ဓားစက်ဝန်းအားသန့်စင်ခြင်း
Vol. 55 Ch. 767
ရိကလန်မှာ အုပ်စိုးသူသခင်တိုက်ပွဲ၌ ဇူယွမ်ပါဝင်လာမည့်အကြောင်းကို လျှို့ဝှက်ထားလိုပါသော်လည်း လူပေါင်းများစွာ၏ ပါးစပ်များကို ထိန်းချုပ်ထားရန် မဖြစ်နိုင်သောကြောင့် ထိုသတင်းမှာ ရွှမ်ကျိုးမြို့တော် တစ်ခွင်လုံးထံ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဤသို့ဖြင့် ယင်းသတင်းအပေါ် နားမလည်နိုင်မှု၊ မယုံကြည်နိုင်မှု များစွာနှင့်အတူ အတင်းအဖျင်းများလည်း ပေါ်ပေါက်လာခဲ့ရသည်။
ရိကလန်အနေဖြင့် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးအား အုပ်စိုးသူသခင်တိုက်ပွဲအတွက် ပြင်ပတွဲဖက်အဖြစ် ဖိတ်ခေါ်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် ဇူယွမ်သည် နောက်ခံဇစ်မြစ်ပင် ရှင်းရှင်းလင်းလင်း မရှိသော ရှောင်ရွှမ်းစီရင်စုမှ မဟုတ်သည့် လူငယ်တစ်ဦးသာ ဖြစ်သည်။
ထို့ကြောင့် လူအများစုမှာ ရိကလန်၏ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင် ဖြစ်ကုန်ကြရသည်။
အုပ်စိုးသူသခင်တိုက်ပွဲ၌ တစ်ဖက်စီမှ လူငါးယောက်သာ ပါဝင်ယှဉ်ပြိုင်နိုင်သဖြင့် နေရာတစ်ခုချင်းစီတိုင်းသည် လွန်စွာတန်ဖိုးရှိလှသည်။ သို့သော် ရိကလန်မှာ ပြင်ပတွဲဖက် တစ်နေရာအား နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာရှိသော ဇူယွမ့်ထံ ပေးအပ်ခဲ့သည်။ ထိုသည်မှာ တိုက်ပွဲမစခင်၌ ကိုယ့်လက်ကိုယ် ဖြတ်ပစ်လိုက်သကဲ့သို့ပင်။
ထိုဆုံးဖြတ်ချက်မှာ မုချမှားယွင်းနေပေသည်။
"ရိကလန်ရဲ့လုပ်ရပ်က တကယ်ရယ်စရာပဲ။"
"ရိကလန်ရဲ့ ခေါင်းဆောင်ဆုံးသွားတော့ ရိချိုးရွှယ်ကပဲ စီစဉ်အုပ်ချုပ်နေတာလေ။ သူ့လိုကလေးမလေးက ဘာသိမှာတဲ့လဲ။"
"ဟေး....ငါကြားတာတော့ ဇူယွမ်က လူချောလေးဆိုပဲ။ ပြီးတော့ ရိချိုးရွှယ်က သူ့ကိုခေါ်လာခဲ့တာတဲ့။ သူက ရိချိုးရွှယ်ရဲ့ ကောင်လေး မဖြစ်နိုင်ဘူးလား။ သမီးရည်းစားတွေမို့များ တိုက်ပွဲတူတူဝင်ဖို့ ဆုံးဖြတ်ထားကြတာလားမှ မသိတာ။"
"ရိကလန်ရဲ့ ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲနှစ်ယောက်က အဲ့ကိစ္စကို သဘောတူလိုက်တာ လုံးဝမယုံနိုင်ဘူး။"
"ဟူး....ကြည့်ရတာ ရိကလန်တော့ အထိနာတော့မယ် ထင်ပါတယ်။ ဒီတစ်ခေါက် အုပ်စိုးသူသခင်တိုက်ပွဲပြီးလို့ အုပ်စိုးသူသခင်နေရာသာ ချူးကလန်က ရသွားခဲ့ရင် ရိကလန်က အခြေပျက်သွားမှာ အသေအချာပဲ။ ရှောင်ရွှမ်းစီရင်စုကနေတောင် ထွက်သွားရလောက်တယ်။"
"ဟုတ်တယ်။ ချူးကလန်ကတော့ အသေအချာကို ပြင်ဆင်ထားတာ။ ကျင်ရှန်းကောင်းကင်ဂိုဏ်းမှာ လေ့ကျင့်နေတဲ့ ချူးလင်ကိုတောင် ပြန်ခေါ်ထားတာတဲ့။ သူတို့ကတော့ အုပ်စိုးသူသခင်တိုက်ပွဲကို အနိုင်ယူဖို့ ဆုံးဖြတ်ပြီးပြီ ထင်တယ်။"
"........."
