အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း ၃၅၈ ။ အုပ်စုလိုက်အချိန်ခရီးသွား
"မင်းတို့ သောက်ကျိုးနည်း ဘယ်လိုလုပ် ဒီလောက်ပိုက်ဆံအများကြီး အကြွေးတင်သွားတာလဲ" ကူယွဲ့ နှစ်ယောက်ကို စိုက်ကြည့်နေတယ်။
"ဖေဖေနျို ငါ..." ရှန်းရင် ဖြေဖို့လုပ်တယ်။
"ပါးစပ်ပေါက်ပိတ်" ကူယွဲ့ သူမကိုတန်းတားလိုက်ပြီး သူမဘေးကစားဖိုမှူးကိုလှည့်ကြည့်လိုက်တယ်။
"မင်းငါ့ကိုပြော" ရှန်းရင်ကို စိတ်ထဲမထားနဲ့၊ သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရတာ နေသားကျနေပြီ။ ဒါပေမဲ့ စားဖိုမှူးကတောင် ဘယ်တုန်းက အဲလောက် အားကိုးမရတော့တာလဲ။
"ဆရာနဲ့ ကျွန်တော် ရောက်လာတဲ့အချိန် ဒီမြို့ရဲ့ မတူတဲ့နေရာတွေမှာကျသွားခဲ့တယ်လေ၊ အဲဒါက နေ့လယ်စာချိန်ကျော်နေပြီ၊ ဆရာ့ကိုတွေ့ချိန် သူက မြို့ထဲက အမတစားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတာ၊ ဆရာလည်း ဗိုက်ဆာနေတာနဲ့ အများကြီးစား..."
"အဲဒါပဲလား"
စားဖိုမှူးအကြည့်က ပျာယာခတ်သွားပြီး ဆက်ပြောတယ်။
"အဲဆိုင်က ဝိညာဉ်ထမင်းက ကောင်းတာသိလိုက်ရတာနဲ့ ကျွန်တော်ပါ လမ်းကြုံဝယ်မိလိုက်တယ်"
"မင်းတို့တွေ ဘုရင့်စားတော်ပွဲစားနေတာလား၊ တကယ်လို့ စားပြီး ဝိညာဉ်ထမင်းကို စားပြီးဝယ်လာရင်တောင် ဝိညာဉ်ကျောက်တုံးသောင်းချီကို မသုံးလောက်နိုင်ဘူးမလား"
ကျင့်ကြံသူအများစုက အစာကင်းလွတ်မှု အောင်မြင်ထားတာမို့ စားသောက်ဖို့မလိုဘူး။ ဒါကြောင့် ကျင့်ကြံသူအများစုရဲ့ စားသောက်ဆိုင်တွေက ဈေးမကြီးဘူး။ အလွန်ဆုံးမှ ဝိညာဉ်ကျောက်တုံးရာချီနည်းနည်းအကျော်ပေါ့။
"ကျသင့်တာမှ... ဝိညာဉ်ကျောက်တုံး၈၃လုံးတည်းပါ"
"ဒါဆိုတခြားဟာတွေကရော"
"တခြားက..." ယိချင်း အမူအရာ မဆိုစလောက် ပြောင်းလဲသွားပြီး ချောင်းဟန့်လိုက်တယ်။
"ကျွန်တော်တို့ ခုမှနားလည်လိုက်တာက စားသောက်ပြီးတဲ့နောက်မှာ ဝိညာဉ်ကျောက်တုံးတွေ ပါမလာဘူးဆိုတာ၊ အဲဒါကြောင့်... ခင်ဗျားကိုရှာဖို့ စင်မြင့်တစ်ခုငှားပြီး လမ်းမှာ လူပျောက်ရှာတဲ့ မီးပန်းကိုပါ ဝယ်ခဲ့တယ်၊ ပြီးတော့... သောင်းချီဖြစ်လာတာပဲ"
"အဲတော့..." ကူယွဲ့ အသက်ပြင်းပြင်းရှူလိုက်တယ်။
"ဝိညာဉ်ကျောက်တုံး၈၀ကျော်စာ တန်ဖိုးရှိတဲ့ ထမင်းစရိတ်အတွက် မင်းတို့ ပိုက်ဆံရှင်းလို့ရအောင် ငါ့ကိုရှာဖို့ သောင်းချီသုံးခဲ့တယ်ပေါ့လေ"
ဆရာနဲ့တပည့်က တောင့်သွားပြီး ကောင်းကင်ကို အတူတူစိုက်ကြည့်လိုက်ကြတယ်။
"အဲဒါ... ဒီလိုအသေးစိတ်တွေကို စိတ်ထဲမထားပါနဲ့ ဖေဖေနျို" မီးပန်းက အဲလောက်ဈေးကြီးမယ်လို့ သူမ တကယ်မသိခဲ့တာ။
"ထွက်သွား" ငါ မင်းရဲ့ ဖေဖေနျို မဖြစ်ချင်ဘူး။
"နောက်လ အသုံးစရိတ်ရဖို့ မစဉ်းစားနဲ့၊ မင်းတို့ရဲ့ ဝိညာဉ်ထမင်းပဲ သွားမျို"
"ဖေဖေနျို..."
