

ရှန်းရင်က မျက်လုံးထဲ တောက်ပမှုတွေနဲ့ ကြည့်ပြီး ‌ဆက်တိုက်မေးခွန်းတွေမေးနေတဲ့ ရှေ့ကလူကို ကြည့်နေမိတယ်။ ရှန်းရင် သူ့ကိုဖြေချင်တဲ့ အခိုက်အတန့်တွေ ရှိပေမဲ့ သူမ ကြားဖြတ်မပြောနိုင်သလို နားထဲလည်း သူ့ရဲ့အဆက်မပြတ်စကားပြောမှုတွေပဲ။

မေးခွန်းတချို့အပြီးမှာ သူနောက်ဆုံးတော့ ပင်ပန်းသွားပုံပဲ။ အသံက နှေးလာပြီး သူ့မျက်ခွံတွေလည်း အိပ်ချင်မူးတူး ကျဆင်းလာခဲ့တယ်။ သူက နဂိုတည်းက ကလေးတစ်ယောက်ပဲလေ၊ မနက်တည်းက ထမင်းနှစ်နပ်စာ ချက်ရပြီး ခန္ဓာကိုယ်ထဲ ချီလမ်းညွှန်နည်းကို သင်ယူထားကာစမို့ ပင်ပန်းမှာပုံမှန်ပဲ။

"ဆရာ ဆရာ၊ နှစ်ယောက်လုံးပြောတာတွေကို ကျွန်တော် နားမလည်တာ... များတယ်၊ ကျွန်တော်... တစ်ခုခုကို မေ့သွားခဲ့တာလား"

"ဆရာဆရာ ကျွန်တော် အရသာရှိတဲ့ စားစရာတွေ အများကြီး... အများကြီးလုပ်ပေးနိုင်တယ် ဒါကြောင့်... ကျွန်တော်နဲ့ အမြဲနေမှာမလား"

"ဆရာ ဆရာ ယိချင်းက ဆရာ့ကို သဘောကျတယ်... အမေဝမ်... ထက်တောင်"

သူက အဲလိုပြောပြီးတဲ့နောက် နောက်ဆုံးတော့ အိပ်ငိုက်မှုကို ခံနိုင်ရည်မရှိတော့ပုံပဲ။ သူ့ကိုယ်လေးက ယိုင်သွားပြီး မျက်နှာက မြေကြီးနဲ့ထိတော့မယ်။

ရှန်းရင်က သူ့ကို အသာဆွဲထူလိုက်တယ်။ သူမ မျက်ဝန်းတွေ အနည်းငယ်မည်းနက်သွားကာ သက်ပြင်းချပြီးမှ အိမ်ထဲ လှည့်ဝင်လာခဲ့တယ်။

ဟမ်... သိပ်ပြီးကြာကြာမအိပ်ဖို့ မျှော်လင့်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်... ညစာရှိသေးတယ်လေ

ပြီးတော့... ဒီအမေဝမ်က ဘယ်သူလဲ။

——————

ကံကောင်းတာက စားဖိုမှူးက နှစ်နာရီလောက်ပဲအိပ်ပြီး နိုးလာတယ်။

ယိချင်းက ထထိုင်ပြီး မျက်လုံးကိုပွတ်ကာ အိပ်ရာဘေးက ရှန်းရင်ကိုမြင်ချိန် တန့်သွားတယ်။ သူ့မျက်လုံးလေးတွေ ချက်ချင်းတောက်ပသွားပြီး ဘာကြောင့်မှန်းမသိ ရင်ထဲ နွေးထွေးမှုတစ်မျိုး ခံစားလိုက်ရတယ်။

ရွာလေးမှာတုန်းက အမြဲအထီးကျန်ခဲ့ရတာ။ ဒါကြောင့် ရွာထဲက သူတို့ကို အိပ်ရာထဲ ချော့သိပ်မဲ့မိဘတွေရှိတဲ့ တခြားကလေးတွေကို မနာလိုဖြစ်ခဲ့တယ်။ နျိုနျိုမှာတောင် အမေဝမ်ရှိတယ်။ ဒါပေမဲ့ သူ့မှာတော့ ဘယ်သူမှမရှိ။ နေ့တိုင်း သူ့ဘာသာ အိပ်ကာထရတယ်။ သူ နေသားကျတာ ကြာပြီဆိုပေမဲ့လည်း အမြဲလစ်ဟာမှုတစ်မျိုးခံစားနေရတယ်။

ဒါပေမဲ့အခု သူ့မှာလည်းရှိပြီ - ဆရာရှိနေပြီ

"ဆရာ" သူ ဘေးကလူကို လှည့်ဖက်လိုက်ပြီး သူမလက်မောင်းကြား ခေါင်းလေးဝင်တိုးလိုက်တယ်။

ရှန်းရင်က အာရုံစိုက်မနေတော့ အိပ်ရာပေါ်ကပြုတ်ကျလုနီးပါး ဖြစ်သွားတယ်။ သူမကိုယ်သူမ ငြိမ်အောင် အမြန်ခြေတစ်ဖက် ဘေးချလိုက်ပေမဲ့ ဘေးကဝါးခြင်းကို ကန်မိသွားကာ ချက်ချင်း အသီးရိုးတွေနဲ့ အပြည့်ခြင်းက မြေပြင်ပေါ် အကုန် မှောက်ကျကုန်တယ်။

