← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း ၃၆၇ ။ ကောင်းကင်နဲ့မြေကြီး ဖွဲ့စည်းခြင်း

လူတိုင်း တိတ်သွားပြီး သူတို့ရှေ့က မယုံနိုင်စရာ မြင်ကွင်းကိုကြည့်လိုက်တယ်။ ကူယွဲ့နဲ့ယိချင်းတောင် မှင်တက်နေတယ်။ သူတို့တွေ ရှန်းရင်ရဲ့ ကြောက်ခမန်းလိလိ အစွမ်းတွေကိုသိပြီးတာကြာလှပြီမဲ့ သူမ ဟင်းလင်းပြင်ကို ဖွင့်ဟပြီး ကောင်းကင်နဲ့မြေကြီးကို ခွဲတာမြင်ရတော့ မှင်တက်မိဆဲပဲ။ ကမ္ဘာငယ်တစ်ခုကို ဖွင့်သလိုမျိုးမဟုတ်ဘဲ ဒါက မျက်နှာပြင်တစ်ခုလုံးလေ။ သူရုတ်တရက် ရှန်းကျင်း သူမကို မျက်နှာပြင်တာဝန်ယူဖို့ကန့်ကွက်ခဲ့ချိန်က သူမဟာ မျက်နှာပြင်အသစ်တစ်ခုကို လုံးဝဖွင့်နိုင်စွမ်း ရှိတယ်လို့ ပြောခဲ့တာကို ရုတ်တရက် သတိရသွားတယ်။ အခုတော့ တကယ်ကို အမှန်ဖြစ်ပုံပဲ။

ဒါ... မျက်နှာပြင်ကို ကျော်လွန်သွားတဲ့ စီမံထိန်းသိမ်းသူလား။

လူတိုင်းက အချိန်တစ်ခုကြာ အကြီးအကျယ်ထိတ်လန့်ကာ နစ်မြောနေကြတယ်။

အဲမတိုင်ခင်ထိ...။

"ဗိုက်ဆာလိုက်တာ" ရှန်းရင်က ရုတ်တရက် ရပ်သွားပြီး သူမနောက်ကလူတွေကိုလှည့်ကြည့်တယ်။

"ဖေဖေနျို၊ ငါ အဆာပြေမုန့်တချို့ အရင်စားရင်ရော"

"ထွက်သွား" ကူယွဲ့နှုတ်ခမ်းတွန့်သွားတယ်။ ချက်ချင်းပဲ အံ့ဩမှင်တက်မှုအကြည့်က ပေါက်သွားတဲ့ ပူစီဖောင်းလို ပျောက်ကွယ်သွားခံ့တယ်။

"မင်း မီတာ၅၀ပဲ လမ်းလျှောက်ရသေးတာလေ"

ဟုန်မုန့် ။ ။ "..."

ယိချင်း ။ ။ "..."

အားလုံး ။ ။ "..."

သူမက တကယ်ပဲ အဲအစားသရဲပါပဲ။

——————

ရှန်းရင် ၈နာရီတိတိ လျှောက်ပြီးချိန်မှာတော့ ကောင်းကင်နဲ့မြေကြီးကို လုံးဝခွဲခြားပြီးသွားတယ်။ သူမ အလယ်မှာ စားသောက်စရာတောင်းဆိုဖို့ ရပ်ခဲ့သေးတယ်။ ကံကောင်းလို့ စားဖိုမှူးက သူ့သိုလှောင်အိတ်ထဲ စားစရာထည့်ထားလို့ပေါ့။ ဘေးကနေ ဟင်းပွဲတွေ အသီးတွေကမ်းပေးတဲ့သူနဲ့ တစ်ယောက်သောငပျင်းက နောက်ဆုံးတော့ တောင့်ခံနိုင်ခဲ့တယ်။

မျက်နှာပြင်တစ်ခုဖွင့်တဲ့ ကြီးကျယ်ခမ်းနားတဲ့လုပ်ရပ်က သူမအတွက်တော့ မာရသွန်ပြိုင်ပွဲလိုပဲ။

အဲအခိုက်အတန့်မှာ မျက်နှာပြင်က ဖွဲ့စည်းပြီးလုကာစ။ သူမ အဲအက်ကွဲရာအတိုင်း လမ်းဆက်လျှောက်ဖို့မလိုတော့ဘူး။ အက်ကွဲကြောင်းက သူ့ဘာသာ ကောင်းကင်နဲ့မြေကြီးကို မျက်နှာပြင်အသစ် လုံးဝဖွဲ့စည်းပြီးချိန်ထိ ဆက်ခွဲခြားသွားမှာ။

သူမလည်း အဲဒီကျိုးပဲ့နေတဲ့ ကမ္ဘာငယ်လေးကို ဒီမျက်နှာပြင်နဲ့ ပေါင်းစပ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲကမ္ဘာငယ်က သက်ရှိတွေက စတည်းက ဒီမျက်နှာပြင်နဲ့ သက်ဆိုင်တာပဲ။ အဲခရမ်းရောင်ရေပန်းနဲ့ ဟုန်မုန့်လည်း ဒီမျက်နှာပြင်ထဲ ပျော်ဝင်သွားခိုင်းဖို့ ရွေးချယ်လိုက်တယ်။ ဒီလိုနည်းနဲ့ဆို မျက်နှာပြင်က သက်ရှိတိုင်း ဘယ်နေရာမှာမဆို ရှင်သန်စည်ပင်နိုင်ပြီ။ တစ်ချိန်က ဟင်းလင်းပြင် ဝါးမျိုတာခံခဲ့ရတဲ့ သက်ရှိအားလုံး ပြန်ရောက်လာမဲ့ တစ်နေ့ဆိုတာ ရှိလာမှာပဲ။

ဟုန်မုန့် ပြန်လည်မွေးဖွားလာတဲ့မျက်နှာပြင်ကို ခံစားချက်အပြည့်မျက်ဝန်းတွေနဲ့ ကြည့်မိတယ်။ ဒီကိုပြန်လာပြီးတဲ့နောက် သူ့ကိုယ်ထဲက အဲဒီဆွဲငင်နေတဲ့ခံစားချက်က လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ လွင့်မျောနေတဲ့နှလုံးသားလည်း ချက်ချင်း ပိုင်ဆိုင်မှုဆိုတဲ့ ခံစားချက်မျိုး ရလိုက်တယ်။ ဒါက ဘာမှမရှိသေးတဲ့ ကမ္ဘာတစ်ခုဖြစ်နေသေးပေမဲ့ ဒါက... သူတို့အိမ်လေ။

"ကျေး... ကျေးဇူးတင်ပါတယ်" ဟုန်မုန့်က ရှန်းရင်ဘက် မျက်ရည်အပြည့်နဲ့ ဒူးထောက်တယ်။

"ကျေးဇူးတင်ပါတယ်၊ တခြားကမ္ဘာက စီမံထိန်းသိမ်းသူ"

တခြားသူတွေလည်း လိုက်လုပ်ကြပြီး မျက်ဝန်းတွေထဲ တူညီတဲ့ခံစားချက်တွေ။

"အိုး" ရှန်းရင် လက်ယမ်းပြလိုက်တယ်။

"ဘာမှမဖြစ်ပါဘူး၊ ဒါက နင်တို့ ကျေးဇူးတင်သင့်တာပဲဟာ"

အားလုံး ။ ။ "..."

သူမက တကယ်ကို... အလွန်အကျွံ လောကွတ်ချော်တာမရှိဘူးပဲ။

-_-|||

ကူယွဲ့ချောင်းဟန့်ကာ ရှေ့တက်လိုက်တယ်။

"မင်းတို့မျက်နှာပြင်က အသစ်ဖွားမြင်ပြီး ဘာမှမရှိသေးဘူး" သူတို့က အမတတွေဆိုပေမဲ့ ဒီကမ္ဘာမှာ မသေမျိုးနဲ့ ဝိညာဉ်ချီက မမွေးဖွားသေးဘူး။

"အရင်အတိုင်း ပြန်ဖြစ်ဖို့က မင်းတို့တာဝန်ပဲ၊ ငါတို့ဆက်မဝင်ပါတော့ဘူး"

"အင်း ငါတို့နားလည်ပါတယ်" ဟုန်မုန့်က ခံစားချက်အပြည့်နဲ့ ခေါင်းညိတ်တယ်။ သူတို့အိပ်မက်ထဲ ဒီကိုပြန်လာနိုင်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးဘူး။ ဒါကတင် ကောင်းလွန်းနေပြီ။

"ပြီးတော့ အဲအပြင်ဘုံကို ဒီမျက်နှာပြင်ထဲ ထည့်သွင်းပြီးပြီ" ကူယွဲ့မျက်မှောင်ကြုတ်ကာ ဆက်ရှင်းပြလိုက်တယ်။

