← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း ၃၄၆ ။ ကျူးကျော်သူတစ်ဝက်

သူ့ဓားက သူတို့နှစ်ယောက်ကို ဖြတ်ပြီးခုတ်တော့မဲ့ဆဲဆဲ။

ရှန်းရင်က လက်ကိုမြှောက်ပြီး ဓားလမ်းကြောင်းကို တားလိုက်တယ်။ အင်းကွက်တစ်လျှောက် အက်ကွဲကြောင်းတွေ အက်ခိုးထပ်သွားတယ်။ ချွန်ထက်တဲ့မိစ္ဆာဓားက ရုတ်တရက် နှစ်ခြမ်းပိုင်းသွားလေရဲ့။ တစ်ဖက်လူက သူမကို ထိတ်လန့်တကြားစိုက်ကြည့်နေတယ်။ ရှန်းရင်က ရှေ့ကိုတက်လာပြီး သူ့လက်ကိုဆွဲဖမ်းတယ်။

နောက်အခိုက်အတန့်မှာ သူ့ပတ်လည်က အရာအားလုံး လည်သွားသလိုပဲ။ ရိုက်မိသံအကျယ်ကြီး ကြားလိုက်ရတယ်။ နတ်ဆိုးဘုရင်အသစ် ကြမ်းပြင်ပေါ် လှဲသိပ်ခံလိုက်ရလေတယ်။ နတ်ဆိုးချီတွေအကုန် သူ့ကိုယ်ထဲကနေ လွင့်ပျောက်သွားလေရဲ့။

"စကားကောင်းကောင်းပြော"

သူက နာကျင်မှုကို မခံစားရတဲ့အလား နတ်ဆိုးဘုရင်က စတင်ရုန်းကန်ပြီး အော်ဟစ်တယ်။

"ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး လူလိမ် မင်းတို့အားလုံးက လူလိမ်တွေ ဖျက်ဆီးပစ်မယ်၊ မင်းတို့အားလုံးကို ဖျက်ဆီးပစ်မယ်..."

ရုတ်တရက် နတ်ဆိုးချီတွေ ပေါက်ကွဲမှုဖြစ်လာတယ်။ အဲလူကိုယ်ကို အမည်းရောင်ချီပမာဏတွေ အများကြီး ဝိုင်းသွားပြီး ပတ်ပတ်လည်က အမှောင်ထုနဲ့ တစ်သားတည်း ဖြစ်လာတယ်။ သူ့ကြည့်ရတာ... အရှင်လတ်လတ် ဝါးမျိုခံလိုက်ရသလိုပဲ။

"အာ"

သူက နတ်ဆိုးချီထဲ ပျောက်တော့မလိုရှိသေး ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ဒူးထောက်ကာ သူ့ကို ဆွဲထုတ်လိုက်တယ်။ သူမ မျက်လုံးမှေးပြီး အလင်းရောင်တွေ ထိန်လင်းလာသလိုမျိုး နတ်ဆိုးချီကို ပြန်ဆုတ်စေလိုက်တယ်။ အဲလူ‌ပတ်လည်က နတ်ဆိုးချီတွေ နောက်တစ်ကြိမ် လွင့်ပျံ့သွားခဲ့တယ်။

ယွီဟုန် ခြေထောက်တွေ ပျော့ခွေသွားတယ်။ သူမ နံရံကိုမှီထားရင်း ဒူးထောက်မကျအောင် တောင့်ထားရတယ်။ သူမ အမြင်မှားနေတာလား။ ဘာလို့ ဂိုဏ်းချုပ်ရဲ့အရှိန်အဝါက မျက်စိတစ်မှိတ်အတွင်း အဲလောက်အများကြီး ကျယ်ပြန့်လာတာလဲ။

သူမမေးခွန်းကို သူမမဖြေနိုင်ခင် မြေကြီးပေါ်မှာ လဲနေတဲ့နတ်ဆိုးဘုရင်က လုံးဝကို နတ်ဆိုးချီတွေ သန့်စင်ကုန်တာ နားလည်လိုက်ရတယ်။ ဒါပေမဲ့ ကျွမ်းဝင်နေတဲ့...။

"မသေမျိုးချီ" ယွီဟုန် အံ့ဩတကြီးရေရွတ်လိုက်တယ်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ဒီလောကထဲ အရှိန်အဝါ၂မျိုးလုံးရှိတဲ့ ကျင့်ကြံသူရှိလို့လား"

အဲလူက မတ်တတ်ရပ်ဖို့ သူ့ကိုယ်ထဲက ဆန္ဒအားလုံးကို သုံးလိုက်ရသလိုမျိုး ဒူးထောက်ကျသွားခဲ့တယ်။ ဒါပေမဲ့ သူ အားကိုမရှိတော့တာ။ နတ်ဆိုးချီတွေအားလုံး ပျောက်ကွယ်သွားတဲ့နောက် သူတို့တွေ သူ့ကိုယ်ထဲ အာရုံခံမိတဲ့ချီက မရှိတော့သလောက်ပဲ။ သူ့မှာရှိတဲ့ မသေမျိုးချီက မြေအမတရှိတဲ့ မသေမျိုးချီနဲ့တောင် ယှဉ်လို့မရဘူး။ အချိန်မရွေး အသက်ထွက်သွားနိုင်သလိုပဲ။ သူ့မျက်လုံးထဲက ရူးနှမ်းမှုလည်း ပျောက်သွားပြီး မျက်ဆံတွေက ပြန်မည်းနက်လာတယ်။ သူ့အကြည့်ကတော့ ရှန်းရင်လက်ဖဝါးထဲက ခရမ်းရောင်အရာပေါ် ကျရောက်နေဆဲ။

"ဟုန်အာ၊ နင့်မှာ မသေမျိုးချီ ဖြည့်တင်းပေးတဲ့ ဆေးလုံးရှိလား"

ရှန်းရင်က သူမဘေးက ယွီဟုန့်ကို လှမ်းကြည့်လိုက်တယ်။

ယွီဟုန်က တန့်သွားပြီး တစ်ခဏနေတော့ တုံ့ပြန်လာတယ်။ သူမက အမြန် ခေါင်းညိတ်တယ်။

"ဟုတ်" တစ်ဖက်လှည့်ကာ သူမက ဗီရိုကနေ ပုလင်းတစ်လုံးထုတ်ပြီး အထဲကဆေးလုံးတစ်လုံးကို မြေကြီးပေါ်ဒူးထောက်နေတဲ့လူဆီ လှမ်းပေးလိုက်တယ်။

အဲလူက မယုံဘဲ ယွီဟုန့်ကိုသာ စိန်းစိန်းဝါးဝါး ကြည့်နေတယ်။

ယွီဟုန်က သူ့ကိုစကားပြောဖို့ အချိန်မဖြုန်း။ အဲအစား သူ့ပါးစပ်ထဲသာ အတင်းထိုးထည့်လိုက်တယ်။ အဲလူကိုယ်ထဲက အားနည်းနေတဲ့ မသေမျိုးချီက ပိုပိုသန်မာလာကာ မျက်နှာက အရောင် ပြန်ပြည့်လာတယ်။

"ဂိုဏ်းချုပ်၊ သူက... သူက နတ်ဆိုး မဟုတ်ဘူးလား" ယွီဟုန်က သူမမျက်စိရှေ့မှာတင် သူသက်သာလာတာကို ကြည့်ရင်း မေးလိုက်တယ်။ အဲဆေးက မသေမျိုးချီကို ပြန်ဖြည့်ပေးဖို့ ရည်ရွယ်ထားတာမို့ နတ်ဆိုးတွေအတွက် အသုံးမဝင်ဘူး။ ဒါပေမဲ့ ဒီလူက ပိုသက်သာလာတယ်

"ဟုတ်တယ်" ရှန်းရင်က ခေါင်းညိတ်တယ်။

"‌ဒါပေမဲ့ စောနက သူ့ပတ်လည်မှာ နတ်ဆိုးချီတွေလေ၊ နတ်ဆိုးတွေပဲ နတ်ဆိုးချီကို စုဆောင်းနိုင်တာ မမှန်ဘူးလား" အဲလူကို စောနကဝိုင်းနေတာ နတ်ဆိုးချီဆိုတာ ယွီဟုန် အတော်လေး သေချာပါတယ်။ ပြီးတော့ လန်ဟွားကိုယ်တိုင်တောင် သူ့ကို မနိုင်ဘူးလေ။

"သူက စုဆောင်းထားတာ မဟုတ်ဘူး"

"ဟမ်" ယွီဟုန် တန့်သွားပြီး ရှန်းရင်ကို နားမလည်။

"သူက နတ်ဆိုးချီတွေကို စုဆောင်းတဲ့သူ မဟုတ်ဘူး" ရှန်းရင်က တစ်ခဏစဉ်းစားပြီး ထပ်ပြောလိုက်တယ်။

"နတ်ဆိုးချီက သူ့ကိုတိုက်ခိုက်နေတာ"

"ဘာ..."

