အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း ၃၇၀ ။ စိတ်ဖောက်ပြန်မှုနှင့် တစ္ဆေ
ငါးမိနစ်အကြာ...
"ကျွန်တော်... ကျွန်တော်က သေသွားပြီလား" တစ္ဆေက နောက်ဆုံးတော့ သွေးပျက်နေတာရပ်သွားပြီး သူ့ကိုယ်သူစိတ်တည်ဆောက်နိုင်သွားတယ်။ သူက ကြမ်းပြင်မှာထိုင်ချပြီး သူသေသွားပြီဆိုတဲ့အချက်ကို လက်ခံနိုင်ဖို့ ကူကယ်ရာမဲ့ကြိုးစားနေလေရဲ့။
"ပြော - မင်းက ဘယ်သူလဲ" ကူယွဲ့ ရှေ့တက်ကာ တစ္ဆေကို ခေါင်းစခြေဆုံးစစ်ဆေးလိုက်တယ်။
"ဘာလို့ မင်းက အမတဘုံမှာရှိနေတာလဲ၊ ငမည်းလေးနဲ့ ယွီဟုန်ရောဘယ်မှာလဲ"
"ဘာ" အဲလူမျက်လုံးတွေပြူးသွားတယ်။ သူက အရင်ကထက်တောင် ထိတ်လန့်သွားတဲ့ပုံ။
"ဒါ... ဒါ အမတဘုံပဲ ခင်ဗျားတို့က အမတတွေလား" သူက ဟိုဟိုဒီဒီလှည့်ကြည့်ပြီး ခုမှသူ့ကိုဝိုင်းထားတဲ့ ထူထဲလှတဲ့ မသေမျိုးချီတွေကို သိသွားတဲ့ပုံ။ သူ့မျက်လုံးတွေက ဦးခေါင်းခွံထဲက ပြုတ်ထွက်တော့မတတ်။ မယုံကြည်နိုင်စွာ သူမေးလိုက်တယ်။
"ဖြစ်နိုင်တာ... ကျွန်တော်သေပြီးတော့ ကောင်းကင်ဘုံဆီ မြင့်တက်ခဲ့တာလား"
သူ့မျက်လုံးတွေ တောက်ပသွားတယ်။ သူက အင်မတန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားလေရဲ့။ ကူယွဲ့ သူဟန်ဆောင်နေတယ်မထင်။
ကူယွဲ့ ပိုတောင်မျက်မှောင်ကြုတ်ကာ ယိချင်းနဲ့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်မိတယ်။ ဘာတွေဖြစ်နေတာလဲ။ တစ်ခုခုတော့လွဲနေပြီ။
"မင်း ဘယ်လို အမတဘုံဆီ ရောက်လာလဲမသိဘူးလား"
အဲလူက ရပ်တန့်သွားတယ်။ သူက သူတို့ကိုကြည့်ကာ ကြောက်တော့တဲ့ပုံမပေါ်။ အဲအစား သူက... လေးစားလာတဲ့ပုံ။
"အမတတွေက ကျွန်တော့်ကို ဒီခေါ်လာတာ မဟုတ်ဘူးလား၊ ကျွန်တော်... ကျွန်တော် နတ်ဘုရား ဖြစ်လာတော့မှာလား"
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ ဒီ တစ္ဆေက တကယ်ကို စိတ်ကူးယဉ်တာပဲ။
"ဒါဆို မင်းကိုယ်ထဲ ဘယ်လိုလုပ် ဒီလောက်များတဲ့ အငြိုးအတေးစွမ်းအင်ရှိနေရတာလဲ"
"အငြိုးအတေးစွမ်းအင်" သူက အဲအသုံးကို တစ်ခါမှမကြားဖူးသလို ဇဝေဇဝါဖြစ်နေဟန်။ တစ်အောင့်ကြာတော့ သူက လက်သီးဆုပ်ကာပြောတယ်။
"အမတတို့... နိမ့်ကျတဲ့နောက်လိုက်က တကယ်ပဲ ခင်ဗျားတို့ ဘာပြောနေလဲဆိုတာ မသိပါဘူး ... ကျွန်တော်... ဘာဖြစ်နေလို့လဲ"
သူ မှတ်ဉာဏ်ပျောက်သွားတာလား။ မဖြစ်နိုင်တာ။
ကူယွဲ့အမူအရာပျက်သွားတယ်။ တစ်ဖက်မှာတော့ ယိချင်းကဝင်မေးတယ်။
