အခန်း (၃၁၀-၃၁၂)
Vol. 21 Ch. 310-312
အခန်း ၃၁၀ ။ ဝတ်ရုံစိမ်းဂိုဏ်း၏ အလုံးစုံပျက်စီးခြင်း
ချီမွမ်းမံမှုအဆင့်တပည့်တွေပ ဘာဂါထာမှမသင်ယူရသေးဘူး။ သူတို့တွေက တိုက်ခိုက်တယ်လို့ ပြောပေမဲ့ တကယ်တော့ ဓားဓမ္မပြိုင်ပွဲတစ်ခုပါပဲ။ လော့ထောင်က ဝဝတုတ်တုတ်ဆိုပေမဲ့လည်း သူ့လှုပ်ရှားမှုတွေကို လုံးဝ မနှောင့်နှေးစေဘူး။ ပုံမှန်ရက်တွေတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတာ အသိသာကြီး။
လူတိုင်းကို အံ့ဩသွားစေတာက ကျင်းချီက တကယ့်ကို လော့ထောင်နဲ့ယှဉ်နိုင်တဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားနေပြီး လော့ထောင် တိုက်ခိုက်မှုအားလုံးကို ကာရုံတင်မက ရံဖန်ရံခါ တန်ပြန်တိုက်ခိုက်မှုတွေတောင် လုပ်နိုင်တယ်။ ယိချင်းတောင် အံ့ဩသွားတယ်။ ကျင်းချီက ဝတ်ရုံစိမ်းဂိုဏ်းထဲဝင်တာ လပိုင်းပဲရှိသေးတာကို သူ့ဓားဓမ္မက အဲလောက်သန်မာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ချီမွမ်းမံမှုတတိယအဆင့်နဲ့ လုံးဝကိုမတူတာ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကျင့်ကြံဆင့်က လော့ထောင်ထက် နိမ့်တာပဲလေ။ အစပိုင်းမှာ အသာစီးတချို့ရခဲ့ပေမဲ့ လော့ထောင်ရဲ့ ကျင့်ကြံမှုက အကြောင်းရင်းမရှိ ကြီးထွားခဲ့တာမဟုတိဘူး။ တစ်အောင့်အကြာမှာ ကျင်းချီရဲ့ ဝိညာဉ်စွမ်းအင်က သိသိသာသာ မလုံမလောက် ဖြစ်လာပြီး တစ်စတစ်စ လျော့ပါးလာတယ်။
ဒါကိုမြင်တော့ လော့ထောင်က သူ့တိုက်ခိုက်မှုကို အရှိန်မြှင့်ပြီး ရှေ့တိုးကာ ဒီတိုက်ခိုက်မှုကို မကြာခင် အပြီးသတ်အောင် ကြိုးစားလေတယ်။ သူက ဒဏ်ရာမရအောင် ဓားကို လက်မဝက်လောက် တမင်သက်သက်တောင် ကွေးလိုက်တယ်။ ဓားက ပြိုင်ဘက်ရဲ့ လည်ပင်းဆီ ဦးတည်သွားတယ်။
ကျင်းချီမျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး လက်တွေကိုလှည့်လိုက်တာနဲ့ ချက်ချင်း မီးတောက်ကြီးတစ်ခုက လော့ထောင်ဆီ တန်းတန်းမတ်မတ်ဦးတည်ပြီး သူ့ကို ပစ်ထုတ်လိုက်လေတယ်။
နောက်တော့ လော့ထောင်က ပေတချို့အကွာအဝေးဆီ ပြုတ်ကျသွားခဲ့တယ်။ ကံကောင်းတာက သူက မီးတောက်တွေကို စုပ်ယူတဲ့ ဓမ္မဝတ်ရုံဝတ်ထားတာ။ မြေကြီးနဲ့ ရိုက်မိလို့ နည်းနည်းလေး နာသွားတဲ့အပြင် မီးတောက်ကြောင့်ဒဏ်ရာရတာမျိုးမရှိ။
ဒါပေမဲ့ ကျင်းချီဓားက သူ့လည်တိုင်ပေါ်ရောက်နေပြီ။ သူက အထင်သေးဟန်နဲ့ ကြည့်လာပြီး အေးစက်စက်ပြောတယ်။
"ဖက်တီး၊ မင်းရှုံးပြီ"
လော့ထောင်က မှင်တက်သွားပြီး မဝေးမနီးမှာ ကျသွားတဲ့ ဓားကိုလှမ်းကြည့်လိုက်တယ်။ သူ တစ်ခဏလောက် မတုံ့ပြန်နိုင်ဘူး။
သူတို့ပတ်လည်က တခြားသူတွေ တကယ်ကို အံ့ဩတကြီး ပင့်သက်ရှိုက်ကုန်တယ်။
"ခုသုံးလိုက်တာ မီးဂါထာ မဟုတ်လား၊ တတိယအဆင့် ချီမွမ်းမံမှုမှာတင် မီးကိုသုံးနိုင်ပြီပေါ့"
"မိုက်လိုက်တာ၊ အဲဂါထာက အုတ်မြစ်အခြေအတည်အဆင့်အတွက်ပဲဆို"
"သူတကယ် ဆရာဦးလေးငယ်လော့ထောင်ကို အနိုင်ရခဲ့တယ်ပေါ့၊ ဆရာဦးလေးငယ်က ပဉ္စမအဆင့်နော်"
"အင်း၊ ဝတ်ရုံစိမ်းဂိုဏ်းမှာလည်း ဒီလို အစွမ်းကြီးတဲ့လူတွေရှိနေမယ်လို့ မသိခဲ့ဘူး"
"သူ့မှာ အာကာသဝိညာဉ်ကြောလည်းရှိတယ်လို့ကြားတယ်"
တစ်ခါတည်း ကျင်းချီကို ကြည့်နေတဲ့လူတိုင်းရဲ့ အကြည့်မှာ စိတ်လှုပ်ရှားမှုပေါ်လာပြီး စောနလေးကတင် ရန်လိုမှုကတောင် အများကြီးလျော့နည်းသွားတယ်။
ကျင်းချီက သူတို့ရဲ့ထိတ်လန့်နေတဲ့အကြည့်တွေကို လုံးဝမမြင်ခဲ့သလိုမျိုး နှာမှုတ်လိုက်တယ်။ သူက အထင်သေးစွာနဲ့ငုံ့ကြည့်တယ်။
"ဝတုတ်၊ မင်းရှုံးတာဝန်ခံတော့၊ ငါ့ဆရာတူညီမလေးကိုတောင်းပန်"
လော့ထောင်က တကယ်တော့ ဒေါသလည်းမထွက်သလို အရှက်ကွဲသလိုလည်းမခံစားရ။
သူက သပ်သပ်ရပ်ရပ် ထရပ်ပြီး မနီးမဝေးက ကလေးမကို ဦးညွှတ်လိုက်တယ်။
"တောင်းပန်ပါတယ် မင်းတို့အခုတပည့်များခန်းမဆီ ဝင်လို့ရပြီ" တစ်ခဏထပ်တွေးပြီးတော့ သူက ထပ်ပြောတယ်။
"ဒါပေမဲ့ မင်းတို့ ဝိညာဉ်ဆေးပင်တွေကို ခူးပစ်တဲ့အကြောင်းနဲ့ ဆရာတူညီလေးကို ထိခိုက်အောင် လုပ်တာကိုတော့ ဂိုဏ်းချုပ်ကိုပြောဦးမှာပဲ"
