← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း ၃၁၆ ။ တရားခံ

"ဒါ... အဲဒါကျင်းချီပဲ" လော့ဟုန်က လူကိုမှတ်မိတယ်။

"သူက ခိုးသွားတဲ့သူပဲ" ဝံပုလွေဘုရင်က ဆက်ပြောတယ်။

"ကျွန်တော်တို့တွေ သူ့ကိုဝတ်ရုံစိမ်းဂိုဏ်းမှာ ရှာမတွေ့ဘူး၊ နောက်တော့မှ ဒီကလေးကို ရိုးသားမှုဂိုဏ်းက ကယ်သွားတာသိခဲ့ရတာ၊ အဲဒါကြောင့် ကျွန်တော်တို့..." သူတို့သာ ဓားကျင့်ကြံသူပါဖြစ်တဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်မှုအဆင့် ကျင့်ကြံသူတစ်ယောက် ရှိမှန်းသာသိရင် သူ လုံးဝမလာခဲ့ပါဘူး။

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဒီကိစ္စက ကျူးကျော်သူနဲ့ဆိုင်တယ်လို့တော့ အနည်းနဲ့အများ မှန်းမိပေမဲ့ တကယ်ကြီးဖြစ်နေမယ်မထင်ခဲ့ဘူး။ မိစ္ဆာတွေအများကြီး ပထမဆုံး အဲရွာမှာပေါ်လာပြီး နောက်တော့ ဝတ်ရုံစိမ်းဂိုဏ်း၊ ခု ရိုးသားမှုဂိုဏ်းမှာပေါ်လာတာမဆန်းတော့ဘူး။ သူတို့လိုက်နေတာ ကျင်းချီကိုး။

ဒါပေမဲ့ ကျင်းချီက သူက အဲမိစ္ဆာတွေကို ဆွဲဆောင်တဲ့လူဆိုတာ သိရက်သားနဲ့ ဘာကြောင့် တစ်ခါမှ မပြောရတာလဲ။ ပြီးတော့ ဆွေးနွေးမှုတစ်ခုလုံးမှာ မလုံမလဲဖြစ်နေတဲ့ပုံလည်း လုံးဝမပေါ်ဘဲ လုံးဝကို တရားသဖြင့် အမူအရာမျိုးနဲ့ နေနေတာ။ ဒါက တခြားကလေးသာဆို မှန်တဲ့ပုံ မပေါ်လောက်ပေမဲ့ သူက သာမန်ကလေး မဟုတ်ဘူး။

လော့ဟုန်မျက်နှာလည်း မည်းနက်သွားတယ်။ သူ လှည့်ကာ အမိန့်ပေးလိုက်တယ်။

"အနောက်တောင်ဆီသွားပြီး ကျင်းချီကိုခေါ်လာခဲ့"

"ဟုတ်ကဲ့" တပည့်တစ်ယောက်က လှည့်ထွက်သွားပြီး ချက်ချင်းပျံထွက်သွားတယ်။

ဝံပုလွေဘုရင်ရဲ့မျက်ဝန်းတွေက မျှော်လင့်ချက်နဲ့ တောက်ပကုန်တယ်။

ဒါပေမဲ့ ကူယွဲ့က သူ့ကို အဲလောက်အလွယ်လေး လွှတ်ပေးဖို့ မရည်ရွယ်ထားဘူး။

"မင်းမှာ အကြောင်းပြချက်ရှိရင်တောင် ဝတ်ရုံစိမ်းဂိုဏ်းတစ်ခုလုံးကို သတ်ပြီး လူတွေ အများကြီး စားခဲ့လို့ လွှတ်မပေးနိုင်ဘူး"

ဝံပုလွေက နောက်တစ်ကြိမ် ညှိုးကျသွားပြန်ပြီး ပိုတောင်ပြင်းပြင်းထန်ထန် တုန်ယင်သွားတယ်။ ဓမ္မဂါထာတစ်ခု ဖြစ်ခါနီးဆဲဆဲ။

"ဆရာသခင် စောင့်ပါဦး" လော့ဟုန်က တစ်ခုခုကိုတွေးမိသွားလို့ထင် သူကဝင်ပြောတယ်။

"ဒီဝံပုလွေဘုရင်က ဒီလောက်တောင် အပြစ်လုပ်ထားတာ၊ ကျွန်ုပ်တို့ရိုးသားမှုဂိုဏ်းကလည်း တောင်ကို ကာကွယ်တဲ့သားရဲမရှိတာနဲ့ ကြုံကြိုက်‌နေတယ်၊ သူ့အပြစ်တွေအတွက် ပြန်ပေး‌ဆပ်မှုအနေနဲ့ တစ်သက်လုံး တောင်တံခါးမှာ နေခိုင်းလိုက်ရင်ရော"

ဝံပုလွေဘုရင်က အသည်းအသန် ခေါင်းညိတ်တော့တယ်။

"ကျွန်တော် ဆန္ဒရှိပါတယ် ဆန္ဒရှိပါတယ် ဆရာသခင် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော် ဝင်ပေါက်တွေကို ကာကွယ်ရတာ အကြိုက်ဆုံးပါပဲ၊ အရမ်းကို သဘောကျပါတယ်၊ ဝုတ်ဝုတ်"

ကူယွဲ့ ။ ။ "..."

လော့ဟုန် ။ ။ "..."

ဘာလို့ ဝုတ်ဝုတ်လုပ်နေတာတုံး။ မင်းကိုယ်မင်း ခွေးတစ်ကောင်လို့ ထင်နေတာလား။

"ဂိုဏ်းချုပ်က ဒီလိုပြောမှတော့ ဒီလိုပဲထားလိုက်ပါတော့" ကူယွဲ့ လက်သိုင်းကွက်တစ်ခု ဖန်တီးပြီး သူ့လက်ချောင်းက ဝံပုလွေရဲ့ မျက်ခုံးတွေရဲ့အလယ်တည့်တည့်ကို ဦးတည်ညွှန်လိုက်ကာ ကောင်းကင်စိတ်အာရုံနဲ့ နှလုံးသွေးတစ်ပိုင်းတစ်စကို တန်းဆွဲထုတ်လိုက်တယ်။ သူ လော့ဟုန်ကို လှည့်ကြည့်လိုက်တယ်။

"ကျုပ်ကို ခင်ဗျားလက်ပေး"

လော့ဟုန်က အလိုလိုလက်ကမ်းပေးလာတယ်။ ကူယွဲ့ လက်တွေကို သူ့လက်ဘက် တန်းလှည့်လိုက်တယ်။ ချက်ချင်းပဲ သွေးရောင်ဝံပုလွေခေါင်းသင်္ကေတက လော့ဟုန်လက်ကောက်ဝတ်ပေါ် ပေါ်လာတယ်။

"ဒါ... သွေးစာချုပ်လား"

"အင်း" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"သူ အနာဂတ်မှာ ကလန်ကဆန်လုပ်တာ ဒါမှမဟုတ် လူတွေကို ထပ်စားရဲသေးရင် သူ့ကိုသတ်ဖို့ ဒီစည်းတံဆိပ်ကို တန်းအသက်သွင်းလိုက်လို့ရတယ်၊ မိစ္ဆာတွေက မိစ္ဆာသားရဲတွေလို မဟုတ်တော့ စာချုပ်ချုပ်လို့မရဘူး၊ ဒါကြောင့် ဒါက စိတ်အချရဆုံးနည်းလမ်းပဲ"

ဝံပုလွေဘုရင်ရဲ့ခေါင်းက ပိုတောင်ငုံ့သွားပြီး အမြန်ကတိပေးတော့တယ်။

"မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး" အဲလိုပြောပြီး သူက ချက်ချင်း တောင်တံခါးပေါက်က ကျောက်တုံးစင်မြင့်ပေါ် တွယ်တက်သွားပြီး မြေကြီးပေါ် ခြေသည်းလက်သည်း လေးဖက်လုံးထောက်ကာ ထိုင်ချလိုက်တယ်။ သူ့နောက်က အမြီးကြီးက စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ လှုပ်ယမ်းနေပုံက သူ့ကိုယ်သူ နဂိုက ဝံပုလွေဘုရင်ဆိုတာ လုံးဝမေ့သွားတဲ့အတိုင်းပဲ။

ကူယွဲ့ ။ ။ "..."

