← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း ၃၁၃ ။ ငတုံးကျူးကျော်သူ

"မင်းဆရာတူညီလေးကို ဒါသွားသောက်ခိုင်းချေ၊ ဒဏ်ရာသက်သာလာပြီဆိုရင် သူ့ဘာသာ အပြစ်ဒဏ် သွားလက်ခံခိုင်းလိုက်"

အဲလိုပြီးပြောပြီး သူက ကျင်းချီကိုကြည့်ကာ ထပ်ပြောလိုက်တယ်။

"မင်းအတွက်လည်း တူတူပဲ၊ ခဏနေရင် အပြစ်ဒဏ် သွားခံချေ"

"ကျေးဇူးပါ အဖေ" လော့ထောင်က ပျော်သွားပြီး သူ့ဆရာတူညီလေးကို တွေးမိသွားလို့ထင် ဘေးက ကျင်းချီကို မကြည့်ဘဲ အပြင်ကို ပြေးထွက်သွားလေတယ်။

ဒါပေမဲ့ ကျင်းချီလက်တွေ တင်းမာသွားပြီး သူ့နှလုံးသားထဲက မကျေမချမ်းဖြစ်မှုတွေ ပိုပြီးတောင် ပြင်းထန်လာတယ်။ သူတို့နှစ်ယောက်လုံး ပြစ်ဒဏ်ကို ခံလိုက်ရပေမဲ့ လော့ထောင်တော့ မပါဘူးပေါ့။ သူက တကယ်ကို ဘက်လိုက်တာပဲ။

"ဆရာသခင်" ဒီမတော်တဆလေးကို ဖြေရှင်းပြီးတဲ့နောက် လော့ဟုန်က ကူယွဲ့ကိုကြည့်ကာ တပည့်လက်ခံ‌လာအောင် လုပ်ချင်မိသေးတယ်။

"ဒီကလေးကို ကြည့်ပါဦး..."

ခုလေးတင် ဖြစ်သွားတဲ့ကိစ္စအပြီးမှာ ကျင်းချီ စိတ်လှုပ်ရှားသလို မျှော်လင့်တကြီး ဖြစ်မိတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ကတော့ ကွဲပြားလောက်ပါတယ်လေ။

ဒါပေမဲ့ နောက်အခိုက်အတန့်မှာပဲ သူပြောတာကို ကြားလိုက်ရတာက...။

"ကျုပ် တပည့်တွေ လက်မခံဘူး"

ကျင်းချီရင်ထဲ အေးစက်သွားပြီး မျှော်လင့်တကြီးအမူအရာက ချက်ချင်းပျောက်ကွယ်သွားတယ်။ တလိမ့်လိမ့် တက်လာတဲ့ ဒေါသက သူ့ထဲဝင်ရောက်လာတယ်။ ဟမ့် ဘာကို နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်လဲ၊ သူက ဒီလူတွေအားလုံးနဲ့ တစ်ပုံစံတည်းပဲကို။ ပြီးတော့ သူ့အတွက် တကယ်ကြီး မျှော်လင့်ချက်ထားခဲ့မိသေးတယ်။

"ဒါ..." လော့ဟုန် တစ်ခဏတာ မှင်တက်သွားတယ်။

"ဆရာသခင် နည်းနည်းလေး ထပ်ပြီးစဉ်းစားချင်ပါသလား၊ ဘယ်လိုပဲဖြစ်ဖြစ် အာကာသဝိညာဉ်ကြောက ရှားတယ်လေ"

"မလိုပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ငါ့မှာ တပည့်လက်ခံဖို့ ရည်ရွယ်ချက်ကို မရှိခဲ့တာ၊ ပြီးတော့ ဓားကျင့်ကြံမှုဆိုတာ ဝိညာဉ်ကြောပေါ် အလေးပေးတာ မဟုတ်ဘူး၊ ဘယ်လောက်ပဲ ဝိညာဉ်ကြောက ထူးခြားဆန်းကြယ်နေပစေ၊ ငါ့မျက်လုံးထဲတော့ ဝိညာဉ်ကြောငါးခုနဲ့အတူတူပဲ"

ကူယွဲ့က ဆက်ပြောတယ်။

"ဓားကျင့်ကြံမှုဆိုတာ စရိုက်ပေါ် ပိုပြီးအလေးထားတယ်၊ တကယ်လို့ စရိုက်ကောင်းရင် ဘယ်ဝိညာဉ်ကြောမဆို အဆင်ပြေတယ်၊ ပြီးတော့ တပည့်တစ်ယောက် ယိချင်းနဲ့တင် ကျုပ်တောင်ထွတ်အတွက် လုံလောက်နေပြီ၊ တခြားဟာတွေက ပြဿနာသက်သက်ပဲဖြစ်လိမ့်မယ်"

ပြီးတော့ သူတို့က သူစားသောက်ဖို့ကိုလည်း တာဝန်ယူရဦးမယ်။ ပြီးတော့ ဘယ်သူမှ ယိချင်းကို အရည်အသွေးအရ မယှဉ်နိုင်ဘူး။

ဒါကိုမြင်တော့ လော့ဟုန် ဆက်ပြီးမတိုက်တွန်းသင့်ဘူးလို့ခံစားရတာမို့ ပြောလိုက်တယ်။

"အော် ကောင်းပါပြီ ဒါဆို..."

"ခင်ဗျားတို့ ကျုပ်ကို အထင်မသေးကြနဲ့" သူ စကားမဆုံးခင် အောက်ကကျင်းချီက သူ့စကားတွေကို မထိန်းနိုင်တော့သလိုမျိုးနဲ့။ သူ့မျက်နှာက အရှက်ခွဲခံရသလိုမျိုးဒေါသနဲ့အပြည့်ဖြစ်နေတယ်။ သူက သူတို့ကို စိုက်ကြည့်နေလေရဲ့။

"တကယ်လို့ ကျုပ်ကို သဘောမကျရင် ပွင့်ပွင့်လင်းလင်းပြောလိုက်၊ ဘာစရိုက်လဲ မပွင့်တပွင့် လှောင်ပြောင်စရာ မလိုဘူး၊ ခင်ဗျားက အဲဖက်တီးလေးပေါ် ပိုပြီးဘက်လိုက်တာမို့ ကျုပ်ကို လက်ခံဖို့ ငြင်းတာမဟုတ်လား"

ဒီလိုပြောပြီးတဲ့နောက် ကူယွဲ့တင်မက လူအုပ်ကြီးတစ်အုပ်လုံး ဒီရုတ်တရက် ဒေါသပေါက်ကွဲတဲ့ ကောင်လေးကြောင့် ထိတ်လန့်ကုန်ကြတယ်။ သူ ဘာတွေပြောနေတာလဲ။

"ကျုပ် မမြင်နိုင်ဘူးမထင်နဲ့" သူက အမှန်တရားကို သိသွားသလိုမျိုး အမူအရာနဲ့။ လူအုပ်ကြီးကိုလက်ညှိုးထိုးကာ ဆက်ပြောတော့တယ်။

"ရိုးသားမှုဂိုဏ်းကလူတွေအားလုံးက အသွင်တူတွေချည်းပဲ၊ အမှန်တရားကို အသိအမှတ်မပြုဘဲ ကိုယ့်လူပဲ ကိုယ်ကာကွယ်တယ်၊ ဟုတ်တယ် ကျုပ်တို့ ဝတ်ရုံစိမ်းဂိုဏ်းက သေကျေပျက်သုဉ်းကုန်ပေမဲ့ ကျုပ်တို့မာနတော့ ရှိသေးတယ်၊ ပြီးတော့ အလွယ်တကူ လှောင်ပြောင်စရာတွေမဟုတ်ဘူး၊ ကျုပ်တို့ကိုအထင်မသေးနဲ့"

