အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း ၃၅၂ ။ မျက်နှာပြင်အပေါက်
ယိချင်းကလည်း တုံ့ပြန်ပြီး လက်ထဲကဓားသိုင်းအပြောင်းအလဲနဲ့အတူ အပြာရောင် နတ်ဘုရားစွမ်းအင် ခပ်ဖျော့ဖျော့က သူ့အမတဓားဆီ ရောက်လာတယ်။
သူ ဓားဆန္ဒကို တန်းထုတ်လွှင့်ကာ အပြာရောင်တောက်နေတဲ့ နဂါးကြီးတစ်ကောင် ဖန်တီးလိုက်တယ်။ လက်တစ်ဖက်ယမ်းလိုက်တော့ နဂါးက အလွှာအထပ်ထပ်နဲ့ အင်းကွက်ဆီ တန်းသွားတော့တာပဲ။
ခိုက်မိသံတွေနဲ့ နောက်အခိုက်အတန့်မှာ အင်းကွက်က ချက်ချင်းကျိုးပဲ့သွားခဲ့တယ်။ အလင်းတိုင်တောင် စောနကထက်အများကြီးလျော့နည်းတဲ့အလင်းဆီ မှောင်ကျသွားခဲ့တယ်။
"အလုပ်ဖြစ်တယ်" ကူယွဲ့ ပျော်ရွှင်သွားပြီး သူ့ကျင့်ကြံဆင့်ကို နတ်ဘုရားအဆင့် တန်းညှိလိုက်ပြီး နတ်ဘုရားစွမ်းအင်နဲ့ ဓားချီကိုထုတ်ကာ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်တယ်။ တစ်ခဏအတွင်း အင်းကွက်က ပိုပြီးတောင် အရှိန်မြန်မြန် ကျိုးပဲ့သွားခဲ့တယ်။ မိနစ်ပိုင်းအတွင်း အင်းကွက်ကလုံးဝကို တစ်စစီဖြစ်သွားခဲ့ပြီ။
အလယ်က အလင်းတိုင်က ပျောက်ကွယ်သွားပြီး ပတ်ပတ်လည်ကထူထဲနေတဲ့ မသေမျိုးချီလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။
ကူယွဲ့စိတ်သက်သာရာရသွားတယ်။ သူ တခြားနတ်ဆိုးတွေကို စစ်ကြည့်မို့ရှိသေး ယိချင်းက ရုတ်တရက် ထအော်တယ်။
"မြေကြီးကို ကြည့်ကြည့်"
သူ ငုံ့ကြည့်လိုက်တော့ စောနကတဂ် တိုင်ပျောက်သွားခဲ့တဲ့မြေကြီးက ရုတ်တရက် ငလျင်တစ်ခုလို ဟပြဲကြီးတစ်ခုဖြစ်သွားပြီး အထဲကနေ အဖြူရောင်အလင်း တောက်ပလာတယ်။ နတ်ဆိုးနန်တော်တစ်ခုလုံး ချက်ချင်း ပြိုကျသွားပေမဲ့ အပေါက်ပြဲကြီးက ပိုလို့တောင် ကျယ်ကျယ်ဟလာကာ နတ်ဆိုးဘုံတစ်ခုလုံးကို ဆွဲဖြဲတော့မလိုမျိုး ပင့်ကူအိမ်ပမာ အရပ်မျက်နှာအားလုံးဆီ ပျံ့သွားခဲ့တယ်။
"ဒါဘာလဲ" ကူယွဲ့ ထိတ်လန့်သွားခဲ့တယ်။ သူ အဲဒီအပေါက်ပြဲကြီးကနေ လာတဲ့ စုပ်ယူမှုစွမ်းအင်ကြီးက မြေကြီးအက်ကွဲတာနဲ့ ဘာမှကိုမတူဘဲ မျက်နှာပြင်က... အပေါက်ပြဲလိုမျိုးလို့ ခံစားရတယ်။
"မျက်နှာပြင်အပြဲရာ" တစ်ချိန်လုံး တိတ်နေတဲ့ရှန်းရင်က ရုတ်တရက် စကားထပြောတယ်။
"ဘာ" ကူယွဲ့ ထိတ်လန့်သွားတယ်။
ရှန်းရင် အလင်းမျက်နှာပြင်တစ်ခုထုတ်ကာ အဲပေါ်က အချက်အခလက်တွေကို ဆွဲကြည့်လိုက်တယ်။
"ဒီမျက်နှာပြင်က ပြဲနေတာပဲ၊ ဒါပေမဲ့ပြဲရာက မကြီးပါဘူး၊ အလွန်ဆုံးမှ... နတ်ဆိုးဘုံတစ်ခုလုံးကို ဝါးမျိုသွားရုံပေါ့"
"..." အဲဒါကို မကြီးဘူးတဲ့လား။ ဟဲလို။
စောနက အဲအင်းကွက် အလွယ်လေး ကျိုးပဲ့သွားတာ မဆန်းတော့ဘူး။ ဒါက အခြေအုတ်မြစ်ကိုး။
"ဒါကို ဘယ်လိုဖြေရှင်းမလဲ၊ မင်းတော့ သိသင့်တယ်မလား"
"ဖာလိုက်ရုံပေါ့"
"ဒါပေါ့၊ ငါပြောတာ ဘယ်လိုမျိုးလဲဆိုတာ"
"ငါ့မှာပစ္စည်းတွေ ရှိတယ်ထင်တာပဲ... ခဏ" ရှန်းရင် သူမဘေးကသိုလှောင်အိတ်ကို နှိုက်ပြီး တစ်ခုခုထုတ်လာကာ သူတို့နှစ်ယောက်ကိုဘတစ်ခုစီပေးတယ်။
"ဒါနဲ့သာ ဖာလိုက်"
ကူယွဲ့ ငုံ့ကြည့်လိုက်တော့ သူ့လက်ပေါ်မှာ စတော်ဘယ်ရီသီးရုပ်ပုံလေးတွေနဲ့ ထောင့်မှန်စတုဂံပုံစံ ပလတ်စတာ။
"..."
သောက်ကျိုးနည်း ဒါဘာပလတ်စတာလဲ။
"မင်းက ငါ့ကို ဒီလောက်ကြီးတဲ့ ပြဲရာအတွက် ဒါကိုသုံးစေချင်တာလား... ခဏ စားဖိုမှူး မင်း ဘယ်သွားတာ"
သူ အပြစ်တင်ဖို့ အချိန်မရခင် စားဖိုမှူးကလည်း အဲပလတ်စတာနဲ့ တုံ့ဆိုင်းမှုမရှိ အောက်ကို ဆင်းပျံသွားခဲ့တယ်။
"ဟိုလီရှစ် မင်းတကယ်ပဲ..." သူ တားဖို့ရှိသေး စားဖိုမှူးလက်ထဲက အလင်းရောင်တစ်ခု ပျံထွက်လာတာ မြင်လိုက်ရတယ်။ ဖြတ်ခနဲလက်သွားပြီး နတ်ဆိုးနန်းတော်တစ်ခုလုံး အရွယ်ရှိတဲ့ ပလတ်စတာကြီးတစ်ခုပေါ်လာတယ်။ ဒါက မြေကြီးက အက်ကွဲရာကို တန်းဖုံးသွားခဲ့ပြီး ချက်ချင်းပဲ အက်ကွဲကြောင်းတစ်ဝက်ကို ချိတ်ပိတ်ပစ်လိုက်တယ်။
ကူယွဲ့ ။ ။ "..."
