← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း ၃၄၃ ။ နတ်ဆိုးလောကမှ အင်အားစုများ

ကူယွဲ့ စည်းတံဆိပ်တစ်ခု ဖန်တီးမို့ရှိသေး ရှန်းရင်က ရုတ်တရက် ထရပ်ကာ မြေကြီးပေါ်က လူကို တန်းဆွဲထူလိုက်တယ်။ သူမလက်တစ်ဖက်က ယွီဟုန့်ရင်ဘတ်ဆီ ဦးတည်ပြီး တစ်ခုခုကို ဆွဲဆုပ်ပြီး အတင်းထုတ်လိုက်သလိုမျိုးပဲ။ ယွီဟုန် ချက်ချင်းစိတ်သက်သာရာရပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်တယ်။ သူမနှလုံးသားနားရှိနေခဲ့တဲ့ မွန်းကြပ်စရာ ခံစားချက်က ရုတ်တရက် ပျောက်သွားခဲ့ပြီ။

"ဂိုဏ်းချုပ်" သူမ ဇဝေဇဝါနဲ့ မော့ကြည့်လိုက်တော့ ရှန်းရင်လက်ထဲ ခရမ်းရောင်လို အရာတစ်မျိုး ရှိနေတာ သိလိုက်ရတယ်။ သူမလက်ဖဝါးအလယ်မှာ မီးခိုးလိုမျိုး သိပ်သည်းလာလေရဲ့။

"ရှန်းရင် ဒါဘာလဲ" ကူယွဲ့ ချက်ချင်း မျက်လုံးပြူးသွားပြီး သူမလက်ဖဝါးထဲက အရာကို ကြည့်လိုက်တယ်။ စောနက သူစစ်ဆေး‌ပေးတုန်းက သူတို့ခန္ဓာကိုယ်တွေထဲ တခြားတစ်ခုခုရှိနေတာ သတိမထားမိခဲ့ဘူး။ သူ တခြားသူတွေကို လှည့်ကြည့်လိုက်တော့ ယွီဟုန်ပါ လုံးဝအူကြောင်ကြောင်ဖြစ်နေတဲ့ပုံ။

"ဒါက... အရမ်းကို ထူထဲတဲ့မသေမျိုးချီလိုပဲ" ယိချင်းလည်း မျက်မှောင်ကြုတ်ပြီး အံ့ဩစရာကောင်းလောက်အောင် မသေမျိုးချီထက် ထူတဲ့ ခရမ်းရောင်အရှိန်အဝါဆီ ကြည့်လိုက်တယ်။

"တခြားကျူးကျော်သူ မဖြစ်နိုင်ဘူးလား" ကူယွဲ့ ကိုယ်ဝန်... အာ မဟုတ်ပါဘူး၊ အသက်ရေပန်းကို သတိရသွားတယ်။ သူ သူ့လက်ထောက်လုပ်ပိုင်ခွင့်နဲ့ အမြန်ကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရ။

"ငါမသိဘူး" ရှန်းရင် ခေါင်းယမ်းပြီး တစ်ခုခုပြောမလို့ရှိသေးတယ်။

ရုတ်တရက် မြေကြီးကတုန်ခါသွားပြီး တစ်စုံတစ်ရာအသက်ဝင်သွားသလိုမျိုး အလင်းရောင်ဖြူကြီးက သူတို့ကိုဝိုင်းလာတယ်။ ကြီးမားတဲ့အကာအကွယ်မျက်နှာပြင်က ပေါ်လာပြီး နန်းတော်တစ်ခုလုံးကို ဝိုင်းပစ်လိုက်တယ်။

"ဒါ တောင်အကာအကွယ်အင်းကွက်ပဲ" လန်ဟွားမျက်နှာ ဖြူဖျော့သွားပြီး သူတို့သုံးယောက်ကို ကြည့်တယ်။

"နတ်ဆိုးလောကကလူတွေ ငါတို့နောက်လိုက်လာပြီ"

"သူတို့လာတာကောင်းတယ်" ကူယွဲ့ နှာမှုတ်လိုက်တယ်။

"ငါတို့ သူတို့ကို သွားမရှာပေမဲ့ သူတို့ဘာသာ ငါတို့တံခါးဝဆီ ရောက်လာတယ်ပေါ့"

—————

နန်းတော်အပြင်ဘက်။

ကောင်းကင်က ဖျော့တော့ပြီး နတ်ဆိုးချီလှိုင်းကြီးတွေ နန်းတော်အပေါ်က ကောင်းကင်ကို ဖုံးလွှမ်းထားတယ်။ နတ်ဆိုးစစ်တပ်အတန်းတွေက နန်းတော်ကို တင်းကြပ်စွာဝိုင်းထားလေရဲ့။

အရှေ့ဆုံးမှာတော့ ကောင်းကင်မိစ္ဆာဆယ်ယောက်။ သူတို့ကိုယ်ကနေ နတ်ဆိုးချီတွေ အံ့ခမန်းလိလိ မြင့်တက်နေတယ်။ သူတို့နောက်မှာတော့ ဖမ်းခံထားရတဲ့ဝူတိဂိုဏ်းတပည့်တွေ။ သူတို့ပုံစံတွေက စုတ်ပြတ်နေပြီး ဆိုးဆိုးရွားရွားထိခိုက်ထားပုံ။ တချို့ဆို မတ်တပ်ရပ်ဖို့တောင် အားမရှိသလိုမျိုး တိမ်တွေပေါ် ဒူးထောက်နေတယ်။ ဒါပေမဲ့သူတို့ကျောပြင်ကတော့ မတ်မတ်ရှိနေဆဲ။

နတ်ဆိုးတွေက တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကာ နောက်တော့ရှေ့ကနန်းတော်ကိုကြည့်တယ်။ တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး နည်းနည်းလေး ကြောက်နေကြတယ်။ ဝူတိဂိုဏ်းက နတ်ဆိုးလောကနဲ့ ဆက်ဆံရေးအကောင်းဆုံး ဖြစ်ပြီး ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေကြားက ဆက်ဆံရေးက ပုံမှန်ရက်တွေမှာ အတော်လေးများပြားတယ်။ ဒါပေမဲ့ ဒါက နတ်ဆိုးဘုရင်အသစ်ရဲ့ အမိန့်ဖြစ်ပြီး သူတို့ဆောင်ရွက်ရမယ်။ ပြီးတော့ ဝူတိဂိုဏ်းကတပည့်အားလုံး ဖမ်းမိထားတော့ သူတို့ နန်းတော်ကို သိမ်းပိုက်ဖို့ ဒီအခွင့်အရေးကို ယူသရွေ့ သုံးလောကလုံးကို လွှမ်းမိုးနိုင်မှာ မကြာဘူး။

အဲဒါကို စဉ်းစားမိတော့ နတ်ဆိုးတွေက စိတ်အေးပြီး နန်းတော်ဆီ လှမ်းအော်တယ်။

"ဧကရာဇ်လန်ဟွား၊ ကျုပ်တို့က ကျုပ်တို့ဘုရင်မကိုပဲ နန်းတော်ဆီ ပြန်ပင့်ဆောင်ဖို့ ရောက်လာတာ၊ ကျေးဇူးပြုပြီးလူကိုအပ်ပါ၊ သူ့ကိုရတာနဲ့ ခင်ဗျားတို့အားလုံးကို ကျိန်းသေပေါက် ပြဿနာမရှာပါဘူး"

