← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း ၃၂၈ ။ ပြိုင်ပွဲစီစဉ်သူ ဖြစ်လာခြင်း

ကူယွဲ့က ဘယ်လိုအရူးလုပ်လိုက်လဲမသိပေမဲ့ သူ့ရဲ့ ဆွဲဆောင်မှုနေရာမှာ ရိုးသားမှုဂိုဏ်းထက်တောင် နတ်ကောင်းကင်ဂိုဏ်းက တပည့်တွေ ပိုများနေတယ်။ ပြီးတော့ရောက်လာတဲ့ တပည့်အများစုက ဓားအင်းကွက်ကို ဖောက်ထွင်းဖို့ စိတ်ဝင်စားသူတွေ။ ရိုးသားမှုဂိုဏ်းက ဝိညာဉ်ကျောက်တုံးတွေ အများကြီးလက်ခံရထားလို့ သူတို့လက်တွေတောင် အားနည်းစပြုလာတယ်။ သူတို့ကောက်ခံတဲ့နှုန်းကြေးက ဆန်းကြယ်ဘုံထဲဝင်ခထက် ဆယ်ဆကျော်တယ်။

လော့ဟုန်က ဒါနဲ့ပတ်သက်ပြီး အတော်လေးကို ဇဝေဇဝါဖြစ်နေတာ။ ကူယွဲ့ ဘယ်ချိန်က နတ်ကောင်းကင်ဂိုဏ်းနဲ့ အပေးအယူလိုက်နိုင်လိုက်လဲတောင် မသိဘူး။ အရင်က တပည့်တွေက အလကားဝင်လို့ရတယ်။ အခု သူတို့က တူညီတဲ့ ဓားအင်းကွက်ကိုဝင်ဖို့ တန်ဖိုးကြီးပေးနေကြပေမဲ့ သူတို့ကပဲ အကျိုးမြတ်ရနေတဲ့သူတွေလိုမျိုးဖြစ်နေတယ်။

ပြီးတော့ ဆရာကူယွဲ့ရဲ့ဓားအင်းကွက်က ခမ်းနားကြီးကျယ်ပေမဲ့ သူတို့ဂိုဏ်းတစ်ခုပဲ ကွက်ထူးခြားနေတာမှ မဟုတ်တာ။ နတ်ကောင်းကင်ဂိုဏ်းလို အင်အားကြီးဂိုဏ်းမှာလည်း သေချာပေါက် ခပ်ဆင်ဆင် ဓားအင်းကွက်ရှိမှာပဲ။ လော့ထောင် ဒီကနေလေ့လာနိုင်တဲ့ တစ်ခုတည်းသော ကောင်းတဲ့ကိစ္စက ဒီဓားအင်းကွက်က နတ်ဝိညာဉ်တွေထက် အားနည်းတဲ့ကျင့်ကြံသူတွေကိုပါ လက်ခံနိုင်တာပဲ။

လော့ဟုန် ဒါတွေအားလုံးကြောင့် ဇဝေဇဝါဖြစ်နေတာ နတ်ဝိညာဉ်ကျင့်ကြံသူ ပထမအသုတ်ကို ရှေ့ပို့မလာခင်ထိပဲ။ တစ်ယောက်ချင်းစီက ဝိညာဉ်ကျောက်တုံးတွေကို ယူလာတာမို့ လော့ဟုန် လျှာစေးကပ်နေတော့တယ်။ သူတို့ ခုရရှိတဲ့ဝင်ငွေက ရိုးသားမှုဂိုဏ်းလက်ခံရရှိတဲ့ နှစ်ဝက်စာဝင်ငွေနဲ့ ညီမျှတယ်။ ဆက်ပြီး မထိန်းထားနိုင်တော့ဘဲ သူ ကူယွဲ့ကို နောက်ဆုံးတော့ မေးလိုက်တယ်။

"အိုး" ကူယွဲ့က ဖြုံတဲ့ပုံမပေါ်။

"ဒီသုံးနှစ်အတွင်း ကျုပ်တို့ဂိုဏ်းကတပည့်တွေက လွဲရင် နတ်ကောင်းကင်ဂိုဏ်းက နတ်ဝိညာဉ်ကျင့်ကြံသူတွေပဲ ဓားအင်းကွက်ထဲ ဝင်ခွင့်ရှိမယ်လို့ သူတို့ကိုပြောခဲ့တာ"

ဟုတ်တာပေါ့၊ အထူးသီးသန့်အဖွဲ့ဝင်ကြေးကလည်း ပုံမှန်ထက် အများကြီးမြင့်မှာပေါ့။

လော့ဟုန် ။ ။ "..."

အဲတော့ ဒီလိုကိုး။ သူတို့ဂိုဏ်းမှာက နတ်ဝိညာဉ်ကျင့်ကြံသူအများကြီးမရှိပေမဲ့ ထျန်းလန်လောကသုံးခွင်မှာတော့ နတ်ဝိညာဉ်ကျင့်ကြံသူတွေ အများကြီးပဲ။ သူတို့အားလုံး နတ်ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူတွေဖြစ်လာဖို့ဆိုတာ သေချာပေါက် မလွယ်ဘူးပေါ့။ နတ်ဝိညာဉ်ကျင့်ကြံသူဆယ်ယောက်မှာ ကိုးယောက်က ကျရှုံးမှာပဲ။ အဓိကကတော့ ဒီကျင့်ကြံသူတွေက တိုးတက်ဖို့အခွင့်‌အရေး ချို့တဲ့နေတာ။ သင့်တော်တဲ့ ကျင့်ကြံရေးကွင်းကို ရှာတွေ့ဖို့က သူတို့အတွက် အရမ်းခက်တယ်။ ပုံမှန်အရတော့ ဂိုဏ်းတော်တော်များများက နတ်ဝိညာဉ်ကျင့်ကြံသူတွေအတွက် အထူးတလည်ပြင်ဆင်ပေးထားတဲ့ ဓားအင်းကွက်စီရင်မှုရဲ့အကြံစည်ဆွဲဆောင်တာကို ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ နတ်ဝိညာဉ်တွေ ကျင့်ကြံဆင့်တိုးမြှင့်ဖို့ပိုပြီးများတဲ့ အခွင့်အရေးရှိလာမှာကိုး။ နတ်ကောင်းကင်ဂိုဏ်းက အမတဂိုဏ်းတွေကြား နံပါတ်တစ်လေ။ သူတို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေ များလေကောင်းလေဆိုပြီး ပိုထုတ်လုပ်ချင်တာ သူတို့အတွက် သင့်တော်ပါတယ်။ သူတို့ရဲ့ အခုလောလောဆယ်အဆင့် ခြိမ်းခြောက်ခံနေရတာကိုပါ ထောက်ပြီး လက်ဦးမှုရယူဖို့ ဘယ်တန်ဖိုးကိုမဆိုပေးဖို့ဆန္ဒရှိနေတာ သိသာတယ်။

ရိုးသားမှုဂိုဏ်းက နတ်ကောင်းကင်ဂိုဏ်းကို ဒီလိုလုံခြုံ‌မှုပေးနိုင်တည်းက ဂိုဏ်းနှစ်ဂိုဏ်းရဲ့ဆက်ဆံရေးက အင်မတန်ကောင်းမွန်တဲ့ဆက်ဆံရေး ရှေ့ဆက်လာဖို့ကို မျှော်လင့်လို့ရတယ်။ ဒါက ရိုးသားမှုဂိုဏ်းအတွက်လည်း အကျိုးရှိတယ်။

တကယ်ပဲ ကူယွဲ့က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်ခေါ်ဖို့ ထိုက်တန်ပါတယ်။ သူက ဂိုဏ်းအတွက် တကယ်ကို အများကြီး ကြိုတွေးပေးထားတာပဲ။ ဂိုဏ်းချုပ်အနေနဲ့ လော့ဟုန် တကယ်ကိုရှက်မိတယ်

"ဆရာသခင်က အရမ်းကို နည်းဗျူဟာကျတာပဲ"

လော့ဟုန် လက်သီးဆုပ်ကာ ကူယွဲ့ကို တလေးတစား ဂါရ၀ပြုလိုက်တယ်။ သူ ကူယွဲ့ကို ဂိုဏ်းချုပ်အဖြစ် လက်လွှဲယူအောင် တိုက်တွန်းချင်စိတ်ပေါ်လာတာ မရေမတွက်နိုင်တဲ့အကြိမ်မြောက် ရောက်နေပြီ။

နေရာမှာ ဈေးကို တိုးဖို့ ဘုတ်ပြားတစ်ခုနဲ့ လျှောက်သွားနေတဲ့ ကူယွဲ့ ။ ။ "..."