သူမရင်ခွင်ထဲရှိနေသေးတဲ့ ယိချင်းက တစ်ခဏတာမှင်တက်သွားပြီး အသီးရိုးတွေကိုကြည့်ကာ နောက်တော့ ရှန်းရင်ကို လှမ်းကြည့်တယ်။ သူ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားပြီး မျက်ခုံးလေးတွေက မကျေနပ်ဟန် ကျုံ့ကုန်တယ်။

ရှန်းရင်က ကောင်းကင်ကို အလိုလိုမော့ကြည့်ပြီး ဘာမှမမြင်ချင်ဟန် ဟန်ဆောင်လိုက်တယ်။

"ဆရာ ဒီအသီးတွေက မမှည့်သေးလို့ စားလို့မရသေးဘူးလို့ ကျွန်တော်ပြောခဲ့တယ်မဟုတ်ဘူးလား""

"အာ... တကယ်တော့ ဖေဖေနျို ဒါတွေကို စားလိုက်တာ" အင်း၊ တကယ်ပဲ။

"ဆ-ရာ"

"ကောင်းပြီလေ၊ နင်နိုးလာမှာကို ထိုင်စောင့်နေရတာ ပျင်းဖို့ကောင်းလာလို့ နည်းနည်းလောက် ဒီတိုင်း စားမိလိုက်တာ"

"ဆရာ အကုန်လုံးကို စားလိုက်တာလေ"

"..." စားဖိုမှူးက တကယ်ပြောင်းလဲသွားပြီပဲ၊ သူ အရင်က သူမကိုတစ်ခါမှ အပြစ်မတင်ဖူးဘူးလေ။ သူ့ကို ဖေဖေနျို ဆိုးဆိုးရွားရွားသင်ပေးနေတာပဲ ဖြစ်ရမယ်။

"ဆရာ..." ယိချင်းက သက်ပြင်းချပြီး လူကြီးတစ်ယောက်ရဲ့အမူအရာနဲ့ မတ်မတ်ထိုင်တယ်။ သူ့အမူအရာက တည်ကြည်နေပြီး တစ်စုံတရာကို ပြောတော့မလို့ပုံစံနဲ့။

ရုတ်တရက် ကလေးဆန်တဲ့အသံက တံခါးကနေ ထွက်လာပြီး သတိတကြီးပြောလာတယ်။

"တပည့်လော့ထောင်က ဆရာသခင်ရှန်းနဲ့ ဆရာဦးလေးယိချင်းကို တွေ့ခွင့်တောင်းပါတယ်"

လော့ထောင်လား။ အဲဒါဘယ်သူလဲ။

ရှန်းရင် တစ်ခဏတာ တန့်သွားတယ်။

အပြင်ဘက်ကလူက တုံ့ပြန်သံ မကြားရတော့ အရဲစွန့်ကာ မေးလာပြန်တယ်။

"ဆရာသခင်၊ ဆရာဦးလေး၊ အသင်တို့အထဲမှာလား"

"အင်း" ယိချင်း အိပ်ရာကဆင်းပြီး ပြန်ဖြေကာ သူ့အင်္ကျီအတွန့်တွေကို ဖြန့်ပြီး ရှန်းရင်ကို တစ်ချက်ကြည့်လိုက်တယ်။

"အထဲဝင်လာခဲ့"

နောက်တော့ တံခါးဖွင့်သံထွက်လာပြီး သူတို့အံ့သြသွားရတာက အထဲဝင်လာသူဟာ ယိချင်းနဲ့ အရွယ်တူတဲ့ ကလေးတစ်ယောက်။ သူက မျက်နှာဝိုင်းပြီး မျက်လုံးသေးသေးလေးတွေနဲ့ မျက်နှာပြင်ထက်မှာ စူးစမ်းလိုစိတ်တွေ ရေးသားထားတယ်။ သူ့ကိုယ်ခန္ဓာအနေအထားက အံ့ဩသင့်စရာကောင်းလောက်အောင်... ဝိုင်းစက်နေတယ်။

အရမ်းကို ဝိုင်းတာ၊ တကယ်တော့။ ဒါက ဝတုတ်တုတ်ကောင်လေးပဲ။ သူတော်စင်လိုပေါက်ရမဲ့ အဖြူနဲ့ အပြာတပည့်ဝတ်ရုံတောင် သူ့ကိုယ်ပေါ် နည်းနည်းအူမြူးစရာကောင်းနေတယ်။