(⊙_⊙)
ဒါ ဘယ်လိုလုပ် သောက်ကျိုးနည်း ပလတ်စတာဖြစ်မလဲ။ ဒါ XXXXXXL အရွယ်အစားဖြစ်ရမယ်မလား။
"ဖေဖေနျို" ယိချင်းက ပြန်လှည့်ကြည့်ကာ သူ့ကိုလောတယ်။
ကူယွဲ့နှုတ်ခမ်း တွန့်သွားတယ်။ ဒီတော့မှ သူ ပလတ်စတာကိုယူပြီး အက်ကွဲကြောင်း တစ်ဖက်ခြမ်းဆီ ပျံသန်းလာခဲ့တယ်။ တကယ်ပဲ နောက်အခိုက်အတန့်မှာ သူ့လက်ထဲက တခြားပလတ်စတာက ပျံထွက်သွားပြီး ချက်ချင်းပိုကြီးလာကာ အကြီးမားဆုံးပြဲရာကြီးရဲ့တခြားတစ်ဝက်ကို တန်းဖုံးလွှမ်းသွားခဲ့တယ်။
မိနစ်ပိုင်းအတွင် မြေကြီးပေါ်က အဖြူရောင်အပေါက်က ပျောက်သွားခဲ့တယ်။ ပတ်လည်က ပေါက်ပြဲရာ သေးလေးတွေတောင် တဖြည်းဖြည်းပိတ်သွားခဲ့တယ်။ အဖြူရောင်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး မြေကြီးက နဂိုမူလအခြေအနေဆီ ပြန်ရောက်တယ်။
ကူယွဲ့ ။ ။ "..."
"ပြီးပြီ" ရှန်းရင် ဝင်ပြောလိုက်တယ်။
"အဲဒါ ဘာပလတ်စတာလဲ၊ ဘယ်လိုလုပ် အဲလောက်ကြီးလာနိုင်တာလဲ"
ဖေဖေနျိုက သူမကိုတစ်ချက်ကြည့်တယ်။
"ဒါပလတ်စတာ မဟုတ်ဘူးလေ" ရှန်းရင်က သူမခေါင်းကိုစောင်းလိုက်တယ်။
"ဒါဆို အဲဒါဘာလဲ"
"မျက်နှာပြင် ပြင်ဆင်ကိရိယာ" ရှန်းရင်က တစ်ခဏစဉ်းစားပြီး ထပ်ပြောလိုက်တယ်။
"ငါ့အစ်မ ငါ့ကိုပေးခဲ့တာ"
"ဘာလို့စောနကမပြောတာလဲ"
"အာ ငါထင်နေတာက..."
"ငါသိတယ်လို့ ထင်နေတာလို့ပြောရဲရင် မနက်ဖြန်ကစ ဘာမှမျိုဖို့မစဉ်းစားနဲ့တော့"
ကူယွဲ့က သူမကို စူးစိုက်ကြည့်လာတယ်။
"..." ဖေဖေနျိုက ကြမ်းတမ်းလိုက်တာ။
——————
အဲထူးဆန်းတဲ့ အလင်းတိုင် ပျောက်ကွယ်သွားပြီး နတ်ဆိုးအကုန် ပြန်သက်သာလာခဲ့တယ်။ သူတို့နတ်ဆိုးချီတွေ ဆုံးရှုံးပြီး ကျင့်ကြံဆင့် လျော့ကျသွားပေမဲ့ ကံကောင်းစွာနဲ့ အသက်မဆုံးရှုံးခဲ့ဘူး။ ယွီဟုန်ကလည်း လန်ဟွားနဲ့ ငမည်းလေး နှစ်ယောက်လုံး ပြန်ကောင်းသွားပြီလို့ သတင်းစကား ပို့လာတယ်။
ကူယွဲ့ ပျက်စီးသွားတဲ့ နတ်ဆိုးနန်းတော်နား လှည့်ပတ်သွားကြည့်ပေမဲ့ အဲမျက်နှာပြင်ဖွင့်အင်းကွက် ဘယ်လိုပေါ်လာလဲကို ရှာမတွေ့ဘူး။ အဲအရာက ဘယ်နေရာကမှန်းမသိ ထွက်လာတဲ့ပုံ။ အနီးတစ်ဝိုက်တွင် အင်းကွက်ဖန်တီးတဲ့ အရောင်အဝါ နည်းနည်းလေးတောင် မရှိဘူး။
"စားဖိုမှူး၊ မင်း တစ်ခုခုတွေ့ပြီလား" သူ ယိချင်းဘက် လှည့်လိုက်တယ်။ သူက အရှိန်အဝါတွေဆို အသိလွယ်ဆုံးပဲ။
"ဆွဲကျန်ရစ်နေတဲ့မသေမျိုးချီကလွဲ ဒီမှာ ဘာမှမရှိဘူး" ယိချင်း ခေါင်းယမ်းလိုက်တယ်။ နောက်တော့ တစ်ခုခုကို တွေးနေသလိုမျိုး မျက်မှောင်ကြုတ်တယ်။ သူက သူ့လက်ပတ်ကို ကြည့်လိုက်ပြီး သူ့ဘေးနားက ရှန်းရင်ကိုမေးလိုက်တယ်။
"ဆရာ၊ စောနက မျက်နှာပြင်အပေါက်အပြဲက မျက်နှာပြင်အရေးပေါ်လို့ ယူဆလား"
ရှန်းရင်က သူ့ကိုကြည့်ကာ ခေါင်းညိတ်တယ်။
"အင်း"
"ဒါပေမဲ့... ဘာလို့သတိပေးချက် ထွက်မလာတာလဲ" သူက သူ့လက်ပတ်ကို ညွှန်ပြတယ်။
"ဟုတ်သားပဲ" ကူယွဲ့လည်း ဒီပြဿနာကို သတိရပြီး သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်တယ်။ အရင်တုန်းက ငတုံးလေး လာခဲ့တဲ့အချိန် သတိပေးချက်တစ်ခု ထွက်လာခဲ့တယ်။ အခုအလင်းတိုင်က သိသာထင်ရှားလွန်းတာတောင် ဘာသတိပေးချက်မှ မရှိဘူး။
"သတိပေးချက် ပျက်နေတာလား"
"မျက်နှာပြင်သတိပေးချက်က ချက်ချင်းလက်ငင်းသတိပေးချက်ပဲ ပေးနိုင်တယ်၊ ဆိုလိုတာက ငါတို့ မျက်နှာပြင်ကို တာဝန်ယူပြီးနောက်မှ ဖြစ်ခဲ့တဲ့အရာတွေပေါ့"
နောက်မှ...။
ယိချင်းက အံ့အားသင့်သွားကာ သူ့မျက်လုံးတွေ ရုတ်တရက် ပွင့်လာတယ်။
"ဆရာဆိုလိုတာက ဒီမျက်နှာပြင်အပေါက်က ဟိုးအရင်ကတည်းက ရှိခဲ့တာ ဖြစ်နိုင်တယ်လား"
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
"ဒါပေမဲ့ ငါတို့ ခုမှ ကွဲထွက်တာ မြင်ရတာလေ" ကူယွဲ့ အမူအရာက အူတူတူ။
"ပြီးတော့ ဒီလောက်ကြီးတဲ့ အက်ကြောင်းကို ဘယ်သူက ဖုံးကွယ်နိုင်မှာလဲ၊ ပြီးတော့ ဒါက နတ်ဆိုးလောကပဲ၊ ဒီနတ်ဆိုးတွေအများကြီးက ဘယ်လိုလုပ် အဲဒါကို လုံးဝသတိမထားမိနိုင်တာလဲ၊ မဟုတ်မှလွဲ..."
