အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း ၃၃၄ ။ မှတ်ဉာဏ်ပြန်သတိရခြင်း
ယိချင်းက လှည့်လာကာ ချက်ပြီးကာစ ဟင်းပန်းကန်နှစ်ပွဲကို သူ့လက်ထဲထိုးထည့်ပေးတယ်။
"ဖေဖေနျို၊ ဆရာ့ဆီ ဒါတွေ အရင်ယူသွားပေးပါ၊ တစ်နာရီတောင် နောက်ကျနေပြီ"
"မင်း... မင်း..." ကူယွဲ့ ပန်းကန်ပြားနှစ်ချပ်ကို အလိုလိုလှမ်းယူမိပြီး မျက်လုံးတွေက ပိုပြီးတောင် အံ့ဩတကြီး ပြူးသွားခဲ့တယ်။ အတော်ကြာမှ သူပါးစပ်ကနေ ထုတ်ပြောနိုင်တယ်။
"မင်း မှတ်မိပြီပဲ"
ဟိုလီရှစ် သူ ရုတ်တရက် နတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ရောက်သွားတာ မဆန်းတော့ဘူး။ တကယ်တော့ နဂိုမူလအခြေအနေ ပြန်ရောက်သွားလို့ကိုး။
"အင်း" ယိချင်း ခေါင်းညိတ်လိုက်တယ်။
"ဘာလို့ စောနကမပြောတာတုံး"
"နားလည်တယ်ထင်လို့လေ" ဆရာဆို သိတယ်။
"..." မေ-ိုး
နားလည်မယ်ထင်လို့လေဆိုတာ ဘာသဘောလဲ။ ဒီဆရာတပည့်က အမူအရာတွေပါ တူနေမှ ဖြစ်မှာလား။ မင်းတို့တွေ ငါ့စိုးရိမ်မှုအားလုံးနဲ့ ထိုက်တန်ရဲ့လား။
——————
အဲနောက်ဆုံးမိုးကြိုးကြောင့်ထင် ယိချင်းရဲ့ မှတ်ဉာဏ်တွေက ပြန်ကောင်းသွားခဲ့ပြီး သူ့ကျင့်ကြံဆင့်အရှိန်နှုန်းကလည်း ကောင်းကင်မျိုးနွယ်ရဲ့ ကျင့်ကြံဆင့်အရှိန်နှုန်းအဖြစ် ပြန်ရောက်သွားတာ သဘာဝပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကြောင့်သာ မူလအဆင့်ကို ပြန်မရောက်သေးတာ။
သူ ခု နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်နေတဲ့ အကြောင်းရင်းက ဒါ အောက်ဘုံ ဖြစ်လို့နေမယ်။ သူက လက်ထောက်စည်းချိပ်ကို အပြည့်အဝလက်မခံရသေးတော့ အောက်ဘုံရဲ့ စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်တာကိုခံရပြီး ကျင့်ကြံဆင့်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆီ ချုပ်ထိန်းခံလိုက်ရတာပဲ။
ကူယွဲ့ ဒါက သတင်းကောင်းလို့ တွေးမိတယ်။ သိပ်မကြာခင် သူတို့တွေ အမတလောကဆီ ပြန်နိုင်တော့မဲ့ပုံပဲ။ ရှိတာက...။
"ဒါ သောက်ကျိုးနည်း ဘာကြီးတုံး" ကူယွဲ့ ပန်းကန်ပြား၂ချပ်ကို မချခင် ငပျင်းရှန်းရင်ဘေး ဝိုးတဝါးအရိပ်တစ်ခု ရှိနေတာ မြင်လိုက်ရတယ်။ တစ္ဆေချီက သူ့ကိုယ်ထဲကနေ ထွက်နေတယ်။ တကယ်ကို တစ္ဆေပဲ၊ ဘယ်သောက်ကျိုးနည်းနေရာကနေ ဒါက ရောက်လာတာတုံး။
"လူတစ်ယောက်ကိုယ်ထဲကနေ ထွက်လာတာပေါ့ဟ" ရှန်းရင်က ခပ်ပေါ့ပေါ့ ဖြေတယ်။
"ဘယ်ကိုယ်-" ကူယွဲ့ စကားပြောနေရင်း ရပ်သွားပြီး တစ်စုံတရာကို မှတ်မိသွားသလိုမျိုး မျက်နှာ တင်းမာသွားတယ်။
"ကျူးကျော်သူကိုယ်ထဲမှာ ပိတ်မိနေတဲ့ မူလဝိညာဉ်ပဲ"
"အင်း" ရှန်းရင်က သူ့လက်ထဲက ဟင်းပွဲတွေကိုယူပြီး တူကို ကောက်ကိုင်ကာ ချက်ချင်း စစားတော့တယ်။
"ဗိုက်ဆာလိုက်တာ"
ကူယွဲ့ အမူအရာမှာ ထိတ်လန့်မှုပဲရှိနေတဲ့ အဲဒီတစ္ဆေလိုလိုအရိပ်ကို လှမ်းကြည့်လိုက်တယ်။ သေချာကြည့်ကြည့်တော့ တကယ်ကို ခုလက်ရှိ ကျင်းချီနဲ့ ခပ်ဆင်ဆင် ခန္ဓာကိုယ်ရှိတယ်။ ဒါပေမဲ့ အရမ်းကို အားနည်းနေပြီး လေနည်းနည်းတိုက်တာနဲ့တင် လွင့်၊ မီးခိုးလိုမျိုး ဖောက်ထွင်းမြင်နေရတယ်။
"သူ ဘယ်လိုလုပ် ဒီနေရာမှာ နေဖြစ်သွားတာလဲ"
အမူအရာက မျက်နှာသေ။
"သူက ကျင်းချီကိုယ်ထဲမှာ ဖိနှိပ်ခံထားရပြီး အပြင်ကို မထွက်နိုင်ဘူးမလား"
ရှန်းရင် စားသောက်နေရင်း အနားယူချိန် ပြန်ဖြေလိုက်တယ်။
"စားဖိုမှူးရဲ့ဓားချီ"
ကူယွဲ့ မှင်တက်သွားပြီး စောနကပြိုင်ပွဲကို သတိရသွားတယ်။
"ဆိုလိုတာ စားဖိုမှူးရဲ့ဓားချီက သူ့ကို အတင်းအကြပ် တန်းထွက်သွားစေတယ်ပေါ့"
"အင်း"
"ဒါပေမဲ့ မဖြစ်နိုင်ဘူး၊ ဓားချီက ဘယ်လိုလုပ် အဲဒါကိုထုတ်ဖို့ လုံလောက်မှာလဲ၊ ကျူးကျော်သူက ကြမ္မာကြောင့် ဖိနှိပ်ထားနိုင်တာလေ..."