ကူယွဲ့ရဲ့ဓားအင်းကွက်က အင်မတန်အသုံးဝင်တာ အချက်အလက်တွေက ပြနေတယ်။ နှစ်ပိုင်းလေးအတွင်း ဂိုဏ်းထဲကတပည့်တွေအားလုံး အဆင့်တစ်ဆင့် တိုးကုန်တယ်။ ရွှေအမြုတေတပည့်တချို့က ခု နတ်ဝိညာဉ်တွေဖြစ်နေပြီ။ ရိုးသားမှုဂိုဏ်းက အရင်ကလို နတ်ဝိညာဉ်ကျင့်ကြံသူနှစ်ယောက်ပဲ ရှိခဲ့တဲ့ဂိုဏ်း မဟုတ်တော့ဘူး။

နတ်ကောင်းကင်ဂိုဏ်းက တပည့်တွေလည်း တူညီတဲ့ဖြစ်ရပ်ကို ကြုံတွေ့ရတယ်။ အထူးသဖြင့် အင်းကွက်ထဲ လေ့ကျင့်ဖို့လာတဲ့ နတ်ဝိညာဉ်ကျင့်ကြံသူတွေ။ သူတို့က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ ဖြစ်မလာသေးပေမဲ့ အရင်ကထက်တော့ တကယ်ကို အများကြီးတိုးတက်လာတာ။ ဒါကိုကြားတဲ့လူတိုင်း အံ့ဩကုန်တယ်။ ပြီးတော့ လူတွေက ဓားအင်းကွက်ထဲ ဝင်ရောက်ပြီး လေ့ကျင့်ဖို့အတွက် မြင့်မားတဲ့ဈေးကိုပေးဖို့ဆန္ဒရှိကြတယ်။ တချို့ဆို ပိုပြီးမြင့်တဲ့‌ ဈေးကိုပါ လာကမ်းလှမ်းကြသေး။

ရိုးသားမှုဂိုဏ်းရဲ့ ရတနာသိုလှောင်ရုံက မြန်ဆန်တဲ့အရှိန်နှုန်းနဲ့တိုးပွားနေတယ်။ ဂိုဏ်းက ဒီစီးပွားရေးကနေ ပွပေါက်တိုးတာပဲ။

ဒါပေမဲ့ ကူယွဲ့ကတော့ ဒီစီးပွားရေးစံနှုန်းက သူ့အတွက် အရမ်းနိမ့်လွန်းတယ်ခံစားရတယ်။ သူက လုပ်ငန်းတွေအားလုံးကို‌ လော့ဟုန်‌ဆီ လွှဲပေးခဲ့ပြီး သူ့လက်ကနေ ဆေးကြောလိုက်တယ်။ အဲအစား ကူယွဲ့က ယိချင်းကို လေ့ကျင့်ပေးဖို့ပဲ အာရုံစိုက်တော့တယ်။ ခန္ဓာကျင့်ကြံသူဖြစ်လာအောင် ရှန်းရင်လွှမ်းမိုးသွားမှာကို ကာကွယ်ဖို့ သူ စိတ်ပိုင်းဖြတ်ပြီးသား။ အဲလိုနဲ့ပဲ ကူယွဲ့ ယိချင်းကို စောင့်ကြပ်ရင်း သုံးနှစ်တာ ကုန်ဆုံးသွားခဲ့တယ်။

သူတို့ ဆန်းကြယ်ဘုံထဲ ဝင်သွားတဲ့အချိန်တည်းက ယိချင်းက ထိတ်လန့်မှုတစ်မျိုးမျိုး ကြုံခဲ့ရပုံပဲ။ သူက ပိုပြီး အားမာန်အပြည့်နဲ့ ကျင့်ကြံတယ်။ သူ့ဓားသိုင်းတွေတောင် ပိုပြီးပြည့်စုံတဲ့ပုံပေါ်လာပြီ။

သူ့မူလကျင့်ကြံမှုက ရှိနေသေးပေမဲ့ ပြန်ရဖို့က ဝိညာဉ်စွမ်းအင်ချို့တဲ့နေသေးတယ်။ အခု သူက အတော်လေး ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာမို့ သူ့အစွမ်းတွေက မြန်ဆန်စွာတိုးလာတယ်။

သုံးနှစ်အတွင်း သူက ရွှေအမြုတေအပြည့် ကျင့်ကြံသူဖြစ်လာပြီး နတ်ဝိညာဉ်ကျင့်ကြံသူ ဖြစ်ခါနီးဆဲဆဲပဲ။။

ကူယွဲ့ ရွေးချယ်စရာမရှိတော့ဘဲ ယိချင်းကိုအကြံပေးဖို့ ထိန်းထားရတော့တယ်။ ယိချင်းက သူ့အမြုတေ ဖွဲ့စည်းပြီးတည်းက လေ့ကျင့်နေတာ ခြောက်နှစ်တောင် မရှိသေးဘူး။ ကူယွဲ့ အဲဒါကို ယိချင်းက ဆန်းကြယ်ဘုံထဲ ဉာဏ်အလင်းပွင့်မှုတချို့ရလာတာလို့ပြောပြီး ဖြေရှင်းပြနိုင်ပေမဲ့ အခု ယိချင်းက လေ့ကျင့်တာ ဆယ်နှစ်တောင် မပြည့်သေးဘဲ နတ်ဝိညာဉ်ဖြစ်လာခါနီးဆဲဆဲလေ။ အဲဒါ လုံးဝကိုကြောက်ခမန်းလိလိပဲ။ သူတို့တွေက တခြားသူတွေ အာရုံစိုက်လာမှာကို မကြောက်ပေမဲ့ ယိချင်းက မှတ်ဉာဏ်ပြန်မ‌ရသေးဘူး။ တကယ်လို့ အချိန်တိုအတွင်း အဲလောက်အားကြီးလာရင် သူ့ကိုယ်က ပြိုကွဲသွားလောက်တယ်။ အဲဒါဆို သူတို့အားထုတ်မှုတွေ အချည်းနှီး ဖြစ်သွားမယ်ဆိုတဲ့ သဘောပဲ။

ယိချင်း ဒါနဲ့ပတ်သက်ပြီး ပြောစရာမရှိ။ သူရောက်နေတဲ့အဆင့်မှာ တစ်နေတာမို့ လေ့ကျင့်တာ ရပ်ဖို့ကလွဲ ရွေးစရာမှမရှိတာ။

"ဘာ၊ ဂိုဏ်းတွေကြားက ပြိုင်ပွဲလား" ကူယွဲ့က ယုံကြည်ချက်ရှိရှိ ပြုံးနေတဲ့ လော့ဟုန်ကို လှမ်းကြည့်လိုက်တယ်။

"အမှန်ပါပဲ" လော့ဟုန်က ခေါင်းညိတ်တယ်။

"ထျန်းလန်သုံးလောကက ဂိုဏ်းအသီးသီးက ဆယ်နှစ်တစ်ကြိမ် ပြိုင်ပွဲကို အလှည့်ကျ စီစဉ်ကျင်းပကြတယ်၊ ခုနှစ်ပိုင်းအတွင်း ကျွန်ုပ်တို့တပည့်တွေက သိသိသာသာ တိုးတက်လာတာလေ၊ သူတို့ကို တစ်ပွဲနှစ်ပွဲလောက် ဝင်ပြိုင်ခွင့်ပြုတာကောင်းမယ်"

