← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း ၃၃၁ ။ ရွှေအမြုတေအဖွဲ့အနိုင်ရသူ

နတ်ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တုန်းဝူအမူအရာ မည်းမှောင်သွားခဲ့တယ်။ ဓားအင်းကွက်ရဲ့ အသုံးဝင်ပုံကို သူကလွဲပြီး ဘယ်သူမှ များများစားစားမသိဘူး။ သူ့ဂိုဏ်းထဲ တပည့်တချို့က ဒါကြောင့် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့တာ။ သူက တခြားဂိုဏ်းတွေ ဓားအင်းကွက်က ဘယ်လောက်ထိ ရောက်လဲဆိုတာ ဘယ်တော့မှမသိဖို့ မျှော်လင့်နေတာ။ ဒါမှ သူ သူတို့ကို အဝေးမှာ ထားလို့ရမှာကိုး။ ဒါပေမဲ့ သူ့ရဲ့ဂိုဏ်းက တပည့်တစ်ယောက်က သူ့ရဲ့ဒီအစီအစဉ်ကို ဖျက်ဆီးနေတယ်။

"ကျင်းချီ ပါးစပ်ပိတ်စမ်း မလေးမစားလုပ်နေတာ တော်တော့"

တုန်းဝူက ကျင်းချီကို စကားပြောနေတာရပ်အောင် တားဖို့ ကြိုးစားလိုက်တယ်။ တကယ်ပဲ သူ့ဆရာတူညီဝူရှန်းက အရှုပ်ထုတ်တပည့်ကို မွေးမြူထားတာပဲ။

"ဂိုဏ်းချုပ်" ကျင်းချီက သူ့စိန်ခေါ်မှုကို ပြန်ရုပ်သိမ်းဖို့ ရည်ရွယ်ချက်မပြ။ သူက ယိချင်းကို လှည့်ကြည့်တယ်။

"သူ့ကျင့်ကြံမှုက ကျွန်တော်နဲ့ဆင်တယ်၊ ကျွန်တော်တို့မပြိုင်ရင် တပည့် ဗိုလ်စွဲသူဂုဏ်ပုဒ်ကို လက်မခံရဲပါဘူး"

တုန်းဝူ ဒေါသထွက်လာပေမဲ့ သူ့တပည့်ကို ပြန်ဆင်းခိုင်းလာဖို့ အကြောင်းရင်း မရှိဘူး။ အစကနေ အဆုံးထိ အမူအရာ မပြောင်းလဲခဲ့တဲ့ယိချင်းက ရှေ့ကိုတက်လာတယ်။ လူတိုင်းက သူ စိန်ခေါ်မှုကို လက်ခံတော့မယ်လို့ ထင်နေတုန်းမှာတင် ယိချင်းက ပြောတယ်။

"မင်း ‌ဗိုလ်စွဲသူဂုဏ်ပုဒ်ကို လက်မခံနိုင်တာ ငါနဲ့ဘာဆိုင်လဲ"

ကျင်းချီ ။ ။ "..."

တုန်းဝူ ။ ။ "..."

အားလုံး ။ ။ "..."

အမှန်ပဲ - သူတို့ ဘာမှပြန်ပြောစရာမရှိတော့ဘူး။

"မင်း..." ကျင်းချီမျက်နှာက ဒေါသနဲ့နီရဲနေတယ်။ ရုတ်တရက် သူ လူတိုင်းရှေ့ အရှက်ခွဲခံရသလိုမျိုး ခံစားလိုက်ရတယ်။

"မင်း ငါ့ကို အထင်သေးနေတာလား"

ယိချင်းက တန့်သွားတယ်။

"ငါက မင်းကို ဘာလို့လေးစားရမှာလဲ" မင်းက ဘယ်သူလဲ။ ငါ မင်းကို သိတောင်မသိဘူး။

ကျင်းချီ သွေးအန်ချင်သွားတယ်။ သူ့ပတ်လည်က ပွဲကြည့်သူတွေတောင် သူ့အတွက် သနားစ ပြုလာတယ်။ သေချာပေါက် ယိချင်းဆီက ဒီအဖြေက လူတိုင်းကို မချင့်မရဲဖြစ်စေမှာပဲ။

ကျင်းချီက ဒေါသနဲ့ ပေါက်ကွဲတော့မှာကိုမြင်တော့ ရှန်းရင် မျက်လုံးမှေးကာ သူမရဲ့အဆာသွတ်မုန့်ကို စားနေတာရပ်လိုက်တယ်။

အာ...။

ရုတ်တရက် သူမက ယိချင်းဘက် လှည့်ပြောလေတယ်။

"စားဖိုမှူး သွားစမ်းကြည့်"

ယိချင်းက တန့်သွားတယ်။ တစ်ခဏကြာတော့ သူ ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့ ဆရာ"

သူ စကားပြောပြီးတာနဲ့ ပြိုင်ပွဲစင်မြင့်ပေါ် ခုန်လိုက်တယ်။ လက်တစ်ဖက်ကိုယမ်းလိုက်တော့ နှင်းလိုဖြူဆွတ်တဲ့ ဝိညာဉ်ဓားတစ်ချောင်း ပေါ်လာတယ်။

ကျင်းချီအမူအရာက မည်းမှောင်သွားတယ်။ သူ ဒေါသကို မျိုသိပ်ဖို့ အသက်ပြင်းပြင်းရှူပြီးတော့ ခြောက်ကပ်ကပ်ရယ်လိုက်တယ်။ နောက်ဆုံးတော့ ဒီကိုရောက်လာပြီပဲ။

ယိချင်းလည်း အမြုတေကို ဖွဲ့စည်းပြီးပြီဆိုတာ ကျင်းချီ ခန့်မှန်းထားတယ်။ အဲဒါက ကိစ္စတော့မရှိပါဘူး။ ဒီနေ့ သူ ယိချင်းကို လက်စားချေဖို့ ကျိန်ဆိုတယ်။ သူ သေချာပေါက်ဖြစ်အောင် လုပ်မယ်။

နှစ်ယောက်က ဘာမှထပ်မပြောတော့ဘူး။ သူတို့က ချက်ချင်းစတိုက်ခိုက်ကြတယ်။ သူတို့ အချင်းချင်း မြန်ဆန်စွာ တိုက်ခိုက်နေကြတာမို့ ဓားတွေကနေ အလင်းရောင်တွေ ထွက်နေတယ်။

သူတို့မြန်ဆန်စွာ လှုပ်ရှားနေတာမို့ ပွဲကြည့်သူတွေတောင် ဘယ်သူက ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်တော့ဘူး။ လူတိုင်း သူတို့ဘာလုပ်နေလဲဆိုတာ သေချာမြင်ရဖို့ ကောင်းကင်စိတ်အာရုံကို ဖွင့်သုံးရတော့တယ်။

သူတို့ဓားသိုင်းတွေက ကြောက်ခမန်းလိလိကောင်းတယ်။ တစ်ယောက်ချင်းစီက မတူညီတဲ့သိုင်းကွက် ထောင်ချီကို သိပေမဲ့ ဘာကြောင့်မှန်းမသိ သူတို့နှစ်ယောက်လုံးရဲ့ဓားသိုင်းတွေက အတော်လေးဆင်နေတယ်။ ယိချင်းကတော့ နည်းနည်းပိုပြီး အကွက်တွေ တိကျတယ်။ အစကတော့ ကျင်းချီက ယိချင်းကို သူ့ဘာသာထိန်းနိုင်တယ်။ တစ်အောင့်အကြာမှာတော့ သူ ပင်ပန်းလာတယ်။ ယိချင်းတိုက်ခိုက်မှုကို မရှောင်နိုင်တဲ့အကြိမ်တချို့ရှိတာမို့ ယိချင်းဓားက သူ့ကိုယ်ဘေးကနေ ဖြတ်သွားတယ်။ တကယ်လို့ သူဝတ်ထားတဲ့ ဓမ္မဝတ်ရုံကြောင့်သာ မဟုတ်ရင် ပြိုင်ပွဲမှာ ရှုံးနေလောက်ပြီ။ ကျင်းချီက ပိုတောင် စိတ်ပူပန်လာတယ်။ သူ ယိချင်းကို ဒီလောက် အရည်အချင်းရှိမယ် မထင်ခဲ့ဘူး။