လော့ဟုန် ။ ။ "..."

အားလုံး ။ ။ "..."

အင်း၊ သူက အတော်လေး... စဉ်းစားချင့်ချိန်တတ်တာပဲ။

"အဲဒီမိစ္ဆာလေးတချို့ပဲ ကျန်တော့တယ်၊ သူတို့ကိုယ်မှာ သွေးတွေ မရှိဘူးဆိုတော့ လူတွေကို တစ်ခါမှ အန္တရာယ်မပြုဖူးလောက်ဘူး၊ သူတို့ကို ဆန္ဒရှိသလို ဖြေရှင်းလိုက်"

ကူယွဲ့ ပြောရင်း တစ်စုံတရာကို ရုတ်တရက် တွေးမိသွားတယ်။

"အော်ဟုတ်သား အဲဒီအလောင်းတွေကို သူတို့ကိုယ်ထဲကနေ မိစ္ဆာအမြုတေတွေ ထုတ်ပြီး သန့်ရှင်းပြီးရင် ဝူတိတောင်ထွတ်က ရှန်းရင်ဆီပို့လိုက်၊ သူတို့တွေက နည်းနည်းပိုင်းပြတ်နေပေမဲ့ စားလို့တော့ ရပါသေးတယ်"

"စား... စားတာလား" သူတို့နားကြားမှားတာလား။

"အင်း" ကူယွဲ့ ကျန်နေတဲ့ မိစ္ဆာငယ်တွေနဲ့ ဝံပုလွေဘုရင်ကို လှမ်းကြည့်ပြီး တစ်လုံးချင်းပြောလိုက်တယ်။

"သူတို့က လူသားစားရတာ ကြိုက်တယ်မဟုတ်လား၊ အစာကွင်းဆက်ထိပ်ဆုံးက သူတွေရဲ့အကြောက်တရားကို ပေးသိရမယ်"

လူများ ။ ။ "..."

မိစ္ဆာများ ။ ။ "..."

ပြီးတော့ မိစ္ဆာတွေ အတူတူ တုန်ယင်ကုန်ကြတော့တယ်။

ကြောက်... ကြောက်စရာကောင်းလိုက်တာ... သူတို့တွေ တကယ်ပဲ မိစ္ဆာအလောင်းတွေကို စားတော့မှာပေါ့

Σ(°△°|||)

***

လူတိုင်း မတုံ့ပြန်နိုင်ခင် ခုလေးတင် ထွက်သွားတဲ့ တပည့်က ရုတ်တရက် ပြန်ပြေးလာပြီး မျက်နှာပေါ် စိုးရိမ်နေတဲ့အကြည့်နဲ့။

"ဂိုဏ်းချုပ်၊ မကောင်းတော့ဘူး ကျင်းချီဆိုတဲ့တပည့်ပျောက်သွားပြီ"

"ဘာ" လော့ဟုန်မျက်နှာ မည်းမှောင်သွားတယ်။

"သူ့ကို ပိတ်ထားတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် သူပျောက်သွားနိုင်ရတာလဲ၊ မင်း တပည့်တွေရဲ့ အဝင်အထွက်မှတ်တမ်းကို စစ်ပြီးပြီလား"

"စစ်ပြီးပါပြီ၊ ဘယ်သူမှ သူ ထွက်သွားတာကို မမြင်လိုက်ပါဘူး၊ ပိတ်ထားတဲ့အခန်းဆီသွားမှ သူအဲမှာ ရှိမနေဘူးဆိုတာ သိလိုက်ရတာ"

"ဒီကလေး..." စိတ်ပူပန်မှုတစ်မျိုး လော့ဟုန်မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ သူ တစ်ခုခုဖြစ်တာတော့ မဟုတ်နိုင်ဘူးမလား။ သူ ရုတ်တရက် တစ်စုံတရာကို မှတ်မိသွားတယ်။

လူတိုင်း ခွေးဘုရင်.. အာမဟုတ်ပါဘူး ဝံပုလွေဘုရင်ကို လှည့်ကြည့်လိုက်တယ်။

ဝံပုလွေဘုရင်ရဲ့အမွှေးတွေအားလုံး ထောင်ကုန်တယ်။

"မဟုတ် မဟုတ် မဟုတ်... ကျွန်တော် မဟုတ်ဘူးနော်" ဝံပုလွေကောင်းကို မစွပ်စွဲပါနဲ့

"ကျွန်တော်တို့တွေ တောင်ဝင်ပေါက်ထဲတောင် မဝင်လိုက်ရတာ၊ ဘယ်လိုလုပ် သူ့ကို ဖမ်းနိုင်မှာလဲ၊ ပြီးတော့ ငှက်တောင်စိမ်းဝိညာဉ်သစ်ခွတောင် ရှာမတွေ့ခဲ့ဘူး..."

"ဆရာသခင် ခင်ဗျားအထင်မှာ..." လော့ဟုန် ကူယွဲ့ကို အနေရခက်ခက် ကြည့်လိုက်တယ်။

ကူယွဲ့က မျက်မှောင်ကြုတ်မိသွားတယ်။ အဲငတုံးကလေးက သူ့ဘာသာ ထွက်ပြေးသွားတာဖြစ်နိုင်တယ်။

"ဂိုဏ်းကို အရင်ပြန်ကြစို့"

လော့ဟုန် ခေါင်းညိတ်ပြလိုက်တယ်။ အဲတော့မှ အားလုံး ‌မိစ္ဆာငယ်လေးတွေကိုဖမ်းကာ ပင်မတောင်ထွတ်ဆီ ပြန်ပျံသန်းလာခဲ့ကြတယ်။ လော့ဟုန် အရှေ့ကနေလျှောက်ပြီး ဧည့်သည်ခန်းမဆောင်ထဲ ဝင်မလို့ရှိသေး နတ်ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းဖိအားက အတွင်းဘက်ကနေ ရုတ်တရက်ထွက်လာတာမို့ သတိမထားမိလိုက်တဲ့အတွက် သူ နောက်ကို ယိုင်ထွက်သွားခဲ့တယ်။

ဖိနှိပ်မှုက တကယ်ကိုပြင်းထန်လာပြီး လူအုပ်ကြီးပေါ် သတ်ဖြတ်လိုတဲ့အရှိန်အဝါနဲ့ အဆင်အခြင်မဲ့ ဖြတ်ပြေးသွားလေရဲ့။

ကူယွဲ့ အမူအရာ အေးစက်သွားတယ်။ သူ သေပြီလို့များ သူတို့တွေးနေတာလား။ ချက်ချင်း ဓားကျင့်ကြံသူတွေပဲသုံးတဲ့ ဖိနှိပ်မှုမျိုးကိုသုံးကာ တန်ပြန်တိုက်ခိုက်လိုက်တယ်။ ဖိနှိပ်မှုက ခန်းမထဲ အညှာအတာကင်းမဲ့စွာပြေးဝင်သွားပြီး အမြင့်မှာထိုင်နေတဲ့ကျင့်ကြံသူကို ထိမှန်သွားတယ်။

လူက ဟန်ချက်ပျက်သွားတဲ့ဟန် စားပွဲနဲ့ကုလားထိုင်တွေရဲ့ ဝရုန်းသုန်းကားသံတွေ ခန်းမထဲကနေ ထွက်လာတယ်။ အဲတော့မှ ကူယွဲ့ လူအုပ်ကြီးကို အထဲ ဦးဆောင်ခေါ်လာခဲ့တယ်။ သူတို့တွေ မဖိတ်ခေါ်ဘဲ ရောက်လာပြီး အမြင့်နေရာမှာထိုင်နေတဲ့ သက်လတ်ပိုင်းကျင့်ကြံသူကို ကြည့်လိုက်ကြတယ်။

