← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း ၃၁၉ ။ ဂိုဏ်းထဲကအတင်းအဖျင်းများ

ကူယွဲ့က လေ့ကျင့်ရေးကွင်းမှာ တစ်ခါတည်း အင်းကွက်ဆယ်ခုလောက် ပြင်လိုက်တယ်။ သူတို့တွေက ချီမွမ်းမံမှုကနေ နတ်ဝိညာဥ်အဆင့်ထိ အဆင့်အားလုံးအပါအဝင် လွယ်ရာကနေ ခက်ရာအထိ ခက်ခဲမှုအဆင့်တွေ ကွဲပြားကြတယ်။ ဓားသိုင်းတွေကျင့်ကြံဖို့နဲ့ ဓားဆန္ဒကိုနားလည်ဖို့ အကောင်းဆုံးနေရာလို့ ပြောနိုင်တယ်။

အစကတော့ စားဖိုမှူးအတွက်ပဲ ပြင်ပေးတာ။ သူ့ဓားဓမ္မက ကိုယ်တိုင်ထွင်ထားတာ ဖြစ်သလို များပြားလှတဲ့ တိုက်ခိုက်မှုတွေကနေ သူ့ဓားဓမ္မကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာတာလို့ ကူယွဲ့ကို ပြောဖူးတယ်။ စားဖိုမှူးက သူ့အတိတ်ကိုရော ဓားဓမ္မကိုပါ မမှတ်မိပေမဲ့ သူ့ကိုယ်ထဲက အလိုအလျောက် အသိစိတ်ကတော့ ရှိနေသေးတယ်။ ဒါကြောင့် အင်းကွက်တွေထဲ တိုက်ခိုက်ပြီး ဓားဓမ္မကို မှတ်မိလာအောင် လုပ်တာက အကျိုးရှိတယ်။

ပြီးတော့ လေ့ကျင့်ရေးအရ ဒါကို သက်သေပြနေတယ်။ ပထမအင်းကွက်ကို ဖောက်ထွက်ဖို့ နှစ်ဝက်ကျော်ကြာပြီးနောက်မှာတော့ ဓားဓမ္မအတွက် ခလုတ်တစ်ခုပွင့်သွားသလိုမျိုး ဓားသိုင်းမျိုးစုံကို စတင်ရှာတွေ့လာတော့တယ်။ အရင်တုန်းက သုံးနေခဲ့ကျတွေနဲ့ တစ်ပုံစံတည်းဆိုတာမြင်တော့ ကူယွဲ့ စိတ်သက်သာရာရသွားခဲ့တယ်။

ဒါပေမဲ့လော့ထောင်က သူ့နားချဉ်းကပ်လာကာ တခြားတပည့်တွေပါ အထဲမှာလေ့ကျင့်ခွင့်ရှိမရှိ မေး‌တယ်။ ရိုးသားမှုဂိုဏ်းကသူအများစုက ဓားကျင့်ကြံမှုကို လေ့ကျင့်ပြီး ဓားအင်းကွက်ကို အဖြေရှာတာက တကယ်ပဲ သူတို့ကျင့်ကြံမှုကို အင်မတန် အထောက်အကူဖြစ်နိုင်တယ်။ ကူယွဲ့ သေချာပေါက် မငြင်းတော့ တပည့်တွေ စုပြုံလာကြတာပေါ့။

တစ်ခဏတာ လေ့ကျင့်ရေးကွင်းက ဓားအင်းကွက်တွေက ဂိုဏ်းထဲကျင့်ကြံမှုရဲ့ မလုပ်မဖြစ်လုပ်ရမဲ့အပိုင်း ဖြစ်လာတယ်။ တခြားသူလိုမဟုတ် စားဖိုမှူးက မွေးရာပါဓားသရုပ်သကန်နဲ့ မွေးလာတာမို့ ချီမွမ်းမံမှုသတ္တမအဆင့်ရဲ့ ပထမအင်းကွက်ကိုဝင်ဖို့အတွက် မရှိမဖြစ်ရှိရမဲ့လိုအပ်ချက်ကို မြှင့်ခဲ့ရတယ်။

ငါးနှစ်အကြာ...။

မသိလိုက်ခင်မှာတင် ကောင်လေးက အရမ်းကို မြန်မြန်ကြီးထွားလာတယ်။ နုပျိုတဲ့ရုပ်ရည် ရှိသေးပေမဲ့ ကူယွဲ့နဲ့ အရပ်တူနေပြီ။ သူ့အတိတ်ကို သတိမရသေးပေမဲ့ အရင်တုန်းကလိုမျိုး တိတ်ဆိတ်ကာ လေးနက်တဲ့ စိတ်နေစိတ်ထားနဲ့ပိုတူလာတယ်။

သူက နည်းနည်း လွဲချော်နေတဲ့ပုံလို့ ရှန်းရင်ပဲခံစားနေရတာ၊ အထူးသဖြင့် ကလေးဘဝတည်းက လုံးဝလျော့မသွားတဲ့ စကားများမှုပဲ။

"ဆရာ၊ ဒီနေ့ နှင်းကျမယ်၊ အကာအကွယ်နဲ့ ဓမ္မဝတ်ရုံတွေ ပိုဝတ်ဖို့လိုမယ်"

"ဆရာ၊ စားပွဲပေါ်မအိပ်နဲ့လေ၊ ကုလားထိုင်ရှည်လုပ်ပေးထားတယ်၊ အထဲပြန်မဝင်ချင်သေးရင် အဲမှာ ထိုင်နေပါ"

"ဆရာ ညဘက်လက်ဖက်ရည် မသောက်တာ ကောင်းတယ်၊ အိပ်ဖို့အတွက် မကောင်းဘူး၊ ဖုန်းယွီဖျော်ရည်သောက်ရင်ရော"

"ဆရာ နောက်ကျလွန်းနေပြီ၊ အဆာသွတ်မုန့်ကို မနက်ဖြန်မနက်အတွက် ထားလိုက်လို့ရတယ်လေ၊ မဟုတ်ရင် ညပြန်အိပ်လို့ရတော့မှာ မဟုတ်ဘူး"

"ဆရာ သုံးရက်ဆက်တိုက် ဒီအသားကိုစားထားတာ၊ ပြောင်းလိုက်တာ ပိုမကောင်းဘူးလား"

သူက ကိစ္စသေးသေးကြီးကြီးမှန်သမျှပြောနေတော့ ရှန်းရင် ခု မေမေနျိုရလိုက်သလိုပဲ။ ဒါပေမဲ့ သူ စကားဆက်ပြောနေတဲ့နောက်မှာတော့... သူမ ကျင့်သားရသွားခဲ့တယ်။

╮(╯▽╰)╭

ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူ့ကျင့်ကြံမှုက ဒီနှစ်ပိုင်းမှာ သိသိသာသာ တိုးတက်မလာဘူး။ သူက အုတ်မြစ်အခြေတည်အဆင့်ကိုပဲ ပြီးပြည့်စုံအောင် လုပ်ရသေးတယ်။ အတိတ်တုန်းက သူ့ရဲ့ အင်မတန် မြန်ဆန်တဲ့တိုးတက်မှုနဲ့ လုံးဝကို တစ်ဆင့်တည်းမဟုတ်တာ။

"ကြည့်ရတာ သူ့ကျင့်ကြံဆင့်ကိုသူ ဖိနှိပ်ထားမိတဲ့ပုံပဲ၊ ဒါကြောင့် ဒီတစ်ချိန်လုံး အမြုတေ ဖြစ်မလာတာပဲ"

