အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း ၃၄၀ ။ ဘဝရေပန်း
အမှန်တကယ်ပဲ နောက်အခိုက်အတန့်မှာ ဗိုက်ပူပူနဂါးကြီးက တောင်ပံတွေကိုခတ်ပြီး သူတို့နှစ်ယောက်ဆီ လေပြင်းကြီး မှုတ်ထုတ်တယ်။
ကူယွဲ့စိတ် လုံးဝတည်ငြိမ်သွားပြီ။ သူ နတ်ကောင်းကင်ဂိုဏ်းရဲ့ သင်ကြားမှုစံနှုန်းကိုတောင် ခဏလောက် သံသယ ဝင်မိခဲ့တယ်။ ဒီငတုံးလေးကို ဒီကမ္ဘာရဲ့ မိစ္ဆာအဆင့်တွေအကြောင်း ဘယ်သူမှ မပြောပြဖူးဘူးလား။
"စားဖိုမှူး" ကူယွဲ့ သူ့ဘေးကလူပခုံးကို ပုတ်လိုက်တယ်။
"နဂါးအစစ်ဆိုတာ ဘယ်လိုမျိုးလဲ သူ့ကိုပြလိုက်"
စားဖိုမှူးနှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ သူက သူ့ဓားကိုရုတ်ကာ သူတို့အပေါ်က နဂါးဆီ ပျံသန်းသွားခဲ့တယ်။ အလင်းတန်းဖြူက သူ့တစ်ကိုယ်လုံးမှာ တောက်ပနေပြီး နောက်အခိုက်အတန့်မှာတော့ ရွှေရောင်အလင်းတွေ လင်းထိန်သွားကာ ရွှေနဂါးကြီးတစ်ကောင် ကောင်းကင်ထဲ ချက်ချင်းပေါ်လာတယ်။ သူက ချက်ချင်း ကောင်းကင်ထဲ ပျံတက်သွားခဲ့တယ်။
သူတို့တွေ နဂါးဟိန်းသံကြီး ကြားလိုက်ရပြီး ချက်ချင်း မိုးရွာတော့မလိုမျိုး လျှပ်စီးတွေ အများကြီးလက်လာတယ်။ အားလုံးက အဲမိစ္ဆာသားရဲလေးပေါ် ကျကုန်တယ်။ လေထုကရုတ်တရက် အသားကင်အနံ့နဲ့ ပြည့်သွားလေရဲ့။
စားဖိုမှူးက လေထဲလှည့်လိုက်တော့ သူ့အမြီးက လောင်ကျွမ်းသွားတဲ့ သားရဲလေးကို လှည်းထုတ်ပစ်လိုက်လေတယ်။
စောနစောနလေးကတင် ဟိန်းဟောက်နေတဲ့ မိစ္ဆာလေးက မြေကြီးပေါ်ကို ဘောလုံးတစ်လုံးလို ဘန်းခနဲ ပြုတ်ကျသွားလေရဲ့။ စားဖိုမှူးရဲ့ ခန္ဓာကိုယ်က အရောင်လက်သွားပြီး လူအသွင် ပြန်ပြောင်းသွားတယ်။ သူက မြေကြီးပေါ် ပြုတ်ကျချိန် တွင်းထဲရောက်သွားတဲ့ သားရဲလေးကို ကြည့်ပြီး... တိတ်တဆိတ် မီးဖိုချောင်သုံးဓား ထုတ်လိုက်တော့တယ်။
အင်း... ဆရာ ဒီအသားကို မြည်းစမ်းဖူးမယ်မထင်ဘူး။
နည်းနည်းသိမ်းထားရမယ်။ နည်းနည်း သိမ်းထားရမယ်
"မင်း... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" သူ ခေါ်ထုတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့နဂါးက ချက်ချင်း သတ်ခံလိုက်ရတာမြင်တော့ ကျင်းချီမျက်နှာက မယုံကြည်နိုင်မှုအပြည့်။ အဲဒါက အရင်ကမ္ဘာမှာ ဘယ်သူမှ မနိုင်ခဲ့တဲ့ လောကဖျက်ဆီးနဂါးလေ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။ ပြီးတော့ ယိချင်း ပြောင်းလဲသွားတဲ့ပုံစံက...။
"မင်း... မင်းတို့အားလုံးက ဘယ်သူတွေလဲ"
"ငါတို့လား" ကူယွဲ့ သရော်လိုက်တယ်။
"မင်း ဒီလောကကို မကျူးကျော်ခင် ဘယ်သူ ဒီမှာတာဝန်ယူနေလဲဆိုတာ ဘာလို့အရင်မမေးခဲ့လဲ"
"မင်း ဘယ်လိုသိတာ..." သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်သွားပြီး သူ့အကြီးမားဆုံး လျှို့ဝှက်ချက် ပေါ်သွားသလိုမျိုး သွေးပျက်မှုတချို့ နောက်ဆုံးတော့ သူ့မျက်နှာမှာ ပေါ်လာခဲ့တယ်။
"မင်း ဘယ်ကလာလာ ဒီကမ္ဘာမှာ မှောင်ခိုလုပ်တာကို မကြိုဆိုဘူး၊ မင်း လာတဲ့နေရာဆီ ပြန်သွားချေ"
သူ့အမူအရာက ပြောင်းလဲသွားပြီး အသည်းအသန် ခေါင်းယမ်းတယ်။
"ဟင့်အင်း ငါပြန်သွားလို့ မရဘူး"
"ဒါ မင်းသဘော မဟုတ်ပါဘူး" ကူယွဲ့ သူနဲ့စကားဆက်ပြောရမှာ ပျင်းလွန်းနေပြီ။ သူ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်ကာ ဖမ်းဖို့လုပ်လိုက်တယ်။ သူ မိတော့မဲ့ဆဲဆဲ သူ့လက်ထဲကနေ ဖြတ်သွားတာမို့ လေကလွဲပြီး ဘာမှမဆုပ်မိလိုက်။
ဟိုလီရှစ်
ဘာတွေဖြစ်နေတာလဲ။
သူ ခဏတန့်သွားပြီး ဓားဂါထာတစ်ခုနဲ့ လှမ်းပစ်လိုက်တော့ ခန္ဓာကိုယ်ကနေ ဖြတ်သွားတာကို သိလိုက်ရတယ်။ ကိုယ်ထည်မရှိတဲ့အတိုင်းပဲ။