"ရိုးသားမှုဂိုဏ်းက တကယ်ပဲ နတ်ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူကို ထုတ်လုပ်ထားတယ်ပေါ့ ငါ မင်းတို့ကို လျှော့တွက်မိတာပဲ" ထိပ်က ကျင့်ကြံသူက ထရပ်ပြီး ကူယွဲ့ကို သတိတကြီး ကြည့်လေတယ်။

"ခင်ဗျားက နတ်ကောင်းကင်ဂိုဏ်းရဲ့ ဆရာသခင်ဝူရှန်းပဲ" လော့ဟုန်က အဲလူကို ချက်ချင်းမှတ်မိသွားတာမို့ ထိတ်လန့်သွားခဲ့တယ်။ နတ်ကောင်းကင်ဂိုဏ်းက တပည့်သန်းချီနဲ့ အထက်ထျန်းလန်လောကရဲ့ ထိပ်သီးဂိုဏ်းဖြစ်တယ်။ ရိုးသားမှုဂိုဏ်းက ဘယ်လိုနည်းနဲ့မှ သူတို့ကို မယှဉ်နိုင်။ သူတို့ဂိုဏ်းထဲမှာ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေလည်း ပိုရှိတယ်။ ဒီဆရာသခင်ဝူရှန်းက သူတို့ထဲအတော်ဆုံးပဲ။ ကောလာဟလတွေအရတော့ သူက မသေမျိုးတစ်ဝက် ဖြစ်နေပြီတဲ့။

"ကြည့်ရတာ ဒီအဘိုးကြီးက မှတ်မိနေသေးတဲ့ပုံပဲ" အဲလူကပြုံးပေမဲ့ သူ့အကြည့်ကတော့ အတော်လေး ဝင့်ကြွားနေဆဲ။

လော့ဟုန် မျက်မှောင်ကြုတ်လိုက်တယ်။

"ဆရာသခင် ရိုးသားမှုဂိုဏ်းမှာ ဘာကိစ္စရှိတာလဲဆိုတာ သိခွင့်ရှိမလား"

ပြီးတော့ သူက လက်လွတ်စပယ်တောင် စတိုကိခိုက်သေးတယ်။ ဆရာသခင်ကူယွဲ့ကြောင့်သာ မဟုတ်ရင် သူကိုယ်တိုင်တောင် ထိခိုက်နေလောက်ပြီ။

"ဒီအဘိုးကြီးရဲ့တပည့်အသစ်အတွက်ကလွဲ တခြားကြောင့်နဲ့ လာတာမဟုတ်ဘူး"

ဝူရှန်းက သူ့ကိုကြည့်လာကာ ကူယွဲ့ရှိတာကြောင့်ထင် လေးနက်တဲ့လေသံနဲ့ပြောလာတယ်။

"ငါ ခုတလော မင်းတို့ကိုဒီနေရာမှာ ပြဿနာပေးမိနေတဲ့ ကျင်းချီဆိုတဲ့ တပည့်အသစ်ကို လက်ခံထားတယ်၊ သူ့ကို စောနကတင် ငါ ခေါ်သွားလိုက်ပြီ၊ မင်းတို့ကို သတိမပေးရသေးတာ သတိရသွားတာမို့ ပြန်လာခဲ့တာပဲ"

"ကျင်းချီ..." လော့ဟုန် မျက်နှာ မှောင်မည်းသွားတယ်။ သူ ရုတ်တရက် ပျောက်သွားတာ မဆန်းတော့ဘူး။ သူ့ကိုခေါ်ထုတ်သွားတာကိုး။ အဲလိုကလေးတစ်ယောက်က ဆရာသခင်ဝူရှန်းနဲ့ တကယ်ပဲသိနေမယ် တစ်ခါမှမတွေးဖူးဘူး။

"အမှန်ပဲ၊ သူက ခုကစပြီး ငါ့ကိုယ်ပိုင်တပည့်ဖြစ်သွားပြီ" သူ့အကြည့်က အေးစက်နေပြီး လေသံထဲ အပြစ်တင်မှု တစ်စုံတရာ ပါဝင်နေတဲ့အသံနဲ့ ဆက်ပြောတယ်။

"ဒါ ငါနှစ်တွေအများကြီးကျင့်ကြံပြီးမှ ထားတဲ့တပည့်ပဲ၊ ဒါကြောင့် ငါသူ့ကို အတော်လေး အကာအကွယ်ပေးမှာ မလွဲဧကန်ပဲ၊ မင်းတို့ဂိုဏ်းကို သတိပေးဖို့လာတာအပြင် ရိုးသားမှုဂိုဏ်းကို မေးစရာတစ်ခုလည်းရှိသေးတယ်"

…

အခန်း ၃၁၇ ။ ဖြတ်သွားသောငန်းကို အမွှေးနုတ်ခြင်း

လော့ဟုန်ရဲ့ရင်ထဲ စိတ်ထင့်သွားတယ်။

"ဘာကိစ္စလဲဆိုတာ သိခွင့်ရှိမလား"

"ငါ့တပည့်က အမြဲ ပွင့်ပွင့်လင်းလင်းစရိုက်ရှိတယ်၊ သူက နည်းနည်းတက်ကြွလွန်းပေမဲ့ ဖြူစင်တဲ့ ကြင်နာမှုရှိတဲ့သူ၊ ဂိုဏ်းချုပ်ကိုမေ့လို့ရမလား၊ သူ ဘာအမှားလုပ်မိလို့ သူ့ကိုမှောင်မည်းပြီး လူသူကင်းမဲ့တဲ့ အဆောင်ထဲထည့်ထားပြီး သေတွင်းပို့နေရတာလဲ" သူ့အသံက လေးပင်လာပြီး သူ့ကိုယ်ပေါ်က ဖိအားက လော့ဟုန်ဆီ တိုက်ခတ်လာတယ်။

လော့ဟုန်မျက်နှာဖြူဆုတ်သွားပြီး ဖိအားက ရောက်လုနီးပါး။

ကူယွဲ့ ရုတ်တရက် ရှေ့ကိုဝင်ပြီး လူကို သူ့နောက်ဆွဲကာ တစ်ချိန်တည်းမှာပဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်လည်းဖြစ်တဲ့ သူ့ကိုယ်ပိုင်ဖိနှိပ်မှုကို သုံးလိုက်ပေမဲ့ ပြန်ဖိလို့ရအောင် ပိုပြီးကြက်သီးထစရာကောင်းအောင် လုပ်လိုက်တယ်။ ဝူရှန်းမင်သက်သွားပြီး နောက်တစ်ကြိမ် နောက်ဆုတ်လိုက်ရကာ သူ့နောက်က ထိုင်ခုံပေါ် ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။ ချက်ချင်းပဲ သူ့မျက်နှာက ထိတ်လန့်မှုအပြည့်။

သူ နဂိုကတော့ တွေးတာက ဒီလူ ဖိနှိပ်တာခံလိုက်ရတာက သတိမမူမိလို့ပေါ့။ ဒါပေမဲ့ အခုတော့ ဒီလူရဲ့အရည်အချင်းက သူ့နောက် ဒုတိယမရောက်ကြောင်း နားလည်လိုက်ရတယ်။ သူ့ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်ကျင့်ကြံသူနဲ့သာ တူပေမဲ့ ဖိနှိပ်မှုက ဘာလို့အဲလောက် ပြင်းထန်ရတာတုန်း။ ဒါဓားကျင့်ကြံသူရဲ့ အရည်အသွေးလား။