"ဟေး ဒါဆိုလည်းလုပ်လေ" ဘာလို့ လော့ဟုန်က သူ့ကို ဒါရှင်းပြနေတာလဲ။

"ဒါပေမဲ့..." လော့ဟုန်က အခက်အခဲတချို့ရှိနေသလိုမျိုး အကြည့်လွှဲသွားတယ်။ ကူယွဲ့မျက်နှာကို လှမ်းကြည့်ကာ သူ အံကြိတ်ပြောတော့တယ်။

"ဂိုဏ်းတွေ အကြံပြုနေတာက... ကျွန်ုပ်တို့ဂိုဏ်းက ဒီတစ်ခေါက် ပြိုင်ပွဲစီမံသင့်တယ်တဲ့"

"ဘာ" ကူယွဲ့ လော့ဟုန်ကိုကြည့်လိုက်တယ်။ သူ့မျက်နှာပြင်ပေါ်မှာ ရေးထားတာက ဒီမှာပြိုင်ပွဲကျင်းပဖို့ ငါ့ကို သူတို့ပိုက်ဆံပေးမှာမို့လို့လား။

လော့ဟုန် မျက်နှာက ချွေးကိုသုတ်လိုက်တယ်။

"အာ... ပြိုင်ပွဲက နတ်ကောင်းကင်ဂိုဏ်းနဲ့ မဟူရာကောင်းကင်ဂိုဏ်းတို့လို ဂိုဏ်းတွေကပဲ အမြဲ စီမံကျင်းပခဲ့တာ၊ သူတို့ ဘာလို့ ဒီတစ်ခေါက်ဒီမှာ ကျင်းပချင်တာလဲ မသိပါဘူး" ရိုးသားမှုဂိုဏ်းက အထူးသဖြင့် ဆရာသခင်ကူယွဲ့ရောက်လာပြီးတည်းက ငွေကြေးနဲ့အရည်အချင်းမှာ အများကြီး တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ မသေမျိုးဂိုဏ်းတွေကမှ ဒီလိုပွဲတွေကျင်းပဖို့ တကယ်အစွမ်းရှိသူတွေပဲ။ ရိုးသားမှုဂိုဏ်းမှာက နတ်ဝိညာဉ်အဆင့်ဖွဲ့စည်းခြင်း ဆရာသခင် ၂ယောက်ပဲရှိတာ။ ပထမထိပ်တန်း မသေမျိုးဂိုဏ်းတွေနဲ့ လုံးဝကို မယှဉ်သာဘူး။

"မင်းဘယ်လိုတွေးလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ဒီလိုပြိုင်ပွဲကျင်းပတာက ဂုဏ်သတင်းကိုတော့ တိုးစေမှာ၊ ပြီးတော့ လုပ်စရာလိုတာက ပြိုင်ပွဲအတွက် ကွင်းတွေထောက်ပံ့ပေးရုံပဲ၊ စမ်းကြည့်သင့်တယ်... ထင်တယ်" လော့ဟုန်က ခေါင်းညိတ်တယ်။

"မင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ သွားပြီးအစီအစဉ်ဆွဲတော့" ကူယွဲ့လည်း ခေါင်းညိတ်လိုက်တယ်။ သူက တစ်ခုခုကိုစဉ်းစားကာ ထပ်ပြောတယ်။

"အော် ဟုတ်သား၊ မနက်ဖြန်ကစပြီး ဓားအင်းကွက်ကို ချိတ်ပိတ်လိုက်တော့၊ နတ်ကောင်းကင်ဂိုဏ်းက နတ်ဝိညာဉ်တွေကို ပြိုင်ပွဲအတွက် ပြင်ရမှာမို့ ပိတ်ရတော့မယ်လို့ ပြောလိုက်"

လော့ဟုန်က တစ်ခုခုကိုနားလည်သလိုမျိုး မျက်လုံးတွေ တောက်ပကုန်တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်တော့တာပဲ။

"လော့ဟုန် နားလည်ပါပြီ"

ဂိုဏ်းတွေကြားက ပြိုင်ပွဲက အလယ်အဆင့်ဂိုဏ်းတွေဆီ တွန်းပို့ခံလိုက်ရပြီ။ ဘယ်သူမဆို ထိပ်တန်းအဆင့်ဂိုဏ်းတွေ ဝှက်ဖဲတစ်ခုခု ရှိတယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ ပြီးတော့ လူတွေ သူတို့ရိုးသားမှုဂိုဏ်းကနေ အငမ်းမရဖြစ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဓားအင်းကွက်ပဲ။ ဒီသုံးနှစ်အတွင်း သူတို့ နတ်ကောင်းကင်ဂိုဏ်းက တပည့်တွေကိုပဲ အင်းကွက်ထဲ လက်ခံခဲ့တယ်။ တခြားဂိုဏ်းတွေအားလုံး ဒါကိုသတိထားမိပြီး နေရာကို စပ်စုဖို့ ပြိုင်ပွဲကို အခွင့်အရေးအဖြစ် သုံးချင်တာပဲ။ သူတို့တွေက ရောက်တုန်း တပည့်တွေကို လေ့ကျင့်ဖို့ ဒီနေရာဆီ လွှတ်‌ချင်တာဖြစ်နိုင်တယ်။

နတ်ကောင်းကင်ဂိုဏ်းက ဒါနဲ့ပတ်သက်ပြီး မသိလောက်သေးဘူး။ အဲဒါကြောင့် တခြားဂို‌ဏ်းတွေက လော့ဟုန်ကို တိုက်ရိုက် အကြောင်းကြားတာ။ ဒါကြောင့် ဓားအင်းကွက်ကိုပိတ်ပြီး နတ်ကောင်းကင်ဂိုဏ်းက ကျင့်ကြံသူတွေကို အသိပေးဖို့ ကူယွဲ့ဆုံးဖြတ်လိုက်တယ်။

ရိုးသားမှုဂိုဏ်းအတွက် ဆုံးရှုံးမှုများများပြားပြားတော့ ရှိမှာမဟုတ်ဘူး။ ကူယွဲ့က အစတည်းက သူတို့ကို အင်းကွက်ကိုအသုံးပြုခွင့် ၃နှစ်ပေးမယ်လို့ပဲ ကတိပေးထားတာ။ အခု အချိန်ကျပြီဆိုတော့ ရိုးသားမှုဂိုဏ်းက တခြားဂိုဏ်းတွေကို ဝင်ခွင့်ပေးဖို့ ကျိုးကြောင်းသင့်ချက်ပဲ။ အဓိကအချက်က ဓားအင်းကွက်ထဲဝင်လို့ရတဲ့ လူအရေအတွက်က အကန့်အသတ်နဲ့။ တကယ်လို့ တခြားဂိုဏ်းတွေက တပည့်တွေ အင်းကွက်ထဲ ဝင်ခွင့်ရသွားမယ်ဆိုရင် အင်းကွက်ထဲ နတ်ကောင်းကင်ဂိုဏ်းက တပည့်အရေအတွက် လျော့သွားလိမ့်မယ်။ ကူယွဲ့ နတ်ကောင်းကင်ဂိုဏ်းကို ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့ မျှော်လင့်နေတာ။

အင်းကွက်ထဲနေရာပိုရဖို့ နတ်ကောင်းကင်ဂိုဏ်းက ရိုးသားမှုဂိုဏ်း ပြိုင်ပွဲစီမံရာမှာ ကူညီပေးဖို့ အကူအညီ ကမ်းလှမ်းလာနိုင်တယ်။

ပြီးတော့... ရိုးသားမှုဂိုဏ်းက လှဲနေပြီး အကူအညီနဲ့ ငွေတွေ ထိုင်ယူသိမ်းနေရုံပဲလေ။

…

အခန်း ၃၂၉ ။ တစ်ယောက်အတွက်တစ်ယောက်

"အော်ဟုတ်သား၊ ပြိုင်ပွဲ‌ဝင်တွေရဲ့ နာမည်စာရင်းအတွက်ကတော့..." လော့ဟုန် မျက်လုံးတွေ တလက်လက် တောက်ပနေတယ်။ သူက မျှော်လင့်တကြီး ပြောလိုက်တယ်။