ကူယွဲ့က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်တယ်။

"ဒါပေမဲ့ ဒါကလည်း အဆင်‌ပြေပါတယ်၊ အမြုတေဖွဲ့စည်းမှုမတိုင်ခင် အားလုံးက အခြေခံအုတ်မြစ်တွေပဲ၊ သူ ဓားဆန္ဒကို နားလည်ပြီးရင် အမြုတေဖွဲ့စည်းမှုလုပ်ရင်တော့ ပိုကောင်းတာပေါ့"

"အိုး" သူမ နားမလည်။

"သွားကြစို့၊ ဂိုဏ်းချုပ်က ငါတို့ကိုရှာနေပုံပဲ"

ကူယွဲ့က ပင်မတောင်ထွတ်ကို လက်ညှိုးထိုးပြလိုက်တယ်။

"အာ" ရှန်းရင်က မှင်တက်သွားတယ်။

"ငါလား"

"အင်း မင်းဒီမှာ နေလာတာနှစ်တွေချီနေပြီ၊ အပြင်လမ်းထွက်လျှောက်ဖို့ အချိန်တန်ပြီ" ကူယွဲ့ သူမပျင်းရိမှုကို သည်းမခံနိုင်တော့ဘဲ သူမကိုတန်းဆွဲထူလိုက်တယ်။

"မင်းတင်မကဘူး၊ စားဖိုမှူးရောပဲ၊ ငါတို့ ပင်မတောင်ထွတ်ဆီ သွားမှာဆိုတော့ စားဖိုမှူးကို ရှာဖို့ လေ့ကျင့်ရေးကွင်းဆီ သွားကြရအောင်"

"အလုပ်ရှုပ်လိုက်တာ..."

"ဘာအလုပ်ရှုပ်တာတုံး၊ သွားကြစို့" ကူယွဲ့ သူမကို နေရာရွှေ့ပြောင်းအစီအရင်ဆီ ဆွဲခေါ်လာခဲ့ပြီး သူတို့ လေ့ကျင့်ရေးကွင်းဆီ ရောက်လာခဲ့ကြတယ်။

အဝေးကနေ တပည့်တွေအများကြီး အင်းကွက်တွေထဲကနေ စိတ်လှုပ်ရှားမှု၊ စိတ်ပျက်မှု၊ သံသယတို့နဲ့ ထွက်လာတာကို သတိထားမိလိုက်တယ်။ တချို့ကလည်း တစ်ခုခုကို ဆွေးနွေးဖို့ စုဝေးနေလေရဲ့။

ကူယွဲ့ အစကတော့ အများကြီး အာရုံမစိုက်မိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဓားအင်းကွက်တွေ ဖွင့်ပြီးတည်းက တပည့်တွေကြား အလာအများဆုံးနေရာပဲ။ သူ သူတို့ စိတ်အေး‌လက်အေး ဆွေးနွေးလို့ရအောင် တမင်သက်သက် သူ့အရှိန်အဝါကို ကန့်သတ်လိုက်တယ်။ သူ တိတ်တိတ်လေး ချီးကျူးမှုရလာတယ်။

"ဆရာသခင်ဖန်တီးတဲ့ ဒီဓားအင်းကွက်တွေက အားကြီးလွန်းတယ်၊ ငါ အဖြေရှာနေတာ တစ်လလောက်ရှိပြီ၊ ဒါပေမဲ့ ပထမအင်းကွက်ကိုတောင် မဝင်နိုင်ဘူး"

"အတိအကျပဲ ဒါတွေက တကယ့်ကို နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင် တည်ဆောက်ထားတဲ့ အင်းကွက်တွေကိုး၊ ငါကြားတာတော့ ဆရာတူအစ်ကို လော့ထောင်တောင် ငါးခုမြောက်ကိုပဲ ရောက်နိုင်တယ်တဲ့"

"ဝိုး၊ ဆရာတူအစ်ကိုလော့ထောင်က အုတ်မြစ်အခြေတည်ကျင့်ကြံသူ‌တစ်ယောက်လေ၊ သူတောင် ပဉ္စမအဆင့်ကိုပဲရောက်နိုင်တယ်ပေါ့၊ ဆယ်ခုလုံး‌ကို ဘယ်ချိန်တစ်ယောက်ယောက် ဖောက်ထွက်နိုင်မလဲမသိဘူး"

"မေးစရာလိုလား၊ သေချာပေါက် ဆရာတူဦးလေးငယ်ယိချင်းပေါ့၊ သူက အဋ္ဌမအဆင့်တောင် ရောက်နေပြီလေ"

"ဘာ၊ ဘုရားရေ၊ အဲဒါရွှေအမြုတေတွေပဲ ဝင်နိုင်တဲ့အဆင့်မဟုတ်ဘူးလား"

"သူ့အတွက် ဒါက ဘာမို့လို့လဲ၊ သူ ချီမွမ်းမံမှုအဆင့်ပဲရှိတုန်းက ပထမအဆင့်ကိုတောင် ဖြတ်ပြီးပြီလို့ ကြားတယ်၊ အဲတုန်းက အသက်ဆယ်နှစ်ပဲရှိသေးတာနော်"

"ဆရာတူဦးလေးငယ်က အရမ်းတော်တာပဲ၊ ဆရာသခင်ကူယွဲ့ရဲ့တပည့်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်"

"ဆရာတူဦးလေးငယ်က ဆရာသခင်ကူယွဲ့ရဲ့ တပည့်မဟုတ်ဘူးဟ သူက ဂိုဏ်းထဲက တခြားနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ရဲ့ တပည့်ပဲ"

"အာ၊ ဂိုဏ်းထဲ ဒုတိယနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ရှိတယ်ပေါ့" ဂိုဏ်းက ထိတ်လန့်သွားတယ်။

"သေချာပေါက်ပေါ့၊ ဆရာသခင်ကူယွဲ့နဲ့အတူ ဂိုဏ်းထဲဝင်ခဲ့တာလို့ကြားတယ်၊ မျိုးရိုးနာမည်က ရှန်းဆိုလားပဲ..." တပည့်က တစ်ခုခုကို ရုတ်တရက် သတိရမိသွားသလိုမျိုး အသံကိုတိုးသွားတယ်။

"ဒါပေမဲ့ သူက ဝူတိတောင်ထွတ်ကနေ ဘယ်တုန်းကမှ ထွက်မလာဘူး၊ ငါဂိုဏ်းထဲဝင်တာ နှစ်တော်တော် ကြာနေပြီဆိုပေမဲ့ သူ့ကိုတစ်ခါမှမမြင်ဖူးဘူး"

ကူယွဲ့က သူ့ဘေးက အသီးစားနေတဲ့လူကို အထင်သေးတဲ့အကြည့်ကြည့်လိုက်တယ်။ သူမက တည်ရှိမှုမရှိတဲ့အပြင် ပျင်းကလည်းပျင်းတယ်။

"ဆရာဦးလေးငယ်က ဒီလောက်အစွမ်းကြီးတာ၊ ဒါဆို သူ့ဆရာက ပိုပြီးအစွမ်းကြီးမယ် မဟုတ်လား"

အင်း၊ ဒါကိုတော့ ကူယွဲ့ သဘောတူရမယ်။ သူ ဆက်နားမထောင်တော့ဘဲ သူတို့ဘေးကနေ ဖြတ်သွားတော့မလို့။