ကျင်းချီလည်း နည်းနည်းမှင်တက်သွားတယ်။ သူက သူ့ကိုယ်ခန္ဓာသူ ကြည့်ပြီး ရုတ်တရက် တစ်စုံတစ်ခု မှတ်မိသွားကာ တဟားဟားစရယ်တော့တယ်။
"ဟားဟားဟား... ငါ့မှာ အသက်ရေပန်းရဲ့ နတ်အလင်းရောင် ကာကွယ်မှုရှိတယ်၊ ဒါက နတ်ဘုရားစွမ်းအင်ပဲ၊ မင်းတို့လို ညစ်ပတ်တဲ့လူသားတွေ ငါ့ကိုလုံးဝထိလို့မရဘူး ငါက အမတပဲ"
"ဟုတ်လား" သူ စကားဆုံးဆုံးချင်း ပျင်းတိပျင်းရွဲအသံက ရုတ်တရက် ထွက်လာတယ်။
ရှန်းရင် ဘယ်ချိန်က ရေကန်ဘေး ဆောင့်ကြောင့်ထိုင်နေလဲ ဘယ်သူမှမသိ။ သူမက သူ့ကို မော့ကြည့်ကာ လက်တစ်ဖက်နဲ့ မေးစေ့ထောက်ထားတယ်။
ကျင်းချီက ထိတ်လန့်သွားပြီး ဒီလူ ဘယ်ချိန်က ရောက်လာလဲ မစဉ်းစားခင် ရှန်းရင်က ကန်ထဲက ထွက်လာတဲ့ မိစ္ဆာသားရဲတစ်ကောင်ကို ရုတ်တရက်ဖမ်းဆုတ်ကာ လက်မြှောက်ပြိး သူ့ဆီ ပစ်ပေါက်တယ်။
သူ လေထဲ ဝှီးခနဲ အသံကြားလိုက်ရပြီး မတုံ့ပြန်နိုင်ခင် လောကကြီးက သူ့ရှေ့ မည်းမှောင်သွားတယ်။ ဘန်းခနဲအသံနဲ့အတူ မိစ္ဆာသားရဲက သူ့ဆီ တန်းတန်းမတ်နတ် ပျံသန်းလာပြီး လေထဲကနေ ရိုက်မှန်သွားခဲ့လေတယ်။ သူ ရေကန်ဘေး ဝုန်းခနဲပြုတ်ကျသွားတော့တယ်။
ထိ... ထိသွားတယ်
(⊙ o ⊙)
အဲတော့မှ ရှန်းရင်က ဖြည်းဖြည်းချင်းဆက်ပြောတယ်။
"နင့်နတ်ဘုရားရဲ့ ကောင်းချီးက ဈေးပေါလိုက်တာ" တိရစ္ဆာန်လေးတွေတောင် ရနိုင်တာကြီး။
"မင်း... မင်း..." ကျင်းချီမျက်နှာက မယုံကြည်နိုင်မှုအပြည့်။ နောက်ဆုံးတော့ အဲသားရဲရဲ့ကိုယ်ကနေ ခက်ခက်ခဲခဲ ဆင်းလာခဲ့ပြီး ရှေ့ကရေကန်ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့အကြည့်ထဲ တစ်စုံတရာ လက်သွားပြီး အဲအရပ်မျက်နှာဆီ ရုတ်တရက် အသည်းအသန်ထပြေးတယ်။
ကူယွဲ့ မျက်နှာ မည်းမှောင်သွားပြီး အသံကျယ်ကြီးနဲ့ သတိပေးလိုက်တယ်။
"ရှန်းရင် သူ့ကို ရေထဲမဝင်စေနဲ့" ဒီရေကန်က သူ့ကိုယ်ပိုင်ဂြိုဟ်ကမို့ ကျင်းချီကို သူတို့နားမလည်တဲ့ အစွမ်းတွေ ပေးနိုင်ပုံပဲ။
ကျင်းချီ အထဲ ခုန်ချလုနီးပါးဆိုတာမြင်တော့ ရှန်းရင်က ရုတ်တရက် ရေကန်ဆီ အပြာရောင်ကုဗတုံးတစ်ခုကို ပစ်ထုတ်လိုက်တယ်။ ချက်ချင်းနီးပါး ရေကန်ထဲကရေတွေ အသည်းအသန် အဲကုဗတုံးထဲ ဝင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ငွေရောင်က ရေကန်ထဲကနေ ပျောက်သွားခဲ့တယ်။ မြေကြီးပေါ်မှာတော့ တွင်းတစ်တွင်းနဲ့ အချိန်မီ နောက်မဆုတ်နိုင်ဘဲ တွင်းထဲ ပြုတ်ကျသွားခဲ့တဲ့ ခပ်တုံးတုံးလူငယ်တစ်ယောက်
ကုဗတုံးက ရေနောက်ဆုံးလက်ကျန်ထိ စုပ်ထုတ်ပြီးမှ ရှန်းရင်လက်ဖဝါးထဲ ပြန်လာတယ်။ လက်ဖဝါးအရွယ်စာပဲ ရှိနေသေးပေမဲ့ ကောင်းကင်ပြာကနေ ငွေရောင်အဖြစ် ပြောင်းလဲသွားပြီး အထဲကရေက အရောင်လက်နေတယ်။
ကူယွဲ့က မြေကြီးဆီ ဆင်းလာခဲ့ပြီး ရေကန်အလွတ်ထဲ ဖမ်းဆီးအင်းကွက်ဖန်တီးကာ အထဲကလူကို ချုပ်နှောင်လိုက်တယ်။ အဲတော့မှ သူ ရှန်းရင်လက်ထဲက အဲဒီငွေရောင် ဖောက်ထွင်းမြင်ရတဲ့ ကုဗတုံးလေးကို ရှန်းရင်လက်ထဲက ကြည့်လိုက်တယ်။
"ဒါ ဘာလဲ" ကူယွဲ့မေးလိုက်တယ်။
အသားလှီးပြီးကာစ စားဖိုမှူးလည်း ပြန်ရောက်လာပြီး အတုံးကို အနီးကပ်ကြည့်တယ်။
"ဒါ ဆန်းကြယ်ဘုံနဲ့ နည်းနည်းတူသလားလို့"
"ဒါသီးသန့်နယ်ပယ်တစ်ခုပဲ" ရှန်းရင်က ပြန်ဖြေပြီး ပစ္စည်းကို ဖေဖေနျို့ဆီ ပစ်ပေးလိုက်တယ်။
ကူယွဲ့က ယူကာ သေချာကြည့်လိုက်တော့ အတုံးက တကယ်ပဲ ဆန်းကြယ်အခန်းနဲ့ အတော်လေးဆင်တာ သိလိုက်ရတယ်။ အထဲမှာက ဒီကမ္ဘာနဲ့ မပတ်သက်တဲ့ နယ်ပယ်ဖြစ်ပေမဲ့ နည်းနည်းပိုတိုးတက်နေပြီး ချိပ်ပိတ်ထားတာမို့ လေတစ်စက်တောင် ထွက်မလာဘူး။
"ဒါဘယ်ကလဲ"
"ခုလေးတင် လုပ်ထားတာ"
"..." အဲတော့ စောနက တစ်ချိန်လုံး မတိုက်ခိုက်တာ ဒါလုပ်နေလို့ပေါ့။
ကူယွဲ့ အရှေ့ကတွင်းကို ကြည့်လိုက်တယ်။ ရေမရှိတော့ မိစ္ဆာသားရဲတစ်ကောင်မှ တွားသွား ထွက်မလာတော့ဘူး။ ဒါပေမဲ့ ကျင်းချီကတော့ မုန်းတီးနေဆဲအကြည့်နဲ့ သူတို့ကို စူးစူးစိုက်စိုက် ကြည့်တယ်။
