← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း ၃၃၇ ။ ထူးဆန်းသော မိစ္ဆာဒီရေလှိုင်း

"ပင်ပန်းလိုက်တာ" ရှန်းရင် ဓားကို ဖေဖေနျို့ဆီ ပြန်ကမ်းပေးလိုက်ပြီး သူမပခုံးတွေကျသွားကာ အမူအရာက ဆူပုတ်ပုတ်နဲ့။

"ငါသိတယ် ငါသိတယ်" ကူယွဲ့က ဓားကိုကြည့်ပြီး သူ့ဘေးကသိုလှောင်အိတ်ကို ယူလ်ုက်တယ်။

"ငါစောနက မင်းအတွက် စားစရာထုတ်ပေးလာတာ၊ သစ်ပင်မှာ ပြန်သွားစားချေ"

ရှန်းရင် မျက်လုံးတွေ တောက်ပသွားတယ်။

"ကောင်းပြီ ဖေဖေနျို၊ ပြဿနာမရှိပါဘူး ဖေဖေနျို" ချက်ချင်း သူမက စိတ်လှုပ်ရှားသွားပြီး သူ့ဆီကနေ အိတ်ကိုယူကာ စောနက သစ်ပင်ဆီ ပြန်လျှောက်သွားခဲ့တယ်။

နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဆရာသခင်တွေရှေ့ သူမက သစ်ပင်ပင်စည်ကို ဖက်ကာ စတင်တက်တော့တယ်။ အတွေ့အကြုံ မရှိတာကြောင့်ထင် တစ်ဝက်လောက်ပဲ တက်ရသေး ပြန်လျှောကျလာပြန်တယ်။

သူမ နောက်တော့ တစ်စုံတစ်ခုကို မှတ်မိသွားပြီး တက်ဖို့ကို လက်လျှော့ကာ သစ်ပင်အောက် တန်းထိုင်ချလိုက်တယ်။ အိတ်ထဲကနေ အရသာရှိတဲ့ ဟင်းပွဲတွေ ထုတ်ပြီး မြေကြီးပေါ် ခင်းတယ်။ နောက်တော့ ပန်းကန်လုံးကို ယူပြီး အလောတကြီး သွပ်တော့တာပဲ။ စားသောက်နေတုန်း သူမက ဘေးမှာရှိနေပြီး အမူအရာက လုံးဝကို မှင်တက်နေဆဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေကို လှမ်းကြည့်တယ်။

သူမက နည်းနည်းပဲကျန်တော့တဲ့ အဆာသွတ်မုန့်ကို လှမ်းယူကာ မေးလိုက်တယ်။

"စားချင်လား"

အုပ်စုက တောင့်တင်းသွားကာ သူတို့တစ်ပြိုင်နက် ခေါင်းယမ်းလိုက်ကြတယ်။

"အိုး" သူမက ဆက်စားတော့တယ်။

အားလုံး ။ ။ "..."

ဒါပေမဲ့ ကူယွဲ့ကတော့ ဒါကို ကျင့်သားရတာ တော်တော်ကြာနေပြီဖြစ်တဲ့ပုံပဲ။ သူက ထောက်တိုင်တွေ ဘေးမှာရှိတဲ့ ယိချင်းကို အကျယ်ကြီး လှမ်းအော်တယ်။

"စားဖိုမှူး၊ အဲဒါပဲ မင်းစလို့ရပြီ"

ဟမ်။

နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ မှင်တက်ကုန်တယ်။ စမှာလား။ ဘာစမှာလဲ။

သူတို့ စဉ်းစားဖို့ အချိန်မရခင် နောက်အခိုက်အတန့်မှာ ရွှေရောင်အင်းကွက်ကြီးတစ်ခု မြေပြင်ပေါ် ရုတ်တရက် ပေါ်လာတယ်။ ကော်ဇောကြီးတစ်ခုလိုမျိုး ကမ်းခြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေရဲ့။ သူတို့အရင်ကမမြင်ဖူးတဲ့ ရွှေရောင်အဆောင်တွေက တောက်ပလာတယ်။

နောက်တော့ အဲအဆောင်တွေက ဖြည်းဖြည်းချင်း စုဝေးသွားပြီး ခဏအတွင်း အလင်းရောင်ထောက်တိုင် ဆယ့်ခြောက်ခုအသွင် ဖန်တီးလေတယ်။ ဘန်းခနဲအသံတွေပေါ်လာသလို ‌ထောင်တိုင်၁၆ခုကလည်း မြေပြင်ပေါ်က မြင့်တက်လာကာ အလင်းရောင်တိုင်လုံးတွေနဲ့ ရောနှောသွားတယ်။

ဆယ့်ငါးမိနစ်အတွင်း နဂါးတစ်ကောင်ရဲ့ ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီးနဲ့အတူ ကြည်လင်နေတဲ့ မျက်နှာပြင်တစ်ခုက လောလောလတ်လတ်ပေါ်ကာစ ထောက်‌တိုင်တွေကြား ပေါ်လာတယ်။ မျက်နှာပြင်က ကောင်းကင်ထိ မြင့်တက်လာပြီး ပုံရိပ်ယောင်တစ်ခုလုံးကို ပိတ်ဆို့လိုက်တယ်။

"ဒါ... ဒါက..." တုန်းဝူနဲ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ မယုံကြည်နိုင်မှုအပြည့်။ အင်းကွက်အစီအရင်ကို ပြင်ပြီးပြီ ဟင့်အင်း တိတိကျကျပြောရရင် ပုံစံတူ အင်းကွက်အသစ်ကို ဖန်တီးလိုက်တာပဲ။

ကူယွဲ့ အဲဒီထောက်တိုင်၁၆ခုကို ကြည့်ကာ ပြန်လျှောက်လာပြီဖြစ်တဲ့ စားဖိုမှူးကို မနေနိုင်ဘဲ မေးလိုက်တယ်။

"အစက လေးခုပဲ ရှိတာမဟုတ်လား၊ ဘယ်လိုလုပ် ၁၆ခုဖြစ်သွားတာလဲ"

"နဂါးပိတ်လှောင်အင်းကွက်က နဂိုတည်းက အုတ်မြစ်၁၆ခုပါတာ၊ အရင်အင်းကွက်က မပြည့်စုံတာကြီး"

ကူယွဲ့က ခေါင်းညိတ်လိုက်တယ်။ အဓိပ္ပာယ်ရှိတယ်။ ဒါက ကောင်းကင်မျိုးနွယ်ရဲ့ အင်းကွက်လေ။ နှစ်ပေါင်းများစွာကြာသွားရင်တောင် အောက်ဘုံရဲ့ မိစ္ဆာသားရဲတွေကြောင့် ကျိုးပဲ့သွားတာမျိုး မဖြစ်သင့်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းလုံဆိုတာ ကောင်းကင်မျိုးနွယ်မှာ ဘာကောင်မှ မဟုတ်ဘူးလေ။ နဂါးနဲ့ ဇာမဏီရောပြီး မွေးလာတဲ့ ယိချင်းနဲ့ မယှဉ်နိုင်တာ သဘာဝပါပဲ။

သူက တကယ်ကို မတူညီတာပဲ

"ဆရာသခင်ကူယွဲ့..."

နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေက နောက်ဆုံးတော့ တုံ့ပြန်နိုင်ခဲ့ပြီ။ သူတို့က ခပ်သွက်သွက် လျှောက်လာပြီး မျက်နှာမှာ စိတ်လှုပ်ရှားနေတဲ့အကြည့်တွေနဲ့။

"ကျွန်တော်တို့ မသေချာ ဒါ... ဆရာသခင်... ပုံရိပ်ယောင်ပင်လယ်ရဲ့ ဒီရှေးဟောင်းအင်းကွက်ကို ဘယ်လိုသိတာလဲ"

ကူယွဲ့ ကြောင်အမ်းသွားပြီး အဲတော့မှ ယိချင်းအကြောင်း သတိရသွားတယ်။ သူတို့စောနက ထွက်မလာခင်က ယိချင်းက သူ့ကျင့်ကြံဆင့်ကို နတ်ဝိညာဉ်ဆီ ပြန်ဖိနှိပ်ထားတာမို့ လော့ဟုန်က သူ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရောက်နေပြီဆိုတာ သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ ခု သားရဲတွေကို တိုက်ခိုက်မှုနဲ့ အင်းကွက်တွေ ဖန်တီးတာပေါင်းလိုက်တော့ သူ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ဖုံးကွယ်ထားလို့ မရတော့ဘူးပေါ့။

"ဒါ စောနက ပြိုင်ပွဲက ယိချင်းလေ" ကူယွဲ့ဦးနှောက်က အလုပ်လုပ်သွားပြီး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

"တကယ်တော့ သူကအစတည်း နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူလေ၊ လွန်ခဲ့တဲ့ နှစ်တချို့က အကြီးအကျယ် ဒဏ်ရာတချို့ရခဲ့တော့ သွေးကြောတွေ ထိခိုက်ကုန်ပြီး သူ့ကျင့်ကြံဆင့်က ဘယ်တော့မှ ပြန်မသက်သာလာခဲ့ရုံပဲ၊ အခုက သူ့ဒဏ်ရာတွေ ကောင်းသွားပြီဆိုတော့ သူ့နဂိုကျင့်ကြံဆင့်ဆီ ပြန်ရောက်သွားတာပါပဲ" ငယ်ငယ်တည်းက ပျိုးထောင်လာခဲ့တယ်ဆိုတော့ သမိုင်းကိုတော့ တမင်ချန်ထားခဲ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ရိုးသားမှုဂိုဏ်းကမှ မဟုတ်တာ။

အဲတော့မှ လူတိုင်းက နားလည်သွားတဲ့ပုံ။ တစ်ဖက်ခြမ်းမှာတော့ ယိချင်းက သူတို့ကို ကျော်သွားပြီး ရှန်းရင်ဆီသွားနေတယ်။ သူက မြေကြီးပေါ်ကလူကိုကြည့်ကာ မျက်မှောင်ကြုတ်တယ်။

"ဆရာ မြေကြီးက အေးလွန်းတယ်၊ အကြာကြီး ထိုင်နေလို့ မဖြစ်ဘူးလေ"

အဲလိုပြောပြီး သူက ချက်ချင်း စားပွဲဝိုင်းလေးတစ်ခု... ကုလားထိုင်လေးလုံး ထုတ်လိုက်တယ်။ သူက လူကို ကုလားထိုင်ပေါ် ဆွဲတင်ပြီး အင်မတန်လေးနက်တဲ့ အမူအရာနဲ့ ဟင်းပွဲတွေအားလုံးကို စားပွဲပေါ် တစ်ခုပြီးတစ်ခု‌ တင်တော့တယ်။

ကူယွဲ့ ။ ။ "..."

အားလုံး ။ ။ "..."

ဒီကို ပျော်ပွဲစား ထွက်လာကြတာလား။

"အာ... ကျုပ်ဆိုလိုတာက..." ကူယွဲ့ ချောင်းဟန့်ကာ နှုတ်ခမ်းတွန့်သွားပြီး ဆရာတပည့်အတွဲကို လျစ်လျူရှုဖို့ အတတ်နိုင်ဆုံး ကြိုးစားရင်း သူတို့ကိုလှည့်သတိပေးလိုက်တယ်။

"အင်းကွက်ကို ပြန်ဖန်တီးလိုက်ပြီဆိုပေမဲ့ ‌ရှင်းရမဲ့ မိစ္ဆာသားရဲတချို့ရှိသေးတယ်၊ ကျုပ်တို့ ပြန်သွားပြီး ကူညီတာကောင်းမယ်"

အဲတော့မှ လူတိုင်း တုံ့ပြန်နိုင်လေရဲ့။

"ဟုတ်သား ဟုတ်သား၊ မိစ္ဆာသားရဲတွေရှိသေးတယ်"

"ရှန်းရင် စားပြီးရင် ယိချင်းနဲ့ကျုပ်လာကူညီပါ့မယ်"

အုပ်စုက အလိုလို တွန့်သွားခဲ့တယ်။ သူတို့ စောနက သားရဲအုပ်ကြီးတစ်အုပ်လုံးကို ဖျက်ဆီးခဲ့တဲ့ ဓားခုတ်ချက်တစ်ချက်ကို ချက်ချင်းသတိရသွားကာ သူတို့ ‌နှလုံးသားတွေ ရုတ်တရက်ထုံထိုင်းကုန်တယ်။ သူတို့ပြုံးကာ ခေါင်းညိတ်လိုက်တယ်။

"အင်းအင်း သေချာပေါက်ပေါ့ သေချာပေါက်ပေါ့"

နောက်တော့ သူတို့ ဓားတွေပေါ် ပျံတက်ကာ ကူညီဖို့ အလျင်စလိုပြန်သွားခဲ့ကြတယ်။ သူတို့ ပျံသန်းနေရင်း ပျော်ရွှင်စွာ ‘ပျော်ပွဲစား’ထွက်နေတဲ့ ရှန်းရင်နဲ့ ဟင်းပွဲတွေ ကမ်းပေးရင်း အလုပ်များနေတဲ့ ယိချင်းကို ပြန်မလှည့်ကြည့်ဘဲ မနေနိုင်။

ရှေးဟောင်းအင်းကွက်အကြောင်းသိနေတဲ့ ယိချင်းကို မပြောနဲ့ဦး၊ အဲမိန်းမက ဘယ်သူလဲ။ သူမက ဘာဝိညာဥ်ချီ အရိပ်အယောင်မှမရှိတဲ့ သာမန်သေမျိုးနဲ့တူပေမဲ့ ဘာလို့ဒီလောက်ကြောက်ခမန်းလိလိ ခွန်အားရှိရတာလဲ။ အဲဒီဓားခုတ်ချက်က ကောင်းကင်ကိုတောင် ဖြိုခွဲနိုင်မလိုပဲ။

အော်ဟုတ်သား၊ အဲအမျိုးသမီးနာမည်က ဘာပါလိမ့်။

——————

ကူယွဲ့က ရှန်းရင် စားသောက်ပြီး အေ့ခနဲ လေတက်ပြီးတော့မှ စကားစပြောလိုက်တယ်။

"ဒီသားရဲလှိုင်းနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတာ မင်းတို့သိလား"

ယိချင်းရဲ့ မျက်ခုံးတို့ တင်းမာနေတယ်။ သူ ရှန်းရင်အတွက် လက်ဖက်ရည်ခွက်တစ်ခွက်ငှဲ့ပေးကာ ခေါင်းညိတ်လိုက်တယ်။

"တကယ်ပဲ သာမန် မိစ္ဆာသားရဲတွေအတွက် သူတို့ နှောင့်ယှက်တာ မခံရသရွေ့ လူတွေကို အလွယ်တကူ မတိုက်ခိုက်ဘူး၊ ပြီးတော့ ဒီအရေအတွက်က..."