သူ ပြောနေရင်း ရပ်သွားပြီး ယိချင်းနဲ့ အကြည့်ချင်းဖလှယ်ကာ တစ်ပြိုင်နက်ပြောမိသွားကြတယ်။
"မိစ္ဆာနတ်ဘုရား"
ဒီလို မျက်နှာပြင်အရေးပေါ်အခြေအနေအတွက် စီမံထိန်းသိမ်းသူကသာ ပြုပြင်ပေးနိုင်တယ်။ တကယ်လို့ အက်ကြောင်းက ရှေးတည်းက ရှိနေခဲ့တာဆို ဒါကို ယာယီ ဖုံးကွယ်ထားနိုင်မဲ့ လူတွေက ရှေးဟောင်း နတ်ဘုရားသုံးပါးတည်းပဲ။ နတ်ဆိုးလောကက မိစ္ဆာနတ်ဘုရားတာဝန်ယူမှုအောက် ရှိနေပြီး သူ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ဘယ်သူမှမသိခဲ့တဲ့ အကြောင်းရင်းက မိစ္ဆာနတ်ဘုရားကိုယ်တိုင် ဖုံးကွယ်ထားလို့ပဲပေါ့။
စကားမစပ်… နတ်ဆိုးလောကမှာ ဒီလောက်ကိစ္စကြီး ဖြစ်ပျက်နေတာကို မိစ္ဆာနတ်ဘုရားက သူတို့ကို အသိပေးဖို့တောင် ဘယ်လိုလုပ် ရောက်မလာခဲ့တာလဲ။ နောက်ဆုံးတစ်ခေါက် ကျင်းချီ ကျူးကျော်လာချိန် သူယက သူတို့ကို အလောတကြီး ခေါ်ခဲ့တာလေ။ ဒါတောင် ဒီအချိန်မှာ သူဘာလို့ နှုတ်ဆိတ်နေခဲ့တာလဲ။
ကူယွဲ့ မျက်နှာ မည်းမှောင်သွားတယ်။ သူ လေထဲ မျဉ်းတစ်ကြောင်းကို တန်းဆွဲကာ မိစ္ဆာနတ်ဘုရားရဲ့ နတ်ဘုံဆီ ဝင်ပေါက်ကို ဖွင့်လိုက်တယ်။
"သွားမေးကြည့်ရအောင်"
ချက်ခြင်း လေထဲ ဝင်ပေါက်တစ်ခု ပေါ်လာပြီး သုံးယောက်သား ဝင်လာခဲ့တယ်။ မြင်နေကျ စိမ်းစိုတဲ့ပင်လယ်တွေနဲ့ ကောင်းကင်ပြာပြာကို မြင်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ နောက်အခိုက်အတန့်မှာ သူတို့ကို ဝိုင်းရံထားတဲ့ အမှောင်ထုကိုသာ မြင်လိုက်ရတယ်။
ယိချင်းက အလိုလို မီးတောက်တစ်ခု ထုတ်လိုက်ပေမဲ့ ပတ်ဝန်းကျင်မှာ စီးဆင်းနေတဲ့ ရေတွေကိုသာ ယောင်ဝါးဝါး မြင်ရတယ်။ သူ့စိတ် လှုပ်ရှားလာပြီး ချက်ချင်းပဲ မီးတောက်က မီးလုံးအဖြစ်ကြီးထွားကာ လေထဲကတစ်ဆင့် ပျံတက်သွားပြီး နေရာတစ်ခုလုံး ချက်ချင်း လင်းထိန်သွားတယ်။
…
အခန်း ၃၅၃ ။ မိစ္ဆာနတ်ဘုရားပျောက်ဆုံးမှု
အဲတော့မှပဲ သုံးယောက်သား ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာက ကောင်းကင်ဘုံတစ်ခုလုံး အရောင်မရှိတဲ့ ပန်းချီကားချပ်လိုမျိုး အဖြူအမည်း ခပ်မှောင်မှောင်နေရာအဖြစ် ပြောင်းလဲနေတာပဲ။ တစ်ခါကပြာလဲ့တဲ့ ကောင်းကင်က မှန်ကွဲစလိုမျိုး ကျိုးပဲ့ပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်နေတယ်။ တစ်ခါက အင်မတန်ကျယ်ပြောတဲ့ ကောင်းကင်ဘုံက ခုတော့ စတုရန်းမီတာအနည်းငယ်သာ ရှိနေတဲ့နေရာကလွဲ ဟင်းလင်းပြင်ကြီး ဖြစ်လာလေရဲ့။
"ဘာဖြစ်ခဲ့တာလဲ" ကူယွဲ့ မြင်ကွင်းကိုကြည့်ကာ မျက်နှာမှာ ထိတ်လန့်မှုအပြည့်။
"ဒီနေရာက ပြိုလဲနေပြီ" ယိချင်း ရှေ့ကိုတက်လာကာ သူ့ကောင်းကင်စိတ်အာရုံကို ထုတ်ပြီး နေရာကို သေချာအာရုံခံပြီးမှ ပြန်လှည့်ကြည့်လာတယ်။
"မိစ္ဆာနတ်ဘုရား ဒီမှာမရှိဘူး"
ဒါမိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်ဘုံ။ ပြောရရင်တော့ သူ့သီးသန့်ဆန်းကြယ်ဘုံလိုမျိုးမို့ ပြဿနာ မရှိသင့်ဘူး။ အကယ်၍... သူ တစ်ခုခု မဖြစ်သရွေ့ပေါ့
"ဒီကောင်းကင်ဘုံက ကောင်းကင်လောကနဲ့ ဆက်စပ်နေတာ၊ ဆက်ပြိုလဲနေရင် ကောင်းကင်လောကကိုပါ သေချာပေါက်ထိခိုက်မှာပဲ" ယိချင်းက သူတို့ကို သတိပေးလိုက်တယ်။ သူ သူ့ဓားကို ခေါ်ကာကူယွဲ့ကိုကြည့်ပြီး ပြောတယ်။
"ဓာတ်ကြီးငါးပါးအင်းကွက်ချဖို့ ညာဘက်သွားလိုက်မယ်"
ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"ကောင်းပြီ၊ ငါဒီမှာ အင်းကွက်ချလိုက်မယ်"
ဓာတ်ကြီးငါးပါးအင်းကွက်က ဓာတ်ကြီးငါးပါးရဲ့ချီဓာတ်ကိုဆွဲဆောင်နိုင်တယ်။ ဆန်းကြယ်ဘုံတွေရဲ့ ဝင်ပေါက်တွေအကုန်လုံး ဒီအင်းကွက်ကို လိုအပ်တယ်။ ဒါက ဆန်းကြယ်ဘုံတစ်ခုကို တည်ငြိမ်စေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။
နှစ်ယောက်သား တစ်ပြိုင်နက်တည်း ဂါထာဖန်တီးလိုက်တယ်။ ချက်ချင်းပဲ အဖြူရောင်အင်းကွက် အလင်းတန်းလှိုင်းကြီးတစ်ခု ပေါ်လာပြီး မြန်ဆန်စွာ လွင့်ပျောက်နေတဲ့မြင်ကွင်းက တဖြည်းဖြည်း အရှိန်နှေးသွားတယ်။ ဒါပေမဲ့ ကောင်းကင်ကလာတဲ့ အက်ကွဲသံတွေက ပိုလို့တောင် ပြင်းထန်စွာ အက်ကွဲနေတယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာနတ်ဘုရားရဲ့ ကောင်းကင်ဘုံလေ။ ယိချင်း၊ ကူယွဲ့တို့ရဲ့အရှိန်အဝါနဲ့မကိုက်ညီဘူး။ သူတို့အစွမ်းတွေ ထိုးသွင်းမှုက ပြိုကျမှုကိုပဲ တကယ်တော့ အရှိန်မြှင့်တင်လိုက်တာ။