ဒါပေမဲ့ ရှန်းရင်က ယွီဟုန့်ကို ဆက်မရှင်းပြတော့ဘူး။ အဲအစား သူမဘေးက ထိုင်ခုံကိုဆွဲယူကာ ထိုင်ချလိုက်တယ်။ အဲလူကို လှမ်းခေါ်ပြီး သူမပြောတော့တယ်။

"ကောင်းပြီလေ၊ ငါ့ကို နင့်ဇာတ်လမ်းပြောပြ"

အဲလူက တစ်ခဏ အူကြောင်ကြောင်ဖြစ်နေပြီး သူမ သူ့ဆီက ဘာလိုချင်လဲဆိုတာ နားမလည်တဲ့ပုံ။ နောက်တော့ ရုတ်တရက် သူက အေးစက်စက် ပြုံးတယ်။ သူက စကားပြောဖို့ ရည်ရွယ်ချက်မရှိတာ ရှင်းနေတာပဲ။

ရှန်းရင် သူ့ရှေ့က ခရမ်းရောင်အငွေ့ကို ယမ်းလိုက်တယ်။

"နင် စကားသေချာပြောရင် ငါ နင့်ကို ဒါပေးမယ်"

"မင်း..." သူက သူမလက်ထဲက အငွေ့လိုလိုထုထည်ကို စိုက်ကြည့်နေတယ်။ သူက ပြိုလဲတော့မလိုရုပ်နဲ့။ ရုတ်တရက် သူက ခေါင်းငုံ့သွားခဲ့တယ်။ ရှန်းရင် သူ့မျက်လုံးထဲက ဖျတ်ခနဲ ပေါ်လာတဲ့ ဒေါသ၊ ဝမ်းနည်းမှုနဲ့ ပုန်ကန်မှုကို ဖမ်းမိလိုက်တယ်။ နောက်တော့ ကူကယ်ရာမဲ့မှုပဲ ကျန်ရစ်ခဲ့တယ်။

"မင်း ဘာသိချင်တာလဲ"

"ဒါဘာလဲ" ရှန်းရင် ခရမ်းရောင်အငွေ့ထုကို မြှောက်ပြီး သူ့ကိုကြည့်လိုက်တယ်။

"ပြီးတော့ နင်က ဘာလဲ"

သူက မျက်လုံးပြူးသွားတယ်။ အဓိပ္ပာယ်ဖော်မရတဲ့ ခံစားချက်က သူ့မျက်နှာပြင်ပေါ် ဖြတ်ပြေးသွားတယ်။

"ဒီခရမ်းရောင်အငွေ့ထုက ငါ့ဓမ္မရတနာပဲ၊ ဒါရှိမှ ငါအမတအနေနဲ့ရော နတ်ဆိုးအနေနဲ့ပါ လေ့ကျင့်နိုင်မှာ၊ ငါပိုင်တဲ့ဟာကို ပြန်လိုချင်ရုံပဲ"

"အော် ငါသိပြီ" ရှန်းရင် ခရမ်းရောင်အငွေ့ကို သိမ်းကာ မေးစေ့ကို လက်နဲ့ထောက်လိုက်တယ်။ သူမ မျက်လုံးမှေးကာ သူ့ကို သေချာလေ့လာပြီး စက္ကန့်အနည်းငယ်ကြာတော့ သူမမေးလိုက်တယ်။

"နင့်ကို တခြားတစ်ခု မေးပါရစေ၊ နင်က ဘယ်မျက်နှာပြင်ကလဲ"

"..."

——————

ကူယွဲ့နဲ့ ယိချင်းတို့ ဂိုဏ်းကကျန်တဲ့သူတွေကို ကယ်ဖို့ ‌တစ်နေ့ပဲကြာလိုက်တယ်။ သူတို့ ခုခံမှုများများစားစား မကြုံခဲ့ရဘူး။ အရိုးသားဆုံးပြောရရင် နတ်ဆိုးဘုရင်အသစ်က အလုပ်ကောင်းကောင်း မလုပ်ဘူးလို့ ထင်တယ်။ သူ နတ်ဆိုးဘုံကို ပြင်ဖို့ စဉ်းတောင်မစဉ်းစားဘူးဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကူယွဲ့နဲ့ ယိချင်းက သူဘာလုပ်ဖို့ရည်ရွယ်နေလဲ အတိအကျမပြောနိုင်။

"သူ စကားပြောပြီလား" ယိချင်း ကူယွဲ့ဘက်လှည့်လိုက်တယ်။

"သူက စကားပြောဖို့ငြင်းနေတယ်" ကူယွဲ့ ခေါင်းယမ်းကာ ဘေးကလူကို တံတောင်နဲ့တွတ်လိုက်တယ်။

"ရှန်းရင် နတ်ဆိုးဘုရင်အသစ်က ကျူးကျော်သူဆိုတာ သေချာရဲ့လား"

"မသေချာဘူး" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။

ကူယွဲ့အမူအရာ မည်းမှောင်သွားတယ်။

"ဒါဆို သူ့ကို စစ်ဆေးမို့ ငါ့ကို ဘာလို့လွှတ်တာလဲ"

"သူ့အချက်အလက်က ထူးဆန်းနေတယ်" ရှန်းရင်က ခေါင်းစောင်းသွားပြီး တစ်အောင့်ကြာတော့ သူမက ပြောတယ်။

"တစ်ဝက်နဲ့တစ်ဝက်"

"ဘာဆိုလိုတာလဲ" တစ်ဝက်နဲ့တစ်ဝက်လား။

"သူ့အချက်အလက်တစ်ဝက်က ဒီကမ္ဘာက အမတတွေနဲ့ အတူတူပဲ၊ ကျန်တဲ့တစ်ဝက်က... မတူဘူး"

အဲလိုမျိုးရှိလို့လား။ ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။

"သူက သွေးနှောတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား" ကျူးကျော်သူတစ်ယောက်ရဲ့ မျိုးဆက် ဖြစ်နေရင်ရော။

"မျက်နှာပြင်တွေမှာ အဲလိုမျိုးမရှိဘူး" ရှန်းရင်ကဖြေကာ ကူယွဲ့အတွေးရထားကို ဖြိုခွဲလိုက်တယ်။

"လူတစ်ယောက်စီက မျက်နှာပြင်တစ်ခုဆီနဲ့ပဲ ဆိုင်တယ်" ဒီမျက်နှာပြင်ရဲ့ လက်ထောက်စီမံထိန်းသိမ်းသူ ဖေဖေနျိုတောင် သူ့ရဲ့မျက်နှာပြင်ကို ပြောင်းလဲခဲ့တာပဲလေ။ လူတစ်ယောက်က တစ်ပြိုင်နက် မျက်နှာပြင်၂ခုနဲ့ မဆိုင်နိုင်ဘူး။

"ဒါဆို သူက ဘယ်လိုအခြေအနေရောက်နေတာလဲ"

"မသိဘူး" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။ ဒါ သူမ ဒီလိုမျိုးမြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ သူမလက်ကောက်ဝတ်ကို လှည့်ပြီး ခရမ်းရောင်အငွေ့ထုကို နောက်တစ်ကြိမ် ထုတ်လိုက်တယ်။ ဘာကြောင့်မှန်းမသိ သူမ ဒါကို သေချာလေ့လာရမယ်ဆိုတာ သိတယ်။

"ဒါ နတ်ဆိုးဘုရင်အသစ် ရှာနေတဲ့ဟာလား" ကူယွဲ့ သူမလက်ထဲက ခရမ်းရောင်အငွေ့ထုကို လှမ်းကြည့်လိုက်တယ်။

"ဘာများပါလိမ့်သိချင်တယ်" ယိချင်း မေးလိုက်တယ်။

"ငါ့မှာအဖြေမရှိသေးဘူး" ရှန်းရင်က ဖြည်းဖြည်းချင်း ခေါင်းကိုယမ်းတယ်။ ရုတ်တရက် သူမက ကူယွဲ့ဘက် လှည့်ကြည့်တယ်။

"ဖေဖေနျို နင် ငမည်းလေးကို ရှာတွေ့ပြီလား"

ကူယွဲ့က တန့်သွားပြီး ရှန်းရင်နဲ့ အဓိပ္ပာယ်ပါတဲ့အကြည့်ချင်းဖလှယ်လိုက်တယ်။ သူ့အမူအရာက မည်းမှောင်သွားခဲ့တယ်။

"ဟင့်အင်း သူ့အရှိန်အဝါကို အာရုံခံနိုင်တာ သေချာတယ်၊ ဒါပေမဲ့..." သူက ပြောနေရင်း အသံတိုးဝင်သွားတယ်။ နတ်ဆိုးဘုရင်အသစ်ရဲ့ နန်းတက်မှုဆိုတာ အရှေ့ကတစ်ယောက် ကွယ်လွန်သွားပြီဆိုတာကို ညွှန်ပြနေတာပဲ။ ကောင်းကင်မိစ္ဆာက ဒါကို တစ်လျှောက်လုံးသိ ခဲ့တာနေမှာ။ ငမည်းလေးက ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်တာ ပိုပြီးဖြစ်နိုင်တယ်။

"ဟင့်အင်း" ရှန်းရင် ခွန်းတုံ့ပြန်လိုက်တယ်။

"အဲလူက ငမည်းလေးကို မသတ်နိုင်ဘူး"

"ဘာလို့လဲ" ကူယွဲ့ အူကြောင်ကြောင် စိုက်ကြည့်လိုက်မိတယ်။

ရှန်းရင်က သူ့မေးခွန်းကိုမဖြေဘဲ ပြန်မေးလာတယ်။

"နင်တို့ ရတနာသိုက်ကို တွေ့ခဲ့လား"

"ဘာလဲ" ကူယွဲ့ ရပ်သွားတယ်။

"ငါတို့က လူကယ်ဖို့သွားတာလေ၊ သူတို့အိမ်တွေကိုဝင်စီးပြီး ရတနာတွေကိုရှာဖို့မဟုတ်..."