သူက အရင် ယိချင်းကို ကြည့်ပြီး နောက်တော့ နောက်က ရှန်းရင်ကိုကြည့်တယ်။ ဝဖိုင့်မှုက သူ့လှုပ်ရှားမှုကို နှောင့်နှေးစေလို့ထင် ဖြည်းဖြည်းချင်း ဂါဝရပြုလိုက်တယ်။

"နှုတ်ခွန်းဆက်သပါတယ် ဆရာသခင်နဲ့ ဆရာဦးလေးငယ်"

"ဘာကိစ္စလဲ" ရှန်းရင် မေးလိုက်တယ်။

"ဆရာသခင် ကျွန်တော့်အဖေ... ဆိုလိုတာ ဂိုဏ်းချုပ်က" သူက အကျင့်ပါနေလို့ထင် စဉ်းစားပြီးမှ ပြောင်းလိုက်တယ်။

"ဂိုဏ်းချုပ်က တပည့်ခန်းမဆောင်ဆီ ဆရာဦးလေးငယ်ကို ခေါ်ဆောင်ပြီး တပည့်နာမည်ကတ်ကို လုပ်ဖို့ ကျွန်တော့်ကို ခိုင်းထားပါတယ်"

ယိချင်း တစ်ခဏမှင်တက်သွားပြီးမှ ကူယွဲ့ ဒီလိုမျိုးတစ်ခုခုကို ပြောဖူးတာမှတ်မိသွားတယ်။ ဒါကြောင့် သူ ခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းပြီလေ"

"ပြီးတော့..." လော့ထောင်က ရှန်းရင်ကိုကြည့်ကာ ဆက်ပြောတယ်။

"ဆရာသခင်ကူယွဲ့ကလည်း ဧည့်သည်ခန်းမဆောင်ဆီ ဆရာသခင်ရှန်းကို ဖိတ်ကြားဖို့ ကျွန်တော့်ကို မှာကြားလိုက်ပါတယ်"

"အာ" ရှန်းရင် ကုတင်ခေါင်းယင်းကို ပျင်းတိပျင်းရွဲမှီလိုက်တယ်။ ဘာလို့ ဖေဖေနျိုက သူမကို ခေါ်နေရတာလဲ။

"အလုပ်များလိုက်တာ..."

"ဆရာသခင်၊ ဆရာဦးလေးငယ်၊ ကျေးဇူးပြုပြီးကျွန်တော့်နောက် လိုက်ခဲ့ပေးပါ" လော့ထောင်က အမြန် ဘေးကိုဖယ်ကာ ဖိတ်ခေါ်တဲ့အမူအရာလုပ်ပြတယ်။

"ဆရာ သွားကြစို့" ရှန်းရင် လုံးဝမလှုပ်တာမြင်တော့ ယိချင်းကပြန်လှည့်ကာ သူမလက်ကို ဖမ်းဆုပ်လိုက်ရတယ်။

ဒီကျမှ ရှန်းရင်က ထရပ်ပြီး အိမ်ရှေ့က နေရာရွှေ့ပြောင်းအစီအရင်ဆီ ဝတုတ်ကောင်လေးနောက်က လိုက်ခဲ့တယ်။

လော့ထောင်က ယိချင်းကို နာမည်ကတ်လုပ်ဖို့ အရင်ခေါ်သွားချင်ပေမဲ့ ယိချင်းက ဆန္ဒမရှိ။ သူက ရှန်းရင်ကို ဧည့်သည်ခန်းမဆောင်ရှေ့ထိ လိုက်ပို့ကာ သူမဝင်သွားတာမြင်မှ တပည့်များခန်းဆောင်ဘက် ဦးတည်သွားခဲ့တယ်။

လော့ထောင်က ဇဝေဇဝါဖြစ်သွားတယ်။ သူတို့ နေရာရွှေ့ပြောင်းအစီအရင်ထဲက ထွက်တာနဲ့ တန်းရောက်တာကို ဘာလို့ မလိုအပ်တာအတွက် တကူးတကလုပ်နေရတာတုံး။

ဒါပေမဲ့ သူ့အဖေဂိုဏ်းချုပ်စကား‌ စဉ်းစားမိတော့ တစ်စုံတရာကို ချက်ချင်း နားလည်သဘောပေါက်သွားပုံပဲ။

"ဆရာဦးလေးငယ်၊ ခင်ဗျားက ဆရာ့အပေါ် အရမ်းကောင်းတာပဲ"

ဆရာသခင်ရဲ့ တပည့်ဖြစ်ခွင့်ရတာ မဆန်းတော့ဘူး။

ယိချင်းရဲ့ ခြေလှမ်းတွေ ခဏတာ တန့်သွားပြီး မီတာရာချီပဲရှိတဲ့ တောင်ထွတ်မှာ တစ်နေ့ကို ငါးခြောက်ကြိမ်လောက် လမ်းပျောက်တဲ့ တစ်စုံတစ်ယောက်ရဲ့ သမိုင်းကို ချက်ချင်း ပြန်သတိရသွားတယ်။