"ရိုင်းပျလိုက်တာ" လော့ဟုန် နောက်ဆုံးတော့ နားလည်သွားပြီ။ ငြင်းဆန်မှုလေးတစ်ခုကြောင့် တကယ်ကြီးအငြိုးထားနေတာလား။

ဒီလိုသာဆိုရင် ကျင့်ကြံမှုတွေပြီးမြောက်သွားတဲ့နောက်မှာ ဘယ်လိုမျိုးပုံစံပေါက်မလဲဆိုတာ ခန့်မှန်းလို့တောင် မရဘူး ချက်ချင်း ကျင်းချီအပေါ် သူ့အမြင်က အောက်ခြေထိ ကျဆင်းသွားခဲ့တယ်။ ပထမကတော့ ဆရာသခင်က သူ့ကိုမလိုချင်ရင် ဒီလိုကောင်းမွန်တဲ့ဝိညာဉ်အမြစ်နဲ့မို့ သူကိုယ်တိုင် ဒါမှမဟုတ် သူ့ဆရာတူညီလေးအတွက် ခေါ်ယူရင်ကောင်းမယ်လို့ စဉ်းစားနေတာ။ ဒါပေမဲ့ အခုတော့ ဆရာသခင် ပြောတာမှန်ပုံပဲ။ စရိုက်က အရေးကြီးဆုံးဖြစ်ပြီး ဝိညာဉ်ကြောကတော့ အဲလောက် မဟုတ်ဘူး။

"ဘာလဲ၊ ကျုပ်အမှန်ပြောလို့ ဒေါသထွက်နေတာလား၊ အဘိုးကြီး" ကျင်းချီအမူအရာက အကြောက်အလန့်မရှိ။ သူက ထိပ်က ရှန်းရင်နဲ့ကူယွဲ့ကိုတောင် လှမ်းကြည့်ပြီး နှာမှုတ်‌တယ်။

"ဟမ့် ခင်ဗျားတို့က ဆရာသခင်တွေ ဖြစ်တော့ရော ဘာဖြစ်လဲ၊ ကျုပ် ဂရုမစိုက်ဘူး ခင်ဗျားတို့ မရှိဘဲနဲ့တောင် တစ်နေ့ကျရင် ခင်ဗျားတို့အားလုံးအပေါ်မှာ ရှိနေမှာ"

သူက ပိုပြီးတောင် အဓိပ္ပာယ်မရှိဖြစ်လာတယ်။ လော့ဟုန် ဒေါသထွက်လွန်စလို့ မုတ်ဆိတ်မွေးပါ မှုတ်ထုတ်မိသွားတယ်။ သူ ရှက်မိတယ်။ အရင်က ဒီကောင်လေးကို အသိအမှတ်အပြုဆုံးလူက သူပဲ။ ပြီးတော့ အခု ဒီကောင်လေးလုပ်နေပုံက လူတိုင်းရှေ့ သူ့မျက်နှာကို ပါးရိုက်လိုက်တာ။

"မင်းက ငယ်လွန်းသေးတာတောင် စကားကို မဆင်မခြင်ပြောလွန်းတယ်" ဒါပေမဲ့ ကလေးပဲရှိသေးတာ စဉ်းစားမိတော့ အရမ်းပြင်းထန်တဲ့ အပြစ်ကြီးပေးလို့မဖြစ်။ သူ ချက်ချင်းတပည့်နှစ်ယောက်ကို အထဲခေါ်လိုက်တယ်။

"သူ့ကို တောင်ရဲ့အနောက်ဘက်က ပိတ်ထားတဲ့အဆောင်ဆီ ခေါ်သွားပြီး အမှားတွေကို အသံတိတ် ဆင်ခြင်သုံးသပ်ခိုင်းလိုက်"

"ဟုတ်ကဲ့" တပည့်နှစ်ယောက်က ချက်ချင်း သူ့ကို ဆွဲခေါ်သွားဖို့ ရှေ့တက်လာတယ်။

ဒါပေမဲ့ကျင်းချီက သူတို့ကိုတွန်းထုတ်ပြီး ဓားပါဆွဲထုတ်လေရော။

"ခင်ဗျားတို့တွေ ကျုပ်စကားတွေကိုနုတ်ပိတ်ဖို့ သတ်ချင်နေတာလား"

"..."

လော့ဟုန် နှုတ်ခမ်းတွေတွန့်သွားတယ်။ ဘယ်လိုလုပ် ဒီလိုကလေးငယ်တစ်ယောက်မှာ ဆိုးဝါးတဲ့အတွေးတွေ ရှိနေရတာလဲ။ သူ သက်ပြင်းချပြီး စကားဆက်မပြောချင်တော့တာမို့ နေရာမှာ မလှုပ်နိုင်တော့အောင် အကြောပိတ်တဲ့လက်သိုင်းကွက်တစ်ခုပဲ တန်းထုတ်သုံးလိုက်ပြီးတော့မှ တပည့်တွေကို ‌သူ့ခေါ်ထုတ်သွားဖို့ လက်ယမ်းပြလိုက်တယ်။ အခု သူ့ကိုတပည့်အဖြစ် ‌ခေါ်ယူဖို့မပြောနဲ့ ဂိုဏ်းထဲလက်ခံဖို့တောင် ပြန်စဉ်းစားရတော့မယ်။ ဘာကြောင့်လဲဆိုတော့ သူ့စိတ်က ကောင်းကောင်းအလုပ်မလုပ်ပုံပဲ။

ကျင်းချီက ချီမွမ်းမံမှုအဆင့်ပဲ ရှိသေးတာမို့ သေချာပေါက် နတ်ဝိညာဉ်ကျင့်ကြံသူတွေကို မယှဉ်နိုင်ဘူးပေါ့။ သူ ဆွဲခေါ်ထုတ်သွားခံရတော့မှာကို မြင်တော့ အခန်းထဲကလူတိုင်းကို စိုက်ကြည့်ရုံပဲ တတ်နိုင်ပြီး နာမည်ကြီးဆိုရိုးတစ်ခုကို တစ်လုံးချင်း အော်ဟစ်လိုက်တယ်။

"ကံကောင်းမှုက လွန်ခဲ့တဲ့နှစ်၃၀က အရှေ့ဘက်ကမ်းမှာ၊ ဒါပေမဲ့ နှစ်၃၀ ကွန်လွန်သွားချိန် အနောက်ဘက်ကို လှည့်တယ်၊ ခင်ဗျားတို့တွေ အငယ်ကို မနိုင်ကျင့်နဲ့"

ကူယွဲ့ ။ ။ "..."

အားလုံး ။ ။ "..."