သူပြောနေရင်း နောက်ဆုံးတော့ နားလည်သွားပြီး ရပ်သွားခဲ့တယ်။

အဲခရမ်းရောင်အငွေ့ထုက ယွီဟုန့်ကိုယ်ထဲတွေ့ခဲ့တာ။ နတ်ဆိုးဘုရင်အသစ်က သူမကို ပထမဖမ်းထားချိန် အဲဆံထိုးကိုပဲ ရှာနေတာ။ တခြားနည်းနဲ့ပြောရရင် အဲခရမ်းရောင်အငွေ့ထုက ဆံထိုးကတစ်ဆင့် ယွီဟုန့်ကိုယ်ထဲဝင်သွားတာပဲ။ ပြီးတော့ အဲဆံထိုးက ရတနာသိုက်က ယူလာတာ။ ငမည်းလေးပျောက်ဆုံးမှုက အဲရတနာသိုက်နဲ့တစ်ခုခု ဆိုင်ရမယ်။

…

အခန်း ၃၄၇ ။ နတ်ဆိုးဘုရင် ရတနာသိုက်

"ဒါပေမဲ့... နတ်ဆိုးဘုရင်ကပဲ သူ့ရတနာသိုက်က ဘယ်မှာရှိလဲသိတာ၊ ငါတို့တွေကြိုးစားရင်တောင် ရှာမတွေ့နိုင်ဘူး"

"ဘယ်မှာလဲဆိုတာ တခြားတစ်ယောက်လည်း သိတယ်" ရှန်းရင် ပြန်ဖြေလိုက်တယ်။

ကူယွဲ့က သူမကို အူကြောင်ကြောင်စိုက်ကြည့်နေပြီးမှ ရုတ်တရက် သူ့မျက်လုံးတွေပြူးသွားတယ်။

"ယွီဟုန်"

ဟုတ်သားပဲ တခြားသူတွေ မသိလောက်ပေမဲ့ ယွီဟုန်ကတော့ သေချာပေါက်သိမှာ။ ငမည်းလေးက ယွီဟုန့်ကို လက်ထပ်ဖို့ စဉ်းစားနေပြီးပြီလေ။ ဘာကြောင့် လက်ဖွဲ့ကြေးပါ ထည့်ပေးရလဲဆိုတာ အကြောင်းရင်းမရှိဘူး။

"ငါသူ့ကို ဒီခေါ်လိုက်မယ်"

အဲလိုနဲ့ ကူယွဲ့ထရပ်ပြီး ဘေးအဆောင်ဆီ သွားလိုက်တယ်။ တစ်အောင့်အကြာမှာ သူက စိတ်ဆင်းရဲနေတဲ့ယွီဟုန့်ကို အခန်းထဲပြန်ဆွဲခေါ်လာခဲ့တယ်။ သူမမျက်လုံးတွေက ငိုထားကာစလိုမျိုး နီရဲနေလေရဲ့။

"ဂိုဏ်းချုပ်" ယွီဟုန် တလေးတစားဂါဝရပြုလိုက်တယ်။

"ငမည်းလေးက ရတနာသိုက် ဘယ်မှာလဲဆိုတာ တကယ်ပဲ ကျွန်မကိုပြောပြခဲ့ပါတယ်" သူမက သူမရဲ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်ကို ထုတ်ပြီး အပေါ်က စည်းတံဆိပ်ကိုလက်ညှိုးထိုးလိုက်တယ်။

"သူ ကျွန်မဓားအပေါ် ဒီအမှတ်အသားလုပ်ပြီး ရတနာသိုက်ကို ဖွင့်ဖို့အတွက် ဒါကို လုပ်လို့ရတယ် ပြောခဲ့ပါတယ်" တစ်ခုခုကို သတိရသွားသလိုမျိုး သူမမျက်လုံးထဲက ကြေကွဲဝမ်းနည်းမှုက ပြင်းထန်လာခဲ့တယ်။

"ဘယ်တုန်းကမှတော့ မသုံးကြည့်ဖူးဘူး"

"ယွီဟုန်၊ အဲရတနာသိုက်ထဲ ငမည်းလေး ဘယ်မှာရှိလဲဆိုတာ သဲလွန်စရှိနိုင်တယ်၊ ငါတို့အတွက် ဖွင့်ပေးလို့ရမလား" ကူယွဲ့ မေးလိုက်တယ်။

"ငမည်းလေးလား" ယွီဟုန်တန့်သွားတယ်။ မအံ့ဩတော့ဘူး... သူတကယ်ကို အသက်ရှင်နေသေးတာပဲ သူမရဲ့အမူအရာက ရုတ်တရက် စိတ်လှုပ်ရှားမှုနဲ့ ပြည့်လာတယ်။

"ဟုတ်တာပေါ့ သေချာပေါက်ပေါ့ ကျွန်မ အခုပဲဖွင့်ပါ့မယ်"

သူမက အသည်းအသန်ခေါင်းညိတ်ပြီး စည်းတံဆိပ်တစ်ခုဖန်တီးလိုက်တယ်။ အင်းကွက်တစ်ခုက သူမဓားကနေ ထွက်လာပြီး အဖြူရောင်အလင်းတစ်ခု တောက်ပလာတယ်။ ယွီဟုန် သူမရှေ့ ဓားကိုယမ်းပြီး ဝင်‌ပေါက်ဖြူတစ်ခု ပေါ်‌လာစေလိုက်တယ်။ ကြည့်ရတာ ဆန်းကြယ်ဘုံဆီ ဝင်ပေါက်နဲ့တူတယ်။

သူတို့တွေ အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး ဝင်ပေါက်ထဲဝင်ပေါက်လာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း သူတို့ကိုယ်သူတို့လုံးဝကွဲပြားတဲ့ ဘုံတစ်ခုမှာ တွေ့လိုက်ရသလိုပဲ။ ရတနာသိုက်လို့ ခေါ်ပေမဲ့ ဆန်းကြယ်ဘုံလေးတစ်ခု ဖြစ်နေတယ်။ တစ်ခုတည်းသောကိစ္စက...။

ဆန်းကြယ်ဘုံထဲ လတ်ဆတ်တဲ့ပန်းတွေပဲရှိနေတယ်။ ပန်းတွေက ကောင်းကင်ကနေ မိုးဖွဲတွေလို ကျဆင်းလာပြီး သူတို့မျက်နှာတွေနဲ့ခေါင်းတွေပေါ် တင်ကုန်တယ်။ သူတို့ပတ်လည်မှာ ပွင့်လန်းနေတဲ့ အမတအပင်တွေ အတန်းလိုက်။ ပန်းတစ်ပွင့်ချင်းစီက မတူညီတဲ့အရောင်တွေနဲ့ လှပစွာဖူးပွင့်နေတယ်။ မြင်ကွင်းနဲ့တင် ဘယ်မိန်းကလေးရဲ့နှလုံးသားကိုမဆို ဖြည့်တင်းပေးနိုင်တာမျိုးပဲ။

သူတို့တွေ ရှေ့မှာမြင်လိုက်ရတာကြောင့် မှင်တက်ကုန်တယ်။ နတ်ဆိုးဘုရင်က ဒီလိုဘုရင်မျိုးလို့ သူတို့မထင်ခဲ့ဘူး... ဥယျာဉ်ကြားထဲ မျှော်စင်ငယ်လေးမတွေ့ခင်ထိပဲ။ မျှော်စင်ရှေ့မှာ ကျောက်ပြားတစ်ခုကို ချထားတယ်။ အပေါ်မှာရေးထားတာက ရွှေရောင်စာလုံးကြီးတွေနဲ့ - ဟုန်အာနဲ့ ရှောင်ဟေးတို့ထာဝရ အတူရှိသွားမည်။ ကျောက်ပြားရဲ့ တစ်ဖက်စီမှာ ငမည်းလေးက ရွှေရောင်စာလုံးတန်းတွေ ရေးထိုးထားတယ်။ ဘယ်ဘက်မှာက “ထာဝရ”၊ ညာဘက်မှာကတော့ “မျိုးဆက်တွေ အများကြီးနဲ့ ကောင်းချီးပေးပါ”