ကျင်းချီ မူလပြန်သွားပုလဲကနေ အမွေအနှစ် လက်ခံရခဲ့တာတောင် သူ့စွမ်းရည်က ယိချင်းကို မနိုင်သေးဘူး။ ဒါက ယိချင်းဆရာ သူ့ကို လက်ဆင့်ကမ်းထားတဲ့ ဓားသိုင်းလား။ သူ ဒါကိုတွေးလေ ပိုဒေါသထွက်လာလေပဲ။ ယိချင်းကြောင့်သာ မဟုတ်ရင် ကျင်းချီက သူ့လိုမျိုး တူညီတဲ့ အံ့အားသင့်စရာ ဓားသိုင်းတွေကို သင်ယူနိုင်မှာ။ ပြီးရင် ဝူရှန်းလို ကျေးဇူးမသိတတ်သူမျိုး လက်အောက်မှာ အဆုံးသတ်ခဲ့မှာ မဟုတ်ဘူး။

တကယ်ပဲ ယိချင်းက သူ့ဂြိုဟ်ဆိုးပဲ။ တကယ်လို့ သူ့ကိုအခု မရှင်းထုတ်ရင် ကျင်းချီ အနာဂတ်မှာ ပိုပြီးကြီးမားတဲ့ အတားအဆီးတွေကို ကြုံတွေ့ရလိမ့်မယ်။ သူ့နှလုံးသားထဲက ဒီအသစ်ပြန်လည်လာတဲ့ အမုန်းတရားနဲ့ ကျင်းချီ အံကြိတ်လိုက်တယ်။

ကျင်းချီ လမ်းကြောင်းပြောင်းလိုက်‌တော့ ယိချင်းဆီ ကြီးမားတဲ့ဓားချီရိုက်ခတ်မှု တစ်ရှိန်ထိုး ပြေးဝင်လာတယ်။ သူ သူ့နှလုံးသားထဲက မူလပြန်သွားပုလဲနဲ့ ချိတ်ဆက်ဖို့ အလုံးစုံ အာရုံစိုက်လိုက်တယ်။

ရုတ်တရက် သူ ကြောက်ခမန်းလိလိ အစွမ်းနဲ့ ပြန်ပြည့်သွားတယ်။ သူ့ကိုယ်ပတ်လည်က ဝိညာဉ်ချီဟာ ပေါက်ကွဲသွားပုံပေါ်ပြီး သူ့ကိုတိုက်ခိုက်နေတဲ့ ဓားချီက ယိချင်းဆီ ပြန်ကန်ထွက်လာတာမို့ နောက်ကိုပြန်ယိုင်ထွက်သွားခဲ့တယ်။

ဒါက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူပိုင်ဆိုင်တဲ့ ဖိနှိပ်မှုထက်တောင် အရှိန်ပြင်းတယ်။ အဲဖိနှိပ်တဲ့အရှိန်က ယိချင်းဆီ တန်းတန်းမတ်မတ် ဦးတည်နေတာ။ ဝိညာဉ်ဓားသောင်းချီပေါ်လာပြီး ယိချင်းကို ဦးတည်နေကာ တန်းတန်းမတ်မတ်ပစ်ဝင်လာတယ်။ ဓားတစ်ချောင်းချင်းစီက မတူညီတဲ့ ဓာတ်ကြီးတွေ ပိုင်ဆိုင်ထားတယ်။ လေ၊ မိုးကြိုး၊ မီး၊ အလင်း...။

ယိချင်း ရှောင်ဖို့ ကြိုးစားပေမဲ့ အားလုံးကို ရှောင်ဖို့အထိတော့ မမြန်ဘူး။ တစ်ခဏနေတော့ သူ့ကိုယ်က ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။ ပုလဲကလာတဲ့ ဖိနှိပ်မှုက သူ့လှုပ်ရှားမှုတွေကို အရမ်း ချုပ်တည်းနေလို့ သူ့ခြေထောက်တွေ လှုပ်တောင်မလှုပ်နိုင်တော့သလောက်ပဲ။

"ဓာတ်ကြီးငါးပါးမိုးကြိုးနဲ့ မီးအင်းကွက်"

စင်မြင့်ကတော့ အင်းကွက်တစ်ခုနဲ့ ကာကွယ်ထားတာမို့ ပွဲကြည့်သူတွေက ထိန်းချုပ်မှုကို မခံစားနိုင်ဘူး။ ဒါပေမဲ့ တစ်ယောက်ချင်းစီတိုင်းက ကျင်းချီသုံးတဲ့အင်းကွက်ကို မှတ်မိတယ်။

သူတို့တွေ ထိတ်လန့်စွာ ကြည့်လိုက်ကြတယ်။

ဒါက နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဖန်တီးနိုင်တဲ့ အင်းကွက်မျိုးမဟုတ်ပေမဲ့ ကျင်းချီက ဖန်တီးနိုင်ပြီး အတော်လေးလည်း ထိန်းချုပ်နိုင်တယ်။ ဒီလိုစွမ်းရည်မျိုးက အရပ်မျက်နှာပေါင်းစုံကနေ သူ့ဆီလာနေတဲ့ဝိညာဉ်ဓားတွေကို ကာဆီးဖို့ ခန္ဓာကိုယ်ပတ်လည်ကအကာအကွယ်မှာ ပြိုင်ဖက်မရှိပဲ။

ဒါပေမဲ့ ဖိနှိပ်အားက ပြင်းထန်လွန်းလို့ သူ့ရင်ဘတ်က ခု တင်းမာစပြုလာပြီ။ သူ ပါးစပ်ထဲ ချိုမြတဲ့ တစ်စုံတရာ ခံစားလိုက်ရပြီး ဒူးတစ်ဖက်ထောက်ကျသွားခဲ့တယ်။ ယိချင်းက သူ့ပြိုင်ဘက်ကို ဒီလိုစွမ်းရည် ရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ဒါပေမဲ့ ဒီအင်းကွက်က...။

သူ ကျင်းချီစွမ်းရည်ကို မေးခွန်းထုတ်နေတုန်းမှာတင် နောက်ကနေ သူ့ဆီ တစ်စုံတရာပျံသန်းလာတာကို ကြားလိုက်ရတယ်။ အလိုအလျောက် သူ ရှောင်ဖို့ ရွှေ့လိုက်တယ်။ သူ့ဘေးကနေ မီးခိုးရောင်လေထု ဖြတ်သွားပြီး အက်ကွဲသံတွေ ကြားလိုက်ရတယ်။

ဒါ... မိစ္ဆာချီလား။

ယိချင်းက တုံ့ဆိုင်းသွားတယ်။ သူ ဘာတွေဖြစ်နေလဲ အဖြေမရှာနိုင်ခင် ကျင်းချီအသံကြားလိုက်ရတယ်။

"ဟမ့် အဲဒါကို မင်းရှောင်နိုင်မယ် မထင်ခဲ့ဘူး၊ ဒါပေမဲ့ ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မှာမို့လို့လဲ"