"အိုး ပြိုကျတော့မယ်" ရှန်းရင် ပင့်ကူအိမ်ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
"မင်းကိုယ်မင်းလည်း အသုံးဝင်အောင်လုပ်ပါဦး"
ကူယွဲ့က စိုက်ကြည့်လိုက်တယ်။ တစ်ခဏတာ သူဘာလုပ်ရမလဲ မသိတော့ဘူး။
ရှန်းရင်က ခေါင်းစောင်းလိုက်တယ်။ သူမလက်ကို ကြည့်ကာ လှည့်ပြီး သူတို့နဲ့တစ်ပုံစံတည်း အတိအကျ လက်သိုင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ ချက်ချင်း ကူယွဲ့ သူတို့ဆီ တစ်စုံတစ်ခု အပြေးဝင်လာတာကို ခံစားမိလ်ုက်ရတယ်။ ရွှေရောင်အင်းကွက်တစ်ခု ရှန်းရင်ခြေထောက်အောက် ချက်ချင်းပေါ်လာတယ်။ ချက်ချင်းပဲ ကောင်းကင်ဘုံတစ်ခုလုံးကို ပြန့်သွားလေရဲ့။ ဖြတ်သွားတဲ့နေရာတွေမှာ စောနကတင် ပြိုကွဲမလို ဖြစ်နေတဲ့နေရာက ပန်းချီကားတစ်ချပ် အစားထိုးလိုက်သလိုမျိုး ချက်ချင်း သစ်လွင်သွားခဲ့တယ်။
နဂိုမူလပင်လယ်တွေနဲ့ ကောင်းကင်ပြာတာတောင် ခုအသက်ဝင်နေတဲ့ အစိမ်းရောင်ကွင်းပြင်ဖြစ်နေပြီ။ အရင်က ကောင်းကင်ဘုံထက်တောင် ကြီးသလိုပဲ။
"ဟိုလီရှစ်" ကူယွဲ့ သူ့ရှေ့က အရာအားလုံးကိုကြည့်ကာ လုံးဝမှင်တက်နေတယ်။ သူ ရှန်းရင်ဘက် လှည့်လိုက်တယ်။
"မင်း ဓာတ်ကြီးငါးပါးအင်းကွက်ကို သိတာပဲ"
"ဟင့်အင်း မသိပါဘူး"
"ဒါဆို မင်း ခုဘယ်လိုလုပ်..." သူ ကန်းနေတယ်များထင်နေလား။ အဲဒါ ဓာတ်ကြီးငါးပါးအင်းကွက်ဆိုတာ အသိသာကြီး။ ပြီးတော့ ပိုပြီးအားကောင်းတဲ့အမျိုးအစားမျိုး။
"အော် ခုလေးတင် နင့်ဆီကသင်ယူလိုက်တာလေ"
"ခုလေးတင်လား" အဲလောက် မြန်ဖို့လိုလို့လား။
"နင်ပဲကူညီခိုင်းတာ မဟုတ်ဘူးလား"
"..." သောက်ကျိုးနည်း လက်ခုပ်တီးခံချင်နေသူပဲ။
ကူယွဲ့ နှုတ်ခမ်းတွန့်သွားတယ်။ တစ်ဖက်ခြမ်းမှာတော့ စားဖိုမှူးက ပြန်လာပြီ။ သူ့အမူအရာလည်း ဇဝေဇဝါဖြစ်နေတယ်။
"ဆရာ... ဘာလို့ ဒီကောင်းကင်ဘုံမှာ မိစ္ဆာနတ်ဘုရားရဲ့ အရှိန်အဝါ မကျန်တော့သလို ခံစားရတာလဲ"
"အိုး စောနက ငါ မတော်ဆဆ ဖုံးလွှမ်းမိသွားတယ်ထင်တယ်"
"ဘာဆိုလိုတာလဲ" ကူယွဲ့ မေးလိုက်တယ်။
"ဆိုလိုတာက..." ရှန်းရင်က စဉ်းစားကာ ဖြေတယ်။
"မြေပိုင်ရှင်က ပြောင်းသွားတာပဲ"
ကူယွဲ့နှုတ်ခန်းတွန့်သွားတယ်။
"အဲတော့ ခု ဒါက..."
"ငါ့ကောင်းကင်ဘုံ"
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကူညီဖို့ လာတယ်ဆိုတာ သေချာရဲ့လား။
မိစ္ဆာနတ်ဘုရားသာ ပြန်လာရင် ငိုတော့မှာပဲ။ သေချာပေါက်ငိုမှာ
"ပြဿနာရှင်းပြီးပြီ" ရှန်းရင် နေရာကို လှည့်ကြည့်ကာ လက်တွေကိုခါလိုက်တယ်။
"ငါတို့ အိမ်ပြန်ပြီး စားသောက်ကြမလား"
"ဟုတ်ကဲ့ဆရာ" စားဖိုမှူးက ဝူတိဂိုဏ်းရဲ့ အနောက်နန်းတော်ဆီ ထွက်ပေါက်ကို ချက်ချင်းဖွင့်လိုက်တယ်။
ဘာလဲ။
"ဟေးဟေး..." ကူယွဲ့က ရှေ့ကို လက်ညှိုးထိုးလိုက်တယ်။
"ဒီလိုမျိုးသွားတော့မှာလား၊ မိစ္ဆာနတ်ဘုရားကရော"
ဆရာတပည့်က တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကာ ပုံစံတူ ခေါင်းဆောင်းသွားတယ်။
"ပြီးတော့ ဘာလဲ"
"သေချာပေါက်ကယ်ဖို့စဉ်းစား... အာ"
ကူယွဲ့က မှင်တက်သွားပြီး သူ့ပါးစပ်တွန့်ကာ တစ်စုံတစ်ခုကို မှတ်မိသွားသလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဆဲရေးတယ်။
"ချီး"
နဂိုက စိတ်ပူပန်နေတဲ့အကြည့်ပျောက်သွားပြီး သူအရင်လှည့်ထွက်လာခဲ့တယ်။
"အိမ်ပြန်ပြီး စားသောက်မယ်"
ခံစားရမဲ့သူက စိတ်ရှုပ်စရာမိစ္ဆာနတ်ဘုရားဆိုတာ စဉ်းစားမိသွားတော့ သူချက်ချင်းပဲ ဖိအား လုံးဝမရှိတော့ဘူး။
╮(╯▽╰)╭
သုံးယောက်သား လုံးဝမတုန်လှုပ်။ သူတို့တွေ ပြန်ပေးဆွဲသူကိုတောင် ချီးကျူးချင်တယ်။
"စားဖိုမှူး ဒီည အောင်ပွဲခံဖို့ ဟင်း၂ပွဲပိုချက်"
"ဟင်းပွဲ ပိုချက်လို့ရပေမဲ့... ဟင်းချက်စရာ အလုံအလောက်မရှိဘူး"
"ဒီလစားသောက်စရိတ် နှစ်ဆတိုးပေးမယ်"
"ဟုတ်ကဲ့ပါ ဖေဖေနျို ပြဿနာမရှိပါဘူး ဖေဖေနျို"
——————