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

( ̄△̄;)

ဒါက ပွင့်လင်းလွန်းတယ်။ ငမည်းလေးက သမိုင်းတစ်လျှောက်က တခြားနတ်ဆိုးဘုရင်တွေလောက် အနုပညာမြတ်နိုးတာပဲ။ နတ်ဆိုးတွေက အမတတွေထက် သိသိသာသာ ခွန်အားကြီးမားချိန် အမတဘုံကို ဘာလို့ ဘယ်တော့မှ မသိမ်းပိုက်နိုင်လဲဆိုတာ နားလည်သွားတယ်။

သူတို့ရဲ့ ယဉ်ကျေးမှုချို့တဲ့ချက်က သူတို့တည်ရှိမှုရဲ့ ပြဿနာပဲ။

ယွီဟုန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်တယ်။ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ သူမလက်ထဲကဓားနဲ့ ကျောက်ပြားကို နှစ်ပိုင်းပိုင်းလိုက်တယ်။ သူမက တစ်ဖက်စီက ရွှေရောင်စာလုံးတွေကိုပါ ဖြတ်တောက်ပြီး ခြေထောက်နဲ့ ဆောင့်နင်းလိုက်တယ်။ နောက်တော့ တံခါးဖွင့်ကာ မျှော်စင်ထဲ ဝင်လာခဲ့တယ်။

သာမန်မျှော်စင်လေးပဲ။ အထဲမှာက အင်မတန်နွေးထွေးစွာ အလှဆင်ထားတယ်။ ငမည်းလေးက နေရာကို အလှဆင်တဲ့နေရာမှာ အတော်လေး အားထုတ်ထားတဲ့ပုံ။ ဒါပေမဲ့... အားလုံးက မျက်စိ‌ကျိန်းလောက်စရာ ပန်းရောင်တွေကြီး။ နံရံတွေမှာ ယွီဟုန်ဓားကိုင်ထားပုံ၊ စာအုပ်ဖတ်နေပုံ၊ စာရေးနေပုံ၊ အနားယူနေပုံနဲ့ နေရောင်အောက်လုပ်သမျှပုံရိပ်တွေနဲ့ပြည့်နေတယ်။

ပြီးတော့ သာမန်ပုံရိပ်တွေတောင် မဟုတ်ဘူး။ သူတို့တွေကို အရိပ်ထိန်းသိမ်းသိုင်းနဲ့ ဖန်တီးထားတာ။ ဒီပုံရိပ်တွေက အရမ်းကို အစစ်အတိုင်းပဲ။ တစ်ခုချင်းစီမှာ ယွီဟုန်က လှုပ်ရှားနေတယ်။

သုံးယောက်လုံး နှုတ်ခမ်းစေ့သွားကြတယ်။ ငမည်းလေးက ဒီလောက်ပုံရိပ်တွေကို စုဆောင်းဖို့ ယွီဟုန့်ကို ဘယ်လောက်တောင် ခိုးကြည့်ခဲ့ပါလိမ့်။ ဘာလို့ သူတို့တွေ ရုတ်တရက် ယွီဟုန့်အတွက် အရမ်းကို သနားသွားမိတာလဲ။

ယွီဟုန့်အမူအရာက အိုးဖင်လို မည်းမှောင်နေတယ်။ သူမလက်သီးတင်းတင်းဆုပ်ပြီး ပုံရိပ်တွေကို မခုတ်ပိုင်းမိအောင် ဆန္ဒကို မနည်းထိန်းသိမ်းနေရတယ်။

"ဟာ့... အာ ရတနာသိုက်အစစ်က တောင်အနောက်ဘက်မှာ ထင်တယ်" ကူယွဲ့က မျှော်စင်အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ သူ အားလုံးကို အာရုံလွှဲဖို့ကြိုးစားနေတာ အသိသာကြီး။

သူတို့တွေ မျှော်စင်ကထွက်လာပြီး တောင်အနောက်‌ဘက်ဆီ ပန်းပင်လယ်ကြီးကိုဖြတ်သန်းကာ သွားခဲ့တယ်။

သူတို့ရှေ့ အုတ်နံရံနဲ့ ကျောက်တံခါးကြီးတစ်ချပ်တည်ရှိနေတယ်။ ထိပ်ပေါ်မှာတော့ အကာအကွယ်အင်းကွက်မျိုးစုံ ချထားတယ်။ ကူယွဲ့က ခဏတာလေ့လာလိုက်ပြီး အားလုံးကို ချက်ချင်း ပြန်ဖြည်လိုက်တယ်။

ဝုန်းခနဲ အသံကြီး ပေါ်လာပြီး ကျောက်တံခါးက ပွင့်သွားခဲ့တယ်။ ချက်ချင်းပဲ အထဲကနေ အေးစက်တဲ့ အရှိန်အဝါတွေ လွင့်မျောလာတာကို ခံစားမိလိုက်တယ်။ နတ်ဆိုးချီအကြွင်းအကျန်တွေပါ ပါလာလေရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက နတ်ဆိုးတစ်ယောက်ရဲ့ ရတနာသိုက်ပဲ။ နတ်ဆိုးအသုံးအဆောင်တွေ အထဲမှာ အများကြီးရှိနေမယ်ဆိုတာ ခန့်မှန်းမိတယ်။

ကူယွဲ့က ယွီဟုန့်ကို အကာအကွယ်အင်းကွက်တွေ နောက်တစ်ကြိမ်ချဖို့ ညွှန်ကြားလိုက်ပြီး ရတနာသိုက်ထဲ ဝင်ခဲ့တယ်။ အကြီးကြီးပဲ။ အထဲမှာ ထူးဆန်းတဲ့ရတနာမျိုးစုံ ရှိနေတယ်။ တချို့က အင်မတန်အိုဟောင်းနေပြီး တန်ဖိုးရှိပုံတောင်‌ မပေါ်။

ထူးဆန်းတာက ရတနာသိုက်ထဲ နတ်ဆိုးလက်နက်တွေပဲ ရှိတာမဟုတ်။ အမတတွေအတွက် အသုံးဝင်မဲ့ရတနာတွေလည်း ရှိနေတယ်။ အမှန်ပဲ၊ ရတနာတွေထဲ နည်းနည်းလေးပဲရှိတယ်ဆိုပေမဲ့ အားလုံးကို ရတနာသိုက်ရဲ့ညာဘက်ခြမ်းမှာ သီးသန့်ထားထားတယ်။ ထူးဆန်းတာက ဒီအမတလက်နက်တွေကို ညာဘက်ခြမ်းမှာ အင်မတန်သပ်ရပ်စွာထားထားပြီး ကျန်တဲ့ရတနာတွေက ရတနာသိုက်ထဲ ပြန့်ကျဲနေတာပဲ။ အမတလက်နက်တွေ ပတ်လည်မှာ အကာအကွယ်အင်းကွက်တစ်ခုလည်း ထားထားတယ်။ အင်းကွက်ထဲမှာတော့ မိန်းမတွေပဲသုံးတဲ့ ဖဲပြား၊ ယပ်တောင်၊ ဆံထိုးတွေနဲ့ လက်ဝတ်တန်ဆာတွေ။ ငမည်းလေးက ဒါတွေကို ဘယ်သူ့အတွက် သီးသန့်ဖယ်ထားလဲသိသာတယ်။

ယွီဟုန်က ရင်ခုန်သွားပြီး မျက်လွှာချလိုက်တယ်။ သူမလက်နက်တွေဆီ လျှောက်သွားပြီး တစ်ခုကို ကောက်ယူဖို့ လုပ်လိုက်တယ်။ ပစ္စည်းတွေရဲ့ဘေးမှာ ရေးထားတဲ့ စာလုံးလေးတွေကို ဖတ်လိုက်တော့ : မိန်းကလေးဟုန်အာကို နမ်းရမယ်။

သူမက ဓားကို ခပ်တင်းတင်းဆုပ်ကိုင်မိပြီး ဒီပစ္စည်းတွေအကုန် ရုတ်တရက်ဖျက်ဆီးချင်သွားခဲ့တယ်။

"ဒီထိ ငါ့နောက် မင်းလိုက်လာမယ် မထင်ထားဘူး" သူတို့တွေ ဘယ်ကမှန်းမသိ ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။ သေချာနေတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ အသံကပြောတယ်။

"လက်လျှော့လိုက်တော့၊ အဲဒါတွေက ဟုန်အာ့အတွက် ငါပြင်ပေးထားတာတွေပဲ၊ ငါမင်းတို့ကို တင်တောင်းပစ္စည်းတွေ ဘယ်တော့မှပေးမှာမဟုတ်ဘူး"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ယွီဟုန် ။ ။ "..."