"ဟုတ်တယ် ထူးဆန်းနေတာ အရေအတွက်ပဲ" ကူယွဲ့ ခပ်ဩဩအသံနဲ့ပြောလိုက်တယ်။

"ရေ‌မျိုးနွယ်သားရဲတွေက သာမန်အကောင်တွေထက် မျိုးပွားတာ မြန်တယ်ဆိုပေမဲ့ စောနက အဲကြောက်ခမန်းလိလိအရေအတွက်မျိုးကတော့ မယုံကြည်နိုင်စရာပဲ၊ ဒါပေမဲ့ ဒီပုံရိပ်ယောင်ပင်လယ်က ဘယ်လောက်ကြီးကြီး နှစ်ပေါင်းသိန်းချီအတွင်းတောင် ဒီလောက်မိစ္ဆာသားရဲတွေ အများကြီးထုတ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဒီလိုသားရဲဒီရေလှိုင်းက နှစ်ရာချီတိုင်း တစ်ခါဖြစ်တယ်လို့ လော့ဟုန်ပြောတယ်လေ"

ပြီးတော့ ဒါက မကောင်းဆိုးဝါးလမ်းစဉ်ကျင့်ကြံသူတွေနဲ့ အမတဂိုဏ်းတွေကြားက မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရေးတိုးတက်လာမှုအပေါ် သက်ရောက်မှုရှိခဲ့ပုံပဲ။

"အမှန်ပဲ" ယိချင်းက ခေါင်းညိတ်ပြီး ရှန်းရင်ကိုကြည့်တယ်။

"ဆရာ ဒီသားရဲဒီရေက တကယ်ကိုပဲ မူမမှန်ဘူး၊ ပြီးတော့ စောနက သားရဲတွေထဲ ဒဿမအဆင့်ထက် ကျော်နေတဲ့ သားရဲမိစ္ဆာတွေအများကြီးပဲ၊ ပြောရရင် ဒဿမအဆင့်ထက်ကျော်တဲ့ မိစ္ဆာသားရဲတွေက သရုပ်သကန်ပြောင်းပြီး ဝိညာဥ်အသိစိတ်တွေပါ ဖွံ့ဖြိုးနိုင်သင့်တာလေ၊ ဒါပေမဲ့ သူတို့အားလုံးက တိရစ္ဆာန်အသွင်ပဲယူထားပြီး ဗီဇအရတိုက်ခိုက်နေတာ၊ မဟုတ်မှလွဲ..."

"သူတို့က တစ်ခါမှ အသိစိတ်ဝိညာဉ် မဖွံ့ဖြိုးခဲ့တာပဲ" ကူယွဲ့ ဆက်ပြောလိုက်တယ်။

"အတိအကျပဲ" ယိချင်းက ခေါင်းညိတ်တယ်။ အသိစိတ်ဝိညာဉ်ဖွံ့ဖြိုးပြီးသား သားရဲမိစ္ဆာတွေအတွက် ဘယ်လောက်ပဲ အသိစိတ်နိမ့်နိမ့် အန္တရာယ်ကိုတော့ အမြဲရှောင်ကြမှာပဲ။

ဒါပေမဲ့ အဲမိစ္ဆာသားရဲတွေအုပ်စုကတော့ သူတို့ကို လာတားသူတွေက နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေဆိုတာ ရှင်းရှင်းလင်းလင်း သိတာတောင် ပြန်ဆုတ်ဖို့ဆန္ဒမပြဘဲ အကုန်လုံးတူတူ ပြေးဝင်လာခဲ့ကြတယ်။ သူနဲ့ယိချင်း မတိုက်ခိုက်ခင်တောင် အဲဒီမိစ္ဆာသားရဲတွေက ကျရောက်မဲ့အန္တရာယ်အရိပ်အယောင်ကို သိတဲ့ အရိပ်အယောင် ဒါမှမဟုတ် အကြောက်တရား အရိပ်အ‌ယောင်မျိုး မပြဘူး။

"ရှန်းရင် မင်းဘယ်လိုထင်လဲ" ကူယွဲ့ ရှန်းရင်ဘက် လှည့်လိုက်တယ်။

"မသိဘူးလေ" ရှန်းရင်က ခေါင်းယမ်းတယ်။ ပုံရိပ်ယောင်ပင်လယ်က ကလေးအပိုဆု‌ စတင်နေလို့နေမှာပေါ့။

"ဘာပဲဖြစ်ဖြစ်ပါ၊ လမ်းတစ်လျှောက် နင်တို့ထဲက တစ်ယောက်ယောက် အဲငတုံးကောင်လေးကို တွေ့ခဲ့ကြလား"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

…

အခန်း ၃၃၈ ။ သားရဲမွေးရေကန်

အဲတော့မှ နှစ်ယောက်က ကျင်းချီဆိုတဲ့ အဲကျူးကျော်သူအကြောင်း သတိရသွားခဲ့တယ်။

သေချာစဉ်းစားပြီးတဲ့နောက် သူတို့တကယ်ပဲ လမ်းမှာ မမြင်ခဲ့တာ သတိရသွားခဲ့တယ်။ အထူးသဖြင့် မိစ္ဆာသားရဲတွေကို တိုက်ခိုက်နေတဲ့ ရွှေအမြုတေတပည့်တွေကြား ပြိုင်ပွဲကို တက်ရောက်ခဲ့တဲ့ ဂိုဏ်းအသီးသီးက တပည့်တွေအားလုံး ရှိပေမဲ့ သူ့ကိုပဲမတွေ့တာ။ နတ်ကောင်းကင်ဂိုဏ်းက သူ့ကိုပဲ ချန်ထားခဲ့မှာတော့ မဖြစ်နိုင်ဘူး။

ကူယွဲ့ ရင်ထိတ်သွားပြီး တုံ့ဆိုင်းမှုမရှိ ခြေရာခံစည်းတံဆိပ်တစ်ခု ပုံဖော်လိုက်တယ်။ အဲဒါက သူ့ကို ရှာလို့လွယ်ကူအောင် ချန်ထားခဲ့တာ ကြာလှပြီ။ ဒါပေမဲ့ ထူးဆန်းစွာပဲ ခြေရာခံစည်းတံဆိပ်က မတုံ့ပြန်ဘူး။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ" သူ့အမူအရာ ပြောင်းလဲသွားခဲ့တယ်။

"သူ ဘယ်ရောက်သွားတာလဲ"

"ဖြစ်နိုင်တာက..." ရှန်းရင် ရုတ်တရက် လှည့်ပြီး ပုံရိပ်ယောင်ပင်လယ်ဘက် လက်ညှိုးထိုးပြလိုက်တယ်။