နောက်အခိုက်အတန့်မှာ ယိချင်းက အရပ်မျက်နှာမျိုးစုံကနေ ထူးဆန်းတဲ့ အရှိန်အဝါမျိုးစုံရဲ့ ဝန်းရံတာ ခံလိုက်ရမှန်း သိလိုက်ရတယ်။ အရှိန်အဝါတစ်ခုစီက မလွဲနိုင်တဲ့ သတ်ဖြတ်လိုစိတ်နဲ့။ ယိချင်းအမူအရာu မာကြောသွားကာ ဖိအားရှိပေမဲ့ ပြန်မတ်မတ်ရပ်ဖို့ အတင်းအကြပ်လုပ်လိုက်တယ်။

အရှိန်အဝါတွေပေါ် သူ့ရဲ့ ခံစားလွယ်မှုကို အသုံးချပြီး သူ့ပတ်လည်မှာ ပျံသန်းနေတဲ့ မမြင်ရပေမဲ့ သေစေနိုင်တဲ့အရှိန်အဝါတွေကို ကာဆီးရတော့တယ်။

"မင်းက တောင့်ခံဖို့ အတင်းလုပ်နေသေးတယ်ပေါ့"

ကျင်းချီအသံက အေးစက်ကာ အမုန်းတရားအပြည့်။

"မင်း အဲမှာဘယ်လောက် ဆက်ရပ်နေနိုင်မလဲ ကြည့်တာပေါ့"

သူ အင်းကွက်ကို ထောက်ပံ့ဖို့ လက်ကို အသုံးပြုနေတာ။ ရုတ်တရက် ဓားဆွဲထုတ်ပြီး အောင်နိုင်သူအမူအရာနဲ့ ယိချင်းဆီ ပြေးလာတယ်။

"ယိချင်း၊ မင်းကို စတွေ့တဲ့ ပထမဆုံးအကြိမ်တည်းက မင်းက ငါ့အကြီးမားဆုံး အတားအဆီးဆိုတာ သိတယ်၊ မင်းလည်း အဲလိုထင်တာမလား"

"..." ဘာကို။

"ငါ့အတားအဆီးတွေ အားလုံးကို ရှင်းထုတ်ပစ်ရမယ် ငါက မင်းကို သတ်တဲ့သူဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး လူတိုင်းက ဒါကိုမတော်တဆလို့ ထင်ကြမှာ" သူ့ဓားက ယိချင်းလည်ပင်းနား ရောက်လာတယ်။

"မင်းသေတာနဲ့ ငါ့မသေမျိုးခရီးစဉ်က ချောမွေ့သွားပြီ"

"..." ဒါဆို ဒါကဘယ်သူလဲ။

"ဒီနေ့ပြီးရင် ငါက ထျန်းလန်လောကသုံးခွင်မှာ အသန်မာဆုံး အမြုတေကျင့်ကြံသူဖြစ်လာမှာ၊ ပြီးရင် အားအကြီးဆုံး ဓားကျင့်ကြံသူ ဖြစ်လာမယ်"

"..." ဓားကျင့်ကြံသူလား။

"ဓားသိုင်းတွေမှာ ပါရမီပါတဲ့ မင်းဆရာ‌အတွက်ကတော့... ငါ သူ့ကိုစောင့်ရှောက်မှာပါ" သူက ရုတ်တရက် တဟားဟား ထရယ်တယ်။

ဆရာ...။

ယိချင်းရဲ့ အကြည့်က သွေးအေးသွားတယ်။ အေးစက်တဲ့လေထုက သူ့ကိုယ်ကနေ ထွက်လာလေရဲ့။

"မင်း ဘာပြောလိုက်တယ်"

"ငါ့လို ထူးချွန်တဲ့တပည့်ကို လက်ခံရလို့ သူပျော်မယ်ထင်တာပဲ"

ကျင်းချီက စကားပြောလေ လေသံက ပိုမော်ကြွားလာလေပဲ။ သူ ယိချင်းလည်ပင်းထဲ ပိုပြီး အားရပါးရ ဓားကို ဖိချလိုက်တယ်။

"မင်းသေ‌သွားသရွေ့-"

"ပါးစပ်ပိတ်" သူ စကားမဆုံးခင် ပြင်းထန်တဲ့ဓားချီက စောနလေးကတင် ရှုံးနိမ့်နေပုံ ပေါ်တဲ့ ယိချင်းကိုယ်ပတ်လည်မှာ ပေါက်ကွဲသွားတယ်။ ဆူနာမီလိုမျိုး ဝိညာဉ်ဓားတွေကို ဝါးမျိုသွားပြီး သူ့ပတ်လည်က ထူးခြားတဲ့အရှိန်အဝါက ကျင်းချီကို နောက်ပြန်ကန်ထွက်သွားစေခဲ့လေတယ်။

…

အခန်း ၃၃၂ ။ စိတ်နတ်ဆိုးနှင့် မိုးကြိုးဝဋ်ကြွေးချေခြင်း

"ဘာ" ကျင်းချီ မတုံ့ပြန်နိုင်ခင် သူ့တစ်ကိုယ်လုံးက ကြမ်းပြင်ပေါ် ဘန်းခနဲကျသွားတယ်။ သူ့ကိုဝိုင်းထားတဲ့ အင်းကွက်က ချက်ချင်းပျောက်သွားပြီး သူ့ပေါ်ကမူလပြန်သွားဝိညာဉ်တောင် အက်သွားလေရဲ့။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" သူ့မျက်နှာက မယုံကြည်နိုင်မှုအပြည့်။ နှလုံးသားထဲ နာကျင်မှုနဲ့အတူ သွေးအန်တော့တယ်။

ယိချင်းထုတ်လုပ်တဲ့ ဓားချီရဲ့ကြီးမားတဲ့ပမာဏက မြေကြီးကိုတောင် အက်သွားစေပြီး ဘေးဘက်က သီးသန့်ခြားအစီအရင်လည်း သေချာပေါက် ချက်ချင်း ပြိုကွဲသွားတာပေါ့။ ဒါပေမဲ့ သူ့ကိုယ်ပေါ်က ဓားချီကတော့ ကြောက်ခမန်းလိလိမြင့်တက်နေဆဲ။

ဓားအလင်းရောင်တွေကို ပတ်ပတ်လည်မှာမြင်ရပြီး သူ့ကိုဝိုင်းထားတဲ့အဖြူရောင်ဓားချီက တဖြည်းဖြည်း သဏ္ဌာန်ပေါ်လာတယ်။ ခဏလေးအတွင်းမှာတင် ကြီးမားတဲ့နဂါးဖြူတစ်ကောင် ဖြစ်လာတော့တာပဲ။ အရိပ်လိုနဂါးကြီးက ဟိန်းဟောက်လေတယ်။

ကွင်းထဲက ကျင်းချီတင်မကဘူး၊ ပွဲကြည့်စင်ပေါ်က လူတွေတောင် သူတို့နားထဲ တဝီဝီခံစားရပြီး ရင်တုန်သွားကြတယ်။

"ဒါ... ဒါက ဓားဆန္ဒပဲ" သူတို့ ဒီလိုအားကောင်းတဲ့ ဓားဆန္ဒကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက... နဂါးအစစ် တစ်ကောင်လိုမျိုးပဲ။ လူတိုင်း မှင်တက်ကုန်တယ်။ သူကတကယ်ပဲ ရွှေအမြုတေကျင့်ကြံသူ ဟုတ်ရဲ့လား။

ယိချင်း ဆန့်ကျင်ဘက်မှာ သွေးအန်နေတဲ့ ကျင်းချီကို တန်းတန်းမတ်မတ်‌ကြည့်နေတယ်။ သူ့မျက်လုံးတွေက ဖျက်ဆီးမှုမီးတောက်မျိုး ပါဝင်သလိုမျိုး တောက်လောင်နေလေရဲ့။ သူက တစ်လုံးချင်းပြောတယ်။

"ငါ့ဆရာနဲ့ ဝေးဝေးနေ ခွေးကောင်လေး"

သူ စကားဆုံး‌တာနဲ့ ဓားဆန္ဒကနေ ဖြစ်တည်လာတဲ့ နဂါးကြီးက ပါးစပ်ကြီးဟကာ အရှေ့ကလူဆီ တစ်ရှိန်ထိုးပြေးဝင်လာတယ်။

ကျင်းချီ မျက်လုံးပြူးသွားပြီး သေခြင်းအတွက်အကြောက်တရားက သူ့ကိုထိမှန်လာတယ်။ ဓားသိုင်းတွေနဲ့ ဓမ္မဂါထာတွေအားလုံးကို မေ့ကုန်ပြီး ကျယ်လောင်စွာ စတင်အော်ဟစ်တော့တယ်။

"ကူညီပါဦး ကယ်ကြပါ..."