"သူတို့ချီကိုလေ့ကျင့်ပြီး အုတ်မြစ်တွေကို တည်ဆောက်နေတဲ့တပည့်တွေအတွက်တော့ စီစဉ်ဖို့က လွယ်ပေမဲ့ ရွှေအမြုတေအဆင့်က လူတွေအတွက်ကတော့... အတော်လေးခဲယဉ်းမှာ"

"ယိချင်းကို ပါခိုင်းဖို့ စဉ်းစားနေတာပဲ"

ကူယွဲ့ ထခုန်လိုက်တယ်။ သူ လော့ဟုန် ဘာစဉ်းစားနေလဲ ရုတ်တရက် ခန့်မှန်းမိသွားတယ်။

လော့ဟုန် ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ သူ့ကြည့်ရတာ ပိုစိတ်လှုပ်ရှားသလိုပဲ။

"ယိချင်းက ခင်ဗျားတို့ဆရာသခင်နှစ်ယောက်ရဲ့ တပည့်ပဲ၊ သူ့မှာ လောကထက်သာလွန်တဲ့ အစွမ်းရှိတယ်၊ ဆန်းကြယ်ဘုံဆီ သွားတဲ့ ခရီးက သူ့ကို ဉာဏ်အလင်းပွင့်စေပြီး အမြုတေဖန်တီးခွင့်ပြုလိုက်ပြီးပြီ၊ သူက သေချာပေါက် ကျွန်ုပ်တို့ဂိုဏ်း ရွှေအမြုတေအဆင့် အနိုင်ရအောင် ကူညီပေးမှာ-"

"ဟင့်အင်း" လော့ဟုန် စကားမဆုံးခင် ကူယွဲ့က သူ့ကို ကြားဖြတ်ပြောလိုက်တယ်။

"သူ့အတွက် ဘာကိုမှသက်သေပြဖို့ မလိုဘူး၊ သူ ဘယ်ပြိုင်ပွဲကိုမှ ဝင်ပြိုင်မှာမဟုတ်ဘူး"

ကူယွဲ့က ယိချင်းရဲ့ကျင့်ကြံဆင့်ပေါ် အမြင်အရှင်းလင်းဆုံးပဲ။ သူက နတ်ဝိညာဉ်အဆင့်ရောက်ဖို့ လမ်းတစ်ဝက်ရောက်နေပြီ။ တကယ်လို့ သူ ပြိုင်ပွဲထဲမှာသာ ဝင်ပြိုင်ရင် သူ့ cheat တတ်တဲ့ သဘာအရဆို နတ်ဝိညာဉ်ကျင့်ကြံသူဖြစ်လာပြီး နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အမြန်ဖြစ်လာလိမ့်မယ်။

"ဆရာသခင်..." လော့ဟုန် ကူယွဲ့ သူ့အကြံကို ငြင်းမယ်လို့ မထင်မိခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက တိုက်ပွဲကို အနိုင်ယူပြီး သူတို့အတွက် သူတို့နာမည်တစ်ခုတွင်အောင်လုပ်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။ သူက ကူယွဲ့ကို အူကြောင်ကြောင်စိုက်ကြည့်ကာ ကန့်ကွက်တော့တယ်။

"ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းက-"

"လော့ဟုန်" ကူယွဲ့အမူအရာက မည်းမှောင်သွားတယ်။

"ကျုပ်တို့ ရိုးသားမှုဂိုဏ်းထဲ ဝင်ရောက်ခဲ့ပြီး ခင်ဗျားကို သေချာပေါက် ကူညီချင်ခဲ့တယ်၊ ကျုပ်တို့ ခင်ဗျားအတွက် လုပ်ပေးနိုင်တာ ဘာမဆို ကူညီမှာ၊ ဒါပေမဲ့ ယိချင်း... သူက ရှန်းရင်ရဲ့ တစ်ဦးတည်းသော တပည့်ဆိုတာ ကျေးဇူးပြုပြီး သတိရပါ၊ အဲဒါပဲ၊ ဘယ်သူမှ သူ့အပေါ် ဘာအကြံအစည်မှ ထားခွင့်မရှိဘူး၊ မဟုတ်ရင်..."

သူ လော့ဟုန်ကို ထူးထူးဆန်းဆန်း ခက်ထန်တဲ့အမူအရာနဲ့ကြည့်တယ်။ သူ တစ်လုံးချင်းစီ ဖိပြောလိုက်တယ်။

"တကယ်လို့ လူတွေ ဒီကို တကယ်လာခဲ့ရင် ခင်ဗျား ခံနိုင်ရည်ရှိလောက်မှာ မဟုတ်ဘူး"

လော့ဟုန် ကြောင်အမ်းသွားတယ်။ သူ့ရင်ဘတ်အောက်ခြေကနေ ကြက်သီးထမှုကို ခံစားလိုက်ရပြီး ပြောမပြနိုင်တဲ့ အကြောက်တရားက သူ့လည်ချောင်းထဲ မြင့်တက်လာခဲ့တယ်။

ဘာမှထပ်မပြောတော့ဘဲ ကူယွဲ့က သူ့ပခုံးကိုပုတ်ကာ တစ်ဖက်လှည့်ထွက်ကာ ထွက်လာခဲ့တယ်။

—————

ကူယွဲ့မှန်တယ်။ သူ ဓားအင်းကွက်ကို ရှင်းပြီးတဲ့နောက်မှာ နတ်ကောင်းကင်ဂိုဏ်းက ရိုးသားမှုဂိုဏ်းကို ပြိုင်ပွဲစီမံကျင်းပရာမှာ ကူညီပေးဖို့ တပည့်အုပ်ကြီး လွှတ်လိုက်လေတယ်။ ပြီးတော့ တစ်ယောက်ချင်းစီကပါ သူတို့ရဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေနဲ့ အရင်းအမြစ်တွေကို ယူလာတာပဲ။

ရိုးသားမှုဂိုဏ်းရဲ့ ဝင်ပေါက်တွေရဲ့အပြင်ဘက်မှာ‌ သူတို့ဘာသာ တောင်ထွတ်တစ်လုံး တည်ဆောက်ပြီး ပြိုင်ပွဲကွင်းပြင်ကို စတင်ခင်းကျင်းတော့တယ်။ သူတို့အဲလိုလုပ်ရင်း လော့ဟုန်ရဲ့ ဖိတ်ကြားချက်မရှိဘဲ တပည့်တွေက ကူညီဖို့ ပိုရောက်လာကြတယ်။ တချို့ဆို ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဖို့လိုတဲ့ ပြင်ဆင်မှုအားလုံးကို အကျဉ်းချုပ်ပြောဖို့အတွက် လော့ဟုန်ဆီ လာရှာကြတယ်။ သူတို့က လူအင်အားနဲ့ အရင်းအမြစ်တွေကို ထောက်ပံ့ပေးပြီး ဒါတွေအားလုံးကို စိတ်အားထက်သန်စွာနဲ့ လုပ်ပေးတာ။ နတ်ကောင်းကင်ဂိုဏ်းက ပြိုင်ပွဲကျင်းပသူဖြစ်ပြီး ရိုးသားမှုဂိုဏ်းမဟုတ်သလိုတောင် ဖြစ်နေပြီ။

ပြိုင်ပွဲအတွက် အချိန်ကျလာချိန် နတ်ကောင်းကင်ဂိုဏ်းချုပ်တုန်းဝူကိုယ်တိုင် တပည့်တစ်ဖွဲ့ကို ဦးဆောင်ခေါ်လာတယ်။ ဒါက ရိုးသားမှုဂိုဏ်းဂုဏ်သတင်းကို တက်သွားစေတာပေါ့။ တခြားဂိုဏ်းတွေလည်း သူတို့ထင်ထားသလိုပဲ တပည့်တွေအများကြီး ပို့လာတယ်။ သူတို့ လာရတဲ့ရည်ရွယ်ချက်က ပြိုင်ပွဲဝင်ပြိုင်ဖို့သက်သက် မဟုတ်ဘူး။ ပထမဆုံးနှစ်ရက်မှာ ဂိုဏ်းချုပ်တစ်ဝက်ကျော်က နည်းလမ်းအမျိုးမျိုး သုံးပြီး ဓားအင်းကွက်အကြောင်း သိရအောင် လုပ်ကြတော့တယ်။