(இдஇ;)
"ဟေး မင်းတို့ပိုက်ဆံရှင်းမှာလား မရှင်းဘူးလား" ဘေးမှာစောင့်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင်က စိတ်မရှည်စ ပြုလာပြီး သုံးယောက်ကို လှမ်းကြည့်တယ်။
"စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၄၅၁၀၅လုံး၊ သူတို့ကို ဒီနေ့အပြည့်ပေးရမယ်၊ ကျုပ်တို့ စားသောက်ဆိုင်က အကြွေးဝယ်ကတ် လက်မခံဘူး၊ တကယ်လို့ မပေးရင် အဖိုးအခအနေနဲ့ သူတို့ကျင့်ကြံဆင့်ကို နုတ်ပြီး အမတဆေးလုံးတွေ လုပ်ပစ်မှာကို အပြစ်မတင်နဲ့" အဲလိုပြောပြီး သူက သူတို့နှစ်ယောက်ကို အပေါ်အောက်ကြည့်ကာ နှာမှုတ်တယ်။
"မင်းတို့မှာ ကျောထောက်နောက်ခံတချို့ ရှိမယ်ထင်နေတာ၊ အဲတော့ တကယ်ပဲ ပိုက်ဆံမတတ်နိုင်ဘူးပေါ့၊ ပိုက်ဆံမရှိရင် ဘာလို့ မြို့အမှတ်အသားတစ်ခု ဝယ်သေးလဲ"
ပိုက်ဆံမရှိဘူးတဲ့လား။
(艹皿艹)
ဘယ်သူက ပိုက်ဆံမရှိလို့လဲ
ကူယွဲ့ အကြည့် မှောင်မည်းသွားပြီး ဝိညာဉ်ကျောက်တုံးအိတ်တစ်ခု တန်းထုတ်ကာ ပစ်ပေးလိုက်တယ်။
"အလယ်အဆင့် ဝိညာဉ်ကျောက်တုံး ၄၅၁၀၅လုံးမလား၊ ရော့ ဒီမှာထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး၅၀၀၊ အကြွေသိမ်းထားလိုက်" သူ ပိုက်ဆံမရှိဘူးလို့ ပြောခံရတာ အမုန်းဆုံးပဲ။
"ထိပ်တန်း... ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး" ပိုင်ရှင်က အံ့ဩသွားပြီး ပန်းတစ်ပွင့်လို ချက်ချင်းပြုံးတယ်။
"ကြည့်ရတာ အတွေးလွန်မိနေပုံပါပဲ၊ အမတရောင်းရင်း နောက်တစ်ကြိမ် မြို့အမှတ်အသား လွှတ်ချင်ရင် ကျုပ်တို့ဆိုင်က ဈေးလျှော့ပေးပါ့မယ်"
"မလိုပါဘူး"
တစ်ဖက်လူ မကြည်တာမြင်တော့ ပိုင်ရှင်လည်း စကားအများကြီး မပြောရဲတော့ဘူး။
"ဒါဆိုလည်း သွားပါတော့မယ်၊ အလည်လာတဲ့အတွက် ကျေးဇူးပါ" အဲလိုပြောပြီး သူ့လက်မောင်းထဲ ဝိညာဉ်ကျောက်တုံးအိတ်ကိုပိတ်ကာ ပြန်သွားခဲ့တယ်။
ကူယွဲ့ ထွက်သွားတဲ့ ပိုင်ရှင်ကိုကြည့်ကာ တစ်စုံတရာ သူ့မျက်လုံးထဲဖြတ်ပြေးသွားခဲ့တယ်။ သူ သူတို့နှစ်ယောက်ကို ရိုက်နှက်ချင်စိတ်ကို ထိန်းချုပ်ဖို့ မနည်းကြိုးစားရပြီး နှစ်နာရီတိတိ ကောင်းကောင်းဆူပေးလိုက်တယ်။
အဲနောက်မှပဲ သူ အမတမြို့တစ်ခုလုံးရဲ့အခြေအနေကို စစဉ်းစားတော့တယ်။ ဒီမြို့ကို ရောက်လာတည်းက ဒါနဲ့ပတ်သက်တဲ့အသေးစိတ်တိုင်းက အဓိပ္ပာယ်မရှိဘူးလို့ခံစားနေရတာ။ သူလမ်းတစ်လျှောက် မြင်တွေ့ခဲ့ရတာအားလုံးက အမတမဆန်လွန်းတာကြီး။
အဲခေတ်သစ်ကြော်ငြာတွေနဲ့ ကောင်းကင်ထဲက အဲဒီထူးဆန်းတဲ့မြို့အမှတ်အသား...။
သူ့စိတ်ထဲ အတည်မပြုရသေးတဲ့ ရဲတင်းတဲ့ခန့်မှန်းချက်တစ်ခု ရှိနေတယ်။ စဉ်းစားပြီးတော့ အတော်ကြာပြီးနောက်မှ သူ့နောက်က နှစ်ယောက်ကို လှည့်ပြောလိုက်တယ်။
"ရှန်းရင် မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ပြီး လျှောက်မသွားနဲ့၊ ငါ သွားပြီး..."
"လိမ္မော်သီးဝယ်မို့လား" ရှန်းရင်က အလိုလို ဖြေမိလိုက်တယ်။
ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတော့တယ်။
"ထွက်သွား"
————————
ကူယွဲ့ မြို့ပတ်ပတ်လည်မှာ ဟိုဟိုဒီဒီ လျှောက်ပတ်မေးကြည့်ပြီး နောက်ဆုံးမှာတော့ ဒီလောကရဲ့ အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့တယ်။ ဒါက အမတနဲ့ သေမျိုးနေအိမ်တွေရောနေတဲ့ ကမ္ဘာပဲ။ ဒီကသေမျိုးတွေအားလုံး ချီမွမ်းမံမှုအဆင့်ကနေ စိတ်တန်ခိုးအမတအဆင့်ထိ ကျင့်ကြံနိုင်တယ်။ ဒီမှာ မဟူရာအမတနဲ့ အဆင့်မြင့်အမတဆိုတဲ့ သဘောတရားတော့ ရှိပုံမပေါ်ဘူး။ ဒါမှမဟုတ် ဘယ်သူမှ အဲကျင့်ကြံဆင့်တွေထိ မတက်လှမ်းဘူးတာပဲ။
ပြီးတော့ သူတို့တွေက တခြားကမ္ဘာကကျင့်ကြံသူတွေလို အဆင့်မြင့်တိုင်း ဝဋ်ကြွေးချေခြင်းကိုမခံရဘူး။ ဖြစ်နိုင်တာကတော့ ဒီကမ္ဘာက ကောင်းကင်တာအိုရဲ့အောက်မှာ အလုပ်မလုပ်လို့ပဲ။
ဒီကကျင့်ကြံစနစ်ကလည်း အရမ်းကိုရှုပ်ထွေးတယ်။ ဝိညာဉ်ကြောဓာတ်ကြီးငါးပါးအပြင် မှော်၊ ချီယှဉ်ပြိုင်မှု၊ ရှေးဟောင်းသိုင်း... နဲ့ တခြားကျင့်ကြံစဉ်တွေအများကြီးရှိတယ်။ ဥပမာအနေနဲ့ ရှန်းရင် အရင်က သူ့ကိုရှာဖို့လွှတ်လိုက်တဲ့ ကောင်းကင်ထဲကကြော်ငြာက တကယ်တော့ သူနောက်မှနားလည်ခဲ့ရတာ မှော်အင်းကွက်ဆိုတာပဲ။ အဲဒါကလည်း မသေမျိုးချီတွေ ငွေ့ရည်ဖွဲ့လာပြီး ကျယ်ပြန့်တဲ့အသုံးချမှုတွေရှိတယ်။ သူ အရင်က ဘာအမတဖိအားမှမတွေ့ခဲ့တာ မဆန်းဘူး။