"ဟိုလီရှစ် ယိချင်း" ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ ဘယ်လိုလုပ် ရုတ်တရက် ဒေါသထွက်လာတာလဲ။ ဒီလိုပြင်းထန်တဲ့ ဓားဆန္ဒသာ ထိမှန်သွားရင် ကျူးကျော်သူက အသက်ရှင်ဖို့မပြောနဲ့ ပြာတောင် ကျန်ခဲ့မှာမဟုတ်ဘူး။ သူ သေလို့မဖြစ်သေးဘူး စိတ်ပူပန်မှုဖြစ်လာပြီး ကွင်းထဲ တန်းပျံသန်းလာခဲ့တယ်။ ဒါပေမဲ့ သူ တားမလို့ရှိသေး တစ်စုံတစ်ယောက်က သူ့ထက် ပိုမြန်နေတယ်။

"စားဖိုမှူး" ရှန်းရင်က သူ့ဘေး ရုတ်တရက်ပေါ်လာပြီး လှမ်းခေါ်တယ်။

စောနကတင် တစ်ရှိန်ထိုး ရှေ့ကိုတိုးနေတဲ့လူက တုန်ရီသွားပြီး ဓားချီနဂါးကလည်း တိခနဲတန့်သွားခဲ့တယ်။ ကျင်းချီနဲ့ လက်ညှိုးတစ်ချောင်းစာတောင် မကွာတဲ့နေရာမှာ တန်းရပ်သွားပြီး အသက်ဝင်နေသလိုမျိုး နှုတ်ခမ်းမွှေးတွေက သူ့မျက်နှာနဲ့ထိတော့ သွေးကြောင်းနှစ်ကြောင်း ပေါ်လာတယ်။ သူ အကြောက်လွန်းပြီး မျက်ဆံလန်ကာ သတိလစ်သွားခဲ့တယ်။

"ဆရာ"

ယိချင်း ခေါင်းကိုလှည့်လိုက်တော့ ချက်ချင်းပဲ ဒေါသအားလုံး လွင့်ပျောက်သွားခဲ့တယ်။ သူက တန်းပြီး လူကို ဖက်တယ်။

"ဆရာ၊ မစိုးရိမ်..." တခြားခွေးကောင်လေးတွေနဲ့ပတ်သက်ပြီး မစိုးရိမ်ပါနဲ့။

နောက်အခိုက်အတန့်မှာ သူ့ကိုယ်ပတ်လည်က ဓားချီရော၊ နဂါးကြီးနဲ့အတူ လေထဲ ပျောက်ကွယ်သွားတယ်။

အားကုန်ထုတ်သုံးလိုက်ရသလိုမျိုး သူလည်း ယိုင်ထွက်ကာ ရှန်းရင်ပေါ် လဲကျသွားခဲ့တယ်။

"စားဖိုမှူး၊ စားဖိုမှူး"

"သူက နတ်ဝိညာဉ်ဖန်တီးတာ ပြီးတော့မယ်"

ကူယွဲ့ စားဖိုမှူးတစ်ကိုယ်လုံးပေါ် မြန်ဆန်စွာ တိုးလာတဲ့ဝိညာဉ်ချီကိုကြည့်ကာ ချက်ချင်း မျက်မှောင်ကြုတ်မိတယ်။ အဲဒါကြောင့် သူ စားဖိုမှူးကို ပြိုင်ပွဲဝင်ပြိုင်မှာကနေ ကန့်ကွက်ခဲ့တာ။

"သူ့ကို ဝူတိဂိုဏ်းဆီ ပြန်ခေါ်သွားမယ်"

သူ့လက်တစ်ဖက်က စားဖိုမှူးကို တွဲ၊ တခြားလက်က ရှန်းရင်ကို ဆွဲလိုက်တယ်။ သူ ပွဲကြည့်စင်မြင့်ပေါ်က လော့ဟုန်ကို မော့ကြည့်ကာ မှာခဲ့တယ်။

"ဂိုဏ်းချုပ်၊ ကျန်တာ မင်းတာဝန်ယူ ဖြေရှင်းလိုက်တော့" အဲလိုပြောပြီး သူ့ဓားပေါ်တက်ကာ ဝူတိတောင်ထွတ်ဆီ ပျံသန်းလာခဲ့တယ်။

လော့ဟုန်က စောနက ကြောက်ခမန်းလိလိဓားချီကြောင့် သတိပြန်မဝင်သေးဘူး။ သူတို့ ပြန်သွားတော့မှ သူ တုံ့ပြန်နိုင်တယ်။

"အိုး ကောင်းပါပြီ"

ခုလေးတင် ဆရာသခင်က ပြောနေတာ နတ်ဝိညာဉ်ဖန်တီးတာတဲ့လား။ ယိချင်း

အဲတော့ စောနက ဓားချီက သူ့ဉာဏ်အလင်းပွင့်မှုကပေါ့။

အသက်၂၀တောင်မပြည့်သေးတဲ့ နတ်ဝိညာဉ်ကျင့်ကြံသူလား။

(⊙_⊙)

ရှိနေတဲ့ဂိုဏ်းတွေအားလုံး ဒါကိုတွေးပြီး အတော်ကြာတဲ့အထိ တစ်နေရာလုံး တိတ်ဆိတ်နေတယ်။

ဘယ်သူမှ ထိတ်လန့်မှုကြောင့် သတိမရသေးတဲ့ ကျင်းချီကိုသတိမရခဲ့ကြ။

——————

ကူယွဲ့ ဝူတိတောင်ထွတ်ဆီ ပြန်ရောက်ပြီး ယိချင်းကို မြေပြန့်ပေါ် ချပြီးတာနဲ့ သူက မိုးကြိုးဆွဲဆောင်အင်းကွက်တချို့ အမြန်လုပ်လိုက်တယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်တုန်းက သိပ်ကိစ္စမရှိပေမဲ့ နတ်ဝိညာဉ်ကာလရဲ့ ဝဋ်ကြွေးချေခြင်းကတော့ ထူးခြားတယ်။ ဘာဆူညံသံမှမရှိဘဲ သူက နတ်ဝိညာဉ်ဖန်တီးမှုပြီးမြောက်တော့မယ်ဆိုတာ ဘယ်သူယုံမှာလဲ။

"ဖေဖေနျို နင်ဘာလုပ်နေတာလဲ" ရှန်းရင် အလုပ်များတဲ့ဖေဖေနျိုကို မျက်နှာသေနဲ့ ကြည့်လိုက်တယ်။