"အဲမှာ"

"ပုံရိပ်ယောင်ပင်လယ်" ကူယွဲ့နဲ့ယိချင်း အကြည့်ချင်းဖလှယ်လိုက်ပြီး နှစ်ယောက်လုံး စိတ်ထင့်ကုန်တယ်။

"ဒီသားရဲဒီရေက သူနဲ့ဆိုင်နေတာ ဖြစ်နိုင်လား" သူ အရင်က စားဖိုမှူးရဲ့ ဓားချီပေါက်ကွဲမှုကို ဖြေရှင်းနေရတာမို့ ပြိုင်ပွဲအပြီးမှာ အဲငတုံးလေး ဘာဖြစ်သွားခဲ့လဲ ဂရုမစိုက်ခဲ့ဘူး။ ပြီးတော့ တစ်နေ့တည်းနဲ့ အဲလောက်ပြဿနာအကြီးကြီးရှာနိုင်မယ်လည်း မထင်ခဲ့ဘူးလေ။

"သူ့အစွမ်းနဲ့ဆို ဒီလိုသားရဲဒီရေလှိုင်းကြီးဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး" ယိချင်း ခေါင်းယမ်းလိုက်တယ်။

"တခြား အကြောင်းရင်းရှိသင့်တယ်"

"သွားကြည့်တာပေါ့" ရှန်းရင် အကြံပြုလိုက်တယ်။

သုံးယောက်သား ပျံသန်းလာခဲ့ပြီး ပုံရိပ်ယောင်ပင်လယ်ရဲ့ အတွင်းပိုင်းဆီ သွားခဲ့ကြတယ်။ ကိုယ်တစ်ပိုင်းပြတ် သားရဲ‌အလောင်းတွေ အများကြီး ပင်လယ်မျက်နှာပြင်ပေါ် မျောနေတယ်။ ရှန်းရင်ရဲ့ ဓားလှုပ်ရှားချက်က အရမ်းကို ပြင်းထန်လို့ထင် သုံးယောက်သား တော်တော်ကြာတဲ့အထိ ပျံသန်းပြီးမှ အဲသားရဲအလောင်းတွေကို မြင်နေရတာ ရပ်သွားခဲ့တယ်။

ဒါပေမဲ့ မိစ္ဆာသားရဲအသစ်တွေအများကြီး အောက်ခြေကနေ ပေါ်လာပြီး အရေအတွက်က စောနကထက်တောင် များတဲ့ပုံ။ သူတို့တွေက အုပ်စုလိုက် ပြေးဝင်လာကြတယ်။ ပင်လယ်ထဲပြည့်နေတဲ့ အလောင်းတွေကို မမြင်နိုင်သလိုမျိုး တစ်ခုခုထိန်းချုပ်တာခံထားရတဲ့ဟန် မျက်ကန်းတစ္ဆေလို ကူးခတ်နေကြလေရဲ့။

ဒါ ထူးဆန်းလွန်းတယ်

"ငါ တစ်ချက်ကြည့်ဖို့ တစ်ကောင်ဖမ်းလိုက်ဦးမယ်"

ကူယွဲ့ ဆင်းသွားပြီး လက်ကိုယမ်းကာ ထောင်ချောက်အင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ အင်းကွက်က ဝိညာဉ်ချီပြည့်နေတဲ့ ကွန်နဲ့ဖန်တီးထားတာ။ ကူယွဲ့ အဋ္ဌမအဆင့်မိစ္ဆာသားရဲကို ဖမ်းကာ ယူလာခဲ့တယ်။

သုံးယောက်သားဘေးနားက ကျွန်းလေးပေါ် ရပ်လိုက်ပြီး မိစ္ဆာသားရဲကို မြေပြင်ပေါ် ပစ်ချလိုက်တယ်။ သားရဲက ဒေါသထွက်နေသလိုမျိုး ပတ်လည်က ထောင်ချောက်ကို ရူးသွပ်စွာနဲ့ ထိုးနှက်နေတယ်။ ထိုးနေတာက သူ့ကို သွေးတွေရွှဲစေတာတောင် လုံးဝမရပ်။ သူ့မျက်လုံးတွေက ထူးဆန်းတဲ့ အနီရောင်အလင်း တောက်ပနေတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ကာ ဓားဂါထာတစ်ခုနဲ့ ပစ်လိုက်တယ်။ သားရဲက ချက်ချင်း မြေပြင်ပေါ် ကျသွားတယ်။ သူ လေပြင်းဓားနဲ့ ဗိုက်ကို တန်းခွဲလိုက်ပြီး သေချာကြည့်ကာ ကောင်းကင်စိတ်အာရုံနဲ့ စူးစမ်းလေ့လာလိုက်တယ်။ သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်။

"ဒီမိစ္ဆာသားရဲက တကယ်တော့ သားရဲအမြုတေမရှိဘူးပဲ" ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပြောရရင် ဘယ်မိစ္ဆာသားရဲအတွက်မဆို ဝိညာဉ်အမြုတေဆိုတာက ကျင့်ကြံတာနဲ့ အမြဲဖွဲ့စည်းလာတာပဲ။ ပြောရရင် သူတို့ ဝိညာဉ်စွမ်းအင်တွေကို အာရုံစိုက်ဖို့အတွက် နည်းလမ်းရှိတော့မှာ မဟုတ်ဘူး။ ဒါက အဋ္ဌမအဆင့် မိစ္ဆာသားရဲ၊ အမြုတေမရှိလို့မရဘူးလေ။

"ဖေဖေနျို ဝိညာဉ်ခေါ်တာ စမ်းကြည့်ရင်ရော"

ယိချင်းက သူ့ကိုသတိလှမ်းပေးတယ်။

ကူယွဲ့ ခဏတန့်ကာ သူ့လက်အမူအရာတွေကိုပြောင်းပြီး ဝိညာဉ်ခေါ်ဂါထာတစ်ခု ချက်ချင်း ထုတ်သုံးလိုက်တယ်။ အလင်းရောင်တစ်ခုက သူ့လက်ချောင်းတွေထဲကနေ ထွက်လာကာ သားရဲဆီ တန်းရိုက်ခတ်သွားတယ်။

ချက်ချင်းပဲ ခပ်ဖျော့ဖျော့မီးခိုးက သားရဲ‌အလောင်းကနေ မြင့်တက်လာပြီး ပုံသဏ္ဌာန်တောင် မဖြစ်ဘဲ တစ်ခဏအတွင်း လွင့်ပျောက်သွားခဲ့တယ်။

"ဒါ... အကြွင်းအကျန် ဝိညာဉ်ပဲ" ကူယွဲ့ အံ့ဩတကြီး ရေရွတ်မိသလို ယိချင်းမျက်လုံးတွေလည်း အံ့ဩမှုအပြည့်။

ကူယွဲ့ ဂါထာတွေနဲ့ပတ်သက်ပြီး ကျိန်းသေပေါက် ပြဿနာမရှိတာမို့ စောနကမီးခိုးက တကယ့်ကို မိစ္ဆာသားရဲကိုယ်က ဝိညာဉ်လို့ဆိုလိုတယ်။