ရွှမ်ကျိုးမြို့တော်မှ လူအများစုမှာ အုပ်စိုးသူသခင်တိုက်ပွဲနှင့်ပက်သတ်၍ ရိကလန်အပေါ် မျှော်လင့်မထားကြတော့ပေ။
ရိကလန်မှ လူများမှာလည်း ဝေဖန်ခံရခြင်းများအတွက် မည်သို့မျှမတက်နိုင်ပဲ ၎င်းတို့၏ ဒေါသများအားလုံးကို ဇူယွမ့်အပေါ်သာ ပုံချလိုက်ကြရသည်။
.........
ရိကလန်၏ အနောက်ဘက်ပန်းခြံ၌
လွတ်လပ်ကျယ်ပြန့်သော မြေကောင်းမြေသန့်ပေါ်တွင် သစ်ပင်ပန်းမံများနှင့် ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးပေါက်ရောက်နေသောကြောင့် လေထုမှာ လတ်ဆတ်နေပြီး တိတ်ဆိတ်ငြိမ်းသက်သော အငွေ့အသက်ကို ပေးစွမ်းနေလျက် ရှိသည်။
ဟောင်းနွမ်းနေပြီဖြစ်သော ပင်စည်ကြီးတစ်ခုပေါ်တွင် ဇူယွမ်မှာ တင်ပုလ္လင်ချိတ်ထိုင်လျက် မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်ထားလေသည်။
ရိချိုးရွှယ်၏ ကမ်းလှမ်းချက်အား လက်ခံခဲ့ပြီဖြစ်သောကြောင့် ဇူယွမ်မှာ တက်နိုင်သမျှ အကောင်းဆုံး ကြိုးစားရတော့မည်ပင် ဖြစ်သည်။ ရှောင်ရွှမ်းစီရင်စုနှင့် ကန်ရွှမ်းကလန်အား နှိုင်းယှဉ်၍ မရပါသော်လည်း ဟွမ်းယွမ်ကောင်းကင်ဒေသသည် အကောင်းမွန်ဆုံး ကောင်းကင်ဒေသ ဖြစ်နေသောကြောင့် အထင်မသေးသင့်ပေ။
ဇူယွမ်၏ရှေ့တွင်မူ အနက်ရောင်စုတ်တံတစ်ချောင်းမှာ လေပေါ်ဝဲပျံကာ စကြာဝဠာချီများကို စုပ်ယူနေလျက် ရှိသည်။
ထိုသည်မှာ ကောင်းကင်ဘုံယွမ်စုတ်တံပင် ဖြစ်သည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် မျက်ဝန်းများကို ဖွင့်ဟလိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံ၏ ပဉ္စမမြောက် စာလုံးဖြစ်သော ချီဖြိုခွဲခြင်း စွမ်းအင်များ နိုးထလာပြီးသည့်နောက် ဆဋ္ဌမမြောက်စာလုံးမှာ ယခုအချိန်ထိ ပြီးပြည့်စုံစွာ နိုးထလာခြင်း မရှိသေးပေ။
ယခုအချိန်တွင် ကောင်းကင်ဘုံယွမ်စုတ်တံမှာ အဆင့်နိမ့် မူလလက်နက်တစ်ခုဖြစ်နေပြီး ဆဋ္ဌမမြောက်စာလုံးသာ နိုးထလာခဲ့ပါက အဆင့်မြင့် မူလလက်နက်အဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။
ဟွမ်းယွမ်ကောင်းကင်ဒေသကဲ့သို့ နေရာမျိုး၌ပင် အဆင့်မြင့် မူလလက်နက်မှာ အဖိုးတန်လှပြီး သာမန်ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူများသည်ပင် ပိုင်ဆိုင်ရန် မဖြစ်နိုင်လောက်ချေ။
ဇူယွမ်မှာ မူလက်နက်အဆင့်ကို စိတ်ဝင်စားခြင်း မဟုတ်ပဲ ဆဋ္ဌမမြောက်စာလုံး နိုးထလာရန်သာ အာရုံစိုက်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ပဉ္စမမြောက် မှော်စာလုံးဖြစ်သော ချီဖြိုခွဲခြင်းစွမ်းအင် နိုးထလာခြင်းကပင် သူ့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။
ပဉ္စမြောက်စာလုံးသည်ပင် ထိုမျှဆန်းကြယ်နေပါက ဆဋ္ဌမမြောက်စာလုံးဆိုလျှင်.....