"မင်းဘယ်လိုသေလဲ မှတ်မိသေးလား"
အဲလူက ရပ်သွားပြီး သူ့မှတ်ဉာဏ်တွေပြန်ရအောင် ခန္ဓာကိုယ်ထဲက အားကုန်ထုတ်သုံးနေသလို မျက်နှာရှုံ့လေတယ်။ ဒါပေမဲ့ တစ်အောင့်ကြာတော့ သူကပြောတယ်။
"ကျွန်တော်... ကျွန်တော် တကယ်မသိတာ၊ ကျွန်တော် တကယ်ပဲသေသွားတာလား"
ဘာတွေဖြစ်နေတာလဲ။ သူက တကယ်ပဲ မှတ်ဉာဏ်ပျောက်နေတဲ့ ဝိညာဉ်လား။ ဒါပေမဲ့ သူ့ကိုယ်က ဘာလို့ အငြိုးအတေးစွမ်းအင်တွေ ထုတ်နေသေးတာလဲ။
"မင်းဘာမှတ်မိလဲ"
အဲလူက ခေါင်းယမ်းကာ အသံတိုးတိုးပြောတယ်။
"ကျွန်တော်မှတ်မိတာက... ကျွန်တော်က စုန့်ရန်၊ ချင်းဟယ်စီရင်စုက ပြည်သူတစ်ယောက်ပဲ၊ ကျွန်တော်က အရင်ဆယ်နှစ်မှာ အသည်းအသန် စာလေ့လာခဲ့ပြီး နောက်နှစ်ကျ ပင်မစာမေးပွဲတွေဖြေဖို့ နန်းတော်ဆီသွားမို့ ပြင်နေတာ"
"မင်းက ကျင့်ကြံသူမဟုတ်ဘူးပေါ့"
"ကျင့်ကြံသူဆိုတာဘာလဲ" သူက နောက်တစ်ကြိမ် အူတူတူဖြစ်သွားတယ်။
"..." သူက တကယ်စာဂျပိုးပဲ။
ကောင်းပြီလေ၊ ကြည့်ရတု သူ့ဆီကနေ ဘာမှရတော့မဲ့ပုံမပေါ်။ သူက အရင်ကတစ်ခါမှမကျင့်ကြံဖူးတဲ့ သေမျိုးတစ်ယောက်ဆိုတာ သိသာတယ်။ ဒါပေမဲ့ သူက ဘာလို့ဒီလောက်များတဲ့စွမ်းအင်တွေ ထုတ်လွှင့်နေတာလဲ။ ပြီးတော့ သူက ဘယ်လိုမျိုး အမတဘုံတံခါးတွေက ဖောက်ထွက်လာခဲ့တာလဲ။
အရေးကြီးဆုံးက တစ္ဆေတစ်ယောက်က သူဘယ်လိုသေလဲဆိုတာတောင် ဘာလို့မမှတ်မိတာလဲ။ ခု ယွီဟုန်နဲ့ ငမည်းလေးဘယ်ရောက်နေလဲဆိုတာ ဘယ်လိုရှာကြတော့မလဲ။
"ဂိုဏ်းချုပ်၊ အကြီးအကဲတို့..." ကူယွဲ့စဉ်းစားနေတုန်းရှိသေး စစ်ယွီက အထဲဝင်လာကာ အသည်းအသန် လှမ်းပြောတယ်။
"ဘာကိစ္စတုန်း"
"အကြီးအကဲ၊ ကျွန်မကို မနေ့က စာချုပ်ထိုးစင်မြင့်ကို စောင့်ကြည့်ဖို့ပြောခဲ့တယ်လေ၊ ခု အဲမှာတစ်ခုခုဖြစ်နေပုံပဲ"
သူမက သူမကိုယ်သူမ ဘယ်လိုရှင်းပြရမလဲ မသိသလိုမျိုး မျက်မှောင်ကြုတ်တယ်။။
"ဒါ... အကြီးအကဲ ကျွန်မနဲ့လိုက်လာရင် နားလည်သွားပါလိမ့်မယ်"
ကူယွဲ့ ယိချင်းနဲ့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူက တစ္ဆေကို လက်ညှိုးထိုးကာ ပြောလိုက်တယ်။
"ဂျပုလေး ဒီတစ္ဆေကို စောင့်ကြည့်ထား၊ ငါတို့မကြာခင်ပြန်လာခဲ့မယ်" သူတို့ လှည့်ထွက်လာခဲ့ပေမဲ့ ရပ်သွားကာ ထပ်ပြောခဲ့တယ်။
"ပြီးတော့ ရှန်းရင်ကိုပါ ကြည့်"
သူ သူ့ဂိုဏ်းက လူနှစ်ယောက်ကို ဆုံးရှုံးသွားခဲ့ပြီ။ သူ တတိယတစ်ယောက် ဆုံးရှုံးခံမှာမဟုတ်ဘူး။
"..."