ချက်ချင်းပဲ ဓားတစ်ချောင်းက သူတို့လူအုပ်ဆီ ပျံသန်းလာတယ်။

"ငမည်းလေးလား" ယွီဟုန်က မနေနိုင်ဘဲ လှမ်းခေါ်လိုက်တယ်။

အမည်းရောင် တစ်ခုက ဓားထက်မြန်တဲ့အရှိန်နဲ့ပြေးထွက်လာတယ်။ ဓားက အနက်ရောင်သဏ္ဌာန်ဆီ ပြန်ပျံသန်းလာပြီး ချွင်ခနဲမြည်သွားခဲ့တယ်။ ဒါပေမဲ့သူက အရှိန်နည်းနည်းလေးတောင် ခံစားရတဲ့ပုံမပေါ်။ သူလှည့်ကာ ရှေ့ကလူကိုဖက်လိုက်တယ်။

"ဟုန်အာလား၊ တကယ်မင်းပဲ" အမည်းရောင်သဏ္ဌာန်က ယွီဟုန့်ကို ခပ်တင်းတင်းဖက်တယ်။

"ကောင်းလိုက်တာ၊ မင်းနောက်ဆုံးတော့ ဒီရောက်လာပြီပဲ၊ ကိုယ်ဒီမှာရှိတာ မင်းမှတ်မိမယ်မှန်း ကိုယ်သိတယ်"

"ရှင်... အဆင်ပြေရဲ့လား" ယွီဟုန်က ခပ်ငိုင်ငိုင် မေးပြီး သူက သူမရှေ့ အရှင်လတ်လတ် ရပ်နေတယ်ဆိုတာ မယုံနိုင်ဖြစ်နေတယ်။

"ကိုယ်အဆင်ပြေတယ်၊ အဆင်ပြေတယ်၊ ဆန်းကြယ်ဘုံထဲ ပိတ်မိနေခဲ့ရုံပဲ" ငမည်းလေးက ယွီဟုန့်ကို ခပ်တင်းတင်းဖက်တယ်။

"မင်း ဒီရောက်လာတာ ကိုယ်ဝမ်းသာလိုက်တာ၊ ဒီနည်းနဲ့ဆို ကိုယ်နောက်ဆုံးတော့ မင်းကို လက်ထပ်နိုင်ပြီ၊ ဟုန်အာ ကိုယ်မင်းကို တကယ်လွမ်းနေတာ..."

သူ ချက်ချင်း သူမနှုတ်ခမ်းတွေကို နမ်းလိုက်တယ်။

သူတို့ဘေးမှ ပွဲကြည့်ပရိသတ်များ ။ ။ "..."

"အဟမ်း" ကူယွဲ့က လည်ချောင်းရှင်းပြီး သူတို့ ချစ်ကြည်နူးပြနေတာကို ကြားဖြတ်လိုက်တယ်။

ငမည်းလေးက ကြောင်သွားပြီး နောက်ဆုံးတော့ သူတို့သုံးယောက်ကို သတိထားမိသွားခဲ့တယ်။

"အာ ဟုန်အာ မင်းလူတွေခေါ်လာ-"

သူ စကားမဆုံးခင် ရှန်းရင်က အကျင့်အတိုင်းလက်မြှောက်ပြီး နှုတ်ဆက်လိုက်တယ်။

"ဟေး ငမည်းလေး"

သူ တုန်ယင်သွားခဲ့တယ်။

နောက်အခိုက်အတန့်မှာ...။

သူ့ခြေထောက်နှစ်ဖက်စလုံး ပျော့ခွေပြီး ဒူးထောက်ကျသွားတော့တယ်။

…

အခန်း ၃၄၈ ။ စစ်သားတစ်ယောက်၏ ပျော်ရွှင်မှု

ဝူတိနန်းတော် အနောက်ဘက်နန်းဆောင်။

နတ်ဆိုးဘုရင်က မြေကြီးပေါ်ဒူးထောက်ကာ ပါးပြင်ပေါ် မျက်ရည်တွေစီးကျပြီး သူ့အသက်အတွက် အော်ဟစ်နေတယ်။

"ကြီး... ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော် တကယ်ဟုန်အာ့ကို သဘောကျတာပါ၊ ကျွန်တော်တို့ကို မခွဲဖို့ တောင်းပန်ပါတယ်"

"ကြီး... ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော်ကသာ ဟုန်အာ့ကို ဖြားယောင်းမိခဲ့တာပါ၊ သူ့ကို ဒါတွေအတွက် အပြစ်တင်စရာ မရှိပါဘူး၊ မဖြစ်မနေဆို ကျွန်တော့်ကိုပဲ အပြစ်ပေးပါ"

"ကြီး... ကြီးမြတ်တဲ့နတ်သမီး၊ တကယ်လို့ ကျွန်တော့်ကို အသေရိုက်ရင်တောင် ဟုန်အာနဲ့ အတူရှိခွင့်ရဖို့ မရမကတောင်းဆိုမှာပဲ"

"ကြီး... ကြီးမြတ်တဲ့နတ်သမီး၊ တကယ်လို့ ကျွန်တော် နတ်ဆိုးမလုပ်တော့ရင် ဝူတိဂိုဏ်းထဲ ဝင်ခွင့်ပေးမှာလားဟင်"

"ကြီး... ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော့်ကို ဂိုဏ်းထဲ လက်ထပ်ခွင့်ပြုနိုင်မလား"

"ကြီးမြတ်-"

"တော် တော် တော်တော့ ငိုယိုနေတာ တော်တော့"

ကူယွဲ့က သူ့ကို ဆက်ပြီးနားမထောင်နိုင်တော့ဘူး။ နတ်ဆိုးဘုရင်မျက်နှာက နှပ်တွေ မျက်ရည်တွေနဲ့ ပြည့်နေတယ်။ သူက တစ်ဘုံလုံးရဲ့ ဘုရင်ဆိုတာ မေ့သွားပြီလား။

"ဘယ်တုန်းက မင်းတို့နှစ်ယောက်ကို သဘောမတူဘူးလို့ ငါတို့ပြောမိလဲ"

"အာ" ငမည်းလေးက တန့်သွားပြီး ခေါင်းမော့လာတယ်။

"သဘော...တူတာလား" သူ စားသောက်နေပြီဖြစ်ပြီး သူ့ကိုပါ လျစ်လျူရှုထားတဲ့ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ ရှက်လွန်းလို့ သူ့ကိုပါ မသိချင်ယောင်ဆောင်နေတဲ့ ယွီဟုန်ဘက် မျက်နှာလှည့်လိုက်တယ်။ နောက်ဆုံးတော့ တစ်စုံတစ်ရာကို နားလည်သွားသလိုမျိုး မျက်နှာက စပ်ဖြီးဖြီးအပြုံးနဲ့ ဝင်းလက်သွားလေရဲ့။

"ဟီးဟီးဟီးဟီးဟီးဟီး... ကြီးမြတ်တဲ့နတ်သမီးက ကျိုးကြောင်းဆင်ခြင်တတ်သူဆိုတာ သိသားပဲ၊ ကျွန်တော်တို့ကို တွဲခွင့်ပေးမယ်မှန်း သိတယ်" ငမည်းလေးက ခံစားချက်တွေ လွှမ်းမိုးလာပြီး ယွီဟုန့်ကို လက်နှစ်ဖက်လုံးနဲ့ လှမ်းဖက်ဖို့လုပ်တယ်။

"ဟုန်အာ ကိုယ်တို့နောက်ဆုံးတော့ အတူတူရှိနေနိုင်ပြီ"

"ထွက်သွားစမ်း" ယွီဟုန်က ခြေတစ်ဖက်နဲ့ သူ့ကို ကန်ထုတ်လိုက်တယ်။ သူမက သူ့ကို မျက်စိကန်းပြီး ကြိုက်မိလားတောင် သံသယဝင်စပြုလာပြီ။

"ကောင်းပြီလေ၊ စကားပြောမယ်၊ မင်းကျင့်ကြံဆင့်တွေ ဘယ်လိုချိပ်ပိတ်ခံလိုက်ရတာလဲ၊ ဘာလို့ ရတနာသိုက်ထဲ ပုန်းနေရတာလဲ" ကူယွဲ့ သူ့ကိုစစ်ဆေးလိုက်တယ်။

"ဘယ်သူလဲ မသိပါဘူး" နတ်ဆိုးဘုရင်က စရှင်းပြတယ်။

"လွန်ခဲ့တဲ့ရက်ပိုင်းက ဟုန်အာ့ဆီ အသွင်းပစ္စည်းတွေ လက်ဆောင်ပေးဖို့ ပြင်နေခဲ့တယ်၊ နတ်ဆိုးဘုံက ထွက်နေတုန်းမှာတင် အဲလူက ကျွန်တော့်ဆီ ဘယ်ကမှန်းမသိ ဝင်တိုက်ခိုက်တော့တာပဲ၊ သူ့ဟာတစ်ခုခုကို ကျွန်တော်ခိုးသွားတယ်လို့ အတင်းပြောနေတာပဲ၊ ကျွန်တော် အစက သူ့ကိုမရှုံးပေမဲ့ ကျွန်တော်သိတောင်မသိတဲ့ ထူးထူးဆန်းဆန်း သိုင်းတချို့ကို ထုတ်သုံးတော့တယ်၊ ကျွန်တော့်နတ်ဆိုးချီလည်း တန့်သွားတယ်၊ ဒါနဲ့ ပုန်းဖို့ ရတနာသိုက်ဆီ ထွက်ပြေးခဲ့တာပဲ၊ နောက်တော့... ကျွန်တော် သိလိုက်ရတာက ရတနာသိုက်ရဲ့ ဆန်းကြယ်ဘုံဝင်ပေါက်က ဖွင့်မရတော့ဘူး၊ နောက်တော့ ခင်ဗျားတို့ ပေါ်လာတာပဲ"