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ကိုယ်နှင့်မကွာ ဆောင်ထားခဲ့ပါသော်လည်း ဆဋ္ဌမမြောက်စာလုံးမှာ ယခုအချိန်ထိ လင်းလက်လာခြင်း မရှိပေ။ ကောင်းကင်ဘုံယွမ်စုတ်တံသည် အမှန်တကယ်ပင် လောဘကြီးလွန်းလှသည်။
"ကြည့်ရတာ အချိန်လိုဦးမယ်ထင်တယ်။"
ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ ကြိုးစားမှုများမှာ အလဟဿဖြစ်ရိုး ထုံးစံမရှိပေ။ သူသည် ဆဋ္ဌမမြောက်စာလုံး စတင်လင်းလက်စပြုလာသည်ကို တွေ့မြင်နေရပြီပင်။
ဆဋ္ဌမမြောက်စာလုံး၏ နိုးထမှုမှာ နီးကပ်လာပြီ ဖြစ်သည်။
ဇူယွမ်မှာ အတွေးစများကို ဖြတ်တောက်လိုက်ပြီးနောက် လက်ဟန်အမျိုးမျိုး ပြောင်းလဲကာ အလွန်ထက်ရှလွန်းသော ချီစွမ်းအင်များအား ထွက်ပေါ်စေလိုက်သည်။
ချီစွမ်းအင်များကြောင့် လေထုသည်ပင် ပေါက်ကွဲကုန်ရသည်။
ထိုချီစွမ်းအင်များသည် ဓားချီများကဲ့သို့ ထက်ရှလွန်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။
ထက်ရှလှသော ဓားချီများမှာ ဇူယွမ်၏ လက်ဝါးထက်၌ နေ့တဝက်မျှ လည်ပတ်နေပြီးနောက် ပုတီးစေ့အရွယ် ဓားချီစွမ်းအင်စက်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။
ဇူယွမ်မှာ စွမ်းအင်စက်ဝန်းအား လေးနက်စွာဖြင့် ကြည့်ရှုလိုက်သည်။ ယခုကျင့်ကြံနေသည်မှာ ဓားကပ်ဘေးတောင်ထွတ်၏ မိစ္ဆာသတ်ဓားစက်ဝန်း ဖြစ်သည်။
ထျန်းယွမ်နယ်မြေသို့ ရောက်ရှိလာပြီးနောက် သူ၏အရည်အချင်းများကို ဆက်လက်မြှင့်တင်ရမည်ဖြစ်သဖြင့် ကန်ရွှမ်းကလန်မှ ရရှိလာခဲ့သော ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုအား ဆက်လက်လေ့လာကျင့်ကြံနေရန် လိုအပ်ပေသည်။
ထိုသိုင်းကျမ်းခုနစ်ခုအနက် မိစ္ဆာသတ်ဓားစက်ဝန်းမှာ အဖျက်စွမ်းအင်များ ကြီးမားစွာပါဝင်သော သတ်ဖြတ်ခြင်းကျင့်စဉ်တစ်ခု ဖြစ်သည်။ ဇူယွမ်မှာ ၎င်းကျင့်စဉ်အား ယခင်ထဲက လိုချင်တောင့်တနေခဲ့သောကြောင့် ရရှိလာခဲ့သောအခါ အချိန်ရတိုင်း လေ့လာကျင့်ကြံဖြစ်ခဲ့သည်။ ထိုကြိုးစားအားထုတ်မှုများမှာ ယခုအခါ အသီးအပွင့်များ ဖြစ်ပေါ်လာခဲ့လေပြီ။
"ဒါပေမယ့် စွမ်းအင်စက်ဝန်းကို သန့်စင်ဖို့ဆိုရင် ရှေးဟောင်းဟွမ်ကျင်းချီစွမ်းအင်နဲ့ မူလဓားချီကို ပေါင်းစည်းနိုင်မှရမယ်။ ငါ့ရဲ့မိစ္ဆာသတ်ဓားစက်ဝန်းက အဆင်မပြေသေးဘူး။" ဇူယွမ်မှ ရေရွတ်လိုက်သည်။