"မင်း..." ကျင်းချီ စိတ်ပူပန်သွားပြီး လော့ထောင်ကို သူ့အကြည့်က ပိုပြီးတောင်ခက်ထန်လာတယ်။ တစ်အောင့်ကြာမှ သူက အသက်ပြင်းပြင်းရှူပြီး ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ရိုးသားမှုဂိုဏ်းမှာ ရှိနေတာမို့ အောင့်ခံလိုက်ရတယ်။ ဒါပေမဲ့ သူ့ရှေ့မှာရှိတဲ့ ဝတုတ်လေးကိုကြည့်ကာ မနေနိုင်ဘဲ လှောင်လိုက်တယ်။
"ကြည့်ရတာ မင်းတို့ရိုးသားဂိုဏ်းက နောက်ဆုံးတော့ သိပ်လည်းမကောင်းတဲ့ပုံပါပဲလား၊ ချီမွမ်းမံမှုပဉ္စမအဆင့်လူကတောင် တတိယအဆင့်ဖြစ်တဲ့ငါ့ကို အနိုင်မယူနိုင်ဘူး"
"မင်းက မီးကိုသုံးလို့ရတာမို့ ငါမင်းကို အနိုင်မယူနိုင်တာအမှန်ပဲ"
သူက လော့ထောင် ဒီလိုတည်ကြည်တဲ့ မျက်နှာထားနဲ့ ဝန်ခံမယ်လို့ မထင်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်နှစ်မပြည့်သေးတဲ့ ကလေးအတွက်တော့ တဲ့တိုးပဲ။ တခြားတပည့်တွေကပါ သူ့စကားထဲက အရွဲ့တိုက်မှုကို လုံးဝနားမလည်သလိုမျိုး သဘောတူညီတဲ့အနေနဲ့ ခေါင်းညိတ်တယ်။
ကျင်းချီရင်ထဲ ပိတ်ဆို့နေတဲ့ ခံစားချက်တစ်မျိုး ခံစားလိုက်ရတယ်။ တစ်စုံတစ်ခုက အဲနေရာမှာ ညပ်နေပြီး ထွက်ပေါက်မရှာနိုင်သလိုမျိုးပဲ။ သူ လှည့်လိုက်တော့ ဝတုတ်လေးနဲ့လိုက်လာတဲ့ ယိချင်းကို မြင်သွားပြီး မျက်လုံးတွေ ချက်ချင်း မည်းနက်သွားတယ်။ သူက တန်းလက်ညှိုးထ်ုးကာ ပြောတော့တယ်။
"ဟေး အရိုင်းအစိုင်းလေး၊ ငါတို့က တစ်ရွာတည်းကလာတာဆိုတော့ တစ်နည်းနည်းနဲ့ ငါတို့လည်း တိုက်ခိုက်ရမှာပဲ"
ဘာကြောင့်မှန်းမသိ သူ ဒီကောင့်ကို သဘောကျလို့မရဘူး။ နှစ်ယောက်လုံးက မိဘမဲ့တွေဆိုပေမဲ့ တစ်ချိန်လုံး တစ်နည်းနည်းနဲ့ သူ့ထက်အသာစီးရနေတာ ရွာတည်းကနေ ခုထိပဲ။ ရွာသားတွေကို "ဦးလေး" "အဒေါ်" ဆိုပြိး အမြဲနှုတ်ဆက်သူက သူဆိုပေမဲ့ သူတို့တွေက စကားသေချာမပြောတဲ့ ကောင်လေးကို ပိုသဘောကျကြတယ်။ အမတဂိုဏ်းတစ်ခုကို ဝင်ခွင့်ရခဲ့တာ ကံကောင်းသူဆိုပေမဲ့ သူကတော့ ဒီလိုမျိုးဖြစ်ဖို့ မွေးလာသလိုမျိုး တစ်နည်းနည်းနဲ့ ပိုပြီးကြီးမားတဲ့ ရိုးသားမှုဂိုဏ်းကို ဝင်သွားတယ်။
"စိတ်ချပါ၊ ငါ မီးမသုံးဘူး" သူက တစ်ခုခုကို သက်သေပြချင်သလိုမျိုး အသည်းအသန်ပြောတော့တယ်။
"ငါတို့နှစ်ယောက်လုံးက တတိယအဆင့်ချီ..."
"ဟင့်အင်း" ယိချင်းက ချက်ချင်းငြင်းလိုက်တယ်။
"ဘာလို့လဲ"
သူ မှင်တက်သွားပြီး နှာမှုတ်ကာ စိန်ခေါ်လိုက်တယ်။
"မင်း ငါ့ကို အနိုင်မယူနိုင်တာလား၊ ငါ မင်းကို အနိုင်ယူမှာကြောက်နေတာလား"
"အင်း ငါမင်းကို မနိုင်နိုင်ဘူး" သူမှ ဓားဓမ္မကို မသင်ရသေးတာ။
"..." ကျင်းချီက သူ တကယ်ကြီး ဝန်ခံလာမယ်လို့ မထင်ထားတာမို့ ဆွံ့အသွားတယ်။ ချက်ချင်းပဲ သူ ဝါဂွမ်းကို ထိုးနေမိသလိုမျိုး မွန်းကြပ်ကာ အနေရခက်သွားတယ်။
ယိချင်းက တစ်ခဏတွေးပြီး ထပ်ပြောလိုက်တယ်။
"ပြီးတော့ အားလည်းမအားဘူး" သူ့ဆရာအတွက် ခဏနေကျ ဟင်းချက်ပေးရဦးမယ်။ သူ နောက်ဆုံးတော့ ဟင်းပွဲ၂၀ တွေးနိုင်ခဲ့ပြီ။
နောက်တော့ တုံ့ပြန်မှုကို မစောင့်ဘဲ သူက တပည့်များခန်းမဆောင်ဆီ လှည့်ဝင်သွားပြီး ဝတုတ်ကောင်လေးကိုလည်း သူ့နောက်လိုက်စေတော့တယ်။
ကျင်းချီပဲ ကျန်ခဲ့တဲ့သူ။ သူ့မျက်နှာက မည်းနက်နေပြီး ဘေးမှာချထားတဲ့လက်ကို တင်းတင်းဆုပ်လိုက်လေတယ်။
——————
ဧည့်သည်ခန်းမဆောင်အတွင်း။
ဂိုဏ်းချုပ်လော့ဟုန်က သက်ပြင်းချကာ သူ့ဘေးက ကူယွဲ့ကိုကြည့်တယ်။
"မိစ္ဆာတွေက ခုစုဝေးပြီး အမတဂိုဏ်းတစ်ခုကို တိုက်ခိုက်ရဲတဲ့အထိ သောင်းကျန်းရဲလွန်းမယ်လို့ မထင်ခဲ့ဘူး၊ ဝတ်ရုံစိမ်းဂိုဏ်းက ခဏတာ သတိမမူမိတော့ သူတို့တိုက်ခိုက်မှုကိုခံခဲ့ရတာပဲ"
"သူတို့တွေက တောင်အကာအကွယ် မသုံးဘူးလား" ကူယွဲ့ မျက်မှောင်ကြုတ်မိတယ်။
"ပြောရရင် ဂိုဏ်းတိုင်းမှာ ရန်သူတွေဆီက တိုက်ခိုက်မှုကို ကာဖို့ရော ကယ်တင်ရေးအတွက် အချိန်ဆွဲထားဖို့ရော အကာအကွယ်တောင်အစီအရင်ရှိကြတယ်လေ၊ ဝတ်ရုံစိမ်းဂိုဏ်းက ရိုးသားမှုဂိုဏ်းနဲ့ ဝေးတာမှ မဟုတ်တာ၊ တကယ်လို့ ကယ်တင်ရေးက အချိန်မမီခဲ့ရင်တောင် အလုံးစုံ ပျက်သုဉ်းမှုအဆင့်ထိတော့ မရောက်သင့်ဘူးမလား"
"ဒါနဲ့ပတ်သက်ရင် သူတို့ရဲ့ တောင်အကာအကွယ်အင်းကွက်က ဘာလို့အသက်မဝင်ခဲ့လဲ ကျွန်ုပ်လည်းမသေချာဘူး" လော့ဟုန် ခေါင်းယမ်းလိုက်တယ်။
"ကျွန်ုပ်သတင်းရချိန် နောက်ကျလွန်းသွားပြီ၊ ဒါပေမဲ့ ကျွန်ုပ်ရောက်ချိန် ဒဿမအဆင့် မိစ္ဆာဘုရင်ရဲ့ မိစ္တာအရှိန်အဝါကို ရှာတွေ့ခဲ့တယ်၊ တကယ်လို့ အင်းကွက်ကို အသက်သွင်းခဲ့ရင်တောင် အဲမိစ္ဆာတွေကို တားမရမှာစိုးမိတယ်"