"ဆရာသခင်က အတော်လေးရယ်စရာကောင်းအောင် ပြောနေတာပဲ" ကူယွဲ့က သူ့ကို စီးပွားရေးစတိုင် အပြုံးမျိုးပြုံးပြလိုက်တယ်။

"ကျင်းချီဆိုတဲ့အဲကလေးက ဝတ်ရုံစိမ်းဂိုဏ်းက အသက်ရှင်ကျန်ရစ်တဲ့တပည့်ပဲ၊ သူက သူ့အပေါင်းအဖော်တွေကို ဒဏ်ရာရအောင်လုပ်ပြီး လူကြီးတွေကို မလေးမစားလုပ်တဲ့အတွက် အပြစ်ပေးခံရတာမို့ အခန်းပိတ် အပြစ်ဒဏ်ခံရတာ၊ ပြီးတော့ အခန်းပိတ်တာ တစ်ရက်တောင် မရှိသေးတာကို သူ့ကိုသေတွင်းပို့တဲ့စကားက ဘယ်ကရောက်လာတာလဲ။

"ငါ့တပည့်က လိမ်နေတယ်လို့ မင်းဆိုချင်တာလား"

"သူလိမ်မလိမ်တော့မသိဘူး" ကူယွဲ့ ဆက်ပြောလိုက်တယ်။

"ဒါပေမဲ့ ဂိုဏ်းချုပ်က တကယ်ပဲ သူ့ကိုသေစေချင်တယ်ဆိုရင် ဘာကြောင့် သူ့ကို ဝတ်ရုံစိမ်းဂိုဏ်းကနေ ကယ်ခဲ့မှာလဲ၊ အဲလောက် အားယားမနေဘူး"

"ဒါ..." သူ့အမူအရာက ပြောင်းသွားပေမဲ့ ဆက်ပြီးငြင်းခုန်တယ်။

"သူ အမှားလုပ်ရင်တောင် အဲလောက် ခက်ခက်ထန်ထန် အပြစ်ပေးစရာမလိုဘူးမလား၊ ပြီးတော့ သူကငါ့တပည့်၊ သူ့ကိုအပြစ်ပေးတာက မင်းတို့နဲ့မဆိုင်ဘူးမလား"

"ဒီအပြောက တကယ်ကိုရယ်ရတယ်" ကူယွဲ့တုံ့ဆိုင်းမှုမရှိ လှောင်ပြုံးပြုံးလိုက်တယ်။

"ဆရာသခင်ကို မေးလို့ရမလား၊ ဒါဆို ဘယ်ဟာက ပျော့ပြောင်းတဲ့ အပြစ်ပေးမှုလဲ၊ တစ်ရက်ပဲ ပိတ်လှောင်တာကို ကျင့်ကြံသူတစ်ယောက်အတွက် ခက်ခဲကြမ်းတမ်းသွားရောလား၊ ဒါဆိုမေးပါရစေ၊ ခင်ဗျားတို့ရဲ့ လေးစားရတဲ့... နတ်ကောင်းကင်ဂိုဏ်းမှာ ဘယ်လိုလုပ်လဲ၊ သူတို့ တပည့်တွေကို ဘယ်လိုအပြစ်ပေးလဲ၊ ကျုပ်တို့ကို သင်ယူခွင့်ပြုပါ"

သူ ဆွံ့အသွားတယ်၊ ဘာလို့လဲဆိုတော့ အခန်းပိတ်တာက တကယ်ပဲ ဘာမှပြင်းထန်တဲ့ အပြစ် မဟုတ်လို့ပဲ။

"ပြီးတော့ ကျုပ်တို့က အနာဂတ်ကိုမသိနိုင်ဘူးလေ၊ သူက ခင်ဗျားတပည့်ဖြစ်လာမယ်ဆိုတာ သိစရာနည်းလမ်း မရှိဘူးမလား"

ကူယွဲ့က ဆက်ပြောတယ်။

"တကယ်လို့ ဆရာသခင်က တပည့်ကို တကယ်ကြီး အဲလောက်ဂရုစိုက်တယ်ဆိုရင် သူ့နဖူးပေါ်မှာ ‘ဝူရှန်းရဲ့တပည့်’ ဆိုတဲ့စကားလုံးတွေကို ရေးထားဖို့ အကြံပေးချင်တယ်၊ ဒါမှ တခြားသူတွေ သိဖို့ ပိုလွယ်ကူသွားမှာပေါ့"

"မင်း" သူ့စကားလုံးတွေထဲက အရွဲ့တိုက်မှုကို နားလည်တော့ ဝူရှန်းဒေါသထွက်ပေမဲ့ ပြန်ခွန်းတုံ့ပြန်ဖို့ စကားလုံးရှာမရ။ သူ သူ့ကိုယ်ထဲကဒေါသကို အတင်းအကြပ်ဖိနှိပ်ထားလိုက်ရတယ်။ သူအံကြိတ်ကာ နှာမှုတ်လိုက်တယ်။

"ကောင်းပြီလေ၊ ဒါဆို ဒီကိစ္စကို ဒီတိုင်းထားပေးလိုက်မယ်၊ ဒီဆရာသခင် ဆက်မမေးတော့ဘူး၊ ခုကစပြီး ကျင်းချီက မင်းတို့ရိုးသားမှုဂိုဏ်းနဲ့ ဘာမှမပတ်သက်တော့ဘူး"

အဲလိုပြောပြီး သူက ခဏတာစိုက်ကြည့်ကာ လှည့်ထွက်ဖို့ လုပ်လိုက်တယ်။

"ခဏ" ကူယွဲ့က ရုတ်တရက် ပြောလာတယ်။

"ဆရာသခင်ရဲ့ ကိစ္စကိုဖြေရှင်းပြီးပြီဆိုပေမဲ့ ကျုပ်တို့ကိစ္စကိုတော့ မဆွေးနွေးရသေးဘူးလေ"

ဝူရှန်း ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ သူက လှည့်လာတယ်။

"မင်း တခြားဘာလိုချင်တာလဲ"

ကူယွဲ့အပြုံးက နွေဦးနှင်းလို ပျော့ပြောင်းနူးညံ့နေတယ်။

"ဆရာသခင်ရဲ့ စကားလုံးတွေကလည်း မှန်တယ်လို့ ကျုပ်ထင်ပါတယ်၊ ကိုယ့်တပည့်ကို ကိုယ်တိုင်ပဲ စည်းကမ်းထိန်းသိမ်းသင့်တာပေါ့၊ ဆရာသခင်က မျှတတဲ့လူတစ်ယောက်လို့ ကျုပ်ယုံကြည်ပါတယ်၊ ဟုတ်တယ်မလား"

သူ မျက်မှောင်ကြုတ်ကာ ဇဝေဇဝါကြည့်တယ်။

"အတော်လေး ကံမကောင်းစွာပဲ၊ ကျုပ်တို့ဂိုဏ်းက ခုတလော တိရစ္ဆာန်လေးတစ်ကောင်... အိုး တောင်ကာကွယ်တဲ့ သားရဲတစ်ကောင်ကို လက်ခံခေါ်ယူထားတယ်၊ ပြီးတော့ ဒီတောင်ကာကွယ်ရေးသားရဲ နှစ်ထောင်ချီ စောင့်ရှောက်ဂရုစိုက်လာခဲ့တဲ့ ငှက်တောင်စိမ်းဝိညာဉ်သစ်ခွတစ်ပွင့်က ပျောက်ဆုံးသွားခဲ့တယ်လေ၊ အဲဒါ ခင်ဗျားရဲ့ အဖိုးတန်တပည့်က မှားယွင်းယူသွားတာပါ၊ ဆရာက ဒီမှာဆိုတော့ ခင်ဗျား သူ့အစားဖြေပေးနိုင်မှာ သေချာပါတယ်၊ ကျေးဇူးပြုပြီး ဒီပစ္စည်းကို အခု ကျုပ်တို့ဆီ ပြန်ပေးလို့ရမလား" အဲလိုပြောပြီး သူ့လက်ကို တန်းဆန့်ထုတ်လိုက်တယ်။