ချက်ချင်းပဲ ပရိသတ်ကြီးတစ်အုပ်လုံး အပြင်ထွက်သွားရတဲ့လူကို ငတုံးကို သနားစဖွယ်ကြည့်တဲ့ပုံမျိုး လှမ်းကြည့်ကြတော့တယ်။

ကူယွဲ့နှုတ်ခမ်းတွန့်သွားတယ်။ ဒါက ငတုံးဖြစ်ရမယ်မလား။ ဒီထူးဆန်းတဲ့စကားကြီးက ဘာတုံး။

ပြီးတော့ သူ အခု တပည့်လက်မခံချင်ရုံကလွဲ အများကြီး ဘာမှမပြောခဲ့ပေမဲ့ အဲကောင်လေးကတော့ တစ်လောကလုံး သူ့ကို အကြွေးတင်နေသလိုရုပ်နဲ့။ ငတုံးတွေရဲ့မျက်နှာပြင်ကနေ သူ ဝိညာဉ်ကူးပြောင်းလာတာလား။

လော့ဟုန်ရဲ့ အမူအရာက နောင်တအပြည့်။ သူ ကူယွဲ့ကို ခိုးကြောင်ခိုးဝှက်ကြည့်ကာ အလောတကြီး ခေါင်းစဉ်ပြောင်းလိုက်တယ်။

"တပည့်တွေကိစ္စကို‌ နောက်မှဆွေးနွေးလို့ရတာပဲ၊ အရင် ဝတ်ရုံစိမ်းဂိုဏ်းအကြောင်း ‌ကြည့်ကြည့်ရအောင်" သူ ချောင်းဟန့်ကာ ခန်းမထဲက ဝတ်ရုံစိမ်းဂိုဏ်းရဲ့ ကျန်တဲ့တပည့်တွေကို ကြည့်လိုက်တယ်။

"မင်းတို့ထဲ အဲဒီမိစ္ဆာတွေ ဝတ်ရုံစိမ်းဂိုဏ်းကို ဘာကြောင့်တိုက်ခိုက်ရလဲ သိတဲ့သူရှိလား"

အဲဒီကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး မျက်လုံးတွေထဲ အကြောက်တရားနဲ့ တုံ့ဆိုင်းမှုတစ်မျိုး ရှိနေတယ်။

လော့ဟုန် မျက်နှာပေါ်အပြုံးတစ်ပွင့်နဲ့ ချက်ချင်း သူတို့ကိုနှစ်သိမ့်လိုက်တယ်။

"မကြောက်ပါနဲ့၊ ရိုးသားမှုဂိုဏ်းဆီ မင်းတို့ရောက်လာပြီဆိုမှတော့ မင်းတို့က ခုကစပြီး ငါတို့ ဂိုဏ်းတပည့်တွေဖြစ်သွားပြီ၊ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံးကို ကာကွယ်ပေးမယ်၊ ဒီကိုမလာခင် မြင်ခဲ့ကြားခဲ့တာကိုပဲပြော"

အဲတော့မှ ဒီကလေးတွေရဲ့ အမူအရာက ပျော့ပြောင်းလာတယ်။ သူတို့တွေ ရှေ့ကလူကို ကြည့်ကာ စကားစပြောကြတယ်။

"ကျွန်တော်တို့ လူသားစားမကောင်းဆိုးဝါးတွေ အများကြီးတွေ့ခဲ့တယ်၊ သူတို့က ဆရာတူအစ်ကိုတို့ကို စားပစ်ကြတာ..."

"ပြီးတော့ ဆရာတူအစ်မတွေရောပဲ၊ ဆရာတူအစ်မတွေရဲ့အသားက ပိုအရသာရှိတယ်ပြောတယ်"

"သူတို့တွေ သွေးတွေအများကြီး ထွက်ချိန် ဂိုဏ်းချုပ်က ကျွန်တော်တို့ကိုပုန်းဖို့ပြောတာပဲ၊ မဟုတ်ရင် ကျွန်တော်တို့လည်း စားခံရမယ်တဲ့"

"ပြီးတော့ ဂိုဏ်းချုပ်က အသံတစ်စက်မှ မထွက်ဖို့မှာခဲ့တယ်... သူတို့ ငှက်တောင်စိမ်း... ငှက်တောင်စိမ်းသစ်ခွကို ရှာမတွေ့ရင်ဆိုလားပဲ"

"ငှက်တောင်စိမ်းဝိညာဉ်သစ်ခွ အဲဒီမကောင်းဆိုးဝါးတွေက အဲဒါကိုလိုက်ရှာနေတာလား" လော့ဟုန် ခေါင်းညိတ်ပြတဲ့ကလေးအုပ်ကိုကြည့်ပြီး မျက်လုံးပြူးကာ ပင့်သက်ရှိုက်မိတယ်။ သူ အမြန် ကူယွဲ့ဘက် လှည့်ပြောလိုက်တယ်။

"ဆရာသခင်၊ ကြည့်ရတာ ဒီမိစ္ဆာတွေက ငှက်တောင်စိမ်းဝိညာဉ်သစ်ခွနောက် လိုက်နေပုံပဲ" သူက အင်မတန်တည်ကြည်စွာ ပြောတယ်။

"သစ်ခွက အရမ်းကောင်းမွန်တဲ့ ကုသမှုဆေးမြစ်ဖြစ်ရုံတင်မကဘူး၊ ဝိညာဉ်နဲ့ သွေးကြောကို သန့်စင်ပေးတဲ့အစွမ်းလည်းရှိတယ်၊ ဒါကိုစားရင် နတ်ဝိညာဉ်ဖွဲ့စည်းမှုဆေးလုံးအောင်မြင်နိုင်တဲ့ အခွင့်အရေးကို ၃၀% ‌တိုးမြှင့်နိုင်တယ်လို့ ကြားဖူးတယ်"

"ဒါပေမဲ့ ဒီငှက်တောင်စိမ်းဝိညာဉ်သစ်ခွက အမြဲရှားပါးခဲ့တာ၊ ပေါက်ဖို့ကို နှစ်တစ်သန်းလောက် ကြာတယ်" လော့ဟုန် အမူအရာက စိတ်လှုပ်ရှားနေတဲ့ပုံ။

"ဝတ်ရုံစိမ်းဂိုဏ်းမှာ တကယ်ပဲ ဒီလိုရတနာရှိတယ်ပေါ့"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ မိစ္ဆာဘုရင်က ဒဿမအဆင့်ရောက်နေပြီမို့ ဆေးလုံးတွေက သူ့အတွက် လုံးဝအသုံးမဝင်တော့ဘူးလေ။ ဒီပစ္စည်းကို ဘာအတွက်လိုချင်ရတာလဲ။ ပြီးတော့ တစ်ဂိုဏ်းလုံးကို ဖျက်ဆီးရတဲ့အထိ လိုချင်လွန်းနေတာက... မဟုတ်မှလွဲရော... ဒါ နဂိုတည်းက သူ့ပစ္စည်းဖြစ်နေခဲ့ရင်ပေါ့။

…

အခန်း ၃၁၄ ။ ကျူးကျော်မှုနှင့်ပတ်သက်ပြီး အမှန်တရား

သူ ဘာကြောင့်မှန်းမသိ ဒီကိစ္စက အဲငတုံး... အာ မဟုတ်ဘူး ကျူးကျော်သူနဲ့ တစ်ခုခု ပတ်သက်နေရမယ်လို့ ခံစားရတယ်။

ဒါပေမဲ့ သူ အထက်ထျန်းလန်လောကက အခု ဒီလောက်ဆင်းရဲသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ငှက်တောင်စိမ်းဝိညာဉ်သစ်ခွကတောင် တိုက်ခိုက်ဖို့ ထိုက်တန်တဲ့ရတနာတစ်ပါးဖြစ်နေပြီ။ သူအရင်က ယုန်က ရှန်းရင်ကို နေ့တိုင်းပို့နေကျ မုန်လာဥဖြူတွေထဲ တစ်ဝက်ကျော်က အဲဒီသစ်ခွတွေဆိုတာ မှတ်မိတယ်။ အဲတည်းက ဝူတိဂိုဏ်းရဲ့ တောင်အနောက်ဘက်မှာ အဲထဲက တစ်ပွင့်နှစ်ပွင့်က ကြီးထွားနေဆဲပဲ။