ခဏ၊ သူတို့ စောနက စားဖိုမှူးကို ပြန်ခေါ်လာချိန် ကျင်းချီကိုယ်ပေါ်က ကြမ္မာက... အတော်လေး ကုန်ခမ်းသွားတဲ့ပုံပဲ။ စားဖိုမှူးရဲ့ ရုတ်တရက် ဓားချီပေါက်ကွဲမှုအပြင် ဒါကြောင့် မူလဝိညာဉ်ပေါ် ဖိနှိပ်ထားမှုကို ဆုံးရှုံးလိုက်ရပြီး ဒီတစ်ယောက်က ညှစ်ထွက်လာတာပေါ့။
"ဒီလိုဖြစ်မယ်ဆိုတာ အစောကတည်းက ခန့်မှန်းမိလို့ စားဖိုမှူးကို တိုက်ခိုက်ခွင့်ပေးခဲ့တာလား"
ကြည့်ရတာတော့ သူ စားဖိုမှူးနဲ့ မတိုက်ခိုက်ခင် အဲကောင်လေးပေါ်က ကြမ္မာက များပြားခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ သိပ်မကျန်တော့ဘဲ နဂိုမူလဝိညာဉ်တောင် ညှစ်ထုတ်ခံလိုက်ရတယ်။
ရှန်းရင်က ပြန်မဖြေဘဲ ရေသောက်ရင်းမှ နားချိန်ယူပြီး ပြောတယ်။
"ဖေဖေနျို စားသောက်ပြီးရင် ခဏလောက် နင် စားဖိုမှူးရဲ့ အဲရည်းစားလေးကို သွားခေါ်လာခဲ့စမ်းပါ"
"ဘာလို့လဲ" ကူယွဲ့ လှမ်းကြည့်လိုက်တယ်။ သူက မင်းရဲ့ မိန်းကလေးပရိသတ်အသစ် မဟုတ်ဘူးလား။
"ဆရာ ကျွန်တော့်ကို သွားခွင့်ပေးပါ" ယိချင်းက မီးဖိုချောင်ထဲက ထွက်လာပြီ။ သူက ရှန်းရင်ရှေ့က စားပွဲပေါ် ဟင်းပွဲတွေ တစ်ခုပြီးတစ်ခု ခင်းကျင်းပေးတယ်။ နောက်တော့ သူ့ကိုယ်ပုံသဏ္ဌာန်က ဖျတ်ခနဲလက်သွားပြီး ပျောက်သွားခဲ့တယ်။
တစ်ခဏအတွင်း သူက စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ကလေးမတစ်ယောက်ကို သူတို့နှစ်ယောက်ဆီ ခေါ်လာတယ်။
"မကြီး" ပိုင်ဟယ့်မျက်လုံးတွေက ချက်ချင်း တောက်ပကုန်ပြီး ရှန်းရင်ဆီ ခုန်ပေါက်ကာ ပြေးဝင်လာတယ်။
စားဖိုမှူးက အမြန်ရွှေ့ပြီး သူမကို ချက်ချင်း နောက်ပြန်ဆွဲထားလိုက်တယ်။
ပိုင်ဟယ်က သူမနောက်ကယိချင်းကို မီးလုံးလို ချက်ချင်း စိုက်ကြည့်တော့တယ်။
"ဒီလူက နင့်တာဝန်ပဲ" ရှန်းရင်က ရုတ်တရက် စကားပြောလာပြီး အူကြောင်ကြောင် အမူအရာဖြစ်နေကာ သတိစတင် ဆုံးရှုံးနေပြီဖြစ်တဲ့ တစ္ဆေကို လက်ညှိုးထိုးပြတယ်။
"ဘယ်သူလဲဟင်" ပိုင်ဟယ်လည်း လန့်သွားပြီး ခုမှ ဘေးက တစ္ဆေကို မြင်သလိုနဲ့ ထအော်တယ်။
"တ-တစ္ဆေ မကြီး ကြောက်စရာကောင်းလိုက်တာ"
သူမရဲ့ မျက်နှာလေးက ဖြူဖျော့သွားပြီး ရှန်းရင်ဆီ နောက်တစ်ကြိမ် ပြေးဝင်ဖို့လုပ်တယ်။
ဒါပေမဲ့ အရပ်အားသာချက် ရှိတဲ့ ယိချင်းတားတာ ခံလိုက်ရပြန်ပြီး ကောင်မလေးရဲ့ လည်ထောင်ကို ဆွဲဖမ်းကာ ပစ်ထုတ်တယ်။
ဟမ့် ခွေးမလေး ငါသာ မင်းကို ဆရာ့နား တကယ်ကပ်ခွင့်ပေးရင် စားဖိုမှူးလို့ ခေါ်မနေတော့ဘူး။
╭(╯^╰)╮
"ရှန်းရင် မင်းဘာလုပ်နေတာလဲ"
ကူယွဲ့ မျက်နှာက လုံးဝကို ဇဝေဇဝါဖြစ်နေတယ်။
"ဘာလို့ သူ့ကို ကလေးမတစ်ယောက်ဆီ ပေးနေတာလဲ" အဲကျူးကျော်သူ ထပ်စီးနင်းတာခံရရင် ဘယ်လိုလုပ်မတုံး။
"အာ" ရှန်းရင်ခေါင်းက စောင်းသွားတယ်။
"တစ္ဆေတွေက မုန့်ပေါ် တာဝန်ယူထားတာ မဟုတ်ဘူးလား"
"တစ္ဆေတွေက တကယ်ပဲ မုန့်ပေါ်ရဲ့တာဝန်လေ၊ ဒါပေမဲ့ ဒါက ဘာဆိုင်..." သူ ပြောနေရင်း ရပ်သွားပြီး စိတ်ထဲ တစ်ခုခု တောက်ခနဲ နှိပ်ခံလိုက်ရသလိုမျိုး ဘေးက မိန်းကလေးဘက် လှည့်လိုက်တယ်။
"မင်းက မုန့်ပေါ်ပဲ"
ပိုင်ဟယ်က မှင်တက်သွားပြီး သူမမျက်နှာက ဇဝေဇဝါအပြည့်။
"ဘာမုန့်..." သူမ မေးမလို့ရှိသေး အကြည့်က ရုတ်တရက် ပြောင်းလဲသွားတယ်။
နဂိုအပြစ်ကင်းစင်တဲ့ အမူအရာက နားလည်တဲ့ အကြည့်မျိုးနဲ့ အစားထိုးသွားတယ်။ သူမကိုယ်ပတ်လည်က အရှိန်အဝါကလည်း တစ်ချိန်တည်းမှာ ပြောင်းလဲလာတာ စည်းချိပ်တချို့ ရုတ်တရက် ပြိုကွဲသွားတဲ့အတိုင်းပဲ။ တစ်ခဏအကြာမှာ သူမက နှမြောတသဟန် သူတို့ကို ပြုံးပြတယ်။
"ဂိုဏ်းချုပ်က တကယ်ကို စီမံထိန်းသိမ်းသူပဲ၊ ဒါတောင် မှတ်မိတယ်ပေါ့"
သူမကိုယ်က ရုတ်တရက် ပိုင်ဟယ်ပုံစံကနေ အဲဂျပုလေးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူမက နည်းနည်းဆူပုတ်ပုတ်နဲ့ ပြောတော့တယ်။
"ကျွန်မ မှတ်ဉာဏ်ကို သေချာချိပ်ပိတ်ပြီးပြီဆိုတာ အရှင်းလင်းကြီးကို"
ကူယွဲ့ ။ ။ "..." ဒါ အစစ်ပေါ့
ဟိုလီရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်ရှစ်
"မင်း အစောကြီးတည်းက သိနေတာပဲ"
ကူယွဲ့ ရှန်းရင်ကို မယုံနိုင်စွာ စိုက်ကြည့်ပြီး တစ်ခုကို သတိရသွားတော့ စားဖိုမှူးကိုလည်း လှည့်ကြည့်လိုက်တယ်။
"မင်းလည်းသိတယ်"
"အင်း" နှစ်ယောက်သားက တူတူခေါင်းညိတ်တယ်။ ဒါသိသာလွန်းတယ် မဟုတ်ဘူးလား။