ဝူရှန်းမျက်လုံးတွေက ရုတ်တရက် ပြူးကျယ်ကုန်ပြီး လွှတ်ခနဲ ထုတ်ပြောမိသွားလေတယ်။

"ငှက်တောင်စိမ်းဝိညာဉ်သစ်ခွက မင်းတို့ဟာလား"

"အဲတော့ ဆရာသခင် မြင်ဖူးတယ်ပေါ့" ကူယွဲ့က ပိုပြီးတောင် အဓိပ္ပာယ်ပါပါ ပြုံးတော့တယ်။

အဲလူက တောင့်သွားပြီး ဒေါသအရိပ်အယောင် မျက်နှာပြင်ထက် ပေါ်လာပေမဲ့ အံကိုကြိတ်ကာ ဘယ်လိုပဲဖြစ်ဖြစ် ပြောလေတယ်။

"လွန်ခဲ့တဲ့ရက်ပိုင်းက ငါဒဏ်ရာလေးတစ်ခု ရခဲ့တယ်၊ ငါ့တပည့်က ငါ့ဒဏ်ရာတွေကိုကုသဖို့ အဲငှက်တောင်စိမ်းဝိညာဉ်သစ်ခွကို သုံးပြီးပြီ"

"အိုး..." ကူယွဲ့မျက်နှာက နားလည်မှုအပြည့်နဲ့ စကားကို အရွဲ့တိုက် ဆွဲ‌ပြောလိုက်တယ်။

အဲလူမျက်နှာက ပိုပြီးတောင် မည်းမှောင်သွားတယ်။

"လောလောဆယ် ငါ့ကိုယ်မှာ ဒီပစ္စည်းမရှိဘူး၊ နတ်ကောင်းကင်ဂိုဏ်းဆီ ပြန်သွားပြီး အသစ်တစ်ခု ထုတ်ပြီးရင် မင်းတို့ကို ပြန်ပေးမယ်"

သူက ထပ်ပေါင်းပြောလိုက်တယ်။

"ငါ့စကားတွေကို အမြဲတန်ဖိုးထားဂုဏ်ယူခဲ့တယ်၊ ငါ သေချာပေါက် ပြန်ပေးမှာ"

"သေချာပေါက် ဆရာသခင်ရဲ့ စကားလုံးတွေကို ယုံတာပေါ့" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ဒီနည်းနဲ့ဆို ကျုပ်တို့ ဒီကိစ္စအကြောင်း ဆက်မမေးတော့ပါဘူး၊ အရင်ဆုံး... တခြားကိစ္စတွေအကြောင်း မေးရမလား"

"မင်းမှာ... တခြား ဘာကိစ္စတွေရှိလို့လဲ" ဝူရှန်းက သူ့ကိုသတ်ချင်နေတဲ့ရုပ်နဲ့။ ဒါပေမဲ့ မှားတာက သူဆိုတော့ ဒေါသပေါက်ကွဲလို့မဖြစ်။

"ငှက်တောင်စိမ်းဝိညာဉ်သစ်ခွက တောင်ကာကွယ်ရေးသားရဲ ပိုင်တာဆိုပေမဲ့ ဒီမတိုင်ခင်က သူက မိစ္ဆာဘုရင်လေ၊ ဝိညာဉ်ဆေးပင် ခိုးခံလိုက်ရတာမို့ ဒေါသနဲ့ ဝတ်ရုံစိမ်းဂိုဏ်းကို တိုက်ခိုက်ပြီး ကျင့်ကြံသူတစ်ရာကျော်ကို သတ်ဖြတ်ခဲ့တာမို့ ကလေးတစ်စုပဲ ကျန်ခဲ့တယ်၊ ဆရာသခင်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်မေးသင့်တယ် ထင်ပါသလား"

"မိစ္ဆာတွေက သဘာဝအရကို ရက်စက်တာပဲ၊ အဲဒါငါနဲ့ ဘာဆိုင်လဲ" သူ့မျက်နှာက ဒေါသအပြည့်။

ကူယွဲ့က ဆက်ပြောလိုက်တယ်။

"ကျန်ရစ်ခဲ့တဲ့ ကလေးတစ်စုက ဝတ်ရုံစိမ်းဂိုဏ်းမှာ နဂိုတုန်းက ကောင်းကောင်းမွန်မွန်လေ့ကျင့်နေပြီး မဟာတာအိုကို အောင်မြင်ဖို့ မျှော်လင့်နေခဲ့ကြမှာ၊ ဒါပေမဲ့ ဝိညာဉ်ဆေးပင်တစ်ခုကြောင့်နဲ့ ဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရပြီး ဒီဝိညာဉ်ဆေးပင်က ခင်ဗျားတို့ယူသွားတာဖြစ်နေတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဝတ်ရုံစိမ်းဂိုဏ်းတစ်ခုလုံးရဲ့အသက်တွေက ဆရာသခင်ရဲ့ အသက်အတွက် ပေးဆပ်လိုက်ရတာပဲ"

ဝတ်ရုံစိမ်းဂိုဏ်းတစ်ခုလုံး ဒီလိုလေးနဲ့ ပျောက်ကွယ်သွားရတာကို မိစ္ဆာတွေက သဘာဝအရ ရက်စက်တယ်လို့ ပြောတာမျိုးက လုံလောက်ဖို့ကို အဝေးကြီးပဲ။

သူ့မျက်နှာက ဖြူ‌ဆုတ်သွားတယ်။

"မင်း ဘာလုပ်ချင်လို့လဲ"

"ကျုပ် ဘာမှမလုပ်ပါဘူး" ကူယွဲ့ လက်တွေကို ဖြန့်ပြလိုက်တယ်။

"ဒီကလေးတွေ အခုရိုးသားမှုဂိုဏ်းရှိနေပြီဆိုတော့ အနာဂတ်မှာ တာအိုကိုလေ့ကျင့်ရှာဖွေဖို့အတွက် ဝိညာဉ်ကျောက်တုံးတချို့၊ ဓမ္မလက်နက်တွေနဲ့ အစရှိတာတွေကို မလွဲမသွေလိုရုံပါပဲ"

ဝူရှန်းက အံကြိတ်လိုက်တယ်။

"ငါပေးမယ်" အဲလိုပြောပြီး သူက ခါးကသိုလှောင်အိတ်ကို ချက်ချင်းဖြည်ကာ ဝိညာ‌ဉ်ကျောက်တုံးအိတ်တစ်အိတ်ကို ယူပြီး သူတို့ဆီကမ်းပေးတယ်။

ကူယွဲ့က လက်ထဲကအိတ်ကို ချိန်လိုက်တယ်။

"ကလေးဒါဇင်ကျော်တယ်နော်"

သူ့နှုတ်ခမ်းတွေ တွန့်သွားပြီး နောက်ထပ် အိတ်တချို့ ထပ်ထုတ်ပေးလိုက်တယ်။

"အင်း၊ ဓမ္မလက်နက်တချို့လည်း ချို့တဲ့နေသေးတယ်"

"..." သူ ဆက်ပြီးတူးလိုက်တယ်။

"သက်စောင့်ဆေးလုံးတချို့ကိုလည်း ပြင်ထားသင့်တယ်"

"..." သူ ဆက်တူးတယ်။

"သူတို့တွေ ဓမ္မဝတ်ရုံတချို့လည်း လိုတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေက ကြီးထွားမြန်တာကိုး"

"..."