"ငါတို့ ဒီတစ်ယောက်ကို ဘာလုပ်မလဲ" ကူယွဲ့လက်ညှိုးလှမ်းထိုးလိုက်တယ်။
"ခု မျက်နှာပြင်ဖွင့်ပြီး ပြန်ပစ်ထုတ်ကြမလား"
ရှန်းရင် မဖြေခင် တွင်းထဲကလူက အော်တယ်။
"မင်းတို့ ငါ့ကိုနိုင်ပြီထင်နေတာလား" သူက ရုတ်တရက် မော့ကြည့်ကာ သုံးယောက်ကို ထေ့ရယ်ပြီး ဘယ်ကမှန်းမသိ ပုလင်းတစ်လုံးကို ထုတ်ရင်း အထဲကအရည်တွေကို လောင်းချတယ်။
"ချီး စောနကကန်ရေပဲ"
ကူယွဲ့ဆဲလိုက်တယ်။ ဒီတစ်ယောက် ပုလင်းတစ်လုံးထဲ ထည့်သိမ်းထားမယ် မထင်ခဲ့ဘူး။
"ဟားဟားဟားဟား..." ကျင်းချီက စိတ်ကျေနပ်ရူးသွပ်စွာနဲ့ ထရယ်တယ်။
"ဘဝရေပန်းက ရေစက်တစ်စက်က လူတစ်ယောက်ကို ထာဝရ အမတဖြစ်စေတယ်၊ မင်းတို့ ရေပန်းကို ယူသွားတော့ရော ဘာအရေးလဲ၊ ငါ့ကိုမနိုင်နိုင်ပါဘူး"
သူ့ရယ်သံက ပိုတောင်ရူးသွပ်လာတယ်။ ခန္ဓာကိုယ်က အရှိန်အဝါတွေက ပြောင်းလဲသွားပြီး လုံးဝအမျိုးအမည်မသိ အရှိန်အဝါတစ်ခု သူ့ကိုယ်ကနေ ပေါက်ကွဲထွက်လာကာ ကူယွဲ့ရဲ့ ချုပ်နှောင်အင်းကွက်ကို ချက်ချင်း ဖြိုခွင်းပြီး သူတို့ကိုပါ ရိုက်ခတ်လေတယ်။
သုံးယောက်သား အလိုလို နောက်ပြတ်ဆုတ်သွားပြီး ကျင်းချီက တကယ်ပဲ ရုတ်တရက် တွင်းထဲကနေ ပျံတက်လာတယ်။ သူက မြင့်သထက်မြင့်သွားပြီး ထူးဆန်းတဲ့အဲအရှိန်အဝါက ထူသထက်ထူလာတယ်။ သူ့တစ်ကိုယ်လုံး ငွေရောင်အနေနဲ့ တောက်ပကုန်တယ်။
"ဟားဟားဟား... မင်းတို့ကျင့်ကြံဆင့်မြင့်လည်း အသုံးမဝင်တော့ဘူး၊ ဘဝရေပန်းနဲ့ဆို မင်းတို့ဒီတိုင်းသတ်မရ..."
သူ စကားမဆုံးခင် သူ့တစ်ကိုယ်လုံးပေါ်က အလင်းရောင်တွေ ရုတ်တရက် မည်းနက်ကာ ကောင်းကင်ကနေ ပြုတ်ကျလာတယ်။ စောနက ထူထဲနေတဲ့ အဲအရှိန်အဝါတောင် ဘယ်တုန်းကမှမရှိခဲ့သလိုမျိုးပဲ။
"ဘာဖြစ်တာလဲ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"
သူ့မျက်နှာက ပြောင်းလဲသွားပြီး ဆိုးဆိုးရွားရွား သွေးပျက်တော့တယ်။
"ဘဝရေပန်းက အမတဖြစ်အောင် လုပ်ပေးသင့်တာလေ၊ ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ"
သူ့အမူအရာက ရုပ်ဆိုးသထက်ရုပ်ဆိုးလာတယ်။ သူက တစ်စုံတစ်ခုကို မှတ်မိပြီး မျက်နှာချင်းဆိုင်က ၃ယောက်ကို စိုက်ကြည့်တယ်။
"မင်းတို့ပဲ မင်းတို့ဘာလုပ်ခဲ့တာလဲ"
…
အခန်း ၃၄၁ ။ ကန်ရေအရည်အသွေး
သုံးယောက်သားလည်း မှင်တက်သွားပြီး မျက်နှာပေါ် ဇဝေဇဝါအကြည့်တွေနဲ့။
ဘာကိစ္စလဲ။ ကန်ရေက သက်တမ်းကုန်သွားတာလား။
ကျင်းချီအမူအရာက ပိုလို့တောင် ရူးနှမ်းနေတယ်။ သူက သူတို့ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်တယ်။
"မင်းတို့တွေ ရေကို ဘာလုပ်ခဲ့-" သူ ပြောနေရင်း ရပ်သွားပြီး နာကျင်နေတဲ့ အကြည့်တစ်ခု မျက်နှာပေါ် ပေါ်လာတယ်။ သူ့လက်က ဗိုက်ကို အလိုလိုဖိသွားတယ်။
နောက်အခိုက်အတန့်မှာ သူ့နဂို အနည်းငယ်ဝတုတ်နေတဲ့ ဗိုက်က ဘောလုံးတစ်ခုလိုမျိုး မြန်ဆန်စွာ ဖောင်းကားလာတယ်။
အသက်သုံးချက်ရှူစာနဲ့ ကြီးလာလိုက်တာ နောက်ကို ယိုင်ကျသွားပြီး ဟန်ချက်ပျက်တဲ့အထိပဲ။
"ဒါဘယ်လိုလုပ်... ဒါဘာ" ကျင်းချီရဲ့ လက်တစ်ဖက်က သူ့ခါးကို ထောက်ထားပြီး အနားက သစ်ပင်တစ်ပင်ရဲ့ပင်စည်ကို မှီနေတယ်။ သူ့ဗိုက်က ပိုပိုပြီး ကြီးထွားလာလို့ မျက်နှာက ကြောက်လန့်မှုအပြည့်။ တစ်ခုခု သူ့ဗိုက်ထဲ လှုပ်ရှားနေတာကို သူတို့ မကွဲမပြားမြင်လိုက်ရတယ်။
သုံးယောက်သား စိတ်ထဲ တစ်ခုခု အတွေးပေါက်သွားသလိုမျိုး ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
ကူယွဲ့ ကြည့်ရတာ အံ့ဩမှင်တက်နေတဲ့ပုံ။
"ဘဝရေပန်း... တကယ်ကို အစစ်အမှန်ပဲ"
ယိချင်းကလည်း နားလည်ဟန် ခေါင်းညိတ်တယ်။