"မင်းတွေ့ခဲ့တာ နတ်ဆိုးဘုရင်အသစ်လား"

"ဘာကိုနတ်ဆိုးဘုရင်အသစ်လဲ" ငမည်းလေးက ဘုရင်အသစ် အစားထိုးတာခံလိုက်ရပြီဆိုတာ မသိသလိုမျိုး သူတို့ကို အူကြောင်ကြောင်ပြန်စိုက်ကြည့်နေတယ်။

ကူယွဲ့က တစ်ခဏတာ စဉ်းစားနေတယ်။ သူ လက်မြှောက်ပြီး ထောင်အကျဉ်းထောင်ထဲ ထိုင်နေတဲ့လူတစ်ယောက်ပုံရိပ်ကို ဖန်တီးလိုက်တယ်။

"ဒီလူလား"

"သူပဲ" ငမည်းလေးက ထခုန်ပြီး ပုံရိပ်ကိုလက်ညှိုးထိုးပြတယ်။

"သူက ကျွန်တော့်ကိုတိုက်ခိုက်ခဲ့သူပဲ"

"သူက နတ်ဆိုးဘုံရဲ့ အခုနတ်ဆိုးဘုရင်ပဲ"

ကူယွဲ့ ရှင်းပြလိုက်တယ်။

"ဘာ" ငမည်းလေးက ကြောင်အမ်းသွားတယ်။ သူ့အမူအရာကနေ အဲလူကိုထုထောင်းဖို့ မစောင့်နိုင်ဘူးဆိုတာ အသိသာကြီး။ တစ်အောင့်ကြာတော့ သူက တစ်ခုခုကို စဉ်းစားပြီး ဒေါသကို မျိုသိပ်ကာ ပြောလိုက်တယ်။

"ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း နတ်ဆိုးဘုရင်ဖြစ်ဖို့ ဆန္ဒမရှိတော့ဘူး၊ ဘယ်သူပဲ ကျွန်တော့်နေရာယူယူ စိတ်မရှိဘူး" ဘယ်လိုပဲဖြစ်ဖြစ် ခုသူ့မှာဟုန်အာရှိနေပြီပဲ။ ဟီးဟီး သူ ဟုန်အာ့ကိုလှမ်းကြည့်ပြီး မျက်နှာရဲသွားတယ်။ ခပ်ကြောင်ကြောင်အပြုံးလည်း မျက်နှာပေါ်ပြန်ပေါ်လာတယ်။

အုပ်စု ။ ။ "..." *သောက်ကျိုးနည်း ငတုံး*

"ခဏ မဟုတ်သေးပါဘူး" လူတိုင်းက သူငတုံးဖြစ်သွားပြီလို့ တွေးကာစရှိသေး အံ့ဩတကြီး ရေရွတ်လိုက်တယ်။

"သူက နတ်ဆိုးမှ မဟုတ်တာ၊ ဘယ်လိုလုပ် နတ်ဆိုးဘုရင်အသစ် ဖြစ်လာနိုင်မှာလဲ"

"တကယ်ပဲ သူက နတ်ဆိုးမဟုတ်ဘူး" ကူယွဲ့ဖြေပြီး အသိစိတ်ပြန်ဝင်လာတဲ့ ငမည်းလေးကို ကြည့်လိုက်တယ်။

"သေချာစဉ်းစားကြည့် - သူမင်းကိုတိုက်ခိုက်တုန်းက တစ်ခုခုပြောခဲ့သေးလား၊ သူ့ရည်ရွယ်ချက်က ဘာလဲ ပြောခဲ့လား"

ငမည်းလေးက သေချာစဉ်းစားပြီး ခေါင်းယမ်းလိုက်တယ်။

"ဟင့်အင်း သူ့ကို တစ်ခုခု ပြန်ပေးစေချင်တယ်လို့ပဲပြောခဲ့တာ၊ ကျွန်တော်... ကျွန်တော်က သူဘယ်သူလဲတောင် မသိတာ၊ သူ ဘာရှာနေလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ"

"နင် ဘယ်လိုလက်ဖွဲ့တွေ ပြင်ထားလဲ" ရှန်းရင်က ရုတ်တရက် မေးလာတယ်။

ငမည်းလေးက တန့်ပြီး သူ့လက်ကဘေးမှာချိတ်ထားတဲ့သိုလှောင်အိတ်ဆီ အလိုလိုရောက်သွားတယ်။

"ကြီး... ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော် ဒါကို ဟုန်အာ့ဆီပေးဖို့ ရည်ရွယ်ခဲ့တာပါ" သူက ခိုးကြောင်ခိုးဝှက်နဲ့ ယွီဟုန့်ကို မှီတယ်။

ယွီဟုန် နှုတ်ခမ်းတွေတင်း‌တင်းစေ့ပြီး သူ့ကို မကျေမနပ်ကြည့်လိုက်တယ်။ သူ့ကိုကန်ကာ သူမ ပြောလိုက်တယ်။

"ထုတ်လိုက်"

"ကောင်းပါပြီ" ငမည်းလေးက သူ့သိုလှောင်အိတ်ကို သနားစဖွယ်ဖွင့်ပြီး အထဲက လက်ဖွဲ့ပစ္စည်းတွေကို တစ်ခုစီထုတ်တယ်။ ဆေးလုံးတွေ၊ အဆောင်တွေ၊ အင်းကွက်တွေနဲ့လက်နက်တွေလိုမျိုး တန်ဖိုးရှိတဲ့ပစ္စည်းတွေ အများကြီး။ ကျောက်ပြားတွေ၊ ထိုင်ခုံတွေနဲ့ အိုးတွေလိုမျိုး အရေးမကြီးတာတွေလည်း ပါတယ်။ ငမည်းလေးက သူ့သိုလှောင်အိတ်ထဲကနေ ပစ္စည်းမျိုးစုံ ထုတ်လာလိုက်တာ မကြာခင်ပဲ တစ်ခန်းလုံးပစ္စည်းတွေနဲ့ ပြည့်သွားလေရဲ့။

အားလုံး ။ ။ "..."

ဒီသောက်ကျိုးနည်းလူက နတ်ဆိုးနန်းတော်တစ်ခုလုံး အပြောင်ရှင်းခဲ့တာတော့ မဟုတ်ဘူးမလား။ နောက်နတ်ဆိုးဘုရင် ဘယ်လိုခံစားရမလဲဆိုတာ တွေးတောင်တွေးခဲ့ရဲ့လား။

"ကောင်းပါပြီ ကောင်းပါပြီ" ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူ နတ်ဆိုးဘုရင်ကို သိုလှောင်အိတ်ထဲကနေ ပစ္စည်းမျိုးစုံထပ်ထုတ်မှာကို အမြန်တားလိုက်ရတယ်။

"ငါတို့ဆိုလိုတာက ထူးခြားတဲ့လက်နက်တွေ ဥပမာ မင်း ယွီဟုန့်ကိုလက်ဖွဲ့အနေနဲ့ပေးဖို့ ရည်ရွယ်ခဲ့တဲ့ လက်ဝတ်ရတနာမျိုးတွေကိုပြောတာ၊ ဥပမာအနေနဲ့ဆို မင်း အရင်က ယွီဟုန့်ကိုပေးခဲ့တဲ့ ဆံထိုးမျိုးပဲ"

ငမည်းလေးက သူ့ကိုအူကြောင်ကြောင်ပြန်စိုက်ကြည့်တယ်။ တစ်စုံတစ်ရာကို သတိပြန်ရသွားသလိုမျိုး သူ့မျက်ဝန်းတွေက တောက်ပလာပြီး အသည်းအသန်ခေါင်းညိတ်တယ်။

"ဟုတ်ဟုတ်ဟုတ်"

သူ စကားပြောပြီးတာနဲ့ သူ့သိုလှောင်အိတ်ထဲက ရှေးဟောင်းပုံစံသေတ္တာဘူးတစ်ခု ထုတ်လိုက်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေတ္တာနဲ့တူတယ်။ ထိပ်ဖျား‌မှာတော့ ဘယ်သူမှနားမလည်တဲ့ ဘာသာစကားနဲ့ စာလုံးတွေရေးထားတယ်။