သူ အမြန်တူးလိုက်တယ်။

"အော်ဟုတ်သား၊ အင်းကွက်နဲ့ အဆောင်တွေရောပဲ"

"ရော့ဒီမှာ" ဝူရှန်း သိုလှောင်အိတ်တစ်အိတ်လုံးသာ တန်းထည့်ပေးလိုက်တော့တယ်။

"ဒီလောက်ဆို လုံလောက်ပြီမလား"

"ဒါပေါ့ ဒါပေါ့" ကူယွဲ့ ပြုံးရင်းပြောလိုက်တယ်။

"ဟမ့်" အဲတော့မှ ဝူရှန်း လှည့်ထွက်လာရတော့တယ်။ သူ တံခါးဝရောက်ရောက်ချင်းမှာတင် ကူယွဲ့က ထပ်ပြောတယ်။

"အော်ဟုတ်သား၊ တကယ်လို့ ကလေးတွေ နောက်ပိုင်းတစ်ခုခုလိုရင် နတ်ကောင်းကင်ဂိုဏ်းဆီ ငွေတောင်းခံလွှာ ပို့လိုက်ပါ့မယ်"

ဝူရှန်းခြေထောက်က ယိုင်သွားပြီး ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။ ချက်ချင်း သူက ဖျတ်ခနဲ ဓားပေါ်စီးကာ ပျံသန်းထွက်တော့တယ်။

အဲတော့မှ ကူယွဲ့ လက်ထဲက သိုလှောင်အိတ်ကို ကြည့်လိုက်တယ်။ ဟမ့်၊ သူ့ရှေ့ ဘာကိုစောင့်ကြွားကြွားလုပ်ဖို့ကြိုးစားနေတာလဲ။ တကယ်လို့ သူသာ သူတို့ခံစားရအောင် မလုပ်ရရင် သူ့မျိုးရိုးနာမည်က နျိုမဟုတ်တော့ဘူး။

"ယူလိုက်" သူ လော့ဟုန်ဆီ သိုလှောင်အိတ်ကို ပစ်ပေးလိုက်တယ်။

"လတိုင်း သူ့ဆီငွေတောင်းခံလွှာပို့ဖို့ သတိရဦး" အဲလိုပြောပြီး လက်ခုပ်တီးကာ တစ်ဖက်လှည့်ပြီး ဝူတိတောင်ထွတ်ဆီ ပြန်ပျံသန်းသွားတယ်။

လော့ဟုန် ။ ။ "..."

အားလုံး ။ ။ "..."

သူတို့အားလုံး ဆွံ့အကာ မလှုပ်မယှက် ရပ်နေမိတယ်။

သူတို့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ရလိုက်တာမဟုတ်ဘဲ ကြွယ်ဝရေးနတ်ဘုရားကို ရလိုက်တာပဲ

…

အခန်း ၃၁၈ ။ ဓားအင်းကွက်ထဲလေ့ကျင့်ခြင်း

"ဆရာ ကျွန်တော် ဓားသိုင်းတွေ သင်ချင်တယ်"

ဟင်းချက်ပြီးကာစ စားဖိုမှူးက ရုတ်တရက် စကားစပြောလာတယ်။

"အာ" ရှန်းရင်လက်ထဲက တူတွေ ရပ်သွားတယ်။ စားဖိုမှူးက ဘယ်လိုလုပ် ရုတ်တရက် ဒီလို အန္တရာယ်များတဲ့ အတွေးပေါ်လာရတာလဲ။

"လော့ထောင်နဲ့ တခြားသူတွေလည်း ချီမွမ်းမံမှုဆိုပေမဲ့ သူတို့အားလုံးက ဓားသိုင်းတွေ စသင်ယူနေပြီ"

သူ့မျက်နှာလေးက တောင့်တင်းပြီး လေးနက်နေတယ်။

လော့ထောင်က ဘယ်သူတုံး။

"ကျွန်တော်က ဆရာ့တပည့်လေ၊ ကျွန်တော် သူတို့ကိုမရှုံးချင်ဘူး၊ ဆရာ ကျွန်တော့်ကို ဓားသိုင်းတွေ သင်ပေးလို့ရမလား"

ရှန်းရင် တစ်ခဏတွေးလိုက်တယ်။ တပည့်က ကြိုးစားနေတာ ကိစ္စကောင်းမို့ သူမအားပေးသင့်တယ်။ ဒါကြောင့် သူမ ခေါင်းညိတ်ပြလိုက်တယ်။

"ကောင်းပြီလေ" ဒါ ဓားဓမ္မပဲ မလား၊ သူမမှာ အတွေ့အကြုံရှိပါတယ်။

စားဖိုမှူးမျက်လုံးတွေ တောက်ပသွားပြီး ကုလားထိုင်ကနေ ချက်ချင်းခုန်ဆင်းတယ်။

"ဆိုရိုးရှိတဲ့အတိုင်း လောကထဲက သိုင်းတွေအားလုံးဟာ..."

"ပါးစပ်ပိတ်" သူမ စကားမဆုံးခင် ဘေးကကူယွဲ့က ရုတ်တရက် သူမပါးစပ်ထဲ အသားတစ်ပိုင်း ထိုးထည့်လာတယ်။

"မင်းမသိပါဘူး၊ မင်းကြိုက်သလိုနည်းမျိုးနဲ့ သင်မနေနဲ့"

"အရင်တုန်းက ငါ..." ရှန်းရင် ရှင်းပြဖို့ ပါးစပ်ဟလိုက်တယ်။

"အတိတ်ကအတိတ်ပဲ" ကူယွဲ့ သူမကိုစိုက်ကြည့်လိုက်တယ်။ စားဖိုမှူးချို့တဲ့နေတာ အသိပညာဟ၊ ကျင့်ကြံမှု မဟုတ်ဘူး။ သူမရဲ့ ဉာဏ်အလင်းပွင့်အောင် ပြောပုံမျိုးနဲ့ သူမက မကောင်းတဲ့လွှမ်းမိုးမှု ဖြစ်နေမယ်မဟုတ်ဘူးလား။ တစ်ယောက်စီက သူ့ဘဝကိုပိုပိုခက်ခဲအောင် လုပ်နေကြတာပဲ။

သူ သူ့မျက်ခုံးအလယ်ကို ပွတ်လိုက်ပြီး ကုလားထိုင်ထက်တောင် သိပ်အရပ်မရှည်သေးတဲ့ ယိချင်းဘက် လှည့်ကြည့်ကာ နည်းနည်း အနေရခက်သွားတယ်။ စားဖိုမှူးရဲ့ ဓားဓမ္မက ကိုယ်တိုင်တီထွင်ခဲ့တာဖြစ်ပြီး သူ့ဓားဓမ္မကို ပြည့်စုံစေခဲ့တယ်။ ရှန်းရင်တင်မကဘူး သူကိုယ်တိုင်တောင် မသင်ပေးနိုင်ဘူး။ တကယ်လို့ သူတို့ သူ့ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သင်ပေးလိုက်မယ်ဆိုရင် အကျိုးမရှိဖြစ်သွားနိုင်တယ်။

"စား- ယိချင်း၊ ဓားတာအိုဆိုတာ ကိုယ်တိုင်ရဲ့နားလည်မှုအပေါ်မူတည်တယ်၊ ဓားသိုင်းတွေကို... မင်းဘာသာ အဖြေရှာဖို့လိုတယ်၊ ငါတို့ တကယ်မင်းကို သင်ပေးလို့မရဘူး"

သူ့မျက်ခုံးလေးတွေက ကြုံ့သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးဖြစ်နေတာဆိုတော့ သူ့မျက်လုံးထဲက စိတ်ပျက်မှုကို ဖုံးကွယ်ဖို့ အားထုတ်မနေဘူး။ အတော်လေးကြာမှ သူက မော့ကြည့်ကာ ပြောတယ်။

"ဒါဆို ကျွန်တော် နားလည်အောင် ဘာလုပ်ရမလဲ"

"သေချာပေါက် တိုက်ပွဲကနေတစ်ဆင့်ပေါ့..."