အဋ္ဌမအဆင့်မိစ္ဆာသားရဲကိုယ်ထဲ တကယ်ပဲ အကြွင်းအကျန်ဝိညာဉ်လေးတစ်ခုတည်း ရှိနေတယ်ပေါ့။ မဟုတ်ဘူး အကြွင်းအကျန်ဝိညာဉ်လို့တောင် ခေါ်လို့မရဘူး။

ဒီသားရဲတွေက ကုန်းမြေဆီ ကမူးရှူးထိုး ပြေးလာကြတာ မဆန်းတော့ဘူး။ သူတို့တွေက အသိဝိညာဉ်မှ မရှိတာ။ ခန္ဓာကိုယ်ထဲ ဝိညာဉ်လေးတစ်ခုတောင် ရှိမနေဘူး။

"သူတို့ဝိညာဉ်တွေ ဘာဖြစ်သွားတာလဲ၊ ဘယ်သူယူသွားတာလဲ" ပြောရရင် တကယ်လို့ တစ်ယောက်ယောက်က ဝိညာဉ်ထိန်းချုပ်နေခဲ့ရင် သူတို့ ခြေရာလက်ရာတော့ ရှာတွေ့နိုင်မှာပဲ။ မုန့်ပေါ်တောင် ဒီတစ်ခုကို သတိမထားမိဘူး။

"ဖြစ်နိုင်တာက အစတည်းက မရှိခဲ့တာ" ရှန်းရင်က ရုတ်တရက်စကားပြောလာကာ မျက်လုံးတွေက နက်ရှိုင်းနေတယ်။

"မရှိဘူးလား" ကူယွဲ့ ကြောင်အမ်းသွားတယ်။

"ဒါပေမဲ့... ဒီမိစ္ဆာသားရဲက အသက်ရှင်နေပုံပါပဲ၊ ဘယ်လိုလုပ် အစတည်းက မရှိရတာလဲ"

"ဟိုးမှာ..." ရှန်းရင်က ခေါင်းကိုစောင်းကာ ညာဘက်ခြမ်းက ပင်လယ်မျက်နှာပြင်ဆီ ရုတ်တရက် လက်ညှိုးထိုးပြတယ်။

"စိတ်ဝင်စားစရာတစ်ခုခုရှိတယ်"

"ဘာလဲ"

"ဒီလောကနဲ့... မပတ်သက်တဲ့တစ်ခုခုပဲ"

နောက်ထပ်ကျူးကျော်သူ ရှိနေတာလား။ ကူယွဲ့နဲ့ ယိချင်း အကြည့်ချင်းဖလှယ်ကာ နှစ်ယောက်သား အမူအရာ ပြောင်းလဲသွားခဲ့တယ်။

"သွားကြည့်ရအောင်"

သူတို့ ဓားတွေပေါ် နောက်တစ်ကြိမ်တက်ကာ ရှန်းရင် ညွှန်ပြတဲ့ဘက် ပျံသန်းခဲ့ကြတယ်။

သူတို့ အဲဘက်ခြမ်းသွားလေ မိစ္ဆာသားရဲတွေ ပိုများလာလေပဲ။ ပင်လယ်မျက်နှာပြင်က မိစ္ဆာသားရဲအမျိုးမျိုးရဲ့ အလွှာတွေနဲ့ ပြည့်နေပြီး သူတို့အဆင့်တွေက မြင့်တက်လာကာ တချို့ဆို မြေအမတအဆင့်ရောက်လုနီးပါး။ ဒါပေမဲ့ အသွင်မယူသေးဘဲ သူတို့လာခဲ့တဲ့နေရာဘက် အသည်းအသန် အရူးအမူး သွားနေကြဆဲပဲ။

သူတို့တွေ ပုံရိပ်ယောင်ပင်လယ်အစွန်းဖျားဆီ ရောက်လုနီးပါးဖြစ်နေပြီ။ ဆယ်မိနစ်လောက် ထပ်ပျံသန်းပြီးနောက်တော့ အမည်းရောင် ကျွန်းတစ်ခုကို ဝိုးတဝါးမြင်လိုက်ရတယ်။ ကျွန်းပေါ်က အခြေအနေကို သေချာကြည့်ပြီးတဲ့နောက် သူတို့အားလုံး ပင့်သက်မရှိုက်ဘဲမနေနိုင်ဘူး။ မိစ္ဆာသားရဲတွေက ပိုလို့တောင်များနေကာ တစ်ကောင်ပေါ်တစ်ကောင်ထပ်ပြီး အထပ်ထပ်နဲ့ ပင်လယ်ထဲ သွားနေကြတယ်။

ပင်လယ်ထဲက သားရဲတွေနဲ့ယှဉ်ရင် ဒီကောင်တွေက ပိုရူးသွပ်နေတဲ့ပုံတောင်ပေါ်သေးတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပေါ် အနီရောင်သွေးကွက်တွေ ရှိနေလေရဲ့။ သူတို့ကိုယ်ပေါ်က အကြေးခွံအရေပြား တွန့်နေတဲ့ပုံက ခုမှမွေးကာစလိုမျိုးပဲ။ဒါပေမဲ့ သူတို့ရေထဲရောက်ဝာာနဲ့ မိစ္ဆာသားရဲအကြီးကောင် ဖြစ်သွားတယ်။ သူတို့တွားသွားတဲ့ ခြေလှမ်းတိုင်းမှာ နှစ်ရာနဲ့ချီ ကြီးထွားမှုကို ဖြတ်သန်းခဲ့သလိုမျိုးပဲ။

သူတို့ နှေးနှေးတက်လေ၊ သူတို့ရေထဲရောက်ချိန် အဆင့်ကပိုမြင့်လေ။

"ဒါဘာကျွန်းလဲ" ကူယွဲ့ မကောင်းတဲ့ ခံစားချက်ရလိုက်တယ်။ သူ တစ်ခါမှ ဒီလိုမျိုးမမြင်ဖူးဘူး။

"ကျွန်းအလယ်မှာ တစ်ခုခုရှိနေတယ်" ရှန်းရင်က သတိပေးတယ်။

ကူယွဲ့နဲ့ယိချင်း နောက်အခိုက်အတန့်မှာ ကျွန်းအလယ်ဆီ တန်းပျံသန်းလာခဲ့တယ်။

အဝေးကနေ သူတို့တွေ ငွေရောင်အလင်းလှိုင်းတွေကို မြင်လိုက်ရတယ်။ ကျွန်းအလယ်မှာ နှစ်မီတာကနေ သုံးမီတာကျယ်တဲ့ရေကန်တစ်ကန်ရှိတယ်။ ရေကန်ထဲကရေက အရမ်းထူးဆန်းတယ်။ ပြဒါးလိုမျိုး ငွေရောင်ပဲ။ ပြီးတော့ ဒီအဆက်မပြတ်ထွက်လာနေတဲ့ သားရဲတွေက ဒီကန်ထဲကထွက်လာတာ။ သူတို့တွေက စစချင်းသေးပေမဲ့ ကုန်းပေါ်ရောက်တာနဲ့ ကြောက်ခမန်းလိအရှိန်နဲ့ ကြီးလာတာ။