"မိုးကြိုးဆွဲဆောင်အင်းကွက်တွေ လုပ်နေတာပေါ့ဟ" ကူယွဲ့ သူမကို မျက်ဆံလှန်ပြလိုက်တယ်။

"စောနက သူ့ဓားချီက ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ပိုင်တာ မဟုတ်မှန်း မျက်ကန်းတောင် နားလည်နိုင်တယ်၊ ဒါကြောင့် ငါတို့တွေ သူ နတ်ဝိညာဉ်ဖန်တီးတာ မြန်နိုင်သမျှမြန်မြန် ပြီးမြောက်အောင်လုပ်ရမယ်"

သူက အမတကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေနဲ့ အရင်းနှီးဆုံးပဲ။ ယိချင်းကိုသာ ရွှေအမြုတေအဆင့်မှာသာ ဆက်ထိန်းထားရင် သူတို့က အဲဓားချီအမျိုးအစားက ဘယ်က ရောက်လာလဲဆိုတာ မလွဲမသေသိချင်မှာပဲ။ သူတို့က လျှောက်မေးဖို့ ကြိုးစားလိမ့်မယ်။ ကိုယ့်အတွက်ကတော့ ကိစ္စမရှိပေမဲ့ ရိုးသားမှုဂိုဏ်းလည်း သေချာပေါက် ခံစားရမှာ။ သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် နေထိုင်ဖို့ ဒီကိုရောက်နေတာ၊ သူတို့ကြောင့် ဂိုဏ်းကို ဝန်ထုတ်ဝန်ပိုးဖြစ်အောင်လုပ်လို့မဖြစ်ဘူး။

"အိုး" ရှန်းရင် ခေါင်းညိတ်ပြီး သစ်သီးကိုကိုက်လိုက်တယ်။

"အနီရောင်မိုးကြိုးဖြစ်မှလား"

"အနီလား" ကူယွဲ့ ခဏတန့်သွားတယ်။

"ဘာအနီရောင်မိုးကြိုးလဲ" အနီရောင်မိုးကြိုးဝဋ်ကြွေးချေတာမျိုးမရှိပါဘူး။

"အဲလိုလေ" သူမ ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်တယ်။

ကူယွဲ့ မှင်တက်သွားတယ်။ သူ မော့ကြည့်လိုက်ပြီး များပြားတဲ့ မိုးကြိုးတိမ်တိုက်တွေ ရုတ်တရက် ကောင်းကင်ထဲ ပြည့်သွားတာ မြင်လိုက်ရတယ်။ အနီရောင်မိုးကြိုးအလင်းတွေက အချိန်နဲ့အမျှ တိမ်တွေကြား ပေါ်လာတယ်။

"ဟိုလီရှစ်" သူ ထိတ်လန့်သွားတယ်။

"ဘယ်လိုလုပ် မိုးကြိုးဝဋ်ကြွေးချေခြင်းရှိနေတာလဲ၊ သူ့ကျင့်ကြံမှုနဲ့ဆို လုပ်ငန်းစဉ်ကို ချောချောမွေ့မွေ့ဖြတ်သန်းဖို့ပဲလိုတယ်‌လို့ ပြောခဲ့တယ်မဟုတ်ဘူးလား"

"ငါမသိဘူး" ရှန်းရင်ခေါင်းက စောင်းသွားတယ်။

"ဒီတစ်ကြိမ် မတူတာနေမှာပေါ့"

"မတူတာလား" ကူယွဲ့ မှင်တက်သွားတယ်။

ပြောရရင် စောနက စားဖိုမှူးသုံးခဲ့တဲ့ ဓားဆန္ဒက အရင်ကနဲ့ ကွဲပြားတယ်။ အရင်တုန်းက သူ့ဓားဆန္ဒက ရွှေရောင်ဓားကြီးတစ်ချောင်း ဖြစ်ပြီး ရှန်းရင် သူ့ကို ပေါက်တတ်ကရ သင်ပေးခဲ့တဲ့ ‘သန်မာတဲ့လူတစ်ယောက်က ဆယ်ယောက်ကို ‌လွှမ်းမိုးနိုင်’ ဆိုတဲ့ စကားကြောင့်သာ ကျင့်ကြံခဲ့တာပဲ။ ဒါပေမဲ့ စောနက ပေါ်လာတဲ့ အရာကတော့ နဂါးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်။ တကယ်တော့ စားဖိုမှူးရဲ့ နဂါးပုံစံအစစ်နဲ့ အတော်လေး တူတယ်။ ဒါက ဝဋ်ကြွေးချေခြင်းကို ဆွဲဆောင်ခဲ့တဲ့ အကြောင်းရင်းများလား။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အနီရောင် မိုးကြိုးဝဋ်ကြွေးချေခြင်းကတော့ မရှိသင့်ဘူး။ သူကိုယ်တိုင်က နတ်ဝိညာဉ်ဖန်တီးခဲ့တာကို တစ်ခါမှ မပြီးမြောက်ခဲ့တာ မဟုတ်ဘူးလေ။ ဝဋ်ကြွေးချေခြင်းနဲ့ ပတ်သက်ရင် သူလည်း အတော်လေး အတွေ့အကြုံရှိပါတယ်။ အနီရောင်မိုးကြိုး ပေါ်လာတာက...။

သူ့မျက်နှာက ဖြူဖျော့သွားပြီး မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။ သူ စားဖိုမှူးကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ အနီရောင်ဝဋ်ကြွေးချေခြင်းက... သူ နတ်ဆိုးလောကမှာပဲမြင်ဖူးတာ။ ဘာကြောင့် စားဖိုမှူးက နတ်ဆိုးမိုးကြိုးကို ဆွဲခေါ်မိတာလဲ။

သူ ရင်ထိတ်သွားတယ်။ စားဖိုမှူးကိုယ်ကို စစ်ဆေးလိုက်တော့ တကယ်ပဲ နတ်ဆိုးချီ အရိပ်အယောင်ဖျော့ဖျော့ မြင်လိုက်ရတယ်။ ပြီးတော့ စားဖိုမှူးက အခြေအနေဟန်ပုံမပေါ်။ အရင်က သူ့အဆင့်မြင့်တက်မှုတွေအားလုံးက အိပ်တာ၊ လမ်းလျှောက်တာနဲ့တင် ပြီးသွားသလိုပဲ။ ဒါပေမဲ့ သူ့အမူအရာကခုတော့ အင်မတန်ကို နာကျင်နေပုံပေါ်ပြီး နဖူးမှာ ချွေးတွေဖုံးနေကာ တစ်စုံတစ်ခုကို တိုက်ခိုက်နေသလိုမျိုး မျက်လုံးကိုခပ်တင်းတင်းမှိတ်ထားတယ်။

ဒါ... စိတ်နတ်ဆိုး ဝဋ်ကြွေးချေခြင်းပဲ

"ဟိုလီရှစ်၊ စားဖိုမှူးက တကယ်ပဲ စိတ်နတ်ဆိုးဝဋ်ကြွေးချေခြင်းကို အစပျိုးလိုက်တာပဲ"

သူ့မျက်လုံးပြူးသွားပြီး မျက်နှာမှာ မယုံကြည်နိုင်မှုအပြည့်။

"ဘယ်လိုလုပ် သူ့မှာ စိတ်နတ်ဆိုးရှိနေတာလဲ" သုံးယောက်ကြားမှာ စားဖိုမှူးက အသန့်စင်ဆုံးစိတ် ရှိသူပဲဖြစ်ရမှာ။ သူ့အတွက်က အဆုံးသတ်ဆီ တန်းတန်းမတ်မတ်သွားတဲ့ လမ်းလိုပဲ။ ပြောရရင် ဘယ်သူမဆို စိတ်နတ်ဆိုးရှိနိုင်ပေမဲ့ ယိချင်းတော့မဟုတ်ဘူး။ ရိုးရိုးလေး ပြန်ကျော့မှုတစ်ခုအတွက်နဲ့ တကယ်ပဲ ဘာလို့စိတ်နတ်ဆိုးရသွားတာလဲ။