"သူတို့က ဒီမျက်နှာပြင်ရဲ့ သက်ရှိတွေအနေနဲ့ စတင်ခဲ့တာဆိုပေမဲ့ အတိတ်က အဲဒီကျူးကျော်သူတွေကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အရမ်းသက်ရောက်ခံခဲ့ရတယ်၊ ပြီးတော့ မျက်နှာပြင်ရုတ်တရက်ပြောင်းလဲမှုနဲ့၊ မသေမျိုးချီ၊ ဝိညာဉ်ချီပျောက်ဆုံးမှုပါ ပေါင်းထည့်လိုက်ရင် သူတို့တွေ ပြဿနာရှာလောက်တယ်၊ မင်းတို့ ကြိုပြင်ထားသင့်တယ်"

ဟုန်မုန့်အကြည့်တွေ နက်ရှိုင်းသွားပြီး ခေါင်းညိတ်လိုက်တယ်။ အဲလူတွေက အမြဲ အပြင်ဘုံမှာနေခဲ့တာ၊ မျက်နှာပြင်ပြောင်းလဲမှုအကြောင်း မသိလောက်သေးဘူး။

"သတိပေးမှုအတွက်ကျေးဌူးပါ တာအိုရောင်းရင်းကူယွဲ့၊ ငါတို့ မှတ်ထားပါ့မယ်"

"အင်း" ကူယွဲ့ ပတ်ဝန်းကျင်က မြေတီးလွင်ပြင်ကို လှည့်လည်ကြည့်ရှုလိုက်တယ်။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် သူတို့မျက်နှာပြင်ပဲ။ ခုလေးတင် သူတို့ကို ပြန်တည်ဆောက်ဖို့ ကူညီပေးတာက သူတို့အရင်ကကူညီမှုရဲ့ အကြွေးပြန်ဆပ်မှုဖြစ်ပြီးသားပဲ။ ကျန်တာကတော့ သူတို့ဝင်စွက်ဖက်ဖို့ သင့်တော်မယ်မထင်ဘူး။

"အခု မျက်နှာပြင်က မင်းတို့အားလုံးဆီ ပြန်ရောက်လာပြီဆိုတော့ ငါတို့ပြန်သွားတော့မယ်"

ဟုန်မုန့်က တခဏမှင်တက်သွားပြီး နှုတ်ခမ်းထောင့်က လှုပ်သွားခဲ့တယ်။ သူ တခြားသူတွေနဲ့ အကြည့်ချင်း ဖလှယ်ကာ ဘာပြောရမလဲ မသိသလိုမျိုးပဲ။ သူ့မျက်လုံးတွေထဲ အဲဒီမှုန်မှိုင်းနေတဲ့ခံစားချက်တွေ မရှိတော့ဘဲ သူတို့အပေါ် စိတ်ရင်းအတိုင်းကျေးဇူးတင်မှု၊ အသစ်ပေါက်ဖွားလာတဲ့မျက်နှာပြင်အတွက် မျှော်လင့်ချက်ပဲရှိနေတယ်။ မျက်လုံးတွေက တောက်ပနေလိုက်တာ နည်းနည်းတောင်မျက်စိကျိန်းစရာ။

နောက်ဆုံးတော့ သူတို့က နောက်တစ်ကြိမ် ဂါရ၀ပြုတယ်။

"ဒီပြန်လည်မွေးဖွားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ကူယွဲ့ သက်ပြင်းချကာ ဆက်စကားရှည်မနေတော့ဘဲ ဝူတိဂိုဏ်းဆီ ရှန်းရင်၊ ယိချင်းနဲ့ပြန်ခဲ့တယ်။ ပြန်ရောက်မှပဲ နေမြင့်နေပြီဆိုတာ သိလိုက်ရတယ်။ သူတို့ ဒီရက်ပိုင်းအတွင်း တကယ်ကို အလုပ်ရှုပ်နေခဲ့တာပဲ။

ရှန်းရင်က အိပ်ရာပေါ် တန်းအိပ်ပျော်သွားပြီး ဟောက်သံတောင် အခန်းအပြင်က ကြားနေရတယ်။ တစ်ယောက်ယောက် သူမကို နှောင့်ယှက်မှာစိုးရိမ်လို့ စားဖိုမှူးက အခန်းအပြင်မှာ ထိုင်ချပြီး တရားထိုင်နေတယ်။

တစ်စုံတစ်ယောက်ရဲ့ နှိုးခံရရင် ထွက်နေကျဒေါသကို စဥ်းစားကြည့်မိတော့ ကူယွဲ့ ‌ဝင်နှောင့်ယှက်ဖို့ မကြိုးစားဘဲ ယွီဟုန်ကို တန်းသွားရှာခဲ့တယ်။ ငမည်းလေးကိစ္စနဲ့ မျက်နှာပြင်ပြဿနာပါ လိုက်လာတာမို့ သူတို့ အလုပ်ကနေ မနားရသေးဘူး။ ခုမှ သူ ဝူတိဂိုဏ်းက အခြေအနေကို ပြန်လေ့လာဖို့ အချိန်ရှိတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်သွားတာ နှစ်၃၀၀၀ကြာခဲ့ပြီး အလကား ပိုက်ဆံပေးနေကျ လန်ဟွားက တာဝန်ယူထားခဲ့တာ။ ခု... ငွေစာရင်းစစ်ဖို့အချိန်ပဲ

သူ ဧည့်သည်ခန်းမဆီ လှည့်ပျံသန်းလာခဲ့တယ်။ သူ့စိတ်ထဲ တစ်ခုခု မေ့နေသလိုခံစားရပေမဲ့ လောလောဆယ် ဘာလဲစဉ်းစားမရ။ ထားပါတော့လေ၊ ကိစ္စမရှိဘူးနေမှာ

တစ်ချိန်တည်းတွင် ကောင်းကင်ဘုံ၌။

ဟင်းလင်းပြင်ဖြစ်နေတဲ့ ကြယ်ကောင်းကင်မှာ နိုးလာတဲ့ တစ်ခုသော မုန်လာဥဖြူ ။ ။ "..." သောက်ရေးပဲ

——————

ဟုန်မုန့်တို့အဖွဲ့ ထွက်သွားပြီးကတည်းက မျက်နှာပြင်တစ်ခုလုံး လုံးဝတည်ငြိမ်သွားခဲ့ပြီး မျက်နှာပြင်သတိပေးချက် မကြားရတာ အချိန်အတော်ကြာပြီ။ ရှန်းရင်က နောက်ဆုံးတော့ စားသောက်တာနဲ့ စားစရာစောင့်ဆိုင်းတာ တစ်လှည့်စီလုပ်ရတဲ့ ပျော်ရွှင်စရာဘဝမှာ နေထိုင်ခွင့်ရတော့တယ်။ တစ်ခါတလေ ဖေဖေနျိုက မုန်လာဥဖြူကိုရေလောင်းခိုင်းဖို့ စီစဉ်တာကလွဲလို့ သူမမှာ တခြားတာဝန်မရှိဘူး။

ကူယွဲ့က စာရင်း စစ်ဆေးပြီးနောက်မှ မုန်လာဥဖြူကို ကောင်းကင်ဘုံက ပြန်လည်ခေါ်ယူခဲ့တယ်။ အရင်နှစ်တွေမှာ ဂိုဏ်းထဲက ဝိညာဉ်အပင်ထုတ်လုပ်မှုက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ လျော့နည်းခဲ့ပြီး ဒါက တစ်ခုသော အပင်ရဲ့ ဆိုးရွားတဲ့ အလုပ်သဘောထားကြောင့် ဆိုတာ ထင်ရှားတယ်။

ဒါပေမဲ့ ကူယွဲ့ စိတ်သက်သာရာရစရာက ဂိုဏ်းရဲ့ဘဏ္ဍာရေးအခြေအနေက သူမျှော်လင့်ထားသလောက် မဆိုးဘူး။ ပြောရရင် ငွေဖြုန်းတီးတဲ့ တစ်စုံတစ်ယောက်သောကလေးရဲ့ နည်းလမ်းတွေနဲ့ဆို နှစ် ၃၀၀၀ အကြာမှာ ကောင်းကင်နန်းတော်ကို မရောင်းရတာနဲ့တင် ဂိုဏ်းက ကံကောင်းနေပြီ။ ဒါပေမဲ့ အဖြစ်မှန်က ဆန့်ကျင်ဘက်ပဲ။ ဂိုဏ်း ၀င်ငွေက မကျဆင်းရုံတင်မက နှစ်တွေကြာလာတာနဲ့အမျှ နည်းနည်းစီ တိုးလာခဲ့တယ်။ ဒါက အတော်လေး အံ့သြစရာပဲ။

"သူဌေးလန် မင်း ဘာလုပ်လိုက်တာလဲ" ကူယွဲ့ မမေးဘဲ မနေနိုင်။

လန်ဟွားက အံ့အားသင့်သွားပြီး တန်းမျက်ဆန်လှန်လိုက်တယ်။

"ငါဘယ်လိုလုပ်သိမလဲ၊ ယွီဟုန်နဲ့ တခြားသူတွေက ဒီနှစ်တွေအတွင်း ဂိုဏ်းကိစ္စတွေကို တာဝန်ယူထားတာ မဟုတ်ဘူးလား"

"အာ၊ ဒါဆိုမင်း..."