သို့သော် ရှေးဟောင်းဟွမ်ကျင်းချီစွမ်းအင်များအား ရှားပါးမူလရတနာများထဲမှသာ ထုတ်ယူနိုင်ပေသည်။ ယခုအခါတွင် ဇူယွမ်မှာ တစ်ကောင်ကြွက် ဆင်းရဲသား ဖြစ်နေရပြီး ပိုင်ဆိုင်သမျှအားလုံး ကွမ်းကျန်လဲ့အတွင်း ပျက်စီးခဲ့ရပြီ ဖြစ်သည်။ ဘိုးဘေးနဂါးပုရပိုက်အား အဆင့်မြှင့်တင်ရန် လိုအပ်သော ပစ္စည်းများကိုပင် ရိချိုးရွှယ်ထံမှ အရှက်မရှိ တောင်းဆိုထားခဲ့ရသည်။ ရှေးဟောင်းဟွမ်ကျင်းချီစွမ်းအင်များကို မည်သည့်နေရာတွင် သွား၍ရှာဖွေရပါမည်နည်း။
ဇူယွမ်မှာ ခါးတွင်ချိတ်ထားသော သိုလှောင်အိတ်အား ခါးသက်စွာ ကြည့်ရှုလိုက်မိသည်။
တော်ဝင်နန်းတော်မှ သူတော်စင်အဆင့် ကျင့်ကြံသူများ ဝင်ရောက်နှောင့်ယှက်ခဲ့ခြင်းကြောင့် ထိုသို့ဖြစ်လာခဲ့ရခြင်းပင်။
ဇူယွမ်မှာ အံကိုတင်းတင်း ကြိတ်ထားလိုက်မိသည်။ ထိုအဖြစ်အပျက်အား လုံးဝအမှတ်ထားရလိမ့်မည်။
ဇူယွမ်မှ စိတ်ညစ်နေစဉ်မှာပင် လှပသော ပုံရိပ်လေးနှစ်ခု ပန်းခြံအတွင်း ဝင်ရောက်လာသည်။ ၎င်းတို့မှာ ရိချိုးရွှယ်နှင့် ကျောက်ယွဲ့တို့ပင် ဖြစ်သည်။
ဇူယွမ်မှာ အလျင်အမြန်ပင် ရိချိုးရွှယ်တို့ထံ သွားရောက်နှုတ်ဆက်လိုက်သည်။
"အကိုတော်ဇူယွမ် ဒီမှာနေရတာ အဆင်ပြေရဲ့လား။" ရိချိုးရွှယ်မှ ပြုံးကာပြောလိုက်သည်။
"တော်တော်လေး အဆင်ပြေပါတယ်။"
ကျောက်ယွဲ့မှ နှုတ်ခမ်းကိုဖိကိုက်ကာ ပြောလိုက်သည်။ "ရှင်ကတော့ နေလို့ကောင်းမှာပေါ့။ ကျွန်မတို့ ရိကလန်ကတော့ ရွှမ်ကျိုးမြို့တော် တစ်ခုလုံးရဲ့ ရယ်စရာ ဖြစ်နေရပြီ။"
ဇူယွမ်မှ ချောင်းဟန့်ကာ စကားဆိုလိုက်သည်။ "အဲ့လူတွေက ဘာသိမှာမို့လို့လဲ။"
ကျောက်ယွဲ့မှ မျက်စောင်းထိုးလိုက်သည်။
ရိကလန်တစ်ခုလုံးမှာလည်း ဇူယွမ်ကဲ့သို့ အရေထူကာ အရှက်မဲ့သူမျိုး မမြင်ဘူးကြောင်း ပြောစမှတ်ပြုနေကြသည်။
ရိချိုးရွှယ်မှာ ဇူယွမ်၏ အနေအထားကို တိတ်တဆိတ် လေ့လာကြည့်လိုက်သည်။ သူ၏အပြုအမူများသည် အနည်းငယ်မျှပင် လိမ်ညာနေဟန် မရှိကြောင်း ထင်ရှားနေသည်။
သူမသည် သိုလှောင်အိတ်အတွင်းမှ သေတ္တာအချို့အား ထုတ်ယူလိုက်သည်။ "ဒါက အကိုတော် တောင်းထားတဲ့ ပစ္စည်းတွေ အကုန်ပဲ။"
ဇူယွမ်မှာ ပျော်ရွှင်သွားရသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသသည် အမှန်တကယ်ပင် ကောင်းချီးများဖြင့် ပြည့်နှက်နေပုံ ရသည်။ ဘိုးဘေးနဂါးပုရပိုက်အတွက် လိုအပ်သော ပစ္စည်းများအား ရှောင်ရွှမ်းစီရင်စု တစ်ခုအတွင်းမှာပင် ရရှိနိုင်ခဲ့လေသည်။