ဒါပေမဲ့ ဝတုတ်လေးက အတော်လေး စိတ်လှုပ်ရှားနေတယ်။ သူက ဂိုဏ်းချုပ်သားလေ။ ဂိုဏ်းရဲ့တပည့်ငယ်တွေကြား သူက အငယ်ဆုံးဖြစ်ပေမဲ့ ဝါအရမြင့်ပြီး ဆရာတူညီ၊ ဆရာတူညီမနဲ့ တူတပည့်တွေရှိတယ်။ ဒါကြောင့် လူတိုင်းက သူ့ကိုအမည်တပ်ရင် "ငယ်" ဆိုပြီး ထည့်ခေါ်တယ်။

လူငယ်ဘဝရဲ့ ပုန်ကန်တတ်တဲ့ အပိုင်းအခြားကို ရောက်နေတဲ့ လော့ထောင်က ဒါနဲ့ပတ်သက်ပြီး မပျော်မရွှင် ဖြစ်ခဲ့တာပေါ့။ အံ့ဩသင့်စရာကောင်းစွာပဲ အခု သူ့မှာ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်တွေရဲ့ တပည့်၊ သူ့ထက်တောင် ဝါမြင့်တဲ့ ဆရာဦးလေး ရှိနေပြီ။ သူ ချက်ချင်းပျော်သွားတာမို့ တပည့်က တရားဝင်စာရင်း မသွင်းရသေးတာတောင် အင်မတန်စိတ်အားထက်သန်စွာနဲ့ ‘ဆရာဦးလေးငယ်’ လို့ စတင်ခေါ်နေပြီ။

သူက ယိချင်း စကားနည်းတာကို ကြိုသိသလိုမျိုး နေရာရွှေ့ပြောင်း အင်းကွက်တွေကနေတစ်ဆင့် ခေါ်သွားချိန် ကိစ္စပေါင်းစုံကို မမောတမ်းပြောပြတော့တယ်။ တခြားဂိုဏ်းကနေ ရောက်လာတဲ့ ကြည့်ကောင်းတဲ့တပည့်သစ်တွေကစလို့ အကြီးအကဲတွေ ဘယ်အမျိုးသမီးကျင့်ကြံသူကို ကြိုက်တယ်ကအစ လက်ဟန်ခြေဟန်နဲ့ တက်ကြွစွာ အားလုံးပြောတော့တယ်။

သူက လမ်းလျှောက်နိုင်တဲ့ စွယ်စုံကျမ်းလိုပဲ။ ယိချင်းက သူ့ကိုမတားဘဲ တစ်လမ်းလုံး နားထောင်ခဲ့ပေမဲ့ စိတ်ထဲ သူတွေးနေတာကတော့ ညဘက်ဆရာ့အတွက် ဘာချက်ပေးရမလဲ။

ပြောတဲ့သူနဲ့ အတွေးလေလွင့်နေသူက အတော်လေးပနံသင့်စွာ လျှောက်လာခဲ့တယ်။ ဒါပေမဲ့ သူတို့ တပည့်များခန်းမနား နီးလာချိန် ဆူညံသံတွေအရှေ့ဘက်ကနေလာတာကို ကြားလိုက်ရတယ်။

လော့ထောင် ခြေလှမ်းတွေ ရပ်သွားတယ်။ တပည့်များခန်းဆောင်က အသက်ဆယ်နှစ်ဝန်းကျင်ကလေးတွေ ဝိုင်းခံထားရတာ မြင်လိုက်ရတယ်။ တချို့က သူ့လို အဖြူနဲ့အပြာဝတ်ရုံ၊ ဒါပေမဲ့ တချို့ကတော့ အစိမ်းရောင်ဝတ်ရုံနဲ့။ နှစ်ဖက်က သီးခြားစီရပ်နေပြီး တစ်ခုခုနဲ့ ပတ်သက်လို့ ငြင်းခုန်နေကြပုံပဲ။

"ဒီလူတွေက ဝတ်ရုံစိမ်းဂိုဏ်းကလား" လော့ထောင်က မှင်တက်သွားပြီး မျက်ခုံးတွန့်ကာ ယိချင်းကို ရှင်းပြလေတယ်။

"အဖေ့ဆီက ကြားတာတော့ သူတို့ဂိုဏ်းက မိစ္ဆာတွေ သုတ်သင်တာခံလိုက်ရတာတဲ့၊ အဖေနဲ့ ဆရာဦးလေးက သူတို့တပည့်တချို့ကို ကယ်ဖို့ အတော်လေးခက်ခက်ခဲခဲ အားထုတ်ခဲ့ရတယ်၊ သူတို့ ဘာလို့ ဝိုင်းနေကြပါလိမ့်၊ ဆရာဦးလေးငယ် ကျွန်တော်တို့ တစ်ချက်သွားကြည့်မလား"

"ကောင်းပြီလေ"