"ဒါက... ဘာကြီးလဲ" ယိချင်းတောင် မှင်တက်သွားတယ်။ သူ့ကောင်းကင်စိတ်အာရုံကိုသုံးလိုက်တော့ ဝိညာဉ်ချီစီးဆင်းနေတဲ့အရိပ်အယောင် တစ်စက်လေးတောင်ရှိမနေတာ သိလိုက်ရတယ်။ အရောင်ကလွဲပြီး ဒါက သာမန်ကန်ရေလိုမျိုးပဲ ဆိုပေမဲ့ မိစ္ဆာသားရဲတွေအများကြီးကို မွေးထုတ်နိုင်တယ်။ ဒါက ထူးခြားဆန်းကြယ်မှုပဲ။

ကူယွဲ့ ဒီရေကန်အခြေအနေကိုကြည့်ဖို့ သူ့လက်ထောက်အမှတ်အသားကို သုံးမယ်စဉ်းစားလိုက်ပေမဲ့ တစ်ခဏအကြာမှာ မျက်လုံးတွေ ရုတ်တရက် ပြူးသွားခဲ့တယ်။

"ဒီရေကန်က ဒီမျက်နှာပြင်က မဟုတ်ဘူး"

"ကျုး‌ကျော်သူ" ဆိုတဲ့ စာလုံးက ရေကန်ပေါ် ရုတ်တရက် ပေါ်လာတယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ကူယွဲ့ ဇဝေဇဝါဖြစ်သွားတယ်။

"ဘာကြောင့် ဒီမျက်နှာပြင်ကျူးကျော်မှုအတွက် သတိပေးချက် မရှိတာလဲ" အဲငတုံးလေးလို ကိစ္စမျိုးဆို တစ်ခုရှိရမှာလေ။

"ဖြစ်နိုင်တာက ဒီမှာရှိနေတာကြာလှပြီမို့လို့နေမှာပေါ့"

"မင်းဆိုလိုတာက မင်း စီမံထိန်းသိမ်းသူ မဖြစ်ခင်တည်းက ဒီအရာက ဒီမှာရှိနေခဲ့တာပေါ့"

"အင်း"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက တကယ်ကို ဖြစ်နိုင်တယ်။ သားရဲဒီရေဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ သူတို့အောက်ဘုံမှာပဲ ရှိနေသေးချိန်ကတောင် ပုံရိပ်ယောင် ပင်လယ်ဘက်ခြမ်းက မငြိမ်းချမ်းသေးဘူး။ ပိုင်ဇယ်ကြောင့်သာ သားရဲဒီရေ မရှိခဲ့တာ။ ဆိုလိုတာ ဒီရေကန်က အဲထဲက ရှိခဲ့တာဖြစ်နိုင်တယ်။

"ဘာပဲဖြစ်ဖြစ် ဒီရေကန်က ဒီလိုဆက်အလုပ်လုပ်နေလို့မဖြစ်ဘူး" ယိချင်းက သူ့ဝိညာဉ်ဓားကို တန်းထုတ်တယ်။

"အင်း" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။

"ဒီလိုဆက်သွားရင် သားရဲဒီရေက အဆုံးရှိတော့မှာမဟုတ်ဘူး"

…

အခန်း ၃၃၉ ။ နဂါးများ

နှစ်ယောက်သား ချက်ချင်း ပျံသန်းသွားပြီး တစ်ခဏအတွင်း ကောင်းကင်တစ်ခွင်မှာ ဓားမိုးတွေ ပေါ်လာတယ်။

ကူယွဲ့က ဓားအင်းကွက်တစ်ခု ထုတ်သုံးလိုက်တော့ ကန်ပတ်လည်က နေရာအလွတ်ဖြစ်သွားတယ်။ အဲတော့မှ သူတို့ဆင်းလာခဲ့တယ်။ ကူယွဲ့ ဓားသိုင်းက အင်အားကြီးတာမို့ ရေကန်ထဲကထွက်လာကာစ မိစ္ဆာသားရဲတွေ အပိုင်းပိုင်းဖြစ်ကုန်တယ်။

"ကျွန်တော် အဲရေကန်ကို သွားဖျက်ဆီးမယ်" ‌ယိချင်းက ရေကန်ထိပ်ကို ပျံတက်သွားပြီး သူ့ဓားဆန္ဒကို တန်းပြီးအသွင်ယူစေလိုက်တော့ နဂါးကြီးတစ်ကောင်အဖြစ် ဖြစ်ပေါ်လာကာ ရေကန်ဆီ တန်းတန်းမတ်မတ်ဆင်းချသွားတယ်။

ရေကန်ထဲရောက်ခါနီးဆဲဆဲ ရေမျက်နှာပြင်ကနေ အဖြူရောင်အလင်းတစ်ခု ရုတ်တရက် ထွက်လာပြီး နဂါးတစ်ကောင်လုံးကို တန်းစုပ်ယူသွားခဲ့တယ်။ ဒါပေမဲ့ ရေကန်ကတော့ ရေပွက်လေးတစ်ခုတောင်မထဘဲ အကောင်းအတိုင်းရှိနေဆဲ။

ယိချင်း မှင်တက်သွားပြီး သူ မတုံ့ပြန်နိုင်ခင် နောက်အခိုက်အတန့်မှာ နဂါးဟိန်းဟောက်သံပေါ်လာတယ်။ သူစောနကဖန်တီးခဲ့တဲ့ ဓားနဂါးက ရုတ်တရက် ရေကန်ထဲက တစ်ရှိန်ထိုးပြေးထွက်လာပြီး သူ ရှိရာဘက် တန်းတန်းမတ်မတ် လာတော့တယ်။

ဒါက...

ယိချင်း ထိတ်လန့်သွားပြီး အမြန် ရှောင်လိုက်တော့ ဓားနဂါးက ကောင်းကင်ထဲ တန်းရောက်သွားတယ်။ ဒီရေကန်က တကယ်ကို သူ့ဓားချီကို ပြန်ကန်ထွက်အောင်လုပ်နိုင်တာပဲ

"သတိထား" သူ သေချာမစဉ်းစားနိုင်ခင် ကူယွဲ့က သူ့ကို ရုတ်တရက် လှမ်းခေါ်လာတယ်။ အဲတော့မှ သူနားလည်လိုက်တာက အင်းကွက်တချို့ လေထဲမှာပေါ်လာတယ်ဆိုတာပဲ။ အင်းကွက်တွေရဲ့ ပုံသဏ္ဌာန်က အရမ်းထူးဆန်းတယ်။ သူ တစ်ခါမှ အဲလိုမမြင်ဖူးဘူး။ အထူးသဖြင့် အဲဒါတွေပေါ်က စကားလုံးတွေပဲ။ သူတို့က ဒီကမ္ဘာက ဘာနဲ့မှမတူ။ ဝိညာဉ်စွမ်းအင် သိသိသာသာလှုပ်ရှားမှု မရှိပေမဲ့ အင်းကွက်က တောက်ပစွာ ထိန်လင်းနေတယ်။ ချက်ချင်းနီးပါးဆိုသလို သူစောနလေးကတင် ခေါ်ထုတ်ခဲ့တာနဲ့ တူတဲ့ ဓားနဂါးတချို့ အဲဒီအင်းကွက်လိုလိုတွေကနေ တစ်ရှိန်ထိုးပြေးထွက်လာကာ သူ့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာတယ်။