"မင်းမသိပါဘူး" တပည့်က ရုတ်တရက် ခေါင်းယမ်းပြီး အတင်းအဖျင်းလေသံနဲ့ ပြောတော့တယ်။

"ဂိုဏ်းချုပ်တောင် သူမ တိုက်ခိုက်တာကို တစ်ခါမှမမြင်ဖူးဘူး၊ ပြီးတော့ သူမကျင့်ကြံမှုက ဘယ်လိုမျိုးလဲ ဘယ်သူမှမသိကြဘူး၊ ဒါပေမဲ့ ဆရာဦးလေးငယ်ကတော့ ငယ်ငယ်လေးတည်းက သူ့ဘေးမှာ ရှိနေခဲ့တာ၊ သူက အသက်၁၀နှစ်မတိုင်ခင်ထိ လေ့မကျင့်ခဲ့ဘူး၊ နှစ်ယောက်သားဆက်ဆံရေးက သိပ်ကို နီးစပ်ပြီး နှစ်ယောက်တည်း ဝူတိတောင်ထွတ်ပေါ်က အဆောက်အအုံလေးထဲ နေကြတာ"

"အိုး" တစ်စုံတရာက တခြားတပည့်တွေရဲ့ အတွေးထဲပေါ်လာပြီး သူတို့မျက်နှာမှာ အံ့ဩမှုတွေပြည့်ကုန်တယ်။

"ဆိုလိုတာက ဆရာဦးလေးငယ်က တကယ်တော့... လူသားမီးပြင်းဖိုလား"

ရှန်းရင် ။ ။ "..."

ဖွီ...။

ကူယွဲ့ အမူအရာ တွန့်သွားတယ်။ သူ အရံအတားအင်းကွက်ကို ချက်ချင်းဖန်တီးပြီး ဗိုက်နှိပ်ကာ ထရယ်တော့တယ်။

"ဟားဟားဟားဟား... မင်းဆက်ပြီး အိမ်တွင်းပုန်းနေလေ အတင်းအဖျင်းတွေထဲ မင်းက ယောက်ျားလေး လူသားမီးပြင်းဖို ခေါ်ထားတဲ့ နှာဘူးဖြစ်လုနီးပါးဖြစ်နေပြီ ဟားဟားဟား... ဒါငါ့အတွက် ရယ်စရာကောင်းလွန်းတယ်"

"တကယ်လို့ အဲလိုဆိုရင် ဆရာဦးလေးငယ်က အရမ်းကိုသနားစရာကောင်းလွန်းတာပဲ"

တပည့်တစ်ယောက်က တရှူးရှူးတရှဲရှဲဖြစ်သွားတယ်။

"အဲဆရာသခင်ရှန်းက လွန်လိုက်တာ"

"ဒါပေမဲ့ ဘယ်သူက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းဆရာသခင်တွေကို ဘယ်သူတွန်းလှန်နိုင်မှာလဲ၊ ဆရာဦးလေးငယ် ဒီလောက်အပြင်းအထန် လေ့ကျင့်နေတာက သူ့မကျေမချမ်းမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်"

"ငါကြားတာတော့ အဲလိုမဟုတ်ဘူး"

တပည့်တစ်ယောက်က ရုတ်တရက်ငြင်းခုန်လာတော့ လူတိုင်း သူ့ကိုကြည့်လိုက်ကြတယ်။

"ဘယ်သူမှ အဲဆရာသခင်ရှန်းကို မမြင်ဖူးဘူးလေ၊ ဘယ်သူက သူ့အဆင့်အစစ်ကို သိမှာလဲ၊ ဒါပေမဲ့ ဆရာသခင်ကူယွဲ့အစွမ်းကိုတော့ လူတိုင်းမြင်ဖူးတယ်၊ ငါကြားတာတော့ ဒီဓားအင်းကွက်ဆယ်ခုကလည်း ဆရာဦးလေးငယ်အတွက် လုပ်ပေးခဲ့တာတဲ့၊ သူ့အပေါ် ကောင်းတဲ့နေရာမှာ ဘယ်သူက ဆရာသခင်ကူယွဲ့ကို ကျော်နိုင်မှာလဲ"

"ဒါကြောင့် ငါ့အမြင်မှာတော့... အဲဆရာသခင်ရှန်းဆိုတာ ဆင်ခြေသက်သက်ပဲ၊ ဆရာဦးလေးငယ်ကို တကယ် စိတ်ဝင်စားတာ ဆရာသခင်ကူယွဲ့ဖြစ်ရမယ်"

"အိုး..." လူတိုင်း အလင်းပေါက်သွားတဲ့ပုံ။

တောင့်တင်းသွားသော ကူယွဲ့ ။ ။ "..."

ရှန်းရင် ။ ။ "..."

တစ်အောင့်နေတော့ သူမဘေးကလူဘက် တိတ်တဆိတ် လှည့်လိုက်တယ်။

"အိုး~~~~~" အဲတော့ နင်ကဒီလိုကိုး ဖေဖေနျို။

"ဘာ'အိုး' လဲ"

"ငါ ဘာမှမပြောမိပါဘူး"

"အဲအကြည့်ကို ပြန်ရုပ်လိုက်" သူက တစ်လုံးချင်း ပြောလိုက်တယ်။

"ငါကအဖြောင့်"

"အာ..."

"မင်းတို့ ဒုက္ခအိုးနှစ်ယောက်ကိုသာ စောင့်ရှောက်ဖို့မဟုတ်ရင် ငါရည်းစားထားပြီးတာ ကြာလှပြီ"

"အိုး~~"

"ပါးစပ်ပေါက်ပိတ်"

"..."

…

အခန်း ၃၂၀ ။ ဟုန်ယွီဆန်းကြယ်ဘုံ

ကူယွဲ့ သူနားထောင်နေတဲ့ အတင်းအဖျင်းထဲ တိုက်ခိုက်ခံလိုက်ရမယ် မထင်ခဲ့ဘူး။ တစ်ခဏတာ သူ့တစ်ကိုယ်လုံးကနေ အေးစက်တဲ့ အရှိန်အဝါတွေထွက်လာပြီး တပည့်အုပ်ဆီ တန်းသွားတော့တယ်။

တပည့်တွေက ထိတ်လန့်သွားပြီး လာတဲ့သူနှစ်ယောက်ကိုလည်း မြင်ရော စပြီး အသည်းအသန် တုန်ယင်လာကာ သူတို့အမူအရာက လုံးဝကို စိတ်လှုပ်ရှားနေတယ်။ သူတို့ ခက်ခက်ခဲခဲ ဂါရ၀ပြုလိုက်ရတယ်။

"နှုတ်ခွန်းဆက်သပါတယ် ဆရာသခင်"

"မင်းတို့ ဒီမှာ အဓိပ္ပာယ်မရှိတာတွေပြောဖို့ အချိန်ရှိမှတော့ အင်းကွက်တွေ ဖောက်ထွက်ဖို့ကို အရမ်းယုံကြည်ချက်ရှိနေမှာပဲ"

အားလုံး ။ ။ "..."