"ငါတကယ် အိမ်ငှားခပေးတယ်နော်" လန်ဟွားက အပြစ်ကင်းတဲ့အကြည့်နဲ့ လက်တစ်ဖက် မြှောက်တယ်။

"မယုံရင် ယွီဟုန့်ကို မေးကြည့်"

ကူယွဲ့ ။ ။ "..." သူ တစ်ခုခု အထင်မှားနေတာမဟုတ်လား။

အဲတော့ ဒီလောက်နှစ်တွေအကြာမှာတောင် ဂိုဏ်းထဲက သူ့နေရာက အိမ်ငှားဘဝပဲ ရှိသေးတဲ့အပြင် အလကားအလုပ်လုပ်ပေးရသူပေါ့။ မင်းကိုယ်တိုင်က နတ်ဆိုးဘုရင်ကျင့်ကြံဆင့်ဆိုတာ မေ့နေတာလား။

ကူယွဲ့ စာရင်းစာအုပ်ကို တိတ်တိတ်လေးပိတ်ပြီး ဒီအံ့ဩသင့်စရာအထင်လွဲမှားမှုကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

"နောက်လ အိမ်ငှားခတိုးမယ်"

လန်ဟွား ။ ။ "..." မင်း လူရော ဟုတ်သေးရဲ့လား။

ကူယွဲ့ အင်မတန် စိတ်ကြည်လင်စွာနဲ့ ဧည့်သည်ခန်းမဆောင်က ထွက်လာခဲ့တယ်။ ယွီဟုန်က အလုပ်ကောင်းကောင်း လုပ်ပြီး သူ့နှစ်ပေါင်းများစွာသင်ကြားမှုကို အလဟဿ မဖြစ်စေခဲ့ဘူးလို့ပြောရမယ်။ ဂိုဏ်းထဲက ဘယ်တပည့်မှ ဓားကျင့်ကြံသူအဆင့်ကို မရောက်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... သူ့ဗဟုသုတကိုတော့ ဆက်ခံခဲ့တာပဲ။

ʅ( ́◔౪◔)ʃ

သူ ယွီဟုန့်ကို ပိုက်ဆံအများကြီးနဲ့အန်ပေါင်းပေးမယ် ဆုံးဖြတ်လိုက်ယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မကြာခင် ငမည်းလေးကို လက်ထပ်တော့မှာဆိုတော့ လက်ဆောင်ငွေက လစ်ဟင်းနေလို့မဖြစ်ချေဘူး။

…

အခန်း ၃၆၈ ။ သဟဇီဝစာချုပ်

ယွီဟုန်နဲ့ ငမည်းလေးတို့ လက်ထပ်ခဲ့ကြတယ်။ ဟုန်မုန့်တို့လူစုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက် သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေကို နားလည်သွားကြတယ်။ ယွီဟုန်ကလည်း ငမည်းလေးကို လက်ခံလိုစိတ်ရှိတယ်။ သူတို့ရည်ရွယ်ချက်ကို အတည်ပြုပြီးနောက်၊ ကူယွဲ့ကိုယ်တိုင် သူတို့နှစ်ဦး စုံတွဲအခမ်းအနားကျင်းပရာမှာ ကူညီခဲ့တယ်။

သူတို့ နှစ်ယောက် လက်ထပ်တဲ့ သတင်းတွေ ထွက်လာတာနဲ့ တိုက်ကြီးဆယ်ခုက ဂုဏ်ပြု လက်ဆောင်အသီးသီး ပေးပို့ခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မသေမျိုးတွေနဲ့ နတ်ဆိုးတွေက အင်မတန် သင့်သင့်မြတ်မြတ် နေထိုင်လာခဲ့ကြလို့ထင်တယ်။ ဒါမှမဟုတ် ငမည်းလေးရဲ့ ဆန္ဒတွေကို အမြဲသိနေခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်။ သူတို့အိမ်ထောင်ရေးအကြောင်း ကြားပြီးနောက်ပိုင်း ဘယ်သူမှ ပြဿနာမရှာဘဲ လူအများစုက သူတို့ထင်ထားပြီး မျှော်လ‌င့်နေတာကြာပြီဆိုတဲ့အတိုင်း လက်ထပ်ပွဲကို ဂုဏ်ပြုခဲ့ကြတယ်။

သေချာပေါက်... နတ်ဆိုးဘုံရဲ့ ကောင်းကင်မိစ္ဆာဆယ်ယောက်ကလွဲပြီးတော့ပေါ့

သူတို့ရဲ့ နတ်ဆိုးဘုရင် နောက်ဆုံးတော့ လက်ထပ်သွားချိန် အပျော်ဆုံးဖြစ်သင့်တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ငမည်းလေး တစ်စုံတစ်ဦးကို နှစ်ထောင်ပေါင်းများစွာ ပိုးပန်းခဲ့တာကို မျက်မြင်တွေ့ခဲ့ကြရတာလေ။ ဒါပေမဲ့ ငမည်းလေးက လက်ထပ်ချိန် သူတို့အားလုံးကို သူနဲ့အတူ ဆွဲချသွားမယ်လို့ မထင်ထားခဲ့ကြဘူး။ ယွီဟုန်က သူ့ကို သဘောတူလိုက်တာနဲ့ သူက နတ်ဆိုးဘုံမှာရှိတဲ့ နတ်ဆိုးထောင်ချီကို ချက်ချင်း လက်ကနေဆေးကြောလိုက်တယ်။ သူ့ကိုယ်သူ သန့်စင်ပြီး ချက်ချင်း လက်ထပ်သွားခဲ့တာပဲ။

သူက ဘုရင်အနေနဲ့ နတ်ဆိုးဘုံဆီ ပြန်မသွားရအောင် “နတ်ဆိုးဘုရင်အသစ်” ဆိုတဲ့ အကြောင်းပြချက်တောင် အသုံးပြုခဲ့တယ်။ သူ့အတွက်ကတော့ သူက အခု အိမ်ထောင်ရှင်တစ်ယောက် ဖြစ်နေပြီ။ နုနယ်တဲ့မိသားစုလေးကို အလုပ်က ထိခိုက်စေမှာ ခွင့်မပြုနိုင်ဘူး။ သူ မသွားခင်မှာ ပြောခဲ့သေးတယ်။

"မင်းတို့ တစ်ကောင်ကြွက်နတ်ဆိုးတွေ ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူး"

ကောင်းကင်မိစ္ဆာဆယ်ယောက် တစ်ယောက်ယောက်က သူတို့ကို ဓားနဲ့ထိုးသလိုမျိုး ရင်ဘတ်မှာ နာကျင်မှု ခံစားလိုက်ရတယ်။ နတ်ဆိုးဘုရင်ကို ပြန်လာဖို့ စည်းရုံးမှုက အချည်းနှီးပဲ။ သူတို့ရဲ့ လမ်းပျောက်နေတဲ့ နတ်ဆိုးတွေကို ကြည့်ပြီး ဝူတိဂိုဏ်းက အကူအညီကို ရှာဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူးဆိုတာ သူတို့ သဘောပေါက်သွားတယ်။

"ဒါ ငါနဲ့ ဘာဆိုင်လို့လဲ" လန်ဟွားက သူ့ဆီ အကူအညီပြေးလာတောင်းတဲ့ ကောင်းကင်မိစ္ဆာ ဆယ်ယောက်ကို ပြောလိုက်တယ်။

"ဘာလို့ မင်းတို့ ငါ့ကို မင်းတို့ဘုရင် ဖြစ်စေချင်တာလဲ"

"နတ်ဆိုးတွေအားလုံးထဲမှာ ခင်ဗျားရဲ့ ကျင့်ကြံဆင့်ကပဲ နတ်ဆိုးဘုရင်ဖြစ်ဖို့ လုံလောက်တာပါ"

ကောင်းကင်မိစ္ဆာဆယ်ယောက်က ငိိုယိုမြည်တမ်းကြသည်။ သူတို့ တကယ်ပဲ တခြားရွေးချယ်စရာ မရှိတော့ဘူးလား။