"ဒဿမအဆင့်လား" မိစ္ဆာဘုရင်ကိုယ်တိုင် ရောက်လာတာလား။ သူ ရုတ်တရက် ယုန်တစ်ကောင်ကို သတိရသွားခဲ့တယ်။ ဘယ်တုန်းကစပြီး မိစ္ဆာတွေလည်း အဲလောက် သတ္တိကောင်းလာခဲ့တာတုံး။
"မိစ္ဆာတွေအဲလောက်အများကြီးက အဆင့်နိမ့်ဂိုဏ်းသေးလေးကို တိုက်ခိုက်ပြီး ဘာလုပ်တာလဲ"
"ကျွန်ုပ်လည်း ဒါကိုနားမလည်နိုင်တာ" လော့ဟုန်မျက်နှာက ဇဝေဇဝါဖြစ်မှုအပြည့်။ သူတို့တွေက ပုံမှန်ဆို ဝတ်ရုံစိမ်းဂိုဏ်းနဲ့ အဆက်အဆံသိပ်မရှိပေမဲ့ ပိုပြီးတောင် ဆင်းရဲတဲ့ဂိုဏ်းတစ်ခုဆိုတာတော့ သိတယ်။ နတ်ဝိညာဉ်ကျင့်ကြံသူဖြစ်တဲ့ ဂိုဏ်းချုပ်ကလွဲ ရွှေအမြုတေကျင့်ကြံဆင့်တပည့်တွေတောင် နည်းနည်းလေး။
"ဆရာတူညီနဲ့ ကျွန်ုပ်တို့ သတင်းကိုရပြီး အပြေးသွားချိန် တစ်ဂိုဏ်းလုံးနီးပါး အမြစ်ပြတ်သုတ်သင်ခံရပြီးပြီ"
"ရှန်းရင်၊ မင်း ဘာဖြစ်ခဲ့တယ်ထင်လဲ"
ကူယွဲ့ ရှန်းရင်ကို ကြည့်လိုက်တယ်။
"အာ" ရှန်းရင်က မော့ကြည့်လာတယ်။
"မိစ္ဆာတွေက ဝတ်ရုံစိမ်းဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်" ကူယွဲ့ နှုတ်ခမ်းတွန့်ချိုးသွားတယ်။
ငါတို့ အစည်းအဝေးလုပ်နေတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး အာရုံစိုက်ပေးလို့ရမလား၊ ဒါမှမဟုတ် ဟန်ဆောင်ရုံလေးပေါ့။
"ဝတ်ရုံစိမ်းဂိုဏ်းက ဒီကနေ မိုင်တစ်ရာတောင် မကွာတဲ့နေရာမှာရှိတာ၊ တောင်ဘက်..." သူ သူမရဲ့အရပ်မျက်နှာ အသိမရှိတာကို သတိရသွားပြီး စကားပြောနည်းပြောင်းလိုက်တယ်။
"ယိချင်းအရင်ကနေခဲ့တဲ့ရွာနဲ့ နီးတဲ့ အမတဂိုဏ်းပဲ"
"အိုး" ရှန်းရင်ပုံစံက ခုမှနားလည်လာသလိုမျိုး။
"မိစ္ဆာတွေက ဘယ်တော့မှ စုဝေးပြီးမလှုပ်ရှားဘူး" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ပထမဆုံးအဲရွာ၊ နောက်တော့ဝတ်ရုံစိမ်းဂိုဏ်း၊ မိစ္ဆာတွေအများကြီးတူတူပေါ်လာတာကို မြင်ခဲ့ကြတယ်၊ ပြီးတော့ နေရာတစ်ခုတည်းရဲ့ ပတ်လည်မှာဖြစ်နေသလိုပဲ၊ တခြားအကြောင်းရင်း ရှိကိုရှိရမယ်"
ရှန်းရင်မျက်လုံးတွေ မှေးသွားပြီး အချိန်အတော်ကြာမှ သူမကပြောလာတယ်။
"အဲသတိပေးသံ ဖြစ်ရမယ်..."
ထင်ထားတဲ့အတိုင်းပဲ... ကူယွဲ့ နှလုံးသားတင်းကြပ်သွားခဲ့တယ်။
…
အခန်း ၃၁၁ ။ တပည့်အသစ်များ ဂိုဏ်းထဲဝင်ရောက်
"မင်းလည်း အဲလူနဲ့ပတ်သက်တယ် ထင်တယ်လား" ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ မိစ္ဆာတွေက ရည်ရွယ်ချက်ရှိပုံပဲ။ ပြီးတော့ သူတို့ အဲရွာလေးမှာရှိချိန် မူမမှန်ပုံပေါ်တဲ့ တစ်ဦးတည်းသောလူက ရှန်းရင်မြင်ခဲ့တဲ့တစ်ယောက်၊ မိစ္ဆာနတ်ဘုရားပြောတဲ့ ကြမ္မာက သူ့ဆီ စောင်းနေတဲ့သူဆိုတဲ့တစ်ယောက်ပဲ။ ဒီကမ္ဘာရဲ့ ကြမ္မာက မူမမှန်စွာလှုပ်ရှားပြီး လူတစ်ယောက်တည်းအပေါ် အာရုံစိုက်တာရှားပေမဲ့ စုစုပေါင်းကတော့ တစ်ပြေးညီတည်းရှိနေတာ။ ဆိုလိုတာက လူတစ်ယောက်အပေါ် ကြမ္မာတိုးသွားပြီဆိုတာနဲ့ တခြားသူတွေအတွက် နည်းသွားလိမ့်မယ်။
ရှန်းရင်ပြောတဲ့ ကြမ္မာ စောင်းငင်နေတယ်ဆိုတဲ့လူ ထွက်သွားတာနဲ့ အဲညမှာတင် မိစ္ဆာတွေက ရွာကို တိုက်ခိုက်ခဲ့တယ်။ နောက်တော့ချက်ချင်းပဲ ဘေးက ဝတ်ရုံစိမ်းဂိုဏ်း ဖျက်ဆီးခံခဲ့ရတယ်။ အကွာအဝေးက သူတို့ကြား ဆက်စပ်မှုမရှိဘူးလို့ မတွေးမိအောင် ခက်စေတာပဲ။
"ဆရာသခင်ဆိုလိုတာဘာလဲဗျ၊ နောက်ကွယ်က အကြောင်းရင်းကို သိပြီးပြီလား"
လော့ဟုန်က သူတို့စကားကိုနားထောင်ရင်း ဇဝေဇဝါဖြစ်နေတယ်။
"ဘာမှမဟုတ်ပါဘူး" ကူယွဲ့က သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။
"မိစ္ဆာတွေ ဝတ်ရုံစိမ်းဂိုဏ်းကို တိုက်ခိုက်တာက သူတို့ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုနောက် လိုက်နေလို့ဖြစ်နိုင်တယ်"
လော့ဟုန် ခေါင်းညိတ်လိုက်တယ်။ တကယ်ပဲ ဝတ်ရုံစိမ်းလိုဂိုဏ်းသေးလေးတစ်ခုက ဒဿမအဆင့် မိစ္ဆာဘုရင်အတွက် ဘာအဓိပ္ပာယ်မှမရှိဘူး။ သူတို့ တစ်ခုခုကို ရှာနေတာမဟုတ်သရွေ့ပေါ့။
"အော်ဟုတ်သား၊ ကျွန်ုပ်ဆရာတူညီလေးနဲ့ ကျွန်ုပ်လည်း လျှို့ဝှက်အခန်းတစ်ခုထဲမှာ ဝတ်ရုံစိမ်းဂိုဏ်းရဲ့ တပည့်အသစ်တချို့ကို ရှာတွေ့ခဲ့တယ်"
"တပည့်တွေလား" ကူယွဲ့ အကြည့်က အေးစက်သွားတယ်။
"ဒါဆို..."