"ဘာ'အင်း'တုံး" သူ နည်းနည်း ရူးသွပ်သွားတယ်။
"ဘာလို့တစ်ယောက်မှ ငါ့ကိုမပြောတာလဲ" အသင်းဖော်တွေအတွက် ချစ်ခင်မှုက ဘာဖြစ်သွားတာလဲ။ ကြိုသတိပေးတော့ နာမှာမို့လို့လား။
"အာ" နှစ်ယောက်သားက အချင်းချင်းကြည့်ကာ တစ်ယောက်တည်းလို အတူတူပြောတယ်။
"သိမယ်ထင်နေတာ"
"ငါက ဘယ်လိုလုပ် သိမှာလဲ" သိရင်တောင် ထူးဆန်းနေမှာ ဟုတ်ပြီလား။
သူမရှေ့ကလူက ရူးတော့မလို ဖြစ်နေတာ မြင်တော့ ရှန်းရင် ရုတ်တရက် မော့ကြည့်လိုက်တယ်။
"ဖေဖေနျို နင် တစ်ခါမှ လက်ထောက်လုပ်ပိုင်ခွင့်ကို အသက်မသွင်းခဲ့ဘူးလား"
"ဘာလက်ထောက်..." သူ တစ်ခဏ မှင်တက်သွားတယ်။ စိတ်ထဲလှုပ်ရှားမှုတစ်ခုနဲ့အတူ အလင်းရောင်တချို့ သူ့မျက်စိရှေ့ရုတ်တရက် ဖျတ်ခနဲတောက်ပသွားပုံပဲ။ နောက်အခိုက်အတန့်မှာ သူ့ရှေ့ကအရာအားလုံး မတူညီတော့ဘူး။ အထူးသဖြင့် ပိုင်ဟယ်ပဲ။
“နောက်ကျိကျိ အကြွင်းအကျန်အသိဥာဏ်” ဆိုတဲ့ စာလုံးတွေက သူမခေါင်းပေါ် ရုတ်တရက် ပေါ်လာတယ်။ သူမနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံး သူ့စိတ်ထဲ ရုတ်တရက်ပေါ်လာတာက ဇာတ်ကောင်မိတ်ဆက်ကို ဖွင့်လိုက်သလိုမျိုးပဲ။ ဘေးက တစ္ဆေတောင် သူ့ခေါင်းပေါ် "ကျင်းချီ" ဆိုတဲ့စာလုံးက လွင့်မျောနေတယ်။ ဒါပေမဲ့ သူ့အချက်အလက်က ဆယ်နှစ်အထိပဲရှိသေးပြီး နောက်ပိုင်း ဘာမှမရှိတော့ဘူး။
ချီး ဒါဆို စီမံထိန်းသိမ်းသူလက်ထောက်မှာ တကယ်ကို ဒီလိုထူးခြားတဲ့ လုပ်ဆောင်ချက်ရှိနေတာကိုး
"နောက်တစ်ကြိမ်၊ ဘယ်လက်ထောက်လုပ်ဆောင်ချက်တွေနဲ့ပဲ ဖြစ်ဖြစ် ကျေးဇူးပြုပြီး ငါ့ကိုကြိုတင် သတိပေးလို့ရမလား" သူ ရှန်းရင်ကို စိုက်ကြည့်လိုက်တယ်။ ငါက လက်ထောက်နော်၊ အထိန်းတော်မဟုတ်ဘူး
"ဒီလိုအသေးစိတ်တွေအပေါ် သိပ်ပြီးစိတ်ထဲမထားပါနဲ့"
"ထွက်သွား"
မင်း သောက်ကျိုးနည်း ပျင်းနေရုံ မဟုတ်လား။
"ခဏ" သူ ရုတ်တရက် ပြဿနာတစ်ခုကို သတိရသွားတယ်။ သူ စားဖိုမှူးဘက် လှည့်ကြည့်လိုက်တယ်။ ရှန်းရင်က စီမံထိန်းသိမ်းသူမို့ မုန့်ပေါ်ကို မှတ်မိတာ မဆန်းဘူး။
"ဒါဆို မင်းကရော သူ့ကိုဘယ်လိုမှတ်မိတာလဲ"
သူက လက်ထောက်အစစ် မဟုတ်သေးဘူးလေ။
ယိချင်းက သူ့ကို ကြည့်ကာ လုံးဝလေးနက်မှုအပြည့်နဲ့ ပြန်ဖြေတယ်။
"ဘာလို့လဲဆိုတော့ သာမန်လူဘယ်သူမှ ဆရာ့ကို ပထမအကြည့်တစ်ချက်နဲ့တင် မမြင်နိုင်လို့ပဲ"
ကူယွဲ့ ။ ။ "..."
မုန့်ပေါ် ။ ။ "..."
ရှန်းရင် ။ ။ "..." ခွေး*သားလေး
သူမ တစ်နေရာရာကို ဓားနဲ့ ထိုးခံလိုက်ရသလိုပဲ။
…
အခန်း ၃၃၅ ။ တည်တံ့သော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ
ယိချင်းက ရှေ့ကိုတက်လာပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တစ္ဆေကို မုန့်ပေါ်ဘက် တွန်းပို့လိုက်တယ်။
"ဒီတစ်ယောက်က မင်းတာဝန်ပဲ"
"အိုး" အဲတော့မှ မုန့်ပေါ်အာရုံက ပြန်ရောက်လာတယ်။ သူမက လက်သိုင်းကွက်တစ်ခု ထုတ်လိုက်တော့ တစ္ဆေက ချက်ချင်း အရောင်လက်သွားပြီး မုန့်ပေါ်လက်ဖဝါးထဲ အလင်းရောင်လေးတစ်ခုအနေနဲ့ ပျံသန်းသွားခဲ့တယ်။
တစ္ဆေကို သိမ်းပြီးတဲ့နောက် သူမက ရှန်းရင်ကို လှမ်းကြည့်ကာ မျက်ဝန်းတွေ တောက်ပနေတယ်။
"ဂိုဏ်းချုပ် ကျေးဇူးပြုပြီးစိတ်ချပါ၊ ကျွန်မ သူ့ကို ကိုယ်တိုင်လိုက်ပို့လိုက်ပါ့မယ်"
ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"အင်း၊ နင် သွားလို့ရပြီ"
"ဂိုဏ်းချုပ်..." မုန့်ပေါ်က သူမကိုကြည့်ကာ တစ်ခုခုပြောချင်ဟန် မျက်လုံးတွေက လေးလံသွားတယ်။
"ကျွန်မ... နည်းနည်းလေးပဲ ထပ်နေလို့မရဘူးလား"
ရှန်းရင် ပြန်မဖြေခင် သူမဘေးက ယိချင်းက တကယ်ကြီး ဘေးကို ရှောင်သွားပြီး ရဲတင်းစွာ ပြောလာတယ်။
"မင်းအတွက် စားသောက်ဖို့မပြင်ထားဘူး"
"..." ဘယ်သူက စားသောက်ဖို့ ပြောမိလို့လဲ။
မုန့်ပေါ်အရမ်းကို စိတ်တိုသွားတယ်။ ရှန်းရင်က သူမကို ဆက်ခေါ်ထားဖို့ ရည်ရွယ်ချက် မပြတာ မြင်တော့ သူမက လှည့်ထွက်ကာ ပြန်လာခဲ့ရတယ်။ သူမ လမ်းလျှောက်ရင်း ပြန်ပြန်လှည့်ကြည့်နေတာလည်း အကြိမ်ကြိမ်။
"ကျူးကျော်သူပိတ်လှောင်ခဲ့တဲ့ တစ္ဆေက အပြင်ထွက်သွားပြီ၊ ခု ငါတို့ သူ့ကို သူ့မျက်နှာပြင်ဆီ ပြန်မောင်းထုတ်ဖို့ပဲလိုတော့တာ၊ ဒါပဲမလား" ကူယွဲ့ ရှန်းရင်ကို ကြည့်လိုက်တယ်။ သူ့အမူအရာမှာ ပြောနေတာက တကယ်လို့ ငါသိတယ်ထင်နေတာဆိုပြီး နောက်တစ်ခွန်း ထပ်ပြောရဲရင် မင်းစားသောက်စရိတ်ကို လျှော့ပစ်မယ်။