"မဖြစ်တာ" လန်ဟွား သူတို့ကို ချက်ချင်း ငြင်းလိုက်တယ်။ ကူယွဲ့ စျေးတွေ မတက်ခင် သူပေးဆောင်ခဲ့တဲ့ တစ်နှစ်ငှားခကိုတောင် အပြည့်အဝ အသုံးမပြုရသေးဘူး ပြီးတော့ စိတ်ကောင်းနဲ့ ကျန်တဲ့သူတွေ ပြန်လာကြပြီလေ။ အခု သူ ဂိုဏ်းကိစ္စကို ဖြေရှင်းရတာကနေ ကင်းလွတ်သွားခဲ့ပြီ။ နတ်ဆိုးလောကမှာ တခြားသူတွေရဲ့ အရှုပ်ထုတ်တွေကို ရှင်းလင်းဖို့အတွက် ဒီသာယာတဲ့ဘဝကို ဘာကြောင့် စွန့်လွှတ်ရမှာလဲ။ စားသောက်ဖို့ အနောက်ဥယျာဉ်ဆီ သွားတာနဲ့ရရင် သိပ်ကောင်းတယ် မဟုတ်ဘူးလား။

ကောင်းကင်မိစ္ဆာဆယ်ယောက် မျက်ရည်ကျလုဖြစ်နေပြီ။ နတ်ဆိုးဘုံမှာ အားအကြီးဆုံးနဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာဖို့ သူတို့ ကြိုးပမ်းနေကြတာ - လူတိုင်းက ဘာလို့ ဒီရာထူးကို အမှိုက်လို သဘောထားနေကြတာလဲ။ လန်ဟွား နှလုံးသားက သံမဏိနဲ့ လုပ်ထားတာကို တွေ့လိုက်ရတော့ သူ့ကို ဒီရာထူးယူဖို့ ဆွဲဆောင်လို့ရမဲ့ နည်းလမ်းမရှိတော့တာ သဘောပေါက်သွားခဲ့တယ်။ တခြားရွေးချယ်စရာမရှိဘဲ ကူယွဲ့ကိုပဲ အသနားခံဖို့ ဆုံးဖြတ်ခဲ့တယ်။

သူတို့ ဂရုမစိုက်နိုင်တော့ဘူး။ ကူယွဲ့က သူတို့ နတ်ဆိုးဘုရင်ကို သူတို့ထံက ယူသွားခဲ့တာပဲ - သူ တစ်ယောက်ကို ပြန်ပေးဖို့ တာဝန်ရှိတယ်။

ကူယွဲ့က စိတ်မဆိုး။ အဲဒီအစား သူက ကောင်းကင်မိစ္ဆာဆယ်ယောက်ကို ကြင်ကြင်နာနာ လမ်းပြခဲ့တယ်။ သူတို့ အရင်နတ်ဆိုးဘုရင် ဖြစ်တဲ့ ငမည်းလေးကို ပြန်ပေးဖို့ မတောင်းဆိုနိုင်တော့တဲ့အတွက် သူ့ရှေ့က နတ်ဆိုးဘုရင်ကို ရှာလို့ရတာပဲလေ...။ "ကျန့်" ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လေပြွန် ရောင်ယမ်းနေသူတစ်ယောက်လိုပေါ့။

သူတို့ကို လမ်းပြရင်း မြေပုံတစ်ခုကို ဆွဲထုတ်ကာ အဲဒီအတွက် ငွေတောင်းခဲ့တယ်။

ကောင်းကင်မိစ္ဆာတွေ သူတို့ မသေမျိုး ကျောက်တုံးအိတ်အားလုံးကို ဗလာကျင်းပြီး မြေပုံကို ယူကာ ကူယွဲ့ကို အပြည့်အ၀ ယုံကြည်နိုင်မလား မသိရဘဲ ဝူတိဂိုဏ်းက ထွက်ခွာသွားခဲ့တယ်။

ဒါက နောက်ဆုံးမှာ ယွီဟုန်နဲ့ ငမည်းလေးအတွက် မင်္ဂလာပွဲပြင်ဆင်ဖို့ ဝူတိဂိုဏ်း ဘယ်လိုအာရုံစိုက်နိုင်ခဲ့လဲ။

လွန်ခဲ့တဲ့နှစ်တွေက ယွီဟုန်က ဂိုဏ်းကို အတော်လေးကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ခဲ့တာမို့ထင်။ အဇဋာဧကရာဇ် ဆယ်ပါးစလုံး အခမ်းအနား တက်ရောက်ခဲ့ကြတယ်။ ဒါ့အပြင် သူတို့အားလုံးက ပြင်ဆင်ထားတဲ့ လက်ဆောင်တွေန၊ စစ်မှန်တဲ့ ဂုဏ်ပြုလွှာတွေနဲ့အတူ လာကြတာပဲ။ သူတို့ ပင်မခန်းမထဲ ဝင်လာပြီးတဲ့နောက် စားပွဲတစ်ခုမှာ ထိုင်ရင်း အသီးကို ဝါးကာ ပျင်းရိနေပုံပေါ်တဲ့ မင်္ဂလာပွဲအခမ်းအနားမှူးကို သတိပြုမိသွားတယ်။ သူတို့ ခလုတ်တိုက်လုနီးပါးပဲ။ သူတို့အားလုံး ပင်မဝင်ပေါက်မှာ ခေတ္တရပ်ပြီး ရှေ့တိုးမလား၊ နောက်ဆုတ်ရမလား မသိကြတော့ဘူး။

ကြီးမြတ်... ကြီးမြတ်... ကြီးမြတ်တဲ့နတ်သမီး

(゚Д゚≡゚Д゚)

သူတို့မျက်လုံးတွေက သူတို့ကို လှည့်စားနေတာလား။ ဘယ်အချိန်ကတည်းက သူမ ပြန်ရောက်လာတာလဲ။ သူတို့ ဘာလို့ ဒီသတင်းကို မရခဲ့တာလဲ။ ဒါက ထင်ယောင်ထင်မှားပဲ၊ ဒီလိုပဲ ဖြစ်ရမယ်

"ဟေး" ရှန်းရင် အသီးကိုင်ထားတဲ့လက်ကို မြှောက်လိုက်ပြီး အဖွဲ့ဆီ ဝှေ့ယမ်းပြလိုက်တယ်။

"မတွေ့တာကြာပြီ"

သူတို့အားလုံး တုန်လှုပ်သွားကြတယ်။ သူတို့ ရှေ့မှာထိုင်နေတဲ့လူကို ခိုးကြည့်လိုက်ကြတယ်။ သူ့နောက်မှာ ဧကရာဇယ်ငယ်ယိချင်းက မတ်တတ်ရပ်နေပြီး သူ့ဘေးမှာ စာရင်းတချို့ကို ကြည့်နေပုံပေါ်တဲ့ ကူယွဲ့။ အဲအချိန် ဒီအရာက အစစ်အမှန်ဖြစ်ကြောင်းကို အတင်းအကြပ် လက်ခံခိုင်းခဲ့သလိုပဲ ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်၊ အဲဒီသက်ရှိဘိုးဘေးကြီး ပြန်ရောက်လာပြီ။ အဲ့ဒါ... အဲဒါ ကြောက်စရာပဲ

ထူးဆန်းတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် သူတို့တစ်ကိုယ်လုံး နာကျင်ပြန်လာသလိုပဲ။

"ကြီးမြတ်တဲ့... နတ်‌သမီး" သူတို့က ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်တွေပဲ။ ကနဦးထိတ်လန့်မှုကနေ သတိပြန်ဝင်လာတဲ့နောက် ‌အရှေ့လျှောက်လာကာ လက်သီးဆုပ်ပြီး ရှန်းရင်ကိုနှုတ်ဆက်လိုက်တယ်။ နောက်တော့ သူတို့က သူမဘေးက အဖော်၂ယောက်ကို နှုတ်ဆက်တယ်။

"ဂါရ၀ပြုစရာမလိုပါဘူး အဇဋာဧကရာဇ်တို့" ကူယွဲ့ ကိုင်ထားတဲ့ အစီအစဉ်စာရွက်ကိုသိမ်းပြီး သူတို့ကိုအပြုံးတစ်ပွင့်နဲ့နှုတ်ဆက်လိုက်တယ်။

"မတွေ့တာ နှစ်အတော်ကြာပြီနော်၊ အကုန်လုံး အရောင်လှလှဝတ်စားထားတာပဲ၊ ဒီနေ့ ကျုပ်တို့ဝူတိဂိုဏ်းက ပျော်ပွဲရွှင်ပွဲကျင်းပနေတာ၊ အဲလောက်ယဉ်ကျေးစရာမလိုပါဘူး၊ ထိုင်ကြပါဦး"