လော့ဟုန်က ဘာကြောင့်မှန်းမသိ မဆိုစလောက် ကြက်သီးထမိသွားလေရဲ့။
"ဒါကြောင့်... ကျွန်ုပ်တို့ သူတို့ကို ပြန်ခေါ်လာခဲ့တယ်"
"ခင်ဗျား သူတို့ကို ဂိုဏ်းထဲဝင်ခွင့်ပြုမို့လား"
ကူယွဲ့ နှာမှုတ်လိုက်ပြီး မျက်နှာအမူအရာက အထင်းသား။
"ခင်ဗျားတို့ဘာသာခင်ဗျားတို့ မထောက်ပံ့နိုင်လောက်တဲ့အထိ မွဲနေပြီကို ဘယ်လိုလုပ် တပည့်အသစ်တွေ ခေါ်သွင်းရဲသေးတာလဲ"
"အာ..." လော့ဟုန်မျက်နှာပေါ် ရုတ်တရက် ချွေးစေးတွေပြန်လာတယ်။
"အမ်- သူတို့ကြားထဲ၊ တချို့က အတော်လေး အရည်အချင်းရှိတယ်လေ"
"ဟမ့်"
လော့ဟုန် စကားမပြောရဲတော့ဘူး။ ဆင်းရဲမှုက လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို လျော့ကျစေတာပဲ။
ဆရာသခင်ကူယွဲ့က ရိုးသားမှုဂိုဏ်းကို ရောကနလာတည်းက လပိုင်းအတွင်း တစ်ဂိုဏ်းလုံး ပြောင်းလဲသွားခဲ့တယ်။ ဝိညာဉ်ချီက အများကြီးပိုထူလာခဲ့တယ်။ ပြီးတော့ သူ သူတို့ကိုသင်ပေးတဲ့ ဂိုဏ်းကိုစီမံနည်း နည်းလမ်းတွေက တကယ်ကို အသုံးဝင်ပြီး ဂိုဏ်းက အများကြီးပိုပြီးတော့ ငွေကြေးပိုင်းဆိုင်ရာအရ အဆင်ပြေလာတယ်။
အထူးသဖြင့် သူတို့တွေ ဝိညာဉ်ကျောက်တုံးတွေကို ရပြီးတည်းက ထိပ်သီးအဆင့် ဂိုဏ်းတွေကလူတွေကို တွေ့တိုင်း မကြောက်တော့ဘူး။ အတိတ်တုန်းက တပည့်တစ်ယောက်ကို ဓမ္မဝတ်ရုံတစ်ထည် ပေးတာက ကြီးမားတဲ့ဆုလာဘ်ဖြစ်ခဲ့ပေမဲ့ အခုတော့လူတိုင်းနီးပါးမှာရှိနေပြီ။
သူတို့ အင်မတန်ဂရုစိုက်ပြီး သာမန်အခြေအနေတွေအောက် မသုံးရဲခဲ့တဲ့ ဓမ္မရတနာတွေကို ဝိညာဉ်ကျောက်တုံးတွေ ရပြီးတဲ့နောက် သုံးစွဲပြီးတိုင်း ဘေးကိုခပ်ပေါ့ပေါ့ပစ်ထုတ်လိုက်နိုင်ပြီ။ ဒါတွေက သူ နှစ်ရာချီလေ့ကျင့်ခဲ့တာတောင် တစ်ခါမှ စိတ်ကူးမယဉ်ဖူးခဲ့တဲ့ အရာတွေပဲ။ ဒါပေမဲ့ ခုတော့ ဒါတွေအားလုံး အမှန်ဖြစ်လာပြီ။
ဒါတွေအားလုံးက ဆရာသခင်ကူယွဲ့ ကျေးဇူးကြောင့်ပဲ။ သူသာ အသည်းအသန် မကန့်ကွက်ဘဲ သူတို့ဆီ အဲအထင်သေးတဲ့ခံစားမှု မရှိရင် ဂိုဏ်းချုပ်ရာထူးကို ပစ်ပေးချင်... အာမဟုတ် လွှဲပေးချင်ခဲ့တာ။ သူသာ ဒီမှာရှိရင် သူတို့ မကြာတဲ့အနာဂတ်မှာ ထိပ်သီးအဆင့်ဂိုဏ်းတစ်ခုဖြစ်လာနိုင်တယ်
တစ်ခုတည်းသော ပြဿနာက ဆရာသခင်ကူယွဲ့က နည်းနည်းလေး စိတ်တိုလွယ်တာပဲ။ သူ့အမူအရာက သိပ်ပြီးမပြောင်းလဲပေမဲ့ သူ့မျက်နှာမည်းမှောင်သွားတိုင်း လော့ဟုန် အရိုးထဲ လေအေး တိုက်ခတ်သွားသလို ခံစားရပြီး ခြေထောက်တွေ မနေနိုင်ဘဲ စတုန်ယင်လာတယ်။ ဖြစ်နိုင်တာ ဒါက အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ ခမ်းနားမှုပဲလို့ သူ တွေးမိတယ်။
ဒီကမ္ဘာတစ်ခုလုံးမှာ ဆရာသခင်ရဲ့ အဲမိတ်ဆွေကပဲ သူ့ရှေ့တည်တည်ငြိမ်ငြိမ်နဲ့ ပေါ့ပေါ့ပါးပါးနေနိုင်ပုံပဲ။
စကားမစပ်... အဲဆရာသခင်ရဲ့ နာမည်ကဘာပါလိမ့်။
သူ ဘေးကို အလိုလို လှည့်မိပြီး သစ်သီးတစ်ပန်းကန်ကို စိမ်ပြေနပြေ စားပြီးပြီဖြစ်တဲ့ အမျိုးသမီးကို ကြည့်မိသွားတယ်။ ရှန်း... ရှန်း... ရှန်းရီလား။ ရှန်းရန်လား။ အဒေါ်လား။
[အဒေါ်အတွက်စကားလုံးက တရုတ်မှာ ရှန်းရှန်းပါ]
(╯_╰)
ကောင်းပါပြီလေ၊ အဲဒါက အရေးမကြီးပါဘူး။
"ဆရာသခင်၊ သူတို့အားလုံးက မြီးကောင်ပေါက်အရွယ်လေးတွေပါ၊ သွားစရာနေရာမရှိကြဘူးလေ"
လော့ဟုန်က ရယ်မောပြီးဆက်ပြောတယ်။
"ပြီးတော့ ဒါက ကျွန်ုပ်တို့ဂိုဏ်း တပည့်အသစ်တွေ လက်ခံဖို့အချိန်ကျတောဘမယ်လေ၊ ဂိုဏ်းရဲ့ အကြီးအကဲတွေအားလုံး အပြင်မှာစောင့်နေကြပါတယ်၊ ဆရာသခင် မဆုံးဖြတ်ခင် တစ်ချက်လောက်တူတူကြည့်ကြမလား"
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်တယ်။
