← Chapters

အမြတ်ထုတ်ခြင်း

Vol. 55 Ch. 766

အမြတ်ထုတ်ခြင်း

Vol. 55 Ch. 766

ခန်းမဆောင် တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းမှာ စားပွဲပေါ်တွင် ရှိနေသော စာရွက်ရှည်တစ်ခုအား ငေးမောကြည့်ရှုနေမိကြသည်။ မည်သူကမှ ဇူယွမ်သည် ထိုမျှတဲ့တိုးဆန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဇူယွမ်သည် ထိုပြဿနာအတွင်း ဝင်မပါလို၍မဟုတ်ပဲ သူ့အတွက် အကျိုးမရှိသောကြောင့် မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်းပင် မပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိလိုက်ကြရသည်။

'မက်လုံးမရှိက ဘာမျှမရ' ဟူသော စကားပုံအတိုင်းပင်။

အကုန်လုံးမှ စူးစိုက်ကြည့်ရှုနေကြပါသော်လည်း ဇူယွမ်မှာ ဂရုပင်စိုက်ပုံ မရပေ။ သူသည် ရိကလန်နှင့် ပက်သတ်နေခြင်း မရှိသည့်အတွက် သူ၏အကူအညီအား ရယူလိုပါက အပေးအယူရှိရမည် ဖြစ်သည်။

မည်သည့်အကျိုးအမြတ်မှ မရရှိပဲ အလဟဿ ဝင်ရောက်တိုက်ခိုက်ပေးစရာ အကြောင်းမရှိပေ။

စာရွက်ပေါ်တွင် ရေးသားထားသည်များမှာ ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယမြောက်အဆင့်အား တက်ရောက်နိုင်ရန် လိုအပ်သော မူလရင်းမြစ်များ ဖြစ်လေသည်။

ယခုအခါတွင် ကျင့်ကြံခြင်းစွမ်းအင်များ ပြန်လည်ရရှိနေပြီဖြစ်သောကြောင့် ဘိုးဘေးနဂါးပုရပိုက်အား အဆင့်ခုနစ်ရှိသည့် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီအဖြစ်သို့ တိုးမြှင့်ရန်သာ လိုတော့သည်။

ဘိုးဘေးနဂါးပုရပိုက် အဆင့်တက်သွားသည်နှင့် သူ၏စွမ်းအင်မှာလည်း များစွာထိုးတက်သွားလိမ့်မည်ပင်။

သို့သော် ထိုသို့ပြုလုပ်နိုင်ရန်အတွက် လိုအပ်သော မူလရင်းမြစ်များမှာ ရှားပါးလွန်းလှသည်။ ယခုအချိန်၌ ကန်ရွှမ်းကလန်၏ ထောက်ပံ့ကူညီမှုများကိုလည်း မရရှိနိုင်သောကြောင့် သူတစ်ဦးတည်း ရှာဖွေနေလျှင် အချိန်များစွာ ကုန်ဆုံးသွားရပေလိမ့်မည်။ ထို့ကြောင့် ရိချိုးရွှယ်မှ အကူအညီ တောင်းခံလာချိန်တွင် ယင်းအခွင့်အရေးအား အမိအရ ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည်။

အချိန်အတော်ကြာမြင့်သည်အထိ ခန်းမဆောင်မှာ တိတ်ဆိတ်ငြိမ်သက်နေလျက်သာ ရှိသည်။

ရိချိုးရွှယ်၏ဘေးတွင် ရှိနေသော ရိချင်းကျီမှာ စာရွက်အား လှမ်းယူဖတ်ရှုလိုက်သည်။

ရေးသားထားသော မူလရင်းမြစ်များထဲမှ အချို့မှာ အလွန်တန်ဖိုးကြီးမားနေသောကြောင့်အမူအရာ ပျက်ယွင်းသွားရသည်။

မည်သို့ပင်ဆိုစေကာမူ ရိချင်းကျီမှာ မည်သည့်စကားမှမဆိုပဲ ထိုစာရွက်အား အခြားသော ရိကလန်မှ အကြီးအကဲများထံ ပေးအပ်လိုက်သည်။

ဤသို့ဖြင့် စာရွက်မှာ ရိချိုးရွှယ်ထံ ရောက်ရှိသွားသည်။

"ဟားဟား.....ကောင်လေး...မင်းရဲ့တန်ကြေးက မနည်းဘူးပဲ။" ရိချင်းကျီ၏ ဘေးတွင်ရှိနေသော ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတစ်ဦးမှ ရယ်မောကာ စကားဆိုလိုက်သည်။