ကူယွဲ့က သူတို့အားလုံးကို ခန်းမထဲက ဆိုင်ရာထိုင်ခုံအသီးသီးဆီ ခေါ်သွားခဲ့တယ်။ သူက နွေးနွေးထွေးထွေး စေတနာထားပြီး ဧည့်ခံတာများ ကောင်းကင်ဧကရာဇ်တချို့ ခန်းမရှေ့မှာ ထိုင်နေသေးတဲ့ တစ်စုံတစ်ယောက်အပေါ် ကြောက်ရွံ့မှုကို မေ့ပျောက်သွားစေတဲ့အထိပဲ။ သူတို့မသိလိုက်ခင်မှာတင် အားလုံးနေရာယူပြီးကြပြီ။ ရှန်းရင်ကို တွေ့လိုက်ရတော့ သူတို့ခံစားခဲ့ရတဲ့ ကနဦး ထိတ်လန့်မှုကလည်း ပျောက်လုနီးပါးပဲ။ ဘာကြောင့်မှန်းမသိ ကူယွဲ့ ဒီလို နွေးထွေးပြီး စိတ်အားထက်သန်နေတာကို မြင်ရတော့ မကြာခင် အဖိုးတန်အရာတစ်ခုခုကို ဆုံးရှုံးရတော့မယ်လို့ ခံစားနေရတယ်။

တစ်ဖက်မှာတော့ ရှန်းရင်က သူတို့ကို နှုတ်ဆက်ပြီးတဲ့နောက် သူမ၏အသီးတွေကို ပြန်ကိုက်စားနေတယ်။ သူမ နေရာယူပြီးပြီဖြစ်တဲ့ ကောင်းကင်ဧကရာဇ်ကိုးပါးလူအုပ်ကို ဝေ့ဝဲကြည့်လိုက်တယ်။ သူတို့အတွက် နှစ်ပေါင်း ၃၀၀၀ ကြာခဲ့ပြီ။ ဒါပေမဲ့ သူမအတွက်တော့ လအနည်းငယ်သာ ရှိသေးတယ်။ ညာဘက်မှာ ထိုင်နေတဲ့ သူလို ဒီလူတွေကို သူမ မှတ်မိဆဲ။

"ဟေး ငှက်လေး" သူမက ဝူဟုန်ကို ခေါင်းစောင်းကြည့်လိုက်တယ်။

"ငှက်... ငှက်ဒီမှာပါ"

"နင် ဝလာတယ်နော်"

ထရပ်ကာစ ဝူဟုန် ခြေထောက်ပျော့ခွေသွားသလိုပဲ။ သူက ထိုင်ခုံပေါ် ပြန်ထိုင်ကျသွားပြီး ငိုတော့မလိုဖြစ်နေတယ်။

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော့်ကို တကယ်စားလို့မရပါဘူး" သူပြန်သွားပြီး ချက်ချင်း ဝိတ်ချတော့မယ်

"ဟမ်" သူမမှာ သူ့ကို စားဖို့ ရည်ရွယ်ချက်မရှိပါဘူး။

သူ ထမရပ်နိုင်တော့တာကိုမြင်တော့ ရှန်းရင် အခန်းရဲ့တခြားတစ်ဖက်မှာ ထိုင်နေတဲ့ပြောင့်ထင်ဘက် လှည့်လိုက်တယ်။

"ပြောင်လေး"

"ပြောင်ဒီမှာပါ"

"နင် ဒီနေ့ အမွှေးတိုင်လိုအနံ့ ရနေတယ်၊ နင်..." ရနံ့အိတ် ဆောင်ထားတာလား။

ပလုံ...။

သူမ စကားမ‌ဆုံးခင် ပြောင်ထင်လည်း မြေကြီးပေါ်ကျသွားခဲ့တယ်။

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော့်အရေပြားက ကြမ်းတမ်းပြီး အသားကြမ်းပါတယ်၊ လုံးဝအရသာမရှိပါဘူး"

သူတို့နဲ့ စကားစမြည်ပြောဖို့ ကြိုးစားနေရုံရှန်းရင် ။ ။ "..."

ငါ့မိတ်ဆွေအားလုံးက ကယ်လ်စီယမ်ချို့တဲ့နေပုံပဲ။

"ဆရာ၊ မနေ့က အဆာသွတ်မုန့်တချို့လုပ်ထားတယ်၊ ဗိုက်ဆာရင် အဲဒါကို အရင်စားထားလို့ရပါတယ်"

ယိချင်းက ရှန်းရင်လက်ဖက်ရည်ခွက်ဘေးတွင် အဆာသွတ်မုန့်ပန်းကန်တချို့ကို ချက်ချင်း ချပေးလိုက်တယ်။

အမှန်ပဲ သူ ရှန်းရင်ကို အောင်အောင်မြင်မြင် အာရုံပြောင်းနိုင်ခဲ့တယ်။ ရှန်းရင် တခြားအဇဋာဧကရာဇ်တွေနဲ့ စကားစမြည်ပြောဖို့ လက်လျှော့လိုက်ပြီး သူမရှေ့က အဆာသွတ်မုန့်တွေကို အာရုံစိုက်လိုက်တယ်။

ငှက်လေးနဲ့ ပြောင်လေး သက်မတစ်ချက်ချလိုက်တယ်။ နှစ်ယောက်စလုံးက ယိချင်းကို ကျေးဇူးတင်တဲ့ပုံစံနဲ့ လှမ်းကြည့်လိုက်တာပေါ့။

မင်းကြီးယိချင်းက ဒီလောက်ကြင်နာတတ်သူမှန်း သူတို့မသိခဲ့ကြဘူး။ သူတို့ တကယ်ကျေးဇူးတင်မိတယ်။

ရှန်းရင်ကို အကျင့်အတိုင်း ကျွေးနေတဲ့ ယိချင်း ။ ။ "..."

****

ကျင့်ကြံသူတွေအတွက် မင်္ဂလာဆောင်က သေမျိုးကမ္ဘာမှာ ကျင်းပတဲ့ပွဲတွေနဲ့ ကွဲပြားတယ်။ အမတလောကမှာ ကျင့်ကြံသူနှစ်ဦးက သေတဲ့အထိ အတူတကွနေနိုင်ဖို့ သဟဇီဝစာချုပ်ကို လက်မှတ်ရေးထိုးရတယ်။ အဲဒါအသက်ဝင်အောင် စာချုပ်တစ်ခုကို တံဆိပ်ခတ်ရမယ်။ ဒါပေမဲ့ သေမျိုးဘုံက မင်္ဂလာပွဲတွေမှာတော့ ဆွေမျိုးတွေကို ကြိုဆိုခြင်း၊ အသက်ကြီးသူတွေကို ကျေးဇူးတင်စကားနဲ့ ကတိကဝတ်‌တွေသာ ပါဝင်တယ်။

ငမည်းလေးက ဂိုဏ်းထဲကို လက်ထပ်မှာဆိုတော့ ယွီဟုန်က တောက်ပစွာနိုးလာပြီး သူ့အိမ်ကနေ သူ့ကိုခေါ်ဖို့ အစောကြီးထတယ်။ တိုက်ကြီးဆယ်ခုမှ အမတဧည့်သည်တွေ အများကြီးမို့ ပင်မခန်းမက အလွန်စည်ကားပြီး ဆူညံနေတယ်။ ရှန်းရင်နဲ့ တခြားသူတွေ အကြာကြီး စောင့်စရာမလိုဘူး။ အဆာသွတ်မုန့်နှစ်ပန်းကန်စာ ပြီးတဲ့အခါမှာတင် ငမည်းလေးနဲ့ယွီဟုန်ဝင်လာတယ်။

သူတို့နှစ်ဦးက ရုပ်ရှင်တွေထဲကလို ရှုပ်ထွေးပွေလီတဲ့ ၀တ်စားဆင်ယင်မှုမျိုးမဟုတ်ပဲ အနီရောင်ဓမ္မ၀တ်ရုံကိုသာ ၀တ်ဆင်ထားကြတယ်။ ရှန်းရင်ကို ဦးညွှတ်ပြီး ဂိုဏ်းချုပ်အဖြစ် ဂါရ၀ပြုပြီးနောက် ငမည်းလေးကို ဝူတိဂိုဏ်းတပည့်အဖြစ် လက်ခံခဲ့တယ်။

သူတို့က စာချုပ်လက်မှတ်ထိုးစင်မြင့်ဆီ တက်လှမ်းပြီး တာအိုလက်တွဲဖော်တွေ ဖြစ်အောင် စာချုပ်ချုပ်ဖို့ လုပ်တယ်။