သူ ကျူးကျော်သူကိစ္စကို စဉ်းစားရဦးမယ်။ မိစ္ဆာတွေရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်နေလဲ သူစိတ်မဝင်စားတော့ဘူး။ သူ လော့ဟုန်ကိုနှုတ်ဆက်ပြီး ရှန်းရင်၊ ယိချင်းတို့နဲ့အတူ ဝူတိတောင်ထွတ်ဆီ ပြန်လာခဲ့တယ်။

————

"အဲအရူးလေးကို ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားလဲ" တောင်ထွတ်ကို ‌ပြန်ရောက်တာနဲ့ ကူယွဲ့ တန်းမေးလိုက်တယ်။

"မင်း မျက်နှာပြင်တံခါးတစ်ခု ဖွင့်ပြီး သူ့ကိုပြန်နှင်ထုတ်မှာလား"

"ငါသူ့ကို ပြန်နှင်ထုတ်လို့ မရဘူးဟ" ရှန်းရင် လက်တွေကိုဖြန့်ပြလိုက်တယ်။

"ဘာဆိုလိုတာလဲ" ဒီကမ္ဘာမှာ မင်းနှင်ထုတ်လို့မရတဲ့သူ ရှိတယ်ဆိုတာ ငါမသိခဲ့ဘူး။ သူ့အမူအရာက သံသယဝင်နေတဲ့ပုံ။

ရှန်းရင် အကျင့်အတိုင်း အသီးတစ်လုံးကောက်ယူပြီး စားမို့ရှိသေး ရုတ်တရက် ယိချင်းက လှမ်းဆွဲဖမ်းကာ လက်ထဲ အဆာသွတ်မုန့်တစ်ချပ် ချက်ချင်းထည့်ပေးတယ်။ သူမက ခဏ မှင်တက်သွားပေမဲ့ ပါးစပ်ထဲ ချက်ချင်းတန်းသွင်းလိုက်တယ်။

"သူက ရောစပ်နေတာ"

ကူယွဲ့ တန့်သွားပြီး ရုတ်တရက် ကောင်လေးကို လွှမ်းမိုးထားတဲ့ အဲဖက်တီးအရိပ်ကို သတိရသွားတယ်။

"မင်းဆိုလိုတာက သူ့ပေါ်က အဲဒီကြမ္မာတွေကလား"

အဲဒီကြမ္မာတွေက ဒီလောကရဲ့အပိုင်။ သူတို့ လူကိုနဂိုမူလမျက်နှာပြင်ဆီ အခုပြန်ပစ်ထုတ်လိုက်ရင် သေချာပေါက် သက်ရောက်မှုတော့ရှိမှာပဲ။

"ဟုတ်ပါဘူး" ရှန်းရင် သူမခေါင်းကိုစောင်းလိုက်တယ်။

"ကြမ္မာဆိုတာ ဒေတာတချို့သာသာပါပဲ၊ ကျသွားတဲ့ပမာဏကို ပြန်ပြီးထည့်လိုက်ရုံလေး" အဲဒါ ဘာမှကွဲပြားမှု မရှိဘူး။

"..." ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူမ ဝတ္ထုတွေက ကြမ္မာနဲ့ပတ်သက်တဲ့ အယူအဆတွေ အားလုံးကို စော်ကားလိုက်သလို ခံစားလိုက်ရတယ်။

"အဓိကအချက်က သူနဲ့ရောစပ်နေတဲ့လူပဲ"

"လူလား" ကူယွဲ့ ရုတ်တရက် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကုန်တယ်။

"ဆိုလိုတာက သူအခုရောက်နေတဲ့ ခန္ဓာကိုယ်ကိုပြောတာလား"

အမှန်ပဲ သူတို့မျက်စိထဲမှာ ကျင်းချီက ဒီလောကထဲကျူးကျော်လာတဲ့ ဝတုတ်ဆိုပေမဲ့ တခြားသူတွေအတွက်တော့ သူက အသက်ဆယ်နှစ်အရွယ် ကောင်လေးသာသာပဲ။ ကြည့်ရတာ ဝတုတ်လူက ကျူးကျော်သူရဲ့ ခန္ဓာကိုယ်အစစ် ဖြစ်ပုံပဲ။ ဆိုလိုတာက ကူးပြောင်းလာတာက ဝိညာဉ်ပေါ့။

"သူဝင်စီးထားတဲ့ သနားစရာဝိညာဉ်က ခန္ဓာကိုယ်ထဲ ရှိနေသေးတယ်လို့ ပြောမို့လား"

"ဟုတ်တယ်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

"ဟိုလီရှစ်" ကူယွဲ့ဆဲမိတော့တယ်။ အဲလိုသာဆို သူတို့ တကယ်ပဲ ဒီတိုင်းပြန်ပို့လိုက်လို့မရဘူး။ ဘာလို့လဲဆိုတော့ အဲနည်းလမ်းနဲ့ဆို သူတို့က နှစ်ယောက်ကို ပို့လိုက်သလိုဖြစ်ပြီး တခြားမျက်နှာပြင်ကို သူတို့ ကျူးကျော်မှုဖြစ်သွားလိမ့်မယ်။

"ဒါပေမဲ့ ဒါအဓိပ္ပာယ်မရှိဘူး" သူက ရုတ်တရက် တစ်စုံတရာကို သတိရသွားခဲ့တယ်။

"ပြောရရင် ခန္ဓာကိုယ်တစ်ခုက ဝိညာဉ်တစ်ခုပဲ ဆံ့တာလေ၊ တပယ်လို့ သူ့ဝိညာဉ်က ခန္ဓာကိုယ်ကို ဝင်စီးထားရင် မူလဝိညာဉ်က အပြင်ကို ညှစ်ထုတ်ခံရသင့်တယ်လေ"

"စနစ်က သဟဇာတ မဖြစ်တော့ ညပ်သွားတာ"

"ဆိုလိုတာ မူလဝိညာဉ်က ကျူးကျော်သူကိုယ်ထဲမှာ အဲဒီကြမ္မာတွေလိုမျိုးပဲ ပိတ်မိနေတာလား" ကူယွဲ့ ရုတ်တရက် အဲဒီကလေးကိုယ်ထဲက ကြမ္မာအကြောင်း တွေးမိသွားတယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ဒီကျူးကျော်သူရဲ့ ဝိညာဉ်က တခြားသူတွေအားလုံးထက် ပိုသန်မာတာ ဖြစ်နိုင်လား။

"ဟမ်..." ရှန်းရင်က ခေါင်းငုံ့ပြီး တစ်အောင့်စဉ်းစားကာ ပြန်ဖြေလိုက်တယ်။

"ဖြစ်နိုင်တာက သူက... ပိုပြီး ပြန့်ကားလို့နေမှာပေါ့"

ကားတာလား။

ကူယွဲ့ အဲအရိပ်ပေါ်က ထူထဲတဲ့အသားလွှာတွေကို စဉ်းစားမိတော့ နှုတ်ခမ်းတွန့်သွားခဲ့တယ်။

"မင်းဆိုလိုတာ သုက နဂိုဝလွန်းလို့ မူလဝိညာဉ်နဲ့ အဲဒီကြမ္မာတွေက ပိတ်မိပြီး ထွက်လာမရတာပေါ့"

"အမှန်ပဲ"

"ဘာမှန်တာလဲ" ဘယ်တုန်းက ဝတာက စူပါ ပါဝါဖြစ်သွားတာတုံး။

"ဒါဆို ငါတို့အခုဘာလုပ်ကြမလဲ၊ ဒီမှာနေခွင့်ပေးရမှာလား"

