← Chapters

ကောင်းကင်မြွေနဂါးချီ

Vol. 55 Ch. 768

ကောင်းကင်မြွေနဂါးချီ

Vol. 55 Ch. 768

ရက်အနည်းငယ်အတွင်း ရိကလန်နှင့် ချူးကလန်တို့၏ အုပ်စိုးသူသခင်တိုက်ပွဲအကြောင်းမှာ ရွှမ်ကျိုးမြို့တော်သာမက ရှောင်ရွှမ်းစီရင်စု တစ်ခွင်လုံးတွင် လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာသည်။

စီရင်စုအတွင်း ရှိနေသော ကလန်များ၊ မိသားစုများအားလုံးမှာ ထိုတိုက်ပွဲအပေါ် အာရုံစိုက်နေကြသည်။

ချူးကလန်သည် ရှောင်ရွှမ်းစီရင်စု၌ နောက်ခံအင်အား တောင့်တင်းပြီး အုပ်စိုးသူသခင်နေရာအတွက် သင့်တော်သူများစွာရှိသော သြဇာအာဏာရှိသည့် မိသားစုတစ်ခု ဖြစ်သည်။ သို့သော် ရိကလန်ပေါ်ပေါက်လာပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် အုပ်စိုးသူသခင်နေရာအား ရယူသွားခဲ့သောကြောင့် ချူးကလန်မှာ အမှန်တကယ် အညှိုးထားနေလောက်သည်။

ထိုသို့ဖြစ်နေပါသော်လည်း ရိကလန်မှ အကြီးအကဲတစ်ဦးသည် ထျန်းယွမ်နယ်မြေ၏ အုပ်ချုပ်မှုအပိုင်းတွင် အရေးကြီးသော ရာထူးတစ်ခုအား ရယူထားနိုင်သည့်အတွက် ချူးကလန်အနေဖြင့် မည်သို့မျှ မတက်နိုင်ပဲ အခွင့်အရေးရလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ရသည်။

သားရဲတစ်ထောင်တောင်တန်းအတွင်း ရိကလန်မှ သခင်ကြီး သေဆုံးသွားခဲ့သောကြောင့် ချူးကလန်အတွက် အကောင်းဆုံးသော အခွင့်အရေးကို ရရှိသွားခဲ့သည်။

အုပ်စိုးသူသခင်တိုက်ပွဲကိုသာ အနိုင်ရရှိခဲ့ပါက ထျန်းယွမ်နယ်မြေ၏ အုပ်ချုပ်မှုအပိုင်းတွင် နေရာရထားသော ရိကလန်မှ အကြီးအကဲသည်ပင် မည်သို့မျှ မတက်နိုင်ပဲ ရှောင်ရွှမ်းစီရင်စုအား ချူးကလန်လက်ထဲသို့ ထည့်ပေးလိုက်ရပေလိမ့်မည်။

ထို့ကြောင့် ယခုလာမည့် အုပ်စိုးသူသခင်တိုက်ပွဲသည် ရှောင်ရွှမ်းစီရင်စုအား ဆယ်စုနှစ်များစွာ ချုပ်ကိုင်ထားနိုင်မည့် အခွင့်အရေးကို ဆုံးဖြတ်ပေးမည့်ပွဲပင် ဖြစ်သည်။

ဤသို့ဖြင့် လူအများ စောင့်မျှော်နေသော ခုနစ်ရက်မြောက်နေ့မှာ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ခုနစ်ရက်မြောက်နေ့ မနက်ခင်းတွင် ရွှမ်ကျိုးမြို့တော် တစ်ခုလုံးမှာ အရပ်မျက်နှာအစုံမှ ရောက်ရှိလာကြသူများဖြင့် အုပ်အုပ်ကျက်ကျက် စည်ကားနေလျက် ရှိသည်။ လူများအားလုံးမှာ မြို့တော်၏ အလယ်ဗဟို၌ စုဝေးနေကြလေသည်။

ရွှမ်ကျိုးမြို့တော်၏ အလယ်ဗဟိုတွင် အုပ်စိုးသူသခင်တိုက်ပွဲ ကျင်းပမည့် တောင်တန်းတမျှ မြင့်မားလှသော စင်ကြီးတစ်ခု ရှိနေသည်။