ကူယွဲ့က လက်ယမ်းလိုက်တော့ လေဂါထာတစ်ခုက တပည့်တွေကို ဘေးကအင်းကွက်တွေဆီ ပြန်မှုတ်ထုတ်လိုက်တယ်။

တစ်ခဏတာ အင်းကွက်က နာကျင်စွာ‌အော်သံတွေနဲ့ ပြည့်သွားလေရဲ့။

သူတို့ ဧည့်သည်ခန်းဆောင်ဆီ မရောက်ခင်ထိ ကူယွဲ့ အမူအရာက မာထန်နေပြီး ဂိုဏ်း အင်းကွက်တွေအားလုံးရဲ့ ခက်ခဲမှုကို တိုးမြှင့်ချင်နေတယ်။ ပြီးတော့ အဲကျမှ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောဖို့ အချိန်ရဦးမလား မြင်ချင်ပါရဲ့။

"ဆရာသခင်... ကူယွဲ့" လော့ဟုန်လည်း ကူယွဲ့ စိုက်ကြည့်မှုကြောင့် ဇဝေဇဝါဖြစ်သွားတယ်။ သူ ဂိုဏ်းထဲကကိစ္စတွေကို စဉ်းစားလိုက်တယ်။ သူတို့တွေ ငွေရေးကြေးရေး မဆုံးရှုံးထားဘူးမလား။ ဝိညာဉ်ဆေးပင်တွေနဲ့ ဓမ္မအသုံးအဆောင်တွေကနေ ဝင်ငွေတွေက နှစ်ဆတိုးပြီး ဝန်ထုပ်တိုးအောင် တပည့်အသစ်လည်း မရှိပါဘူး။

ဘာကြောင့် ဆရာသခင်အမူအရာက အရမ်းကိုဆိုးရွားနေတာလဲ။

"ဘာလို့ ငါတို့ကို ဒီခေါ်တာလဲ" ကူယွဲ့က ကုလားထိုင်တစ်လုံးမှာဝင်ထိုင်ပြီး ရေခဲတမျှ အေးစက်တဲ့ အကြည့်က လော့ဟုန်ပေါ် ကျရောက်လာတယ်။

လော့ဟုန် ချက်ချင်းပဲ အလိုလိုတုန်ယင်သွားခဲ့တယ်။ ဆိုး... ဆိုးဝါးလိုက်တာ သူ မနေနိုင်ဘဲ ရှန်းရင်ဘက် အကူအညီတောင်းဖို့ လှည့်ကြည့်လိုက်တယ်။

ကံမကောင်းစွာပဲ သူမက အသီးတွေစားဖို့ အာရုံစိုက်နေပြီး သူအချက်ပြတာကို လုံးဝမသိ။

သူ မနေနိုင်ဘဲ စိတ်ထဲကနေ လှမ်းဆက်သွယ်လိုက်တယ်။

"ဆရာသခင်... ရှန်း၊ ဆရာသခင်ကူယွဲ့ ဘာဖြစ်တာလဲ"

ရှန်းရင်က လက်တွေကို ဖြန့်ပြလိုက်ပြီး ဂရုမစိုက်တဲ့ပုံ။

"ယောက်ျားတွေမှာ လတိုင်း စိတ်လက်မသက်မသာဖြစ်တဲ့ နေ့တချို့ဆိုတာ အမြဲရှိတာပဲလေ"

လော့ဟုန် ။ ။ "..." ဒီစကားက နည်းနည်းလွဲနေတဲ့ပုံ မပေါ်ဘူးလား။

ယိချင်း ။ ။ "..." ဆရာ့စကားတွေက လေးနက်လွန်းတယ်၊ ကျွန်တော် လုံးဝကို နားမလည်နိုင်ဘူး။

ကူယွဲ့ ။ ။ "..." ဟေး၊ ငါ မင်းပြောတာကြားတယ်နော်

"မြန်မြန်သာ ငါတို့ကိုပြောစမ်းပါ၊ ဘာကိစ္စလဲ"

ကူယွဲ့ နှုတ်ခမ်းတွန့်သွားပြီး ထပ်မေးလိုက်တယ်။

လော့ဟုန် ချောင်းဟန့်ပြီး ရှန်းရင်နောက်က ယိချင်းကို ဖျတ်ခနဲလှမ်းကြည့်ကာ စကားစတော့တယ်။

"ဒီလိုပါ၊ ဟုန်ယွီဆန်းကြယ်ဘုံပွင့်ဖို့ အချိန်ရောက်ခါနီးပြီလေ၊ ဒီအခွင့်အရေးကိုသုံးပြီး ဂိုဏ်းကတပည့်တွေကို အတွေ့အကြုံ သွားယူစေချင်တယ်၊ သူတို့တွေ တက်လှမ်းဖို့ အခွင့်အရေး ရနိုင်လောက်တယ်"

"ဟုန်ယွီဆန်းကြယ်ဘုံလား" ကူယွဲ့ မှင်တက်သွားတယ်။ ဘယ်လိုလုပ် သူ ဒီဆန်းကြယ်ဘုံကို တစ်ခါမှမကြားဖူးတာပါလိမ့်။

"ဟုန်ယွီဆန်းကြယ်ဘုံက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ကျင့်ကြံသူတစ်ယောက် မသေမျိုး တက်လှမ်းမှုမသွားခင် ဖွင့်ခဲ့တဲ့ ဆန်းကြယ်ဘုံအသေးလေးတစ်ခုပါ၊ နှစ်ရာချီနေမှ တစ်ခါပွင့်တယ်" လော့ဟုန် ရှင်းပြလိုက်တယ်။

"တစ်ခါပွင့်တိုင်း နှစ်လ‌ကြာတယ်၊ အထဲမှာ အကောင်းစားတွေ မရှိပေမဲ့ မိစ္ဆာသားရဲတွေ အများကြီးပဲ၊ ရွှေအမြုတေကျင့်ကြံ‌ဆင့်အောက်က ကျင့်ကြံသူတွေအတွက် အသင့်တော်ဆုံးပဲ"

"ဒါဆို အုတ်မြစ်အခြေတည်တပည့်တွေကို ပါဝင်ခိုင်းချင်တာလား"

"ဟုတ်တယ်" သူ ခေါင်းညိတ်ပြလိုက်တယ်။

"တပည့်တွေက ဓားအင်းကွက်တွေထဲ မကြာခဏလေ့ကျင့်ကြပေမဲ့ မိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတွေကတော့ ရှားတယ်လေ၊ ပြီးတော့ အများစုက ရိုးသားမှုဂိုဏ်းကနေတောင် မခွာဖူးဘူး၊ အတွေ့အကြုံရအောင် သူတို့ကို အပြင်ထွက်ခိုင်းဖို့ ဒီအခွင့်အရေးကိုယူရင် ကောင်းမယ်"

"အင်း" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူတို့ကို အတူတူလေ့ကျင့်ခွင့်ပြုတာလည်း ကောင်းတာပဲ။

"အုတ်မြစ်အခြေတည်အဆင့် တပည့်တွေကြား၊ ဆရာတူညီလေးယိချင်းရဲ့ ကျင့်ကြံဆင့်က အမြင့်ဆုံးပဲ၊ ပြီးတော့ သူ့တည်ငြိမ်တဲ့စရိုက်အရ တပည့်တွေကလည်း သူ့ကို လေးစားကြတယ်" လော့ဟုန် ယိချင်းကို လှမ်းကြည့်လိုက်တယ်။

"ပြီးပြည့်စုံတဲ့ အုတ်မြစ်အခြေတည်အဆင့်ကို ငါးနှစ်အတွင်း အောင်မြင်တာက သူ့ကို ထျန်းလန်လောကတစ်ခွင်လုံးမှာ ပထမဖြစ်စေခဲ့တယ်လေ၊ ဒါကြောင့် သူကိုယ်တိုင် တပည့်တွေကို ဆန်းကြယ်ဘုံဆီ ခေါ်သွားပေးဖို့ မျှော်လင့်မိတာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ဆရာသခင်ကူယွဲ့ကိုယ်တိုင် ‌စောင့်ရှောက် လေ့ကျင့်ပေးခဲ့တဲ့သူလေ၊ အနည်းဆုံးတော့ အဲဒီငတုံးကောင်လေးတွေထက် အများကြီးသာတယ်"