သူ့ကြမ္မာအားလုံးနဲ့ဆို တကယ်ပဲဆရာကြီးဖြစ်လာနိုင်တယ်။

"နဂိုမူလဝိညာဉ်က ဘာဖြစ်သွားမှာလဲ၊ သူ အမြဲပိတ်လှောင်ခံနေရမှာတော့ မဟုတ်ဘူးမလား" ဒါက သူ့ပထမဆုံးမျက်နှာပြင်တာဝန်ဆိုပေမဲ့ ဒီတာထွက်က ခက်လွန်းတယ်။

"ငါတို့ သူ့ရဲ့ သုံးစွဲမှုကို စောင့်ရမယ်"

"သုံးစွဲမှု မင်းဆိုလိုတာ အဲကြမ္မာတွေကို အရင်သုံးစွဲခွင့်ပေးရမယ်ပေါ့" ကူယွဲ့ သေချာ စဉ်းစားကြည့်လိုက်တယ်။ အမှန်ပဲ၊ ကျူးကျော်သူက နဂိုမူလဝိညာဉ်ကို ပိတ်လှောင်ထားနိုင်တာက အနည်းနဲ့အများ အဲဒီကြမ္မာတွေကြောင့်ပဲ။ သူ့မှာ ကြမ္မာတွေများလွန်းတာမို့ တခြားအရာတွေကို အလိုလိုဖိနှိပ်သွားပြီး သေချာပေါက် နဂိုဝိညာဉ်က သူ့ကိုမတွန်းလှန်နိုင်တော့ဘူးပေါ့။

နှစ်ယောက်သားက ရောစပ်နေပြီမို့ သူတို့ အလွယ်လေးခွဲထုတ်လို့မရတော့ဘူး။ သူက တခြားမျက်နှာပြင်ကမို့ ဝိညာဉ်စနစ်ကကွဲပြားပြီး ဒီလိုခွဲခြားတာကနေ ပြဿနာအလွယ်လေး တက်နိုင်တယ်။ ဒါပေမဲ့ အဲဒီကြမ္မာတွေ ပျောက်သွားရင် မူလဝိညာဉ်က အလိုလိုတွန်းလှန်မှာမို့ ဝိညာဉ်နှစ်ခုရောနေတာက ပြဿနာဖြစ်လာပြီး ဝင်ရောက်စွက်ဖက်ဖို့အတွက် ပိုလွယ်ကူသွားမယ်။

"ဒါပေမဲ့..." သူ နောက်ထပ်ပြဿနာတစ်ခုကို နားလည်သွားတယ်။

"ကြမ္မာတွေဆိုတာ အလွယ်တကူ မကုန်ဘူးလေ၊ သူကနဂိုတည်းက အံ့ဩစရာကြမ္မာရှိနေတာ၊ တခြားဘယ်သူမှ သူ့ကြမ္မာကို ကုန်အောင်မလုပ်နိုင်ဘူး၊ သူနဲ့ကြမ္မာအဆင့်ညီတဲ့သူ၊ ဒါမှမဟုတ် သူကိုယ်တိုင် အသိအမှတ်ပြုတဲ့ပြိုင်ဘက်၊ တိုက်ခိုက်ဖို့အတွက် သူ့စိတ်ကိုလှုံ့ဆော်နေသူဆိုရင်တော့ အလုပ်ဖြစ်မယ်၊ ငါတို့ သူ့အတွက် နောက်ထပ်ဉာဏ်ကြီးရှင် မဖန်တီးနိုင်ဘူး"

"ငါတို့မှာ တစ်ယောက်ရှိပြီးသားလေ" ရှန်းရင်က ရုတ်တရက် မီးဖိုချောင်ဘက်လှည့်ကြည့်တယ်။

"စားဖိုမှူး"

ကူယွဲ့ လုံးဝ တလေးတနက်ဟင်းချက်နေတဲ့ အသွင်သဏ္ဌာန်လေးကို လှမ်းကြည့်လိုက်တယ်။

ဒါတကယ့်ကို... ဉာဏ်ပြေးတဲ့ရွေးချယ်မှုပဲ။

"စားဖိုမှူးရေ လာဦး၊ ပြန်လက်စားချေဖို့ ဆွေးနွေးကြရအောင်"

——————

တကယ်လို့ လူတစ်ယောက်ရဲ့ကြမ္မာကို သုံးစွဲချင်ရင် သူ ကိုယ့်ကိုယ်ကိုယ်စိတ်အကျေနပ်ဆုံးဖြစ်နေချိန် ရိုက်ချပြီး ဘယ်တော့မှ ဆန္ဒမပြည့်ဝနိုင်အောင်လုပ်ရမှာပဲ။ အဲလိုနဲ့ သူက ပိုလိုချင်ပြီး သူ့ကိုယ်ပိုင်ကြမ္မာကို ဆက်သုံးစွဲလိမ့်မယ်။ ဒီပြိုင်ဘက်က သူ့တိုက်ခိုက်ချင်စိတ်ကို နှိုးဆော်ပေးတဲ့သူဖြစ်ရမှာမို့ စားဖိုမှူးက သံသယမရှိ အကောင်းဆုံးရွေးချယ်မှုပဲ။ ပထမဆုံးအနေနဲ့ သူတို့က ရွာအတူတူမို့ စမှတ်တူတဲ့ပုံပေါ်တယ်။

ဒုတိယက စားဖိုမှူးက နဂါးမျိုးနွယ်ဝင်အဖြစ် မွေးဖွားလာဝာာမို့ နတ်ဘုရားဖြစ်ဖို့ကံပါပြီးသား။ တစ်ဖက်လူက ကြမ္မာကို အံ့မခန်းပမာဏရှိနေရင်တောင် စားဖိုမှူးက ဝိညာဉ်ချီပဲချို့တဲ့တာ၊ သူ မျက်လုံးပိတ်ထားရင်တောင် ကျင့်ကြံဆင့်ကိုမြှင့်နိုင်တယ်။ အမြန်နှုန်းနဲ့ပတ်သက်ရင် ဘယ်သူမှ သူ့ကို မဖိနှိပ်နိုင်ဘူး။

တတိယက ကြမ္မာရဲ့အရှိန်အဝါပဲ။ သီအိုရီအရပြောရရင် ကျင်းချီကံကောင်းချိန်ကျ တခြားတစ်ယောက်က ကြမ္မာရဲ့ လွှမ်းမိုးမှုကြောင့် တခြားတစ်ယောက်က ကံဆိုးရတယ်။ ဒါပေမဲ့ စားဖိုမှူးကတော့ မျက်နှာပြင်လက်ထောက်။ သူ့ခန္ဓာကိုယ်အခြေအနေကြောင့်သာ လက်ထောက်တံဆိပ်ကို လက်မခံနိုင်သေးပေမဲ့ ခန္ဓာကိုယ်ထဲမှာတော့ အမှတ်အသားရှိနေပြီ။ အဲအမှတ်အသားနဲ့ဆို ကြမ္မာစည်းမျဉ်းတွေအပါအဝင် လောကစည်းမျဉ်းအားလုံးက သူ့ကိုမကန့်သတ်ထားနိုင်ဘူး။ ဆိုလိုတာက ကျူးကျော်သူရဲ့ ကြမ္မာကြောင့် မကောင်းတာသက်ရောက်ခံရမှာကို စိတ်ပူဖို့မလိုတာပဲ။

နောက်ဆုံးအနေနဲ့ကတော့ ဘာကြောင့်မှန်းမသိ ကျင်းချီက တကယ်ပဲ စားဖိုမှူးအပေါ် ရန်လိုမှုရှိနေပုံပဲ။ သူတို့ ဧည့်သည်ခန်းမထဲရှိနေချိန် အရင်တည်းက ခံစားခဲ့ရတာ။ စားဖိုမှူးက ဘာမှတောင်မလုပ်ဘဲ တစ်ဖက်လူဆီကနေ အမုန်းတရားကို လုံးဝပိုင်ဆိုင်ထားပြီးသား။