"လက်ငင်းသက်ရောက်မှုနဲ့ အရည်အသွေးကောင်းပဲ"
ကျင်းချီအမူအရာက ပျာယာခတ်ပြီး တစ်ချိန်တည်းမှာ ကြောက်လန့်နေတယ်။ သူ့ကြည့်ရတာ စိတ်လွတ်တော့မလိုမျိုးပဲ။ သူက ဒေါသတကြီး အော်ဟစ်တယ်။
"မင်းတို့ဘာတွေ ပြောနေတာလဲ၊ ငါ ဘာတွေ ဖြစ်နေတာတုံး"
သုံးယောက်သားက အချင်းချင်း ကြည့်လိုက်ကြတယ်။
ရှန်းရင်က ရှေ့တက်ကာ သူ့ပခုံးကိုပုတ်တယ်။
"ဟိတ်လူ၊ ဂုဏ်ယူပါတယ်၊ နင့်မှာ ကိုယ်ဝန်ရှိနေပြီ" ဒါကဘဝရေပန်းမဟုတ်လား။ သေချာပေါက် ဘဝကို မွေးဖွားဖို့အတွက်ပေါ့။ အမှန်ကိုပဲ။
"..." ကျင်းချီမျက်နှာက ချက်ချင်း ဖြူဖျော့သွားတယ်။
နောက်အခိုက်အတန့်မှာ သူ့ကြည့်ရတာ ဒီလိုသတင်းကို ခံနိုင်ရည်မရှိလို့ထင် မျက်ဆန်လန်ကာ မူးမေ့လဲသွားခဲ့တယ်။
ရှန်းရင် မြေပြင်ပေါ်ကလူကို သစ်ကိုင်းနဲ့ ထိုးကြည့်လိုက်တယ်။
"အပျော်လွန်ပြီး မေ့သွားတာလား"
ကူယွဲ့ နှုတ်ခမ်းတွန့်သွားတယ်။ ဒါ လန့်ဖျပ်ပြီး မေ့သွားတာ အသိသာကြီးကို။
"ငါတို့ ခုဘာလုပ်ကြမလဲ၊ သူ့ကို အဲမျက်နှာပြင်ဆီ ပြန်ပို့မှာလား၊ ဒီတိုင်း သတ်ပစ်မှာလား"
"လုပ်လို့မရလောက်ဘူး" ယိချင်းက တန်းခေါင်းယမ်းတယ်။
"နဂို ဝိညာဉ်က ထွက်သွားပြီးပြီဆိုပေမဲ့ ခု သူ့ဗိုက်ထဲမှာ နောက်ထပ်ဝိညာဉ် ရှိနေပြီလေ"
သူ့ဗိုက်ထဲ ဝိညာဉ်အသစ်တစ်ခု ရှိနေတာဆို ဘယ်လိုလုပ်မလဲ။ နောက်ဆို ဘယ်ဘက်ခြမ်းထဲ ရောက်မှာလဲ။
"ဒါဆို ဘယ်လိုလုပ်မလဲ" ကူယွဲ့ ဆွံ့အနေတယ်။
သူတို့ သူ့ကလေးကို မွေးပေးရတော့မှာလား။
"သူ့ကို အရင် ဝူတိဂိုဏ်းဆီ ပြန်ခေါ်သွားရအောင်"
ရှန်းရင်က အကြံပြုတယ်။
"အမတဘုံဆီ ခုပြန်တော့မှာလား"
ကူယွဲ့ ထိတ်လန့်သွားတယ်။
"ဒါပေမဲ့ စားဖိုမှူးက..."
သူ စကားမဆုံးခင် ဘေးက ယိချင်းကို လှည့်ကြည့်လိုက်တော့ သူ့ပတ်လည်က အရှိန်အဝါက ဝိညာဉ်ချီ မဟုတ်တော့ဘဲ ခပ်ဖျော့ဖျော့ နတ်ဘုရားစွမ်းအင်ဖြစ်နေတာ နားလည်သွားတယ်။
"ဟိုလီရှစ် မင်းဘယ်တုန်းက သက်သာသွားတာလဲ" ဒါ သိသိသာသာ ပြန်သက်သာသွားတာကြီး။ ပြီးတော့ အရမ်းမြန်လွန်းနေတယ်
"ခုလေးတင်လေ"
ယိချင်း သူ့ကို အူကြောင်ကြောင် ကြည့်လိုက်တယ်။ သူပဲ နဂါးအဖြစ် ပြောင်းကြည့်ခိုင်းခဲ့တာ မဟုတ်ဘူးလား။
"အဲလက်ထောက် စည်းတံဆိပ်ကရော"
သူ စကားဆုံးတော့ ယိချင်း မျက်ခုံးနှစ်ဖက်ကြား အလင်းစက်လေးပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ ရင်းနှီးနေတဲ့ အနန္တသင်္ကေတ ပေါ်လာတယ်။ ရှန်းရင် တစ်ချိန်ကရေးခဲ့တဲ့ အရာတွေက အမည်းရောင်အင်တုံလိုမျိုး သင်္ကေတကို လွှမ်းခြုံကာ တင်းကြပ်သွားခဲ့တယ်။ သူ နောက်ဆုံးတစ်ခေါက်က လုပ်ခဲ့သလိုမျိုးပဲ သင်္ကေတက ကျိုးပဲ့လုနီးပါးထိ ညှစ်ခံလိုက်ရသလိုဖြစ်ကာ အဲစကားလုံးတွေနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။ သူ့ကိုဝန်းရံထားတဲ့ နတ်ဘုရားစွမ်းအင်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
"..." သောက်ကျိုးနည်း
"အိမ်ပြန်ကြစို့" ရှန်းရင်က ပြန်လှည့်လာပြီး ခေါ်တယ်။ သူမက မျက်နှာပြင်ကို တန်းဖွင့်ပြီး အထဲကို အရင်ခြေထောက်ချလိုက်တယ်။
ယိချင်း အနောက်ကလိုက်မို့ရှိသေး ကူယွဲ့ဆွဲတာခံလိုက်ရတယ်။
"ပြန်လာခဲ့"
"ဘာလဲ"
"သေချာပေါက် သူ့ကို သယ်ဖို့ပေါ့ မင်း ဒီဗိုက်ကြီးသည်မိန်းမ... အာ မဟုတ်ပါဘူး ယောက်ျားကို ငါ့ဘာသာ သယ်ခိုင်းစေချင်နေတာလား" ကလေးထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ကူယွဲ့ မြေကြီးပေါ်ကလူကို လက်ညှိုးထိုးလိုက်တယ်။
"မင်း ခေါင်းကိုမ၊ ငါ ခြေထောက်မမယ်"
"အိုး"
ဒီလိုနဲ့ နှစ်ယောက်သား မြေကြီးပေါ်ကလူကို မကာ မျက်နှာပြင်တံခါးပေါက်ဆီ လျှောက်ခဲ့ကြတယ်။
——————