စာချုပ်လက်မှတ်ထိုးစင်မြင့်ကို ဝူတိဂိုဏ်းတပည့်တွေက လွန်ခဲ့တဲ့ရက်အနည်းငယ်က စတင်တည်ဆောက်ခဲ့တာ။ ယွီဟုန်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ဆရာတူအစ်မလေ။ သူမရဲ့ ညီမတွေအားလုံးက ချစ်မြတ်နိုးကြတာသဘာဝပဲ။ အဲဒါကြောင့် စင်မြင့်က အရမ်းလှပတယ်။ စင်မြင့်ဘေးပတ်ပတ်လည်မှာ လတ်ဆတ်တဲ့ပန်းပွင့်တွေနဲ့ ကာရံထားတယ်။ ပန်းစည်းတွေမှာ ရှားပါးအမတဆေးဖက်ဝင်အပင်တွေနဲ့ ဒုဓလီပန်းတွေလည်း ရှိနေတယ်။ အဲဒါတွေအတွက် ဘယ်သူက တာဝန်ရှိလဲ အသိသာကြီးပဲ။

ဝူတိဂိုဏ်းတပည့်တွေက သူတို့ကို မြင်ချိန် နှုတ်ခမ်းတင်းတင်းကြိတ်လိုက်ကြတယ်။

"ဆက်သွား" ကူယွဲ့ ဘေးဖယ်ပြီး စာချုပ်လက်မှတ်ထိုးစင်မြင့်ဆီ လှမ်းကြည့်လိုက်တယ်။

နှစ်ယောက်သား ခေါင်းညိတ်ပြီး စင်မြင့်ပေါ် ပျံတက်သွားကြတယ်။ အကြည်စိုက်နေရင်း သူတို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြလိုက်တယ်။ ပရိသတ်ကြီးရှေ့ သူတို့ လက်ကိုင်ထားပြီး စည်းတံဆိပ်ကို စတင်ပုံဖော်ကြတယ်။ သူတို့ခြေထောက်အောက်က သဟဇီဝစာချုပ်အင်းကွက်က ရုတ်တရက် လင်းထိန်သွားပြီး ကောင်းကင်ကနေ ပန်းမိုးရွာချတော့တယ်။ စာချုပ်ချုပ်ပြီးတဲ့နောက်၊ လက်ဖဝါးတွေမှာ အနီရောင်စည်းတံဆိပ်တစ်ဝက်စီ ပေါ်လာတယ်။ တစ်ဝက်စီကို ဆက်လိုက်ရင် ဗဟိုတူကြာပန်းသဏ္ဌာန်ဖြစ်လာမှာ။ နှစ်ဦးက ရှင်ခြင်းနဲ့သေခြင်း နှစ်ခုစလုံးကို အတူတူ မျှဝေကြမယ်လို့ အဓိပ္ပာယ်ရတယ်။

နောက်ဆုံးတော့ စည်းချိပ်က ရှင်းလင်းသထက် ရှင်းလင်းလာပြီး ပြီးမြောက်သွားခဲ့တယ်။

ငမည်းလေးက ခံစားချက်တွေ လွှမ်းမိုးသွားတဲ့ပုံ။ သူက ယွီဟုန့်လက်ကို လွှတ်ဖို့ ငြင်းဆန်ခဲ့တယ်။

"မိန်းမ…"

သူ တစ်ခုခုပြောတော့မို့ရှိသေး သူ့ခြေဖဝါးအောက်က မြေပြင်က လှုပ်ခါစပြုလာတယ်။ သူ့အမူအရာက ချက်ချင်းပြော င်းသွားတယ်။ "သတိထား"

သူ ယွီဟုန့်ကို အနီးဆွဲခေါ်ကာ စင်မြင့်ပေါ်က ခုန်ဆင်းလိုက်တယ်။

ဆက်တိုက် ကျိုးပဲ့သံတွေပေါ်လာတော့တာပဲ။ သူတို့ သိလိုက်ရချိန် စာချုပ်ထိုးစင်မြင့်က အပိုင်းပိုင်း ပြိုကျသွားပြီ။ စင်မြင့်ပေါ်က လတ်ဆတ်တဲ့ပန်းတွေ ချက်ချင်း ညှိုးနွမ်းသွားပြီး မီးခိုးရောင် အရှိန်အဝါတစ်ခု ပေါ်လာကာ ကောင်းကင်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားတယ်။ ကိုးလွှာနန်းတော်ရဲ့ နဂိုကြည်လင်တောက်ပတဲ့ ကောင်းကင်တွေက မှောင်မဲလာခဲ့လေတယ်...။

…

အခန်း ၃၆၉ ။ တစ္ဆေများ

အားလုံး အမည်းရောင်ယင်အရှိန်အဝါက တဖြည်းဖြည်း နေရာအနှံ့ဆီ စတင်ပျံ့နှံ့လာတာကို ရီဝေဝေ ကြည့်နေမိတယ်။ ဒါက နတ်ဆိုးချီနဲ့မတူဘူး။ ယင်ချီပုံစံလည်း မဟုတ်ဘူး။ ခဲနက်ရောင်နဲ့ တကယ်တူပေမဲ့ အပူလှိုင်းတစ်မျိုးသယ်ဆောင်လာတာမို့ ပတ်ဝန်းကျင်မှာ တစ်ခုခုလောင်ကျွမ်းနေသလိုပဲ။ ရှိနေတဲ့ မသေမျိုးချီတောင် တဖြည်းဖြည်းချင်း တွန်းထုတ်ခံနေရတယ်။

"ဒါဘာလဲ"

"အငြိုးအတေးစွမ်းအင်ပဲ"

ကူယွဲ့ ရှေ့ကို လှမ်းလာရင်း အမူအရာ မှောင်မည်းသွားတယ်။ အငြိုးအတေး စွမ်းအင်ပဲ ဒီလိုချောမွေ့တဲ့ အရှိန်အဝါရှိတာ။ ဒါပေမဲ့ အငြိုးအတေးစွမ်းအင်က ပုံမှန်ဆို မြေအောက်ကမ္ဘာက တစ်ဦးချင်းစီမှာပဲ ပေါ်လာတာ။

ဘာကြောင့် အမတဘုံမှာ အငြိုးအတေးစွမ်းအင်တွေ ပေါ်လာရတာလဲ။

သူတွေးနေချိန်မှာပဲ ကောင်းကင်ကို ပစ်လွှတ်လိုက်တဲ့ အငြိုးအတေးစွမ်းအင်တွေဟာ ဘောလုံးတစ်လုံးအဖြစ် ပေါင်းစည်းသွားခဲ့တယ်။ ရှန်းရင်ဆီ လျင်မြန်စွာ ကျဆင်းလာပြီး လမ်းတစ်လျှောက် ပန်းတွေကို ညှိုးနွမ်းစေကာ အဆောက်အဦတွေ ပြိုကျပျက်စီးသွားတာကို တွေ့လိုက်ရတယ်။

"ဆရာ" ယိချင်း ခဏရပ်လိုက်တယ်။ သူ ရှန်းရင်ကို ကာကွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူ့အမတဓားကို ချက်ချင်းဆွဲထုတ်ခဲ့ပေမဲ့ ရှန်းရင်က သူ့ထက်ပိုမြန်တယ်။ သူမက လက်ဆွဲပြီး ပြင်းထန်သော စွမ်းအင်၏ ဘောလုံးကို ဆုပ်ကိုင်လိုက်သည်။

စူးစူးဝါးဝါးအော်သံက ဘယ်ကမှန်းမသိ ထွက်လာတယ်။ ရူးသွပ်ပြီး စူးရှတဲ့ အော်ဟစ်သံကြောင့် လူတိုင်းရဲ့နားတွေ နာကျင်လာတယ်။ စွမ်းအင်ဘောလုံးက ရှန်းရင်လက်ဖဝါးထဲ စတင်ရွေ့လျားလာပြီး လူးလွန့်နေပေမဲ့ မဖောက်ထွက်နိုင်။ အော်ဟစ်သံက ပိုပိုပြီး ကျယ်လောင်စူးရှလာခဲ့တယ်။

အဇဋာဧကရာဇ်တွေတောင် တောင့်မခံနိုင်တော့ဘူး။ သူတို့နောက်ကိုဆုတ်ပြီး မျက်နှာရှုံ့လိုက်ကြတယ်။ ဒီအသံက မူလစိတ်ဝိညာဥ်တွေကို ဒဏ်ရာရအောင်လုပ်နိုင်တဲ့ အစွမ်းရှိပုံပဲ။

ရှန်းရင် ခေါင်း‌ကိုစောင်းကာ စားဖိုမှူးကိုကြည့်လိုက်တယ်။ အင်မတန်လေးနက်စွာနဲ့ သူမက မေးတယ်။