သူ ဂိုဏ်းချုပ်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာပြီလေ။ လော့ဟုန်က သူတို့တောင်းဆိုချက်တွေကို မလိုက်လျောသလို ငြင်းလည်းမငြင်းဘူး။ သူ အတတ်နိုင်ဆုံး သူတို့ကိုဧည့်ခံပြီး သူ့ဘာသာ နှုတ်ဆက်ထွက်ခွာလာလိုက်တယ်။ သူ ‌ရနိုင်သလောက် ဝိညာဉ်‌ကျောက်တုံးတွေအများကြီး ရှာဖွေဖို့အတွက်တော့ ဆရာသခင်ကူယွဲ့ကို ခြေလှမ်းတိုင်း မေးဖို့လိုတယ်လို့ ခံစားရတယ်။

ဒါက ဂိုဏ်းတွေကြား ပြိုင်ပွဲဆိုတာ အသိသာကြီးပေမဲ့ ဘယ်သူမှ ပြိုင်ပွဲထဲ တကယ်အားထုတ်မှု မရှိကြဘူး။ အဲအစား (ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ အင်မတန်အားထုတ်ထားရတဲ့) ရိုးသားမှုဂိုဏ်းက သာမန်ပျမ်းမျှရလဒ်ထက် ပိုသာတဲ့ရလဒ် ရနေတယ်။

အတိအကျပြောရရင်တော့ အုတ်မြစ်အခြေတည်အဆင့်ထဲက တပည့်လော့ထောင်က အလွယ်လေး ဗိုလ်လုပွဲထိ ရောက်သွားခဲ့တာပဲ။

ကူယွဲ့က ပြိုင်ပွဲကို စိတ်မဝင်စားဘူးလို့ ပြောတုန်းက အတည်ပေါက်ပြောခဲ့တာ။ အစကနေအဆုံးထိ သူက လုံးဝကို ဝင်မပါဘူး။ အဲအစား ဝူတိတောင်ထွတ်မှာ သူ့ဘာသာ သိုသိုသိပ်သိပ် နေနေတယ်။ ပြိုင်ပွဲနောက်ဆုံးနေ့မှာ ပြိုင်ပွဲအတွက် မတူညီတဲ့ဂိုဏ်းတွေ တိုက်ခိုက်ကြတာမို့ သူလျှောက်ကြည့်ဖို့ ရှန်းရင်နဲ့ယိချင်းကို ဆွဲခေါ်လာခဲ့တယ်။

သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းထဲက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်နှစ်ယောက်လေ။ တကယ်လို့ ဒီလိုကြီးမားတဲ့ ပြိုင်ပွဲမျိုးမှာ အနည်းဆုံးတော့ မျက်နှာမပြရင် သင့်တော်မှာမဟုတ်ဘူး။

သုံးယောက်သား ရောက်လာချိန် စင်မြင့်နောက်မှာ ရှိနေတဲ့ ဂိုဏ်းချုပ်အသီးသီးက ထရပ်ကြတယ်။ သူတို့ ကူယွဲ့က ဓားအင်းကွက်ကို စတင်ဖန်တီးတဲ့သူဆိုတာ ကြားထားလို့ထင်။ ထူးထူးခြားခြား အတော်လေးကို ရင်းနှီးဖော်ရွေနေကြတယ်။

ကူယွဲ့ ဒီလိုပတ်ဝန်းကျင်မျိုးနဲ့ အင်မတန်ရင်းနှီးပြီးသား။ စင်မြင့်ပေါ်သွားတဲ့လမ်းမှာ သူ လူအရေအတွက်ကို အမြတ်ထုတ်ပြီးသား။ သူ ညာဘက်မှာရှိတဲ့ နတ်ကောင်းကင်ဂိုဏ်းချုပ် တုန်းဝူရဲ့ ဘေးကပ်ရပ်ခုံမှာ ဝင်ထိုင်လိုက်တယ်။

သူတို့တွေ ကြုံရာခေါင်းစဉ်တွေအကြောင်း ပြောကြတယ်။ ဖေဖေနျိုက မြေခွေးလိုမျိုး စဉ်းလဲတဲ့အပြုံးနဲ့။ တစ်ဖက်မှာတော့ ရှန်းရင်က သူ့ဘေးမှာ တိတ်တိတ်လေးထိုင်နေတယ်။

သူတို့ထိုင်ပြီး သိပ်မကြာခင် ဗိုလ်လုပွဲစတော့တယ်။ ကူယွဲ့ စကားရပ်ပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ ချီမွမ်းမံမှုပြိုင်ပွဲက‌ စတော့မယ်။ စင်မြင့်ပေါ်မှာက ကျင့်ကြံသူနှစ်ယောက်။ ‌မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် - နီစိမ်းဂိုဏ်းနဲ့ မဟူရာကောင်းကင်ဂိုဏ်းက။ သူတို့တွေက အတော်လေး ငယ်ရွယ်တယ်။ အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူပဲ။ သူမရဲ့ရုပ်ရည်အရ ကူယွဲ့ကတော့ ၁၆နှစ်လို့ထင်တယ်။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူမကိုကြည့်ရတာ ရင်းနှီးနေသလိုပေမဲ့ ဘယ်မှာမြင်ဖူးလဲ မမှတ်မိဘူး။

အဲချီမွမ်းမံမှုအဆင့်က အင်မတန်မြန်ဆန်စွာပဲ အဆုံးသတ်သွားခဲ့တယ်။ နီစိမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူက စင်မြင့်ပေါ်က တစ်ဖက်ခြမ်းကိုဖောက်ခွဲဖို့ ဖောက်ခွဲရေးဆေးလုံး သုံးလိုက်တယ်။ တိုက်ဆိုင်လို့လားတော့မသိ - နီစိမ်းဂိုဏ်းကဂိုဏ်းချုပ်က သူတို့နဲ့ မလှမ်းမကမ်းမှာ ထိုင်နေတယ်။

အမျိုးသမီးကျင့်ကြံသူက စင်ပေါ်ကဆင်းပြီး နီစိမ်းဂိုဏ်းဆီကို ပျော်ရွှင်စွာ လျှောက်လာတယ်။ သူမ သူတို့ဆီမရောက်ခင်မှာတင် မျက်လုံးတွေ တောက်ပလာပြီး ယိချင်းကို စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ လှမ်းကြည့်တယ်။

ကူယွဲ့ရင်ထိတ်သွားတယ်။ ရုတ်တရက် သူ အဲအမျိုးသမီးကို အရင်ကဘယ်မှာမြင်ဖူးလဲ မှတ်မိသွားတယ်။ သူမက ယိချင်းနဲ့အတူတူ ဆန်းကြယ်ဘုံထဲက ထွက်လာခဲ့သူပဲ။ သူကြားခဲ့တာတော့ သူမက ယိချင်းနဲ့တူတူကြီးပြင်းလာပြီး ယိချင်းက သူမကို ဆန်းကြယ်ဘုံထဲ ကယ်ခဲ့တဲ့သူတဲ့။

ဒါဆို... အမျိုးသမီးရဲ့ အမူအရာအရ အသက်ကယ်ပေးလို့ သူမဝိညာဉ်ကို ရောင်းချပြီး ယိချင်းကို ကျေးဇူးဆပ်ဖို့ ကြည့်နေတာလား။

သူ ရင်ခုန်လာပြီး ရှန်းရင်ကို စိတ်လှုပ်ရှားစွာ တံတောင်နဲ့ တွတ်လိုက်တယ်။ သူမ ဒုက္ခရောက်မှာကိုပျော်ကာ သူ ပြောတော့တယ်။

"ဟေး ရှန်းရင် အဲကအမျိုးသမီးကိုတွေ့လား"

သူ သူမညာဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။

"သူ့ကြည့်ရတာ မင်းရဲ့ အချစ်ပြိုင်ဘက်နဲ့ တူတယ်"

"အာ" ရှန်းရင်ကိုက်တော့မဲ့ သစ်သီးက လက်ထဲကနေ လွတ်ကျသွားပြီး သူ့ကို ဇဝေဇဝါ ကြည့်လိုက်တယ်။