ရှန်းရင်ဖွင့်ခဲ့တဲ့ ဝင်ပေါက်က ဝူတိဂိုဏ်းရဲ့ အနောက်နန်းတော်ဆီ တန်းတန်းမတ်မတ်ပဲ။ ကူယွဲ့နဲ့ယိချင်း လမ်းတစ်လျှောက်လုံး သတိလစ်နေတဲ့ ဗိုက်ကြီးသည်တစ်ယောက်ကို ဘေးမှာပစ်ထားလိုက်တယ်။
အချိန်ကွာခြားချက်ကြောင့် သုံးယောက်သား ဝူတိဂိုဏ်းဆီ ပြန်မရောက်တာ နှစ် ၃၀၀၀ ကျော်သွားခဲ့ပြီ။ ကူယွဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူတို့ထွက်သွားတည်းက ထူးထူးခြားခြား ပြောင်းလဲမှုမရှိတာ မြင်လိုက်ရတယ်။ ရှန်းရင် အပြင်မှာ စားနေကျ စားပွဲတောင် သန့်ရှင်းလွန်းနေလို့ ဖုန်တောင်မရှိ။ တစ်ယောက်ယောက်က နေရာကို မကြာခဏ သန့်ရှင်းပုံပဲ။
ကူယွဲ့ အင်းကွက်အစီအရင်တချို့ တန်းချလိုက်တယ်။ စားဖိုမှူးက မြင်နေကျအမူအရာမျိုးနဲ့ ဟင်းချက်ဖို့ မီးဖိုချောင်ထဲ ဝင်သွားပြီ။ ပြီးတော့ ရှန်းရင်က အကျင့်အတိုင်း အရိုးမရှိသလို ပျင်းတိပျင်းရွဲနဲ့ စားပွဲကိုမှီနေတယ်။
ကူယွဲ့ အင်းကွက်တွေ ပြီးသွားတဲ့အချိန်မှာတော့ စားဖိုမှူးက ချက်ပြီးသား ဟင်းနှစ်ပန်းကန်နဲ့ ထွက်လာပြီ။ ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်နေဆဲ။ စောနကတော့ သတိမထားမိပေမဲ့ အခုတော့ အရမ်းကို တိတ်ဆိတ်နေသလိုပဲ။ ဒီလောက်ကြာတာတောင် တစ်ယောက်ယောက်ဝင်လာတာကို မပြောနဲ့ဦး၊ အနီးနားမှာ လူသူရှိတဲ့အရိပ်အယောင်တောင်မရှိ။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ ထရပ်လိုက်တယ်။
"ငါ သွားပြီး ယွီဟုန်နဲ့ သူဌေးလန်ကို သွားရှာဦးမယ်"
အဲလိုပြောပြီး သူ ဓားပျံနဲ့ ထွက်လာခဲ့တယ်။ ဒါပေမဲ့ အနီးနားက နန်းတော်မှာရော တခြားနန်းဆောင်တွေမှာပါ တပည့်တစ်ယောက်မှ ရှာမတွေ့။ သူရင်ထိတ်သွားပြီး နန်းတော်တစ်ခုလုံးကို ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လိုက်တယ်။ ဒါပေမဲ့ ဝူတိနန်းတော်တစ်ခုလုံး လူတစ်ယောက်တောင် မရှိ ဗလာကျင်းနေတာသိလိုက်ရတယ်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူတို့ထွက်သွားတုန်းက လန်ဟွားက ကောင်းကင်မိစ္ဆာဖြစ်ပြီးပါပြီ။ သူ့အကာအကွယ်နဲ့ဆို ပြဿနာ မရှိသင့်ဘူးလေ။ တစ်ခုခုဖြစ်ခဲ့ရင်တောင် တစ်ယောက်တစ်လေမှ မကျန်ခဲ့တာတော့ မဖြစ်နိုင်ဘူး။ လူတွေအားလုံး ဘယ်ရောက်သွားတာလဲ။
သူ မျက်မှောင်ကြုတ်ကာ ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားတယ်။ သူ ဟိုးအနောက်ဘက်က အမတဆေးမြစ်စိုက်ခင်းဆီ လှည့်ပျံသန်းသွားခဲ့တယ်။ တကယ်ပဲ အဝေးမှာ ရင်းနှီးနေတဲ့ မသေမျိုးချီကို ခံစားလိုက်ရတယ်။ ဂါထာတွေဆီက တုန်ခါမှုလည်း ရှိနေတယ်။
ဆေးပင်စိုက်ခင်းအလယ်မှာတော့ အင်းကွက်အစီအရင်တစ်ခု ထိန်လင်းနေတယ်။ ထောင်ချောက်အင်းကွက်လိုမျိုးပဲ။ အလယ်မှာတော့ ရင်းနှီးနေတဲ့ မုန်လာဥတစ်ခုက တွားသွားထွက်လာဖို့ အသည်းအသန် ကြိုးစားနေပေမဲ့ အင်းကွက်ဖိထားတာခံနေရတယ်။ စွမ်းအင်ဆုံးရှုံးမှုကြောင့်ထင် သူ့ခေါင်းပေါ်က နဂိုသစ်ရွက်စိမ်းတွေက ခုဝါကျင်ကျင်ဖြစ်နေပြီ။ ကြွေကျတော့မလိုမျိုး ညွတ်တွဲကျနေတယ်။
"မုန်လာဥဖြူလား" ကူယွဲ့ လန့်သွားတယ်။ သူက ဒီလောက်တောင် ကြီးထွားလာပြီပေါ့။ သူလက်တစ်ဖက် ယမ်းကာ အင်းကွက်ကိုဖယ်ပေးပြီး အောက်ဆင်းခဲ့တယ်။
ရုန်းကန်နေတဲ့ပုံသဏ္ဌာန်က တောင့်တင်းသွားတယ်။ သူ့ခေါင်းက ဖြည်းဖြည်းချင်း လှည့်လာပြီး မုန်လာဥဖြူက လုံးဝမှင်တက်သွားပုံ။
"မင်း ဘာဖြစ်တာလဲ" ကူယွဲ့ လှမ်းသွားကာ မေးလိုက်တယ်။
"ဘာတွေများဖြစ်..."
"အား..." သူ စကားမဆုံးခင် မုန်လာဥဖြူက ပြေးလာပြီး အသည်းအသန် ငိုကြွေးနေပြီ။ ရေတွေက တစ်ကိုယ်လုံးကနေ ထွက်လာတာမို့ စိုရွှဲနေတဲ့ မုန်လာဥဖြူဖြစ်လာတယ်။
"စိတ်ရှုပ်စရာအကြီးအကဲ၊ မင်းတို့ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ အား..."
ကူယွဲ့ ။ ။ "..."