"ဘာဖြစ်တာလဲ၊ သူ့စိတ်နတ်ဆိုးက ဘာလဲသိလား"

ရှန်းရင် မျက်လုံးတွေ မှေးသွားကာ တစ်စုံတစ်ခုကို သတိရသွားတဲ့ပုံ။ တစ်ခဏကြာမှ သူမက ပြန်ဖြေတယ်။

"အရင်ကြည့်ရအောင်"

ပထမ ဝဋ်ကြွေးချေမိုးကြိုးက ဆင်းလာပြီဖြစ်ပြီး စားဖိုမှူးကို တန်းထိမှန်သွားတယ်။ အစက နာကျင်နေပုံပေါ်တဲ့လူက ပါးစပ်ဟက။ သွေးအန်ပြီး အမူအရာပိုဆိုးလာတဲ့ပုံ။

မိုးကြိုးဝဋ်ကြွေးချေခြင်းတစ်ခုပြီးတစ်ခု ကျဆင်းလာပြီး သူ့အမူအရာက ပိုပြီးတောင် နာကျင်နေတယ်။ သူ့တစ်ကိုယ်လုံး နာကျင်နေပြီး အသက်ရှူသံတောင် အင်မတန် ဖျော့တော့နေလေရဲ့။

…

အခန်း ၃၃၃ ။ အောင်မြင်သော ဝဋ်ကြွေးချေဆင်းသက်မှု

"ဟင့်အင်း၊ စားဖိုမှူးက ဒီလိုမျိုး စိတ်နတ်ဆိုးဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး" အခုမှ မိုးကြိုးအချက်၅၀ကျော်ပဲ ထိမှန်ခံရသေးတယ်။ နောက်ထပ်အချက်၃၀ကျော် ကျန်သေးတယ်

"အိုး" ရှန်းရင်အကြည့်က မည်းမှောင်သွားတယ်။

"ဒါဆို ရပ်လိုက်ကြရအောင်"

အဲလိုပြောပြီး သူမက ရုတ်တရက် လက်ထုတ်ကာ လေထဲ လက်ဖျောက်တီးလိုက်တယ်။

ချက်ချင်းပဲ ကောင်းကင်ကနေ ဆင်းလာတဲ့ မိုးကြိုးက "ရပ်" ခလုတ်ကို နှိပ်လိုက်သလိုမျိုး စားဖိုမှူးခေါင်းပေါ်မှာ ရပ်သွားခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးကြား အနီရောင်မီးတိုင်တစ်ခု ပေါ်လာသလိုမျိုးပဲ။

ဝိုး။

ကူယွဲ့ ။ ။ "..." မင်း ဒီလိုမျိုးတောင် လုပ်နိုင်တာပေါ့

ရှန်းရင် ဝဋ်ကြွေးချေခြင်း ဖြတ်သန်းနေတဲ့လူဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့တယ်။ သူမက သူ့ရဲ့ မည်းနက်နေတဲ့ခန္ဓာကိုယ်နဲ့ နာကျင်နေတဲ့အမူအရာကိုကြည့်ကာ သက်ပြင်းချပြီး သူ့ဘေးထိုင်ချ၊ လူကိုပုတ်လိုက်တယ်။

"စားဖိုမှူး"

ယိချင်းအမူအရာက ပိုဆိုးသွားပြီး အချိန်အတော်ကြာမှ မျက်လုံးဖွင့်တယ်။ ချက်ချင်းပဲ နီရဲနေတဲ့ မျက်ဝန်းတစ်စုံက သူမကို တန်းတန်းမတ်မတ်ကြည့်တယ်။ သူက လုံးဝကို စိတ်နတ်ဆိုးထဲရောက်နေပြီး သူမကိုကြည့်တဲ့ အကြည့်ထဲ ပထမဆုံးအကြိမ် စိတ်ပျက်မှုတချို့ ပါဝင်နေတယ်။

"ဆရာ" သူ့မျက်လုံးတွေက ပြူးကျယ်လာကာ စွပ်စွပ်စွဲစွဲမေးတော့တယ်။

"ကျွန်တော်က ဘယ်သူလဲ၊ ဆရာ ကျွန်တော့်ကို ဘယ်သူ့အဖြစ်မြင်နေတာလဲ"

ရှန်းရင်က မှင်တက်သွားပြီး အံ့ဩမှုတချို့ သူမမျက်ဝန်းတွေထဲ ဖြတ်သွားတယ်။

"စားဖို-"

"ကျွန်တော်က ဆရာ့စားဖိုမှူး မဟုတ်ဘူး" သူ ရုတ်တရက် ဖိနှိပ်ထားတဲ့ ခံစား‌ချက်တွေအကုန် တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်သလိုမျိုး ထအော်တော့တယ်။

"ကျွန်တော်က စားဖိုမှူးမဟုတ်ဘူး၊ ယိချင်းမဟုတ်ဘူး၊ ဆရာ့အတိတ်ကို မသိဘူး ဆရာ... ဆရာ၊ ဘာလို့ ကျွန်တော့်ကို အမြဲ တခြားတစ်ယောက်အဖြစ် ဆက်ဆံမှဖြစ်မှာလဲ"

"..."

"ဆရာရော ကူယွဲ့ပါ တကယ်တော့ ကျွန်တော့်ကို ဘယ်လိုမြင်နေတာလဲ၊ ကျွန်တော် အားလုံးကို ကောင်းကောင်းလုပ်ဖို့ တကယ်ကို ဆန္ဒရှိပြီး ကြိုးစားနေတယ်၊ ကျွန်တော် တကယ် အားထုတ်ကြိုးစားနေတာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုပဲကြည့်ပြီး ကျွန်တော်ကတစ်ဆင့် တခြားသူကို မကြည့်ဘဲ နေလို့မရဘူးလား"

"..."

"ဆရာ... ကျွန်တော်က ကျွန်တော်မို့ ဒါမှမဟုတ် ကျွန်တော်က သူမို့ တပည့်အဖြစ် လက်ခံခဲ့တာလား၊ ကျွန်တော်က ဆရာ သူ့ကိုလွမ်းဖို့အတွက် အရိပ်သက်သက်လား"

"..."

"ဒါပေမဲ့ တကယ်လို့... တကယ်လို့ ကျွန်တော်က သူ မဟုတ်ရင်ရော၊ တကယ်လို့ ဆရာတို့ တစ်ချိန်လုံး မှားနေခဲ့တာဆိုရင်ရော..."

"ဒါပေမဲ့ နင်ဟုတ်တယ်လေ"

"ကျွန်တော် မဟုတ်ဘူး" သူက အော်ဟစ်ပြီး အရင်ကထက်တောင် ပိုကျယ်လောင်လာကာ သူ့မျက်လုံးတွေထဲက ခံစားချက်တွေ ပိုရူးသွပ်လာတယ်။

"မဟုတ်ဘူး ကျွန်တော် တခြားသူတစ်ယောက်ရဲ့ အစားထိုးမဖြစ်ချင်ဘူး၊ ကျွန်တော်ကနေ တစ်ဆင့် သူ့ကိုကြည့်တာမျိုး မလိုချင်ဘူး၊ ကျွန်တော့်ကိုပဲ ကြည့်စေချင်တာ၊ ကျွန်တော်တစ်ယောက်တည်းကိုပဲ ဆရာက ကျွန်တော့်..."