"အင်း" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"ငါ ဒါဆို အဲငတုံးလေးကို သွားခေါ်လိုက်မယ်" နတ်ကောင်းကင်ဂိုဏ်းကလူတွေ မပြန်ခင်လုပ်ဖို့ ကူယွဲ့ ထရပ်လိုက်တယ်။ အဲကျူးကျော်သူကို သူ့နဂိုမျက်နှာပြင်ဆီ မောင်းထုတ်လိုက်သရွေ့ ဒီကိစ္စကို ဖြေရှင်းပြီးပြီ။
သူ တစ်ဖက်လှည့်နေတုန်းမှာတင် ခေါင်းလောင်းသံတွေ မိုးကောင်းကင်စက်ဝန်းကနေ ရုတ်တရက် ထွက်လာတယ်။ ခေါင်းလောင်းသံတစ်ချက်ချင်းစီက အရင်တစ်ကြိမ်ထက် ပိုကျယ်လောင်လာပြီး အသံကို လောကသုံးခွင်လုံး ကြားနေရတယ်။ ဆယ်ကြိမ်တိတိ မြည်သွားခဲ့တယ်။
အဲဒါဘာလဲ။
"မင်းတို့ ကြားတယ်မလား" သူ နှစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။
ယိချင်းက ခေါင်းညိတ်ပြီး သူ့အမူအရာကလည်း ဇဝေဇဝါ။
အဲဒါဘာလဲ။
သူတို့ သေချာစဉ်းစားဖို့ အချိန်မရှိခင် လော့ဟုန်က အလောတကြီး ပျံသန်းလာကာ သူ့မျက်နှာက ဖြူဖျော့ပြီး အမူအရာက ပျာယာခတ်နေတယ်။ သူ့ခြေလှမ်းတွေကလည်း ယောင်ယတ်ခတ်နေပြီး ကူယွဲ့ကို အလောတကြီးပြောတယ်။
"ဆရာသခင် အဲဒါကိုကြားလိုက်လား၊ ခေါင်းလောင်းသံဆယ်ချက်... ပုံရိပ်ယောင်ပင်လယ်က ခေါင်းလောင်းသံတွေ ထွက်လာတာပဲ"
"ဘာကိစ္စလဲ" ကူယွဲ့ လုံးဝ ဇဝေဇဝါဖြစ်နေတယ်။ ဘာခေါင်းလောင်းသံ ဆယ်ချက်လဲ။
"ကျုပ်ကို ရှင်းရှင်းပြော၊ ဘာခေါင်းလောင်းသံဆယ်ချက်လဲ"
"ပုံရိပ်ယောင်ပင်လယ်က သားရဲဒီရေလှိုင်းပါ ဆရာသခင်"
သူ စိတ်ပူပန်လွန်းနေလို့ ခန္ဓာကိုယ်ကတောင် အတော်လေးစတုန်ယင်လာတယ်။
"စောနလေးတင် ခေါင်းလောင်းသံဆယ်ကြိမ် ထွက်လာတာ၊ ခုလောက်ဆို ပုံရိပ်ယောင်ပင်လယ်က စည်းတံဆိပ် ပြိုကွဲသွားလောက်ပြီ၊ ဂိုဏ်းတွေက တားဆီးဖို့ ထွက်သွားကြပါပြီ"
ကူယွဲ့ လှည့်ကြည့်လိုက်တော့ တကယ်ပဲ ဂိုဏ်းတွေကနေ လူအုပ်ကြီးတွေ ပျံထွက်လာကာ မြောက်ဘက်အရပ်ဆီ အပြေးအလွှားသွားနေတာ မြင်လိုက်ရတယ်။
"သားရဲဒီရေက ထျန်းလန်လောကသုံးခွင်ဆီ ဖောက်ဝင်ပြီးပြီ၊ အချိန်မီမတားရင် ထျန်းလန်လောကသုံးခွင်လုံး ပျက်စီးတော့မယ်၊ ခုလောက်ဆို ဂိုဏ်းတွေက အတော်ဆုံးတပည့်တွေအားလုံး ထွက်ခွာပြီး အလောတကြီးသွားနေလောက်ကြပါပြီ" လော့ဟုန် စိတ်မရှည်စွာ ပြောတော့တယ်။
"ကျွန်တော် ဆရာသခင်ကို မေးချင်လို့ပါ၊ သားရဲဒီရေကိုတားဖို့ ပုံရိပ်ယောင်ပင်လယ်ဆီ ဂိုဏ်းလူအရေအတွက်အပြည့်နဲ့ သွားသင့်ပါသလား"
သားရဲလှိုင်းလား။
ဘယ်တုန်းတည်းက ထျန်းလန်လောကသုံးခွင်မှာ ဂိုဏ်းတွေအားလုံး အတူတူသွားတားရတဲ့ ဒီလိုဆိုးဆိုးဝါးဝါး ဖြစ်စဉ်ရှိခဲ့တာလဲ။
"အုတ်မြစ်အခြေတည်အဆင့်နဲ့ အထက်က တပည့်တွေအားလုံးကို စုဝေးလိုက်၊ ကျန်တဲ့သူတွေက ဂိုဏ်းမှာနေရစ်မယ်"
တကယ်လို့ ဒါက တကယ်ပဲ သားရဲဒီရေဆို ချီမွမ်းမံမှုအဆင့်ကလူတွေ သွားရင်တောင် သေသွားလိမ့်မယ်။
"ကောင်းပါပြီ" လော့ဟုန်က ခေါင်းညိတ်ကာ တပည့်တွေကို စုဆောင်းဖို့ လှည့်ထွက်သွားတယ်။
"သွားကြစို့ စားဖိုမှူး၊ ရှန်းရင်" ကူယွဲ့ လှည့်ပြောလိုက်တယ်။
"အိုး"
ကူယွဲ့ အပြင်ခြေထောက်ချရုံပဲရှိသေး တစ်ယောက်သော အစားသရဲကို ဆွဲခေါ်ဖို့ ပြန်လှည့်လာပြီး စားဖိုမှူးဆီ ပေးလိုက်တယ်။ အဲတော့မှ သူ ပင်မတောင်ထွတ်က ဧည့်သည်ခန်းမဆီ ပျံသန်းလာခဲ့တယ်။
လော့ဟုန်က အရှိန်မြန်တာပဲလား လူတိုင်းက ခေါင်းလောင်းသံတွေကိုကြားပြီး သူတို့ဘာသာ စုဝေးနေကြတာလားတော့မသိ။ သူတို့ရောက်ချိန် အုတ်မြစ်အခြေတည်အဆင့်အထက် တပည့်တွေအားလုံး ဧည့်သည်ခန်းမရှေ့က ရင်ပြင်ရှေ့ စုဝေးနေကြပြီ။ သူတို့ကိုမြင်တော့ လော့ဟုန်က ရှားရှားပါးပါး ဘာမှများများစားစားမပြောဘဲ “ထွက်ခွာ” လို့သာ ပြောကာ လက်ယမ်းပြီး လူတိုင်းကို မြောက်ဘက်ဆီ ခေါ်သွားခဲ့တယ်။
ကူယွဲ့ လမ်းရောက်တော့မှ မေးခွင့်ရခဲ့ပြီး ဒီသားရဲဒီရေနဲ့ပတ်သက်ပြီး အခြေအနေကို နားလည်သွားတယ်။ ထျန်းလန်လောကသုံးခွင်မှာ နှစ်တစ်ရာတိုင်း သားရဲဒီရေက မြောက်ဘက်အကျဆုံး ပုံရိပ်ယောင်ပင်လယ်မှာ ဖြစ်ပွားနေကျပဲ။ ပုံရိပ်ယောင်ပင်လယ်က သားရဲတွေက မြေပေါ်ကိုတက်လာဖို့ အခွင့်ကောင်းယူပြီး ထျန်းလန်လောကသုံးခွင်က လူတွေကို တိုက်ခိုက်တော့တာပဲ။ ပြီးတော့ သားရဲအရေအတွက်ကလည်း ကြီးပြီး အမြဲနီးပါး ထောင်ဂဏန်းပဲ။