"ငါ့ကိုပြောပါဦး၊ မင်းဘယ်လိုခံစားရလဲ"

ရှန်းရင် ခေါင်းစောင်းပြီး သူလက်ညှိုးထိုးပြတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ အင်မတန် ပုံမှန်ဆန်နေတဲ့ စားဖိုမှူးကို ပြန်ကြည့်လိုက်တယ်။

"ဘာလဲ"

"ဘာကိုဘာလဲ"

ကူယွဲ့ မျက်ဆန်လှန်တော့တယ်။

"စားဖိုမှူးက အဲလောက်ဆွဲဆောင်မှုရှိမယ် မထင်ခဲ့ဘူး" အဲမိန်းကလေးက သူ့ကိုချစ်နေတာအသိသာကြီး

"ဟုတ်လား" ရှန်းရင် သူ့ကို အူကြောင်ကြောင် ပြန်စိုက်ကြည့်လိုက်တယ်။ နောက်တော့ လူငယ်နှစ်ယောက်ကို သူတို့ရဲ့ဆက်ဆံရေး လေ့လာနေသလိုမျိုး ကြည့်တယ်။ သူမ နည်းနည်းလေးတောင် မနာလိုဖြစ်ပုံမပေါ်။

တစ်ဖက်မှာတော့ စားဖိုမှူးက ရှေ့တက်လာပြီး သူ့အဖော်နှစ်ယောက် ခပ်တိုးတိုး ပြောနေကြလို့ မယုံသင်္ကာကြည့်တော့တယ်။

"ဆရာ" ဘာကိစ္စလဲ။ သူတို့ ဘာလို့အချင်းချင်း စကားပြောပြီး သူ့ကိုထိန်ချန်ထားရတာလဲ။ သူ သူတို့ကြည့်နေတဲ့ဘက် အလိုလို လှမ်းကြည့်လိုက်တော့ ပန်းရောင်ဝတ်ရုံနဲ့ အမျိုးသမီးကို မြင်လိုက်ရတယ်။ သူ အရမ်းရင်းနှီးနေသလိုပဲ။

ကောင်မလေးအမူအရာက တောက်ပသွားပြီး ပါးတောင် နည်းနည်းနီစွေးနေတယ်။ စိတ်လှုပ်ရှားစွာနဲ့ သူမ လက်သီးဆုပ်ကာ သူတို့ဆီ လျှောက်လာတယ်။

"ကြည့်၊ သူလာနေပြီ သူလာနေပြီ မင်းလူကို ခိုးတော့မယ်" ကူယွဲ့ စိတ်ဝင်တစားနဲ့ ကြည့်နေမိတယ်။

ကောင်မလေးက အနားရောက်လာလေ ပိုပြီးစိတ်လှုပ်ရှားလာလေပဲ။ သူမ သူတို့နား ကပ်လာချိန် ယိချင်းဆီ တောက်ပ‌တဲ့အပြုံးနဲ့ သုတ်သုတ်ပျာပျာ ပြေးလာတယ်။

နောက်တော့... ယိချင်းကို တွန်းထုတ်ပြီး ရှန်းရင်ကို ဖက်လိုက်တာပဲ။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

…

အခန်း ၃၃၀ ။ ပိုင်ဟယ်လေး

"အစ်မကြီး တကယ် ရှင်ပဲ၊ တကယ်ရှင်ပဲ မဟုတ်လား" သူမက စိတ်လှုပ်ရှားလွန်းလို့ ငိုတော့မလို ဖြစ်နေပြီ။ ရှန်းရင်ကို သူမ တင်းတင်းကြပ်ကြပ်ဖက်ထားရင်း အံ့ဩတကြီးရေရွတ်တယ်။

"အစ်မကို ထပ်တွေ့ရမယ်ဆိုတာ သိသားပဲ"

သောက်ကျိုးနည်းဟ။

"ပိုင်ဟယ်" ပိုင်ဟယ် တွန်းထုတ်လို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့တဲ့ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူက ရှန်းရင်ဆီကနေ သူမကို ခွာထုတ်ဖို့ ရှေ့ကိုတက်တော့တယ်။

"ဆရာ့ကို ရိုသေမှုနည်းနည်းပြစမ်း"

"အာ" ပိုင်ဟယ်က ယိချင်း အဲနေရာမှာ ရပ်နေတာကို ခုမှသတိထားမိသလိုမျိုး တန့်သွားတယ်။

"ဘေးအိမ်က အစ်ကိုကြီး၊ ရှင် ဒီမှာဘာလုပ်နေတာလဲ"

ယိချင်း သူမကို အထင်သေးမှုနဲ့ပြန်ကြည့်ကာ ရှန်းရင်ကို အနားဆွဲခေါ်လိုက်တယ်။

"ငါကက ဆရာ့ရဲ့ တပည့်ပဲ၊ သေချာပေါက် ငါ ဒီမှာရှိမှာပေါ့" မင်းက ဘာလို့ သူမကိုဖက်နေတာလဲ။ သူ့ကိုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။

"ဆရာလား" သူမက ယိချင်းကို ခေါင်းစခြေဆုံး စစ်ဆေးကာ ရှန်းရင်ကို လှမ်းကြည့်တယ်။ သူမနားထောင်လိုက်ရတာကို ယုံရခက်ခက်။

ရုတ်တရက် သူမ တစ်စုံတရာကိုနားလည်သွားပြီး အံ့ဩတကြီးရေရွတ်တယ်။

"ကျွန်မကို ကယ်ခဲ့တဲ့ အစ်မကြီးရဲ့ တပည့် ဖြစ်လာတာပဲ"

သူမမျက်လုံးတွေက ခု ယိချင်းကို ရန်သူလိုဆက်ဆံနေတာ အသိသာကြီး။ အဲအစား ရှန်းရင်ဘက်ကို လှည့်ကြည့်ကာ ပိုင်ဟယ့်မျက်လုံးတွေက မျက်ရည်ဝဲစပြုလာတယ်။

"မကြီး၊ ကျွန်မကို မှတ်မိသေးလားဟင်၊ ကျွန်မက နျိုနျိုပါ အရင်က မကြီးကယ်ခဲ့တဲ့ နျိုနျိုလေ မကြီးကြောင့် ကျင့်ကြံသူဖြစ်လာခဲ့တာ"

"အာ..." ရှန်းရင် ဇဝေဇဝါနဲ့ ခေါင်းစောင်းလိုက်တယ်။

"ကျွန်မက အရင်က ယိချင်းအိမ်ဘေးမှာနေတဲ့ အမေဝမ်ရဲ့မြေးမပါ" ပိုင်ဟယ်က ကြိုးစားပြန်တယ်။

"အတိတ်မှာတုန်းက ကျွန်မတို့ကို ကျားမိစ္ဆာတစ်ကောင်က စားလုနီးပါးလေ၊ ကျွန်မတို့ကို မကြီးကယ်ခဲ့တာလေ၊ တကယ်လွမ်းနေတာ၊ ကျွန်မ တကယ်လွမ်းနေတာ..."

"အိုး..." ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ ဘယ်သူက အမေဝမ်လဲ။

ပိုင်ဟယ်က စိတ်လှုပ်ရှားလာပြန်တယ်။

"အဲချိန်တုန်းက ကျွန်မ သတိလစ်သွားခဲ့တာ၊ ဒါကြောင့် စကားပြောခွင့်မရခဲ့ဘူး၊ အခု... နောက်ဆုံးတော့ မကြီးကို ပြန်တွေ့ရပြီ ကျွန်မ မကြီးကို အမြဲမေးချင်နေခဲ့တာ..."

ပိုင်ဟယ်က သူမကိုယ်သူမ ရှန်းရင်လက်မောင်းကို လှမ်းဆွဲတာကနေ မရပ်တန့်နိုင်။ လေးနက်တဲ့ စိတ်အားထက်သန်မှုနဲ့ သူမက ပြောတော့တယ်။

"မကြီး၊ တပည့်လက်ခံသေးလားဟင်"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ခုလေးတင် လျှောက်လာတဲ့ နီစိမ်းဂိုဏ်းချုပ် ။ ။ "..."