သူ စကားမဆုံးခင် ရှန်းရင်က ရုတ်တရက် သူ့ခေါင်းကို ရိုက်ချကာ ငိုက်စိုက်ကျသွားစေတယ်။ သူ့ကြည့်ရတာ တစ်ခဏ မတုံ့ပြန်‌နိုင်တော့ပုံပဲ။ နောက်တော့ ဇဝေဇဝါအမူအရာနဲ့ မော့ကြည့်ပြီး သူ့မျက်နှာပေါ်က ရူးသွပ်တဲ့အမူအရာတောင် တောင့်ခဲသွားတယ်။

"နင် ဘယ်လိုလုပ် ဒီလိုမျိုး အန်ချင်စရာ လေသံဟန်ပန်တွေ ရှိလာတာလဲ" သူ့ကို ဖေဖေနျိုက ဆိုးဆိုးရွားရွား လွှမ်းမိုးသွားတာပဲ ဖြစ်ရမယ်။

"ဆရာ-"

"ငါဆိုလိုတာက... နင့်ဦးနှောက်မှာ တစ်ခုခုဖြစ်နေလား၊ နင် ဘာအဓိပ္ပာယ်မရှိတာတွေ စဉ်းစားနေတာလဲ"

ရှန်းရင်က စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုတ်တော့တယ်။

"ဘာအစားထိုးတာလဲ၊ ဟိုးအရင်ကနေ ခုလက်ရှိထိ စားဖိုမှူးက အမြဲတစ်ယောက်တည်းပဲ ရှိခဲ့တာ၊ နှစ်ယောက်အဖြစ် ခွဲခြားတဲ့ တစ်ဦးတည်းသောသူကမှ နင်ကိုယ်တိုင်ပဲ"

"ကျွန်တော်-"

"နင် အားယားလွန်းနေတာလား၊ အဲဒါကြောင့် နင့်ဘာသာ ဒီလိုမျိုးကိစ္စတွေ ကစားနေတာလားဟေ၊ နင် အဲလောက် အားနေရင် ဟင်းထပ်ချက်နေပါလား"

"..."

"ငါ အတိတ်က နင်နဲ့ လောလောဆယ်နင့်ကြား ဘယ်ဟာက ပိုသာလဲဆိုတာ တစ်ခါမှ မစဉ်းစားဖူးဘူး၊ တကယ်လို့ ယှဉ်မှရမယ်ဆိုလည်း အနည်းဆုံးတော့ တခြားသူတွေနဲ့ ယှဉ်ပေါ့ဟ၊ နင့်ကိုယ်နင် ဘာလုပ်ဖို့ ပြဿနာရှာနေတာလဲ"

"..."

"ပြီးတော့... အတိတ်က နင့်ကိစ္စတွေကို နင် မမှတ်မိတာလေ၊ ငါ့ကို အဲအတွက် အပြစ်တင်လို့ရမလား"

"ဒါပေမဲ့ ကျွန်တော်က သူမဟုတ်ရင်ရော..."

"သူ မဟုတ်ဘူးတဲ့လား" ရှန်းရင်မျက်လုံးတွေက မှေးသွားပြီး မရွှင်မပျမှုက သူမမျက်နှာတစ်ပြင်လုံးမှာ ရေးထားလေတယ်။

"နင်က ဖေဖေနျို ဒါမှမဟုတ် ငါ့ရဲ့အမြင်ကို သံသယဝင်နေတာလား"

သူက မှင်တက်သွားပြီး အတင်းအကြပ် အလောတကြီး ခေါင်းညိတ်လိုက်တယ်။

"ဟင့်အင်း၊ ကျွန်တော် တစ်ခါမှ ဆရာ့ကို သံသယမဝင်ဖူးပါဘူး"

"ကောင်းပြီ"

ရှန်းရင်က ရုတ်တရက် လက်ထုတ်ပြီး သူ့ခေါင်းကိုထိကာ တစ်ချိန်တည်းမှာပဲ ဆံပင်တွေကို ဆော့ကစားလိုက်တယ်။

"ဒီတော့... နင့်ဒုက္ခပြီးပြီလား"

"..." ယိချင်း ကြောင်အမ်းနေတယ်။ ဇဝေဇဝါဖြစ်မှုတချို့ သူ့မျက်လုံးထဲ ကျန်ရစ်ပေမဲ့ နီရဲမှုတွေကတော့ တဖြည်းဖြည်း ပျောက်ကွယ်လာကာ သူ့ကိုယ်ပေါ်က နာကျည်းမှုကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။ သူက နောက်ဆုံးတော့ အဖြေရှာနိုင်သွားသလိုမျိုး မူလအခြေအနေဆီ ပြန်ရောက်သွားခဲ့ပြီ။

"မြန်မြန် အဆုံးသတ်တော့၊ ငါ နေ့လယ်စာ မစားရသေးဘူး"

ရှန်းရင်က ထည့်ပြောလိုက်တယ်။

သူ့အကြည့်က ဖြည်းဖြည်းချင်း ခိုင်မာတဲ့အကြည့်အဖြစ် ပြန်ရောက်သွားပြီး ခန္ဓာကိုယ်ပတ်လည်က အရှိန်အဝါက ချက်ချင်းဆိုသလို အများကြီး ကောင်းမွန်လာခဲ့တယ်။ သူက လက်သီးဆုပ်ကာ ကြည်လင်တဲ့အသံနဲ့ ပြန်ဖြေလိုက်တယ်။

"ဟုတ်ကဲ့ဆရာ"

"အော် ဟုတ်သား၊ အသားဟင်းတချို့ပိုလုပ်ပေး"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"

အဲတော့မှ ရှန်းရင်ထရပ်ပြီး ဝဋ်ကြွေးချေခြင်းစက်ကွင်းထဲကနေ ထွက်ခဲ့တယ်။ နောက်အခိုက်အတန့်မှာ မိုးကြိုးသံတဂျိန်းဂျိန်းကို နောက်တစ်ကြိမ် ကြားလိုက်ရတယ်။ မိုးကြိုးရဲ့အနီရောင်က တဖြည်းဖြည်း ဖျော့တော့သွားကာ ပထမတော့ အနီဖျော့ဖျော့ နောက်တော့ ချက်ချင်း အဖြူရောင် ပြန်ရောက်သွားခဲ့တယ်။

"သူ့စိတ်နတ်ဆိုး ပျောက်သွားပြီပဲ"

ကူယွဲ့ ကောင်းကင်ကို ကြည့်ကာ ပြန်လျှောက်လာတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"မင်း သူ့ကို ဘာတွေပြောခဲ့တာလဲ၊ မင်းစကားနဲ့ သူ့စိတ်နတ်ဆိုးတောင် ပျောက်သွားပြီ"

"နင်နားမထောင်နေဘူးလား" ရှန်းရင်က ခေါင်းစောင်းတယ်။

"ငါ့ကို ဘာအကြည့်မျိုးကြည့်နေတာလဲ၊ ငါက အဲလိုလူမျိုးလား"

"ဟုတ်တယ်"