မင်းဘိုးအေကို 'စိတ်ရှုပ်စရာ အကြီးအကဲ'
ကူယွဲ့ နှုတ်ခမ်းတွန့်သွားတယ်။ သူ့ဝတ်ရုံက မုန်လာဥဖြူကြောင့် စိုနေပြီဆိုတာ မြင်လိုက်ရတော့ သူ တစ်စုံတစ်ခုသော ဟင်းသီးဟင်းရွက်ကို သူ့ကိုယ်ကနေ အမြန်ဆွဲချရတော့တယ်။
"ငိုမနေနဲ့တော့၊ ဘာဖြစ်တာလဲ၊ ငါတို့ခုလေးတင် ပြန်ရောက်လာတာ၊ ဘာလို့ နန်းတော်မှ တစ်ယောက်မှ မရှိတာလဲ"
"ငါတို့" မုန်လာဥဖြူက ရုတ်တရက် မော့ကြည့်လာပြီး ရေတွေက သူ့ကိုယ်ကနေ အဆက်မပြတ် ထွက်တာရပ်သွားကာ အရွက်တွေတောင် ထောင်မတ်ကုန်တယ်။
"မမလေး ပြန်လာပြီပေါ့"
"အေး ငါတို့အားလုံး..."
"မမလေး" သူ စကားမဆုံးခင် မုန်လာဥဖြူက လှည့်ထွက်ကာ အနောက်နန်းတော်ဆီ ခုန်ဆွခုန်ဆွ ထွက်သွားပြီ။ အရင်ကထက် အများကြီးပိုကြီးထွားလာပေမဲ့ ခုန်ပေါက်သွားတာ မြန်လွန်းလို့ အရိပ်လိုပဲ။ ကူယွဲ့ မနည်းကို အမှီလိုက်ရတယ်။
…
အခန်း ၃၄၂ ။ အမတဗိမာန်သို့ အပြန်
မုန်လာဥဖြူက အနောက်နန်းတော်ဆီ မရောက်မချင်းထိမရပ်။ စားပွဲမှာ ရင်းနှီးတဲ့ပုံသဏ္ဌာန်က ထိုင်နေတာမြင်ပြီး မုန်လာဥဖြူတစ်ကိုယ်လုံး မယုံကြည်နိုင်ဟန် အနည်းငယ်တုန်ယင်လာတယ်။
"မမ... လေးလား"
စားနေတဲ့ရှန်းရင် နောက်လှည့်လာပြီး တူကိုကိုင်ထားရင်း လက်တစ်ဖက်ယမ်းပြလိုက်တယ်။
"ဟေး မုန်လာဥဖြူလေး"
"မမလေး... မမ... လေး" မုန်လာဥဖြူက ရှေ့ကို အမြန်တိုးလာပေမဲ့ ရှန်းရင်ဘေးရောက်ချိန် နောက်တစ်ကြိမ်ရပ်သွားပြန်ကာ နှာကိုရှုံ့တယ်။ နောက်တော့ မုန်လာဥဖြူတစ်ကိုယ်လုံး ရေတွေနောက်တစ်ကြိမ်လွှမ်းသွားပြန်တယ်။
"ဝါး... မမလေး ပြန်လာပြီပေါ့၊ နောက်ဆုံးတော့... နောက်ဆုံးတော့ ပြန်လာပြီပဲ၊ မုန်လာဥဖြူ... မုန်လာဥဖြူ အရမ်းကို ကြောက်နေတာ၊ အရမ်း အရမ်းကို ကြောက်နေတာ... အားးးး"
သူငိုလေ ပိုပြီးဝမ်းနည်းလာလေပဲ။ ပြီးတော့ ထိန်းချုပ်နိုင်တော့မဲ့ပုံမပေါ်။ ငိုတာ မုန်လာဥဖြူတစ်ကိုယ်လုံး နည်းနည်းတောင် ခြောက်သွားတဲ့ပုံ။ သူများအနိုင်ကျင့်တာခံရပြီး မိဘဆီ ပြေးတိုင်တဲ့ ကလေးလိုမျိုးပဲ။
ရှန်းရင် သူမဘေးက စားဖိုမှူးနဲ့ အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချပြီး သူမလက်ထဲကနေ ပန်းကန်လုံးကိုချ မုန်လာဥဖြူရဲ့ခေါင်းပေါ်က နွမ်းခြောက်ခြောက်အရွက်တွေကို ထိလိုက်တယ်။
"ဒါ ဘာဖြစ်တာလဲ"
"မမလေး... မမလေး..." မုန်လာဥဖြူက ငိုယိုတာကနေ ရင်ဘတ်အောင့်နေတဲ့ပုံ။ သူက ကြို့ထိုးရင်း အမြန်အလောတကြီး ပြောလာတယ်။
"မြန်မြန်... မြန်မြန်ကယ်ပေးပါ... အားလုံးကို မမလေး... ဖမ်းခံရ"
သုံးယောက်သား မှင်တက်သွားတယ်။ သူ့နောက်ကနေလိုက်လာတဲ့ ကူယွဲ့ ရှေ့ကိုတက်ကာ မေးလိုက်တယ်။
"ယွီဟုန်ကိုပြောတာလား၊ သူ့ကို ဘယ်သူဖမ်းတာလဲ၊ တခြားသူတွေ ဘယ်ရောက်သွားတာလဲ၊ ငါတို့ကို ရှင်းအောင်ပြော"
"နတ်... နတ်ဆိုးဘုရင်ပါ" မုန်လာဥဖြူက အလောတကြီးပြောတယ်။
"သူက မမလေးဟုန်ကို ဖမ်းသွားတယ်၊ အစ်ကို... အစ်ကိုလန်က သူ့နောက်လိုက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး၊ ဒါကြောင့် ရှောင်ယွီနဲ့ တခြားသူတွေလည်း... လိုက်သွားကြတယ်၊ သူတို့က အရမ်းအန္တရာယ်များတယ် ပြောပြီး မုန်လာဥဖြူကို လိုက်ခွင့်မပေးခဲ့တာ"
"မင်းပြောတာ ငမည်းလေးက ယွီဟုန်ကို ဖမ်းသွားတယ်လား"
ကူယွဲ့ ထိတ်လန့်သွားတယ်။ နှစ်တစ်ထောင်ကျော် မတွေ့ရတဲ့နောက်မှာ သူက ရဲတင်းလာတာပဲ။ ဝူတိဂိုဏ်းကလူတွေကိုတောင် ဖမ်းရဲတယ်ပေါ့။
"ဟင့်အင်း ဒါက နတ်ဆိုးဘုရင်ပါ" မုန်လာဥဖြူက ပိုပြီးတောင် အသည်းအသန် ခေါင်းယမ်းပြီး နောက်တော့ခေါင်းညိတ်တယ်။ သူက ပိုပြီးတောင် အသည်းအသန်ဖြစ်လာပြီး ရှန်းရင်ဝတ်ရုံလက်ကို ဆွဲတယ်။
"မမလေး၊ မြန်မြန်သူတို့ကိုသွားကယ်ပါ၊ သူတို့ တစ်ညလုံးထွက်သွားတာ ပြန်မလာသေးဘူး"
"ရှန်းရင် မြန်မြန်သွားကြရအောင်" ကူယွဲ့လည်းစိတ်ပူသွားပြီး ပြန်လှည့်လာကာ သူ့ဓားပျံကို ဆင့်ခေါ်လိုက်တယ်။ စားဖိုမှူးလည်း စားပွဲပေါ်က မကုန်သေးတဲ့ ဟင်းပွဲတွေကို သိမ်းဖို့ ဂါထာတွေထုတ်သုံးစပြုနေပြီ။
"ခဏ" ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
"ဘာအတွက် စောင့်ရမှာလဲ" ကူယွဲ့ပိုပြီးတောင် စိတ်ပူပန်သွားတယ်။
"ခုလောလောဆယ်သူတို့..."