ငမည်းလေး သေတ္တာကိုဖွင့်ပြီး သူတို့ကို အမျိုးသမီးတွေအတွက် ဆံပင်အသုံးအဆောင်အမျိုးမျိုး ထုတ်ပြတယ်။ အထဲမှာ နားကပ်၊ ဆွဲကြိုး၊ လက်စွပ်တွေနဲ့တခြားခပ်ဆင်ဆင်အရာတွေ အများကြီး။ သေတ္ထာထဲ အဆင်တန်ဆာ အမျိုးမျိုး ဆယ်ခုကျော်ရှိနေတယ်။

"ဒါက အတွဲလိုက်ပါ၊ အစက ကျွန်တော်တို့လက်ထပ်ပြီးရင် ဒီသေတ္တာကို ဟုန့်အာကိုပေးဖို့စီစဉ်ထားတာ၊ နောက်ဆို ကျွန်တော်တို့ ကလေးတွေကို လက်ဆင့်ကမ်းမယ်ပေါ့" ငမည်းလေးက ဂုဏ်ယူစွာပြောပြီး အသုံးအဆောင်တစ်ခုချင်းစီကို လက်ညှိုးထိုးပြတယ်။

"ဒါက သမီးကြီးအတွက်၊ ဒါဒုတိယသမီး၊ ဒါ တတိယ-"

"ပါးစပ်ပိတ်" ကူယွဲ့ အချစ်ရူးနေတဲ့ငမည်းလေးကို နားထောင်ဖို့ စိတ်မရှိဘူး။ သူ ရှန်းရင်ဘက် လှည့်ပြောလိုက်တယ်။

"ဒါတွေလား"

ရှန်းရင်က လျှောက်လာပြီး သေတ္တာထဲက အဆင်တန်ဆာတွေကို လှမ်းကြည့်လိုက်တယ်။ သူမက လက်ကောက်ဝတ်ကို တစ်ချက် ယမ်းပြီး ယွီဟုန့်ကိုယ်ထဲက သူတို့တွေ့ခဲ့တဲ့ ခရမ်းရောင်အငွေ့ကိုထုတ်လိုက်တယ်။

ခရမ်းရောင်အငွေ့ထုပေါ်လာတာနဲ့အတူ တစ်စုံတစ်ခုကို အသက်သွင်းလိုက်ပုံပဲ။ တောက်ပနေတဲ့ခရမ်းရောင်သမ်းလာတယ်။ နဂိုက သာမန်အငွေ့လိုထင်ရတာတွေက ဂယက်ထစပြုတော့တယ်။ ငမည်းလေးရဲ့သေတ္တာထဲက ပစ္စည်းတွေကလည်း ဆင်တူ တောက်ပလာခဲ့တယ်။ နောက်တော့ ရှန်းရင်လက်ထဲက အငွေ့ထုနဲ့ရောသွားတဲ့ ခရမ်းရောင်မီးခိုးကို ထုတ်လေလေတယ်။ အငွေ့ထုက ထူပြီး ပိုများပြားလာကာ စက္ကန့်အနည်းငယ်အတွင်းမှာ ဘတ်စ်ကတ်ဘောလောက်ကြီးလာတယ်။

ပတ်ပတ်လည်က မသေမျိုးချီတွေ ကျယ်ပြန့်လာတာကို ခံစားမိပြီး နတ်ဘုရားစွမ်းအင်ထက်တောင် ပိုများပြားကာ သူတို့အသက်ရှူငွေ့ကိုပါ ယူသွားဖို့ခြိမ်းခြောက်နေတယ်။ ရှန်းရင်၊ ယိချင်းနဲ့ကူယွဲ့တို့က အဆင်ပြေပေမဲ့ ယွီဟုန်နဲ့ ကူယွဲ့ကတော့ ရုတ်တရက်မသေမျိုးချီပေါက်ကွဲမှုကို တောင့်ခံနိုင်ဖို့ အခက်အခဲရှိနေလေရဲ့။ ချက်ချင်းပဲ သူတို့ဒူးထောက်ကျသွားတယ်။

ရှန်းရင် အကြည်ဘူးတစ်ခုထုတ်ကာ အလုံးကို ရိုက်ထည့်လိုက်တယ်။ ပေါများနေတဲ့ ခရမ်းရောင်‌အငွေ့ထုက ဘူးထဲပျံသန်းသွားကာ အခန်းထဲက မသေမျိုးဖိအားကိုပါ ယူဆောင်သွားတယ်။

"ခုလေးတင်... ဘာဖြစ်သွားတာလဲ"

ကူယွဲ့ ဟိုဟိုဒီဒီ ကြည့်ကာ ဇဝေဇဝါဖြစ်နေလေရဲ့။ သူတို့နဲ့ ဒီလောကကို အဆက်အသွယ်ဖြတ်ထားတဲ့ လက်‌ထောက်စည်းတံဆိပ်ကြောင့်သာ မဟုတ်ရင် သူနဲ့စားဖိုမှူးလည်း အမတဖိအားကို တောင့်ခံနိုင်လောက်မှာ မဟုတ်ဘူး။

"အဲဒီမသေမျိုးစွမ်းအင်... ဘယ်လိုလုပ် နတ်ဘုရားစွမ်းအင်ထက်တောင် အားကောင်းရတာလဲ"

မသေမျိုးချီပဲဆိုတာ အသိသာကြီး။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ ဒါ သူမလည်း ပထမဆုံးအကြိမ် ဒီလိုကြွယ်ဝတဲ့ အငွေ့ကိုမြင်ဖူးတာပဲ။

"ဆရာ၊ ကြည့်ရတာ ဒါ အဲလူလိုက်နေတဲ့ဟာ ဖြစ်ပုံပဲ"

ယိချင်းက ခရမ်းရောင်အငွေ့ မရှိတော့လို အရောင်မှိန်သွားပြီဖြစ်တဲ့ လက်ဝတ်ရတနာတွေကို ကြည့်နေတယ်။ ငမည်းလေးကို ဖမ်းပြီး ယွီဟုန့်ကို ခဏခဏ ဖမ်းဖို့ကြိုးစားခဲ့သူ‌က ဒီဟာတွေနောက် လိုက်နေတာပဲဖြစ်ရမယ်။

"ငမည်းလေး မင်းဒါတွေကို ဘယ်ကရခဲ့တာလဲ"

ကူယွဲ့မေးလိုက်တယ်။

ငမည်းလေးက တန့်သွားတယ်။ သူ အမတဖိအားလွှမ်းမိုးခံရတာကနေ အရှိန်ပြန်ထိန်းနိုင်ကာစ။ ချက်ကျလက်ကျနဲ့ သူကဖြေတယ်။

"အရင်နတ်ဆိုးဘုရင်ဆီက ခိုးထားတာပါ"

"အရင်နတ်ဆိုးဘုရင် ကျန့်ထင်ကိုပြောတာလား"

ခိုးပြေးပြီး သူ့မိန်းမကွေ့ဟွား ကျွန်ပြုခံထားရတဲ့တစ်ယောက်လား။

"ဟုတ်တယ်" ငမည်းလေးက ခေါင်းညိတ်တယ်။ တစ်အောင့်ကြာတော့ သူက ခေါင်းယမ်းပြတယ်။

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး၊ အဲလိုမဟုတ်ဘူး"

"ဘာဆိုလိုတာလဲ" သူက ဘယ်သူ့ကို အတိအကျ ရည်ညွှန်းနေတာလဲ။ အင်းလား ဟင့်အင်းလား။

"ကျွန်တော်တို့မှာ နတ်ဆိုးဘုရင်မျိုးဆက်တွေ ရှိတယ်လေ၊ တစ်ယောက်ချင်းစီက အရင်တစ်ယောက်ကို အနိုင်ရမှ အာဏာရတာ၊ ဒါက ကျွန်တော်... ကျန့်ထင်ကို နိုင်ပြီးတဲ့နောက် ရတနာသိုက်ထဲ တွေ့ခဲ့တာပဲ၊ သူတို့အဲမှာ ရှိနေတာ ကြာပြီ၊ ရတနာသိုက်ကို သန့်ရှင်းရေးလုပ်တော့မှ ထောင့်တစ်နေရာမှာ တွေ့တာ၊ သူကိုယ်တိုင်တောင် အဲဒါတွေရှိတာ မသိဘူးထင်တာပဲ"

"အဲတော့ သူ့အရင်က နတ်ဆိုးဘုရင် ပိုင်တာလည်း ဖြစ်နိုင်တယ်ပေါ့"

"ဟုတ်ဟုတ်ဟုတ်" ငမည်းလေးက ခေါင်းညိတ်တယ်။

တခြားနည်းနဲ့ပြောရရင် သူတို့တွေ ဒီပစ္စည်းတွေက ဘာလဲဆိုတာ အတိအကျရှာဖွေဖို့ နည်းလမ်း မရှိတော့ဘူး။ သူ သေတ္တာပေါ်ကစာလုံးတွေကို သေချာကြည့်ပြီး ယိချင်းဘက်လှည့်ပြောလိုက်တယ်။

"စားဖိုမှူး၊ မင်း ဒီစာလုံးတွေကို နားလည်လား"