နန်းတော်ကနေ တုံ့ပြန်မှုတစ်စုံတရာ ထွက်မလာလို့ နတ်ဆိုးတွေ အင်အားသုံးပြီး သိမ်းယူရမလား ချီတုံချတုံ ဖြစ်ကုန်တယ်။ ဆယ်ယောက်ထဲက စောင့်ရတာ စိတ်မရှည်တော့တဲ့ ကောင်းကင်မိစ္ဆာက အကြံပြုတယ်။

"မိစ္ဆာဆရာသခင်တို့၊ ဘာလို့ သူတို့နဲ့ တကူးတက စကားပြောနေတာလဲ၊ သူတို့လူတွေက ကျုပ်တို့လက်ထဲမှာပဲ၊ နည်းနည်းသတ်လိုက်ရုံနဲ့ သူတို့ထွက်လာမှာ သေချာတယ်”

အဲလိုပြောပြီး သူက သေလုမျောပါး တပည့်တစ်ဦးကို သူ့ဘေး တန်းလှမ်းဆွဲလိုက်တယ်။ လက်တစ်ဖက်က သူ့လည်ပင်းကို ကိုင်ထားပြီး ကျယ်လောင်စွာ ခြိမ်းခြောက်တော့တယ်။

"လန်ဟွား၊ ငကြောက်ကောင်၊ မင်းဒီကို ပြန်ပြေးလာတာနဲ့ အားလုံး အဆင်ပြေသွားတယ်လို့ ထင်မနေနဲ့၊ အခြေအနေကို နားလည်ရင် ယွီဟုန်ကို အမြန်အပ်သင့်တယ်၊ မဟုတ်ရင် အချိန်ကုန်ဆုံးလာတာနဲ့အတူ မင်းရဲ့ဂိုဏ်းတစ်ခုလုံး မသေမချင်း မင်းရဲ့တပည့်တစ်ယောက်စီကို ငါတို့သတ်ပစ်မယ်"

"ရဲတင်းလိုက်တာ" သူစကားပြောပြီးတာနဲ့ နန်းတော်ရှေ့ အဖြူရောင်သဏ္ဌာန်နှစ်ခု ရုတ်တရက် ပေါ်လာတယ်။ သူတို့ရုပ်ရည်ကို သိပ်မရင်းနှီးသလို သူတို့မှာ ကြောက်ခမန်းလိလိ ဓားချီပမာဏရှိနေလေရဲ့။

ကောင်းကင်မိစ္ဆာတွေ သူတို့နှစ်ဦးရဲ့နာမည်ကို မသိတာမို့ မှင်တက်ကုန်ကြတယ်။ ဒါပေမဲ့ ဖမ်းခံထားရတဲ့ ဝူတိဂိုဏ်းက တပည့်တွေကတော့ တောက်ပတဲ့ မျက်လုံးတွေနဲ့ ပင့်သက်ရှိုက်ကုန်တယ်။

"အကြီးအကဲ" သူတို့ အံ့ဩဖွယ်တစ်ခုကို မြင်လိုက်ရသလိုမျိုးပဲ။

"မင်းတို့က ဘယ်သူလဲ" ‌ကောင်းကင်မိစ္ဆာတွေက သူတို့နှစ်ယောက်ကို သတိတကြီးနဲ့ ကြည့်ကုန်တယ်။ ဒါဆို ဒီနှစ်ယောက်ကလည်း ဝူတိဂိုဏ်းကတပည့်တွေပေါ့။ ဒါပေမဲ့ ဝူတိဂိုဏ်းက ခန္ဓာကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးလား။ ဒီနှစ်ယောက်မှာ ဘာလို့ ဓားချီတွေ ဒီလောက်များနေမှာလဲ။

"မင်းတို့က ကောင်းကင်မိစ္ဆာဆယ်ယောက်လား၊ ဟုတ်တာပေါ့ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီ၊ မင်း ငါတို့ကို မမှတ်မိတာ သာမာန်ပါပဲ” ကူယွဲ့က လေထဲက တပည့်တွေကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်က ပိုလေးလံလာတယ်။

"ဒါပေမဲ့ မင်းတို့သေချာပေါက် မှတ်မိမဲ့သူတစ်ယောက်ရှိတယ်၊ ရှန်း..." သူတစ်စုံတစ်ယောက်သောသူကို လှည့်ခေါ်မှပဲ သူ့နောက်မှာ တစ်ယောက်မှ မရှိဘူးဆိုတာကို သတိထားမိသွားတယ်။ ချက်ချင်းပဲ သူ့နှုတ်ခမ်းတွန့်သွားကာ ညာဖက်ခြမ်းမှာ ဒီထက်အဝေးဆီ လျှောက်လှမ်းနေတဲ့ လူကို လှမ်းခေါ်လိုက်တယ်။

“ခဏ မင်းဘယ်သွားနေတာလဲ၊ ငါတို့ဒီမှာ" သူမက တကယ်ကို လွယ်လွယ်နဲ့ လမ်းပျောက်တယ်ဟေ့။

"အိုး" လူတိုင်း ပျင်းတိပျင်းရွဲအဖြေကိုကြားရပြီး ခြေသံတချို့ပေါ်လာတယ်။ ခဏအကြာမှာ လက်ထဲ စားပြီးသော သစ်သီးတစ်ခြမ်းနဲ့ အေးအေးလူလူ လျှောက်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံ ပေါ်လာတယ်။

သူမရဲ့အသွင်အပြင်ကို မှတ်မိသွားချိန် မိစ္ဆာကောင်းကင်တွေ တောင့်တင်းသွားပြီး ရုတ်တရက် လျှပ်စီးတစ်ခု သူတို့စိတ်ထဲ ပစ်လိုက်သလိုပဲ။ သူတို့ခြေထောက်တွေ ပျော့ခွေလာတယ်။ သူတို့မျက်လုံးတွေက သူ... သူတို့ကိုလှည့်စားနေတာလား။ သူတို့ ကန်းနေတာလား။

"ဂိုဏ်းချုပ်" တပည့်တွေက အံ့အားတကြီး လှမ်းခေါ်ကြတယ်။ သူတို့ မျက်လုံးတွေထဲ ကြီးမားတဲ့ တောက်ပမှုတစ်ခု ထွန်းတောက်လာခဲ့တယ်။

"ဂိုဏ်းချုပ်လား၊ မင်းတို့ရဲ့ဂိုဏ်းချုပ်က လန်ဟွား မဟုတ်ဘူးလား၊ ဘယ်အချိန်တုန်းက ဂိုဏ်းချုပ် ပြောင်းခဲ့တာလဲ" ကောင်းကင်မိစ္ဆာအဖြစ် မြင့်တက်ခါစတစ်ယောက်ကပဲ နှာမှုတ်တယ်။

"ထားစမ်းပါ၊ မင်းတို့ လူကိုသာ ပေးတာကောင်းမယ်၊ ငါ မင်းတို့အသက်ကို ချမ်းသာပေးလောက်မှာပေါ့၊ မဟုတ်ရင် ငါတို့သတ်ဖြတ်ပြီး… အိုး"

သူ စကားမဆုံးခင် သူ့ဘေးမှာ ရပ်နေတဲ့ ကောင်းကင်မိစ္ဆာက ရုတ်တရက် သူ့ကို အားနဲ့ ကန်တာမို့ တိမ်တွေပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့တယ်။

"မိစ္ခာခွင်း၊ မင်းဘာလုပ်နေတာလဲ" ကောင်းကင်မိစ္ဆာအသစ်က ချက်ချင်း ဒေါသထွက်သွားတယ်။ အကြောင်းရင်းကို မေးဖို့ရှိသေး ခလုတ်တချို့ ဖွင့်လိုက်သလိုမျိုး တခြားကောင်းကင်မိစ္ဆာတွေကပါ အသည်းအသန် ထုထောင်းကြတော့တယ်။