တကယ့်ကို ဓားနဂါးတွေ အများကြီးပဲ။ ပြီးတော့ အဲဒါတွေက သူ့ဓားချီပဲဆိုတော့ အစွမ်းက ကြောက်ခမန်းလိလိ။ တစ်ခဏလောက် သူ့ဘာသာတောင် မခုခံနိုင်တော့ဘူး။

ကူယွဲ့ အပြေးရောက်လာကာ နှစ်ယောက်သား အတူတူရပ်ပြီး အကာအကွယ်အင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ သူတို့ ပူးပေါင်းပြီး နောက်ဆုံးတော့ အဲဒီဓားနဂါးတွေကို အောင်အောင်မြင်မြင် ကာဆီးနိုင်ခဲ့တယ်။

"ဟော၊ မင်းတို့ တကယ်ပဲ အဲဒါကို ရှောင်နိုင်မယ် မထင်ခဲ့ဘူး" ရင်းနှီးနေတဲ့ အေးစက်စက်အသံက အရှေ့ကနေ ပေါ်လာတယ်။ ရေကန်အပေါ်က နယ်နိမိတ် ရွဲ့စောင်းသွားတာက ရုပ်ဖျက်ထားတာ တစ်ခုခုကို ဖယ်လိုက်သလိုမျိုးပဲ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် သူတို့နှစ်ယောက်ရှေ့ပေါ်လာခဲ့တယ်။

"ငတုံးလေး... အာ ကျင်းချီ" ကူယွဲ့ လူကို ချက်ချင်း မှတ်မိသွားတယ်။ ဒါဆို သူက တကယ်ပဲ ဒီကိုရောက်နေတာပေါ့။ သူ ရုတ်တရက် သဘောပေါက်သွားတယ်။

"မင်းက ဒီသားရဲဒီရေကို ဖန်တီးခဲ့တာပဲ"

"အမှန်ပဲ" သူက နှာမှုတ်ပြီး ယိချင်းဘက် တန်းတန်းမတ်မတ်စိုက်ကြည့်ကာ သူ့မျက်လုံးတွေက အမုန်းတရားတွေအပြည့် လျှံထွက်တော့မလိုမျိုးပဲ။

"ဒီ 'အသက်ရေပန်း' ရဲ့ မှော်အစွမ်းကို နည်းနည်းလေး ဆွပေးလိုက်ရုံပဲ၊ ဒါပေမဲ့ မင်းတို့တွေ သားရဲတွေသတ်တာ မခံရတဲ့အပြင် ဒီနေရာကိုပါ ရှာတွေ့မယ်လို့ မထင်ခဲ့ဘူး"

"မင်း ဘာလိုချင်တာတုံး" ဆရာသာ မရှိရင် သားရဲဒီရေပမာဏနဲ့ ထျန်းလန်လောကသုံးခွင်က ကျင့်ကြံသူတွေက သူတို့ကိုတားဆီးဖို့ မလုံလောက်တာ အသိသာကြီး။ အဲအချိန် သားရဲတွေက ထျန်းလန်လောကသုံးခွင်ကို ဖြတ်သန်းပြီး ကျင့်ကြံသူတွေရော သေမျိုးတွေကိုပါ သတ်တော့မှာပါ။ သူ့ဂိုဏ်းလည်းပါမှာဆိုတာ အသေအချာပဲလေ။

"ငါဘာလိုချင်တာလဲ၊ သေချာပေါက် လက်စားချေမှုပေါ့" ကျင်းချီရဲ့ သူ့ပေါ်အကြည့်က ပိုခက်ထန်လာတယ်။

"ပြိုင်ပွဲအတွင်း မင်းငါ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ငါ့ဝိညာ‌ဉ်ကြောကို ထိခိုက်စေခဲ့သလို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာတွေကို အလဟဿ ဖြစ်စေခဲ့တယ်၊ ငါ့ကို အသုံးမဝင်ဖြစ်အောင် လုပ်ခဲ့တာလေ၊ မင်း ငါ့ကို ဒီလိုလုပ်ခဲ့မှတော့ ငါ့ရင်ထဲက အမုန်းတရားကို ဖြေဖျောက်ဖို့ သေချာပေါက် အားလုံးကို ဖျက်ဆီးရမှာပေါ့"

"ငါက မင်းကျင့်ကြံဆင့်ကို ဖျက်ဆီးတယ်လား" ယိချင်းအမူအရာ အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ။

ကူယွဲ့ မျက်လုံးမှေးလိုက်တယ်။ သူ လေ့လာကြည့်တော့ တကယ်ပဲ ကျင့်ကြံဆင့်အရိပ်အယောင် တစ်စွန်းတစ်စမှ ကျန်မနေတာ သတိထားမိသွားတယ်။ ပြီးတော့ နှစ်ရက်အတွင်းမှာတင် ကျင်းချီက သိသိသာသာ ဝလာသလိုပဲ။ သူ့ခန္ဓာကိုယ်ပုံစံက ခုဆို အဲခပ်ဝါးဝါးအရိပ်လောက် ရှိတော့မယ်။ သော့ချက်က တစ်ခါကသူ့ကိုယ်မှာပြည့်နေတဲ့ ကြမ္မာက ဘာမှမကျန်ရစ်တော့ဘူး။

"ဒါပေမဲ့ ခုအရေးမကြီးတော့ပါဘူး" စိတ်လှုပ်ရှားမှုအရိပ်အယောင် ကျင်းချီမျက်နှာမှာပေါ်လာတယ်။ ယိချင်းကိုကြည့်တဲ့အကြည့်က လူသေကိုကြည့်သလိုမျိုး။

"မင်းကြောင့်သာ မဟုတ်ရင် ငါ ဘယ်လိုလုပ် ဒီနေရာကိုရှာတွေ့ပြီး ဒီလိုကြီးမားတဲ့မှော်အစွမ်းကို ရနိုင်မှာလဲ" သူက ပြောလေ မျက်လုံးတွေ တောက်ပလာလေ။ သူက လက်တစ်ဖက်မြှောက်ကာ လေထဲ တစ်ခုခုကိုစမ်းတယ်။ ရုတ်တရက် သူ့ရှေ့ အင်းကွက်တစ်ခု ပေါ်လာပြီး နှစ်ယောက်ကို မျက်နှာချင်းဆိုင်တယ်။

"ဒီနေ့က မင်းပြန်ပေးဆပ်ရမဲ့နေ့ပဲ"

သူ့အသံတိတ်သွားသွားချင်း အလင်းတန်းတစ်ခု အင်းကွက်ကနေ ရုတ်တရက် ထွက်လာပြီး ဆန့်ကျင်ဘက်က နှစ်ယောက်ဆီ တန်းပြေးသွားတယ်။

ကူယွဲ့နဲ့ယိချင်း ချက်ချင်း သူတို့ဓားတွေပေါ်တက်ကာ ရှောင်လိုက်ပေမဲ့ နောက်အခိုက်အတန့်မှာတင် အလင်းရောင်ဖြတ်သွားတဲ့ မြေကြီးက အလယ်မှာ ပိုင်းသွားတာ မြင်လိုက်ရတယ်။