"ငါ ဒါကိုစားလို့ရလား"

ယိချင်း တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းပြလိုက်တယ်။

"ဟင့်အင်း"

"အိုး" စိတ်ပျက်စရာပဲ။

ယိချင်းက အမြန် စည်းတံဆိပ်တစ်ခုဖန်တီးပြီး သူ့လက်ထဲကနေ ရွှေရောင်သံကြိုးတစ်ခု ထွက်လာတယ်။ သံကြိုးက အငြိုးအတေးစွမ်းအင်ကို ရစ်ပတ်သွားပြီး အထဲမှာ ပိတ်လှောင်ပစ်တယ်။ ရှန်းရင် ဆုတ်ကိုင်ထားတာကို ဖြေလျော့ပေးလိုက်တယ်။

ဒါတောင် အငြိုးအတေးစွမ်းအင်က မနား။ သူ့ကိုထည့်ထားတဲ့ သံကြိုးတွေကို ဆက်တိုက်ခိုက်နေတယ်။

"ရှန်းရင် စားဖိုမှူး" ကူယွဲ့ ပျံသန်းလာပြီး သူတို့နှစ်ယောက်ကိုကြည့်တော့ အဆင်ပြေတာမြင်လိုက်ရတာမို့ သက်မချလိုက်တယ်။ နောက်တော့ စွမ်းအင်လုံးဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ တကယ်ကို အငြိုးအတေးစွမ်းအင်ပဲ - ပြီးတော့ အဲဒါက အရမ်းကို ပေါများတဲ့ဟာ ဒီလူ့ဘဝမှာ ဘာများဖြစ်ခဲ့တာလဲ။ အငြိုးအတေးစွမ်းအင်က မြေအောက်ဘုံတံခါးကိုဖောက်ထွက်ပြီး အမတဘုံဆီ ရောက်လာနိုင်ရတာလဲ။

အကျင့်အတိုင်း သူ့ကောင်းကင်စိတ်အာရုံကို လွှတ်ကာ စွမ်းအင်လုံးကို စစ်ဆေးလိုက်တယ်။ ကူယွဲ့ မှင်တက်သွားတယ်။

"ဒီအငြိုးအတေးစွမ်းအင်ထဲ ဝိညာဉ်ပဲ" အငြိုးအတေးစွမ်းအင်တွေ အများကြီးရှိပေမဲ့ ဝိညာဉ်က လွှမ်းခြုံခံထားရတာတောင် အပြည့်ရှိနေဆဲ။ အဲဒါက အံ့ဖွယ်ဖြစ်ရပ်ပဲ။ သူမျက်မှောင်ကြုတ်ကာ စားဖိုမှူးဘက် လှည့်ပြောလိုက်တယ်။

"ငါတို့နဲ့အရင် ပြန်ခေါ်လာခဲ့ကြရအောင်"

သူ မီးခိုးရောင်ကောင်းကင်ကိုကြည့်ကာ လက်မြှောက်ပြီး ပတ်ဝန်းကျင်အပူကို လွှတ်ထုတ်ပစ်တဲ့ လေသိုင်းတစ်ခုဖန်တီးလိုက်တယ်။ ကောင်းကင်က ကြည်လင်စပြုလာတယ်။

ကျေးဇူးတင်စရာက ငမည်းလေးနဲ့ ယွီဟုန်တို့က စာချုပ်လက်မှတ်ထိုးပြီးပြီ။ ကူယွဲ့ အမတတွေအားလုံးကို ပင်မခန်းမဆောင်ဆီ ပြန်ဖိတ်ခေါ်ဖို့လုပ်လိုက်တယ်။

"အားလုံး..."

"ဂိုဏ်းချုပ်..." သူ စကားမဆုံးခင် စစ်ယွီက ရုတ်တရက် အံ့ဩတကြီးရေရွတ်တယ်။

"ဆရာတူအစ်မယွီဟုန်တို့တွေ မရှိတော့ဘူး"

"ဘာ" ကူယွဲ့ အော်လိုက်တယ်။ သူ စာချုပ်လက်မှတ်ထိုးစင်မြင့်ကို လှည့်ကြည့်လိုက်တယ်။ တကယ်ပဲ အဲမှာ နေရာအလွတ်ကလွဲ ဘာမှမရှိ။ ငမည်းလေးနဲ့ ယွီဟုန်တို့ကို ဘယ်မှာမှရှာမတွေ့တော့ဘူး...။

——————

ဝူတိဂိုဏ်း အနောက်ဆောင်။

"ငါ နန်းတော်တစ်ခုလုံးကို ရှာပြီးပြီ၊ ငမည်းလေးရော ယွီဟုန့်အရိပ်အယောင်ကိုရော ရှာမတွေ့ဘူး"

ကူယွဲ့ သူ့ဘေးက စားဖိုမှူးကို ပြောလိုက်တယ်။

"သူတို့က နတ်ဆိုးနန်းတော်ထဲမှာလည်း မရှိဘူး" ယိချင်း ခေါင်းယမ်းလိုက်တယ်။

သူတို့ အမူအရာတွေ မှောင်မည်းသွားခဲ့တယ်။ ယွီဟုန်နဲ့ ငမည်းလေးတို့က လေထဲ ပျောက်ကွယ်သွားသလိုပဲ။ သူတို့ရဲ့ အရှိန်အဝါကိုတောင် ခြေရာခံလို့မရဘူး။

ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ရှန်းရင်ရှေ့က လေထဲမှာ လွင့်မျောနေတဲ့ အငြိုးအတေးစွမ်းအင်လုံးကို လှည့်ကြည့်လိုက်တယ်။

"ရှန်းရင်၊ မင်း အဲဒါကို စိုက်ကြည့်နေတာ နေ့တစ်ဝက်လောက်ရှိပြီ၊ တစ်ခုခုရှာတွေ့သေးလား"

"ဟင်" ရှန်းရင်က အသီးကို ဝါးရင်း ခေတ္တရပ်ကာ ခေါင်းညိတ်လိုက်တယ်။

"အင်း၊ နည်းနည်းပူတယ်"

"…"

ပူတယ်လား။

မင်း သူ့ အပူချိန်ကို တိုင်းတာဖို့အတွက်နဲ့ တနေကုန် သောက်ကျိုးနည်း ငေးကြည့်နေခဲ့တာလား။

"ထားလိုက်တော့၊ ငမည်းလေးနဲ့ ယွီဟုန်ရဲ့ တည်နေရာအတွက် အဲဒီ စွမ်းအင်ဘောလုံးကိုပဲ မေးရမယ်ထင်တယ်" ကူယွဲ့ သူတို့ကိုယ်ကို ကာကွယ်ဖို့ အကာအရံအင်းကွက် ပြုလုပ်ခဲ့တယ်။ "စားဖိုမှူး၊ ချိန်းကြိုးတွေကို ပြန်ဖြုတ်လိုက်"

ယိချင်း တုံးတိခေါင်းညိတ်ပြလိုက်တယ်။ သူ့လက်ကောက်ဝတ်ကို တစ်ချက်လည့်လိုက်တော့ အငြိုးအတေး စွမ်းအင်ကိုထိန်းထားတဲ့ ချိန်းကြိုးတွေ ပျောက်ကွယ်သွားတယ်။ အငြိုးအတေးစွမ်းအင်က ချက်ခြင်းပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အင်မတန်လျင်မြန်စွာ ပြည့်သွားခဲ့တယ်။ အလယ်မှာ လူပုံသဏ္ဌာန်တစ်ခု ပေါ်လာတယ်။ အထဲမှာ ဝိညာဉ်တစ်ခု ပါနေတာ အမှန်ပဲပေါ့။

"မင်းက အတိအကျ ဘယ်သူလဲ" ကူယွဲ့ ခပ်တိုးတိုးအသံတိုးတိုးနဲ့ မေးလိုက်တယ်။

အငြိုးအတေးစွမ်းအင်လုံးက တုံ့ပြန်မှု မရှိ။ အဲအစား၊ အရင်ကလို ကျယ်လောင်စူးရှစွာ အော်ဟစ်ပြန်တယ်။ ကူယွဲ့နဲ့ စားဖိုမှူးဆီ ပြေးသွားပေမဲ့ သူတို့ပတ်လည်က မသေမျိုးချီတားဆီးတာ ခံလိုက်ရတယ်။

"သူ့ခန္ဓာကိုယ်ထဲက အငြိုး‌အတေးစွမ်းအင်တွေက များလွန်းတယ်၊ အငြိုး‌အတေး စွမ်းအင်အားလုံးက သူ့အသိစိတ်နဲ့ သတိကို စားသုံးလိုက်တာပဲ" ယိချင်းက ဆိုတယ်။