"ဒီပစ္စည်းတွေရဲ့ တန်ကြေးအားလုံးပေါင်းရင် ကျော်ကြားတဲ့ နတ်ဘုံခန်းဝါ မဟာအဆင့်ကိုတောင် ဖိတ်ခေါ်လို့ရနေပြီ။" လျိုမင်မှ ဇူယွမ်အားကြည့်ကာ ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

"ရှင်ကအခုမှ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတယ်။ ရှင့်ကိုယ်ရှင် အဲ့လောက်တန်တယ် မှတ်နေလား။"

ဇူယွမ်၏ တောင်းဆိုမှုမှာ လွန်လွန်းသည်ဟု ထင်မှတ်သည့်အတွက် လျိုထျန်းရင်မှာလည်း လျိုမင်အား တားဆီးခြင်းမပြုပေ။

ရွှီဖုန်းကို အနိုင်ရခဲ့စေကာမူ နတ်ဘုံခန်းဝါ ဗဟိုအဆင့်တစ်ဦး၏ တန်ကြေးမှာ ထိုမျှမရှိသင့်ပါချေ။

ရိချိုးရွှယ်၏ ထင်မှတ်မထားသော တောင်းဆိုမှုကြောင့်သာ မဟုတ်ပါက ၎င်းတို့မှာ ဇူယွမ်အား ပြင်ပတွဲဖက်အနေဖြင့်ပင် ထည့်သွင်းစဉ်းစားမည် မဟုတ်။ ၎င်းတို့၏ အမြင်တွင်မူ ဇူယွမ်သည် ထိုသို့ဝင်ရောက်တိုက်ခိုက်ရန်အတွက် အရည်အချင်း ပြည့်မှီလိမ့်မည်ပင် မဟုတ်ပေ။

သို့သော် ထိုလူငယ်လေးမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အရှက်မဲ့စွာဖြင့် ရိကလန်အပေါ် အမြတ်ထုတ်ရန် ကြံစည်နေလေသည်။

နတ်ဘုံခန်းဝါ ဗဟိုအဆင့်အား ထိုမျှတန်ကြေးပေးခဲ့သည်ဟု ကြားခဲ့ကြပါက ရိကလန်မှာ လူရယ်စရာပင် ဖြစ်သွားရပေလိမ့်မည်။

ရိကလန်၏ အကြီးအကဲများမှာ ဇူယွမ်အား အလိုမကျဟန်ဖြင့် ကြည့်ရှုနေကြသည်။

ဇူယွမ်မှာ အလေးပင်မစိုက်ဟန်ဖြင့် ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "လိုချင်ရင်တော့ တန်ကြေးပေးရမှာပဲမလား။"

လူတိုင်းမှာ အရှက်မဲ့လှသော စကားကြောင့် ဒေါသထွက်သွားကြရသည်။

နတ်ဘုံခန်းဝါ ဗဟိုအဆင့်လောက် ကောင်ကများ....

ထိုအချိန်တွင် စကားတစ်ခွန်းမှ ဝင်ရောက်ပြောဆိုခြင်း မရှိသေးသော ရိချိုးရွှယ်မှ စားပွဲအား လက်ဖြင့်ပုတ်ကာ ခန်းမဆောင်တစ်ခုလုံးကို ငြိမ်သက်စေလိုက်သည်။

သူမသည် အမှန်တကယ်ပင် ရိကလန်အပေါ် သြဇာသက်ရောက်ပုံ ရသည်။

ရိချင်းကျီနှင့် အခြားသော ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲများသည်ပင် သူမကို အလွန်အရေးထားကြောင်း မြင်တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အဘိုးဖြစ်သူသည် ထျန်းယွမ်နယ်မြေ၏ အရေးပါသော အကြီးအကဲများထဲမှ တစ်ဦးဖြစ်နေသောကြောင့်ပင်။

ရိချိုးရွှယ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အကိုတော့်ရဲ့ တန်ကြေးက တကယ်မသေးဘူးပဲ။"

ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ သူတောင်းဆိုထားသော အရာများမှာ အမှန်တကယ် များပြားလှပေသည်။ အကယ်၍ ရိကလန်တွင်သာ တိုက်ခိုက်ရန် လူအလုံအလောက် ရှိနေပါက သူကိုယ်တိုင် လိုလိုလားလား ဝင်ပါပေးမည်ဟု ပြောခဲ့လျှင်ပင် အရေးလုပ်ခံရမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ ရွေးချယ်စရာ မရှိပေ။ ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယအဆင့်အား တက်ရောက်နိုင်ရန် ထိုမူလရင်းမြစ်များအား မဖြစ်မနေ လိုအပ်နေပေသည်။

ဇူယွမ်မှာ မျက်မှောင်ကျုံ့လျက် အချို့သော မူလရင်းမြစ်များကို တောင်းဆိုချက်ထဲမှ ဖယ်ထုတ်လိုက်ရန် တွေးတောနေမိသည်။

ထိုအချိန်မှာပင် ရိချိုးရွှယ်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "ဒါပေမယ့် ကျွန်မတို့ရိကလန်က ဒီပစ္စည်းတွေပေးဖို့ တက်နိုင်ပါတယ်။"

ဇူယွမ်မှာ အံ့အားသင့်သွားရသည်။

ရိကလန်၏ အကြီးအကဲများမှာ သဘောမတူကြပါသော်လည်း ရိချိုးရွှယ်မှ လက်ကာပြထားလိုက်သည်။

သူမသည် ဇူယွမ်အား စူးစိုက်ကြည့်ရှုကာ ပြောလိုက်သည်။ "ကျွန်မတို့ ရိကလန်က အုပ်စိုးသူသခင်တိုက်ပွဲမှာ မရှုံးခဲ့ရင် ရှင့်ကိုဒီပစ္စည်းတွေအပြင် အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာပါ ပေးဦးမှာ။"

ထိုစကားကြောင့် ဇူယွမ်အပါအဝင် ခန်းမဆောင်တစ်ခုလုံး အံ့အားသင့်ကုန်ကြရသည်။

နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာ.....

ဇူယွမ်မှာ အဆင့်နိမ့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာကျော် သိမ်းဆည်းထားခဲ့ပါသော်လည်း ကွမ်းကျန်လဲ့အတွင်း ပျက်စီးသွားခဲ့ရသည်။

အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာသည် အဆင့်နိမ့် နတ်ဘုံခန်းဝါဆေး အလုံးငါးရာနှင့် ညီမျှပေသည်။ ထိုဆုကြေးသည် အလွန်ကောင်းမွန်သော ကမ်းလှမ်းချက်ပင် ဖြစ်သည်။

ထိုနတ်ဘုံခန်းဝါဆေးများသာ ရရှိခဲ့ပါက ဇူယွမ်၏ကျင့်ကြံခြင်းမှာ များစွာတိုးတက်သွားပေလိမ့်မည်။

ဇူယွမ်မှာ လိုချင်ရမ္မက်များ တောက်လောင်နေသော မျက်ဝန်းများဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ တစ်ဖက်တွင်လည်း ရိချိုးရွှယ်၏စကားများ အမှန်တကယ် မဟုတ်မည်ကို သံသယ ဝင်နေမိသည်။

ဇူယွမ်မှာ မယုံကြည်နိုင် ဖြစ်နေရသကဲ့သို့ အခြားသူများမှာလည်း ရိချိုးရွှယ်အပေါ် နားမလည်နိုင် ဖြစ်နေကြရသည်။

ရိချင်းကျီမှာ ကူကယ်ရာမဲ့စွာဖြင့် ချောင်းဟန့်ကာ စကားဆိုလိုက်သည်။ "ချိုးရွှယ်..... ဇူယွမ်က ဘယ်လောက်တော်တော် နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတာလေ။ ရိကလန် မရှုံးအောင် သူကဘာလုပ်ပေးနိုင်မှာလဲ။"

ရိချိုးရွှယ်မှာ အလွန်ထက်မြက်သော မိန်းမငယ်လေယ ဖြစ်ပါသော်လည်း ယခုတစ်ခေါက် သူမ၏လုပ်ရပ်အပေါ် နားမလည်နိုင် ဖြစ်နေရသည်။

ရိကလန် အနိုင်ရအောင် အာမခံနိုင်မည့်သူသည် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်း၏ ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်သူများသာ ဖြစ်လိမ့်မည်။