ကူယွဲ့ စားဖိုမှူးကို တံခါးပိတ်ကျင့်ကြံမှု လုပ်ခိုင်းရမလား၊ အုတ်မြစ်အခြေတည်အဆင့် အရင်လုပ်ခိုင်းရမမလား ဝေခွဲမရဖြစ်နေတုန်းရှိသေး ရိုးသားမှုဂိုဏ်းမှာ တစ်စုံတရာဖြစ်လာခဲ့ပြန်တယ်။

တောင်အကာအကွယ်အင်းကွက်က ချက်ချင်း အသက်ဝင်လာပြီး တစ်ယောက်ယောက် တိုက်ခိုက်နေသလိုမျိုး တစ်ဂိုဏ်းလုံး တုန်ယင်နေတယ်။

နောက်အခိုက်အတန့်မှာ မိစ္ဆာအော်သံလှိုင်းလုံးကြီးတွေ အဝေးကနေရောက်လာပြီး မိစ္ဆာအရှိန်အဝါတွေက တောင်တံခါးတွေအပြင်မှာ ရုတ်တရက်တိုးမြင့်လာခဲ့တယ်။ အနက်ရောင်အရှိန်အဝါ လှိုင်းလုံးကြီးတွေက ဂိုဏ်းဆီတန်းတန်းမတ်မတ် ရောက်လာတော့တာပဲ။

"ဆရာသခင်" တပည့်တစ်ယောက်က မျက်နှာပြင်ထက် အကြောက်တရားတွေနဲ့ အမောတကော ရောက်လာတယ်။

"မိစ္ဆာတွေအများကြီး ရုတ်တရက် တောင်တံခါးအပြင်ဘက်ကိုရောက်လာပါတယ်၊ သူတို့က ဂိတ်တံခါးအပြင်ဘက်မှာ ဝိုင်းနေတာပါ၊ ဂိုဏ်းချုပ်က ဆရာသခင်ကို ခေါ်လာဖို့ ကျွန်တော့်ကို ပြောလိုက်ပါတယ်"

သူတို့တကယ်ရောက်လာပြီပဲ...။

…

အခန်း ၃၁၅ ။ မိစ္ဆာများ တောင်ကိုတိုက်ခိုက်ခြင်း

"သိပြီ" ကူယွဲ့က ခေါင်းညိတ်တယ်။ သူတို့ ရောက်လာတာ တကယ်ကိုမြန်တာပဲ။ သူ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"လျှောက်မသွားနဲ့ဦး" နောက်တော့ သူ့ကိုယ်ခန္ဓာက လက်ခနဲအရောင်ထသွားပြီး ရှိနေတဲ့နေရာက ချက်ချင်း ပျောက်သွားတယ်။

အဲအခိုက်အတန့်မှာ တောင်တံခါးအပြင်ဘက်က နေရာမှာ မျိုးနွယ်စုအမျိုးမျိုးက မိစ္ဆာတွေအားလုံးနဲ့ ပြည့်နေတယ်။ ပြီးတော့ အများစုက သတ္တမနဲ့အဋ္ဌမအဆင့် မိစ္ဆာကြီးတွေ။ နဝမအဆင့်တချို့တောင် ပါသေး။

တောင်အကာအကွယ်အစီအရင်ကြောင့်သာမဟုတ်ရင် သူတို့ တောင်ဆီကို အသည်းအသန်ပြေးဝင်လာလောက်ပြီ။

လော့ဟုန် မိစ္ဆာတွေကိုကြည့်ရင်း တောင်အကာအကွယ်အင်းကွက်ကို ထိန်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်။ မိစ္ဆာတွေက ရက်စက်ပြီး လက်စားချေတတ်တဲ့စရိုက် ရှိတာသိပေမဲ့ ကလေးတစ်စုနောက် ဒီထိ လိုက်လာမယ်မထင်ခဲ့ဘူး။

"အဘိုးကြီး၊ မင်း အခြေအနေကိုသိရင် အင်းကွက်ကိုဖွင့်လိုက်၊ ခင်ဗျားတို့တပည့်တချို့ကိုလွှတ်ပေးမယ်၊ မဟုတ်လို့ကတော့..." ခွေးအမိစ္ဆာတစ်ကောင်က ထွက်လာပြီး သူ့သွေးသံရဲရဲသွားကို လူအုပ်ကြီးဆီ မာန်ဖီပြတယ်။

"ငါတို့ဝင်လာချိန် မင်းတို့အားလုံးကို အရိုးထိစားပစ်မယ်"

"ရဲတင်းလိုက်တဲ့ မိစ္ဆာတွေ" လော့ဟုန် အေးစက်စက် နှာမှုတ်လိုက်တယ်။

"အစတည်းက လူတွေကို မစားသင့်တာ‌၊ မင်းတို့တွေ ဝတ်ရုံစိမ်းဂိုဏ်းကိုတောင် ဖျက်ဆီးခဲ့တာကို ခု ငါတို့ရိုးသားမှုဂိုဏ်းဆီ လာရဲသေးတယ်ပေါ့လေ၊ ကြမ္မာ‌ဆိုးတွေနဲ့ပြည့်ပြီး မင်းတို့ရဲ့ နှစ်ထောင်ချီကျင့်ကြံမှုတွေကို ဖျက်ဆီးခံရမှာ မကြောက်ဘူးလား"

"ဖွီ" ခွေးအမိစ္ဆာက လုံးဝကို အထင်သေးနေပုံ။

"ဒီအကြောင်းတွေပြောနေတာ တော်တော့၊ မင်းတို့လူသားမျိုးနွယ်ပဲ ကံအကျိုးအကြောင်းယုံမယ်၊ ငါတို့တွေက အစတည်းကမိစ္ဆာတွေပဲ၊ လူသားမစားရင် ငါတို့က ဆန်ပြုတ်နဲ့ထမင်းစားရမှာလား"

အဲလိုပြောပြီး မိစ္ဆာတွေက လူအုပ်ကြီးကို စားသောက်ဖွယ်တွေကြည့်နေရသလိုမျိုး စတင်ရယ်ကြတော့တယ်။

"ပြီးတော့ မင်းတို့တွေက ငါတို့ဝိညာဉ်ဆေးပင်တွေကို အရင်ခိုးသွားတာလေ၊ ငါတို့က တရားမျှတမှုအတွက် ရောက်လာတာ"

ခွေးအမိစ္ဆာက‌ ဆက်ပြောတယ်။

"လူသားတချို့ပဲ စားတာက ငါတို့တွေ မင်းတို့ကို ညှာတာရာရောက်နေပြီ၊ မင်းတို့တွေ ခိုးသွားတဲ့ အဲငှက်တောင်စိမ်းသစ်ခွကို လက်လျှော့ဖို့ ငြင်းနေသေးရင် ငါတို့တွေဒီတစ်ဝိုက်ကလူတွေအားလုံးကို စားပစ်မယ်"

"ငှက်တောင်စိမ်းဝိညာဉ်သစ်ခွလား" လော့ဟုန် မှင်တက်သွားတယ်။

"ငါတို့တစ်ခါမှ မမြင်ဖူးဘူး၊ လျှောက်ပြီး အပြစ်တင်မနေနဲ့"

"မင်းတို့လူသားမျိုးနွယ်က လိမ်တဲ့နေရာမှာ အတော်ဆုံးပဲ၊ လုပ်ရဲပြီး ဝန်မခံရဲကြဘူး" ‌ခွေးအမိစ္ဆာကနှာမှုတ်တယ်။