…

အခန်း ၃၀၉ ။ ခွေးကိုပြန်တွေ့ခြင်း

ယိချင်းက ခေါင်းညိတ်ပြပြီး ရှေ့ကိုခပ်သွက်သွက်လျှောက်ခဲ့တယ်။

နှစ်ယောက်သားနီးမလာခင် ခန္ဓာကိုယ်လေးတစ်ခုက ရုတ်တရက် လူအုပ်ထဲကနေ ပျံထွက်လာပြီး နှစ်ယောက်သားရှေ့ ဘန်းခနဲပြုတ်ကျတယ်။

လော့ထောင်က မှင်တက်ပြီး ချက်ချင်း မျက်လုံးတွေပြူးလေတယ်။

"ဆရာတူညီငယ်" သူတို့က တစ်ယောက်နဲ့တစ်ယောက် သိကြတဲ့ပုံပဲ။ ကောင်လေးကို အမြန်ပြေးထူတယ်။

"ဦးလေးငယ်လော့ထောင်ပဲ" တစ်ယောက်က ထအော်တော့ လူအုပ်ကြီးက သူတို့ဆီ အပြေးရောက်လာတယ်။

လော့ထောင်က မေ့နေပြီဖြစ်တဲ့သူကို ထိန်းထားပြီး ဝတုတ်တုတ်မျက်နှာလေးက ဒေါသကြောင့် ပိုပြီးတောင် ဖောင်းကားနေတယ်။

"ဆရာတူညီလေးကို ထိခိုက်အောင်လုပ်တာ ဘယ်သူလဲ"

"ငါပဲ" လူအုပ်ကြီးက ပြန်မဖြေနိုင်ခင် ဘေးဘက်က ယောက်ျားလေးတစ်ယောက်အသံထွက်လာပြီး လူအုပ်ကြီးက ဝတ်ရုံစိမ်းနဲ့ ပိန်ပိန်ပါးပါးကောင်လေးအတွက် လမ်းဖယ်ပေးတယ်။ သူက မျက်လုံးထဲ အထင်သေးမှုအပြည့်နဲ့ လျှောက်လာကာ နှာမှုတ်တယ်။

"ဘာလို့လဲဆိုတော့ သူက မော်ကြွားနေလို့ပဲ"

"မင်းက ဘယ်သူလဲ" လော့ထောင်ရဲ့ ဝဖိုင့်ဖိုင့်မျက်နှာလေးက ရှုံ့သွားတယ်။

"ငါက..."

အဲသူ မဖြေနိုင်ခင် ယိချင်းက ထပြောတယ်။

"ခွေး"

သူက တကယ့်ကို ရွာလေးထဲက အဲဒီမိဘမဲ့ကလေးပဲ။

အဲတော့မှ ဝတ်ရုံစိမ်းနဲ့‌လူငယ်က ဘေးက ယိချင်းကို မြင်တယ်။

"‌အရိုင်းအစိုင်းလေး၊ မင်း တကယ်အသက်ရှင်နေသေးတာပဲ" ကလေးက ထိတ်လန့်သွားပြီး နောက်တော့ တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး ဘေးက လော့ထောင်ကို လှမ်းကြည့်ကာမျက်လုံးက မကျေနပ်မှုအပြည့်။

"မင်း တကယ်ပဲ ရိုးသားမှုဂိုဏ်းကို ဝင်မယ်မထင်ခဲ့ဘူး၊ ပြီးတော့... ငါက ကျင်းချီ၊ ဝတ်ရုံစိမ်းဂိုဏ်းရဲ့ တပည့်ပဲ၊ မင်း အဲဒါကို မှတ်ထားတာကောင်းမယ်"

"အိုး" ယိချင်းက လုံးဝဂရုမစိုက်သလိုမျိုး ထပ်ပြောတယ်။

"ငါ့နာမည်က ယိချင်း"

ဘာကြောင့်မှန်းမသိ ကျင်းချီအမူအရာမှာ ဒေါသအရိပ်အယောင် ပေါ်လာတယ်။

လော့ထောင်က သူ့လက်မောင်းထဲက တပည့်ကို ဆေးလုံးတစ်လုံး ကျွေးပြီး ကျင်းချီကို စိုက်ကြည့်လိုက်တယ်။

"ဘာလို့ ငါ့ဆရာတူညီကို ထိခိုက်အောင်လုပ်ရတာလဲ"

"သူက ငါတို့ကို တပည့်များခန်းမဆောင်ဆီ သွားခွင့်တားမြစ်တယ်လေ" ကျင်းချီက ဒေါသတကြီး ပြောတယ်။

"သူ့အစွမ်းတွေက နိမ့်တာကိုး၊ ငါတို့ကို အဲအတွက် အပြစ်တင်လို့မရဘူး"

"အဓိပ္ပာယ်မရှိတာ" သူ စကားဆုံးတာနဲ့ ဘေးကနောက်ထပ်တပည့်က ငြင်းခုန်တယ်။

"ဆရာတူအစ်ကို မင်းကိုတားတာက မင်းတို့တွေ ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်ဆေးပင်တွေကို ခိုးခဲ့တာကြောင့်မို့သာလေ၊ မင်းတို့သူခိုးတွေ"