ယောင်ယောင်မှာ ထိုပစ္စည်းများကို ကန်ရွှမ်းကလန်အတွင်း နှစ်နှင့်ချီ၍ စုဆောင်းရှာဖွေပေးခဲ့ပါသော်လည်း အချို့ရှားပါးရတနာများအား မရရှိနိုင်ခဲ့ပေ။
"ကျေးဇူးတင်ပါတယ်။" ဇူယွမ်မှ ပျော်ရွှင်ကျေနပ်စွာ ပြောလိုက်သည်။
ရိချိုးရွှယ်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "မလိုပါဘူး။ တချို့ပစ္စည်းတွေက အရမ်းရှားတော့ ကျွန်မတို့ ရိကလန်ရဲ့ ဘဏ္ဍာတိုက်ထဲမှာတောင် မရှိဘူး။ ဦးလေးလျိုရဲ့ ဆန်းကြယ်လင်းယုန် ကုန်သည်ကြီးများအသင်းကိုတောင် အကူအညီ တောင်းခဲ့ရတယ်။ အကိုတော် ဇူယွမ် ရှင့်ရဲ့တန်ကြေးက တကယ်မနည်းဘူးပဲ။"
ဇူယွမ်မှာ ရှက်ရွံ့စွာဖြင့် အားယူကာ ပြုံးပြလိုက်သည်။
ထို့နောက် သက်ပြင်းချလိုက်မိသည်။ ယခုအခါတွင် ဘိုးဘေးနဂါးပုရပိုက်အား အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်ပါသော်လည်း မိစ္ဆာသတ်ဓားစက်ဝန်းအား သန့်စင်နိုင်ရန် လိုအပ်နေသေးသည်။
ရိချိုးရွှယ်မှာ ဇူယွမ်၏ အမူအရာအား သတိပြုမိသွားသဖြင့် ချက်ချင်းဆိုသလို မေးမြန်းလိုက်သည်။ "အကိုတော် ဇူယွမ်....တခြားတောင်းဆိုစရာတွေ ရှိသေးလား။"
ဇူယွမ်မှ ချောင်းဟန့်ကာ ပြောလိုက်သည်။
"ချိုးရွှယ် တစ်ခုလောက် ထပ်ပြီးကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။" ဇူယွမ်မှာ အလွန်ရှက်ရွံ့နေမိသည်။ "အခု ကျွန်တော့်အတွက် ရှေးဟောင်းဟွမ်ကျင်းချီ လိုအပ်နေတယ်။"
ကျောက်ယွဲ့မှာ မျက်လုံးအပြူးသားဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်မိသည်။
"စိတ်မပူပါနဲ့။ အလကား မယူပါဘူး။ အဲ့အစား ကျွန်တော့်ကိုပေးမယ့် အဆင့်မြင့် နတ်ဘုံခန်းဝါဆေးကို တဝက်ပဲယူမှာပါ။" ဇူယွမ်မှ အလျင်အမြန် ထပ်၍ပြောလိုက်သည်။
ကျောက်ယွဲ့မှ ရယ်မောလိုက်သည်။ "ဟားဟားဟား......အုပ်စိုးသူသခင်တိုက်ပွဲမှာနိုင်မှ ရိကလန်က ရှင့်ကို အဆင့်မြင့် နတ်ဘုံခန်းဝါဆေး အလုံးတစ်ရာ ပေးမှာလေ။ အခုထဲက ရှင့်အပိုင်ဖြစ်ပြီ ထင်နေတာလား။"
ရိချိုးရွှယ်မှာ သူမ၏အကြည့်များကို ရှောင်လွှဲရန် ကြိုးစားခြင်းမပြုသော ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်မိသည်။ သူ၏မျက်ဝန်းများအတွင်း ကူကယ်ရာမဲ့သော အငွေ့အသက်များ ရှိနေပါသော်လည်း အပြစ်လုပ်ထားဟန် မရှိပေ။