ပြီးတော့လည်း ဒီမျက်နှာပြင်မှာ ဂိုဏ်းတွေ၊ ကောလိပ်တွေနဲ့ လေ့ကျင့်ရေးစခန်းတွေလည်း အများကြီးပဲ။ အားလုံးက ကျင့်ကြံဆင့်တွေတိုးမြှင့်ဖို့နေရာတွေဖြစ်ပြီး အရည်အသွေးကွဲပြားတယ်။ ဒါပေမဲ့ ဒီကလူတွေက အဲဒါကိုကျင့်သားရနေပုံပေါ်ပြီး ထူးဆန်းတယ်လို့လုံးဝမတွေး။ သူစောနကမြင်လိုက်ရတဲ့ အဲဒီလုံးဝကွဲပြားတဲ့ ဈေးရောင်းနည်းတွေပေါင်းလိုက်ရင် ဒီကမ္ဘာမှာ ကျူးကျော်သူတစ်ယောက်ထက်မကရှိမယ်လို့ ကူယွဲ့တော့ထင်တာပဲ။
ဒီကမ္ဘာက ဆန်တွေဖြတ်သွားတဲ့ ဆန်ခါလိုမျိုး ကျူးကျော်ခံထားရလောက်တယ်ဆိုတာ သူသိပြီးတာ ကြာပြီ။ ဒါပေမဲ့ ဒီဆန်ခါကို ကိုယ်တိုင်မြင်ရတော့ ထိတ်လန့်မိသေးတယ်...။
"အဲဒါကြောင့် မိစ္ဆာနတ်ဘုရားက ဒီလောကကို ဖုံးကွယ်ထားတာလား" ယိချင်းက မျက်မှောင်ကြုတ်တယ်။
"သိပ်ဖြစ်နိုင်တယ်" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။
"သူက အဲဒီကျူးကျော်သူတွေအားလုံးကို ဒီကမ္ဘာတစ်ခုထဲ အကုန်စုထည့်ထားတာဖြစ်နိုင်တယ်၊ အဲဒါကြောင့် ဒီနေရာကထူးဆန်းနေတာပဲ" မိစ္ဆာနတ်ဘုရားက ကျူးကျော်သူတွေ တခြားမျက်နှာပြင်တွေကို သက်ရောက်စေမှာကြောက်လို့ ဒါကို သီးသန့်ခွဲခြားထားတာပဲဖြစ်ရမယ်။
"ဒါပေမဲ့ ဒီကလူတွေက ကျူးကျော်သူတွေနဲ့မတူပါဘူး"
"တကယ်ပဲမဟုတ်ဘူး၊ စောနလေးကတင်သိခဲ့ရတာ သူတို့ အပြင်ကမ္ဘာအကြောင်း သိသမျှက သူတို့ရှေးဘိုးဘေးတွေ သင်ပေးခဲ့တာတဲ့၊ သိတဲ့သူတွေ သေဆုံးသွားတာကြာလှပြီ"
"ဆိုလိုတာ မိစ္ဆာနတ်ဘုရား သီးသန့်ခွဲထည့်တာ ခံထားရတဲ့ကျူးကျော်သူတွေက ပျောက်ကွယ်သွားတာ ကြာပြီပေါ့၊ ပြီးတော့ အခုဒီကမ္ဘာကလူတွေက ကျူးကျော်သူတွေရဲ့ မျိုးဆက်တွေလား" ဒါက အချိန်ခရီးသွားအုပ်စု ပြန်ပြုလုပ်ထားတဲ့ကမ္ဘာလား။
"ဒီလိုဖြစ်လောက်တယ်"
"ဒါ မဖြစ်နိုင်ဘူး" ယိချင်း ခေါင်းယမ်းလိုက်တယ်။
"ဒီကမ္ဘာက ကောင်းကင်တာအိုကနေ ကွဲထွက်နေတာ၊ ဆိုလိုတာ ဒီကဝိညာဉ်တွေက သံသရာထဲ မဝင်ကြဘူးလေ၊ ဒါဆို လူတွေ ဘယ်ကရောက်လာလဲ"
သူတို့တွေ ဘယ်ကမှန်းမသိ ပေါ်လာတာတော့ မဖြစ်နိုင်ဘူးလေ။
"ငါလည်း ဒါကို မရှင်းပြနိုင်ဘူး" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ တကယ်ပဲ သူ ဒီလောကမှာ မေ့ပျောက်မြစ် အရှိန်အဝါကို မခံစားရဘူး။ ဆိုလိုတာ ဒါက အဝင်ပဲရှိပြီး အထွက်မရှိတဲ့ကမ္ဘာ။ ဒါပေမဲ့ ဒီနေရာမှာ ကျင့်ကြံသူတွေက တခြားနေရာတွေထက် နည်းတဲ့ပုံမပေါ်ပါဘူး။ ဒါဆို ဒီလူတွေအားလုံး ဘယ်ကရောက်လာလဲ။
"ကြည့်ရတာ ငါတို့မိစ္ဆာနတ်ဘုရားကို ဒါနဲ့ပတ်သက်ပြီးမေးရမယ်ထင်တယ်" ကူယွဲ့ သူ့ဘေးက ရှန်းရင်ကို တွန်းလိုက်တယ်။
"အဲခရမ်းရောင်ငွေ့ရဲ့ လမ်းစကို ရှာတွေ့ပြီလား"
"အိုး" ရှန်းရင်က ခုမှ အရေးကိစ္စကို မှတ်မိသွားသလို။ သူမက အဲခရမ်းရောင်ငွေ့သေတ္တာကိုထုတ်ပြီး နောက်အခိုက်အတန့်မှာ အစအနလေးတစ်ခုက ညာဘက်ဆီ တန်းတန်းမတ်မတ်သွားလေတယ်။
"တောင်ဘက်ဆီ"
"အဲဒါမြောက်ဘက်ဟ"
ကူယွဲ့က ဆွံ့အသွားတယ်။ သူစားဖိုမှူးကို တစ်ချက်ကြည့်ကာ ဓားပေါ်ပျံတက်ပြီး အဲဦးတည်ဘက်ဆီ စတင်ထွက်ခွာလာခဲ့တော့တယ်။
…
အခန်း ၃၅၉ ။ အင်မတန်ဖြောင့်သောယောက်ျား
သူတို့သုံးဦး ခရမ်းရောင်အငွေ့ရဲ့ ဦးဆောင်လမ်းပြမှုနောက်ကို လိုက်ခဲ့ကြတယ်။ ကျန်ရှိတဲ့ ခရမ်းရောင် အရှိန်အဝါကို ကာကွယ်ဖို့ သူတို့ သိပ်အမြန်ကြီး မပျံသန်းမိအောင် ကြိုးစားနေတာ။ အချိန်နဲ့အမျှ ကျင့်ကြံသူတချို့က သူတို့ဘေးကနေ ကျော်ဖြတ်သွားကြတယ်။ ဘာကြောင့်ရယ်မသိ ကူယွဲ့ မြောက်ဘက်ဆီ ခရီးရောက်လေလေ၊ သူတို့ပတ်ဝန်းကျင်မှာ ကျင့်ကြံသူတွေ များလေလေပဲ။ ပြီးတော့ ကျင့်ကြံသူတစ်ယောက်ချင်းစီက အရင်လူထက် ပိုစိတ်လှုပ်ရှားနေတဲ့ပုံ။ တချို့က နွေးနွေးထွေးထွေးတောင် နှုတ်ဆက်ကြသေး။ ကူယွဲ့ အစပိုင်းမှာ သိပ်စိတ်ထဲမထားပေမဲ့ သူတို့ပတ်ဝန်းကျင်မှာ ကျင့်ကြံသူ အရေအတွက် တိုးလာလေ သူတို့ကိုကြည့်တဲ့အကြည့်တွေက ထူးဆန်းလာလေပဲ။