အဲအလင်းတိုင်နဲ့ ပတ်သက်ပြီး ကူယွဲ့အစက ခန့်မှန်းတာကတော့ နတ်ဆိုးလောကကို မုန်းတဲ့ အမတတွေရဲ့လုပ်ရပ် ဖြစ်လောက်တယ်ပေါ့။ ကြည့်ရတာတော့ နတ်ဆိုးလောကတစ်ခုလုံးကို တစ်ခါတည်း အပိုင်သိမ်းဖို့ ရည်ရွယ်ထားပုံပဲ။ ဒါပေမဲ့ နောက်ကျပေါ်လာတဲ့ မျက်နှာပြင်အပြဲကြောင့် သူ တုံ့ဆိုင်းစပြုလာတယ်။ ပြီးတော့ လောလောဆယ် အမတနဲ့ နတ်ဆိုးလောကရဲ့ ဆက်ဆံရေးက သူထင်ထားတာထက်တောင် ပိုပြီး သင့်မြတ်ကြတယ်။ သူတို့စောနက နတ်ဆိုးလောကမှာ ရှိခဲ့တုန်းကတောင် အမတတွေ အများကြီးမြင်ခဲ့ရတာ။ အများစုက ဒဏ်ရာရနတ်ဆိုးတွေကို သတ်ဖို့အစား ကုသပေးနေကြတယ်။
အထူးသဖြင့် အဲထူးခြားတဲ့ မသေမျိုးချီပဲ။ သူ တစ်ခါမှ ဒီလိုချီမျိုး မမြင်ဖူးဘူး။ နတ်ဘုရားစွမ်းအင်ထက်တောင် ပိုထူနေတာ။ ရှန်းရင်အရဆို အဲမျက်နှာပြင်အပေါက်က သူတို့တာဝန်မယူခင်တည်းက တည်ရှိနေတာ။ ယာယီချိတ်ပိတ်ခဲ့သူက မိစ္ဆာနတ်ဘုရားပဲဖြစ်ဖို့များတယ်။ ကူယွဲ့ နောက်ဆုံးတော့ ရှန်းရင်ပြောခဲ့တဲ့ လက်ခံမျက်နှာပြင်မှာ တွင်းတွေအများကြီးရှိနိုင်တယ်ဆိုတာကို သဘောပေါက်သွားခဲ့ပြီ။ ဒါက အဲထဲကတစ်ခုဖြစ်ပုံပဲ။
အခု မိစ္ဆာနတ်ဘုရား ပျောက်နေတော့ သိလောက်မဲ့ တစ်ဦးတည်းသောသူက...
"ဘာမျက်နှာပြင်အပေါက်လဲဟင်" ရုတ်တရက် ဆွဲခေါ်ခံလာရတဲ့ မုန့်ပေါ်က မှင်တက်ပြီး အူတူတူ ဖြစ်နေတယ်။
"မင်းမသိဘူးလား" ကူယွဲ့ထိတ်လန့်သွားတယ်။
"ဟင့်အင်း မသိပါဘူး" မုန့်ပေါ် ခေါင်းယမ်းလိုက်တယ်။
"မိစ္ဆာနတ်ဘုရားက ကျွန်မကို သူ့ကိစ္စတွေ တစ်ခါမှ မပြောပြဘူး၊ ပြီးတော့ ကောင်းကင်လောကက နဂိုတည်းက မိစ္ဆာနတ်ဘုရား ဖန်တီးခဲ့တာလေ၊ ကျွန်မ ခဏခဏသွားလေ့မရှိဘူး"
"မိစ္ဆာနတ်ဘုရားပျောက်နေတာ မင်းဒါကိုရောသိလား"
"ဘာ" မုန့်ပေါ် လန့်သွားခဲ့တယ်။
"ဘယ်တုန်းကလဲ"
"ငါတို့အသေးစိတ်တော့မသိပေမဲ့ ကောင်းကင်ဘုံက ဖျက်ဆီးခံလိုက်ရပြီ၊ မင်း တစ်ခါမှ စစ်ဆေးဖို့ မပြန်သွားဖူးဘူးလား"
"ဟင့်အင်း ကျွန်မလည်း သူနဲ့ နောက်ဆုံးတစ်ခေါက်က အဆက်အဆံဖြတ်ခဲ့တာ" သူမက တစ်စုံတစ်ခုကို မှတ်မိသွားသလိုမျိုး ခပ်တိုးတိုးနှာမှုတ်တယ်။
"မိစ္ဆာနတ်ဘုရားက အစီအစဉ်ကျမှုကို တာဝန်ယူထားပေမဲ့ ဂိုဏ်းချုပ်ဒီမှာရှိနေတော့ သူ ဒီမှာရှိမရှိ အရေးမကြီးတော့ပါဘူး" မုန့်ပေါ် စိတ်လှုပ်ရှားမှုက ၀.၁ စက္ကန့်လောက်ပဲ တည်တံ့ခဲ့ပြီး လက်ကိုယမ်းကာ လုံးဝကို ဂရုမစိုက်တော့ဘဲ အိတ်တစ်ခုကို စိတ်လှုပ်ရှားစွာနဲ့ ထုတ်လာတယ်။ သူမက ရှန်းရင်ကို လှမ်းကြည့်တယ်။
"ဂိုဏ်းချုပ် ဒီတစ်ကြိမ် အောက်ဘုံမှာ အရသာရှိတဲ့ စားစရာတွေ အများကြီးတွေ့ခဲ့တယ်၊ စားကြည့်ချင်လား" နောက်တော့ သူမက အိတ်ထဲကနေ ဟင်းသီးဟင်းရွက်နဲ့ အသီးပုံကြီး ထုတ်လာတော့တာပဲ...။
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ရှေးဟောင်းနတ်ဘုရားသုံးပါးထဲ နှစ်ယောက်လုံး ပါပြီးတော့ သူတို့ အပေါင်းအသင်းနတ်ဘုရားတွေအတွက် အချစ်က ဘာဖြစ်သွားတာလဲ။
"ဟုတ်ပါပြီ နားလည်ပြီ" သူမက တစ်ခြံလုံးကို ဖြည့်ချင်နေသလိုမျိုး ဆက်ထုတ်နေတာမြင်တော့ ကူယွဲ့ တားလိုက်ရတယ်။
"မင်း မြေအောက်ဘုံဆီ အရင်ပြန်သွားလိုက်၊ ငါတို့ နတ်ဆိုးလောကကကိစ္စတွေ ဆက်စုံစမ်းလိုက်မယ်"
"အိုး" သူမက ခေါင်းညိတ်ပေမဲ့ မပြန်။
"တခြားကိစ္စရှိလို့လား" ကူယွဲ့မေးလိုက်တယ်။
သူမက ရှန်းရင်ကို တစ်ချက်ကြည့်ကာ တုံ့ဆိုင်းစွာနဲ့ပြောလာတယ်။
"ဂိုဏ်းချုပ်၊ ကျွန်မ... ကျွန်မ မသွားခင်... ဆရာချန်းယွီကို သွားတွေ့လို့ရလားဟင်"
သူမကို မတွေ့ရတာ အတော်ကိုကြာနေခဲ့ပြီ။
ရှန်းရင်က ကြောင်အမ်းသွားပြီး အတော်ကြာတော့ ခေါင်းညိတ်ပြလိုက်တယ်။
"အင်း"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" သူမအမူအရာက ပျော်ရွှင်စိတ်သက်သာရာရသွားပုံနဲ့ လှည့်ထွက်ကာ ဘေးအဆောင်ဆီ ပျံထွက်သွားတယ်။
"မုန့်ပေါ်တောင် မသိဘူးပဲ၊ ဘယ်သူကများ နတ်ဆိုးလောကကို ဖျက်ဆီးချင်တာပါလိမ့်"
ကူယွဲ့လမ်းပျောက်နေတယ်။
"ပြီးတော့ အဲထူးခြားတဲ့မသေမျိုးချီက ဘယ်ကရောက်လာတာလဲ"
"ငါတို့ လက်ဖွဲ့အသွင်းပစ္စည်းကို လုယူတဲ့တစ်ယောက်ကို မေးကြမလား" ရှန်းရင်က ရုတ်တရက် မေးလာတယ်။
"အသွင်းပစ္စည်းကို လုယက်တာလား" ကူယွဲ့ အံ့အားသင့်သွားတယ်။
"အဲဒီနတ်ဆိုးဘုရင်အသစ်ကို ဆိုလိုတာပေါ့" သူ အဲတော့မှ မြေအောက်အကျဉ်းတိုက်ထဲကလူကို သတိရတယ်။
"ဒီတစ်ခေါက်က သူနဲ့တစ်ခုခုဆိုင်တာ ဖြစ်နိုင်လား..."