ရိချိုးရွှယ်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စကားဆိုလိုက်သည်။ "အကိုတော် ဇူယွမ်...အခုတောင် ရှင်တောင်းဆိုထားတာ တော်တော်များနေပြီ။ ထပ်ပြီးပေးရမယ်ဆိုရင် ရိကလန်ကို ကျွန်မ ဘယ်လိုရှင်းပြရမလဲတောင် မသိတော့ဘူး။"
ဇူယွမ်မှ ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။"
"ကလန်ဆီက ထပ်မရနိုင်တော့ဘူး ဆိုပေမယ့် ကျွန်မကိုယ်တိုင် သိမ်းထားတာတွေထဲကနေ အကိုတော် ဇူယွမ့်ကို ငှားပေးနိုင်ပါတယ်။"
ဇူယွမ်မှာ မည်သို့တုံ့ပြန်ရမည်မသိပဲ ရိချိုးရွှယ်အား ငေးမောကြည့်ရှုနေမိသည်။
"သခင်မလေး...." ကျောက်ယွဲ့မှ အလိုမကျဟန်ဖြင့် တားလိုက်သည်။
ရိချိုးရွှယ်မှ လက်ကာပြကာ ပြောလိုက်သည်။ "ခဏနေကြရင် တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်ပါ့မယ်။"
သူမသည် ဇူယွမ်အား အချိန်အတော်ကြာ စူးစိုက်ကြည့်ရှုနေပြီးနောက် ဒေါသတကြီးဖြစ်နေသော ကျောက်ယွဲ့နှင့်အတူ ထွက်ခွာသွားသည်။
ဇူယွမ်မှာ ရိချိုးရွှယ်၏ ကျောပြင်လေးအား ငေးမောလျက် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ "တကယ်ကို အံ့သြဖို့ကောင်းတဲ့ မိန်းကလေးပဲ။"
ယခုအခါတွင် အပေးအယူသာမက ဇူယွမ်မှာ ရိချိုးရွှယ်အပေါ် အကြွေးတင်သွားပြီဖြစ်သောကြောင့် အုပ်စိုးသူသခင်တိုက်ပွဲအတွက် ရေကုန်ရေခမ်း ကြိုးစားရတော့မည်ပင် ဖြစ်သည်။
ရိချိုးရွှယ်မှ ထိုသို့ဖြစ်လာအောင် စီစဉ်ထားခဲ့ခြင်း မဟုတ်ပဲ သူကိုယ်တိုင်က အကြွေးတင်ရလောက်အောင်ထိ အစစအရာရာ ချို့ယွင်းနေခဲ့ခြင်းပင်။
ဇူယွမ်သာ နှလုံးသားမရှိသူဖြစ်ပါက ရိချိုးရွှယ်၏ ကျေးဇူးကြွေးများအပေါ် ဂရုစိုက်မည် မဟုတ်သော်လည်း ထိုကဲ့သို့ လူတန်းစားမျိုး မဟုတ်ကြောင်းကို ရိချိုးရွှယ်မှ သိရှိနေခဲ့သည်။
ရိကလန်၏ ခေါင်းဆောင်သစ်မှာ အမှန်တကယ် ထူးခြားလှပေသည်။
ဇူယွမ်မှာ သက်ပြင်းချလျက် သေတ္တာများအားလုံးကို သိမ်းဆည်းလိုက်သည်။
လာမည့်ရက်အတွင်း အနည်းငယ်မျှပင် အနားမယူပဲ အုပ်စိုးသူသခင်တိုက်ပွဲအတွက် ဘိုးဘေးနဂါးပုရပိုက်အား အဆင့်မြှင့်တင်ခြင်းနှင့် မိစ္ဆာသတ်ဓားစက်ဝန်းကို သန့်စင်ခြင်းများ လုပ်ဆောင်ရတော့မည်ပင် ဖြစ်လေတော့သတည်း.......