ပြီးတော့ အများစုက သတ္တမအဆင့်သားရဲတွေပါ၊ တချို့ဆို ဒဿမအဆင့်ထက်တောင် ကျော်နေတယ်။ အရင်က ရှေးဟောင်းအမည်မသိကျင့်ကြံသူထားခဲ့ပြီး သားရဲတွေကို ဖယ်ထားလို့ရအောင် မျက်နှာပြင် ဖန်တီးထားတဲ့ ရှေးအင်းကွက်တစ်ခုရှိခဲ့တယ်။
အရင်က ဂိုဏ်းတွေက သားရဲဒီရေလှိုင်းကို ပြန်အနိုင်ယူဖို့ခေါင်းစဉ်နဲ့ ပုံရိပ်ယောင်ပင်လယ်ဘေး စုဝေးကြပေမဲ့ တကယ်တမ်းကျ မျက်နှာပြင်ကနေ ဖောက်ထွက်လာတာတွေကိုပဲ သတ်ခဲ့ကြတာ။
"ခုနောက်ပိုင်း ရာစုနှစ်တွေမှာ အဲရှေးဟောင်းအင်းကွက်ရဲ့ အစွမ်းက အားနည်းလာတယ်၊ နှစ်တစ်ရာ မပြည့်ခင် သားရဲလှိုင်းတွေက ခဏခဏရောက်လာသလို လွတ်လာတဲ့ မိစ္ဆာသားရဲ အရေအတွက်ကလည်း တိုးလာတယ်"
လော့ဟုန် ပျံနေရင်း သက်ပြင်းချလိုက်တယ်။
"ဒီတစ်ကြိမ် ရုတ်တရက် ခေါင်းလောင်းမြည်ပြီး ကြည့်ရတာ ရှေးဟောင်းအင်းကွက်က နောက်ဆုံးတော့ အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သားရဲလှိုင်းကို အထဲဝင်လာခွင့်ပေးလိုက်ရပုံပဲ၊ ထျန်းလန်လောကသုံးခွင်က ဒါကို ရှင်သန်နိုင်ပါ့မလား မသေချာဘူး"
သူ့မျက်နှာရော နောက်ကတပည့်တွေပါ ဝမ်းနည်းမှုအပြည့်ဆိုပေမဲ့ ဘယ်သူမှ နောက်မဆုတ်ကြ။ သူတို့ တခြားနည်းလမ်းမရှိတာ ရှင်းရှင်းလင်းလင်းသိတာမို့ မြောက်ဘက်ကိုပဲ အသည်းအသန် တစ်ရှိန်ထိုး သွားခဲ့တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ ပုံရိပ်ယောင်ပင်လယ်ကို သိတယ်။ အရင်က မျိုးနွယ်စုကြီးလေးခုရဲ့ ရိမျိုးနွယ်က ပုံရိပ်ယောင်ပင်လယ်ရဲ့အစွန်းဖျားကို စောင့်ကြပ်ခဲ့တာ မှတ်မိတယ်။ အဲအချိန်တုန်းက ပိုင်ဇယ်က ရိမျိုးနွယ်စုမှာနေပြီး အဲသားရဲတွေ ကုန်းပေါ်တက်မလာအောင် တားဆီးခဲ့တာ။ နောက်တော့ ကောင်းကင်လောကရဲ့ ကျောင်းလုံက နဂါးစိမ်းလေးပဲဖြစ်နေသေးချိန် သားရဲဒီရေကို တစ်ကြိမ်ဦးဆောင်ပြီး ပိုင်ဇယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်တော့ ရိမျိုးနွယ်စုကို သူ့သခင်အဖြစ် လက်ခံဖို့ ရှန်းရင်ဖိအားပေးတာခံလိုက်ရပြီး ပုံရိပ်ယောင်ပင်လယ်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့တယ်။
နောက်တော့ ကျောင်းလုံက မသေမျိုးတက်လှမ်းမှုအောင်မြင်ခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါင်း ဒီလောက်အကြာမှာ ပုံရိပ်ယောင်ပင်လယ်ကသားရဲတွေ ဒီလောက်အရေအတွက်ထိ ကြီးထွားလာမယ်မထင်ခဲ့ဘူး။ ကူယွဲ့ တစ်ခုခုလွဲနေသလို ဝိုးတဝါးခံစားရပေမဲ့ ဘာလဲစဉ်းစားမရဘူး။
"ရောက်ပြီ" လော့ဟုန် ရုတ်တရက် ရပ်သွားတယ်။
အမှန်ပဲ၊ သူတို့တွေ အောက်ဘက်မှာ သားရဲတွေနဲ့ တိုက်ခိုက်နေတဲ့ ဂိုဏ်းအသီးသီးက တပည့်တွေကို မြင်နေရပြီ။ အများစုကတော့ သုံးယောက်ကနေငါးယောက်ထိ သားရဲတစ်ကောင်၊ နှစ်ကောင်နဲ့ တိုက်ခိုက်နေကြတာ။ ကြည့်လိုက်တော့ စတုတ္ထ၊ ပဉ္စမအဆင့်တွေ။
"အုတ်မြစ်အခြေတည်တပည့်တွေ၊ ဆင်းသွားပြီး ကူညီလိုက်ကြ၊ ရွှေအမြုတေတပည့်တွေ ငါ့နောက်လိုက်ခဲ့" လော့ဟုန်ကမြင်နေကျအမူအရာနဲ့ အမိန့်ပေးပြီး ရှေ့ဆက်ပျံသန်းတယ်။
သူတို့ဝေးဝေးရေယက်လာလေ မြေကြီးပေါ် သားရဲတွေနဲ့ကျင့်ကြံသူတွေ ပိုများလာလေပဲ။ နေရာတိုင်းမှာ သားရဲတွေကိုတိုက်ခိုက်နေတဲ့ ကျင့်ကြံသူတွေ။ တချို့က ဂိုဏ်းတွေရဲ့ တပည့်ဝတ်ရုံတွေဝတ်ထားပြီး တချို့ကတော့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေ ဖြစ်လောက်တယ်။ ကူယွဲ့ အံ့ဩရလောက်အောင် ခန္ဓာကိုယ်မှာ မိစ္ဆာဒိဋ္ဌိခပ်ဖျော့ဖျော့အရှိန်အဝါနဲ့လူတွေတောင် ရှိနေတယ်။
"အဲဒါ... မိစ္ဆာလမ်းစဉ်ကျင့်ကြံသူလား" ကူယွဲ့ ထိတ်လန့်သွားပြီး မျက်လုံးကိုတောင်မယုံနိုင်။
"အဲဒါက မီးခဲပြာဖုံးမိစ္ဆာလမ်းစဉ်ဂိုဏ်းရဲ့တပည့်လေ" လော့ဟုန်က ရွှေအမြုတေတပည့်တွေကို အောက်ဆင်းသွားဖို့ အမိန့်ပေးရင်းကနေ ခဏအနားယူလိုက်ပြီး သဘာဝကျကျလေသံနဲ့ပြောတယ်။ ဒီက မိစ္ဆာသားရဲတွေက စောနကနေရာထက်တောင် အဆပေါင်းများစွာ ပိုများပုံပဲ။
"မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကလည်း သားရဲလှိုင်းကို ရင်ဆိုင်ဖို့လာတာလား"
ကူယွဲ့ အလိုလို ထုတ်ပြောမိသွားတယ်။
"သူတို့တွေ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေမှာ မကြောက်ဘူးလား၊ တခြား..."