"ခဏ မင်းတို့ဘာလုပ်နေတာလဲ၊ ရပ်…အဲ…”

ချီး အခြေအနေကို နားမလည်ရင်တောင် ကိုယ့်သေတွင်း ကိုယ်မတူးနဲ့ မင်းတူးရင်တောင် ငါတို့ကို ဒုက္ခမပေးနဲ့ နှစ်ပေါင်း ၅၀၀ကျော်ကြာပြီးတာတောင် ကောင်းကောင်း မသက်သာခဲ့တဲ့ ဒဏ်ရာတွေကို သတိရကာ သူတို့ ခန္ဓာကိုယ်တွင် နာကျင်မှုတစ်မျိုး ခံစားလိုက်ရတယ်။

"ပါးစပ်ပိတ်ထား မင်းဘယ်လိုလုပ် ဒီလောက်ရိုင်းပျရတာလဲ"

"ဟုတ်ပဟုတ်ပ၊ ကြီးမြတ်တဲ့နတ်ဒေဝါကို ဒီလိုပြောတာ မင်းက နတ်ဆိုးမျိုးနွယ်ရဲ့ အမှိုက်သရိုက်ပဲ"

"စိတ်ရှုပ်စရာကောင်းလိုက်တာ၊ ဒီအသစ်က စည်းကမ်းမရှိဘူး၊ သင်ခန်းစာမပေးဘဲ မနေနိုင်ဘူး"

"ပြီးတော့ နာတယ်ပြောရဲတယ်လား၊ ရိုက်ကြ၊ နာနာသာထုထောင်းကြ"

"မင်းက နတ်ဆိုးတွေကို မျက်နှာပျက်အောင် လုပ်နေတာပဲ၊ အသေရိုက်၊ အသေရိုက်မှဖြစ်မယ်"

ကောင်းကင်မိစ္ဆာတွေက အဲ့ကောင်ကို မဆိုင်းမတွ ရိုက်နှက်ကြပြီး အဲသူက ကြောက်စရာ ကောင်းလောက်အောင် အော်ဟစ်တော့တယ်။ ခဏအကြာမှာ နန်းတော်တစ်ခုလုံး အဲနတ်ဆိုးအော်ဟစ်သံတွေနဲ့ ပဲ့တင်ထပ်သွားလေရဲ့။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

တခြား ဇဝေဇဝါဖြစ်နေသော နတ်ဆိုးများ ။ ။ "..."

စကားမစပ်၊ သူတို့တကယ်ပဲ ဘာအတွက် ရောက်လာခဲ့တာလဲ။

ကိုးယောက်နဲ့ တစ်ယောက် ရိုက်ပွဲကြီးက ဆယ်မိနစ်ကျော်ထိ ကြာညောင်းသွားကာ တစ်ယောက်သော ကောင်းကင်မိစ္ဆာအသစ် အသံမထွက်နိုင်တော့တဲ့အထိ ဖြစ်သွားမှ ကိုးယောက်သား နောက်ဆုံးတော့ ရပ်တန့်သွားပြီး...

… ရှန်းရင်ရှေ့ အတူတူ ဒူးထောက်ချကုန်ကာ ကျယ်လောင်စွာအော်တယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်တို့ တောင်းပန်ပါတယ်"

စောနက တစ်စုံတစ်ယောက်ကို အားသွန်ခွန်စိုက် ရိုက်နှက်နေသူတွေက ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးပြီး ဟက်ဟက်ပက်ပက် အော်ဟစ်ကြတယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ နတ်ဆိုးဘုရင်က ဒါတွေအားလုံး လုပ်ခိုင်းခဲ့တာပါ"

"ဟုတ်ပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်တို့အားလုံး နတ်ဆိုးဘုရင် ဖိအားပေးတာခံခဲ့ရတာပါ၊ ကျွန်တော်တို့အားလုံးက နတ်ဆိုးကောင်းတွေဖြစ်ပြီး အမတဘုံကို တိုက်ခိုက်ဖို့ မတွေးဖူးပါဘူး"

"နတ်ဆိုးဘုရင်က မလျော်ကန်လွန်းပေမဲ့ ကျွန်တော်တို့ရွေးစရာမရှိခဲ့လို့ပါ"

"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ သူက နတ်ဆိုးဘုရင်ဟောင်းရဲ့ မိန်းကလေးဟုန်ကိုတောင် လက်ထပ်ဖို့ စဉ်းစားနေသေးတယ်၊ အရှက်မရှိလွန်းတာပဲ"

နတ်ဆိုးတွေက ပိုတောင်ငိုကြွေးပြီး သူတို့ကိုယ်တွေက လေထဲကသစ်ရွက်တွေလိုတုန်ခါနေတော့တယ်။

…

အခန်း ၃၄၄ ။ ငမည်းလေး ပျောက်နေ

"ကောင်းပါပြီ ကောင်းပါပြီ" မင်းတို့အားလုံး အဲလောက်အလွယ်လေး အရှုံးကို လက်ခံလိုက်တာ မင်းတို့နတ်ဆိုးဘုရင် သိရဲ့လား။ သူ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်ရမယ်လို့ ထင်ခဲ့ပေမဲ့ ရှန်းရင် ထွက်ထွက်လာချင်း သူတို့ကိုယ်သူတို့ ချက်ချင်း အရှုံးပေးလိုက်မယ်မထင်ခဲ့ဘူး။ အရင်တစ်ခေါက်က စိတ်ဒဏ်ရာက ဘယ်လောက်ကြီးလို့ပါလိမ့်။

"တပည့်တွေကို အရင်လွှတ်လိုက်"

"ဟုတ်ဟုတ်" ကောင်းကင်မိစ္ဆာတွေက ဆန်စေ့စားနေတဲ့ကြက်တွေလိုမျိုး အသည်းအသန် ခေါင်းညိတ်တယ်။ သူတို့က နောက်က နတ်ဆိုးတွေကို အမြန်လက်ယမ်းပြလိုက်တယ်။

"သူတို့ကို မြန်မြန် ပို့... အာ ပို့ဆောင်လိုက်ချေ"

အဲတော့မှ နတ်ဆိုးစစ်တပ်က နဂိုက ဓားစာခံတွေအဖြစ် ဖမ်းထားတဲ့တပည့်အတန်းကို အောက်ဆီ လိုက်ပို့ဆောင်လိုက်တယ်။

ကူယွဲ့ ရေတွက်လိုက်တော့ သူတို့ ဖမ်းထားတဲ့တပည့်တွေက အရေအတွက်နည်းနည်းလေးဆိုတာ နားလည်ပြီး ရင်ထိတ်သွားခဲ့တယ်။

"တခြားသူတွေရော"

"အကြီးအကဲ သူတို့က နတ်ဆိုးနန်းတော်မှာပဲ ရှိနေပါသေးတယ်" တပည့်တစ်ယောက်က ဖြေတယ်။

သူ့မျက်နှာမည်းမှောင်သွားပြီး ဒူးထောက်နေဆဲကိုးယောက်ကို လှည့်ကြည့်လိုက်တော့ ပိုပြီးတောင် အသည်းအသန် တုန်ခါနေတာ မြင်လိုက်ရတယ်။

"အဲဒါ... ကျွန်တော်... ကျွန်တော်တို့လည်း မသိပါဘူး၊ သူတို့အားလုံးကို နတ်ဆိုးဘုရင်က အင်းကွက်တွေနဲ့ ဖမ်းဆီးထားတာပါ"

ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ရှေ့က တပည့်တွေကို လှမ်းကြည့်ပြီး ယိချင်းကို တစ်ချက် ကြည့်လိုက်တယ်။