သောက်ကျိုးနည်း ဒါဘာဂါထာလဲ။

နှစ်ယောက်သား ထိတ်လန့်သွားတယ်။ ဒါပေမဲ့ နောက်အခိုက်အတန့်မှာ ဒီလိုအင်းကွက်တွေ ကောင်းကင်ထဲ ပေါ်လာတယ်။ ခဏအတွင်း အလင်းတန်းတွေ ကောင်းကင်တစ်ခွင်လုံး ပေါ်လာပြီး နှစ်ယောက်ကို လေဆာတန်းတွေလိူ စတိုက်ခိုက်တော့တယ်။

သူတို့ ရှောင်ရုံပဲတတ်နိုင်ပေမဲ့ မတော်တဆ ပွတ်တိုက်မိသေးတာပေါ့။ သူတို့ဓမ္မဝတ်ရုံတွေကတောင် အဲဒီထူးဆန်းတဲ့အလင်းတန်းတွေကို မတားနိုင်တော့သလိုပဲ။ ကူယွဲ့ဆို သူ့ဝတ်ရုံလက်တစ်ဖက်တောင် မတော်တဆ ပြတ်သွားခဲ့တယ်။

"အဲအင်းကွက်တွေကို ဖျက်ဆီး" ယိချင်း အကျယ်ကြီးပြောလိုက်တယ်။

ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူ လှည့်ကာ အလင်းတန်းတွေကို ရှောင်ရင်း တစ်ချိန်တည်းမှာ အဲအင်းကွက်တွေဆီ ပြေးဝင်လာတယ်။ ဓားကိုကိုင်ပြီး သူအင်းကွက်တွေဆီ ယမ်းချလိုက်တယ်။ အက်ကွဲသံနဲ့အတူ အင်းကွက်ထဲက အလင်းတွေက အမှုန်အမွှားလေးတွေအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားခဲ့တယ်။ ကြည့်ရတာ အဲဒီအလင်းတွေက အစွမ်းကြီးပေမဲ့ အံ့ဩစရာကောင်းလောက်အောင် ပျော့ပုံပဲ။ နှစ်ယောက်သား ဘေးချင်းကပ်တိုက်ခိုက်ပြီး တစ်ခဏအတွင်း သူတို့ အဲအင်းကွက်တွေကို ဖြေရှင်းနိုင်ခဲ့တယ်။

"မင်းတို့ ငါ့မွန်မြတ်အလင်းအင်းကွက်ကို တကယ် ဖျက်ဆီးလိုက်နိုင်တယ်ပေါ့" ကျင်းချီက လုံးဝဂရုစိုက်ပုံမပေါ်ဘဲ သူ့အကြည့်က ပိုပြီးတောင် အေးစက်လာခဲ့တယ်။

"ကိစ္စတော့ မရှိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အချိန်ဆွဲဖို့ပဲကို" သူ့လက်ကို လှည့်ကာ လူတစ်ယောက်အရပ်ရဲ့ တစ်ဝက်စာအရှည် ရတနာတွေနဲ့ အလှဆင်ထားတဲ့ သစ်သားတုတ်က ရုတ်တရက် လက်ထဲပေါ်လာတယ်။ သူက တစ်ခုခုကို ဗလုံးဗထွေး ရေရွတ်ပြီး နောက်တော့ အင်းကွက်ကြီးတစ်ခုက ကောင်းကင်ထဲ ရုတ်တရက်ပေါ်လာတယ်။

အင်းကွက်က ကြီးပြီး ကျွန်းလေးပေါ်က ကောင်းကင်ကို ဖုံးတော့မလို့နီးပါး။ အင်းကွက်ထဲက အနီရောင်အလင်းတွေက သွေးရဲရဲအနီရောင်နဲ့ တစ်နေရာလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ မိုးကြိုးတွေပေါ်လာပြီး အင်းကွက်ထဲကနေ လေပြင်းတွေ မြင့်တက်လာတယ်။

"မင်း ဘာလိုချင်လို့လဲ" ကူယွဲ့ ရင်ထိတ်သွားတယ်။

"ငါခေါ်ဖို့ပဲလိုတာ၊ မင်းတို့အားလုံး ဒီမှာသေရမယ်" သူက ရုတ်တရက် ရူးသွပ်စွာထရယ်တယ်။ သူ့မျက်နှာမှာ လက်စားချေမှု အပျော်တွေအပြည့်။ သူ့လက်က တုတ်ကို ပိုပြီးတောင် မြင့်မြင့်မြှောက်လိုက်တယ်။

"နဂါးကြီး ထွက်လာခဲ့"

"ဘာ" နဂါးလား။ ကူယွဲ့ ထိတ်လန့်သွားတယ်။ သူက တကယ်ပဲ ‌ကောင်းကင်လောကက နဂါးတွေကို ဆင့်ခေါ်နိုင်တာလား။

သူ သေချာစဉ်းစားဖို့ အချိန်မရလိုက်ခင် ကောင်းကင်ထဲက အလင်းရောင်က ပိုပြီးတောင် သောင်းကျန်းနေတယ်။ အင်းကွက်တစ်ပိုင်းတစ်စက ချွန်ထွက်လာတာ တစ်စုံတစ်ခုက အင်းကွက်ထဲကနေ ဖောက်ထွက်လာသလိုမျိုးပဲ။ နောက်အခိုက်အတန့်မှာတင် ကောင်းကင်ထဲကနေ လေပူတွေဆင်းသက်လာပြီး ကြီးမားတဲ့ ကိုယ်ခန္ဓာပုံသဏ္ဌာန်က အင်းကွက်ထဲကနေ ထွက်လာခဲ့တယ်။ ကြီးမားတဲ့ ခေါင်းတစ်ခုက အရင် ထွက်လာပြီး တောင်တစ်ခုလို ရှည်လျားတဲ့ ခန္ဓာကိုယ်က နောက်ကနေလိုက်လာတယ်။ နောက်မှာတော့ ကြီးမားတံ့တောင်ပံတစ်စုံ။ သူက ပါးစပ်ကိုဟပြီး မိုးကြိုးလို ဟိန်းသံကြီး လုပ်လေတယ်။

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

ဒါ... နဂါးလား။

ဘာနဂါးတုံး၊ တောင်ပံတွေနဲ့ မီးပဲမှုတ်နိုင်တဲ့ ဒီလို မကောင်းဆိုးဝါးလေးက ဘယ်လိုလုပ် နဂါးဖြစ်နိုင်မှာလဲ။

"လောကကို ဖျက်ဆီးနိုင်တဲ့ အမှောင်သားရဲ သူတို့ကိုစုတ်ဖြဲပြီး ဒီကမ္ဘာကြီးကို ပြာချပစ်"

ကြီးမားတဲ့တစ်စုံတရာကို လုပ်လိုက်တယ်လို့ထင်နေတဲ့ တစ်စုံတစ်ယောက်‌ကတော့ သားရဲကို စိတ်လှုပ်ရှားစွာအော်ပြီး မျက်နှာက စိတ်လှုပ်ရှားနေတယ်။

"..." သောက်ကျိုးနည်း ငတုံးဟေ့။

All Chapters