ကူယွဲ့ မျက်နှာမည်းမှောင်သွားတယ်။

"အဲ'စောင့်ရှောက်' ဆိုတဲ့အပိုင်းကို ဖြုတ်ပြော" ငါမင်းကို ထုထောင်းလို့ရတာ သိရဲ့လား။

လော့ဟုန် ။ ။ "..." အာ၊ သူ တစ်ခုခု စကားမှားမိလို့လား။

"ငါမင်းကို ပြောပြီးသား၊ ဂိုဏ်းကိစ္စတွေအတွက် မင်းဘာသာ ဆုံးဖြတ်ချက်ချလို့ရတယ်" ကူယွဲ့ သူ့ကိုစူးစိုက်ကြည့်လိုက်တယ်။

"ပြီးတော့ သူက ငါ့တပည့် မဟုတ်ဘူး၊ ဘာလို့ ငါ့ကိုမေးနေတာလဲ၊ ဟိုတစ်ယောက်ကိုသာမေး"

အဲလိုပြောပြီး သူ့ဘေးကလူကို လက်ညှိုးထိုးပြလိုက်တယ်။

အဲတော့မှ လော့ဟုန်က ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။

"ဒါဆို ဆရာသခင်... ရှန်းဘယ်လိုထင်ပါသလဲ"

ရှန်းရင် တန့်သွားတယ်။ သူမ နောက်က စားဖိုမှူးကို လှည့်ကြည့်လိုက်တယ်။

"သွားချင်လား"

ယိချင်းရဲ့ အေးစက်တဲ့ အမူအရာက နွေးထွေားသွားပြီး သူမကိုကြည့်တဲ့အကြည့်က အာရုံစိုက်မှုအပြည့်။

"တကယ်လို့ ဒါသာ လေ့ကျင့်ဖို့ တကယ်ပဲအထောက်အကူဖြစ်ရင် ကျွန်တော် စမ်းကြည့်ချင်ပါတယ်"

"အိုး၊ ဒါဆိုလည်းသွားလေ"

"ဟုတ်ကဲ့ ဆရာ"

"မသွားခင် စားစရာတွေ ပြင်ပေးဦး"

ယိချင်းမျက်ဝန်းထဲ အပြုံးတစ်ခု ဖြတ်သွားတယ်။

"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး"

လော့ဟုန် ။ ။ "..." သူတို့ တပည့်တွေကို သင်တဲ့နည်းက နည်းနည်းထူးဆန်းနေတယ်လို့ ဘာလို့ခံစားရပါလိမ့်။

"ဒါဆိုလည်း ဒီလိုသတ်မှတ်လိုက်ပြီ"

ဝမ်းမြောက်မှုက လော့ဟုန်မျက်လုံးထဲ ပေါ်လာတယ်။ ယိချင်းပါ ရှိနေတော့ တပည့်တွေအတွက် အပိုဆောင်းကာကွယ်မှုရှိမှာပဲ။

"ဒါဆို တပည့်တွေကို စုဆောင်းပြီးရင် နောက်၃ရက်နေကျ ထွက်ခွာပါ့မယ်"

အဲလိုပြောပြီး သူ တစ်စုံတရာကို တွေးမိသွားကာ သိုလှောင်အိတ်တစ်အိတ်ထုတ်ပြီး ယိချင်းဆီ ကမ်းပေးလိုက်တယ်။

"ဝိညာဉ်ကျောက်တုံးတွေလည်း ပြင်ထားတယ်"

"ဝိညာဉ်ကျောက်တုံးတွေလား" ကူယွဲ့ ရုတ်တရက် အာရုံစိုက်စပြုလာတယ်။

"ဘာဝိညာဉ်ကျောက်တုံးတွေလဲ"

"ဆန်းကြယ်ဘုံထဲဝင်ဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေပါ"

လော့ဟုန်က မျက်နှာပေါ် သဘာဝကျတဲ့အမူအရာနဲ့ ရှင်းပြတယ်။

"ဒီဆန်းကြယ်ဘုံက နတ်ကောင်းကင်ဂိုဏ်းနားမှာ ရှိတာမို့ အမြဲ သူတို့ကစီမံတာ၊ တခြားဂိုဏ်းကတပည့်တွေ ဝင်ဖို့ဆို သူတို့က ဝိညာဉ်ကျောက်တုံးတချို့ ပေးရတယ်"

"ဘယ်လောက်လဲ"

"လူတစ်ယောက်ကို ထိပ်သီးဝိညာဉ်ကျောက်တုံးဆယ်ခု ဒါမှမဟုတ် အလယ်အဆင့်ကျောက်တုံးသုံးရာ"

"ဈေးကြီးလိုက်တာ" ကူယွဲ့ ထိတ်လန့်သွားတယ်။

"ပြီးတော့ ကံကောင်းတာက ဆရာသခင် ဒီမှာရှိလို့ပေါ့၊ မဟုတ်ရင် အရင်ကဆို ကျွန်ုပ်တို့ဂိုဏ်းက ဒီဝိညာဉ်ကျောက်တုံးပမာဏကို တကယ်ပဲမထောက်ပံ့ပေးနိုင်ခဲ့ဘူး"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒီတော့ ဆန်းကြယ်ဘုံတွေက အဲလောက် ငွေအများကြီး ရှာပေးနိုင်တာလား။

"လော့ဟုန်၊ မင်း နတ်ကောင်းကင်ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ရင်းနှီးလား"

"အာ" လော့ဟုန် မှင်တက်သွားပြီး သူဘာကြောင့်ရုတ်တရက် ဒီလိုမေးလဲ မသေချာ‌ဖြစ်နေတယ်။

"ဒီနှစ်ပိုင်းမှာတော့ အဆက်အဆံတချို့ရှိခဲ့ပါတယ်" အဓိကကတော့ ဂိုဏ်းက ချမ်းသာလာလို့လေ။

"ဒါဆိုလည်း ကောင်းပြီ" ကူယွဲ့ထရပ်လိုက်ကာ ယုံကြည်ချက်ရှိပြီးဂုဏ်ယူတဲ့ အကြည့်မျိုး မျက်ဝန်းထဲ တောက်ပလာတယ်။

"လာလာ၊ ငါနဲ့ ကိစ္စတစ်ခုဆွေးနွေး..."

ရှန်းရင် ။ ။ "..."

ယိချင်း ။ ။ "..."