"စားဖိုမှူး၊ ငါ သူတို့ကို အထဲအရင်ခေါ်သွားမယ်၊ မင်းနဲ့ရှန်းရင် သူတို့ကို အပြင်မှာ ပိတ်ထားချေ"

"အင်း" ယိချင်းက ခေါင်းညိတ်ပြီး အင်းကွက်ကို တန်းချကာ နတ်ဆိုးစစ်တပ်တစ်ခုလုံးကို သူတို့နဂိုမူလနေရာမှာ ပိတ်လှောင်ထားလိုက်တယ်။ သူ ပြုလုပ်တဲ့အင်းကွက်တွေက နဂါးမျိုးနွယ်ကမို့ သေချာပေါက် နတ်ဆိုးတွေ ဖောက်မထွက်နိုင်ဘူးပေါ့။ သူ လှည့်ကာ ကောင်းကင်မိစ္ဆာကိုးယောက်ကို ခေါ်ပြီး ပြန်လာခဲ့တယ်။

သူတို့ အနောက်နန်းတော်ဆီ ပြန်ရောက်ချိန် တပည့်တွေကို ကုသနေပြီ။ အများစုက ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး တချို့ဆို အမတအရိုးတွေပါ ထိခိုက်လာခဲ့တယ်။ ကံကောင်းတာက ဂိုဏ်းမှာ သက်စောင့်ဆေး ပြတ်လပ်မှုမရှိတော့ အနားယူဖို့ အချိန်ပဲပိုလိုတာ။ ကူယွဲ့ အဲပြန်မရောက်လာသေးတဲ့ တပည့်တွေကို ပိုပြီးစိုးရိမ်တယ်။

"ပြော၊ နတ်ဆိုးလောကမှာ ဘာဖြစ်နေတာလဲ" ကူယွဲ့၊ ရှန်းရင်နဲ့ ယိချင်း ထမင်းစားပွဲမှာထိုင်ပြီး သူတို့ရှေ့ နောက်တစ်ကြိမ် ရိုကျိုးစွာထိုင်ချတဲ့ ကောင်းကင်မိစ္ဆာကိုးယောက်ကို ကြည့်တယ်။

ကိုးယောက်က အချင်းချင်းကြည့်ပြီး အကုန် ခေါင်းယမ်းကြတော့တယ်။

"ကျွန်တော်တို့လည်း မသေချာပါဘူး၊ လိယင်းကို မတွေ့တာ လနဲ့ချီနေပါပြီ"

"လိယင်းက ဘယ်သူလဲ" သုံးယောက်သား မှင်တက်သွားတယ်။

"နတ်ဆိုးဘုရင် ငမည်းလေးပါ သူပါ" ကိုးယောက်က အမြန်ရှင်းပြရှာတယ်။

"..." အာ သူတို့ ငမည်းလေးလို့ ခေါ်သားကျလွန်းနေတာနဲ့ နာမည်ရှိတယ်ပါ မေ့သွားတာ။

"သူဘာဖြစ်တာလဲ"

"နတ်ဆိုးဘုရင်ဟောင်းလိယင်းကို နောက်ဆုံးမြင်ခဲ့ရတဲ့အချိန်က နတ်ဆိုးနန်းတော်တစ်ခုလုံးကို လက်ထပ်ပွဲ တင်တောင်းပစ္စည်းတွေ သုံးလအတွင်း ပြင်ခိုင်းခဲ့တုန်းကပါ"

အဲတော့ ငမည်းလေးက တကယ်ပဲ ယွီဟုန့်အပေါ် အတော်လေး စိတ်လေးနက်တယ်ပေါ့။

"ခဏ တင်တောင်းပစ္စည်းလား" ကူယွဲ့ မှင်တက်သွားတယ်။ လက်ဖွဲ့ကြေး ဖြစ်ရမှာမဟုတ်ဘူးလား။

ဘေးမှာ တပည့်တွေကို ကုနေတဲ့ လန်ဟွားက နှုတ်ခမ်းတွေတွန့်သွားပြီး ရုတ်တရက် ပြောလာတယ်။

"ယွီဟုန်က သူ့ကိုပြောလို့လေ၊ စိတ်ကောင်းနဲ့ မင်းတို့၂ယောက်လုံး မရှိလို့ လာလက်ထပ်မှာ မဟုတ်ဘူးတဲ့၊ ဒါကြောင့်..."

"အဲတော့ သူက ဒီကိုလာဖို့ စီစဉ်ခဲ့တာလား" ကူယွဲ့ ဆွံ့အသွားတယ်။ ငမည်းလေးက လက်ထပ်ဖို့ကို တကယ်အလေးအနက် ဖြစ်နေတာပဲ။ အရင်နတ်ဆိုးဘုရင်ကလည်း သူ့ဇနီးနဲ့ ထွက်ပြေးသွားတဲ့ပုံမလား။ နတ်ဆိုးဘုရင်တွေအားလုံးက အဲလောက်တောင် တာဝန်ကင်းမဲ့တာလား။ သူ ဘယ်လိုလုပ် နတ်ဆိုးတွေရဲ့ အနာဂတ်ကို နည်းနည်းစိုးရိမ်မိသွားတာပါလိမ့်။

"ပြီးတော့ရော"

"ကျွန်တော်တို့ ပြင်ဆင်ပြီးတော့ သူ့ကို အသိပေးဖို့ သွားချိန် နန်းတော်တစ်ခုလုံးမှာ ရှာမတွေ့တော့ပါဘူး၊ သူက... ရုတ်တရက် ပျောက်သွားသလိုမျိုးပဲ"

"ဒါဆို ခု နတ်ဆိုးဘုရင်အသစ်ကရော"

"နတ်ဆိုးဘုရင်အသစ်ကလည်း နတ်ဆိုးလောကထဲ ရုတ်တရက်ပေါ်လာတာပါ၊ ကျွန်တော်တို့ သူ့အတိတ်ကို မသိပါဘူး၊ သူ့ကျင့်ကြံဆင့်က မြင့်ပြီး ကျွန်တော်တို့ ကောင်းကင်မိစ္ဆာ ဆယ်ယောက်ပေါင်းချတာတောင် သူ့ကို မနိုင်ဘူးလေ" ကိုးယောက်က ဆက်ရှင်းပြတယ်။

"နတ်ဆိုးတွေရဲ့ စည်းမျဉ်းတွေအရ သူက နတ်ဆိုးဘုရင်ဖြစ်လာဖို့ တကယ်ပဲ အရည်အချင်း ပြည့်မီတယ်လေ၊ အစကတော့ နတ်ဆိုးဘုရင်လိ... ငမည်းလေး ပျောက်သွားတာနဲ့ ပတ်သက်ပြီး ဝူတိဂိုဏ်းကို အသိပေးချင်ခဲ့ပါတယ်၊ ဒါပေမဲ့ နတ်ဆိုးဘုရင်အသစ်က မလိုဘူးဆိုပြီး ကျွန်တော်တို့ကို လက်ထပ်ပွဲပဲ ဆက်ပြင်ဆင်ခိုင်းခဲ့ပါတယ်၊ မိန်းကလေးဟုန်ကိုလည်း ကိုယ်တိုင် လာရှင်းပြမယ် ပြောတယ်၊ ကျွန်တော်တို့မထင်ခဲ့တာက..."