ရိကလန်၏ ခြံဝန်းအတွင်း၌

ရိချိုးရွှယ်မှာ ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲနှစ်ဦးနှင့်အတူ ရှိနေပြီး ရိကလန်မှ လူများအားလုံးမှာလည်း စုဝေးနေလျက် ရှိသည်။

လျိုကျစ်ရွှမ်းမှာလည်း သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့်အတူ ထိုနေရာသို့ ရောက်ရှိနေသည်။

ရိချိုးရွှယ်၊ လျိုကျစ်ရွှမ်းနှင့် ဇူယွမ်တို့မှာ အုပ်စိုးသူသခင်တိုက်ပွဲအတွက် ရွေးချယ်ထားသူများ ဖြစ်ကြသည်။

လူများအားလုံးမှာ လျိုကျစ်ရွှမ်းအား ကြီးကြီးမားမား မျှော်လင့်ထားကြသည်။ သူသည် နတ်ဘုံခန်းဝါ နိဗ္ဗာန်ရှစ်ခု ဖွင့်လှစ်ထားနိုင်ရုံမျှမက နတ်ဘုံခန်းဝါ မဟာအဆင့်သို့ ရောက်ရှိထားသူလည်း ဖြစ်သည်။ ၎င်း၏အရည်အချင်းမှာ ချူးကလန်မှ ချူးလင်ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိ။

သို့သော် ယင်းခြံဝန်းအတွင်း ဇူယွမ်အား တွေ့ရှိရခြင်း မရှိပေ။

ယခုကဲ့သို့ အချိန်မျိုး၌ပင် ဇူယွမ်မှာ မရောက်လာသေးသောကြောင့် ရိကလန်မှ အကြီးအကဲများမှာ မျက်စိမျက်နှာ ပျက်သွားကြရသည်။

"အဟမ်း...."

လျိုထျန်းရင်မှ ချောင်းဟန့်ကာ စကားဆိုလိုက်သည်။ "တူမလေး ချိုးရွှယ်...ဦးလေးတို့ရဲ့ မိတ်ဆွေလေး ဇူယွမ်ရော။"

ရိချိုးရွှယ်မှာ အနောက်ဘက်ပန်းခြံအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကြည့်ရတာ သူကျင့်ကြံနေတုန်းထင်တယ်။ ခဏလောက် စောင့်လိုက်ရအောင်။"

လျိုမင်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ထွက်ပြေးသွားတာများလား။"

ရိကလန်မှ လူငယ်များမှာလည်း လျိုမင်ကဲ့သို့ အတွေးမျိုး ဝင်လာမိသည်။ ဇူယွမ်သည် မဖြစ်နိုင်သော စကားကြီး စကားကျယ်များစွာ ပြောခဲ့သောကြောင့် တိုက်ပွဲရောက်လာသောအခါတွင် ကြောက်ရွံ့ကာ ထွက်ပြေးသွားခြင်းမျိုး ဖြစ်နိုင်ပေသည်။

သို့သော် အမှန်တကယ်သာ ထိုသို့ဖြစ်လာပါက ရိကလန်မှာ လူရယ်စရာ ဖြစ်သွားရပေလိမ့်မည်။

အကြီးအကဲ ရိချင်းကျီမှ မျက်မှောင်ကျုံ့ကာ စကားဆိုလိုက်သည်။ "အခုထိ လူလဲလိုက်ဖို့ အချိန်ရှိပါသေးတယ်။ မင်းရဲ့ဦးလေးလျိုကျေးဇူးနဲ့ နတ်ဘုံခန်းဝါ မဟာအဆင့်ရှိတဲ့တစ်ယောက်ကို ရထားတယ်။"

ရိချိုးရွှယ်မှ ခေါင်းကိုခါယမ်းလိုက်သည်။ "ဇူယွမ့်ကို စောင့်ဖို့လည်း အချိန်ရှိပါသေးတယ်။"

ရိချင်းကျီမှာ အလိုမကျ ဖြစ်သွားရသည်။ အခြားသော ကောင်းကင်ဘုံနေမင်းအဆင့် အကြီးအကဲများမှ ဝင်ရောက်ပြောဆိုလိုပါသော်လည်း ရိချင်းကျီ၏ တားဆီးမှုကြောင့် မပြောဖြစ်ကြတော့ပေ။