ဟေးဟေးဟေး၊ မင်းရဲ့ ခုလက်ရှိဆရာရှေ့ တခြားဆရာတစ်ယောက်ကို ရှာဖို့လိုလို့လား။

"ဟင့်အင်း" ယိချင်းရဲ့ အမူအရာက မှောင်မည်းသွားတယ်။ သူ ရှန်းရင်ကို ပိုင်ဟယ့်အနားကနေ ဆွဲခေါ်လိုက်ပြီး သူမဝတ်ရုံတွေကို ဖုန်ခါလိုက်တယ်။ တစ်လုံးချင်းစီ သူက ဖိပြောတော့တယ်။

"ငါ့ဆရာက တပည့်တွေထပ်လက်ခံဖို့ အစီအစဉ်မရှိဘူး"

"ဘေးအိမ်က အစ်ကိုကြီး၊ ရှင်က အရမ်းစိတ်ထားသေးသိမ်တာပဲ၊ ကျွန်မကို ရှင့်ရဲ့ဆရာတူညီမ ဖြစ်ခွင့်ပေးပါ - စကားနားထောင်မယ်လို့ ကတိပေးတယ်"

"ဟင့်အင်း" ယိချင်းက ပြတ်ပြတ်သားသားပဲ။

"ဟမ့် ရှင်က တပည့်လက်ခံရမဲ့သူမှမဟုတ်တာ - ဟင့်အင်းလို့ ပြောရအောင် ဘယ်သူမို့လဲ"

"ဟင့်အင်းဆို ဟင့်အင်းပဲ"

"ရှင်က အမြဲဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ အနိုင်ကျင့်သူဖြစ်နေတာပဲ၊ ကျွန်မ ရှင်သွေးတက်အောင် လုပ်ဖို့အတွက်နဲ့ ကျွန်မ သူ့ကို ကျွန်မဆရာအဖြစ် တင်မှာ"

"ရဲတင်းလိုက်တာ" ယိချင်းက သူ့ဓားကိုဆွဲထုတ်ဖို့ လုပ်တယ်။

"ဟမ့် ရှင့်ကိုကြောက်မယ်ထင်နေလား"

"လုပ်ကြည့်လေ" ယိချင်းက ဓားကိုဆွဲထုတ်တယ်။

သူတို့တွေ မျက်စိရှေ့မှာတင် ထသတ်ကြတော့မယ်။ တစ်ယောက်နဲ့ တစ်ယောက် စူးစိုက်စွာ စိုက်ကြည့်နေတာမို့ ကူယွဲ့ ဆွံ့အသွားတယ်။ ပိုင်ဟယ်က ရှန်းရင်ရဲ့ အချစ်ရန်ဘက် ဖြစ်သင့်တာကို ခုတော့ ယိချင်းရဲ့ရန်ဘက်ဖြစ်လာပြီ။ ဒီလောကကြီးက ပြောင်းလဲတာမြန်လွန်းတယ် - သူ အမီမလိုက်နိုင်တော့ဘူး။

ဒါပေမဲ့နီစိမ်းဂိုဏ်းချုပ်ကတော့ ဆက်သည်းမခံနိုင်တော့ဘူး။ သူက တောက်ခေါက်ကာ ပြောလိုက်တယ်။

"ပိုင်ဟယ်"

"ဘာလဲ" ဒေါသထွက်နေတာမို့ ပိုင်ဟယ် သူမကို လှမ်းခေါ်တဲ့သူဆီ ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။ သူမရဲ့ဆရာဆိုတာ နားလည်သွားချိန်မှာတော့ ကြောက်သွားကာ ကိုယ်ကိုကိုင်း တောင်းပန်တော့တယ်။

"ဆရာ..."

"မင်းခုလေးတင် ပြိုင်ပွဲနိုင်တာကို၊ ဘာပြဿနာတွေရှာနေတာလဲ" သူ ပိုင်ဟယ့်ကို သဘောမကျစွာ ကြည့်ပြီး အကြည့်ထဲမှာ အပြစ်တင်မှုတွေအပြည့်။

ပိုင်ဟယ်က ပထမတော့ မတရားဆူခံလိုက်ရလိုမျိုး။ တစ်အောင့်ကြာတော့ တစ်စုံတစ်ခုကို မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာပြောတော့တယ်။

"ဆရာ... ကျွန်မကို ဟိုးအရင်တုန်းက ကယ်တင်ခဲ့တဲ့အစ်မကြီးကို ရှာတွေ့ပြီ ကြည့်ပါဦး၊ အဲဒါသူပဲ"

"မင်းဆရာ အကုန်ကြားပြီးပါပြီ" နီစိမ်းဂိုဏ်းချုပ်က နှုတ်ခမ်းကိုစေ့လိုက်တယ်။ ပိုင်ဟယ် ဆရာလဲချင်တာလည်း ကြားပြီးပြီ။ ဒါပေမဲ့ ယဉ်ကျေးမှုအရ သူ ဂါရ၀တော့ ပြုလိုက်ရတယ်။

"နှုတ်ဆက်ပါတယ် ဆရာသခင်တို့"

ကူယွဲ့လည်း ပြန်ပြီးဂါရ၀ပြုလိုက်တယ်။

နီစိမ်းဂိုဏ်းချုပ်က ပိုင်ဟယ့်ဘက် မျက်နှာချင်းပြန်ဆိုင်တယ်။

"ကောင်းပြီလေ၊ မင်း သူ့ကိုကျေးဇူးတင်ပြီးပြီပဲ၊ ဒါ ဂိုဏ်းတွေကြား ပြိုင်ပွဲ၊ မင်းကိုယ်မင်း အရူးလုပ်တာ တော်တော့၊ မင်းဆရာနောက် ပြန်လိုက်ခဲ့" သူ စကားပြောပြီးတာနဲ့ သူမဖြေမှာကို စောင့်ဖို့ စိတ်တောင်မကူးဘဲ လှည့်ထွက်သွားခဲ့တယ်။

ပိုင်ဟယ်ကတော့ စိတ်ပိုင်းဖြတ်ထားတဲ့ပုံ။ သူမရဲ့ ဆရာတူအစ်မတွေညီမတွေ ဆွဲခေါ်ထုတ်သွားတာ ခံရပေမဲ့ မျက်လုံးတွေက ရှန်းရင်ပေါ် အကြည့်ရောက်နေဆဲ။

"မကြီး၊ ပြိုင်ပွဲပြီးရင် ကျွန်မထပ်လာရှာမယ်နော်၊ ကျွန်မကို စောင့်ပါ၊ စောင့်ရမယ်နော် ကျွန်မနာမည်က ပိုင်ဟယ်... ပန်းလိုမျိုး ပိုင်ဟယ်"

ရှန်းရင်က တုံးတိခေါင်းညိတ်တာ မြင်ပြီးတော့မှ ပိုင်ဟယ်က သူမဆရာနောက် လိုက်ဖို့ ပြန်လှည့်သွားခဲ့တယ်။

စားဖိုမှူးရဲ့ အမူအရာက ဒယ်အိုးဖင်လို မည်းမှောင်နေတယ်။ သူ ဝူတိတောင်ထွတ်ဆီ သူ့ဆရာကိုသူ ပြန်ခေါ်သွားပြီး ဘယ်သူမှဝင်မလာအောင် တားမြစ်ဖို့ ဆန္ဒ ရုတ်တရက်ပေါ်လာတယ်။ စိုးရိမ်စွာနဲ့ သူ သူမကို လှည့်ကြည့်လိုက်တယ်။ ရှန်းရင်က တည်တည်ငြိမ်ငြိမ် မျက်နှာသေနဲ့ အသီးကို ဝါးစားနေတယ်။

ယိချင်းက ခေါင်းငုံ့လိုက်တယ်။ သူမ အသီးကို နောက်တစ်ကိုက် ထပ်ကိုက်တော့မှာကို နားလည်သွားတော့ မျက်မှောင်ကြုတ်ကာ သူမဆီကနေ လုယူလိုက်တယ်။