ယိချင်းက တစ်ချက်ကြည့်ကာ ခေါင်းယမ်းတယ်။

"တစ်ခါမှ ဒီစာလုံးတွေကိုမမြင်ဖူးဘူး" ‌တစ်အောင့်နေတော့ သူကထပ်ပြောတယ်။

"ဒါပေမဲ့ ဒီသေတ္တာကို ဝိုင်းထားတဲ့ အင်းကွက်တွေ အများကြီးရှိပုံပဲ၊ ကောင်းကင်မျိုးနွယ်တွေ ဖန်တီးထားတဲ့ ကိုယ်ပျောက်အင်းကွက်တွေနဲ့တူတယ်"

ကိုယ်ပျောက်အင်းကွက်တွေလား။ ဒါက အဲလူက ရုတ်တရက် ယွီဟုန်နဲ့ ငမည်းလေးကို ရုတ်တရက် ခြေရာခံသွားနိုင်တဲ့ အကြောင်းရင်းလား။ သူတို့ သေတ္တာထဲကနေ ဆံထိုးကိုထုတ်လိုက်တာကြောင့်လား။ ဒါပေမဲ့ ရှေးဟောင်းနဂါးမျိုးဆက်တောင် သေတ္တာပေါ်ကစာလုံးတွေကို နားမလည်တာ ဘယ်သူနားလည်နိုင်မှာလဲ။ ဒီပစ္စည်းတွေက ကျူးကျော်သူပိုင်တယ်ဆိုတာ တကယ်ပဲဖြစ်နိုင်လား။

အဲအခိုက်အတန့်မှာ ကူယွဲ့မျက်လုံးတွေက လူတစ်ယောက်အကြောင်း စဉ်းစားမိပြီး တောက်ပကုန်တယ်။

"မိစ္ဆာနတ်ဘုရားကို သွားရှာမယ်၊ သူ ဒါနဲ့ပတ်သက်ပြီး သေချာပေါက်သိမှာ"

သူ မိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်နယ်နိမိတ်ဆီ တံခါးပေါက်ဖွင့်မဲ့ဆဲဆဲ တပည့်တစ်ယောက် ပြေးဝင်လာတယ်။

"ဂိုဏ်းချုပ် အကြီးအကဲတို့" တပည့်က တလေးတစားဂါဝရပြုပြီးအသည်းအသန်ပြောတယ်။

"ဘေးခန်းမဆောင်ထဲက... အမျိုးသမီး သတိပြန်ရလာပါပြီ"

"ဘယ်သူလဲ" ကူယွဲ့ တပည့်ပြောနေတာကို ယာယီနားမလည်နိုင်။

"ဘာအမျိုးသမီးလဲ"

"လွန်ခဲ့တဲ့ရက်ပိုင်းက အကြီးအကဲတွေနဲ့ ပြန်လာတဲ့အမျိုးသမီးလေ" တပည့်ကထပ်ရှင်းပြတယ်။

"ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီး"

ကိုယ်ဝန်ရှိနေတာ...။

"ကျင်းချီ" ချီး၊ အဲအရူးလေး နေမကောင်းဖြစ်နေတာကို သူတို့မေ့နေတာ။

"သူ့ကို စောင့်သာကြည့်ထားလိုက်" လောလောဆယ် သူ့ကိုရှင်းဖို့အချိန်မရှိဘူး။

"မဟုတ်... မဟုတ်ဘူး..." တပည့်က ခုပိုပြီးတောင် အသည်းအသန်ဖြစ်လာတယ်။ စိုးရိမ်တကြီး သူကပြောတယ်။

"သူနဲ့ပတ်သက်ပြီးလွဲနေတာ တစ်ခုခုတော့ရှိတယ်"

"ဘာ" ကူယွဲ့ အံ့ဩတကြီးရေရွတ်လိုက်တယ်။

"သူ လွတ်သွားတာလား"

"ဟင့်အင်း ဟင့်အင်း ဟင့်အင်း" တပည့်က ခေါင်းယမ်းတယ်။ ကြိုးစားပမ်းစား သူမကပြောရှာတယ်။

"သူ... သူမွေးတော့မယ်"

ဟမ်။

Σ(°△°|||)

လူတိုင်းတိတ်ကုန်တယ်။ သုံးယောက်သား ချက်ချင်း ဝမ်းချုပ်‌နေသလိုရုပ်နဲ့။

ငမည်းလေးပဲ ဘာဖြစ်နေလဲဆိုတာ အူကြောင်ကြောင်ဖြစ်နေတာ။ သူက တိတ်တိတ်လေး လက်မြှောက်တယ်။

"မေးလို့ရမလားဟင်၊ ဘယ်သူ့ကလေးလဲဆိုတာ"

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ကိစ္စတွေကတော့ အနေခက်စရာ ကောင်းလိုက်တာ။

"တစ်ချက်သွားကြည့်ရအောင်"

ကူယွဲ့က ကျင်းချီကို ဒီလောက်စောစောမွေးမယ်မထင်ထားဘူး။ ရက်ပိုင်းပဲ - တိတိကျကျပြောရင် တစ်ရက်ကနေသုံးရက်ထိပဲ ရှိသေးတာ။ သူတို့တွေ ဘဝရေပန်းကို အဲလောက်အစွမ်းထက်တယ်ဆိုပြီး ချီးကျူးရမှာလား။ ဒီလိုအစွမ်းထက်မှုနဲ့ဆို...။

သူတို့တွေ ဘေးခန်းမဆောင်ဆီ ချက်ချင်းရောက်လာခဲ့ကြတယ်။ သူတို့အထဲမရောက်ခင်မှာတင် အထဲကနေ ကြောက်ခမန်းလိလိ အော်သံတွေ ကြားလိုက်ရတယ်။

"နာလိုက်တာ၊ ငါ့ကိုသတ်နေတာပဲ ငါသေချင်တယ် ‌ငါသေချင်တယ်..."

သူတို့တွေ အပြင်မှာတန့်သွားတယ်။ တပည့်မနှစ်ယောက်က တံခါးအပြင်မှာရပ်နေပြီး ဘာလုပ်ရမလဲမသိ။ တံခါးက တင်းတင်းကြပ်ကြပ်ပိတ်ထားတယ်။

"ဘာတွေဖြစ်နေတာလဲ" ကူယွဲ့ရပ်လိုက်တယ်။

"မင်းတို့ ဘာလို့အထဲမဝင်တာလဲ"

"အကြီးအကဲ... အကြီးအကဲ သူ... သူက ကျွန်မတို့ကို နှင်ထုတ်လိုက်တာပါ၊ ကျွန်မတို့ ဝင်ခွင့်မရှိဘူးတဲ့"

တခြားတပည့်တစ်ယောက်က ခေါင်းညိတ်တယ်။

"သူက... သူ့ဘောင်းဘီတွေကို ချွတ်ရဲရင် ကျွန်မတို့ကိုသတ်မယ်လည်း ပြောတယ်၊ ကလေးမွေးဖို့ ကူညီခွင့်လည်းမရှိဘူး"

အားလုံး ။ ။ "..."

တပည့်မနှစ်ယောက် ကျင်းချီဘောင်းဘီကို ချွတ်တဲ့ပုံရိပ် ကူယွဲ့စိတ်ထဲဝင်လာတယ်။ သူနှုတ်ခမ်းကို သပ်ကာ တစ်စုံတစ်ယောက်သောသူအတွက် သနားမှုတွေ တဖွားဖွားပေါ်လာတော့တာပဲ။

ရုတ်တရက် အထဲဝင်ရမလား၊ ခန်းမအပြင်မှာပဲနေရမလားတောင် မသေချာတော့ဘူး။

"အာ..." သူမျက်မှောင်ကြုတ်ပြီး‌ မေးလိုက်တယ်။

"မင်းတို့ထဲက ဘယ်တစ်ယောက် ဘယ်လိုမွေးကမလဲသိ-"

သူစကားမဆုံးခင် သူ့နောက်က လေးယောက်က နားတွေကိုအုပ်ပြီး ခြံဝန်းထဲပြန်ဆုတ်သွားလေရဲ့။

"အစစအရာရာအဆင်ပြေပါစေ ဖေဖေနျို"

"ဖေဖေ‌နျို လုပ်နိုင်ပါတယ်"

"အကြီးအကဲကူယွဲ့က ဂိုဏ်းထဲအတော်ဆုံးပါပဲ"

"အကြီးအကဲကူယွဲ့က ဘာမဆိုလုပ်နိုင်တယ်"

"..." ကူယွဲ့ နားထင်ကြောထောင်လာသလိုပဲ။

တစ်အောင့်အကြာ...။

"မင်းတို့သောက်ကျိုးနည်းတွေအားလုံး ဒီလာခဲ့ကြစမ်း"

သူကန်းရမယ်ဆို သူတို့အားလုံး သူနဲ့အတူ ခံစားရမယ်။ ဘယ်သူမှ ထွက်ပြေးလို့မရဘူး

All Chapters