လော့ဟုန်က အမိန့်တချို့ပေးလိုက်တော့ သိပ်မကြာခင် အမြုတေဖွဲ့စည်းမှုပြီးမြောက်ထားတဲ့ ဂိုဏ်းရဲ့ တာအိုအရှင်တွေနဲ့ ဒုတိယအဆင့် နတ်ဝိညာဉ်ကျင့်ကြံသူ လော့လွေ့ကအထဲဝင်လာတယ်။ ဖြစ်နိုင်တာက သူတို့ ခုတလော ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကူယွဲ့ရဲ့ဖမ်းဆီးတာကို ခံခဲ့ရလို့ထင် နှုတ်ဆက်ပြီးတာနဲ့ ကူယွဲ့ သူတို့ကို စကားစပြောမှာကြောက်သလိုမျိုး တံခါးဘက်လှည့်ကာ တပည့်တွေ ဝင်လာမှာကိုစောင့်နေလေတယ်။
လော့ဟုန်က တပည့်များခန်းမကနေ တပည့်တွေကို ခေါ်ဖို့ အမိန့်ပေးလိုက်တယ်။ ၁၅မိနစ်အတွင်း သူတို့ အသက်၁၀နှစ်အရွယ်ကလေးတစ်စု အဝေးကနေ ချဉ်းကပ်လာတာကို မြင်လိုက်ရတယ်။ စုစုပေါင်းဒါဇင်နဲ့ချီဖြစ်ပြီး တချို့က ဝတ်ရုံစိမ်း၊ တခြားသူတွေကတော့ အဖြူနဲ့အပြာရောင် တပည့်ဝတ်ရုံတွေဝတ်ထားတယ်။
သူတို့ဝင်လာပြီးတဲ့နောက် ဧည့်သည်ခန်းမထဲတန်းစီရပ်ကာ အတူတူဂါဝရပြုပြီး အထဲကလူတွေကို စိတ်လှုပ်ရှားမှု၊ သိချင်စိတ်တို့နဲ့ ကြည့်ကျတော့တယ်။
ဒါက စောနလေးကတင် တပည့်များခန်းမမှာ ရန်ဖြစ်ခဲ့ကြတဲ့ ကလေးအုပ်စုကွက်တိပဲ။
ကျင်းချီက သူ့အသိတွေထက် အရပ်ရှည်တာမို့ နောက်မှာရပ်တယ်။ သူ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ရိုးသားမှုဂိုဏ်းကို ရောက်လာပြီးတော့မှ သူ့မျက်လုံးထဲ နတ်သမီးပုံပြင်လိုမျိုး ဖြစ်နေခဲ့တဲ့ ဝတ်ရုံစိမ်းက အဆင့်နိမ့်အမတဂိုဏ်းလေးပဲဆိုတာ နားလည်ခဲ့ရတယ်။
ဝတ်ရုံစိမ်းဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက် ရိုးသားမှုဂိုဏ်းချုပ်က သူတို့ကိုဒီခေါ်လာဝာာမို့ ဒီနေရာမှာ ခေါ်ထားဖို့ ရည်ရွယ်တာလို့ ခန့်မှန်းမိတယ်။ ပြီးတော့ သူ့အရည်အသွေးနဲ့ဆို ဘယ်ဂိုဏ်းဝင်ဝင် ပြဿနာ မရှိဘူး။ သူ နဂိုတုန်းကတော့ ရိုးသားမှုကိုဂိုဏ်းကို သဘောမကျတာမရှိခဲ့ဘူး။ ဒါပေမဲ့ ယိချင်း၊ ဖက်တီးတို့နဲ့ ဖြစ်ခဲ့တဲ့ကိစ္စအပြီးမှာ သူတုံ့ဆိုင်းမိတယ်။
ဉာဏ်ကောင်းသူဟာ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ မနေဘူး။ ဖက်တီးက ဂိုဏ်းချုပ်သားဆိုတာ နောက်မှသိရတယ်။ သူ အပြစ်ပြုမိပြီးပြီဆိုပေမဲ့ နောင်တမရဘူး။ ဒါပေမဲ့ သူ ဆက်နေမယ်ဆိုရင် သေချာပေါက် မလွဲမသွေ လက်စားလာချေမှာ။ ဒီလိုမဟုတ်သရွေ့... သူ အရှေ့ကို မနေနိုင်ဘဲ လှမ်းကြည့်မိလိုက်တယ်။ လွန်ခဲ့တဲ့လပိုင်းကတင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် ရိုးသားမှုဂိုဏ်းထဲ ဝင်ရောက်လာတယ်လို့ကြားခဲ့တယ်။ သူသာ သူတို့ထဲက တပည့်တစ်ယောက် ဖြစ်လာနိုင်ရင် စိုးရိမ်စရာမလိုတော့ဘူး။
သူ မနေနိုင်ဘဲ ထိပ်ကို လှမ်းကြည့်လိုက်ပေမဲ့ ရုတ်တရက် ခပ်မှေးမှေးမျက်ဝန်းတစ်စုံကို မြင်သွားခဲ့တယ်။ သူ ထိတ်လန့်သွားပြီး ချက်ချင်း မှင်တက်သွားခဲ့တယ်။
ထိပ်ကလူက တကယ်ပဲ ခေါင်းကို မဆိုစလောက် စောင်းသွားတယ်။
"ဝိုး" တကယ်ပဲ သူကိုး။
"ဘာလဲ" ကူယွဲ့ ရုတ်တရက် စကားပြောလာတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ အလိုလို သူမနောက် သူလိုက်ကြည့်မိတယ်။
ကျင်းချီက ချက်ချင်း ခေါင်းကိုငုံ့ပြီး ခေါင်းထဲမှာတော့ အတွေးတွေက လှိုင်းကြီးတွေလို ပေါ်လာတယ်။ အဲအမျိုးသမီးက... ကြည့်ရတာ အဲနေ့က အရိုင်းအစိုင်းလေးရဲ့အိမ်မှာ စားသောက်ခဲ့တဲ့ တစ်ယောက်ပဲ။ သူမက... သူမက တကယ်တော့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။
သူ့စိတ်တွေ ရုတ်တရက် ရှုပ်ထွေးကုန်ပြီး အတွေးကို သေချာ မစုစည်းနိုင်ခင် သူနဲ့အတူပါလာတဲ့ ယိချင်းက ရုတ်တရက် လူအုပ်ထဲကနေ ရှေ့ကိုတက်လာကာ သူနဲ့တခြားသူတွေရဲ့ အံ့ဩတကြီး အကြည့်တွေကြား အဲအမျိုးသမီးဆီချဉ်းကပ်သွားပြီး အင်မတန်သဘာဝကျစွာ ခေါ်လေတယ်။
"ဆရာ"