အဲတော့ သူက ယွီဟုန်ကို တန်းပြန်ပေးဆွဲ၊ သူတို့နောက် လိုက်လာတဲ့ လန်ဟွားကို အကြီးအကျယ် ဒဏ်ရာရအောင်လုပ်ပြီး တစ်ဂိုဏ်းလုံးကို နတ်ဆိုးနန်းတော်ဆီ ဆွဲခေါ်ခဲ့တယ်ပေါ့။

ကိုးယောက်က ရှန်းရင်ကို မဝံ့မရဲမော့ကြည့်ကာ ဆက်ပြောတယ်။

"ကျွန်တော်တို့ အစက ထင်ခဲ့တာက... အဲနတ်ဆိုးဘုရင်အသစ်ကလည်း မိန်းကလေးဟုန်ကို ကြိုက်သွားရုံပေါ့၊ သူက ပေါ်ပင်လယ်ဝူတိဂိုဏ်းကို တကယ်ပဲ တန်းတိုက်ခိုက်မယ်မထင်ခဲ့ဘူး"

တခြားသူတွေလည်း ခေါင်းညိတ်ပြီး စတင်အပြစ်တင်ကြပါလေရော။

"တကယ်တော့ ကျွန်တော်တို့ မလာချင်ခဲ့ပါဘူး... ဒါပေမဲ့ နတ်ဆိုးဘုရင်က အဲဒီအပြင်းအထန် ဒဏ်ရာရနေတဲ့တပည့်တွေကို သတ်ဖို့ပြောခဲ့တယ်၊ ကျွန်တော်တို့... သူတို့ကို ဓားစာခံအဖြစ်ချန်ထားဖို့ ဖျောင်းဖျရပြီး နတ်ဆိုးစစ်တပ်ကို ဒီခေါ်လာခဲ့တာပါပဲ"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ မတိုက်ခိုက်တာ နှစ်တွေကြာလှပြီ၊ မတိုက်ချင်တော့တာ ကြာပြီ"

"တကယ်ပါ၊ ကျွန်တော်က အရင်လကမှ ဖုန့်ချန်တိုက်ထဲဝင်ခွင့်ရထားတာ၊ နတ်ဆိုးဘုရင် လက်ထပ်ပွဲအတွင်း အားလက်ရက်ယူဖို့ ပြင်နေတာ အစက"

"အွန်းအွန်း၊ ကျွန်တော်ကြိုးစားပြီး အမတလက်ဖက်ရည်ကြမ်းတချို့ရဖို့ အဆက်အသွယ်တွေ သုံးခဲ့ရတာ၊ တိုက်ခိုက်မှုစတော့ သူတို့ကိုမမြည်းရသေးဘူး"

"ဘာပါလိမ့်၊ ကျွန်တော်က မနက်ဖြန် တိုက်ကြီးဆယ်ခုရဲ့ အမတမက်မွန်ပွဲတော်မှာ ပါဝင်ရမှာ"

နတ်ဆိုးကိုးယောက်က ပြောရင်း ပိုတောင်ဝမ်းနည်းလာကာ မျက်နှာက နစ်နာမှုတွေအပြည့်။

ကူယွဲ့က လုံးဝဆွံ့အသွားခဲ့တယ်။ တိုက်ခိုက်လိုစိတ် တစ်စက်တောင်မရှိတဲ့ ဒီနတ်ဆိုးတွေကိုမြင်ပြီး သူ နတ်ဆိုးလောကဘိုးဘေးတွေအတွက် ရုတ်တရက် သနားသွားခဲ့တယ်။ ခုနောက်ပိုင်းနှစ်ထောင်ချီအတွင်း အမတနဲ့ နတ်‌ဆိုးလောကရဲ့ရောနှောမှုက နည်းနည်းလေး မြန်နေတဲ့ပုံပဲလို့ခံစားလိုက်ရတယ်။ ဒါပေမဲ့ ‌ငမည်းလေးကို တွေးမိတော့ သိပ်မထူးဆန်းပါဘူးလေ။

ဒီတစ်စုက တကယ်ပဲ ဝူတိဂိုဏ်းကို အတင်းတိုက်ခိုက်လိုစိတ် မရှိတာမြင်နိုင်တယ်။ မဟုတ်ရင် သူတို့က အုပ်လိုက်ကြီး‌ ခေါ်လာပြီး စတိုက်ခိုက်ရမဲ့အစား အပြင်မှာ အော်ဟစ်နေမှာ မဟုတ်ဘူး။ ဝူတိကောင်းကင်နန်းတော် အပြင်ဘက်က တောင်အကာအကွယ်နံရံက ခိုင်မာပေမဲ့ ကောင်းကင်မိစ္ဆာဆယ်ယောက်ရဲ့ စုပေါင်းတိုက်ခိုက်မှုကို ခံနိုင်မှာ မဟုတ်ဘူး။ သူ့မျိုးနွယ်အချင်းချင်း ထုထောင်းခံလိုက်ရတဲ့ ဘုမသိဘမသိ ကောင်းကင်မိစ္ဆာတစ်ယောက်က လွဲပြီးပေါ့။

ပြီးတော့ အဲအခိုက်အတန့်မှာ ရှန်းရင်က ပြန်ရောက်လာပြီဆိုတာ သူတို့မသိဘူး။ ဒါပေမဲ့ သူတို့က ဝင်မလာဘူးလေ။ ဖြစ်နိုင်ခြေများတာက သူတို့ တကယ်တော့ ဒီတိုက်ပွဲကို မတိုက်ခိုက်ချင်တာပဲ။ ‌ဒါပေမဲ့ နတ်ဆိုးဘုရင်မျက်နှာ ထောက်ပြီး သူတို့ နည်းနည်းတော့လာအော်ရတာပေါ့။

"ငါတို့တခြားတပည့်တွေကို ဘယ်မှာဖမ်းထားလဲ"

"နတ်ဆိုးနန်းတော်မြေအောက်ခန်းတွေမှာပါ" ကောင်းကင်မိစ္ဆာတစ်ယောက်က လက်ထောင်ပြီး ချက်ချင်းဖြေတယ်။

"ကြီးမြတ်တဲ့နတ်သမီး၊ သူတို့ကိုကယ်ဖို့ နတ်ဆိုးလောကဆီသွားမှာလား၊ အခုလား၊ ကျွန်တော် လမ်းပြပေးနိုင်ပါတယ်"

"ကျွန်တော်ရော ကျွန်တော်ရောပဲ" တခြားသူတွေက ချက်ချင်းခေါင်းညိတ်ပြီး မျက်ဝန်းတွေထဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ စတင်ဆွေးနွေးကြတယ်။ သူတို့စခန်းကို တစစီလုပ်ဖို့သွားမှာမဟုတ်ဘဲ ကူညီဖို့အတိုင်းပဲ။

"ကျွန်တော် မြေအောက်အကျဉ်းတိုက်တွေကို အရင်းနှီးဆုံးပါ၊ လျှို့ဝှက်လမ်းကြောင်းတွေကိုပါသိတယ်"

"ကျွန်တော်ရော သိပါတယ်၊ သူတို့ကို မြေအောက်ရဲ့တတိယအထပ်က အတွင်းဘက်အကျဆုံးမှာ ဖမ်းထားတာပါ"

"ဟုတ်ဟုတ်၊ နတ်ဆိုးဘုရင်အသစ်က ခု‌ဆို နတ်ဆိုးနန်းတော်မှာ ရှိနေတာဖြစ်ရမယ်၊ ကြီးမြတ်တဲ့နတ်သမီးကို အထဲခေါ်သွားပေးနိုင်ပါတယ်"

"ဒါမှမဟုတ် ဒီတိုင်း သွားတိုက်ခိုက်လို့ရတယ်လေ၊ သူ့ကို သဘောမကျတာကြာပြီ"

"အမှန်ပဲ၊ ကြီးမြတ်တဲ့နတ်ဒေဝါက ကျွန်တော်တို့ အကူအညီမလိုပေမဲ့ ကျွန်တော်တို့ အားပေးလို့ရတယ်"

"ပြီးတော့..."