ထိုစာရင်း၏ ထိပ်သီးနေရာများ၌ ရပ်တည်နေသူများမှာ နောက်ခံအင်အား ကောင်းမွန်လွန်းလှပြီး ဇူယွမ့်ကိုမဆိုထားနှင့် ချူးလင်၊ ချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့သည်ပင် မယှဉ်ပြိုင်နိုင်သူများ ဖြစ်ကြသည်။

"ဟုတ်တယ်။ အခုအခြေအနေက သိပ်မကောင်းဘူးဆိုပေမယ့် အမတော် ချိုးရွှယ် စိတ်ပူစရာ မလိုပါဘူး။ အကိုတော်ရှိနေတာပဲဟာ။" လျိုမင်မှ စကားဆိုလိုက်သည်။

ရိချိုးရွှယ်မှာ သူမ၏အကိုတော်ကိုပင် ထိုသို့မဆက်ဆံပဲ ဇူယွမ်အား အလွန်အရေးပေးနေသည်ကို မယုံကြည်နိုင် ဖြစ်နေရသည်။

သူမ၏အမြင်တွင်မူ ဇစ်မြစ်ပင် မသိရှိရသော ဇူယွမ်ထက် အကိုတော်ဖြစ်သူ လျိုကျစ်ရွှမ်းမှာ အဆပေါင်းများစွာ သာလွန်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရိချိုးရွှယ်မှာ ၎င်းတို့အား အရေးပင်မစိုက်ပဲ ဇူယွမ့်ကိုသာ စူးစိုက်ကြည့်ရှုနေသည်။

ဇူယွမ့်အပေါ်တွင်ရှိနေသော ရိချိုးရွှယ်၏ ခံစားချက်များကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် "ဆန်းကြယ်သည်"ဟုသာ အဖြေထွက်လိမ့်မည်။

အခြားသော ကောင်းကင်ဒေသမှ လာရောက်ခဲ့သော ဇစ်မြစ်မသိရသည့် လူငယ်လေးတစ်ဦး ဖြစ်ပါသော်လည်း သူမသည် ဇူယွမ်နှင့်ပက်သတ်၍ ထူးခြားဆန်းကြယ်သော အငွေ့အသက်များကို ခံစားနေမိသည်။

ထို့အပြင် သူသည် ယုံကြည်ချက်လည်း ပြင်းပြလွန်းလှသည်။

ရိကလန်၏ ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲများ ရှေ့မှောက်၌ပင် အနည်းငယ်မျှ ကြောက်ရွံ့နေခြင်း မရှိပေ။

ထို့ကြောင့် ဇူယွမ့်တွင် ဝှက်ဖဲများစွာ ရှိနေလိမ့်မည်မှာ သေချာပေသည်။

ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲများရှေ့၌ပင် ယခုကဲ့သို့ တောင်းဆိုမှုမျိုးကို မကြောက်မရွံ့ တောင်းဆိုလာသည့်အတွက် အမြတ်ထုတ်ရန် သက်သက်မဖြစ်နိုင်ဟု ရိချိုးရွှယ်မှ ယူဆမိသည်။

ဇူယွမ်မှာလည်း ရိချိုးရွှယ်သည် အဘယ့်ကြောင့် သူ့အပေါ် လောင်းကြေးကြီးကြီး ထပ်ရသည်ကို နားမလည်နိုင် ဖြစ်နေရသည်။

မည်သို့ပင်ဆိုစေကာမူ လိုအပ်သော ပစ္စည်းများ ရရှိနိုင်မည်ဆိုပါက မည်သည့်လောင်းကြေးကိုမဆို ကြောက်ရွံ့နေမည် မဟုတ်ပေ။

ဇူယွမ်မှ ရိချိုးရွှယ်အားကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

"အုပ်စိုးသူသခင်တိုက်ပွဲမှာ ရိကလန်က မရှုံးစေရဘူး။"

"ဒါပေမယ့် လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ နှစ်ရက်အတွင်း လိုချင်တယ်။"

ရိချိုးရွှယ်မှာ စားပွဲအား လက်ဖြင့်တောက်ရင်းဖြင့် စကားဆိုလိုက်သည်။

"သဘောတူတယ်။"

ဤသို့ဖြင့် ရိကလန်အား တုန်လှုပ်အံ့သြစေခဲ့သော အပေးအယူမှာ အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့ပြီပင် ဖြစ်လေတော့သတည်း....

All Chapters