သူ ခရမ်းရောင်အငွေ့အကြောင်းတွေးကာ မြေအောက်အကျဉ်းတိုက်တွေဆီ လှည့်ထွက်လာခဲ့တယ်။ ခြေလှမ်းအနည်းငယ်အပြီးမှာတော့ ပြန်လှည့်လာပြီး စားဖိုမှူးနဲ့ယိချင်းကိုပါ ဆွဲခေါ်လိုက်တယ်။
"တူတူသွားမယ်" ဘယ်သူမှ အလေနတော နေခွင့်မရှိဘူး။
သုံးယောက်သား မြေအောက်အကျဉ်းတိုက်တွေနား ချဉ်းကပ်လာခဲ့တယ်။ သူတို့ အနားမရောက်ခင် ကူယွဲ့ အင်းကွက်တွေရဲ့ အရှိန်အဝါဖျော့ဖျော့ကို ခံစားလိုက်ရတယ်။ သူ့နှလုံးသားတင်းကြပ်သွားပြီး အထဲ တန်းပြေးဝင်လာခဲ့တယ်။ တကယ်ပဲ အထဲကလူကပျောက်သွားပြီ။
နောက်အခိုက်အတန့်ကျ ကူယွဲ့ သူ့လက်မှာ ထုံထိုင်းမှုခံစားလိုက်ရတယ်။ သုံးယောက်လုံးရဲ့ လက်ပတ်တွေက ရုတ်တရက် "တင်း" ခနဲ မရပ်မနား ဆက်တိုက်မြည်တော့တယ်။ ချက်ချင်းဆိုသလိုပဲ အာမေဋိတ်အမှတ်အသားတွေအများကြီးနဲ့ ကြီးမားတဲ့အလင်းရောင်မျက်နှာပြင်က သူတို့ရှေ့ပေါ်လာပြီး မြင်ကွင်းတစ်ခုလုံးကို ဖြည့်လိုက်လေတယ်။
သုံးယောက်သား ။ ။ "..."
ဒါ... မျက်နှာပြင် သတိပေးချက်ပဲ။
(⊙_⊙)
ခဏအတွင်း တွင်းနက်ကြီးတွေ ချဉ်းကပ်လာသံကိုပါ ကြားလိုက်ရသလိုပဲ။
…
အခန်း ၃၅၄ ။ အက်ကွဲကြောင်းများ
"ဘာတွေထူးလဲ" ကူယွဲ့ သူတို့ပတ်ပတ်လည်မှာ ထွက်ပေါ်လာတဲ့ ရာနှင့်ချီတဲ့ သတိပေးချက်တွေကို ကြည့်လိုက်တယ်။
"ဘယ်လိုလုပ် ဒီလောက်များရတာလဲ"
"ကောင်းကင်ဘုံဆီ ပြန်သွားကြမယ်" ရှန်းရင်က အသံနက်နက်နဲ့ ပြောပြီး သူမလက်ပတ်ကို တန်းနှိပ်လိုက်တယ်။ ကူယွဲ့ သူ့မျက်လုံးရှေ့ အလင်းတန်းတစ်ခုကို ခံစားလိုက်ရပြီး ခဏအကြာတွင် သူတို့ ကျယ်ပြောလွန်းတဲ့ နေရာတစ်ခုဆီ ပြန်ရောက်လာခဲ့တယ်။
ဒါပေမဲ့ စောနကလို စိမ်းလန်းတဲ့ တောင်တန်းတွေ၊ မြစ်တွေရှိတဲ့နေရာနဲ့ မတူတော့ဘဲ အခု ကောင်းကင်ဘုံက ကြယ်ရောင်စုံ ကောင်းကင်ယံကို မြင်နေရတယ်။ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေ သူတို့ရှေ့ပေါ်လာတယ်။ အာကာသဟင်းလင်းပြက်က ကြယ်စုနဲ့တူတယ်။
"ဒါ ကောင်းကင်ဘုံလား" ကူယွဲ့ အံ့သြသွားတယ်။ စောနတုန်းကနဲ့ ဘယ်လိုလုပ် ကွဲပြားသွားတာလဲ။
"အိုး ဒါက စတူဒီယိုပုံစံပါ" ရှန်းရင်က ခပ်ပေါ့ပေါ့ဖြေတယ်။
"..." အဲတော့ ကောင်းကင်ဘုံမှာ တကယ်ပဲ ပုံစံအမျိုးမျိုးရှိတယ်ပေါ့ မင်းက မိစ္ဆာနတ်ဘုရားရဲ့နေရာကို ယူရုံတင်မက ပြန်ပါပြုပြင်ထားတာလား။
o(╯□╰)o
ရှန်းရင်က အလင်းမျက်နှာပြင်တစ်ခု ချက်ချင်းဆွဲထုတ်ကာ လုပ်ငန်းတချို့ ဆောင်ရွက်လိုက်တယ်။ ချက်ချင်းပဲ သူတို့ရှေ့ကကြယ်တွေ ကြီးကုန်ပြီး ခဏအတွင်း ဘောလုံးအရွယ်အစား အကြည်ရောင် အလင်းလုံးလေးတွေဖြစ်ကုန်တယ်။ အလင်းလုံးတွေက သူတို့ကိုဝိုင်းလာတယ်။ မျက်နှာပြင်တွေပေါ်မှာတော့ တောင်တွေ၊ ပင်လယ်တွေ၊ ကန်တွေကို ဝိုးတဝါးမြင်နေရလေရဲ့။
"ဒါတွေက... သုံးလောကပဲ" ကူယွဲ့ လန့်သွားပြီး ရှေ့ကို တစ်ချက်တိုးကြည့်လိုက်တယ်။ တကယ်ပဲ အလင်းလုံးတစ်ခုချင်းစီက ကမ္ဘာတစ်ခုစီရဲ့မြင်ကွင်းကိုပြသနေတယ်။ အဲတော့ ဒီကြယ်ကောင်းကင်ယံက ဒီမျက်နှာပြင်တစ်ခုလုံးရဲ့ ပုံစံအမှန်အစစ်လား။
ရှန်းရင် အလင်းမျက်နှာပြင်ကို တန်းပွတ်လိုက်တော့ အလင်းလုံးအများစုက ပျောက်သွားပြီး အနီရောင်အလင်းတချို့နဲ့ဟာတွေပဲ ကျန်ရစ်တယ်။
"ဆရာ၊ ဒါတွေက စောနက သတိပေးချက်မြည်တဲ့ အောက်ဘုံတွေလား" ယိချင်းက အလင်းလုံးတွေကို လှမ်းကြည့်တယ်။
"အင်း" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"အများကြီးပဲ" ကူယွဲ့ ကျန်ရစ်တဲ့အလင်းလုံးတွေကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ အနည်းဆုံးတော့ ရာနဲ့ချီရှိမှာမလား။ သေချာကြည့်ကြည့်တော့ အဖြူရောင်အက်ကွဲကြောင်းတွေကို အဲဒီအလုံးတွေပေါ်မှာ မသဲမကွဲမြင်နေရတယ်။