"ဆရာသခင်ကူယွဲ့" လော့ဟုန်က ရုတ်တရက် စကားပြောလာတယ်။ သူက ပထမဆုံးအကြိမ် သဘောမတူနိုင်၊ မယုံကြည်နိုင်တဲ့အသိမျိုးနဲ့ ခွန်းတုံ့ပြန်တော့တယ်။
"ဒီလိုပြောလို့ မဖြစ်ဘူးလေ"
"..." အာ။
"မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ကျွန်တော်တို့ဂိုဏ်းတွေနဲ့ ကျင့်ကြံတဲ့နည်းလမ်း နည်းနည်းကွဲပြားရုံပါ၊ ကျွန်တော်တို့အားလုံးက တန်းတူညီမျှ ကျင့်ကြံသူတွေပဲ၊ ‘ကျွန်တော်တို့’ နဲ့ ‘သူတို့’ ဆိုပြီးပြိုင်တယ်လို့ မမြင်ဘူး" သူက တရားနည်းလမ်းကျတဲ့ အမူအရာနဲ့ပြောတယ်။
"ပြီးတော့ အခုလောလောဆယ် ကျွန်တော်တို့က ရန်သူနဲ့ ရင်ဆိုင်နေရတာ၊ သေချာပေါက် တူတူရပ်တည်သင့်တာပေါ့"
"..." အမတဂိုဏ်းတွေနဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေကြားက ဆက်ဆံရေးက ခုလက်ရှိ တကယ်ကြီး အရမ်းကို သင့်မြတ်နေတယ်လား။
"ဆရာသခင်၊ ကျေးဇူးပြုပြီး နောက်ဆို ဒီလိုမျိုး လုံးဝထပ်မပြောပါနဲ့တော့၊ သူတို့အားလုံးက ကောင်းမွန်ပြီး တည်တံ့တဲ့ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေပါ"
…
အခန်း ၃၃၆ ။ ပုံရိပ်ယောင်ပင်လယ်မှ သားရဲဘေးဒုက္ခ
ကူယွဲ့က အံ့အားသင့်သွားတယ်။ လောကကြီးက တကယ်ပဲ မြန်မြန် ပြောင်းလဲနေတာပဲ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေတောင် ခု ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေဖြစ်နေပြီပေါ့။ သူ အတိတ်က ကြက်ကင်အစ်မကိုတောင် မှတ်မိသွားလေရဲ့။ အား တကယ်ပဲ အချိန်က မပြောင်းလဲနိုင်တာ တကယ်မရှိဘူးပဲ။
"အဲဒါ လက်လွတ်စပယ်ပြောမိတဲ့ မှတ်ချက်ပါ" သူ အလောတကြီး တောင်းပန်လိုက်တယ်။ ရှေ့မှာ ပိုပိုများလာတဲ့ သားရဲဒီရေကို ကြည့်ပြီး လေထဲကျန်ရစ်တဲ့ နှစ်ယောက်တည်းသော နတ်ဝိညာဉ်ကျင့်ကြံသူတွေကို လှည့်ကြည့်ကာ ပြောလိုက်တယ်။
"ခင်ဗျားတို့နှစ်ယောက် သားရဲဒီရေကို တားဖို့ ဒီမှာနေရစ်ခဲ့လို့ရတယ်၊ ကျုပ်တို့ ရှေ့ဆက်သွားပြီး တစ်ချက်ကြည့်လိုက်မယ်"
"ကောင်းပါပြီ" လော့ဟုန် ခေါင်းညိတ်လိုက်တယ်။ သူတို့ ဆက်သွားနေရင် သားရဲတွေက သူတို့ ရင်ဆိုင်နိုင်တဲ့အတိုင်းအတာတွင်း ဟုတ်တော့မှာမဟုတ်ဘူး။ သူ နတ်ဝိညာဉ်အဆင့်တက်လှမ်းကာစ ယိချင်းကို လှည့်ကြည့်လိုက်တယ်။
"ဒါဆိုယိ..."
"သူက ကျုပ်တို့နဲ့ လိုက်မှာ၊ စိတ်ချပါ၊ သူ သေချာပေါက်ရင်ဆိုင်နိုင်တယ်"
လော့ဟုန်က ခဏမှင်တက်သွားပေမဲ့ ဆက်မမေးတော့ဘူး။ သူက လက်သီးဆုပ်ကာ နှုတ်ဆက်တဲ့ အမူအရာနဲ့ စကားဆိုတယ်။
"ဆရာသခင်နှစ်ယောက်၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ" အဲလိုပြောပြီး သူက နှစ်ယောက်ကို နောက်တစ်ခေါက်ကြည့်ကာ အောက်ကသားရဲတွေဆီ ပျံဆင်းသွားခဲ့တယ်။
သုံးယောက်သား ရှေ့ကိုဆက်ပျံသန်းလာခဲ့ပေမဲ့ သူတို့ဝေးဝေးရောက်လာလေ ရှေ့ကမြင်ကွင်းကြောင့် ထိတ်လန့်လာလေပဲ။ သားရဲတွေက နေရာတိုင်းထူထဲနေတာပြီး ဒီရေတွေလို ပြေးဝင်လာတယ်။ သူ လှိုင်းလုံးကြီးတွေလိုပဲ မြင်ရတယ်။ အရင်က ဒီလောက်များတဲ့ မိစ္ဆာသားရဲတွေကို သူတစ်ခါမှမမြင်ဖူးဘူး။
"ဘယ်လိုလုပ် မိစ္ဆာသားရဲတွေ အဲလောက်များနေရတာလဲ" ပြီးတော့ သူတို့အဆင့်က မနိမ့်ဘူး။
သူတို့တွေ ရှေ့က တိုက်ခိုက်သံတွေကို ခပ်ရေးရေးကြားနေရပြီ။ သူ ကောင်းကင်စိတ်အာရုံနဲ့ လှမ်းကြည့်လိုက်တော့ အဲဒါတွေအားလုံးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေဆိုတာ သိလိုက်ရတယ်။ စုစုပေါင်းမှ ဒါဇင်ကျော်လောက်ပဲ။ သူတို့တွေက နောက်ကတပည့်တွေ မထိခိုက်အောင် ရှေ့ဆုံးမှာ ရပ်နေပြီး အဆင့်မြင့်သားရဲတွေကို တိုက်ခိုက်ရာမှာ အာရုံစိုက်နေတယ်။
ကြည့်ရတာ သားရဲလှိုင်းတွေက တကယ်ပဲ မကြာခဏဖြစ်ပုံပဲ။ ဂိုဏ်းတွေက ဆွေးနွေးစရာမလိုဘဲ သူတို့ခုခံရမဲ့နေရာကို ရှင်းရှင်းလင်းလင်းသိကြတယ်။
ကူယွဲ့လက်ကိုလှည့်လိုက်တော့ သူ့ပုလွေက ချက်ချင်း ဝိညာဉ်ဓားအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူ ရှန်းရင်နဲ့ စားဖိုမှူးကို တစ်ချက်ကြည့်ကာ ရှေ့ကအဲဒီနတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေဆီ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့တယ်။
အဲလူတွေကိုလည်း ရင်းနှီးနေသလိုပဲ။ သူတို့တွေက တကယ်ပဲ အရင်က ပြိုင်ပွဲအတွက် ရိုးသားမှုဂိုဏ်းဆီ လာခဲ့သူတွေပဲ။ ခေါင်းလောင်းမြည်သံတွေကိုကြားပြီး တန်းရောက်လာကြတာ ဖြစ်နိုင်တယ်။
ကူယွဲ့ သူတို့ရှေ့က အဆင့်၁၂ မိစ္ဆာသားရဲတွေဆီ ချက်ချင်း ဓားမိုးရွာခိုင်းလိုက်တယ်။ နဂိုတည်းက သူ မသေမျိုးတက်လှမ်းမှုကျင့်ကြံဆင့်ရှိပြီး ဖိနှိပ်ထားပေမဲ့ ဘုံနိမ့်မိစ္ဆာလေးတချို့ကတော့ သူ့ဝိညာဉ်ဓားကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ဓားတွေက သူတို့ကိုယ်တွေကို တန်းတန်းမတ်မတ် ဖြတ်သန်းသွားပြီး သားရဲတွေ မြေကြီးပေါ်ကျကုန်တယ်။