"အဲဒီ သားပေါက်လေးတွေက ကယ်ခဲ့တဲ့သူက မင်းတို့ မဟုတ်ဘူးလို့ ပြောရဲလား၊ ငါတို့ ဝတ်ရုံစိမ်းတစ်ဂိုဏ်းလုံးကို အိတ်သွန်ဖာမှောက် ရှာပြီး‌ပေမဲ့ အဲငှက်တောင်စိမ်းဝိညာဉ်သစ်ခွကို ရှာမတွေ့ဘူး၊ အဲတော့ မင်းတို့ယူသွားတာပဲဖြစ်ရမယ်"

"ငါတို့ အဲကလေးတွေကို ကယ်ခဲ့တာ တကယ်ပဲ၊ ဘာကြောင့်လဲဆိုတော့ မိစ္ဆာလက်သည်းတွေအောက် သူတို့သေမှာကို မမြင်ရက်လို့ပဲ"

လော့ဟုန်က အသံဩရှရှနဲ့ပြန်ဖြေလိုက်တယ်။

"ဒါပေမဲ့ ငါတို့ ငှက်တောင်စိမ်းဝိညာဉ်သစ်ခွကို တစ်ခါမှမမြင်ဖူးဘူး၊ ယုံချင်ယုံမယုံချင်နေ"

"မင်းတို့က လိမ်ရဲသေးတယ်ပေါ့၊ ဘယ်လောက်ထိဆက်လိမ်နိုင်မလဲ ကြည့်ကြတာပေါ့" ခွေးအမိစ္ဆာက စကားဆက်ပြောရမှာကို ပျင်းလွန်းသွားတဲ့ဟန်။ သူက လက်ယမ်းပြလိုက်တော့ သူ့ဘေးက မိစ္ဆာတွေအားလုံး ရှေ့ကိုတက်လာကာ တောင်အကာအကွယ်အင်းကွက်ကို တိုက်ခိုက်ကြတော့တယ်။

တစ်စက္ကန့်အတွင်း ဘန်းခနဲသံတချို့ကြားလိုက်ရပြီး တစ်ဂိုဏ်းလုံး တုန်ခါသွားတယ်။ ဒါပေမဲ့ အင်းကွက်အစီအရင်က အကောင်းပတိကျန်ရစ်နေဆဲဖြစ်ပြီး အားနည်းတဲ့မိစ္ဆာတချို့တောင် အရှိန်ကြောင့်လွင့်ထွက်ကုန်လေရဲ့။

"ဖယ်စမ်း" ရုတ်တရက် ဝံပုလွေတစ်ကောင်ရဲ့ ဟိန်းဟောက်သံက မိစ္ဆာအုပ်ကြီးထဲကနေ ထွက်လာကာ မိစ္ဆာ‌အားလုံးကို မှင်တက်သွားစေပြီး လမ်းဖယ်ပေးကုန်တယ်။ တိရစ္ဆာန်ပု့စံ အနည်းနဲ့အများ ကျန်ရစ်နေသေးတဲ့ တခြားမိစ္ဆာတွေနဲ့ယှဉ်ရင် သူကလုံးဝကို လူအသွင်ပုံစံပဲ။ သူက ဝတ်ရုံနက်အရှည် ဝတ်ထားပြီး သူ့ကိုယ်ကနေ ကြီးမားတဲ့ မိစ္ဆာအရှိန်အဝါ ထွက်နေကာ တခြားသူတွေရဲ့ အဆင့်ကို အကွာကြီးဖိနှိပ်ထားတယ်။

လော့ဟုန် ရင်ထိတ်သွားတယ်။ ဒါက... ဒဿမအဆင့်မိစ္ဆာဘုရင်ပဲ။

"အသုံးမကျတဲ့ကောင်တွေ အင်းကွက်တစ်ခုကိုတောင် မချိုးဖောက်နိုင်ဘူး" မိစ္ဆာဘုရင်က မိစ္ဆာအုပ်ကြီးကို လှမ်းကြည့်လိုက်တော့ သူ့ဘေးက မိစ္ဆာတွေအကုန် ကြောက်ဒူးတုန်ကုန်တယ်။ အဲတော့မှ သူ့‌ရဲရဲနီနေတဲ့သွေးမျက်လုံးတွေနဲ့ မျက်နှာချင်းဆိုင်က ကျင့်ကြံသူတွေပေါ် စိုက်ကြည့်တော့တယ်။

အနီရောင်အလင်းကြီး သူ့လက်ထဲ ဖျတ်ခနဲလင်းသွားခဲ့တယ်။ သူက မဲ့ပြုံးပြုံးကာ ပြောလေတယ်။

"မင်းတို့တွေ ရတနာပြန်ပေးဖို့ မရည်ရွယ်မှတော့ အားလုံးကို စားသောက်ပြီးရင် ငါတို့ဘာသာ ရှာလို့ရတယ်၊ အတူတူပဲ"

အဲလိုပြောပြီး သူ့ခန္ဓာကိုယ်အသွင်က ဖျတ်ခနဲအရောင်လက်ကာ လေထဲပေအနည်းငယ် ခုန်တက်သွားပြီး လက်ဖဝါးက တောင်အကာအကွယ်အင်းကွက်ကို တိုက်ခိုက်လေတယ်။ အလင်းရောင် လက်သွားမှုနဲ့အတူ စောနကတိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့တဲ့ အင်းကွက်က ရုတ်တရက် အကြိမ်အနည်းငယ် ခါယမ်းသွားပြီး ချလွင်ခနဲအသံနဲ့အတူ ဖန်လိုကျိုးသွားကာ လေထဲ ပျောက်သွားတယ်။

အင်းကွက်ကို ထိန်းနေတဲ့လော့ဟုန် နှလုံးသားထဲ သွေးတွေပြေးဝင်လာသလိုပဲ။ သူ ဆက်ပြီး တည်တည်ငြိမ်ငြိမ်မရပ်နိုင်တော့ဘဲ နောက်ကို ခြေလှမ်းအနည်းငယ် တန်းဆုတ်လိုက်ရတယ်။

မိစ္ဆာဘုရင်က တကယ်ပဲ လော့ဟုန်ကို မျက်လုံးပြူးပြလေတယ်။

"မင်းကို အရင်စစားမယ်" အဲလိုပြောပြီး သူက ကျယ်လောင်စွာ ဟိန်းကာ လော့ဟုန်ဆီ ခုန်အုပ်တော့တယ်။

သူ့ချွန်မြတဲ့လက်သည်းတွေက လူကို ဖောက်ထွင်းတော့မို့ရှိသေး ဓားချီတွေက ကောင်းကင်ကနေ ရုတ်တရက် ကျဆင်းလာပြီး လေထဲက မိစ္ဆာဘုရင်ကို ထိမှန်ကုန်တယ်။ အဖြူရောင်သဏ္ဌာန်ခန္ဓာကိုယ်က တစ်ပြိုင်နက်ပေါ်လာပြီး လက်ထဲကပုလွေက မိစ္ဆာဘုရင်ကို ချက်ချင်းရိုက်ချလေတယ်။

ဘန်းခနဲအသံနဲ့ မိစ္ဆာဘုရင်က အသံတောင်မထွက်နိုင်ခင် မြေကြီးပေါ် ရိုက်ကျသွားခဲ့တယ်။ သူ့ပတ်လည်က မိစ္ဆာအငွေ့အသက်တွေအကုန်နီးပါး ပျောက်ဆုံးသွားပြီး အလိုလိုနဂိုမူလအသွင် ပြန်ရောက်သွားတယ်။