"ဆရာ၊ ဝိညာဉ်အသီးတွေ အများကြီးစားလို့မဖြစ်ဘူး၊ အဆာသွတ်မုန့်တချို့ စားပါ"

သူက အသီးကိုသိမ်းပြီး အဆာသွတ်မုန့်ပန်းကန်ပြားတစ်ချပ် ကမ်းပေးလိုက်တယ်။

"အိုး..." ရှန်းရင် လေကို ကိုက်ချမိသွားပြီး အဆာသွတ်မုန့်တွေကို ကြည့်လိုက်တယ်။ မကျေနပ်စွာနဲ့ အဆာသွတ်မုန့်တွေရဲ့ တစ်ဝက်ကို ပါးစပ်ထဲ ပျံသန်းလာအောင် ဂါထာတစ်ခု စီရင်လိုက်တယ်။ အသီးက ပိုကောင်းတာ အသိသာကြီး။ အလိုလို သူမက ဗလုံး‌ဗထွေး ရေရွတ်မိသွားတယ်။

"နင်အရင်တုန်းက ဂရုမစိုက်ခဲ့ဘဲနဲ့"

ယိချင်းရဲ့လက်တွေက တန့်သွားတယ်။ သူက သူ့လက်သီးတွေကို ခပ်တင်းတင်းဆုပ်လိုက်တယ်။

အရင်တုန်းက...။

——————

ညီမလေးပိုင်ဟယ်ရဲ့ ရုတ်တရက် ဒေါသပေါက်ကွဲမှုက ကူယွဲ့ကို စိတ်မရှည်ဖြစ်သွားစေခဲ့တယ်။ သူ ပြိုင်ပွဲကြည့်ဖို့ကို လုံးဝစိတ်မဝင်စားတော့ဘူး။ တစ်ဖက်မှာတော့ ရှန်းရင်နဲ့ ယိချင်းက အစတည်းက ပြိုင်ပွဲကို စိတ်မဝင်စားတာ။ လော့ဟုန်ရဲ့သားက အုတ်မြစ်အခြေတည်အုပ်စုမှာ ဒုတိယဆုရခဲ့တာတော့ ဝိုးတဝါးကြားလိုက်ရတယ်။ မဆိုးဘူးပဲ။

ရွှေအမြုတေအုပ်စု သူတို့ရဲ့ပြိုင်ပွဲကို အဆုံးသတ်ပြီးနောက်မှာတော့ ကူယွဲ့က ကျင်းချီက ပထမနေရာရတာ သတိထားမိသွားတယ်။

ကူယွဲ့ အဲကျူးကျော်သူကို နောက်ဆုံးတွေ့ခဲ့တာ နှစ်အနည်းငယ်ရှိသွားခဲ့ပြီ။ နောက်ဆုံးတစ်ကြိမ်က လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဆန်းကြယ်ဘုံမှာဖြစ်မယ်။ ကျင်းချီကို သူ့အမြုတေ အဲလောက် မြန်မြန် ဖွဲ့စည်းပြီးမယ် မထင်ခဲ့ဘူး။ ပြီးတော့နောက်ဆုံးတစ်ကြိမ်ထက် အများကြီးပိုခက်ထန်လာသလိုပဲ။ ပြိုင်ပွဲကို အနိုင်ရသွားတဲ့နောက် သူက အင်မတန်ကို ပျော်မြူးပြီး ဂုဏ်ယူနေတယ်။

ဘာကြောင့်မှန်းမသိ သူ့ပုံရိပ်ကို ဝိုင်းနေတဲ့ချီက သိသိသာသာလျော့ကျနေတယ်။ ကူယွဲ့ ကျင်းချီ ဆန်းကြယ်ဘုံထဲ ဘာဖြစ်ခဲ့လဲ အတိအကျ မသိပေမဲ့ သူကြားရသလောက်တော့ ကျင်းချီက ဓားရော အမြုတေရော ကျင့်ကြံသူတဲ့။ သူ့ဓားသိုင်းက အတော်လေးမြန်ဆန်ပြီး ပြိုင်ဘက်ကို အတော်လေးကို လွယ်ကူစွာ အနိုင်ယူခဲ့တယ်။ ဒါက ကြည့်ရှုသူတွေကြား ကြီးမားတဲ့စိတ်လှုပ်ရှားမှုဖြစ်စေ‌တာပေါ့။

ဝူရှန်းနဲ့ ပဋိပက္ခရှိတဲ့ နတ်ကောင်းကင်ဂိုဏ်းတောင် ကျင်းချီကို ချီးကျူးနေတယ်။

ကျင်းချီက ရွှေအမြုတေအုပ်စုရဲ့ အနိုင်ရသူဆိုတာ ကြေညာပြီးတဲ့နောက် ဒိုင်လူ‌ကြီးတွေက ပြိုင်ပွဲကို ပိတ်လိုက်တယ်။

"ခဏ" ကျင်းချီက သူတို့ကို တားပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးလာတယ်။ သူ သူ့လက်သီးတွေကို ဆုပ်ကာ ဂိုဏ်းချုပ်အသီးသီးကို ဂါရ၀ပြုတယ်။

"ကျွန်တော့်ထက် ပိုအင်အားကြီးပြီး ဒီတစ်ကြိမ် ပြိုင်ပွဲမှာ ဝင်မပြိုင်ခဲ့တဲ့ ရွှေအမြုတေကျင့်ကြံသူတစ်ယောက် ရှိပါတယ်၊ ကျွန်တော် အနိုင်ရသူဂုဏ်ပုဒ်ကို လက်မခံရဲပါဘူး"

သူက စကားပြောပြီး ယိချင်းဘက် မျက်နှာချင်းဆိုင်လှည့်လာတယ်။ သူ့မျက်ဝန်း‌တွေထဲ အမုန်းတရား တစ်စွန်းတစ်စ ရှိနေတယ်။ သူက ချက်ချင်းအကြည့်လွှဲသွားကာ ဆက်ပြောတယ်။

"ရိုးသားမှုဂိုဏ်းက တာအိုရောင်းရင်းယိချင်းဟာ ပြိုင်ဘက်ကင်းဓားသိုင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ကြားပါတယ်၊ သူကလည်း ရွှေအမြုတေအဆင့်ကနေ တက်လှမ်းပြီး နတ်ဝိညာဉ်ဖြစ်လာဖို့ အရမ်းကို နီးကပ်နေပြီ၊ သူ ဒီနေ့ ပြိုင်ပွဲထဲဝင်မပြိုင်တာ နှမျောစရာပဲ၊ အဲဒါကြောင့် သူ့ကို အခု တိုက်ပွဲဝင်ဖို့ တောင်းဆိုပါတယ်"

သူ စကားဆုံးတာနဲ့ ချက်ချင်း ဂိုဏ်းခေါင်းဆောင်အသီးသီးက ယိချင်းဘက်လှည့်ကြည့်တယ်။ တချို့က စိတ်လှုပ်ရှားနေပုံပဲ။ အစတုန်းကတော့ သူတို့တွေ ဓားအင်းကွက်နား ကပ်လို့ရအောင် ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ သဘောတူခဲ့တာ။ ဒါပေမဲ့ နောက်တော့ ရိုးသားမှုဂိုဏ်းက သူတို့ ဘယ်သူမှ ရှာမတွေ့အောင် ဓားအင်းကွက်ကို ပိတ်ပစ်ပြီးပြီဆိုတာ သိခဲ့ရတယ်။ အခု သူတို့က ဓားအင်းကွက်ဆယ်ခုလုံးကို ဖောက်ထွက်ထားသူလို့ အဆိုရှိတဲ့လူတစ်ယောက် ပါဝင်မဲ့ပြိုင်ပွဲကို စောင့်ကြည့်လေ့

လာဖို့ အခွင့်အရေးတစ်ခု ပေးခံရပြီ။ ပြောရရင်တော့ ဒါက သူတို့လာရတဲ့ အကြောင်းရင်း အတိအကျပဲ။ ဒါကြောင့် သူတို့စိတ်လှုပ်ရှားမှုကို နားလည်နိုင်တယ်။

All Chapters