ကျင်းချီ အကြည့်ပြန်ရုပ်လိုက်ပြီး မကျေနပ်မှုတွေက သူ့မျက်လုံးထဲ ပြည့်လျှံလုနီးပါး။ အဲဒါ သူ့ဆရာပေါ့ တကယ့်အရိုင်းအစိုင်းကောင်လေး... မဟုတ်ဘူး ယိချင်း သူ အဲနေ့က တမင်သက်သက် ဒေါသထွက်အောင်လုပ်ပြီး ထွက်သွားစေခဲ့တာ မဆန်းတော့ဘူး။ အဲတော့ အိမ်ထဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် အိမ်ထဲမှာ ရှိနေတာကို တစ်လျှောက်လုံးသိနေခဲ့ပြီးတော့ သူ့ကိုပါ ဆရာသခင်ရဲ့ နှစ်သက်မှု မရစေချင်ခဲ့ရုံပေါ့။ ကောက်ကျစ်လိုက်တဲ့စိတ်ပဲ
"အင်း" ရှန်းရင်က ခေါင်းညိတ်ပြီး သူက ကလေးပဲရှိသေးတာ သတိရသွားတာမို့ အသီးတစ်လုံး ကမ်းပေးလိုက်တယ်။
"ရော့"
ယိချင်းက တန့်သွားပြီး သူမလက်ထဲက သစ်သီးကိုကြည့်ကာ လှမ်းယူလိုက်တယ်။ သူ့မျက်ခုံးလေးတွေက အလိုလိုကျုံ့မိသွားလေရဲ့။ နောက်ဆုံးတော့ သူပြန်ဖြေလိုက်တယ်။
"... ကျေးဇူးပါ ဆရာ"
အသီးတွေက မမှည့်သေးဘူးလို့ ပြောပြီးပြီကို။
…
အခန်း ၃၁၂ ။ ဝင်ရောက်ကျူးကျော်မှု
"မင်းတပည့်နာမည်ကတ်ပြား ရပြီးပြီလား"
စားဖိုမှူးပေါ်အကြည့်ရောက်နေပြီဖြစ်တဲ့ ကူယွဲ့ ခပ်ပေါ့ပေါ့မေးလိုက်တယ်။
"ဟုတ်" ယိချင်းက ခေါင်းညိတ်ပြီး ရှန်းရင်နောက်မှာ လိမ်လိမ်မာမာသွားရတယ်။ သူ တွေးနေတာက ဆရာ့အတွက် ဟင်းချက်ပေးဖို့ မကြာခင်ပြန်ရမယ်။ သူ ဆရာ့ကို မမှည့်သေးတဲ့အသီးတွေ ထပ်ပြီး စားခွင့်မပေးနိုင်တော့ဘူး။
လော့ဟုန်က အပေါ်ခုံက ကူယွဲ့ကို ကြည့်ကာ အပြုံးတစ်ပွင့်နဲ့ အကြံပြုလိုက်တယ်။
"ဆရာသခင် ဒီတစ်ခေါက် ပြန်ခေါ်လာခဲ့တဲ့ တပည့်တွေကြား တကယ်ပဲ အရည်အချင်းရှိတဲ့သူတချို့ ပါလာပါတယ်၊ သူတို့ထဲကတစ်ယောက်က မီးဓာတ်ကိုမှ အာကာသဝိညာဉ်ကြောပါ၊ ဓားကျင့်ကြံမှုနဲ့ ကြည့်ရတာ အတော်လေးသင့်တော်တဲ့ပုံပဲမလား"
သူက ချက်ချင်း ထောက်ခံမှုကိုစတင်ပြီး ကူယွဲ့ကိုပါ တပည့်တစ်ယောက်မွေးဖို့ မသိမသာ တိုက်တွန်းနေတယ်။
"ကျုပ်တို့က ဓားကျင့်ကြံမှုဂိုဏ်းမဟုတ်လား"
ကူယွဲ့က စိတ်မလှုပ်ရှား။ သူ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်တယ်။
"ဓားကျင့်ကြံသူက ဓားရဲ့စိတ်နှလုံးကို လေ့ကျင့်တာ၊ ဝိညာဉ်ကြောနဲ့ ပတ်သက်မှုက မရှိသလောက်ပဲ၊ ပြီးတော့ ဝိညာဉ်ကြောကွာခြားမှုတွေက စုပ်ယူတဲ့ဝိညာဉ်ချီပမာဏကွဲပြားချက်ကြောင့်ပဲ၊ ဒီမှာဝိညာဉ်ချီမှ မချို့တဲ့တာ"
"ဟုတ်တယ် ဟုတ်တယ်" လော့ဟုန် နှုတ်ခမ်းတွန့်သွားတယ်။ ခင်ဗျားက ချမ်းသာတာပဲ၊ အဲတော့ခင်ဗျားပြောသမျှ အမှန်ပဲပေါ့ ဒါပေမဲ့ သူစဉ်းစားပြီးတော့ ထပ်ပြောလိုက်သေးတယ်။
"ဒီတပည့်က ကိစ္စရပ်တွေကိုနားလည်တဲ့နေရာမှာတော်ပြီး ဉာဏ်လည်းကောင်းပါတယ်၊ ဝတ်ရုံစိမ်းဂိုဏ်းမှာ အသက်ရှင်ကျန်ရစ်တဲ့တပည့်တွေရဲ့စကားအရ သူက အဲဒီလျှို့ဝှက်အခန်းထဲ ပုန်းဖို့ အားလုံးကို ပြောခဲ့တဲ့သူတဲ့၊ ဒါကြောင့် သူတို့ အုပ်စုလိုက်သတ်ဖြတ်မှုကနေ လွတ်သွားခဲ့တာ"
"အိုး" ကူယွဲ့ မဆိုစလောက် မျက်ခုံးပင့်မိသွားတယ်။
သူ့စိတ်ဝင်စားမှုကိုမြင်တော့ လော့ဟုန်ဆက်ပြောလိုက်တယ်။
"ဆရာသခင်မှာ လောလောဆယ် တပည့်မရှိဘူးလေ၊ ရှန်း... ရှန်း.. ဆရာသခင်ရှန်းတောင် အခု တပည့်တစ်ယောက် ရှိတော့ ဆရာသခင်လည်း တစ်ယောက်လက်ခံရင်ရော၊ အသိပညာကို လက်ဆင့်ကမ်းလို့လည်းရတယ်လေ"
ကူယွဲ့ နှုတ်ခမ်းတွန့်သွားတယ်။ သူ့မှာ ဘယ်လိုလုပ်တပည့် မရှိဘဲနေမလဲ။ အမတလောကထဲ ဝူတိကောင်းကင်နန်းတော်ထဲက တပည့်နှစ်ရာကျော် ရှိသေးတယ်။ သူ သူတို့အားလုံးကို မသင်ပေးခဲ့လို့လား။ ရှန်းရင်ရဲ့ ရူးစရာ ကိုးကွယ်စံထားတဲ့ နည်းလမ်းကြောင့်သာ မဟုတ်ရင် သူတို့က ဘယ်လိုလုပ် သင့်တော်တဲ့ကျင့်ကြံမှုကို မရခဲ့ဘဲနေမှာလဲ။ ဘယ်လိုလုပ်မရခဲ့ဘဲ နေမလဲ။
ရှန်းရင်တပည့်ဖြစ်တဲ့ ယိချင်းအတွက်တောင်မှ သင်ကြားမှုကို လုပ်ပေးရသူက နောက်ဆုံးတော့ သူပဲမဟုတ်လား။ ဟမ့်
အချိန်အတော်ကြာတာတောင် သူ စကားပြန်မပြောတာမြင်တော့ လော့ဟုန်က သူ တိတ်တိတ်လေး သဘောတူတယ်တွေးလိုက်ပြီး သူ့ရှေ့ကကလေးအုပ်စုကို အမြန်စစ်ဆေးပြီးမှ တစ်ကြိမ်တွေ့ခဲ့ဖူးတဲ့ ကျင်းချီကို လက်ယမ်းပြလိုက်တယ်။