ရှန်းရင် ။ ။ ".."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

မင်းတို့ နတ်ဆိုးဘုရင်ကို ဒီလိုရောင်းစားနေတာ အဆင်ပြေရဲ့လား။ သူ ရုတ်တရက် နတ်ဆိုးဘုရင်အသစ်ကို သနားသွားတယ်။

"စားဖိုမှူး၊ သူတို့ကို ကယ်ဖို့ ငါနဲ့သွားမယ်" ကူယွဲ့က လမ်းပြပေးဖို့ ကြုံရာ ကောင်းကင်မိစ္ဆာတစ်ယောက်ကို ရွေးလိုက်ကာ သူ့ဘေးကလန်ဟွားကို လှည့်ပြောလိုက်တယ်။

"သူဌေးလန်၊ ဒီတပည့်တွေက မင်းတာဝန်ပဲ"

"ကောင်းပြီလေ" လန်ဟွားက ခေါင်းညိတ်တယ်။

"အာ၊ ကြီးမြတ်တဲ့... နတ်ဒေဝါက မသွားဘူးလား"

ရွေးထားတဲ့ ကောင်းကင်မိစ္ဆာက‌ စားပွဲကိုမှီနေပြီဖြစ်တဲ့ ရှန်းရင်ကို ကြည့်ပြီး ကူယွဲ့ကို စိုးရိမ်မှုအပြည့်နဲ့ ကြည့်တယ်။

ကူယွဲ့နှုတ်ခမ်းတွန့်သွားတယ်။ ဒီသောက်ကျိုးနည်း သံသယအကြည့်ကဘာလဲ။ ရှန်းရင်မရှိရင် မလုပ်နိုင်လို့လား။ သူတို့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်လောကမှာ လေ့ကျင့်ခဲ့တာပဲ၊ ဟုတ်ပြီလား။ နတ်ဆိုးဘုရင်လေးတစ်ယောက်ကို ရှင်းရုံပဲဟာ။ ပြီးတော့ တစ်ဂိုဏ်းလုံးက ဒဏ်ရာရနေတဲ့တပည့်တွေအပြည့်။ ရှန်းရင် ဒီမှာနေတာ ပိုသင့်တော်တယ်။

ကူယွဲ့ တခြားသူတွေကို သတိထားစရာတချို့ပြောပြီး ဆက်နှောင့်မနှေးနေတော့ဘဲ ယိချင်းကိုခေါ်လိုက်တယ်။

"စားဖိုမှူး သွားကြရအောင်"

စားဖိုမှူးက စားစရာအပြည့် သိုလှောင်အိတ်တစ်ခုကို ထုတ်ကာ ရှန်းရင်ကို ကမ်းပေးပြီး သူ့ဓားပေါ် ပျံတက်လိုက်တယ်။ သူတို့တွေ နတ်ဆိုးလောကဆီ တူတူသွားတော့တယ်။

…

အခန်း ၃၄၅ ။ နတ်ဆိုးဘုရင်အသစ်

ညဘက်နောက်ကျချိန်။

ဝူတိဂိုဏ်း နန်းတော် ဘေးအဆောင်။

ယွီဟုန်က တရားထိုင်ပြီး သူ့အသက်ရှူမှုကို ထိန်းညှိနေတယ်။ သူမကိုယ်ထဲရှိနေခဲ့တဲ့ ထူးဆန်းတဲ့ ခရမ်းရောင်အငွေ့ကြောင့်ထင် ဖယ်ရှားပြီးတာတောင် သူမကိုယ်က ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တယ်။

အထူးသဖြင့် မူလဝိညာဉ်ပဲ။ ကူယွဲ့က သူမအတွက် ဖိနှိပ်ပေးနိုင်ခဲ့တယ်ဆိုရုံလေးပဲရှိတယ်။ ပြန်သက်သာဖို့ဆို သူမဘာသာပဲ ကြိုးစားရမှာ။

သူမ ကောင်းကင်စိတ်အာရုံကို လွှတ်ပြီး မူလဝိညာဉ်တည်ငြိမ်အောင် ခွန်အားအပြည့်သုံးလိုက်တယ်။ ခဏအတွင်း ချွေးတွေက သူမနဖူးပေါ်မှာစတင်ပေါ်လာခဲ့ပြီး အသားအရောင်ဖြူဖျော့လာတယ်။ မူလဝိညာဉ်ရဲ့ ပူနွေးမှုက အပြည့်အဝအာရုံစိုက်မှုလိုအပ်ပြီး အဲဒါကသူမလုပ်နေတဲ့အရာပဲ။ အဲဒါကြောင့် အခန်းထဲ ရုတ်တရက် ပေါ်လာတဲ့ အမည်းရောင်အငွေ့ကို သတိမထားမိလိုက်ဘူး။

အမည်းရောင်အငွေ့က တဖြည်းဖြည်းစုဝေးလာတယ်။ လေက ရုတ်တရက် ဂယက်ထသွားပြီး အပေါက်အပြဲတစ်ခု တိတ်တိတ်လေး ပေါ်လာခဲ့တယ်။ နတ်ဆိုးချီက သူ့ကိုယ်ကနေ လျှံကျနေပြီး အခန်းတစ်ခုလုံးကို ချက်ချင်းပြည့်သွားလေရဲ့။

ယွီဟုန် နောက်ဆုံးတော့ နတ်ဆိုးချီအရှိန်ကို ခံစားမိပြီး သူမရဲ့အသက်ရှူထိန်းညှိမှုကို ရပ်လိုက်တယ်။ အလိုလို ထင်လိုက်မိတာ လန်ဟွား ရောက်လာတယ်ပေါ့။

"လန်..." သူမ မော့ကြည့်လိုက်ပေမဲ့ နတ်ဆိုးချီ လှိုင်းတစ်ခုက သူမမျက်နှာဆီ တည့်တည့် ရိုက်ခတ်လာတယ်။ သူမ ထိတ်လန့်သွားကာ ကိုယ်ပေါ်က အကာအကွယ်ဓမ္မအသုံးအဆောင်က ချက်ချင်းထိန်လင်းသွားပြီး နတ်ဆိုးချီကို ရပ်တန့်လိုက်တယ်။

အဲတော့မှပဲ သူမဆန့်ကျင်ဘက်ကလူကို မှတ်မိသွားတယ်။ အဲဒါ တစ်ကိုယ်လုံး အနက်ရောင် အရှိန်အဝါတွေ လွှမ်းခြုံနေတဲ့ အပြာရောင်ဝတ်ရုံနဲ့လူပဲ။ သူ့ဆံပင်က ရှုပ်ပွနေပြီး မျက်လုံးတွေနီရဲကာ ရူးသွပ်နေတဲ့ပုံ။ သူက သူမကို စိုက်ကြည့်နေပြီး မျက်လုံးထဲ အမုန်းတရားတွေအပြည့်။

"နင်ပဲ" ယွီဟုန် ထိတ်လန့်သွားပြီး သူမကိုယ်ဘေးက သတင်းစကားအဆောင်ကို သုံးချင်ပေမဲ့ တစ်ဖက်လူက ခြေတစ်လှမ်းပိုမြန်နေတယ်။ နတ်ဆိုးချီလှိုင်းတစ်ခုက သူမလက်မောင်းကို ထိမှန်ခဲ့တယ်။ လက်ကို နောက်တစ်ခေါက်ဝှေ့ယမ်းတော့ ပတ်ဝန်းကျင်က နတ်ဆိုးချီတွေ စုဝေးလာပြီး အမည်းရောင်ကြိုးတွေ ဖွဲ့စည်းကာ ယွီဟုန့်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်တယ်။ ယွီဟုန် သူမကိုယ်ထဲက အမတစွမ်းအင်တွေ ဂယက်ထသွားတာကို ခံစားမိပြီး ဘယ်လောက်ပဲကြိုးစားကြိုးစား တည်ငြိမ်အောင် လုပ်လို့မရတော့ဘူး။ သူမရှေ့ကလူကို စိုက်ကြည့်လိုက်တော့တယ်။