ကူယွဲ့ တစ်ခုခုလွဲနေသလို ခံစားရစပြုလာတယ်။ ဒါပေမဲ့ ခရမ်းရောင်အရှိန်အဝါကိုပဲ ဆက်အာရုံစိုက်ပြီး သိပ်မစဉ်းစားမိအောင် ကြိုးစားလိုက်တယ်။ အဲဒါက ယိချင်းဓားပေါ်ထိုင်နေတဲ့ ရှန်းရင် စကားပြောမလာခင်ထိပဲ။
"အာ ပျောက်သွားပြီ"
နှစ်ယောက်သား ရပ်သွားပြီး ခရမ်းရောင်အငွေ့လိုင်းက ပျောက်သွားပြီဆိုတာ သိလိုက်ရတယ်။ သူတို့ဆီ ပျံသန်းလာတဲ့အရာ ဘာမှမရှိတော့ဘူး။
"ဘာဖြစ်တာလဲ"
"တကယ်လို့ အရှိန်အဝါက မပျောက်ခဲ့ရင် ဒီနေရာထိ ရောက်နေပြီထင်တာပဲ"
သုံးယောက်သား သူတို့ပတ်ပတ်လည်ကို စစ်ဆေးလိုက်ကြတယ်။ သူတို့ခြေထောက်အောက်မှာက ကန်တစ်ကန်၊ အဲထဲ ကျွန်းလေးတစ်ကျွန်းရှိနေတယ်။ သူတို့ ကျွန်းပေါ်မှာလူအုပ်ကြီးတစ်အုပ်ကို ခပ်ဝါးဝါး လှမ်းမြင်လိုက်ရတယ်။ လူတိုင်းရဲ့မျက်နှာက စိတ်ဝင်စားစရာ အကြောင်းကိစ္စကို ဆွေးနွေးနေသလိုမျိုး စိတ်လှုပ်ရှားနေတဲ့ အမူအရာတွေနဲ့။ ကျွန်းပေါ်က ဆူညံသံတွေက သူတို့ဆီ လွင့်ပျံ့လာတယ်။
သူတို့ အကြည့်ချင်းဖလှယ်ကာ ကျွန်းပေါ်ရပ်ဖို့လုပ်လိုက်တယ်။ သူတို့ ခရမ်းရောင်အငွေ့နဲ့ခပ်ဆင်ဆင် အရှိန်အဝါရှိမလား စစ်ဆေးဖို့ရှိသေး လူတိုင်းတိတ်ဆိတ်ကုန်တယ်။
နဂိုကဆူညံနေတဲ့ကျွန်း တိတ်ဆိတ်သွားတာများ ပင်အပ်ကျသံတောင် ကြားနိုင်တယ်။ ကျင့်ကြံသူအားလုံးက သူတို့ကို ထိတ်လန့်မယုံကြည်နိုင်စွာ လှည့်ကြည့်တယ်။ ဒါ အတော်လေး ထူးဆန်းတာပဲ။
ကူယွဲ့ရင်ထိတ်သွားတယ်။ ဒါ တစ်ဦးတစ်ယောက်ပိုင် နယ်မြေလား။ သူတို့ ကျွန်းပေါ်လာခွင့် မရှိတာလား။ ဒါပေမဲ့ ဒီလူတွေအဝတ်အစားကိုကြည့်ရင် အားလုံးဂိုဏ်းတွေမတူကြဘူးလေ။ ကျွန်းနားမှာလည်း အင်းကွက် မရှိဘူး။ ဘာကြောင့် သူတို့သုံးယောက်ကို အားလုံး စိုက်ကြည့်နေတာလဲ။
ကူယွဲ့က သူတို့ကို ဇဝေဇဝါ ပြန်ကြည့်လိုက်တယ်။ အကျင့်အတိုင်း သူ့ စီးပွားရေးအပြုံးနဲ့ လူတိုင်းကို နှုတ်ဆက်လိုက်တယ်။
"နှုတ်ဆက်ပါတယ် အမတရောင်းရင်းတို့" သူ ဘာဖြစ်နေတာလဲ မေးဖို့ရှိသေး တစ်ယောက်က တောက်ခေါက်တယ်။
"ဟမ့် ရိုင်းပျပြီး အမြင်မတင့်တယ်လိုက်တာ" အသံက ဝတ်ရုံစိမ်းနဲ့ ယောက်ျားတစ်ယောက်။ သူက ကူယွဲ့နဲ့ယိချင်းကိုခေါင်းစခြေဆုံးကြည့်ပြီး အထင်သေးမှုအပြည့်။ အမှိုက်ပုံကိုကြည့်နေသလိုတောင် ထင်ရတယ်။
"မင်းတို့က ဒီမြင့်မြတ်တဲ့မြေကို စွန်းထင်းအောင်လုပ်နေတာပဲ" စကားဆုံးတဲ့နောက် သူက လက်ထဲ အဝတ်စနီကို သစ်ကိုင်းတစ်ခုဆီ လွှင့်ပစ်တယ်။ သူက ဘေးက အမျိုးသမီးကျင့်ကြံသူကိုဆွဲခေါ်ကာ ပျံထွက်သွားတော့တယ်။
"..."
ခုလေးတင် ဘာဖြစ်သွားတာလဲ။ ကူယွဲ့ နှုတ်ခမ်းတွေကို ဖိလိုက်တယ်။ သူ အဲကျင့်ကြံသူကို အပြစ်ပြုမိတာတော့ မဟုတ်ဘူးမလား။ လူအုပ်ကြီးကို သူနှုတ်ဆက်မိရုံလေးပါ - အဲလူကိုတောင် မဟုတ်ဘူး ဒေါသထွက်စရာ အကြောင်းရင်းမှမရှိပဲ။
အစိမ်းရောင်ဝတ်ရုံနဲ့ကျင့်ကြံသူ ထွက်သွားတာနဲ့ တိတ်ဆိတ်မှုက ပြိုကွဲသွားတယ်။ လူတိုင်း နောက်တစ်ကြိမ် ဆွေးနွေးကုန်ပြီး ဒီတစ်ခါတော့အရင်ကထက် သိသိသာသာ အသံတိုးကုန်တယ်။ ရံဖန်ရံခါ သူတို့သုံးယောက်ကိုလည်း လှမ်းခိုးကြည့်ကြတယ်။ လူတွေက သူတို့နဲ့ခပ်ဝေးဝေးနေနေတာ အသိသာကြီး။ တချို့ဆို ဝတ်ရုံစိမ်းလူနောက်လိုက်ကာ ကျွန်းကနေပါ ထွက်သွားကြတယ်။ စက္ကန့်ပိုင်းအတွင်း နဂိုက လူကျပ်နေတဲ့ကျွန်းပေါ် သူတို့သုံးယောက်အတွက် သီးသန့်နေရာကျယ်ကြီး ဖန်တီးပေးကြလေတယ်။
သုံးယောက်သား ။ ။ "..." ဘာလဲဟ။
(⊙_⊙)
"အမတရောင်းရင်း ကျေးဇူးပြုပြီး သူတို့ကို စိတ်ထဲမထားပါနဲ့" ဝတ်ရုံအပြာနဲ့ ကျင့်ကြံသူက ရှေ့တက်လာကာ ကူယွဲ့ပခုံးကို နှစ်သိမ့်ပေးဟန်ပုတ်တယ်။
"အဲလူတွေက ရှို့ယွဲ့မြို့က ကျင့်ကြံသူတွေဆိုတာ သိသာပါတယ်၊ သူတို့တွေက လောကထဲက တခြားလူတွေနဲ့ သီးခြားဆီနေလွန်းကြတာ၊ အဲဒါကြောင့် သည်းမခံနိုင်တာနေပါလိမ့်မယ်၊ ရောင်းရင်းအမတတို့ ဒီကိုရောက်လာပြီဆိုမှတော့ တခြားသူတွေ ဘယ်လိုမြင်လဲဆိုတာ စိတ်ထဲမထားပါနဲ့"
အဲလိုနဲ့ လူတွေ သူတို့အုပ်စုနား ချည်းကပ်လာလေ သနားတဲ့အမူအရာတွေပြည့်လေပဲ။ တစ်ယောက်ချင်းစီ အလှည့်ကျ နှစ်သိမ့်ပြီး အကြံပေးကြတယ်။
"ဒီရောင်းရင်းအမတမှန်တယ် ခင်ဗျားတို့နှစ်ယောက်က သိပ်ရဲရင့်တာပဲ၊ သူပြောသွားတာ စိတ်ထဲမထည့်ပါနဲ့၊ နှစ်ယောက်လုံး စစ်မှန်သရွေ့ အဆင်ပြေသွားမှာပါ"