သူ တစ်ခုခုကို တွေးမိသွားသလိုမျိုး တန့်သွားခဲ့တယ်။

"ဘယ်လိုလဲဆိုတော့ ဟုတ်သား၊ ငါ ဓားအင်းကွက်တချို့ ပြင်ပေးနိုင်တယ်၊ တကယ်လို့ မင်း အဲဒါတွေကို ဖောက်ထွက်နိုင်ရင် တချို့တလေ နားလည်လာနိုင်တယ်"

"ကောင်းပါပြီ" ယိချင်းက အသေခေါင်းညိတ်ပြတယ်။ စိတ်လှုပ်ရှားမှုက သူ့မျက်လုံးထဲ တောက်ပနေလေရဲ့။

"ငါ အရင်ဆုံး အင်းကွက်တစ်ခု ပြင်ပေးပြီး မင်း အောင်မြင်သွားရင် ခက်ခဲတဲ့အဆင့်ကို ဖြည်းဖြည်းချင်း တိုးသွားမယ်" သူက ဝိညာဉ်ဓားတစ်ခုကို ထုတ်ပြီး ကမ်းပေးလိုက်တယ်။

"ဒါပေမဲ့ မင်းက ဓားသိုင်းမှာ ဘာအခြေခံမှမရှိသလို ကျင့်ကြံမှုက ချီမွမ်းမံမှုအဆင့်ပဲရှိသေးတယ်၊ ဓားအင်းကွက်ထဲ လက်လွတ်စပယ်ဝင်ဖို့က အတော်လေး အန္တရာယ်များတယ်နော်၊ ပြီးတော့ အပြင်းအထန်ဒဏ်ရာရနိုင်တဲ့ အန္တရာယ်တွေပါ ရှိနိုင်တယ်၊ မင်းသေချာရဲ့လား"

ယိချင်းက ရှန်းရင်ဘက်လှည့်ကြည့်ပြီး သူ့မျက်လုံးတွေက စိတ်ပိုင်းဖြတ်မှုအပြည့်။

"သေချာတယ် ကျွန်တော် မကြောက်ဘူး"

"ဒါဆို မနက်ဖြန်ကစပြီး မင်း ပင်မတောင်ထွတ်က လေ့ကျင့်ရေးကွင်းမှာ သွားလေ့ကျင့်ရမယ်၊ ငါ အဲမှာ ဓားအင်းကွက်တစ်ခု ပြင်ပေးထားမယ်၊ မင်း မနက်၆နာရီမှာ အင်းကွက်ထဲဝင်၊ အင်းကွက်က ည၉နာရီကျမှ ပျောက်သွားလိမ့်မယ်"

"ကောင်းပါပြီ" သူ ခေါင်းညိတ်ပြလိုက်တယ်။ သူက တစ်ခုခုကို ခဏစဉ်းစားပြီးတဲ့နောက် စိုးရိမ်မှုတချို့နဲ့မေးလေရဲ့။

"ဒါဆို ကျွန်တော် နေ့လယ်ပိုင်း ခဏလောက် ထွက်လာလို့ရမလား"

"ဘာလို့လဲ" ကူယွဲ့ သူ့ကိုလှမ်းကြည့်လိုက်တယ်။ အဲလောက်အလွယ်လေး လက်လျှော့လိုက်ရတာလား။ ဒါက စားဖိုမှူး မဟုတ်သလိုပဲ။

"နေ့လယ်က ဆရာနေ့လယ်စာစားချိန်မို့ ကျွန်တော်..."

"သဘောပေါက်ပြီ" ကူယွဲ့နှုတ်ခမ်းတွေ တွန့်သွားတယ်။ သူ့မှတ်ဉာဏ်တွေ ပျောက်သွားတာတောင် အလုပ်ကိုတော့ မမေ့သေးဘူး‌ပဲ။

"ငါ အဲချိန်ကျ မင်းကို အင်းကွက်ထဲကနေ ခေါ်ထုတ်ပေးမယ်"

သူ စိတ်သက်သာရာရသွားပြီး လက်သီးနှစ်ဖက်အုပ်မိုးကာ တလေးတစား ပြောလိုက်တယ်။

ကူယွဲ့က တောင့်တင်းသွားတယ်။ သူ့မျက်နှာပေါ် အနေရခက်မှုအရိပ်အယောင် ဖြတ်ပြေးသွားတယ်။ စားဖိုမှူးရဲ့ အထင်သေးမှု၊ အဖတ်မလုပ်မှုတို့နဲ့ ကျင့်သားရနေပြီမို့ ဒီလိုတလေးတနက် ကျေးဇူးတင်လာတော့ အတော်လေး ထူးဆန်းနေမိတယ်။

"ဆရာ ဆရာ" ယိချင်း သူ့ခေါင်းကို လှည့်လိုက်ပြီး ရှန်းရင်ကို ကြယ်လိုတောက်ပနေတဲ့မျက်ဝန်းတွေနဲ့ တန်းတန်းမတ်မတ်ကြည့်တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောတော့တယ်။

"ကျွန်တော် ဓားသိုင်းတွေကို နားလည်အောင်ကြိုးစားပြီး တခြားသူတွေထက်သာအောင်လုပ်ပါ့မယ်၊ ကျွန်တော်လည်း ဆရာ့ကို အနာဂတ်မှာ ကာကွယ်နိုင်မှာ"

ရှန်းရင် တန့်သွားတယ်။

တစ်ခဏအကြာ...။

"ငါသိပြီ"

—————

ကူယွဲ့ တကယ်ပဲ စားဖိုမှူးနဲ့ နတ်ဆိုးလေ့ကျင့်ရေးစတင်တဲ့ပုံပဲ။ နေ့တိုင်း နေမထွက်ခင် စားဖိုမှူးက ဟင်းပွဲအပြည့်စားပွဲတစ်ပွဲပဲထားရစ်ပြီး ပျောက်သွားပြီ။ နေ့လယ်နဲ့ညနေခင်းမှာ ပြန်လာပြီးရင် ပြန်ပျောက်သွားတယ်။ အရင်က ဝိညာဉ်ချီပဲရှိခဲ့တဲ့ သူ့ကိုယ်လေးက ဓားချီတချို့ပါရှိလာပြီ။ ကြည့်ရတာ ကူယွဲ့နည်းလမ်းက တကယ်ကို အလုပ်ဖြစ်ပုံပဲ။

သူမနောက် နေ့တိုင်းလိုက်ပြီး 'ဆရာ' လို့ခေါ်နေကျသူ ရုတ်တရက် ပျောက်သွားတော့ ရှန်းရင် တကယ်ပဲ နည်းနည်းတော့ နေသားမကျဖြစ်မိတယ်။

ဒါက လပိုင်းကြာသွားခဲ့တယ်။ စားဖိုမှူးက နေ့တိုင်း လေ့ကျင့်ရေးကွင်းနဲ့ မီးဖိုချောင်ကြား ခရီးသွားနေ‌တယ်။ သူ့ကိုယ်ပေါ်က ဓားချီကထူထဲလာပြီး သူ့စရိုက်တောင် ရင့်ကျက်လာပြီ။ အရင်က စားဖိုမှူးနဲ့ ပိုပြီးတူလာတယ်။

တစ်နေ့ကျတော့ သူက ပြောလာတယ်။

"ဆရာ၊ ကျွန်တော် ဒီနေ့ ဓားအင်းကွက်ကနေ ဖောက်ထွက်ခဲ့တယ်" သူ့ကိုယ်လေးက အရပ်ပိုရှည်လာပြီဖြစ်ပြီး ရှန်းရင်ကို အားရပါးရပြုံးပြတယ်။

သူမ တစ်ခဏမှင်တက်သွားပြီး သူ့ကို ခေါင်းစခြေဆုံးကြည့်ကာ ခေါင်းညိတ်ပြလိုက်တယ်။

"အင်း"