"ဘယ်သူက မင်းတို့ ဝိညာဉ်ဆေးပင်တွေကို ခိုးလို့လဲ၊ မဟုတ်တာတွေ မစွပ်စွဲနဲ့" ကျင်းချီက ဒေါသတကြီး ပြောတော့တယ်။

"ပြီးတော့ မင်းမလုပ်ခဲ့ဘူးလို့သာပြောတာ" အဲဒီတပည့်က သူ့နောက်က ကလေးမတစ်ယောက်ကို လက်ညှိုးထိုးပြတယ်။

"သူ့ခေါင်းပေါ် ဝတ်ထားတဲ့ဟာတွေက ငါတို့ဟာတွေပဲ"

လူတိုင်း ကျင်းချီနောက်က ကလေးမကိုလှည့်ကြည့်လိုက်တယ်။ သူမက တကယ်ပဲ ခေါင်းပေါ် ပန်းကုံးတစ်ခု ပန်ထားတယ်။ ပြီးတော့ အဲရောင်စုံပန်းပွင့်တွေမှာ ခပ်ရေးရေးဝိညာဉ်ချီရှိနေတယ်။

"အဲဒါတွေက ဂိုဏ်းချုပ် ငါတို့ကို စိုက်ခိုင်းထားတဲ့ ဝိညာဉ်ဆေးပင်တွေပဲ၊ ဆရာတူအစ်ကိုလေးက ငါတို့ကို ဦးဆောင်ပြီး ဒါတွေကို တစ်လကျော် ဂရုစိုက်ခဲ့ရတာ၊ ဒါပေမဲ့ သူတို့ရောက်လာတာနဲ့ အားလုံးကို ဆွဲနုတ်ပစ်ခဲ့တာပဲ"

ဒီလိုပြောလိုက်တာနဲ့ လူတိုင်းက အဲကလေးမကို လှည့်ကြည့်‌ကြတော့တယ်။ လူတိုင်းက ငယ်တော့ ဒေါသကလည်း ပိုမြန်ပြီး တိုက်ရိုက်ပဲ။ ဝတ်ရုံစိမ်းဂိုဏ်းတွေရဲ့ တပည့်တွေကြားတောင် လူတိုင်းက မှောင်မည်းနေတဲ့အမူအရာနဲ့။

ကလေးမက ကြောက်လွန်းလို့ နောက်ဆုတ်ပြီး ကျင်းချီနောက် ပြေးပုန်းတော့တယ်။ သူမရဲ့ မျက်လုံးတွေက ချက်ချင်းနီရဲလာပြီး သူ့ဝတ်ရုံထောင့်စွန်းကိုဆွဲကာ စိတ်ပူပန်နေတဲ့ငိုသံနဲ့ ပြောတော့တယ်။

"ငါ... ငါမသိဘူး၊ ငါက အဲပန်းပွင့်တွေကို လှတယ်လို့ပဲ တွေးမိခဲ့တာ၊ အစ်ကိုကျင်းချီ..."

ကျင်းချီက ချက်ချင်း စိတ်ဖိစီးတဲ့အမူအရာ ပြောင်းလဲသွားတယ်။ သူကိုယ်တိုင်က ကလေးပဲရှိသေး၊ သူ့ထက်တောင် အရပ်ရှည်တဲ့ ကလေးမကို တကယ်ပဲ လှည့်ဖက်ပြီး နှစ်သိမ့်တော့တယ်။ မြင်ကွင်းက တကယ်ကို ကြောင်တောင်တောင်ပဲ။

"ဆရာတူညီမလေး၊ မငိုပါနဲ့ ငါနာကျင်ရလိမ့်မယ်"

အဲလိုပြောပြီး သူက တခြားကလေးတွေဘက် စိုက်ကြည့်တယ်။

"အဲဒါက အဖိုးမတန်တဲ့မြက်ပင်တချို့ပဲမဟုတ်လား၊ ပြီးတော့ အဲဒါအတွက် လူတွေကို ဒီလိုအနိုင်ကျင့်ရဲတယ်ပေါ့"

ကိစ္စတစ်ခုလုံးကို နားလည်သွားတဲ့နောက် လော့ထောင်က အရမ်းကိုဒေါသထွက်သွားတယ်။ သူတို့က ဝိညာဉ်ဆေးပင်တွေကို အရင်ခိုးသွားပြီး လူတွေကို ထိခိုက်အောင်လုပ်တယ်။ ပြီးတော့ သူတို့ကပဲ မှန်ကန်တဲ့ဘက်မှာရှိနေသလိုမျိုး ပြောနေတယ်ပေါ့။

"ဂိုဏ်းတစ်ခုရဲ့ ဝိညာဉ်ဆေးပင်တွေကို ခိုးတာကကြီးမားတဲ့ အပြစ်ကျူးလွန်မှုပဲ၊ သူခိုးမှတော့ သူ့ကို အပြစ်ပေးသင့်တယ်"