"အမှန်ပဲ၊ လောကမှာ ဘာမှပြီးပြည့်စုံတာမရှိဘူး၊ စိတ်ထဲစစ်မှန်သရွေ့ အဆုံးသတ်မကောင်းမှာ ကိစ္စမရှိဘူး"
"ကျုပ်လည်း ခင်ဗျားတို့အဆင်ပြေသွားမယ်ထင်တယ်"
"ဟုတ်တယ် အရာအားလုံးက ဘုရားသခင်လက်ထဲမှာပဲ၊ အံ့ဩစရာတစ်ခုခုရှိလာနိုင်ပါတယ်"
လူတွေ သူတို့နား ပိုပိုဝိုင်းလာကြလို့ ကျွန်းပေါ်က လူအုပ်ကြီးက နှစ်ခြမ်းကွဲသွားတယ်။ တစ်ဖက်က မှားယွင်းခံလိုက်ရသလိုမျိုး အင်မတန်နာကျင်နေဟန်။ တစ်ဖက်ခြမ်းကတော့ သူတို့ကို လုံးဝစက်ဆုပ်နေတဲ့ပုံ။ သူတို့က တစ်ဖက်ကိုတစ်ဖက် အထင်အမြင်သေးစွာ ကြည့်နေလေရဲ့ာ
ခဏနပေါဦး
ကူယွဲ့က အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘာကြောင့်မှန်းမသိ အခြေအနေက ထူးဆန်းနေသလိုပဲ။ ဒီလူတွေ ဘာပြောနေတာလဲ။
"ခင်ဗျားတို့အားလုံး..." သူ မေးဖို့ရှိသေး ကြားဖြတ်ပြောခံလိုက်ရတယ်။
သူတို့ကို နှစ်သိမ့်ဖို့ ပထမဆုံး ခြေလှမ်းလှမ်းလာတဲ့ ဝတ်ရုံပြာကျင့်ကြံသူက ရုတ်တရက် အနီရောင် အဝတ်စတစ်ခုကို ကူယွဲ့ လက်ထဲ ထိုးထည့်လာတယ်။
"ဒီမှာ ဒါကို ကိုင်ထားပါ၊ အမတရောင်းရင်း၊ ခင်ဗျားအရင်သွားလို့ရပါတယ်၊ ရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ချစ်နေသရွေ့ အဆင်ပြေသွားမှာပါ”
သူက ကူယွဲ့ကို ကျွန်းအလယ်က သစ်ပင်ကြီးဆီ ခပ်ဖွဖွတွန်းခဲ့တယ်။ ဘေးမှာတော့ တခြားသူတစ်ယောက်ယောက်က လက်ထဲထည့်လာပေးတဲ့ အနီရောင်အ၀တ်စကို ကိုင်ဆောင်ထားပြီး ထပ်တူထပ်မျှ စိတ်ရှုပ်ထွေးနေတဲ့ စားဖိုမှူး။
ဘာတွေဖြစ်နေတာလဲ။
ကူယွဲ့က သူ့ဘေးက အင်မတန်ရှုပ်ထွေးနေပုံပေါ်တဲ့ စားဖိုမှူးနဲ့ အကြည့်ချင်းဖလှယ်မိလိုက်တယ်။ သူ သူ့လက်ထဲက အနီရောင်အဝတ်စကို ကြည့်ပြီး စေ့စေ့ကြည့်နေတဲ့ သူ့နောက်ကနေ သူတို့ကို စူးစိုက်ကြည့်ပြီး တိတ်တိတ်လေး အားပေးနေတဲ့ လူအုပ်ကြီးကို လေ့လာတယ်။ ရုတ်တရက်၊ သူတို့ပတ်ဝန်းကျင်ကလူတွေအားလုံးက ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် စုံတွဲတွေဆိုတာ သိလိုက်ရတယ်။ သူ့နှလုံးသားထဲ ခံစားချက်ဆိုးတစ်ခု ပေါ်လာလေရဲ့။
"အာ...ဒါက ဘာသစ်ပင်လဲလို့ မေးလို့ရမလား"
ဝတ်ရုံပြာနဲ့ကျင့်ကြံသူက ကြင်နာစွာပြုံးတယ်
"မစိုးရိမ်ပါနဲ့ အမတရောင်းရင်း၊ မင်း နေရာမှားလာတာ မဟုတ်ပါဘူး၊ မင်းငါ့ကို မယုံရင် ဟိုက ကျောက်ပြားကို ကြည့်ကြည့်ပါ"
ကူယွဲ့က လှမ်းကြည့်တော့ သစ်ပင်အောက်က ကျောက်ပြားတစ်ချပ်ကို မြင်လိုက်ရတယ်။ အဲအပေါ်မှာ အမတဓမ္မသိုင်းကို အသုံးပြုပြီး ရွှေရောင်အက္ခရာတွေနဲ့ ရေးသားထားလေရဲ့။ စကားလုံးတွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်- အိမ်ထောင်ရေးနှင့် သားဖွားမှု သစ်ပင်။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
နှစ်ယောက်သား ချက်ချင်း နောက်ပြန်ခုန်မိလိုက်တယ်။ ကျောက်ပြားပေါ် ရေးထားတာဖတ်ပြီးတဲ့နောက် ရုတ်တရက် ကိုယ့်မျက်လုံးကိုကိုယ် ဖောက်ထုတ်ချင်သွားတယ်။
သား... သား... သားဖွားမှု
Σ(°△°|||)
သူတို့က ဘာလို့ ကလေးတောင်းရမှာလဲ။ သူနဲ့ ယိချင်းက ကလေးတောင်းဖို့ ဒီရောက်လာတယ်ထင်ပြီး ဒီလူတွေအားလုံးက သူတို့ကို အထူးတဆန်းကြည့်နေတာလား။
သူနဲ့ ယိချင်းတဲ့လေ။
သူတို့ ဒီကို ကလေးတောင်းဖို့ရောက်နေတယ်လို့ ဘယ်နည်းနဲ့များ တူသွားတာလဲ။ ပြီးတော့ သူက ယိချင်းနဲ့ ဘာလို့ ဒီကိုလာရမှာလဲ။ ဒါက ကမ္ဘာရဲ့နယ်နိမိတ်အစွန်းအဖျားက ကြုံရာကျပန်းဘုံတစ်ခု ဖြစ်နိုင်ပေမဲ့ ဒီလိုတုံးအတဲ့ပုံတော့ လုပ်စရာ မလိုပါဘူး။ ယိချင်းနဲ့ကူယွဲ့က ဘယ်နည်းနဲ့များ စုံတွဲနဲ့ တူသွားတာလဲ။ ပြီးတော့ ရှန်းရင်က စားဖိုမှူးဘေး ရပ်နေတာ အထင်အရှားကြီး။ ယိချင်းနဲ့ကူယွဲ့တို့က တစ်ခုခုပဲလို့ ဘာလို့ ကောက်ချက်ချကုန်တာလဲ။ သူတို့ ကန်းနေကြလား။
ခဏနပေါဦး
စားဖိုမှူးက ဘာလို့ သူနဲ့အဝေးကြီးဆီ ရွှေ့သွားတာလဲ။
ငါက အဖြောင့်နော်။
"ဆရာ ကျွန်တော် ကောင်းကင်စိတ်အာရုံကို သုံးပြီး လှည့်ပတ်ရှာဖွေပြီးပါပြီ၊ ဒီနေရာမှာ ခရမ်းရောင်အငွေ့ အရိပ်အမြွက် မရှိပါဘူး၊ တခြားတစ်နေရာသွားရအောင်" သူပြောပြီးတာနဲ့ ရှန်းရင်ကို သူ့ဓားပေါ်တင်ကာ ပျံထွက်သွားတယ်။
ကူယွဲ့ ။ ။ "..."