"သူ့ဝိညာဉ်ရှိနေရင်တောင် နားမလည်မှာစိုးတယ်"

ကူယွဲ့ မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်ဆီ အရူးအမူး ပြေးလာနေဆဲ အရူးပုံစံကို ကြည့်လိုက်တယ်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ယိချင်း လှည့်ကြည့်လိုက်တယ်။

“စားဖိုမှူး၊ ချန်းယွီရှိတဲ့နေရာကို သွားပြီးတော့ ဂျပုလေးကို သွားခေါ်ချေ"

ယိချင်း ခေတ္တရပ်သွားပြီး ကူယွဲ့ ဘာလုပ်ဖို့ ရည်ရွယ်နေလဲ ရုတ်တရက် နားလည်သွားတယ်။ သူ တစ်ဖက်လှည့်ပြီး ပျံထွက်သွားတယ်။ ခဏအကြာမှာ သူ ဂျပုလေးနဲ့ တွဲလျက်သား ပြန်လာခဲ့တယ်။ သူမက မေ့ပျောက်ခြင်းမြစ်ကို အုပ်ချုပ်တဲ့ မုန့်ပေါ်ပဲ။ သူမက ဝိညာဉ်တွေအကြောင်းကို အသိဆုံးဖြစ်မှာ။

"ဂျပုလေး၊ မင်းမှာ ဒီဝိညာဉ်အသိစိတ် ပြန်ရအောင် အငြိုးအတေးစွမ်းအင်တွေအားလုံးကို ဖယ်ရှားဖို့ နည်းလမ်းရှိလား " ကူယွဲ့ အငြိုးအတေး စွမ်းအင်လုံးကို ညွှန်ပြပြီး မေးလိုက်တယ်။

"ကျွန်မ လုပ်နိုင်ပါတယ်" ဂျပုလေးက ခေါင်းညိတ်ကာ ဖြေတယ်။

"ဒါပေမဲ့ အငြိုးအတေးစွမ်းအင်က သူ့ဝိညာဥ်ထဲက ပေါက်ဖွားလာတာ၊ ခဏလောက် ဖယ်ရှားနိုင်မယ်ဆိုရင်တောင် သူ့ရဲ့ နာကျည်းမှုတွေကို မဖြေရှင်းနိုင်ရင် သူ့ဝိညာဉ်က အငြိုးအတေးစွမ်းအင်ကို ဆက်ထုတ်နေမှာပဲ"

"ငါ နားလည်တယ်" ကူယွဲ့ ယွီဟုန်နဲ့ ငမည်းလေးကို ရှာဖို့ကို ပိုစိုးရိမ်နေတယ်။ "လောလောဆယ် ဖယ်သာဖယ်လိုက်"

"ကောင်းပါပြီ” ဂျပုလေး ခေါင်းညိတ်လိုက်တယ်။ သူမ ရှေ့သို့လှမ်းကာ လက်ကိုဆန့်တန်းပြီး အငြိုးအတေးစွမ်းအင်ဆီ လက်ဖဝါးဖြန့်လိုက်တယ်။ နူးညံ့တဲ့ရွှေရောင်က သူ့လက်တစ်ဝိုက်မှာ တောက်ပလာတယ်။ အရောင်တောက်လာတာနဲ့တစ်ပြိုင်နက် မီးခိုးရောင်သဏ္ဌာန်တစ်ဝိုက်က အငြိုးအတေးစွမ်းအင်တွေ ရေခဲလို စတင်အရည်ပျော်ကျတယ်။ ခဏကြာတော့ အငြိုးအတေးစွမ်းအင်တွေ လုံးဝ ပျောက်ကွယ်သွားလေရဲ့။ အငြိုးအတေးစွမ်းအင်ထဲက ပုံသဏ္ဌာန်က ပိုရှင်းလင်းလာသည်။ သူက အစိမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး အသက် ၂၀ထက်ကျော်ပုံမပိုဘူး။ စာဂျပိုးနဲ့တူတဲ့ ခပ်ငယ်ငယ် ယောက်ျားတစ်ယောက်ပဲ။ သူက လုံးဝအန္တရာယ်ကင်းတဲ့ပုံပေါ်တယ်။

အဲလူက မျက်လုံးဖွင့်ကြည့်လိုက်တော့ မဆိုစလောက် ဇဝေဇဝါဖြစ်နေတဲ့ပုံ။ လက်မှာတောက်ပနေတဲ့ အမျိုးသမီးကို သူတွေ့လိုက်ရတော့ ဖြူဖျော့သွားတယ်။ သူက ထအော်တော့တယ်။

"တစ္ဆေ"

အော်ဟစ်ရင်း သူက နားရွက်ကို အုပ်ပြီး ခေါင်းယမ်းတယ်။ ခဏအတွင်း သူက စားပွဲဆီပြေးသွားပြီး အောက်ခြေမှာ ဝင်ပုန်းကာ အဆက်မပြတ် တုန်လှုပ်နေတော့တာပဲ။ မြင်ရတာဆိုလို့ သူ့ကျောပဲရှိတယ်။

မုန့်ပေါ် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

အရူး ဒီနေရာမှာ တစ္ဆေအစစ်က ဘယ်သူတုံး။ ရယ်ရအောင် ကြိုးစားနေသလား။

အသီးစားနေတဲ့ ရှန်းရင်တောင် စားတာ‌ရပ်ပြီး စားပွဲအောက်တုန်နေတဲ့လူငယ်ကို ငုံ့ကြည့်လိုက်တယ်။ သူမ အသီးကိုင်ထားတဲ့လက်ကို အောက်ချကာ မျက်မှောင်ကြုတ်တယ်။ နောက်တော့ အဲလူကို လည်ထောင်ကနေဆွဲပြီး စားပွဲပေါ်တွန်းလိုက်တယ်။ အဲတော့မှ သူမ ကြမ်းပြင်ပေါ်က အသီးကို ကောက်ကိုင်လိုက်တယ်။

ဟမ်။

အဲလူက တုံ့ဆိုင်းသွားပြီး သစ်သီးကို ဝတ်ရုံနဲ့သုတ်နေတဲ့ အမျိုးသမီးကို ချိတုံချတုံတစ်ချက် ကြည့်လိုက်တယ်။ သူမ အသီးကို ကိုက်ခါနီးဆဲဆဲ သူက မေးတယ်။

"… မိန်းကလေး" ခဏတွေး‌ပြီးတဲ့နောက် တစ္ဆေတွေက မစားသောက်နိုင်ဘူးမှန်း နားလည်သွားတယ်။ ဒါဆို...

"မင်းက တစ္ဆေ မဟုတ်ဘူးလား"

"သေချာပေါက် ငါတို့မဟုတ်ဘူးပေါ့" ကူယွဲ့ မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်တယ်။ သူ ရှန်းရင်လက်ထဲက အသီးကို လုယူလိုက်ပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်တော့တယ်။ "နောက်တစ်လုံးယူ" မစားခင် အသီးကို ဘယ်လိုဆေးရမှန်းတောင် မသိဘူး - ဘယ်လောက်တောင် ပျင်းလိုက်လဲ ကူယွဲ့ သစ်သီးကို ယိချင်းဆီ လွှင့်ပစ်လိုက်ပြီး တစ္ဆေအထီးဘက် ပြန်လှည့်လိုက်တယ်။ "မင်းက တစ္ဆေပဲ"

"ဘာ၊ ဒါမဖြစ်နိုင်ဘူး၊ ကျွန်တော်က အသေအချာကြီး…" သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ပြီးနောက် တစ္ဆေက မှင်တက်နေကာ နောက်တော့ ထအော်တော့တယ်။

"အား"

သူ့ဘဝတစ်လျှောက်လုံးမှာ ထိတ်လန့်တုန်လှုပ်စရာအကောင်းဆုံးကို ကြုံလိုက်ရသလိုပဲ။ သူ့မျက်ဆံတွေ လန်ကုန်ပြီး တစ်ကိုယ်လုံး ခါယမ်းသွားတယ်။ အဲလူက အချိန်မရွေး သတိလစ်တော့မဲ့ပုံ။ နောက်ဆုံးမှာတော့ သူက ဝိညာဉ်တစ်ခုပဲလေ - သူ တကယ်ကြီး သတိလစ်သွားစရာအကြောင်းမရှိဘူး။ သူ လုပ်နိုင်တာ တတ်နိုင်သမျှ ဆက်တိုက်အော်ဟစ်ပြီး နောက်ဖေးခန်းမ ပတ်လည်မှာ ထိတ်လန့်တကြား ပြေးနေရုံပဲ။

တကယ်ပဲ သူက အသည်းငယ်တဲ့ တစ္ဆေမျိုးဟ။

All Chapters