မိန်းကလေးက ပိုပြီးတောင် ဝမ်းနည်းတကြီးငိုတော့တယ်။

"မင်းနားလေးနေလား" ကျင်းချီက သူ့ကိုစိုက်ကြည့်တယ်။

"ငါ့ဆရာတူညီမလေးက သူတမင်လုပ်တာ မဟုတ်ဘူးလို့ပြောတယ်လေ၊ အဲဒါတွေက ဝိညာဉ်ဆေး‌ပင်တွေမှန်းတောင် သူမသိဘူး၊ မသိဘဲအမှားလုပ်မိသူကို အပြစ်တင်မရဘူးလို့ ပြောကြတယ်၊ သူ့ကို ဒီကိစ္စအတွက် အပြစ်တင်လို့မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျ ငါမင်းတို့ကို အဲဒါတွေ ပြန်ပေးနိုင်တယ်"

"သူသိသိမသိသိ၊ ခုလက်ရှိ ဝိညာဉ်ဆေးပင်တွေက သူနဲ့ရှိနေတာ" လော့ထောင်က လေးနက်စွာ ပြောလာတယ်။

"ဒါကြောင့် အပြစ်ပေးခံရသင့်တယ်၊ ပြီးတော့ မင်းရောပဲ၊ ခုလေးတင် ငါ့ဆရာတူညီလေးကို ဒဏ်ရာရအောင် လုပ်ခဲ့ဝာာမို့"

"မင်း..." ကျင်းချီက ဆိုးဆိုးဝါးဝါး အပြစ်ကျူးလွန်ခံလိုက်ရသလိုမျိုး ပိုပြီးတောင် ဒေါသထွက်လာတယ်။ သူက ရုတ်တရက် တစ်စုံတရာကို တွေးမိသွားသလိုမျိုး ဘေးက ယိချင်းကိုလှည့်ပြောတယ်။

"အရိုင်းအစိုင်းလေး၊ မင်းရောအဲလိုတွေးလား"

"ဘာကို" ယိချင်းက မှင်တက်သွားပြီး ဇဝေဇဝါအမူအရာပေါ်လာတယ်။ သူ ဒီည ဆရာ့အတွက် ချက်ပေးဖို့ ဆယ်ခုမြောက်ဟင်းပွဲကို စဉ်းစားနေခဲ့တာ။

"ငါ့ဆရာတူညီမက ကလေးပဲရှိသေးတာ၊ မင်းတို့အားလုံး တကယ်ပဲ ‌အဲ‌လောက်တောင် ခက်ထန်မှ ဖြစ်မှာလား"

သူက တခြားသူတွေက ကလေးတွေ မဟုတ်တဲ့အတိုင်း ပြောတယ်။

ယိချင်းက သူ့နောက်က ကြောက်နေတဲ့ကလေးမကို တစ်ချက်လှမ်းကြည့်ပြီးမှ သူ ဘာမေးနေလဲဆိုတာ သတိရသွားခဲ့တယ်။ သူ့မျက်နှာလေးက အနည်းငယ်မှောင်မည်းသွားပြီး အတော်ကြာမှ သူပြောလိုက်တယ်။

"မှားတာက မှားတာပဲ"

"မင်း..." ကျင်းချီမျက်နှာက သစ္စာဖောက်ခံလိုက်ရတဲ့အတိုင်း မယုံကြည်နိုင်မှုအပြည့်။

"မင်းလည်း ဒီလိုကျေးဇူးမသိတတ်တဲ့လူပဲ ဆရာတူညီမက ဝတ်ရုံစိမ်းဂိုဏ်းချုပ်ရဲ့သမီးဆိုတာ သိရဲ့လား"

ယိချင်းက မှင်တက်သွားပေမဲ့ အမူအရာတော့ လုံးဝမပြောင်းလဲ။

"အဲတော့" အဲဒါက လက်ထဲနဲ့ဆိုင်လို့လား။

"ဝတ်ရုံစိမ်းဂိုဏ်းရဲ့ ကာကွယ်မှုမရှိရင် ငါတို့ရွာကလူတွေအားလုံး မိစ္ဆာတွေစားတာ ခံလိုက်ရလောက်ပြီ၊ မင်း ရိုးသားမှုဂိုဏ်းကို ဝင်လိုက်တာနဲ့ ကျေးဇူးရှင်ရဲ့သမီးကို ပြဿနာရှာဖို့ တခြားသူတွေကို ကူညီမယ်လို့ မထင်ခဲ့ဘူး"

သူက မှန်ကန်တဲ့ပုံစံနဲ့ ပြောလေတယ်။

"မင်းက သွေးအေးလွန်းတယ်"

ယိချင်းက မျက်မှောင်ကြုတ်လိုက်တယ်။ ရွာသားတွေကို ကယ်ပေးတာ ဆရာနဲ့ ဆရာသခင်ကူယွဲ့လေ၊ အဲဒါ ဝတ်ရုံစိမ်းဂိုဏ်းနဲ့ ဘာဆိုင်လဲ။