"ပြန်လာပြီ"
ဟမ်။
ကူယွဲ့ မှင်တက်သွားတယ်။ သူ လှည့်ကြည့်လိုက်တော့ သူတို့ပတ်ဝန်းကျင်ကနေ ရုတ်တရက် နတ်ဆိုးချီတွေ အများကြီးထွက်လာပြီး စုဝေးကုန်တာ မြင်လိုက်ရတယ်။ သူ့ရှေ့က နေရာက တွန့်သွားပြီး နောက်အခိုက်အတန့်မှာ လူတစ်ယောက်စာအရှည် အပေါက်အပြဲ လေထဲပေါ်လာပြီး လူခုနှစ်ယောက်ရှစ်ယောက် ထွက်ကျလာတယ်။ အားလုံးက သွေးတွေဖုံးလွှမ်းနေပြီး ကြည့်ရဆိုးနေတယ်။
အထူးသဖြင့် အရှေ့ကလူ။ သူ့ကိုယ်က သွေးတွေနဲ့ ရဲရဲနီနေပြီး ပိုဆိုးတာက ဓားကျိုးတစ်ခုက သူ့ရင်ဘတ်မှာ စိုက်နေတယ်။
"လန်ဟွား" ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ လဲကျလုနီးပါးဆိုတာမြင်တော့ အမြန် သွားကူထူပေးလိုက်တယ်။
"အစ်မလေးဟုန်" မုန်လာဥဖြူလည်း ထိတ်လန့်သွားပြီး ဖျတ်ခနဲလူအသွင်ပြောင်းကာ တစ်ဖက်လှည့်ပြီး လန်ဟွားနောက်က ခပ်ဆင်ဆင်သွေးစွန်းနေတဲ့ပုံသဏ္ဌာန်ကို ဖက်လိုက်တယ်။
"ကူယွဲ့လား" လန်ဟွား သူ့ရှေ့ကလူကို မယုံကြည်နိုင်ဟန် မျက်လုံးတွေပြူးသွားတယ်။ နဂိုက မီးခိုးရောင်မည်းနက်နေတဲ့ မျက်လုံးတွေက ချက်ချင်းတောက်ပသွားလေရဲ့။
"မင်းက ဒီမှာပဲ၊ ဒါဆို စိတ်ကောင်း..."
သူ အမြန် နောက်ကိုလှမ်းကြည့်တော့ တခြားသူတွေလည်း ရှန်းရင်ကို ကြည့်ကြတော့တယ်။ ချက်ချင်းပဲ သူမပေါ် အကြည့်၇ခု၈ခု ရောက်လာလေရဲ့။
"ဟေး" ရှန်းရင် နှုတ်ဆက်တဲ့အနေနဲ့ လက်ယမ်းပြလိုက်တယ်။
နောက်တော့ ချက်ချင်းပဲ ရှိနေတဲ့လူတွေအကုန် တောင့်ခဲစေတဲ့ နယ်နိမိတ်ထဲကအရာတွေလိုမျိုး ဖြစ်ကုန်တယ်။ သူတို့တွေရှေ့ကလူကို တန်းတန်းမတ်မတ်ကြည့်နေကာ သူတို့မျက်လုံးတွေက ပြူးကျယ်ကုန်တယ်။ စောနတုန်းက စိတ်ဓာတ်ကျမှုအပြည့်နဲ့ သူတို့မျက်ဝန်းတွေက ချက်ချင်း တောက်ပကုန်ပြီး အရည်လဲ့လဲ့တောက်ပမှုပေါ်လာခဲ့တယ်။
တစ်ခဏအကြာမှာ...။
"ဝူတိဂိုဏ်းရဲ့ တပည့်များ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"
——————
လန်ဟွားတို့အုပ်စုက ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာတွေ နည်းနည်းပိုနည်းတဲ့ ယွီဟုန်ကလွဲ တခြားသူတွေအားလုံး သွေးကြောတွေ ပြတ်တာ ဒါမှမဟုတ် သူတို့အမတအရိုးတွေ ကျိုးနေတယ်။
ကူယွဲ့နဲ့ ယိချင်း သူတို့အခြေအနေတွေကို တည်ငြိမ်အောင်မလုပ်နိုင်ခင် အတော်လေး အားထုတ်လိုက်ရတယ်။
"အဲတော့ဘာဖြစ်ခဲ့တာလဲ" ကူယွဲ့ မေးလိုက်တယ်။
လန်ဟွား ပြန်မဖြေနိုင်ခင် ဘေးကယွီဟုန်ကရှေ့ကို တက်လာပြီး ချက်ချင်းဒူးထောက်ချတယ်။ သူမမျက်နှာမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုအပြည့်။
"ဒါကျွန်မအပြစ်ပါ လူတိုင်းကို ဒုက္ခရောက်အောင် လုပ်မိခဲ့တယ်၊ အကြီးအကဲ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပါ"
"ဟင့်အင်း ဒါ အစ်မလေးဟုန်နဲ့ ဘာမှမဆိုင်ဘူး" မုန်လာဥဖြူက အသည်းအသန် ရှေ့တက်လာကာ သူမကိုဆွဲထူဖို့လုပ်ပေမဲ့ ယွီဟုန်က ထရပ်ဖို့ ဆန္ဒမရှိ။
"ဒါ ဘယ်လိုလုပ် မင်းကိုအပြစ်တင်လို့ရမလဲ" လန်ဟွားလည်း နားချလိုက်တယ်။
"ဒါ ယွီဟုန်နဲ့ ဘယ်လိုပတ်သက်တာလဲ"
ကူယွဲ့က နားထောင်ရင်း ပိုတောင်ဇဝေဇဝါဖြစ်လာတယ်။
"မင်းဒဏ်ရာ... ငမည်းလေးက ဒီလိုတကယ်လုပ်ခဲ့တာလား"
"ငမည်းလေး မဟုတ်ဘူး၊ နတ်ဆိုးဘုရင်အသစ်" လန်ဟွားက ခေါင်းယမ်းတယ်။
"ငမည်းလေးမရှိတော့ဘူး"
"ဘာ" တကယ်ကို နတ်ဆိုးဘုရင်အသစ် ရှိနေတာပေါ့။ ကူယွဲ့ မှင်တက်သွားတယ်။
လန်ဟွား လောလောလတ်လတ်ဖြစ်ခဲ့သမျှကိစ္စတွေကို စတင်ရှင်းပြလိုက်တယ်။