လက်ရှိအချိန်၌ ရိချိုးရွှယ်မှာ ရိကလန်၏ ခေါင်းဆောင် ဖြစ်သည်။ အများအမြင်၌ သူမ၏စကားကို ငြင်းဆန်လိုက်ပါက သူမ၏ သြဇာသက်ရောက်မှုနှင့် အခြားသော အရာများအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်သွားနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရိချိုးရွှယ်မှာလည်း ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရသည်။ သူမသည် ရိကလန်၏ ခေါင်းဆောင် ဖြစ်ခါစမှာပင် အုပ်စိုးသူသခင်တိုက်ပွဲ၌ ဇူယွမ်အား မရမက နေရာတစ်နေရာ ပေးခဲ့သည်။ အကယ်၍ တိုက်ပွဲတွင်သာ ဇူယွမ်ကြောင့် ရှုံးနိမ့်သွားခဲ့ပါက သူမအတွက် ဆိုးကျိုးများစွာ ဖြစ်သွားရပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက ရိချိုးရွှယ်မှာ ရိကလန်မှ တစ်ယောက်ချင်းစီတိုင်းကို လိုက်လံတောင်းပန်နေရမည်မှာ သေချာပေသည်။

ရိချိုးရွှယ်မှာ အမြဲလိုလို စဉ်းစားချင့်ချိန်တက်သူ ဖြစ်ပါသော်လည်း ယခုတစ်ခေါက်၌ လုံးဝဖြောင်းဖြ၍ပင် မရသောကြောင့် ရိချင်းကျီမှာ ခေါင်းကိုက်နေရသည်။

ကောလဟလများကဲ့သို့ ရိချိုးရွှယ်မှာ အမှန်တကယ်ပင် ဇူယွမ့်အပေါ် မေတ္တာသက်ဝင်နေသည်လား....

သို့သော် လျိုကျစ်ရွှမ်းအပါအဝင် အခြားသော ပါရမီရှင် လူငယ်များစွာ ရိချိုးရွှယ်အပေါ် ချစ်ခင်နှစ်သက်ခဲ့ကြသည်။ ထိုသည်ကို မည်သည့်နောက်ခံမှမရှိသော ဇူယွမ့်အား စိတ်ဝင်စားနိုင်ပါ့မည်လော....

ဝုန်း.....

အားလုံးမှ အတွေးများကြား နစ်မြောနေစဉ်မှာပင် ရိကလန်၏ အနောက်ဘက်ပန်းခြံမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်းမှာ အထိတ်တလန့်ဖြင့် လှမ်း၍ကြည့်ရှုလိုက်ကြသည်။

ကောင်းကင်ထက်သို့ ထိုးတက်နေသော မိုးပြာရောင် ချီစွမ်းအင်အလင်းတန်းနှင့် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့အား ကြားလိုက်ကြရသည်။

ပတ်ဝန်းကျင်မှ ချီစွမ်းအင်များမှာလည်း ထိုချီစွမ်းအင်အလင်းတန်းထံ သွားရောက်ဂါရဝပြုကြမည့်အလား အနောက်ဘက်ပန်းခြံထံသို့ စုဝေးပျံဝဲသွားကြသည်။

"ဒီချီစွမ်းအင်က ပြင်းလှချည်လား။" ရိချင်းကျီမှာ အံ့အားသင့်သွားရသည်။ ကောင်းကင်ဘုံနေမင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုအနောက်ဘက်ပန်းခြံမှ ထွက်ပေါ်နေသော ချီစွမ်းအင်၏ သန့်စင်မှုနှင့် ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာခံစားမိနေသည်။

သို့သော် ထိုချီစွမ်းအင်အလင်းတန်းမှာ လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားလေသည်။

ဘန်း.....