"ဟုတ်ကဲ့အကြီးအကဲ" ဂျပုလေး မျက်လုံးတွေ တောက်ပသွားတယ်။ သူမ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး သူမက ဆုကြေးတစ်ခုခု ရလိုက်သလိုမျိုးပဲ။
အဲတော့မှ ကူယွဲ့ခန်းမထဲကနေ ယိချင်းနဲ့အတူ အပြင်ထွက်ခဲ့တယ်။
မုန့်ပေါ် ချက်ချင်း ရှန်းရင်ဆီ လျှောက်လာကာ မျက်လုံးတွေ တလက်လက်တောက်ပလာတယ်။ ကလေးနီးပါး အမူအရာနဲ့ သူမကပြောတယ်။
"ဂိုဏ်းချုပ်၊ ကျွန်မ ဒီရက်ပိုင်း အတော်လေးကောင်းတဲ့သီးနှံ့တချို့စိုက်ပျိုးနေတာ၊ အကြီးအကဲစားဖိုမှူး မရှိတော့ ခုစားကြည့်ချင်လား" သူမက တစ်ဖက်လှည့်ကာ သူမသိုလှောင်အိတ်ကို စမ်းတယ်။ နောက်တော့ ဖရဲသီးလောက်ရှိတဲ့ အာလူးကြီးတစ်လုံး ထုတ်လာတယ်။
ရှန်းရင် ။ ။ "..."
ရှန်းရင် ဒီတစ်ကြိမ်ပဲ သူမကို အလုပ်ဖြုတ်ခွင့်ရှိလား။
————
စာချုပ်လက်မှတ်ထိုးစင်မြင့်က အနောက်ခန်းမဆောင်နဲ့ မဝေးဘူး။ ကူယွဲ့နဲ့ယိချင် စက္ကန့်အနည်းငယ်အကြာမှာ အဲနေရာဆီ ရောက်လာခဲ့တယ်။ အရင်က အငြိုးအတေးစွမ်းအင်တွေ က အခုမရှိတော့ဘူး။ ကောင်းကင်မှာ ကျန်ခဲ့သမျှ အရာအားလုံးက ပြိုကျပျက်စီးသွားတဲ့ စင်မြင့်တစ်ခုပဲ။
ဒါပေမဲ့ တစ်ခုခုတော့ ကွဲပြားနေတယ်။ မူရင်း စာချုပ်လက်မှတ်ထိုးစင်မြင့် ရှိခဲ့တဲ့နေရာမှာ မသေမျိုးချီက တစ်ဟုန်ထိုး တက်လာတယ်။ မသေမျိုးအများကြီး အဲနေရာမှာ စုဝေးနေပြီး အလယ်ဗဟိုဆီ မွှေ့ယမ်းနေတယ်။ သူတို့ တစ်စုံတရာဖွဲ့စည်းလာတဲ့ အရိပ်အယောက်ကို ဝိုးတဝါးမြင်နိုင်တယ်။
"မသေမျိုးတက်လှမ်းမှုစင်မြင့်လား"
ကူယွဲ့တန့်သွားတယ်။ ချက်ချင်း သူ့ခန့်မှန်းချက်ကို ပြန်သိမ်းလိုက်တယ်။