ခဏအကြာ…။
"မင်းတို့ အယုတ်တမာလေး နှစ်ယောက် ပြန်လာခဲ့ကြ"
ပရိသတ်စုံတွဲများ ။ ။ "…"
အယ်။ ဘာတွေဖြစ်နေတာလဲ။ ဓားပေါ်က အမျိုးသမီးက ဘယ်တုန်းကရောက်လာတာလဲ။ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတစ်ခုကို မျက်မြင်တွေ့ရပြီလို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အခု နောက်ထပ်လူတစ်ယောက် ထပ်ပါဝင်လာတာလား။ ဒါသုံးပွင့်ဆိုင်အချစ်ပဲ။
ရုတ်တရက် ကျွန်းပေါ်ကလူတိုင်း အတင်းအဖျင်းပြောလိုစိတ် ခပ်ပြင်းပြင်း ခံစားလိုက်ရတော့တယ်...။
——————
"ငါတို့ ခု ဘာလုပ်သင့်လဲ" နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို လိုက်မီသွားချိန် ကူယွဲ့ သက်ပြင်းချလိုက်တယ်။ သူ သူတို့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ အံကြိတ်လိုက်တယ်။
"စားဖိုမှူး၊ မင်းဘာလို့ ငါနဲ့ အဲလောက်အဝေးကြီးမှာရပ်နေတာလဲ"
"အဲ…" ယိချင်းက ကောင်းကင်ကို မော့ကြည့်တယ်။
"ငါထပ်ပြောမယ် - ငါကအဖြောင့်လို့"
ကူယွဲ့က ယိချင်းကို ထုထောင်းချင်နေတဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကို မျိုသိပ်လိုက်တယ်။
"မင်းတို့နှစ်ယောက် တော်လောက်ပြီ ကိစ္စအကြောင်းပြောရအောင် ဒီကိုကြွလာခဲ့ကြ"
"…" ဆရာ့ကို ဆိုးဆိုးရွားရွား လွှမ်းမိုးသွားမှာကို စိုးရိမ်မိရုံပါ။
…
အခန်း ၃၆၀ ။ ဘုံနောက်မှဘုံ
ယိချင်းက ရှန်းရင်ကို အနား နည်းနည်းတိုးလာစေ လိုက်တယ်။
ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ဒေါသကို ထိန်းဖို့ ကြိုးစားနေရတယ်။ ခဏကြာတော့ သူ ပြောလိုက်တယ်။
"ခရမ်းရောင်အငွေ့ သဲလွန်စတွေ ခု ပျောက်ကုန်ပြီ၊ ငါတို့ရှာချင်ရင်"
"မဟုတ်ဘူး" ရှန်းရင်က စကားဖြတ်ပြောတယ်။
"ဘာ"
ကူယွဲ့ ခဏတန့်သွားတယ်။ ရှန်းရင် ခရမ်းရောင်အငွေ့ပါတဲ့ သေတ္တာကို ရုတ်တရက် လွှဲပေးတယ်။ ပါးလွှာတဲ့ အကြောင်းတစ်ကြောင်းက သေတ္တာထဲကနေ လွင့်ထွက်လာလေရဲ့။ ထပ်ဖြစ်ပြီ ဒီတစ်ခါတော့ ဒါ အနောက်ဘက်ကို ဦးတည်နေတယ်။
"ဟိုလီရှစ် ဘာလို့ဒီမှာထပ်ပေါ်လာပြန်တာလဲ"
"မသိဘူးလေ" ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
"ငါလည်းခုမှသိတာ"
ကူယွဲ့ သေတ္တာကိုယူပြီး အနီးကပ်လေ့လာလိုက်တယ်။
"ထားလိုက်တော့၊ ငါတို့ကို လမ်းပြနေတဲ့ဘက်ကို ရှာကြည့်ရအောင်"
စကားဆုံးတာနဲ့ ခရမ်းရောင်အငွေ့ လမ်းညွှန်ရာနောက် လိုက်ခဲ့တယ်။ ယိချင်း အမှီလိုက်ဖို့ ကြိုးစားလိုက်တယ်။
"ဆရာ၊ အခုပဲ…" ယိချင်း စကားစပြောပေမဲ့ ရှန်းရင်က အိမ်ထောင်ရေးနှင့် သားဖွားမှုသစ်ပင်ရှိရာဘက်ကို တစ်ဖန်ကြည့်နေကြောင်း သဘောပေါက်လိုက်တယ်။ သူမက လေးလေးနက်နက် စဉ်းစားနေတဲ့ပုံ။
"ဆရာ... ဆရာ”
"ဒါပေမဲ့ ကြည့်ရတာ မသင့်တော်သလိုပဲနော်"
ရှန်းရင်က ယိချင်းကို မျက်နှာချင်းဆိုင်လိုက်တယ်။ တစ်ခဏစဉ်းစားပြီးတဲ့နောက် သူမ ပြောလိုက်တယ်။
"စားဖိုမှူး၊ နင် မထင်ဘူး-"
"တွေ့ပြီ" သူတို့ရှေ့ရှိနေတဲ့ ကူယွဲ့က ရုတ်တရက် ထအော်တယ်။ သူက သေတ္တာကို နောက်တစ်ကြိမ် ကြည့်ပြီး အောက်ဆီညွှန်ပြတယ်။
"အဲမှာပဲ"
အမှန်တကယ်ပဲ၊ ခရမ်းရောင်အငွေ့တွေ ပါရှိတဲ့ သေတ္တာက ခရမ်းရောင်အလင်းဖြင့် အင်မတန်ဖျော့တော့စွာ တောက်ပလာခဲ့တယ်။ တစ်ခုခုက ဒါကို အောက်ဘက် ဆွဲချနေသလိုပဲ။
သူတို့ အောက်ဆင်းခဲ့တယ်။ အံ့သြစရာကောင်းတာက ဒါ တောအုပ်တစ်ခုပဲ။ သူတို့ပတ်လည်မှာ ရှည်လျားပြီး ခိုင်ခံ့တဲ့သစ်ပင်တွေ။ အရင်က ဒီကိုလူတွေ အများကြီးလာပုံမရဘူး။ တောထဲကို ဝင်လိုက်တာနဲ့ အလင်းရောင် ပျောက်သွားတယ်။ သူတို့ ပတ်ဝန်းကျင်က မည်းမှောင်လာတယ်။