သူတို့ ရုတ်တရက် နောက်ဆို အဆာပြေတွေ စားရတော့မယ်လို့ စိတ်လေးသွားခဲ့တယ်။

————————

ကူယွဲ့နဲ့လော့ဟုန် အဲနေ့က ဘာဆွေးနွေးခဲ့လဲ ဘယ်သူမှမသိပေမဲ့ ကူယွဲ့က အဲနေ့မှာတင် ပျောက်သွားတယ်။ သုံးရက်အကြာမှာတော့ နတ်ကောင်းကင်ဂိုဏ်းဆီ ထွက်လာတဲ့အုပ်စုမှာ ကူယွဲ့တင်မက သူ အတင်းဆွဲခေါ်လာတဲ့ ရှန်းရင်ပါ ပါလာလေရဲ့။

ဒီထိပ်တန်းအဆင့် နတ်ကောင်းကင်ဂိုဏ်းဆီ ရောက်ဖို့ သူတို့ ဓမ္မအသုံးအဆောင်တွေနဲ့ နှစ်ရက်ပျံသန်းခဲ့ရတယ်။ အလယ်အဆင့်ရိုးသားမှုဂိုဏ်းနဲ့ယှဉ်ရင် "ပထမဂိုဏ်း" လို့ ခေါ်ခံရတဲ့ ရိုးသားမှုဂိုဏ်းက အများကြီးပိုကြီးတယ်။ ဒါပေမဲ့ သူတို့ဝိညာဉ်ချီတွေက အမတသွေးကြောတစ်ဝက်နဲ့ ရိုးသားမှုဂိုဏ်းလောက် မထူဘူး။

ဒါကြောင့် ရောက်လာပြီး အရာရာကို အံ့ဩအားကျကာကြည့်နေတဲ့ တခြားဂိုဏ်းတွေနဲ့ ယှဉ်ရင် သူတို့ရဲ့တည်ငြိမ်နေတဲ့တပည့်တွေက ထင်ရှားနေတာပေါ့။ ဒီလိုပါးလွှာတဲ့ဝိညာဉ်ချီက သူတို့ဂိုဏ်းမီးဖိုချောင်က ချီလောက်တောင် မကောင်းဘူး။ ငွေနဲ့မဆိုင်တဲ့ ဂုဏ်ယူမှုတစ်မျိုး တပည့်တွေရင်ထဲ ပေါက်ဖွားလာတယ်။

သူတို့ ဆန်းကြယ်ဘုံရဲ့ဝင်ပေါက်ရှေ့က ရင်ပြင်ဆီရောက်ချိန် တခြားဂိုဏ်းတွေက တပည့်တွေနဲ့ ပြည့်နေပြီ။ ဧည့်သည်ကြိုဆိုတဲ့တပည့်က သူတို့ရောက်ရှိကြောင်း မကြေညာခင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သူတို့ဆီပျံသန်းလာတယ်။

"ဒါရိုးသားမှုဂိုဏ်းက တာအိုရောင်းရင်းကူယွဲ့များလား"

"ဂိုဏ်းချုပ်တုန်း" ကူယွဲ့ ပြုံးပြီး ရောက်လာတဲ့လူကို ဂါရ၀ပြုလိုက်တယ်။ သူက တကယ်ပဲ နတ်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တုန်းဝူပဲ။

…

အခန်း ၃၂၁ ။ နေရာအနှံ့စီးပွားရေး

"ဟားဟားဟား... တာအိုရောင်းရင်းကူယွဲ့ နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ၊ ကျုပ်စောင့်နေတာ ကြာပြီ" တုန်းဝူက အားရပါးရပြုံးပြီး ကူယွဲ့ကို အင်မတန်ညီအစ်ကိုဆန်တဲ့ တက်ကြွမှုနဲ့ ချဉ်းကပ်လာတယ်။ တခြားသူတွေတောင် မလှည့်ကြည့်ဘဲ မနေနိုင်‌ဘူး။ သူတို့တပည့်တွေကို လာပို့တဲ့ တခြားကျင့်ကြံသူတွေကြား တချို့ နတ်ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ဆရာသခင်တွေလည်းရှိပေမဲ့ တုန်းဝူက ဒီလိုမျိုးတစ်ခါမှ မပြုမူဖူးဘူး။

"ကျုပ် ခင်ဗျားစာကို လွန်ခဲ့တဲ့ ရက်ပိုင်းကရခဲ့တယ်၊ ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ"

သူ စကားပြောရင်း ကူယွဲ့ကို ဧည့်သည်ခန်းမဆီ ဆွဲခေါ်လာတယ်။

"မလောပါနဲ့ မလောပါနဲ့" ကူယွဲ့က ဘာမှမလှုပ်ဘဲ သူ့အပြုံးကပိုပီပြင်လာတယ်။

"လေ့ကျင့်ဖို့အတွက် ဆန်းကြယ်ဘုံဂိုဏ်းကိုဝင်ဖို့ ဂိုဏ်းတပည့်တွေကို လာပို့ရုံပါ၊ စီးပွားရေးကို လျစ်လျူရှုလို့ မရဘူးပေါ့"

"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့" တုန်းဝူက ခဏခဏခေါင်းညိတ်ပြီး ဆန်းကြယ်ဘုံဝင်ပေါက်ဆီ လျှောက်လာခဲ့တယ်။

သူ စောနကရောက်လာတဲ့ဂိုဏ်းတွေဘေးက ဖြတ်ပြီး နတ်ကောင်းကင်ဂိုဏ်းရဲ့တပည့်တွေဘေးမှာ ရပ်တယ်။ သူတို့ ဆန်းကြယ်ဘုံကို စောင့်နေရင်း ကူယွဲ့နဲ့စတင်စကားပြောတော့တယ်။ ကူယွဲ့က သူ့ကို ဘယ်လို ယိမ်း‌ယိုင်အောင် လုပ်လိုက်လဲ ဘယ်သူမှမသိ။ ဒါပေမဲ့ ဆန်းကြယ်ဘုံဆီ ဝင်ဖို့ ဂိုဏ်းတွေ ပေးရမဲ့အချိန်ရောက်တော့ ရိုးသားမှုဂိုဏ်းက ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် မပေးခဲ့ဘူး။ တုန်းဝူက ဝိညာဉ်ကျောက်တုံးအိတ်တစ်အိတ်တောင် ထုတ်ယူပြီး ကူယွဲ့လက်ထဲ ဖိနှိပ်လိုက်တယ်။ အိတ်ပေါ်က အမှတ်ရာကို ကြည့်လိုက်ရင် ရှားပါးဝိညာဉ်ကျောက်တုံးတွေအရေအတွက်ကောင်းကောင်းပါမှာပဲ။

လော့ဟုန်က ဘေးမှာ လုံးဝမှင်တက်နေပြီး ခုလေးတင်ဘာတွေဖြစ်သွားလဲ နားမလည်။ ဆရာသခင်နဲ့ နတ်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်တုန်းတည်းက ဒီလောက်ရင်းနှီးသွားပါလိမ့်။ ဘာကြောင့် သူ မသိရတာလဲ။ စကားမစပ် သူတို့နဲ့ပူးပေါင်းဖို့ ရိုးသားမှုဂိုဏ်းကို စွန့်ခွာမှာဖြစ်နိုင်လား။

သူ ရုတ်တရက် သွေးပျက်သွားတယ်။

"ဆန်းကြယ်ဘုံပွင့်သွားပြီ" တစ်ယောက်ယောက်က အော်လာတယ်။

အဖြူရောင်အလင်းတစ်ခုက ရုတ်တရက် ရင်ပြင်ထိပ်မှာ ဖျတ်ခနဲလင်းသွားခဲ့တယ်။ လေထုက တွန့်သွားပြီး မကြာခင် ဆန်းကြယ်ဘုံဆီ ဝဲကတော့ဝင်ပေါက်တစ်ခု ပေါ်လာတယ်။ ဝင်ဖို့စောင့်နေတဲ့ တပည့်တွေအားလုံး စိတ်လှုပ်ရှားနေပြီ။