"နင် ဘာတွေလိုချင်နေတာလဲ"

အဲလူက နတ်ဆိုးဘုရင်အသစ်ပဲ။ အကြီးအကဲကူယွဲ့နဲ့ ယိချင်းက နတ်ဆိုးလောကဆီ အမြန် သွားနေကြပြီ။ သူ တကယ်ပဲဒီမှာပေါ်လာမယ် မထင်ခဲ့ဘူး။

"ငါ့ကို ပစ္စည်းပေး"

အဲလူက ယွီဟုန့်ဘေးဆီ ရောက်လာကာ သူမကို တန်းဆွဲထူပြီး တစ်ကိုယ်လုံးကို အမြန်ကြည့်တော့တယ်။ သူ့မျက်လုံးတွေက ပြူးကျယ်ကုန်ပြီး သွေးရောင်ပါနီလာတယ်။ အမူအရာကလည်း ပိုပြီးရူးသွပ်လာတော့တယ်။

"အဲပစ္စည်း ဘယ်နေရာမှာလဲ၊ ဘာလို့ ဒီမှာမရှိတာလဲ၊ ဘယ်မှာလဲ"

"ဘာက... ဘယ်မှာလဲ" ယွီဟုန် နဂိုတည်းက ဒဏ်ရာအကြီးအကျယ်ရထားတာမို့ နတ်ဆိုးချီတွေရဲ့ တိုက်စားမှုပါ ပေါင်းထည့်တော့ ခုခံဖို့အားမရှိတော့ဘူး။

"မင်းယူသွားတဲ့ဟာလေ ငါ့ကိုမြန်မြန်ပေးစမ်း" အဲလူကထပ်တောင်းပြန်တယ်။

"ငါ... ငါမယူ..." ယွီဟုန်က ပြန်ခွန်းတုံ့ပြန်မို့ရှိသေး ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့တယ်။

"ငမည်းလေး ငါ့ကိုပေးတဲ့ ကျောက်စိမ်းဆံထိုးဓမ္မအသုံးအဆောင်ကို ဆိုလိုတာလား"

သူက ဝူတိဂိုဏ်းကို အဲဒါကြောင့်လာတာလား။

"အဲဒါ မင်းတို့ယူသင့်တာ မဟုတ်ဘူး၊ ငါ့ကိုမြန်မြန်ပေးစမ်း" သူက သူမကို ပိုပြီး တင်းတင်းကြပ်ကြပ်တောင် ဆုပ်ကိုင်တော့တယ်။

ယွီဟုန့်အကြည့်က ပျက်ယွင်းသွားတယ်။

"အဲတော့ နင်တကယ်ပဲ ငမည်းလေးကို မြင်ခဲ့တယ်ပေါ့၊ သူဘယ်မှာလဲ"

"ဟမ့် သူက သူ မပိုင်တဲ့ဟာကို လိုချင်တာလေ၊ သေသင့်တယ်" တစ်ဖက်လူက ပိုတောင် ဒေါသကြီးလာတယ်။

"ငါ့ကို ပစ္စည်းပြန်ပေးလို့"

"နင်သူ့ကိုဘာလုပ်လိုက်လဲ" ယွီဟုန် စိုးရိမ်လာပြီး စတင်ရုန်းကန်ပေမဲ့ သူမကိုယ်ပေါ်က နတ်ဆိုးချီကို ဖယ်ရှားမရ။

"ငါ့ကိုလွှတ်ပေး အဲဓမ္မအသုံးအဆောင်က နတ်ဆိုးနန်းတော်ရဲ့ ရတနာသိုက်ကဟာ၊ အဲဒါ ဘယ်တုန်းက နင့်ဟာ ဖြစ်သွားတာလဲ"

"အဲဒါ မင်းတို့ငါ့ဆီက ခိုးသွားတာလေ၊ မင်းတို့တစ်လောကလုံးက သူခိုးတွေပဲ" သူက ပြောလေ ပိုပြီးဒေါသထွက်လာလေနဲ့ သူ့ကိုယ်ပေါ်က နတ်ဆိုးချီက ပိုပြီးတောင်ထူထဲလာတယ်။ သူက ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးချင်နေတဲ့ပုံ။

"ငါ့ကိုပြန်ပေးစမ်း"

"ငါမယူဘူး နောက်ဆုံးတစ်ခေါက်က နင်ကိုယ်တိုင် အဲဆံထိုးကို ဖျက်ဆီးလိုက်တာလေ"

"အဲထဲက ပစ္စည်း ဘာဖြစ်သွားလဲ" သူက ကျယ်လောင်စွာ မေးတယ်။

"ဘာ" ယွီဟုန် ကြောင်အမ်းသွားတယ်။ ကျောက်စိမ်းဆံထိုးထဲ တစ်ခုခုရှိတယ်ပေါ့။ ဘာများလဲ။

"ဘယ်ကိုရောက်သွားတာတုံး၊ မင်းတို့ ဘယ်မှာဝှက်ထားလိုက်လဲ" သူက ပိုပြီးတောင် ကျယ်လောင်စွာ မေးတယ်။

"ငါ နင်ပြောနေတာကို မသိဘူး ဘာပစ္စည်းလဲ၊ နင်ဘာကိုရှာနေတာလဲ"

"စောနတုန်းက မင်းဆီမှာပါ၊ ငါ့ကိုပြန်ပေး"

သူ့လက်က ပြန်ရုပ်သွားပြီး နတ်ဆိုးချီတွေက ယွီဟုန့်ကို ပိုလွှမ်းခြုံလာတယ်။

"မဟုတ်ရင် မင်းတို့တစ်ဂိုဏ်းလုံးကို ခုပဲသတ်ပစ်မယ်"

"ငါဆိုလိုတာ..." ရုတ်တရက် သူ့နားဘေး ပျင်းတိပျင်းရွဲအသံပေါ်လာတယ်။

"ငါ့ဘေးမှာ ဒီလို ကတိတွေပေးတာ သိပ်မကောင်းဘူးလားလို့"

"ဘယ်သူလဲ" အဲလူက ထိတ်လန့်သွားတယ်။ အဲတော့မှ သူ‌ ဘေးကရှန်းရင်ကို မြင်တယ်။ သူမက အိပ်ရာဘေး ထိုင်နေပြီး သူနဲ့ သုံးလှမ်းပဲကွာလေရဲ့။ မုန်လာဥဖြူ မထွားတထွားက သူမကျောကိုမှီပြီး အိပ်မောကျနေတယ်။

တစ်ခဏအတွင်း အခန်းတစ်ခုလုံး တစ်ခုသောမုန်လာဥဖြူရဲ့ ဟောက်သံတွေ ပြည့်သွားတယ်။

"မင်းက ဘယ်သူ... ဘာလို့ဒီရောက်နေတာလဲ"

"ငါ ဒီမှာရှိနေတာစတည်းကလေ" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။ သူမနားထောင်နေတာ တော်တော်ကြာပြီ။

အဲလူ ရင်ထိတ်သွားတယ်။ သူ တကယ်ကို လုံးဝသတိမထားမိတာ။ ပိုပြီးအရေးကြီးတာက ခုခံမရတဲ့ ဖိအားလှိုင်းကို ခပ်ရေးရေး ခံစားရတာကလွဲ သူ သူမကျင့်ကြံဆင့်ကို အဖြေရှာမရဘူး။