"လာ ကလေး၊ ဆရာသခင်ကြည့်ဖို့ အရှေ့ကိုထွက်လာခဲ့"
ကလေးတွေက အံ့ဩသွားပြီး အားလုံးသိချင်စိတ်နဲ့ ပြန်လှည့်ကြည့်လိုက်တယ်။
ကျင်းချီရင်ထဲ ပျော်ရွှင်မှုတစ်မျိုးခံစားလိုက်ရပြီး သူ့ဘေးက လက်တွေ တင်းကြပ်သွားတယ်။ ကောင်းပြီလေ ရိုးသားမှုဂိုဏ်းမှာ ဆရာသခင်နှစ်ယောက်ရှိတာ သူ တခြားတစ်ယောက်ရဲ့ တပည့် ဖြစ်လာသင့်တယ်။ ဒါဆို ယိချင်းထက် အဆင့်နိမ့်တော့မှာမဟုတ်ဘူး။
သူ စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ ဘေးကိုထွက်ပြီး လူအုပ်ထဲကနေ ရှေ့ကိုလျှောက်လာခဲ့တယ်။
အဲတော့မှပဲ ကူယွဲ့ မော့ကြည့်လိုက်တယ်။
နောက်တော့...။
ဖွီ
သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်သွားလွန်းလို့ ရေနွေးကြမ်းတောင် သီးသွားပြီး ချက်ချင်း ကုလားထိုင်ကနေ ထရပ်မိသွားတယ်။
"ဟိုလီရှစ်"
သောက်ကျိုးနည်း ဒါဘာလဲ။ ရှန်းရင် စောနကလုပ်ခဲ့တဲ့ "ဝိုး" ဆိုတဲ့အသံက သူ့အတွေးထဲ ချက်ချင်း ပေါ်လာခဲ့တယ်။ သူ့ဘေးက လူဘက်လှည့်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်တော့တယ်။
"မင်း တစ်လျှောက်လုံး သိခဲ့တာပဲ"
"အဲလိုတော့မဟုတ်ပါဘူး" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"လွန်ခဲ့တဲ့၂မိနစ်ကပါ"
"-ီး ငါ့ကိုနည်းနည်းပါးပါး သတိပေးလို့ မင်းအသားနာသွားမှာမို့လို့လား"
"မဟုတ်ပါဘူး"
"တစ်စိတ်လောက်" သူ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
"ငါနင့်ကို စောနလေးတင် သတိပေးခဲ့တယ်လေ" အဲတုန်းက နင် စားဖိုမှူးကို ကြည့်နေတော့ သတိမထားမိရုံပဲ။
"..." မေ-ိုး
ကူယွဲ့ ရုတ်တရက် သူမကိုဆွဲဖြဲချင်စိတ်ပေါက်သွားတယ်။
"ဆ-ဆရာသခင်" လော့ဟုန် မျက်နှာက ဇဝေဇဝါအပြည့်။ သူတို့ ရုတ်တရက်ကြီး ဘာလို့ ထရန်ဖြစ်နေကြတာလဲ။ သူ သွားပြီး ကြားထဲကဝင်ဖျန်ဖြေသင့်လား။
"ဘာ... ဘာဖြစ်ကြတာလဲဟင်၊ ဒီကလေးနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေလို့လား"
ကူယွဲ့ ကျင်းချီကို နောက်တစ်ကြိမ် ထပ်ငုံ့ကြည့်ပြီးမှ နှုတ်ခမ်းတွေ တွန့်သွားကာ ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်တယ်။
"... ဟင့်အင်း"
တခြားသူတွေ မျက်စိထဲမှာတော့ ဘာမှလွဲပုံပေါ်မှာ မဟုတ်ဘူး။ ဆယ်နှစ်သားအရွယ် ကောင်လေးပဲကိုး။ သူ့မျက်လုံးထဲမှာပဲ သူ့ခါးလောက်တောင် အရပ်မရောက်သေးတဲ့ဒီကလေးကို ဝိုးတဝါးအရိပ်တစ်ခုက ဝန်းရံနေတာ။ ခန္ဓာကိုယ်နှစ်ခုက ထပ်နေတာများ ကောင်လေးက အကြည်ရောင်လူပုံစံဝတ်စုံ ဝတ်ထားသလိုပဲ။
ပြီးတော့ အရိပ်က ဘောလုံးပုံစံနဲ့တောင်တူနေတဲ့ ဝတုတ်လူတစ်ယောက်။ သူ့ဗိုက်ခေါက်သားတွေ တွဲကျနေပြီး ထုတ်ပြောမရတဲ့ တစ်ခုသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖုံးကွယ်ထားရုံဆိုတာပါ သေချာမြင်နေရတယ်။
အမှန်ပဲ၊ တကယ့်ကို သူ့ကိုယ်ထဲက ကလေးနဲ့ အမူအရာတစ်ထပ်တည်းရှိတဲ့ မျက်နှာခပ်ဝဝနဲ့ ကိုယ်တုံးလုံးဝတုတ်တုတ်လူတစ်ယောက်။ ပိုပြီးအရေးကြီးတာက အဲအရိပ်ရဲ့အသားထဲမှာ ရင်းနှီးနေတဲ့ အရှိန်အဝါတစ်မျိုး ရှိနေတယ်။ အဲဒါက မိစ္ဆာနတ်ဘုရားပြောတဲ့အရ ရုတ်တရက် စောင်းငဲ့ပြီးပျောက်သွားခဲ့တဲ့ ကြမ္မာအတိအကျပဲ။
ဒါပေမဲ့ သူ့ကိုမြင်မြင်ချင်းမှာတင် ရုတ်တရက် စိတ်ထဲပေါ်လာတဲ့ ပိုပြီးအရေးကြီးတဲ့ နားလည်မှုကြောင့် ဒါတွေအားလုံးက မှေးမှိန်သွားတော့တယ်။ ကျူးကျော်သူ
ဟိုလီရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်
သူ ဆဲရေးဖို့ကို မအောင့်အီးနိုင်တဲ့ဆန္ဒ ခံစားလိုက်ရသလိုပဲ။
——————