အဆင့်မြင့်ကျင့်ကြံသူတွေကလည်း ဆန်းကြယ်ဘုံထဲဝင်ဖို့အတွက် သူတို့တပည့်တွေကို ကြိုတင်သတိပေးချက်အမျိုးမျိုးအကြောင်း အချိန်ဖဲ့ကာ မှာနေကြတယ်။

တခြားဂိုဏ်းတွေအားလုံးအတွက် ဆရာတွေက တပည့်တွေကို မှတ်ထားစရာတွေ ပြောနေတာဆိုပေမဲ့ ဒီရိုးသားမှုဂိုဏ်းမှာတော့...။

"ဆရာ၊ သိုလှောင်အိတ်ထဲ နောက်ရက်တွေအတွက် ဟင်းတွေကို ချိပ်ပိတ်ထားပါတယ်၊ ဗိုက်ဆာမှာစိုးရိမ်စရာ မလိုပါဘူး"

"အင်း"

"ဆရာ ကျွန်တော် ပုံမှန် ဖုန်သုတ်ပေးတဲ့အင်းကွက် ပြင်ထားပြီးပါပြီ၊ သန့်ရှင်းရေးကို အလိုအလျောက် လုပ်ပါလိမ့်မယ်"

"အင်းအင်း"

"ဆရာ ကျွန်တော် တစ်လတောင် အဝေးရောက်နေမှာ၊ ရာသီဥတုက အေးစပြုနေပြီ၊ အင်္ကျီထူထူဝတ်ဖို့ သတိရနော်"

"အေးပါ အေးပါ အေးပါ"

"ဆရာ စားပြီးရင် စားပွဲကိုမမှီနဲ့နော်၊ အလွယ်လေး အိပ်မောကျတဲ့သူဆိုတော့ ကျွန်တော်မရှိရင် ဘယ်သူမှ ဆရာ့ကိုအိမ်ထဲပြန်ပို့ပေးမှာမဟုတ်ဘူး"

"အိုး"

"ဆရာပျင်းနေတယ်ဆိုရင် အပြင်ကို တစ်ယောက်တည်း မထွက်နဲ့နော်၊ တောင်ထွတ်အောက်က တပည့်ကို ပြောပြီးပြီ၊ သူ့ကို အော်လိုက်တာနဲ့ လမ်းပြပေးလိမ့်မယ်"

"အာ..."

"ပြီးတော့ ဆရာ..."

ကူယွဲ့ ။ ။ "..."

ရှန်းရင် ။ ။ "..."

တပည့်အားလုံး ။ ။ "..."

သူတို့ဂိုဏ်းရဲ့ ချဉ်းကပ်ပုံနဲ့ ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေလား။

"အာ စကားမစပ် ငါတို့တွေ ဘာလို့ ဆန်းကြယ်ဘုံထဲ ဝင်လို့မရသေးတာလဲ"

တခြားသူတွေ သူတို့ကိုကြည့်တဲ့အကြည့်က ပိုတောင်ထူးဆန်းလာတာ မြင်တော့ ကူယွဲ့ တစ်စုံတရာ ဖော်ခံရသလို ခံစားရပြီး စားဖိုမှူးရဲ့ စကားတွေကို ကြားဖြတ်ပြောလိုက်တော့တယ်။

သူ့ဘေးရပ်နေတဲ့ တုန်းဝူက မှင်တက်နေပြီး အဲကျမှ သူ့ဂိုဏ်းက တပည့်တွေအားလုံးနေရာမှာ ရပ်နေပြီး မထွက်ခွာသေးတာ နားလည်လိုက်တယ်။ သူတို့က စီစဉ်သူတွေမို့ နတ်ကောင်းကင်ဂိုဏ်းက မလှုပ်ခင် တခြားဂိုဏ်းကတပည့်တွေက အရင်ဝင်လို့မရဘူးလေ။

"ဘာဖြစ်တာလဲ" သူ မျက်မှောင်ကြုတ်ပြီး သူ့တပည့်တွေကို လှမ်းကြည့်လိုက်တယ်။

"ဘာလို့ မဝင်ကြသေးတာတုံး"

"ဂိုဏ်းချုပ်..." အရှေ့တန်းက ခေါင်းဆောင်တပည့်တစ်ယောက်က ပြန်ဖြေတယ်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နည်းနည်းရှက်နေသလိုပဲ။

"ဝူ... ရှန်းတောင်ထွတ်က လူတွေ ရောက်မလာသေးပါဘူး"

"ဆရာတူညီဝူရှန်းတပည့်တွေလား" တုန်းဝူက မျက်မှောင်ကြုတ်ပြီး မနှစ်မြို့မှုတချို့ မျက်ဝန်းထဲပေါ်လာတယ်။

"မြန်မြန် လူတစ်ယောက်လွှတ်ပြီး သူတို့ကို မြန်မြန်လာဖို့ ပြောခိုင်းလိုက်"

"မလိုပါဘူး" သူ့စကားဆုံးဆုံးချင်း ရင်းနှီးနေတဲ့အသံတစ်သံ ထွက်လာပြီး သက်လတ်ပိုင်း ကျင့်ကြံသူတစ်ယောက် ပျံသန်းလာတယ်။ သူက တစ်ခါက ရိုးသားမှုဂိုဏ်းဆီ ရောက်လာပြီး ကူယွဲ့ ဓားပြတိုက်တာခံခဲ့ရတဲ့ ဝူရှန်းပဲ။

"ဆရာတူအစ်ကို၊ ကျုပ်ဒီရောက်ပါပြီ"

သူက မော်ကြွားပြီး မာနကြီးနေတဲ့ပုံပေါက်ဆဲ။ တပည့်သုံးယောက်က သူ့နောက်လိုက်လာတယ်။ သူတို့ကြားထဲ ကျင့်ကြံဆင့်အမြင့်ဆုံးက ညာဘက်ကတပည့်။ သူက အုတ်‌မြစ်အခြေတည် အလယ်အဆင့် ဖြစ်ပြီး သူ့ကိုယ်ပေါ်က အရှိန်အဝါက နည်းနည်းမတည်မငြိမ်ဖြစ်နေတယ်။ သူ့ကြည့်ရတာ ဒီအဆင့်တက်လှမ်းပြီးတာ သိပ်မကြာသေးပုံပဲ။ သူကလည်း ရင်းနှီးနေတဲ့မျက်နှာပဲ - လွန်ခဲ့တဲ့ နှစ်တွေက ဂိုဏ်းကနေ ရုတ်တရက် ပျောက်သွားခဲ့တဲ့ ကျင်းချီပေါ့။

သူ့ကိုယ်ခန္ဓာက သိသိသာသာ အရပ်ပိုရှည်လာပြီး လူကြီးတစ်ယောက်ပုံစံ ဖြစ်နေပြီ။ ဒါပေမဲ့ သူ့ကိုယ်ပတ်လည်က ဝတုတ်အရိပ်ကတော့ တကယ်ကို ရုပ်ဆိုးလွန်းလို့ ဝင်စီးထားတဲ့ခန္ဓာကိုယ်ရဲ့ ရုပ်ရည်ကိုတောင် လုံးဝလျစ်လျူရှုမိနီးပါး ဖြစ်စေတယ်။

ကူယွဲ့က သူ့အကြည့်ကို ထိန်းလိုက်တယ်။ ကြည့်ရတာ ဝူရှန်းကို လစဉ်ငွေတောင်းခံလွှာပို့တဲ့ နည်းလမ်းက တကယ်အလုပ်ဖြစ်ပုံပဲ။ ဝူရှန်းက ဒီတပည့်အပေါ် တကယ်ပဲ မကျေမချမ်းမှုတချို့ရှိပုံပဲ။ သူ တစ်ကြိမ်တခါက ဒီတပည့်တစ်ယောက်ပဲ လက်ခံမယ် ကတိပြုခဲ့ပေမဲ့ ခုတော့ ၃ယောက် ဖြစ်နေပြီ။