"ဆရာသခင်ကူယွဲ့" တိုက်ပွဲအတွက်ပြင်နေတဲ့ တုန်းဝူ ပျော်သွားတယ်။
"ဒီရောက်လာပြီပဲ"
ကူယွဲ့ ခေါင်းညိတ်ကာ သူတို့ကိုနှုတ်ဆက်ပြီး စားဖိုမှူးနဲ့ ပြေးဝင်သွားလိုက်တယ်။ ချက်ချင်းပဲ စောနက ရုန်းကန်နေခဲ့ရတဲ့သူတို့ အခု အများကြီးပိုလွယ်ကူသွားတယ်။ မိစ္ဆာသားရဲတွေက လှိုင်းတွေအဖြစ်နဲ့ ကျဆင်းသွားပြီး နေရတိုင်းမှာ ဓားချီနဲ့။
နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်တွေအားလုံး မှင်တက်ကုန်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ဓားကျင့်ကြံသူတွေက ကွဲပြားတယ်ဆိုတာကို သက်ပြင်းချရုံပဲတတ်နိုင်တယ်။ တစ်ယောက်ချင်းစီက သူတို့အရေအတွက်တချို့နဲ့ညီတာပဲ။ ဒါပေမဲ့ ကူယွဲ့ဘေးက အဲကြောက်ခမန်းလိလိဓားချီနဲ့ ကျင့်ကြံသူက ရွှေအမြုတေအဆင့် ထိပ်ဆုံးနေရာအတွက် နတ်ကောင်းကင်ဂိုဏ်းနဲ့တိုက်ခိုက်ခဲ့သူနဲ့ ဘာလို့ နည်းနည်းတူနေရတာလဲ။
သူတို့တွေ သေချာစဉ်းစားဖို့ အချိန်မရခင် နောက်တစ်ကြိမ် တိုက်ပွဲထဲပြန်ဝင်သွားခဲ့ရတယ်။
နှစ်ယောက်ထပ်ပူးပေါင်းလာတော့ သူတို့တွေ သားရဲဒီရေကို အကွာအဝေးတစ်ခုအထိ ပာန်ဖိနိုင်သွားခဲ့တယ်။ ဒါပေမဲ့ သားရဲအရေအတွက တကယ်ကိုများလွန်းတာ။ သူတို့တွေ ပင်လယ်ကမ်းခြေထိ ဆုတ်ပြီးတာနဲ့ ဆက်မဆုတ်တော့ဘူး။ ပင်လယ်ထဲကနေ အဆက်မပြတ် ထွက်ထွက်လာတဲ့ သားရဲတွေသာ ပိုပိုပြီးများလာလေရဲ့။
ပြီးတော့ တကယ်ကို အဆုံးမသတ်နိုင်တာ
ကူယွဲ့ တိုက်ခိုက်ရင်း ပိုလို့တောင်ထူးဆန်းလာတယ်။ ဒီအခြေအနေက မူမမှန်လွန်းဘူး။ ပြောရရင် သားရဲတွေက မိစ္ဆာတွေလို မဟုတ်ဘဲ အင်မတန်ခက်ခက်ခဲခဲနဲ့ အဆင့်တွေတက်ရတာမို့ သူတို့အသိဉာဏ်ကို အရင်ဆုံး မရကြဘူး။ ဒါကြောင့် သူတို့အရေအတွက်က ဘယ်တော့မှ မများပြားဘဲ အုပ်စုလိုက်လှုပ်ရှားမှု မရှိသလောက်ပဲ။ ဒါပေမဲ့ ထျန်းလန်လောကသုံးခွင်ကတော့ ရာစုနှစ်တိုင်း သားရဲဒီရေကို ကြုံရတယ်။ သူဘယ်လိုစဉ်းစားစဉ်းစား မှန်တဲ့ပုံမပေါ်သလိုပဲ။
သူ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းတော့ တကယ်ပဲနေရာနဲ့ အင်မတန် မလိုက်မဖက်ဖြစ်နေတဲ့ ထောက်တိုင်ကြီးလေးခုရှိနေတာ မြင်လိုက်ရတယ်။ နှစ်ခုက ကျိုးပဲ့နေပြီ။ ထူးဆန်းတဲ့ပုံစံတချို့ကို ထောက်တိုင်တွေပေါ် ဆွဲထားတယ်။ ဖြစ်နိုင်တာ ဒါက ထင်ယောင်ထင်မှားဖြစ်နိုင်တာဆိုပေမဲ့ သားရဲတွေက အဲတိုင်တွေကို ရှောင်နေတဲ့ပုံပဲ။
"အဲဒါဘာလဲ" သူ ဘေးက တုန်းဝူကိုမေးလိုက်တယ်။
"ဒါ သားရဲဒီရေကို တားခဲ့တဲ့ ရှေးဟောင်းအင်းကွက်ရဲ့ အုတ်မြစ်ပါ" တုန်းဝူ သက်ပြင်းချလိုက်တယ်။
"ခု သားရဲဒီရေကြောင့် ကျိုးသွားတာ နှမြောစရာပဲ"
"အတိအကျက ဘာအင်းကွက်လဲ" ပြင်လို့ရရင် ပြင်လို့ရနိုင်မှာပေါ့။
"မသိပါဘူး" တုန်းဝူက ခေါင်းယမ်းရင်း သူ့ဓားနဲ့ သားရဲတစ်ကောင်ကို ပိုင်းချလိုက်တယ်။
"ဒီအင်းကွက်နဲ့ ပတ်သက်တဲ့ ဗဟုသုတက ပျောက်ဆုံးသွားခဲ့တာကြာပြီ၊ ခုနောက်ပိုင်း နှစ်သန်းချီအတွင်း ဘယ်သူမှ ဒီအင်းကွက်အကြောင်း မသိကြဘူး"
ကူယွဲ့ မျက်လုံးတွေ မှောင်မည်းသွားခဲ့တယ်။
"ကျုပ်တစ်ချက် သွားကြည့်လိုက်ဦးမယ်" အဲလိုပြောကာ သူ့နောက်ကလူကို ကြည့်လိုက်တယ်။
"စားဖိုမှူး"
နောက်အခိုက်အတန့်မှာ ယိချင်းဓားက လက်ထဲ လှည့်သွားပြီး တစ်ကိုယ်လုံးပေါ်က ဓားချီတွေက ဓားဆန္ဒကိုဖန်တီးကာ နဂါးရှည်ကြီးတစ်ကောင် ကူယွဲ့ရှေ့တည့်တည့်က ဖြတ်သွားတယ်။ နဂါးအော်သံနဲ့အတူ ထောက်တိုင်တွေဆီ လမ်းတစ်ခုက ချက်ချင်း ရှင်းသွားခဲ့တယ်။
ကူယွဲ့ တန်းပျံသန်းသွားလိုက်ပြီး ထောက်တိုင်တွေမှာ ထွင်းထားတဲ့ ဓမ္မအသုံးအဆောင်တွေကို သေချာအနီးကပ် ကြည့်လိုက်ပေမဲ့ တစ်ခုမှနားမလည်။
"ဒါဘာပါလိမ့်"
အလိုအလျောက် ရှင်းပြချက် ရှိမလားလို့ သူ လက်ထောက်လုပ်ပိုင်ခွင့်ကို ဖွင့်ဖို့ပြင်လိုက်တယ်။
ဒါပေမဲ့ ယိချင်းက ရုတ်တရက် စကားပြောလာတယ်။
"ဒါနဂါးပိတ်လှောင်အင်းကွက်ပဲ"
"ဘာကြီး"
"ဒါ နဂါးမျိုးနွယ်ရဲ့ နဂါးပိတ်လှောင်အင်းကွက်ပဲ" ယိချင်းက ကျိန်းသေဟန်ပြောတယ်။
"နဂါးမျိုးနွယ်ရဲ့ အမွေအနှစ်ထဲ ဒီလိုအင်းကွက်ရှိတယ်"
ဒီတော့ ဒါက ကောင်းကင်မျိုးနွယ်ရဲ့ အင်းကွက်ပေါ့။ ခဏ ဒီအင်းကွက်က ကျောင်းလုံ အရင်က နဂါးဖြစ်လာပြီးနောက်ပိုင်း ချန်ထားရစ်ခဲ့တဲ့ဟာများလား။
"မင်း ဒီအင်းကွက်ကို ပြင်နိုင်လား" ကူယွဲ့ အလောတကြီး မေးလိုက်တယ်။
"ရတယ်" ယိချင်း ပင်လယ်ပေါ်က ထူထဲပြီး အဆက်မပြတ်ထွက်လာဆဲ သားရဲလှိုင်းတွေကို လှည့်ကြည့်လိုက်တယ်။
"ဒါပေမဲ့ ဒီအင်းကွက် ဖန်တီးမှုကို နှောင့်ယှက်ခံရလို့ မဖြစ်ဘူး၊ ခုလောလောဆယ်က..."