"ဒီဘုံတွေအားလုံးမှာ အက်ကွဲကြောင်း ရှိနေတာလား"
"၉၀ရာခိုင်နှုန်းကျော်လောက်ပေါ့" အကြောင်းရင်းမသိရသေးတဲ့ တချို့လည်းရှိသေးတယ်။
ကူယွဲ့မျက်ခုံးတွေ ကြုတ်ကုန်တယ်။
"ငါတို့ အချိန်ဘယ်လောက်ကျန်လဲ"
"မသေချာဘူး"
ရှန်းရင် မျက်နှာပြင်ကို စီမံကိုင်တွယ်နေကာ အချက်အလက်တသီတသန်းကြီး ဖြတ်သွားတာကို ကြည့်နေတယ်။ အတော်ကြာတဲ့နောက်မှာတော့ သူမက အလင်းလုံးတစ်ခုကထု လက်ညှိုးထိုးပြတယ်။
"ဥပမာ ဒီတစ်ခုဆို နာရီဝက်နေရင် ပြိုလဲတော့မှာ"
"မြန်လိုက်တာ" ကူယွဲ့ ထိတ်လန့်သွားတယ်။
"ဒါဆို ငါတို့ မြန်နိုင်သမျှမြန်မြန် ပြင်ရမှာပေါ့၊ အော်ဟုတ်သား၊ မင်းရဲ့ပလတ်စတာ... အာ မဟုတ်ပါဘူး မျက်နှာပြင် ပြုပြင်ရေးကိရိယာတွေ ရှိသေးလား"
"ရှိတယ်" ရှန်းရင်က ပလတ်စတာတွေ လက်တစ်ဆုပ်တန်းထုတ်လာတယ်။
"ဒါပေမဲ့ ငါတို့ ဒီလိုလောဖို့မလို..."
"လောဖို့မလိုဘူးတဲ့လား" ကူယွဲ့က ချက်ချင်းကြားဖြတ်ပြောတယ်။
"ဒီလိုနှုန်းနဲ့ဆို ဘုံသုံးဘုံလုံး ပြိုလဲသွားလိမ့်မယ်"
"ငါတို့တွေ..."
"ခုက အချိန်ဖြုန်းနေရမဲ့ အချိန်မဟုတ်ဘူး" ကူယွဲ့က လုံးဝကို တည်ကြည်တဲ့ အမူအရာနဲ့ပြောတယ်။
"တကယ်တော့..."
"ငါတို့ လူစုခွဲပြီးလုပ်ရမယ်၊ စားဖိုမှူး မင်း ညာဘက်ကဟာတွေဆီသွား၊ ရှန်းရင် မင်းက ညာဘက်ကဟာတွေဆီသွား၊ ကျန်တာငါ့တာဝန်ထားလိုက်"
"ဖေဖေနျို..."
"ဈေးညှိရာ မရှိဘူး၊ ပြိုလဲမှာ အမြန်ဆုံးဖြစ်နေတဲ့ ဒီတစ်ခုဆီ ငါသွားလိုက်မယ်" ပြီးတော့ သူမအဖြေကို မစောင့်ဘဲ သူက လေဟာနယ်ကိုတန်းဖွင့်ကာ အဲကမ္ဘာဆီသွားတော့တယ်။
ရှန်းရင် ။ ။ "..." ကြိုက်တာသာလုပ်တော့ဟေ့။
ယိချင်းက ရှေ့တက်လာပြီး ရှန်းရင်ကို ပကတိတည်ငြိမ်မှုနဲ့ကြည့်တယ်။
"ဆရာ အမိန့်များ ရှိပါသလား"
ရှန်းရင်က ဖေဖေနျိုပျောက်သွားတဲ့ဘက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။
"စားဖိုမှူး မုန်လာဥဖြူကိုသွားခေါ်ချေ"
"ဟုတ်ကဲ့ဆရာ"
***
ကူယွဲ့က ခုအောက်ဘုံကို ရောက်နေပြီ။
သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ ဒါက သေမျိုးတွေအတွက် မျက်နှာပြင်ပဲ။ ဝိညာဉ်ချီက လျစ်လျူရှုလို့ရလောက်အောင် ပါးလွှာတယ်။ အဲဒါကြောင့် မျက်နှာပြင်အက်ကွဲကြောင်းက ဒီမှာအပြင်းထန်ဆုံး ဖြစ်နေတာပဲ။ နတ်ဆိုးလောကနဲ့ မတူဘဲ ဒီတစ်ခုက ကောင်းကင်မှာပေါ်လာတာ။
ကူယွဲ့ရောက်ချိန် ကောင်းကင်တစ်ခုလုံးရဲ့ တစ်ဝက်လောက်က ပွင့်ဟနေပြီ။ နဂိုက ကြည်လင်နေတဲ့ ကောင်းကင်မှာ တစ်စိတ်တစ်ပိုင်းက ဖြဲခံလိုက်ရသလိုမျိုး အက်ကွဲကြောင်းကြီး တစ်ခုရှိနေတယ်။
အက်ကွဲကြောင်းအလယ်မှာတော့ ထူးဆန်းတဲ့ အရှိန်အဝါအမျိုးမျိုးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရှိန်အဟုန်နဲ့ပြေးလာတယ်။ ဘယ်ကိုသွားသွား အရာရာက ဟင်းလင်းပြင်ဖြစ်ကုန်တယ်။ မြေပြင်ကလည်း ပေါက်ကွဲတော့မလိုမျိုး ပြင်းပြင်းထန်ထန် တုန်ခါနေတော့တာပဲ။
ကူယွဲ့နှလုံး တင်းကျပ်လာပြီး သူ့လက်ထဲက မျက်နှာပြင်ပြုပြင်ပစ္စည်းကို တန်းပစ်ချလိုက်တယ်။ ပလတ်စတာက ချက်ခြင်းကြီးမားလာပြီး အစိတ်အပိုင်းအများအပြားကို ဖုံးလွှမ်းရန် ကောင်းကင်ရှိ မျက်ရည်များဆီသို့ ဦးတည်ပျံသန်းသွားသည်။
ဒါပေမဲ့ အက်ကွဲကြောင်းက တကယ်ကြီးလွန်းတယ်။ မျက်နှာပြင်ပြုပြင်ရေးကိရိယာ ကပ်ပြီးတော့ ခဏအတွင်းမှာပဲ ပြုတ်ကျချင်နေတာကို တွေ့လိုက်ရတယ်။ အစွန်းကနေ အက်ကွဲကြောင်းကိုပါ မြင်နိုင်လေရဲ့။
ပြုပြင်ရေးကိရိယာတစ်ခုနဲ့ ပြင်လို့မရဘူးလား။ ကူယွဲ့ရင်တင်းကြပ်သွားပြီး ဘေးနှစ်ဖက်က အက်ကွဲကြောင်းလေးနှစ်ခုကိုကာဖို့ နောက်ထပ်နှစ်ခု ပစ်ထုတ်လိုက်တယ်။ ဒါပေမဲ့ တခြားနေရာက အက်ကွဲကြောင်းတွေက ပိုပိုများလာတယ်။ သူ နောက်ထပ်တချို့ထပ်ပစ်မှ ပြဲရာကို လုံးဝချိပ်ပိတ်နိုင်ခဲ့တယ်။