ပြီးတော့ ကျင်းချီကိုယ်ထဲ နဂိုကပြည့်နေတဲ့ ကြမ္မာက ခုတော့ သိသိသာသာလျော့သွားပုံပဲ။

"မင်းကိုး" ဝူရှန်းက မြေပြင်ပေါ် ခြေထောက်ချချခြင်း ကူယွဲ့ကို လှမ်းမြင်ပြီး ထိတ်လန့်သွားတယ်။

"ဆရာသခင်ဝူရှန်း၊ မတွေ့တာကြာပြီနော်" ကူယွဲ့ စီးပွားရေးသမားဆန်ဆန် ပြုံးလိုက်တယ်။

ဝူရှန်းပါးစပ် တွန့်သွားတယ်။ သူ တစ်ခုခုကို မှတ်မိသွားသလိုမျိုး နှာမှုတ်ပြီး အာရုံမစိုက်တော့ဘဲ တပည့်သုံးယောက်ဘက် လှည့်ပြောလေတယ်။

"သွား"

သုံးယောက် ခေါင်းညိတ်ပြီး နတ်ကောင်းကင်ဂိုဏ်းရဲ့ တခြားတပည့်တွေဆီ ဝင်သွားလိုက်တယ်။ ဒါပေမဲ့ ကျင်းချီက ခဏခဏ ပြန်လှည့်ကြည့်ပြီး ရှန်းရင်ဘေးရပ်နေတဲ့ ယိချင်းဆီ အကြည့်ရောက်ရောက်လာတယ်။ သူ့အမူအရာက ပိုတောင်အုံ့မှိုင်းလာပြီး ဘယ်သူမှသတိမထားမိတဲ့ ရက်စက်မှုတစ်စွန်းတစ်စနဲ့။

ယိချင်းပါ ဒီနေရာရှိမယ် မထင်မိခဲ့ဘူး။ သူ့လိုမျိုး အုတ်မြစ်အခြေတည်အဆင့် ရောက်နေရုံတင်မကဘူး၊ ကျင့်ကြံဆင့်က ပိုတောင်မြင့်တဲ့ပုံပဲ။ ဘာလို့လဲ။ ဘာလို့ သူမှလဲ။ နှစ်ယောက်လုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်တွေရဲ့ တပည့်တွေဖြစ်တာတောင် ယိချင်းကတော့ အမြဲ သူ့ထက် ခြေတစ်လှမ်း အမြဲစောနေတယ်။

"အားလုံး ဒီရောက်ပြီဆိုတော့ ဝင်လို့ရပြီ" တုန်းဝူက တပည့်တွေကို လှမ်းပြောလိုက်တယ်။ သူတို့က လှည့်ဂါရ၀ပြုကြပြီး ဓားတွေပေါ် ပျံသန်းကာ ဆန်းကြယ်ဘုံဝင်ပေါက်ဆီ ဦးတည်သွားခဲ့တယ်။

နတ်ကောင်းကင်ဂိုဏ်းက တပည့်တွေအားလုံး ဝင်သွားတာကိုမြင်ပြီး ရိုးသားမှုဂိုဏ်းက အဖွဲ့အလှည့် ရောက်လာတယ်။ ယိချင်း ဘေးမှာချထားတဲ့ လက်တွေက တင်းကြပ်သွားတယ်။ သူက ရှန်းရင်ကို ကြည့်လိုက်ပြန်တယ်။

"ဆရာ ကျွန်တော်ပြန်လာမှာကို စောင့်နေပါ"

အဲလိုပြောပြီး အားလုံးကို ခေါ်ကာ ဓားတွေနဲ့ အထဲကိုပျံသန်းသွားကြပြီး တံခါးနောက် ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။

တခြားဂိုဏ်းတွေလည်း လိုက်သွားကြတယ်။ မကြာခင် နဂိုက လူအုပ်ထူထဲနေတဲ့ ရင်ပြင်ပေါ် တပည့်တွေကိုလိုက်ပို့တဲ့ အဆင့်မြင့်ကျင့်ကြံသူတချို့ပဲ ကျန်ခဲ့တယ်။ အတော်လေး ဗလာကျင်းနေသလိုမျိုးပဲ။

"ဆရာတူညီ" တုန်းဝူက ခုမှ ဝူရှန်းကိုကြည့်ပြီး ခွင့်မပြုတဲ့ အကြည့်နဲ့ ပြောလိုက်တယ်။

"ဆန်းကြယ်ဘုံဖွင့်ပွဲက ဂိုဏ်းရဲ့ကြီးမားတဲ့ပွဲပဲ၊ နောက်ဆို ဆရာတူညီ ကြိုတင်ပြင်ဆင်‌မှုတွေလုပ်ထားပြီး ဒီနေ့လို နောက်မကျဖို့ မျှော်လင့်တယ်"

ဝူရှန်းရင်ထဲ ဒေါသတချို့မြင့်တက်လာပေမဲ့ ငြင်းခုန်လို့မရတာမို့ ခေါင်းညိတ်ပြတယ်။

"ဟုတ်ကဲ့ ဆရာတူအစ်ကို" အဲလိုပြောပြီး သူက ကူယွဲ့ကို တစ်ချက်ကြည့်လိုက်သေးတယ်။

"ကျုပ်တောင်ထွတ်ပေါ် ဆောင်ရွက်စရာကိစ္စတချို့ ရှိသေးလို့ ဆရာတူအစ်ကိုကို အဖော်မပြုတော့ပါဘူး" ပြီးတော့လသူက လှည့်ထွက်ကာ ဓားပေါ်ပျံသန်းသွားတယ်။

တုန်းဝူ ပျံသန်းသွားတဲ့လူကို ကြည့်ကာ သက်ပြင်းချပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဒီဆရာတူညီဝူရှန်းကို အတော်လေး သဘောမကျတာ။ ဂိုဏ်းထဲက တောင်ထွတ်သခင်တွေ အားလုံးကြားထဲ သူက တစ်မူထူးဆုံးစရိုက်ရှိသူပဲ။ အတိတ်တုန်းက သူက တပည့်လက်ခံဖို့ကို ငြင်းခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တချို့က ရုတ်တရက် တပည့်တစ်ယောက် ခေါ်လာပြီး တစ်ဦးတည်းသောတပည့် ဖြစ်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့နောက်နှစ်နှစ်ကြာတော့ ဂိုဏ်းထဲဝင်ကာစ အာကာသဝိညာဉ်ကြောတွေနဲ့ တပည့်နှစ်ယောက်ကို တကယ်ကြီး သဘောကျသွားတယ်။ အစကတော့ ဆရာအသစ်တွေကို ဂုဏ်ပြုဖို့ မပေးရသေးတဲ့ လက်ဆောင်အနေနဲ့ဖြစ်ပြီး တခြားတောင်ထွတ်သခင်တွေက လက်ခံထားပြီးပြီ။ ဒါပေမဲ့ သူက အတင်းအကြပ် သူတို့ကို လွှဲယူခဲ့တာမို့ ဂိုဏ်းချုပ်ခမျာ အတော်ကြာ ပြဿနာတက်ခဲ့ရတယ်။

All Chapters