ပုံရိပ်တစ်ခုမှာ ကောင်းကင်ထက်မှ လျင်မြန်စွာ ဆင်းသက်လာသည်။ ထိုသည်မှာ ဇူယွမ်ပင် ဖြစ်သည်။

ဇူယွမ်၏ မျက်ဝန်းများတွင် မိုးပြားရောင် အလင်းတန်းများ စီးဆင်းလှည့်လည်နေလျက် ရှိသည်။

လျိုကျစ်ရွှမ်းမှာ ကူကယ်ရာမဲ့စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်မိသည်။

၎င်း၏မျက်ဝန်းအတွင်း လည်ပတ်နေသော မိုးပြာရောင် အလင်းတန်းများထံမှ အန္တရာယ် အငွေ့အသက်များ ခံစားနေမိသည်။

သို့သော် မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းများ ပျောက်ကွယ်သွားလေသည်။

ဇူယွမ်မှ ရိချိုးရွှယ်အားကြည့်ကာ တောင်းပန်စကားဆိုလိုက်သည်။ "တောင်းပန်ပါတယ်။ ကျွန်တော် နောက်ကျသွားတယ်။"

ရိချိုးရွှယ်မှ ပြုံးကာခေါင်းခါပြလျက် ဇူယွမ်အား လေ့လာကြည့်ရှုလိုက်သည်။ သူမသည်လည်း ဇူယွမ်ထံမှ အန္တရာယ် အငွေ့အသက်များကို ခံစားမိလေသည်။

ထို့ကြောင့်ပင် ရိချိုးရွှယ်မှာ သူ့အား အလေးအနက် ယုံကြည်ထားခြင်း ဖြစ်သည်။

လျိုမင်မှာ လက်သီးထောင်ပြကာ ပြောလိုက်သည်။ "ကျွန်မက ရှင်ထွက်ပြေးသွားပြီ ထင်နေတာ။ အဲ့လိုသာဆိုရင်တော့ ရှင့်ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး...ဟွန့်။"

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ သူမအား လှည့်ပင်မကြည့်ချေ။

လျိုမင်မှာ အလွန်ဒေါသထွက်သွားကာ ဇူယွမ်အား ရိုက်နှက်ရန် ကြံစည်လိုက်ပါသော်လည်း လျိုကျစ်ရွှမ်းမှ တားဆီးကာ ဇူယွမ့်ကို အားတုံ့အားနာဖြင့် ပြုံးပြလိုက်သည်။

ဇူယွမ်မှာလည်း စိတ်ထဲမထားကြောင်း ပြန်၍ပြုံးပြလိုက်သည်။

"အုပ်စိုးသူသခင်တိုက်ပွဲအတွက် ကျွန်မကို ကူညီပေးကြပါဦး။"ရိချိုးရွှယ်မှာ လျိုကျစ်ရွှမ်း၊ ဇူယွမ်နှင့် အခြားသော နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူနှစ်ဦးအား ပြုံးကာစကားဆိုလိုက်သည်။

"သွားကြရအောင်။" ရိချိုးရွှယ်မှာ ချီတိမ်တိုက်တစ်ခုအားဖန်တီးကာ လူအားလုံးကို တင်ဆောင်ပျံသန်းသွားသည်။

ချီတိမ်တိုက်မှာ ရွှမ်ကျိုးမြို့တော် အလယ်ဗဟိုရှိ တိုက်ပွဲစင်မြင့်သို့ ဆင်းသက်လိုက်သည်။

ဇူယွမ်မှာ ကြက်ပျံမကျ စည်ကားလှသော လူအုပ်ကြီးအား တွေ့ရှိလိုက်ရသည်။ ကြည့်ရသည်မှာ ရွှမ်ကျိုးမြို့တော်မှ တစ်ယောက်မကျန် ဤနေရာတွင် စုဝေးနေပုံ ရသည်။

ထို့အပြင် လူတိုင်းမှသူ့အား စိတ်ဝင်တစား ကြည့်ရှုနေသည်ကိုလည်း ဇူယွမ်မှ ခံစားနေမိသည်။ ရက်အနည်းငယ်အတွင်း သူသည် ရွှမ်ကျိုးမြို့တော်၏ အာရုံစိုက်ခံရသူ ဖြစ်လာခဲ့ပုံပင်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ အကြည့်များကို ကြည့်ခြင်းအားဖြင့် သူ့အား အထင်အမြင်သေးနေဟန် ရှိသည်။

ဇူယွမ်မှာ စိတ်ထဲမထားဟန်ဖြင့် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

ယနေ့တိုက်ပွဲတွင် ဘိုးဘေးနဂါးပုရပိုက်၏ ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီ၏ စွမ်းအင်များကို စမ်းသပ်ရတော့မည် မဟုတ်ပါလော။

All Chapters