ကူယွဲ့ မြေကြီးပေါ်က ဝံပုလွေကြီးကို ခြေတစ်ဖက်နဲ့တက်နင်းပြီး မယုံကြည်နိုင်တဲ့အမူအရာနဲ့ မျက်မှောင်ကြုတ်သွားတယ်။

"ဒါ မိစ္ဆာဘုရင်လား" ဒီတိရစ္ဆာန်လေးတွေ မျိုးဆက်က အတော်လေးအားနည်းတာပဲ။ ယုန်တုန်းကထက်တောင် အများကြီးပိုဆိုးတယ်။

ဖြစ်နိုင်တာ သူ့မျက်နှာပေါ်က အထင်သေးမှုက အရမ်းကိုသိသာသွားလို့ထင် နေရာမှာရှိတဲ့သူတိုင်း မိစ္ဆာတွေရော လူတွေပါ မျက်နှာပေါ် ဇဝေဇဝါအကြည့်တွေနဲ့ တိတ်ဆိတ်ကုန်တယ်။ သူတို့တွေ ဘာမှမစခင် အဆုံးသတ်သွားသလို ခံစားနေရတယ်။

"နတ်-နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်" တချို့မိစ္ဆာတွေက ထအော်ကုန်တယ်။

ချက်ချင်းပဲ မိစ္ဆာတစ်အုပ်လုံးက နောက်လှည့်ကုန်ပြီး သူတို့မိစ္ဆာဘုရင်ကို ကယ်တင်ဖို့ ရည်ရွယ်ချက်တောင်မရှိ စွန့်ပယ်ကုန်ကြတယ်။ သူတို့အမျိုးအတွက် တကယ်ကိုအချစ်မရှိတာပဲ

"ကြမ္မာဆိုတာ မယုံကြည်ကြဘူးမဟုတ်လား၊ ဘာဆိုလိုလဲဆိုတာ မင်းတို့ကိုပြမယ်" ကူယွဲ့ နှာမှုတ်လိုက်တယ်။ ဒါရှားရှားပါးပါး ကြွားလုံးထုတ်လို့ရတဲ့ အခွင့်အရေးပဲ။ ပြီးတော့ သူဆက်လုပ်သင့်တယ်။

သူ့လက်တွေက လှုပ်သွားပြီး ဓမ္မဂါထာတစ်ခု ချက်ချင်းဖြစ်ပေါ်လာကာ ဓားမိုးတွေ လေထဲပေါ်လာပြီး အောက်ကထွက်ပြေးနေကြတဲ့ မိစ္ဆာတွေပေါ် တန်းတန်းမတ်မတ်ကျကုန်တယ်။

သူတို့တွေ ခြေလှမ်းအများကြီးတောင် မပြေစရသေး ဝိညာဉ်ဓားစာတွေ မိကုန်ပြီး သွေးသံရဲရဲအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ချက်ချင်းပဲ ရိုးသားမှုဂိုဏ်းတစ်ခုလုံး ဝိညာဉ်မျိုးစုံရဲ့ အော်သံတွေနဲ့ အပ်ခိုးထပ်ကုန်တယ်။ သူတို့ စောနက လုပ်ထားတဲ့ ခြိမ်းခြောက်အော်သံတွေမဟုတ်ဘဲ သေခါနီး နာကျင်စဖွယ်အော်သံတွေ။

ဆယ်မိနစ်အတွင်း အားလုံးတိတ်ဆိတ်ကုန်တယ်။ သတ္တမနဲ့အဋ္ဌမအဆင့် မိစ္ဆာတွေအများကြီး သေကုန်ကြတယ်။ သွေးမစွန်းတဲ့ မိစ္ဆာလေးတချို့ကြိုက်ခဲ့ပေမဲ့ အများစုကတော့ စတုတ္ထနဲ့ ပဉ္စမအဆင့်တွေ။

အသေတိုက်ခိုက်ဖို့ အသင့်ပြင်နေတဲ့ ရိုးသားမှုဂိုဏ်းတပည့်တွေ ဆွံ့အကုန်တယ်။

သူတို့ ဒီနေရာကို ဘာအတွက်ရောက်လာခဲ့တာလဲ။

(⊙_⊙)

ကူယွဲ့ ကွယ်လွန်စေတဲ့ စည်းတံဆိပ်တစ်ခုပြုလုပ်ပြီး သွေးသံရဲရဲနဲ့ လူတွေအများကြီး စားထားတဲ့ခဒီမိစ္ဆာတွေအားလုံးကို တမလွန်ဆီပို့လိုက်တယ်။ အဲတော့မှပဲ သူ ပြန်လှည့်လာခဲ့တယ်။

"မင်း ဘယ်ကိုပြေးနေတာလဲ"

ခြေနှစ်လှမ်းလောက် တွားသွားနေတဲ့ ဝံပုလွေမိစ္ဆာဘုရင် ချက်ချင်းတောင့်တင်းကုန်ပြီး ခန္ဓာကိုယ်က အမွှေးတွေအားလုံး ထောင်ကုန်တယ်။ သူ မြေကြီးပေါ် တုန်ယင်စွာနဲ့ လှဲချလိုက်တယ်။

"ဆရာသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ဆရာသခင်ရှိတယ်ဆိုတာ မသိခဲ့ဘူး"

သူတို့တွေက ဒီမှာအဆင့်အမြင့်ဆုံးကျင့်ကြံသူက နတ်ဝိညာဉ်လို့မပြောဘူးလား။ ကောလဟာလတွေက နောက်ဆုံးတော့ အားမကိုးရဘူးပဲ။

"အော် ဆိုလိုတာက မရှိဘူးဆိုရင် လာပြီးလူတွေကိုစားရဲမယ်ပေါ့လေ"

ကူယွဲ့မျက်လုံးတွေ အေးစက်သွားတယ်။

ဝံပုလွေဘုရင်က ပိုတောင် တုန်ရင်ကုန်ပြီး မျက်လုံးတွေ ကြုံ့သွားတယ်။

"မဟုတ်... မဟုတ် မဟုတ်ပါဘူး ဆရာသခင်၊ ကျွန်တော့်မှာ တခြားနည်းလမ်းမရှိလို့ပါ၊ ကျွန်တော် နှစ်ထောင်ချီ ဂရုစိုက်ခဲ့ရတဲ့ ငှက်တောင်စိမ်းဝိညာဉ်သစ်ခွက သူတို့ခိုးတာခံလိုက်ရလို့ပါ၊ ဒေါသကြောင့်သာ ကျွန်တော်... ကျွန်တော်..."

"ဘယ်သူက သူတို့ မင်းရဲ့ငှက်တောင်စိမ်းဝိညာဉ်သစ်ခွကို ခိုးတယ်ပြောတာလဲ" ဘယ်သူက မင်းတို့ရဲ့ မုန်လာဥကို လိုချင်လို့တုန်း ပြီးတော့ အစိမ်းရောင်မုန်လာဥ ။

"အ အမှန်ပါပဲ" ဝံပုလွေဘုရင်ရဲ့နားရွက်တွေက နစ်နာဟန် ညွှတ်ကျသွားတယ်။

"အဲကောင်လေးကိုသိတယ်၊ သူကခိုးသွားတဲ့သူပဲ" အဲလိုပြောပြီး လေထဲကနေ အရိပ်ထိန်းကျောက်တုံးတစ်ခု ထုတ်ကာ အဲထဲကနေ ခပ်ရေးရေးသဏ္ဌာန်ထွက်လာတယ်။ ဆယ်နှစ်အရွယ် ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ပြီး လက်ထဲ ဝိညာဉ်ချီတွေလျှံထွက်နေတဲ့ အစိမ်းရောင်မုန်လာဥကို ကိုင်ထားတာပဲ။

All Chapters