သုံးယောက်စလုံး နည်းနည်းအံ့သြသွားကြတယ်။ အစက သူတို့ အလှဆင်ပစ္စည်းတွေနဲ့ ဆင်တူတဲ့ ဓမ္မအသုံးအဆောင်အမျိုးမျိုးမှာ ခရမ်းရောင်အငွေ့ကို တွေ့ခဲ့တာ။ သေချာပေါက် သူတို့ကို တခြားပုံစံတူတဲ့ ရှေးဟောင်းပစ္စည်းတွေဆီ ခေါ်ဆောင်သွားလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီသစ်တောမှာ ဆင်တူတဲ့ ရှေးဟောင်းပစ္စည်းတွေ ရှိပုံမပေါ်ပါဘူး။
ကူယွဲ့ ကောင်းကင်စိတ်အာရုံကိုသုံးပြီး သစ်တောကို အမြန်စစ်ဆေးလိုက်ပေမဲ့ ဘာမှရှာမတွေ့။ မျက်မှောင်ကြုတ်ကာ သူ မေးလိုက်တယ်။
"ဘာလို့ ဘာမှရှာမတွေ့တာလဲ" တကယ်လို့ ခရမ်းရောင်အငွေ့မှန်ရင် ဒီနေရာမှာ တစ်ခုခု ရှာတွေ့သင့်တယ်လေ။
သုံးယောက်သား လူခွဲပြီး လှည့်ပတ်ကြည့်လိုက်တယ်။
“ဖေဖေနျို၊ ခင်ဗျားမခံစားရဘူးလား…” ယိချင်း သူတို့ပတ်ဝန်းကျင်က သစ်ပင်တွေကို လက်ညှိုးထိုးပြလိုက်တယ်။
"ဒီသစ်ပင်တွေအားလုံးက ထူးခြားတဲ့အနေအထားနဲ့ ပေါက်နေတယ်လို့ မခံစားရဘူးလား"
သစ်ပင်တွေ;
ဒီအချိန် ကူယွဲ့ သူတို့ပတ်ဝန်းကျင်က သံသယဖြစ်စရာ မြင့်မားနေတဲ့ သစ်ပင်တွေအကြောင်း သဘောပေါက်သွားခဲ့တယ်။ အနီးကပ် စစ်ဆေးကြည့်ပြီး မျက်လုံးတွေ ပြူးကျယ်သွားလေရဲ့။ "ဒါက အင်းကွက်တစ်ခုပဲ"
ယိချင်းနဲ့ကူယွဲ့တို့ မျက်လုံးတွေ အံ့သြခြင်းတွေနဲ့ တလက်လက်တောက်ပသွားတယ်။ အင်းကွက်တွေက ထိန်းထားဖို့ စွမ်းအင်တစ်မျိုးမျိုး လိုအပ်ကြတယ် - ဝိညာဉ်ချီ၊ မသေမျိုးချီ၊ ဒါမှမဟုတ် နတ်ဆိုးချီတွေက ပုံမှန်အရတော့ ဆောင်ရွက်ပေးကြတယ်။ ဒါပေမဲ့၊ ဒီအင်းကွက်ကိုတော့ သဘာဝသစ်ပင်တွေက ပံ့ပိုးပေးနေပုံပဲ။ သစ်ပင် အမြစ်တွေက အမတသွေးကြောတွေစီးဆင်းတဲ့ မြေကြီးထဲ ခင်နက်နက် မြုပ်နေတယ်။ သဘာဝအရ အင်းကွက်က သစ်ပင်တွေဆီက အထောက်အပံ့ကိုရယူပြီး တချို့တလေ ရနိုင်မှာပေါ့။ ဒါက ဒီအင်းကွက်ကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်တဲ့ အကြောင်းအရင်းပဲ။ ဒီနေရာက အမတ စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်လို့ အပြင်လူတွေကမြင်မယ်။ ဒါပေမဲ့ဒီနေရာမှာတင် အင်းကွက်တစ်ခုရှိနေတယ်လို့တော့ ဘယ်သူမှ သဘောပေါက်မှာမဟုတ်ဘူး။
ဒီလိုအင်းကွက်ကို သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲ။ တကယ့်ကို ဖန်တီးသူက တီထွင်နိုင်စွမ်းရှိတယ်။
ကူယွဲ့ သစ်ပင်တစ်ပင်ဆီ လျှောက်သွားပြီး မသေမျိုးချီတချို့ကို အသက်သွင်းလိုက်တယ်။ မသေမျိုးချီ စွမ်းအားကိုအသုံးပြုပြီး အင်းကွက်စီးဆင်းမှုကိုပြောင်းလဲကာ ချိုးဖွင့်လိုက်တယ်။
တစ်ချိန်တည်းမှာ သူတို့မျက်စိရှေ့က ထူထပ်တဲ့ တောအုပ်ကြီးက တုန်လှုပ်သွားတယ်။ ကန့်လန့်ကာတွေ ခုမှ ပွင့်သွားသလိုမျိုး သစ်တောက ပျောက်ကွယ်သွားတယ်။ အဲနေရာမှာ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်တစ်ခုရှိနေလေရဲ့။
သူတို့ပတ်ပတ်လည်က မသေမျိုးချီတွေ တဟုန်ထိုး တက်လာပြီး သူတို့ကို အမတသွေးကြောတစ်ခုထဲ ရပ်နေသလို ခံစားရစေတယ်။
"ဒါ ရှေးဟောင်း အထိမ်းအမှတ်အဆောက်အအုံလို့ ထင်တယ်" ကူယွဲ့ မသေမျိုးချီ လွှမ်းခြုံထားတဲ့ နန်းတော်ကို စူးစမ်းလေ့လာလိုက်တယ်။
"အထဲဝင်ကြည့်ရအောင်၊ သတိထားဦး"
သူ ရှေ့တက်သွားပြီး ယိချင်းက သူ့နောက်ကနေ လိုက်တယ်။ ရှန်းရင်က သူတို့နောက်မှာ။
"အယ်" သူမ တံခါးကနေ ဖြတ်ဖို့ရှိသေး တန့်သွားပြီး သူတို့နောက်က တောအုပ်ကို လှည့်ကြည့်လိုက်တယ်။
"ဆရာ" ယိချင်းက ရှန်းရင် ခေတ္တရပ်သွားတာကို သတိပြုမိပြီး လှည့်မေးလိုက်တယ်။
ရှန်းရင်က မျက်လွှာချပြီး ရှေ့ဘက် ပြန်လှည့်လာတယ်။
"အဆင်ပြေပါတယ်၊ သွားကြရအောင်"
သူတို့ရှေ့ ကျောက်စိမ်းနှင့်တူတဲ့ လှေကားလေးတစ်ခု ပေါ်လာပြီး လေထုအလယ်မှာ မျောနေတဲ့ အရှေ့ခန်းမဆောင်ဆီရောက်အောင်ပို့ပေးတဲ့ လမ်းတိုလေးတစ်ခုကိုပြသနေတယ်။