"ဆရာ ကျွန်တော် ရုတ်တရက် ဓားသိုင်းသုံးခုကို နားလည်သွားခဲ့တယ်"

"အင်း"

"ဆရာ၊ ဓားအင်းကွက်က တကယ်တော့ ဖောက်ထွက်ဖို့ ခက်တယ်ဆိုတာ နားလည်ခဲ့ရတယ်"

"အင်း"

"ဆရာ၊ ကျွန်တော် အနာဂတ်မှာ ပိုနားလည်လာမှာ"

"အင်း"

"ဆရာ ကျွန်တော် ဒီနေ့ နောက်ကျမှပြန်ရောက်လာတာ၊ ဗိုက်ဆာနေပြီလား"

"... ဟင့်အင်း"

"အဲဒါ... အဲဒါ... ကောင်းတယ်" အဲလိုပြောပြီး သူက နောက်‌ဆုံးတော့ ခံနိုင်ရည် မရှိတော့ပုံနဲ့ အကြိမ်ရေတချို့ ယိမ်းယိုင်သွားကာ တန်းလဲကျသွားခဲ့တယ်။

သူမြေကြီးပေါ်ပြုတ်ကျသွားတာကို မြင်တော့ ရှန်းရင်က သူ့ကိုဖမ်းဆုတ်ကာ တန်းကောက်ချီလိုက်တယ်။ သူ့လက်ထဲက ဓားကြောင့်ထင် အရင်ကထက် အများကြီးပိုလေးနေသလိုပဲ။

ရှန်းရင်က သက်ပြင်းချပြီး အိမ်ထဲ လှည့်ဝင်ကာ အိပ်ရာပေါ်တင်ပေးလိုက်တယ်။ ချက်ချင်းပဲ အိပ်ရာခင်းက နီရဲကုန်တယ်။ သွေးစက်တွေက ယိချင်းကိုယ်ပေါ် အပြည့်။ သူ့ဓမ္မဝတ်ရုံက နေရာအများကြီးမှာ ပြဲနေပြီး ဓားရာတွေ အများကြီးကိုလည်း ခပ်ရေးရေးမြင်နေရတယ်။

သူမ အနောက်ကလိုက်လာတဲ့လူကို အလိုလိုလှည့်ကြည့်မိလိုက်တယ်။

"ငါ့ကို ဘာလာကြည့်နေတာလဲ၊ သူ့ကိုထိခိုက်အောင် ငါလုပ်တာမှ မဟုတ်တာ"

ကူယွဲ့က သူမကို စိုက်ကြည့်လိုက်တယ်။

"ပြီးတော့ သူက ပြန်မလာခင် ငါ့ကို ကုသခွင့် မပေးဘူးလေ၊ သူ ၈လအတွင်း ငါ့အင်းကွက်ကို ဖောက်ထွက်နိုင်ရလောက်တဲ့အထိ ဘာလို့ အဲလောက်အလျင်စလို သင်နေရလဲ သိချင်နေတုန်းပဲ၊ သူ့ကိုယ်သူ တိုးတက်အောင်လုပ်ဖို့ မစောင့်နိုင်သလိုမျိုးဖြစ်နေတာ၊ သူ ဘာအတွက် အသည်းအသန် ကြိုးစားနေလဲ ငါမသိဘူး"

သူ ဘာမှမသင်ရင်တောင် အချိန်တစ်ခု ရောက်လာပြီး မှတ်ဉာဏ်ပြန်ရသွားတာနဲ့ သူ့ကျင့်ကြံမှုတွေအားလုံး ပြန်ရောက်လာမှာလေ။

ရှန်းရင်က မျက်မှောင်ကြုတ်ပြီး အိပ်ရာပေါ်က သွေးသံရဲရဲလူလေးကို ကြည့်လိုက်တယ်။ သူမ လေထဲ လက်ညှိုးတန်းထိုးလိုက်တော့ စားဖိုမှူးပေါ် အလင်းရောင် မျက်နှာပြင်တစ်ခု ပေါ်လာတယ်။ သူမလက်ချောင်းထိပ်ဖျားတွေက အဲပေါ်က ဒေတာကို ညွှန်ကြားကာ ထိန်းညှိနေတယ်။ ချက်ချင်းပဲ စားဖိုမှူးပေါ်က ဒဏ်ရာအားလုံး ပျောက်သွားပြီ။ သွေးစက်တွေတင် ပျောက်တာမဟုတ်ဘူး၊ ဓမ္မဝတ်ရုံပေါ်က ပြဲရာတေါတောင် ဘယ်တုန်းကမှ မပြဲဖူးသလိုမျိုး နဂိုအခြေအနေ ပြန်ရောက်ကုန်တယ်။

စောနလေးကတင် အိပ်ရာပေါ်က သနားစရာကလေးက ခုတော့ သန့်ရှင်းပြီးကျောက်စိမ်းလို ကလေးဖြစ်သွားပြီ။

"ဟိုလီရှစ် မင်းက သူ့ဒေတာကို ထိန်းညှိဖို့ စီမံထိန်းသိမ်းသူအခွင့်အာဏာကို သုံးခဲ့တာပဲ" ကူယွဲ့ မျက်လုံးပြူးသွားတယ်။

"မင်းဆက်ဆံမှုက အရမ်းကိုအဆင့်မြင့်လွန်းတယ်၊ အယ်"

ရှန်းရင်က သူ့ကိုလှည့်ကြည့်လာတယ်။

"ငါသုံးလို့မရဘူးလား"

ကူယွဲ့ ပါးစပ်တွန့်သွားတယ်။

"ရပါတယ်၊ သေချာပေါက်ရပါတယ်၊ ပြီးတော့ သူက မင်းလူပဲဟာ၊ အဲဒါဘယ်လိုလုပ် ငါ့ကိစ္စဖြစ်မှာလဲ"

ဟမ့် သူကတော့ စိတ်ပူပြီး ဒီထိနောက်ကနေ လိုက်လာခဲ့ရတာ။ ကူယွဲ့ လက်ထဲက ကုသမှုဆေးလုံးတွေ ပြန်ထားလိုက်ပြီး လှည့်ထွက်လိုက်တယ်။

"ငါခုပြန်သွားတော့မယ်၊ မင်း သူ့ကိုစောင့်ကြည့်ပြီး ဒီနေ့ကြာကြာနားခိုင်းလိုက်၊ သူ မနက်ဖြန် အင်းကွက်အသစ်ဝင်ရမယ်"

ချီး ညဘက်ကြီး အင်းကွက်အသစ်လုပ်ဖို့ ပြန်သွားရဦးမယ်။ ဒီဆရာတပည့်အတွဲကို ဘာတွေ အကြွေးတင်နေမိလဲ မသိတော့ပါဘူး။

"အိုး" ရှန်းရင်က ခေါင်းညိတ်ပြလိုက်တယ်။ ရုတ်တရက် သူမက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့။

"ဖေဖေနျို"

"ဘာတုံး"

"ငါ အရမ်းဗိုက်ဆာနေပြီ၊ ညစာမစားရသေးဘူး၊ နင့်မှာ စားစရာများရှိလား"

"သွားစမ်းပါ" ကူယွဲ့ သူမကိုစိုက်ကြည့်လိုက်တယ်။

"ဒီနေ့ စားစရာကအကန့်အသတ်နဲ့ပဲ"

အဲလိုပြောပြီး သူကလက်ကိုယမ်းကာ အိမ်ထဲက‌ မထွက်ခင် စားပွဲပေါ် အဆာသွတ်မုန့်ပန်းကန်ပြားတချို့ ထားခဲ့ပေးတယ်။

"..."

ဟူး၊ ဖေဖေနျိုက တစ်ချိန်လုံး စိတ်ရင်းကောင်းပေမဲ့ အပေါက်ဆိုးသူ ဖြစ်နေတယ်။

All Chapters