"ငါတို့လည်း နတ်ဆိုးဘုရင်အပြောင်းအလဲကို သိရတာမကြာသေးဘူး၊ လွန်ခဲ့တဲ့နှစ်ပိုင်းက ငမည်းလေးက ရုတ်တရက် ရောက်လာပြီး အဆင့်နိမ့်ဓမ္မအသုံးအဆောင်တစ်ခုကို ယွီဟုန့်ဆီ ပေးခဲ့တယ်၊ သိပ်မကြာခင်မှာပဲ နတ်ဆိုးဘုရင်က ယွီဟုန့်ကို ဖမ်းခေါ်သွားပြီး အဲဓမ္မအသုံးအဆောင်ကို ထုတ်ပေးဖို့ အတင်းအကြပ်ခိုင်းခဲ့တယ်၊ ငါ သူ့နောက်လိုက်တော့မှပဲ နတ်ဆိုးဘုရင်က ပြောင်းသွားပြီဆိုတာ သိခဲ့ရတာ၊ ငါလည်း ထောင်ချောက်ထဲ ပိတ်မိသွားခဲ့တယ်၊ တခြားတပည့်တွေက နတ်ဆိုးလောကထဲ ဖောက်ဝင်ပြီး ငါတို့ကိုပြန်ခေါ်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတာ"
"ဘာဓမ္မအသုံးအဆောင်လဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ဘာလို့ ငမည်းလေးက ယွီဟုန့်ကိုပေးခဲ့တာလဲ"
အဲလောက် အရေးကြီးတာအတွက်ဆို တစ်ယောက်ယောက်ကိုသာ ပေးခဲ့ရရင် လန်ဟွားဆီ ပေးခဲ့သင့်တာပေါ့။ ယွီဟုန့်ကို ပေးစရာ ဘာအကြောင်းရှိလဲ။
လန်ဟွားက ကြောင်အမ်းနေပြီး သူ့ဘေးက ရုတ်တရက် ခေါင်းငုံ့သွားတဲ့ ယွီဟုန့်ကို ကြည့်လိုက်တယ်။ သူ ချောင်းဟန့်လိုက်တယ်။
"အဲဒါ... နှစ်ယောက်ကြားက အချစ်သင်္ကေတ အထိမ်းအမှတ်တဲ့"
"ဟမ်"
အချစ်လား။
အဲဒါပြောလိုက်တော့ စားနေဆဲရှန်းရင်တောင် ခဏတန့်သွားတယ်။
"ငမည်းလေး... နဲ့ ယွီဟုန်ကလား" ဒါ ဘယ်လိုထူးဆန်းတဲ့ ဇာတ်လမ်းပါလိမ့်။ ဒီနှစ်ယောက်က တကယ် တွဲနေတယ်ပေါ့ ကြည့်ရတာ ဒီနှစ်သုံးထောင်အတွင်း သူတို့လွတ်သွားတာ နည်းနည်းမကဘူးပဲ။
"ဂိုဏ်းက တပည့်တွေက ခဏခဏ လေ့ကျင့်ဖော် မရှာနိုင်ကြဘူးလေ" လန်ဟွားက ခေါင်းကုတ်ပြီး ရှင်းပြတယ်။
"ငမည်းလေးက ခဏခဏ လာလည်တယ်လေ၊ သူက နတ်ဆိုးဆိုတော့... အာ အများကြီး အထုထောင်းခံနိုင်တယ်၊ ယွီဟုန်က တပည့်တွေထဲ အကြီးဆုံးဆိုတော့ လေ့ကျင့်ဖို့ အကူအညီတောင်းရင်းကနေ..."
အဲတော့ ထုထောင်းတာကနေ သူတို့အချစ် ပေါက်ဖွားလာတယ်ပေါ့။ ဟုတ်ပြီလေ လုံးဝကို ပြဿနာများတဲ့ဟာ မဟုတ်ဘူး ဘယ်လိုပဲဖြစ်ဖြစ် ငမည်းလေးက ဒီရည်းစားအတွက် သွေးနဲ့ ပေးဆပ်တယ်ပေါ့။
"အစတုန်းက သူတို့ တရားဝင်တာအိုလက်တွဲဖော်တွေ မလုပ်ခင် စိတ်ကောင်းပြန်လာမှာကို စောင့်နေတာ" လန်ဟွားက ရှန်းရင်ကို တစ်ချက်ကြည့်လိုက်တယ်။
"ဒါပေမဲ့ ငမည်းလေးက... ဒီလိုမျိုးပဲ ပျောက်သွားလိမ့်မယ်မထင်ခဲ့ဘူး"
"ဒါတွေအကုန်လုံး ကျွန်မအပြစ်ပါ၊ ငမည်းလေး ဘယ်ရောက်သွားလဲဆိုတာ သိတယ်ဆိုတဲ့ အဲလူရဲ့အလိမ်အညာတွေကို ယုံပြီး ဂိုဏ်းကို အသိမပေးဘဲ ထွက်သွားခဲ့မိတယ်..." ယွီဟုန့်မျက်နှာက အပြစ်ရှိစိတ်အပြည့်။
"အဲဒါကြောင့် လူတိုင်းကို နတ်ဆိုးလောကထဲ ပိတ်မိစေခဲ့တယ်၊ ကျွန်မ..." သူမ စကားမဆုံးခင် ရုတ်တရက် သွေးအန်ပြီး မတည်မငြိမ်ဖြစ်သွားလေတယ်။
"မင်း အရမ်းဒဏ်ရာရထားတာ၊ အသက်ရှူတာ အာရုံစိုက်ပြီး မလှုပ်နဲ့" ကူယွဲ့မျက်မှောင်ကြုတ်ပြီး သူမကို ထမရပ်အောင်တားလိုက်တယ်။
"ငါကိစ္စကို အကြမ်းဖျင်းနားလည်ပြီ၊ တကယ် မင်းအပြစ်မဟုတ်ပါဘူး"
"ဟင့်အင်း ကျွန်မ..." သူမမျက်နှာပေါ်က နောင်တက ပိုနက်ရှိုင်းလာပြီး ဖြူဖတ်ဖြူလျော်ဖြစ်ကုန်တယ်။ သူမနှုတ်ခမ်းထောင့်ကနေ သွေးတွေ ထိန်းချုပ်မရ စီးကျလာပြီး ကိုယ်ပေါ်က မသေမျိုးချီတောင် လွင့်ပျယ်လာတော့တာပဲ။
"ဘာဖြစ်တာလဲ" ကူယွဲ့က သူမကိုယ်မှာတစ်ခုခုဖြစ်နေတာ နားလည်သွားပြီး ထိတ်လန့်သွားတယ်။ သူ စမ်းကြည့်လိုက်တော့ သူမတစ်ကိုယ်လုံးကသွေးကြောတွေ ပြတ်တောက်နေပြီး မူလဝိညာဥ်တောင် စတင်ပြိုကွဲနေတာသိလိုက်ရတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမဒဏ်ရာတွေက အနည်းဆုံးပါ။ တကယ်ဆို ပြန်ထိန်းညှိပြီးတာနဲ့ အဆင်ပြေသွားသင့်တာ။ ဘာလို့တခြားသူတွေထက် ပိုဆိုးနေရတာလဲ။