သုံးယောက်သား လှေကားထစ်ကို တက်လာကြတယ်။ ခဏအကြာ သူတို့ ကြီးမားတဲ့ ကွင်းတစ်ခုဆီ ရောက်လာတယ်။ ကွင်းက အင်မတန်ကျယ်ဝန်းတာမို့ နယ်နိမိတ်တွေကို မမြင်ရ။ ချက်ခြင်းဆိုသလိုပဲ သူတို့ဓားတွေပေါ်တက်ကာ အရှေ့ခန်းမဆီ ကွင်းပြင်ကို ဖြတ်ပြီး ပျံသန်းခဲ့တယ်။
ခန်းမဆောင်အပေါ်မှာ အနီရောင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားတယ်။ ဆိုင်းဘုတ်ပေါ် ခရမ်းရောင်ညနန်းတော်ဆိုတဲ့ စာလုံးသုံးလုံးရေးထားလေရဲ့။ စာလုံးက ရဲတင်းပြီး အားကောင်းကာ အာဏာတချို့ အမိန့်ပေးနေသလိုပဲ။ ကူယွဲ့နဲ့ယိချင်းတို့ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားခဲ့တယ်။ သူတို့ အကြည့်လွှဲလိုက်ပြီး ထပ်မကြည့်တော့ဘူး။
တစ်ဖက်မှာတော့ ရှန်းရင်က ခေါင်းကို မော့ကာ အကြာကြီးကြည့်နေတယ်။
ဟေး
ခန်းမတံခါးက တင်းတင်းကြပ်ကြပ် ပိတ်ထားတယ်။ အင်းကွက်တစ်ခု နှစ်ခုနဲ့ ကာကွယ်ထားတယ်လို့ ကူယွဲ့ ထင်ခဲ့တာ။ ဒါပေမဲ့ သူအံ့သြသင့်သွားရလောက်အောင် တွန်းလိုက်ချိန် တံခါးက ပွင့်ဟသွားခဲ့တယ်။
သုံးယောက်သား ခန်းမထဲ ဝင်လိုက်ချိန် အပြင်ဘက်မှာလိုပဲ လုံးဝဗလာဖြစ်နေကြောင်း သိလိုက်ရတယ်။ ဒီနေရာက မသေမျိုးချီ ထူထဲလွန်းလို့ အမတဘုံက ကောင်းကင်နန်းတော်တွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူတို့ အထဲရောက်ချိန် တုန်လှုပ်ချောက်ချားစရာ ခံစားချက်တစ်ခု ရခဲ့တယ်။ ဒီနေရာက စွန့်ပစ်ခံထားရတာ အချိန်အတော်ကြာနေခဲ့တဲ့ပုံပဲ။ ထူးဆန်းတာက အရာအားလုံးက ပြီးပြည့်စုံတဲ့ အခြေအနေ။ အတွင်းမှာ ဖုန်မှုန့်အမှုန်အမွှားတောင် မရှိဘူး။ ဒီနေရာကို တစ်ယောက်ယောက် ရောက်ဖူးတဲ့ အရိပ်အယောင်မရှိ။
"မြန်မြန်၊ အလယ်ကိုကြည့်" မသေမျိုးချီ အထူဆုံးဖြစ်တဲ့ ခန်းမအလယ်ကို ညွှန်ပြရင်း ယိချင်း က အော်တယ်။
ကူယွဲ့ လှည့်ကြည့်လိုက်တယ်။ ခန်းမအလယ်မှာ ခရမ်းရောင်အလင်းတန်းတစ်ခုကို ဝိုးတဝါးတွေ့လိုက်ရတယ်။ သူ့ရင်ဘတ်တင်းကျပ်သွားပြီး ခပ်သွက်သွက် လျှောက်လာခဲ့တယ်။ အမှန်ပဲ အလယ်မှာ ကျောက်စိမ်းဖြူနဲ့ ပြုလုပ်ထားတဲ့စင်မြင့်တစ်ခု ရှိတယ်။ လင်းနေပေမဲ့ မီးမထွန်းထားဘဲ မီးခိုးနှင့်တူတဲ့ ခရမ်းရောင်အငွေ့နဲ့ ထွန်းထားတဲ့ မီးခွက်တစ်ခုရှိနေတယ်။
"ငါတို့တွေ့ပြီ" ကူယွဲ့ အော်ပြီး မီးခွက်ကို ကောက်ကိုင်လိုက်မိတယ်။
"တကယ်ပဲ ခရမ်းရောင်…"
"ဖေဖေနျို" သူ စကားမဆုံးခင် ယိချင်းက ထိတ်လန့်တကြား မျက်လုံးပြူးသွားတယ်။
"ချလိုက်"
ဟမ်။
ကူယွဲ့က တန့်သွားတယ်။ ခရမ်းရောင်အငွေ့တွေက ခရမ်းရောင်မီးတောက်တွေအဖြစ် ပြောင်းလဲသွားပြီး အရှိန်အဟုန်နဲ့ ပျံ့နှံ့လာတာကို မြင်လိုက်ရတယ်။ သူတို့က သူ့အောက်လက်မောင်းကို ဝါးမျိုပြီး သူ့တစ်ကိုယ်လုံးကိုပါ ဝါးမျိုဖို့ ခြိမ်းခြောက်နေလေရဲ့။
မီးခွက်ကို ဆုပ်ကိုင်ထားတာကနေ လွှတ်ချဖို့ ကြိုးစားပေမဲ့ မရ။ သူ့လက်မောင်းက ခု ထုံနေတယ်။
ယိချင်းက ဓားချီကို အသက်သွင်းပြီး ကူယွဲ့ဘက် ဦးတည်လိုက်ကာ ခရမ်းရောင်မီးတောက်တွေကို သူ့လက်မောင်းကနေ ပြန်ဆုတ်သွားစေလိုက်တယ်။ မီးခွက်က ကြမ်းပြင်ပေါ် ချလွင်ခနဲကျသွားတယ်။ ကူယွဲ့ ဝတ်ရုံလက်တွေ လုံးဝ မီးလောင်ကျွမ်းသွားပြီး သူ့ အောက်လက်မောင်းက ဆိုးဆိုးရွားရွား အမာရွတ် ကျန်ရစ်ခဲ့တယ်။
သူ့ရင်ထိတ်သွားတယ်။ အဲဒါ ဘာသိုင်းလဲ။ သူ လုံးဝ သူ့လက်မောင်းကို ခံစားလို့မရခဲ့ဘူး။
သူ နားမလည်နိုင်ခင် ခန်းမတံခါးက သူ့ဘာသာဂျိန်းခနဲပိတ်သွားတယ်။
ခန်းမတစ်ခုလုံး လင်းထိန်သွားတယ်။ အမှောင်ထုက မျက်စိကျိန်းစရာ အဖြူရောင်အလင်းရောင်အဖြစ် ပြောင်းလဲကုန်တယ်။ ခန်းမဆောင်အပေါ်ကနေ အလင်းတန်းတစ်ခု လင်းထိန်လာတာမို့ အလယ်တည့်တည့်မှာ အပေါက်ကြီးတစ်ခု ပေါ်လာတယ်။
စိတ်လှုပ်ရှားထိခိုက်နေတဲ့ အသံတစ်ခု ထွက်လာလေရဲ့။
"နောက်ဆုံးတော့ စီမံထိန်းသိမ်းသူ ဒီကိုရောက်လာပြီပဲ"