ပတ်ဝန်းကျင်က လှုပ်ရမ်းမှုတွေ ရပ်တန့်သွားတယ်။ အပြားလို ပလတ်စတာက မျက်နှာပြင်နဲ့ ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး တစ်ခဏအတွင်းတွင် နောက်တစ်ကြိမ် နေသာတဲ့ ကောင်းကင်တစ်ခု ဖြစ်သွားခဲ့တယ်။ ဒီတော့မှ ကူယွဲ့ စိတ်သက်သာရာရသွားခဲ့တယ်။ သူ့လက်ထဲ မျက်နှာပြင်ပြုပြင်ရေး ကိရိယာနှစ်ခုတည်း ကျန်ရစ်တာ မြင်လိုက်ရတော့ ရှန်းရင် ဒါတွေကို အများကြီးပေးလိုက်တာ တော်သေးတယ်လို့ ခံစားလိုက်ရတယ်။ မဟုတ်ရင် သူ ဒီအက်ကွဲကြောင်းကို ချိပ်ပိတ်လို့ ရမှာမဟုတ်ဘူး။
ဒါပေမဲ့ ဒီလိုမျိုး ရာနှင့်ချီတဲ့ အက်ကွဲမှုတွေ ရှိနေသေးတာကို သတိရသွားပြီး သူ့နှလုံးသား နစ်မြုပ်သွားခဲ့တယ်။ ရှန်းရင်မှာ ပြုပြင်ရေးကိရိယာ လုံလောက်မှုရှိမရှိ မသေချာတာမို့ သူ ကောင်းကင်ဘုံဆီ တန်းပြန်သွားခဲ့တယ်။
"ရှန်းရင်၊ အဲဒီပြုပြင်ရေးကိရိယာ…" သူ စကားမဆုံးခင် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့တယ်။
ကြယ်ရောင်စုံ ကောင်းကင်ဆီ ပြန်ရောက်လာမယ် ထင်ခဲ့ပေမဲ့ သူ့ရှေ့မှာ စိမ်းလန်းတဲ့ တောင်တန်းတွေနဲ့ ရေပြင်ရှုခင်းပဲ ရှိနေတယ်။ သုံးလောကရဲ့ အလင်းလုံးတွေ ပျောက်ကွယ်နေကာ ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တစ်ခုနဲ့ မြက်ခင်းပြင်ပေါ်တင်ထားတဲ့ အနောက်ရပ်နဂါးကြီးတစ်ကောင်က အစားထိုး ဝင်ရောက်လာတယ်။
စိတ်လှုပ်ရှားနေတဲ့ ဆွေးနွေးသံတွေ အရှေ့ဘက်က ထွက်ပေါ်လာတယ်။
"စားဖိုမှူး၊ နဂါးကင်က တကယ်အရသာရှိလား"
"အရင်က မြည်းကြည့်ဖူးတယ်၊ ကင်ပြီးတော့ ဒီနဂါးတုအသားက အဆီပြန်ပေမဲ့ ချွဲကျိကျိ ဖြစ်မနေဘဲ အရမ်းနူးညံ့တယ်၊ ဆရာ သေချာပေါက် သဘောကျမှာပါ"
"ဒါပေမဲ့ ဒီလိုအရေခွံထူထူနဲ့ ချက်လို့ရပါ့မလား"
"စိတ်ချပါ ဆရာ၊ ကျွန်တော် ဒါကို ဇာမဏီမီးတောက်စစ်နဲ့ ကင်နေတာ၊ အစိတ်အပိုင်းတစ်ခုစီကို အညီအမျှ အပူပေးလိမ့်မယ်၊ ကျက်မှာ သေချာပါတယ်"
"တကယ်တော့ လုံးဝအကျက်ကြီး မလုပ်လိုက်နဲ့၊ အလယ်အလတ်က အရသာ ပိုကောင်းတယ်"
"ဟုတ်ကဲ့ပါ ဆရာ၊ ကိစ္စမရှိပါဘူး ဆရာ"
ကူယွဲ့ ။ ။ "..."
သူ့စိတ်ထဲ တစ်စုံတစ်ရာ ပြတ်တောက်သွားသလိုပဲ။ ချက်ချင်း သူတို့နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ချင်စိတ် ပေါ်လာလေရဲ့။
အသက်ပြင်းပြင်း ရှူပြီးတော့ သူပြောလိုက်တယ်။
"မင်းတို့ ဘာလုပ်နေတာလဲ" ငါက အသက်ထွက်မတတ် အလုပ်လုပ်နေတာကို မင်းတို့က တကယ်ကြီး ဒီမှာ အသားကင်နေတယ်ပေါ့လေ။
(╯°Д°)╯(┻━┻
အဲတော့မှ နှစ်ယောက်က ပြန်လာတဲ့လူကို သတိထားမိတယ်။ ရှန်းရင် လက်တစ်ဖက်ယမ်းပြ နှုတ်ဆက်လိုက်တယ်။
"အိုး ဖေဖေနျို" သူမက တောင်မို့လေးတစ်လုံးစာ နဂါးကြီးကို ညွှန်ပြတယ်။
"တစ်ပိုင်း စားမလား"
"မင်းအပိုင်းတွေကို မင်းပဲစား" ကူယွဲ့က ဒေါသတထောင်းထောင်းထွက်နေတယ်။
"မင်းက တကယ်ကြီး အသားကင်ဖို့ စိတ်ရှိသေးတယ်ပေါ့၊ မျက်နှာပြင်သတိပေးချက်တွေကရော၊ အောက်ဘုံက ပြိုတော့မယ်ဆိုတာ မင်းသိရဲ့လား" ဒါ နဂါးကင် စားရမဲ့အချိန်လား။
"အင်း သိတယ်လေ" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"ဒါတောင် မင်းက ဒီမှာ အသားကင်လုပ်နေတာပဲ" တကယ်တမ်း စီမံထိန်းသိမ်းသူက ဘယ်သူလဲ။ ဟဲလို။
"မုန်လာဥဖြူ ပြင်နေပြီလေ" ရှန်းရင်က ရှေ့ကို ညွှန်ပြတယ်။
"မုန်လာဥဖြူလား" ကူယွဲ့က ပါးစပ်တွန့်သွားတယ်။ ဘယ်တုန်းက မုန်လာဥဖြူက မျက်နှာပြင်အက်ကွဲကြောင်းတွေကို ပြင်နိုင်သွားတာလဲ။
မင်း ငါ့ကို သောက်ကျိုးနည်း နောက်နေတာပဲဖြစ်ရမယ်