တစ်ချက်တွေးပြီး သူ နတ်ဆိုးချီလှိုင်းတစ်ခု လွှတ်ထုတ်လိုက်တယ်။ တစ်ချိန်တည်းမှာ သူ လေထဲ မျဉ်းတစ်ကြောင်း ဆွဲပြီး နယ်ပယ်တစ်ခုဖွင့်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ တုံ့ပြန်မှုလုံးဝမရှိတာ သိလိုက်ရတယ်။ သူ ပုံမှန်ရက်တွေမှာ အလွယ်တကူ ဖွင့်နိုင်ခဲ့တဲ့ နယ်ပယ်က ရုတ်တရက် သူနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီ။

သူ အကြောက်တရား လွှမ်းမိုးလာတယ်။ သူ့ရှေ့ကလူနဲ့ မရင်ဆိုင်န်ုလောက်တာ နားလည်သွားတော့ ယွီဟုန့်ကို ဆွဲခေါ်ပြီး ထွက်ပြေးဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူ့ဘေး လစ်ဟင်းမှုကိုခံစားလိုက်ရပြီး လှည့်ကြည့်လိုက်တော့ သူစောနက လှမ်းဖမ်းဆွဲလိုက်တဲ့ ယွီဟုန်ဟာ ပျောက်သွားပြီဖြစ်ပြီး စောနကအမျိုးသမီးဘေး ပြန်ပေါ်လာတာ မြင်လိုက်ရတယ်။ သူ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။

လက်လေးတစ်ဖက်ပဲ ယမ်းပြီး ရှန်းရင်က ယွီဟုန့်ကို နတ်ဆိုးချီပင့်ကူအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ ပတ်ဝန်းကျင်က နတ်ဆိုးချီတွေအားလုံး လွင့်ပျောက်သွားတယ်။

"ဂိုဏ်းချုပ်" ယွီဟုန်က ကြောင်အမ်းနေပြီး သူမမျက်လုံးတွေ ချက်ချင်းတောက်ပကုန်တယ်။

"ဘာလို့ဒီရောက်နေတာလဲ"

"အိုး မုန်လာဥဖြူ ဟောက်နေလို့" ရှန်းရင်က မုန်လာဥဖြူကို သူမကျောကနေ ဆွဲခွာပြီး အိပ်ရာပေါ် ပစ်တင်လိုက်တယ်။

"ငါအိပ်မရလို့ သူ့ကိုဒီလာပို့တာ"

မုန်လာဥဖြူက အိပ်ရာပေါ် လူးလှိမ့်နေပြီး ဟောက်နေကာ မနိုးသေး။ သူက အလိုလို နောက်ပြန်လှည့်လာပြီး ရှန်းရင်ကျောပေါ် နောက်တစ်ကြိမ် ပြန်တက်လာတယ်။

ကောင်းပြီလေ ဒီဟင်းသီးဟင်းရွက်ကတော့ ခြေထောက်အဆင်တန်ဆာကနေ ကျောအဆင်တန်ဆာအဖြစ် အဆင့်မြင့်သွားတာပဲ။

"ငါ့ကိုပစ္စည်းပြန်ပေး" စောနကတင် ပြေးထွက်သွားတဲ့လူက ပြန်ရောက်လာပြန်ပြီး သူတို့နှစ်ယောက်ကို ဒေါသမျက်နှာနဲ့ ကြည့်ကာ နတ်ဆိုးချီတွေ သူ့ကိုယ်ကနေလျှံကျလာခဲ့တယ်။

"မဟုတ်ရင် မင်းတို့နှစ်ယောက်လုံး ဒီမှာသေမယ်"

"ဂိုဏ်းချုပ် သူက နတ်ဆိုးဘုရင်အသစ်ပါ"

ယွီဟုန်က ထိတ်လန့်သွားပြီး သူမကို ကျယ်လောင်စွာသတိပေးကာ သူ့ဘက်ပြန်လှည့်ကြည့်လိုက်တယ်။

"နင်ဘာပြောနေလဲ ငါမသိဘူး"

"မင်းက လိမ်ချင်နေသေးတယ်၊ နောက်ဆုံးတစ်ခေါက်က အဲပစ္စည်းက မင်းပေါ်မှာပါ" အဲလူက ပိုတောင် စိတ်လောပြီး ယွီဟုန့်ကို စိုက်ကြည့်နေတယ်။

"ဒီလောကကြီးက တကယ်ကိုရွံစရာသတ္တဝါတွေအပြည့်ပဲ"

"အဲဆံထိုးကို နင်ဖျက်ဆီးပြီးသားလေ၊ တစ်ခုခုရှိရင်တောင် နင်နဲ့ပဲရှိသင့်တာ"

"မင်းမဟုတ်ရင် ဘယ်သူခိုးနိုင်မှာလဲ၊ မင်းဝှက်ထားတာ ဖြစ်ရမယ်..."

"နင်ပြောနေတာ..." ရှန်းရင်က ရုတ်တရက် ကြားဖြတ်ပြောလာတယ်။

"ဒါလား" သူမလက်တစ်ဖက်ကို ဆန့်ထုတ်လာတော့ လက်ဖဝါးထဲ ခရမ်းရောင်အငွေ့တစ်ခု တောက်ပနေတာ မြင်လိုက်ရတယ်။ တကယ်ပဲ နေ့လယ်တုန်းက ဟုန်လေးကိုယ်ထဲက ဆွဲထုတ်လိုက်တဲ့ဟာ။

အဲလူမျက်လုံးတွေ ချက်ချင်း ပြူးသွားပြီး မျက်လုံးထဲက အနီရောင်က မည်းနက်ကုန်တယ်။ သူ ရှန်းရင်လက်ဖဝါးထဲက ခရမ်းရောင်အငွေ့ကို တန်းစိုက်ကြည့်နေပြီး အမူအရာက ပိုပြီးတောင် ရူးသွပ်လာတယ်။ နောက်ဆုံးလက်ကျန် အသိစိတ်တောင် လွတ်သွားသလိုပဲ။

"ခရမ်းရောင်အငွေ့... ငါ့ဟာ ငါ့ကိုပြန်ပေးစမ်း*

အဲလိုပြောပြီး သူက ဘာမှဂရုမစိုက်တော့ဘဲ ပြေးလာပါလေရော။ သူ့ကိုယ်ပေါ်က နတ်ဆိုးချီတွေ တိုးလာပြီး အမည်းရောင်ထုလှိုင်းကြီးက နှစ်ယောက်ဆီ တန်းတန်းမတ်မတ်ပြေးဝင်လာတယ်။ နှစ်ယောက်သားကို လွှမ်းခြုံတော့မလို မြင်လိုက်ချိန် ရှန်းရင်နဲ့ တစ်မီတာအကွာမှာ အဟန့်အတားတစ်ခုခုနဲ့ တားဆီးခံလိုက်ရသလိုမျိုး ရုတ်တရက် ရပ်သွားတယ်။ တစ်ဖက်လူက ဘယ်လောက်ပဲ ထိန်းချုပ်ထိန်းချုပ် တစ်လက်မတောင် ရှေ့ဆက်မတိုးနိုင်။ အဲလူမျက်ခုံးတွေက တင်းမာသွားပြီး လက်တစ်ဖက်ယမ်းလိုက်တော့ သူ့လက်ထဲ ဓားနက်တစ်ချောင်း ချ

က်ချင်းပေါ်လာကာ တစ်ဖက်ခြမ်းဆီ တန်းတန်းမတ်မတ်ထိုးစိုက်လိုက်တယ်။

All Chapters