"အဓိပ္ပာယ်မရှိတာ မပြောနဲ့တော့" လော့ထောင် နားမထောင်နိုင်တော့ဘူး။ သူ့ဘေးကတပည့်တွေကို ကြည့်ကာ တန်းပြောလိုက်တယ်။

"ဆေးမြစ်တွေကိုခိုးပြီး လူတွေကိုထိခိုက်အောင်လုပ်တဲ့ ဒီသူခိုးနှစ်ယောက်ကို ဖမ်း"

တပည့်တွေက ချက်ချင်း သူတို့ကိုဝိုင်းလိုက်တယ်။

ကျင်းချီက ကလေးမကို နောက်မှာထားပြီး ဓားကိုဆွဲထုတ်ကာ လူအုပ်ကြီးကို ဒေါသတကြီး ကြည့်တော့တယ်။ ဒါပေမဲ့ သူ့နောက်လိုက်တဲ့ ဝတ်ရုံစိမ်းဂိုဏ်းရဲ့ တခြားတပည့်တွေက အရင်ဆုံး အချင်းချင်းကြည့်ကာ တုံ့ဆိုင်းနေတယ်။

"ဟမ့် မင်းက အရေအတွက်တွေနဲ့ အနိုင်ကျင့်နေတာပဲ" ကျင်းချီက နှာမှုတ်ပြီး တစ်စုံတရာ မျက်လုံးထဲ တောက်ပသွားတယ်။ သူက ကလေးတွေကိုကြည့်ကာ မော်ကြွားစွာပြောနေဆဲ။

"ရိုးသားမှုဂိုဏ်းက တကယ်တော့ သူတို့မနိုင်နိုင်တဲ့လူတွေကို အရေအတွက်အများကြီးနဲ့ အနိုင်ကျင့်ချင်တဲ့ အရှက်မရှိ သူရဲဘောကြောင်သူတွေပဲ"

"ငါတို့က မင်းကိုမနိုင်ဘူးလို့ ဘယ်လိုများပြောရဲတာလဲ" လော့ထောင်က သူ့ကိုဒေါသတကြီး စိုက်ကြည့်တယ်။

"မင်းရဲ့ အဲဆရာတူညီလေးကို ခုလေးတင် ငါနိုင်ထားတာမဟုတ်ဘူးလား၊ ပြီးတော့ မင်းတို့က တကယ်ပဲ ဓားကျင့်ကြံသူပါနော်၊ အနိုင်ရဖို့လွယ်လွန်းတယ်"

"ရိုးသားမှုဂိုဏ်းကို မကောင်းပြောတာမျိုး ငါခွင့်မပြုဘူး" လော့ထောင်က စိတ်ရှုပ်လာပြီး ဒေါသတကြီးနဲ့ လက်ညှိုးထိုးတော့တယ်။

"ငါ့ဆရာတူညီက ဂိုဏ်းကို ဝင်ထားတာ မကြာသေးတော့ ချီမွမ်းမံမှု ဒုတိယအဆင့်ပဲရှိသေးတယ်၊ မင်းက တတိယအဆင့်မှာ၊ သေချာပေါက် မင်းကို မနိုင်နိုင်ဘူးပေါ့၊ သတ္တိရှိရင်ငါနဲ့ချ"

"ကောင်းပြီလေ၊ ငါမင်းနဲ့တိုက်ခိုက်မယ်" ပျော်ရွှင်မှုအရိပ်အယောင် ကျင်းချီမျက်လုံးထဲ ဖြတ်ပြေးသွားတယ်။

"တကယ်လို့ မင်းရှုံးရင် ငါတို့ကို တပည့်များခန်းမဆီပေးဝင်ပြီး ငါ့ဆရာတူညီမကို တောင်းပန်ရမယ်"

"ကောင်းပြီလေ" လော့ထောင်က ခေါင်းညိတ်တယ်။

"တကယ်လို့ မင်းရှုံးရင်လည်း ငါ့ဆရာတူညီလေးကို တောင်းပန်ရမယ်"

"ကောင်းပြီ"

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ဖက်က တမင်သက်သက်ပြောသလိုမျိုး ခံစားရတာမို့ သူစကားဝင်ပြောတော့မလို့။

ဒါပေမဲ့ လော့ထောင်က လုံးဝရှုံးမယ်မထင်သလိုမျိုး သူ့ဝိညာဉ်ဓားကို ဆွဲထုတ်ပြီးပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ချီမွမ်းမံမှုပဥ္စမအဆင့် ရောက်နေပြီ။ တတိယအဆင့်ရှိတဲ့လူတစ်ယောက် အနိုင်ယူမှာ မဖြစ်နိုင်ဘူး။

နှစ်ယောက်သား အသင့်ပြင်တာမြင်တော့ တပည့်တွေ နောက်ကိုဆုတ်သွားတာမို့ ယိချင်းလည်း ထပ်တူပဲ အနောက်ဆုတ်လိုက်တော့တယ်။

All Chapters