"ဒါလွယ်ပါတယ်" ကူယွဲ့မျက်လုံးတွေ တောက်ပသွားတယ်။ ပြင်နိုင်သရွေ့ အဆင်ပြေတယ်။
"မင်း အင်းကွက်ကို ပြင်ဖို့ပဲ အာရုံစိုက်"
အဲလိုပြောပြီး သူက ဖျတ်ခနဲ လူအုပ်ကြီးထဲ ပြန်သွားခဲ့တယ်။ သူက မော့ကြည့်ကာ ညာဘက်ခြမ်းဆီ လှမ်းအော်လိုက်တယ်။
"ဟေး ရှန်းရင် ဒီကိုမြန်မြန်ဆင်းလာပြီး စားဖိုမှူးကို နေရာကူရှင်းပေးလိုက်"
"အာ" သစ်ပင်ပေါ် ခြေထောက်လှုပ်ရင်း ထိုင်နေတဲ့ ရှန်းရင်က မျက်နှာပေါ် ပျင်းတိပျင်းရွဲအကြည့်နဲ့ ခေါင်းကို စောင်းတယ်။
ဘေးက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ ထိတ်လန့်ကုန်တယ်။ သားရဲဒီရေရဲ့ သက်ရောက်မှု မခံရတဲ့ အကောင်းအတိုင်း သစ်ပင်တစ်ပင် တကယ်ကြီးရှိနေတာ မပြောနဲ့ဦး၊ သစ်ပင်ပေါ်က အဲလူကရော ဘယ်သူလဲ။ ဘယ်တုန်းက ရောက်လာတာလဲ။ ဘာလို့ သူမ လာတာကို လုံးဝမမြင်လိုက်ရတာလဲ။
ပြီးတော့...
သူတို့ သစ်ပင်အောက်မှာ မြေကြီးကို ဝိုင်းနေတဲ့ သစ်သီးအူတိုင်တွေကို အလိုလို လှမ်းကြည့်မိလိုက်တယ်။ သူမ အဲမှာ အသီးတွေ စားနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။
"ညည်းမနေနဲ့၊ မြန်မြန်အောက်ဆင်းလာခဲ့"
အဲတော့မှ ရှန်းရင်က သူမခြေထောက်တွေကို ခါပြီး သစ်ပင်ပေါ်က ခုန်ချကာ ဖြည်းဖြည်းချင်း လျှောက်လာတယ်။
"အလုပ်ရှုပ်လိုက်တာ" သူမ ဗိုက်မဝသေးတော့ ရွှေ့ချင်စိတ် မရှိဘူး။
"မင်းရဲ့'အလုပ်များလိုက်တာ' ကို ခေါက်ထားလိုက် မြန်မြန်လုပ်"
ကူယွဲ့ လောလိုက်ပြီး သူမကို ဆွဲခေါ်ကာ သူ့ဓားကိုသူမလက်ထဲ အလိုက်သင့်ထိုးထည့်ပေးလိုက်တယ်။
"ကောင်းပြီ၊ မြန်မြန်လုပ် မင်းဗိုက်မဝသေးတာ ငါသိတယ်၊ ညစာကျ ပိုစားရမယ် ဟုတ်ပြီလား"
အဲလိုပြောပြီး သူ သူမကို မိစ္ဆာသားရဲအုပ်ကြီးထဲ တွန်းထည့်လိုက်တယ်။
"ဆရာသခင်ကူယွဲ့ ခင်ဗျား..." နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်တွေ ထိတ်လန့်ကုန်တယ်။ အဲကလေးမက မြင်သာတဲ့ကျင့်ကြံဆင့်တောင် မပြတာ။ သူ့ကို သေတွင်းပို့နေတာ မဟုတ်ဘူးလား။
တချို့က တားဖို့ ရှေ့တက်လာပေမဲ့ နောက်ကျလွန်းသွားပြီ။ အဲမိစ္ဆာသားရဲကြီးတွေ ပင်လယ်ကနေ တစ်ရှိန်ထိုး ပြေးတက်လာပြီး သူမကို ကိုက်ချဖို့ ပါးစပ်ကြီးတွေဟတာ မြင်လိုက်ရတယ်။
တုန်းဝူဆို လှမ်းတောင်အော်လိုက်မိတယ်။
"မိန်းကလေး သတိ-"
သူ မပြီးခင် သူမသက်ပြင်းချသံကို ကြားရပြီး ဓားကိုင်ထားတဲ့လက်ကို ရုတ်တရက် မြှောက်ကာ အတော်လေး ပြောင်ချော်ချော်အမူအရာနဲ့ ရှေ့ဘက်ကို လွှဲယမ်းလိုက်တာ မြင်လိုက်ရတယ်။
ချက်ချင်း ဓားဘေးမှာ အဖြူရောင်မျဉ်းတစ်ခု ပေါ်လာပြီး ပင်လယ်ဆီ ဖျက်ဆီးပစ်နိုင်ကာ အစွမ်းကြီးတဲ့ အပြုအမူနဲ့ ရှေ့တက်သွားတယ်။
ချက်ချင်း သားရဲလှိုင်းအုပ်ကြီးက ခါးကနေ နှစ်ပိုင်းပြတ်ကုန်တယ်။ သားရဲတွေလုပ်ထားတဲ့ လှိုင်းကြီးတွေတောင် ကျသွားပြီး ပင်လယ်မျက်နှာပြင်က သွေးရဲရဲနီသွားခဲ့တယ်။
ပကတိတိတ်ဆိတ်မှုအပြည့်။
တုန်းဝူ ။ ။ ".."
အားလုံး ။ ။ "..."
သူတို့ ဘယ်နေရာမှာလဲ။ ခုလေးတင် ဘာဖြစ်သွားတာလဲ။