ကြည့်ရတာတော့ သူတို့ရှေ့ကလူက မျက်နှာပြင် နောက်ဆုံးသတိပေးချက်မြည်သံရဲ့ ထုတ်ကုန်ပဲ။ ဒါက နောက်ထပ်မျက်နှာပြင်ကနေ ကူးပြောင်းလာတဲ့ ကျူးကျော်သူ။ လူသစ်တစ်ယောက်အနေနဲ့ ကူယွဲ့ တကယ်တော့ ဒီလိုမျက်နှာပြင်အရေးပေါ်ဆိုတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ မသေချာဘူး။ ပြီးတော့ အရိပ်က သူတို့နှစ်ယောက်လုံးကို သတိထားမိပုံမပေါ်။ ဒါက ရှန်းရင် ပြောပြဖူးတဲ့ အဲဒီဘယ်မျက်နှာပြင်ကျူးကျော်မှုနဲ့မဆို ကွဲပြားတယ်။ သူ ရှန်းရင်ကို လှည့်ကြည့်လိုက်တော့ သူမက ကိစ္စကို ချက်ချင်းဖြေရှင်းမဲ့ ရည်ရွယ်ချက်မပြတာမြင်လိုက်ရတာမို့ သူ အရင်သည်းခံရတော့မယ်။
"ဆရာသခင် ဒီကလေးကို ဘယ်လိုထင်ပါသလဲ" လော့ဟုန်က သူ့ချီးကျူးမှုကို ဆက်ပြောဖို့ အဆင်သင့်ဖြစ်နေပြီ။
လော့ထောင်က ရုတ်တရက် အထဲကိုပြေးဝင်လာပြီး မျက်နှာပေါ်မှာ စိုးရိမ်ပူပန်တဲ့အကြည့် ရေးထားလေတယ်။
"အဖေအဖေ မကောင်းတော့ဘူး"
"ထောင်" လော့ဟုန် သူ့ကိုဆူလိုက်တယ်။
"ဘာတွေလုပ်နေတာလဲ၊ ဒီလိုအသည်းအသန်ဖြစ်ရတဲ့အထိ"
"အဖေ..." လော့ထောင်က သူ့ရည်ရွယ်ချက်ကို သတိရသွားပြီး အလောတကြီးပြောလိုက်တယ်။
"မကောင်းတော့ဘူး၊ ဆရာတူညီလေးက ရုတ်တရက် သွေးတွေအန်လာပါတယ်၊ ဆေးခန်းမဆောင်က ဆရာဦးလေး ပြောတာတော့ သက်သာဖို့ ချီထိန်းဆေးလုံးတွေလိုအပ်တယ်တဲ့"
"ကျီရှုလား" လော့ဟုန် မျက်မှောင်ကြုတ်လိုက်တယ်။
"ဖြည်းဖြည်းချင်း ငါ့ကိုပြောပြ၊ သူဘယ်လို ထိခိုက်သွားတာလဲ၊ ပြီးတော့ ဘယ်လိုလုပ် သွေးကြောတွေကို ထိခိုက်သွားတာလဲ" ချီထိန်းဆေးလုံးတွေ လိုတဲ့အထိလေ။
လော့ထောင်က မှင်တက်သွားပြီး ကျင်းချီဘက် လက်ညှိုးထိုးလိုက်တယ်။
"သူနဲ့ တိုက်ခိုက်ပြီးထိခိုက်သွားတာပါ၊ ကျွန်တော် အစကတော့ သတိလစ်သွားတယ်ပဲထင်နေတာ၊ ဒီလောက်ထိ ပြင်းထန်မယ် မထင်ခဲ့ဘူး" အဲလိုနဲ့ သူက ခုလေးတင် တပည့်များခန်းမရှေ့ ဖြစ်ခဲ့သမျှအားလုံးကို ရှင်းပြလိုက်တယ်။
ကျင်းချီရဲ့အမူအရာက အေးစက်သွားပြီး ကြက်သီးထစရာအကြည့် သူ့မျက်စိထဲပေါ်လာတယ်။ ဒီဝတုတ်က တကယ်ကို စက်ဆုပ်စရာပဲ။ ငါနဲ့ပတ်သက်ပြီး အပြစ်တင်ဖို့ ဒီအခိုက်အတန့်ကို တမင်ရွေးတာပဲ ဖြစ်ရမယ်။
"အဓိပ္ပာယ်မရှိတာ" လော့ဟုန်က မျက်နှာမှောင်မည်းသွားပြီး သူ့ကိုစိုက်ကြည့်လိုက်တယ်။
"ဘာအကြောင်းရင်းပဲဖြစ်ဖြစ် တပည့်တွေက အချင်းချင်း မတိုက်ခိုက်သင့်ဘူး၊ ဘာကိစ္စပဲဖြစ်ဖြစ် ဖြေရှင်းပေးမဲ့ ဆရာဦးလေးတွေရှိတယ်" သူက ကျင်းချီဘက် လှည့်ပြောလိုက်တယ်။
"မင်းအတွက်လည်း တူတူပဲ၊ မင်းက ငါတို့ဂိုဏ်းတပည့် မဟုတ်ပေမဲ့ လူတွေကို အဲလိုလွယ်လင့်တကူ ထိခိုက်အောင် လုပ်လို့မဖြစ်ဘူး"
သူက နှစ်ဖက်လုံးကိုဆူပြီး ကလေးတွေကြားက စနောက်မှုအဖြစ်သာ မှတ်ယူထားတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ကျင်းချီအပေါ် အသိအမှတ်ပြုမှုတချို့ မြင့်တက်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်က တတိယအဆင့်ပဲရှိသေးတာတောင် ချီမွမ်းမံမှုပဉ္စမအဆင့်ကလူကို အနိုင်ယူနိုင်တာက တကယ်ပဲ ထူးကဲပြောင်မြောက်တဲ့အရည်အသွေးရှိတယ်ဆိုတာ လုံလုံလောက်လောက် သက်သေပြနေပြီ။
ဒါပေမဲ့ ကြည့်ရတာ သူကိုယ်တိုင်ကတော့ အဲလိုမထင်ပုံပဲ။ ကျင်းချီမျက်နှာက ပိုတောင် မှောင်မည်းလာပြီး ထိုင်းမှိုင်းမှုတစ်မျိုး သူ့တစ်ကိုယ်လုံးပေါ် ပျံ့လာတယ်။ အဖေလည်း သားလိုပဲ။ ကိစ္စကို ဒီတိုင်းထားလိုက်ကြမယ်လို့ သဘောတူပြီးမှ တစ်ယောက်က အပြစ်တင်ဖို့ ရောက်လာသလို တခြားတစ်ယောက်က ဘက်လိုက်တယ်။
သူ အလိုလို သူတော်စင်လိုဆရာသခင်ဆီ လှမ်းကြည့်ကာ သူကတော့ တခြားသူတွေနဲ့မတူဘဲ အမှန်ကို မြင်နိုင်ပြီး တရားမျှတမှုပေးဖို့ မျှော်လင့်နေမိတယ်။
ဒါပေမဲ့ အဲလူက တစ်ခုခုကို စဉ်းစားနေသလို အကြာကြီး တိတ်ဆိတ်နေတယ်။ လော့ဟုန်က ချီထိန်းဆေးလုံးဘူးတစ်ဘူးကို ထုတ်ပြီး လော့ထောင်ဆီ ကမ်းပေးပြီးနေပြီ။