"..." မေ-ိုး

ဝဋ်ကြွေးချေခြင်းမိုးကြိုးက ကောင်းကင်ထဲ ပိုတောင်ထူလာပြီး အဖြူရောင်အလင်းလှိုင်းက ပတ်ဝန်းကျင်ကို ထိန်လင်းသွားစေခဲ့တယ်။ ဒါပေမဲ့ အဲဒါက နတ်ဝိညာဉ်ရဲ့ မိုးကြိုးဝဋ်ကြွေးချေခြင်းသာသာပဲ။ စောနက စိတ်နတ်ဆိုးဝဋ်ကြွေးချေခြင်းအပြင် ကျန်တာတွေက အမတဘုံရဲ့ ကောင်းကင်ဝဋ်ကြွေးချေခြင်းမှာ အရှိန်လျော့တယ်။ ကူယွဲ့ ခုတော့ လုံးဝ စိတ်သက်သာရာရသွားပြီ။ နှစ်ယောက်သား သိပ်ကြာကြာမစောင့်လိုက်ရဘဲ ဝဋ်ကြွေးချေခြင်းအားလုံး အဆုံးသတ်သွားတယ်။ ဒါပေမဲ့ နောက်ဆုံးမိုးကြိုးလှိုင်းက အတော်လေး အားပြင်းပြီး သူ့အလင်းရောင်က အရင်ဟာတွေထက် အဆပေါင်းများစွာ ထိန်လင်းနေတယ်။ ဆင်းလာတဲ့အချိန် ကူယွဲ့ လမ်းမှာလုပ်ထားတဲ့ အကာအကွယ်အင်းကွက်တွေတောင် တုန်ခါကုန်ပြီး ပြိုလဲလုနီးပါး ဖြစ်သွားလေရဲ့။

ဒါပေမဲ့ အားလုံးရဲ့အလယ်မှာ ရှိနေတဲ့ စားဖိုမှူးက သိပ်ပြီးခံစားရပုံမပေါ်။ သူ့ကိုယ်ခန္ဓာပေါ်မှာ စောနက စိတ်နတ်ဆိုးက ရတာတွေအပြင် တခြားဒဏ်ရာတွေ မရှိတော့ဘူး။ တစ်အောင့်အကြာမှာ ဝဋ်ကြွေးချေခြင်းတိမ်တိုက်တွေက ကောင်းကင်ထဲ ရှင်းလင်းသွားပြီး ပတ်ဝန်းကျင်က စ‌တင်တောက်ပလာတယ်။ တစ်ချိန်တည်းမှာပဲ များပြားတဲ့ ဝိညာဉ်ချီပမာဏက ပြေးဝင်လာပြီး ရိုးသားမှုဂိုဏ်းကို ချက်ချင်းပြည့်သွားစေခဲ့တယ်။ အထူးသဖြင့် စားဖိုမှူးရှိရာဘက်မှာ ဝိညာဉ်ချီက ထူထဲလွန်းလို့ အကောင်အထည်လိုက် ဖြစ်တည်လာတော့မလိုမျိုးပဲ။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေတောင် သိသိသာသာမြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ပျောက်ကင်းသွားခဲ့တယ်။

သူက သူတို့နှစ်ယောက်ဆီ တန်းတန်းမတ်မတ် လျှောက်လာတယ်။ ထင်ယောင်ထင်မှား ဖြစ်နေတာလားတော့ မသိပေမဲ့ သူ့မျက်လုံးထဲက အကြည့်တွေက အရင်ကထက် တည်ငြိမ်လာတယ်လို့ခံစားရတယ်။ သူက ရှန်းရင်ကို တန်းကြည့်ကာ တစ်စုံတရာက သူ့မျက်လုံးထဲ ဖြတ်ပြေးသွားတယ်။ သူက တည်ငြိမ်စွာ ပြောလာလေရဲ့။

"ဆရာ ကျွန်တော်ပြန်ရောက်ပါပြီ"

ရှန်းရင် ခဏ မှင်တက်သွားပြီး မျက်လုံးတွေမှေးသွားတယ်။

"အိုး... ငါဗိုက်ဆာတယ်"

"ကောင်းပါပြီ ဆရာ" စားဖိုမှူးက တစ်ခဏမရပ်ဘဲ မီးဖိုချောင်ထဲ ချက်ချင်းခုန်ဝင်သွားလေရဲ့။ သူက ပတ်လည်မှာ လျှံထွက်နေတဲ့ ဝိညာဉ်ချီတွေကို သိမ်းဖို့တောင် မေ့သွားလေရဲ့။

ပြောတော့မှ သူ့ကိုယ်ပေါ်က ဓားချီက နည်းနည်းထူလွန်းနေသလိုပဲ...။

ခဏနပေါဦး

ကူယွဲ့ သူ့ကျင့်ကြံဆင့်ကို အလိုလိုကြည့်လိုက်မိတယ်။

"ဟိုလီရှစ် မင်းဘာလို့ နတိဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေတာလဲ"

ကူယွဲ့ မီးဖိုချောင်ထဲ သူ့နောက်လိုက်ဝင်လာခဲ့ပြီး ခန္ဓာကိုယ်ကို သေသေချာ‌ချာကြည့်လိုက်တယ်။ တကယ့်ကို နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ သူက စောနက ဝဋ်ကြွေးချေခြင်းအတွင်းမှာ နတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်း နောက်တစ်ဆင့်ကို ခုန်ကူးသွားခဲ့တာလဲ။

"အင်း" ယိချင်းက ပါဝင်ပစ္စည်းတွေ ထုတ်နေရင်း ဘာမှထွေထွေထူးထူး မဟုတ်တဲ့ရုပ်နဲ့။

"ဝိညာဉ်ချီ များလွန်းနေတာကိုး"

"ချီး၊ မင်းဟာက ခုနည်းနည်းတက်တာ မြန်လွန်းနေတယ်" ပြဿနာရှိနိုင်လား။

"မင်းခန္ဓာကိုယ် အဆင်ပြေရဲ့လား"

သူက ဟင်းသီးဟင်းရွက်တွေလှီးရင်း ခေါင်းခါတယ်။

"အဆင်ပြေပါတယ်"

"မဖြစ်ဘူး၊ မင်းမြင့်တက်တာ အရမ်းကို မြန်လွန်းနေတယ်၊ တကယ်ပဲ ပြဿနာတစ်ခုခု ရှိနေရင် ငါတို့ မင်းကို အောက်ဘက်ပို့လိုက်ရတာ အချည်းနှီး ဖြစ်သွားမှာပေါ့" ကူယွဲ့ စဉ်းစားလေ ပိုပြီးစိတ်ပူလာလေပဲ။

"မင်းခန္ဓာကိုယ်က ခုမှသက်သာကာစ၊ ပြဿနာတစ်ခုခု ပေါ်လာရင်ရော"

"အိုး" ယိချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေတယ်။ သူက ဘေးကို လက်ညှိုးလှမ်းထိုးပြတယ်။

"ဖေဖေနျို အဲပန်းကန်ပြားလေး လှမ်းပေးပါဦး"

ကူယွဲ့လည်း ဘာမှမတွေးဘဲ ကမ်းပေးလိုက်တယ်။

"ငါ နောက်မှ မင်းအတွက် သေချာစမ်းသပ်ပေးတာကောင်းမယ်၊ ရှန်းရင်လည်း အချက်အလက်ဘာညာ ကူစစ်ဆေးပေးရင် အကောင်းဆုံးပေါ့"

"အင်း"

"ငါရှန်းရင်ကို သွားရှာလိုက်ဦးမယ်" သူပြောပြီး မီးဖိုချောင်ထဲကနေ စထွက်သွားခဲ့တယ်။ ခြေလှမ်းအနည်းငယ်အပြီးမှာ ရုတ်တရက် တစ်စုံတခုကိုမှတ်မိသွားသလိုမျိုး တောင့်သွားခဲ့တယ်။ သူ မျက်လုံးတွေ ပြူးသွားပြီး အတော်လေး စက်ရုပ်ဆန်စွာ ခေါင်းကိုလှည့်မိလိုက်တယ်။

"မင်း ငါ့ကို စောနကဘယ်လိုခေါ်လိုက်တယ်"

(゚Д゚≡゚Д゚)

All Chapters