"ဟင့်အင်း၊ အဲဒါမဟုတ်ဘူး" မသေမျိုးတက်လှမ်းမှုစင်မြင့်က အောက်ဘုံကကျင့်ကြံသူတွေ အမတဘုံဆီတက်လှမ်းမှ ပေါ်လာတာ။ သူတို့ခြေထောက်အောက် အလင်းရောင်နဲ့ အရင်ပေါ်လာမှာ။ ပြီးတော့ မသေမျိုးတက်လှမ်းမှုစင်မြင့်က နေရာမသတ်မှတ်တာမို့ ဘယ်နေရာမနီးပါးမှာမဆို ပေါ်လာနိုင်ပေမဲ့ ကောင်းကင်နန်းတော်မှာ ပေါ်လာနိုင်ခြေမရှိဆုံးပဲ။ ဒီက မသေမျိုးချီက ကြွယ်ဝလွန်းတာမို့ မသေမျိုးတက်လှမ်းမှုစင်မြင့်ဖွဲ့စည်းတာကို သက်ရောက်လိမ့်မယ်။
သူက ပိုတောင်သေချာကြည့်ကာ ယိချင်းကိုပြောလိုက်တယ်။
"စားဖိုမှူး မင်းမခံစားရဘူးလား၊ မသေမျိုးချီ သွားနေတဲ့နေရာက-"
"မသေမျိုးစင်မြင့်တွေဖြစ်ပေါ်တဲ့ပုံစံနဲ့ ပြောင်းပြန်ဦးတည်ဘက်" ယိချင်း ကူယွဲ့စကားကို အဆုံးသတ်လိုက်တယ်။
နှစ်ယောက်သား ကြောင်အမ်းသွားတယ်။ ကူယွဲ့ သူ့နောက်ကလူကို လှည့်ပြောလိုက်တယ်။
"စစ်ယွီ တခြားတပည့်တွေကိုခေါ်ပြီး ဒီနေရာနားမလာဖို့ ပြောလိုက်" သူ ယိချင်းဘက် မျက်နှာလှည့်လိုက်တယ်။
"ဒီတစ်နေရာလုံးကိုပိတ် ငါ ညာဘက်ခြမ်း ယူလိုက်မယ်"
ယိချင်းခေါင်းညိတ်ကာ ပျံသန်းသွားခဲ့တယ်။
အတူတူ နှစ်ယောက်သား အင်းကွက်တွေ ဖန်တီးလိုက်ကြတယ်။ ခဏအကြာမှာ တစ်ယောက်စီကနေ အလင်းတံတိုင်းတွေ ဖြစ်ပေါ်လာပြီး အလယ်ဗဟိုဆီ ဦးတည်သွားကြတယ်။ သိပ်မကြာခင် အလယ်ကမသေမျိုးချီရှိတဲ့နေရာကို ပိတ်လှောင်ကာ ကြည်လင်တဲ့ကမ္ဘာလုံးကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
စုဝေးနေတဲ့ ထူးဆန်းတဲ့ မသေမျိုးချီက ရုတ်တရက် ရပ်တန့်သွားတယ်။
ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ တကယ်ကို အဲဒါပဲ။
မသေမျိုးတက်လှမ်းမှုစင်မြင့်ကို မသေမျိုးချီ ငွေ့ရည်ဖွဲ့မှုနဲ့ ဖွဲ့စည်းထားပေမဲ့ အဲမသေမျိုးချီရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက အောက်ဘုံက ကျင့်ကြံသူတွေ ဖြတ်သန်းခဲ့တဲ့ ဝဋ်ကြွေးချေခြင်းကနေ ဆင်းသက်လာတာပဲ။ ဒါကြောင့် မသေမျိုးချီက အောက်ဘုံကနေ အမတဘုံတံခါးတွေဆီ ဖောက်ထွက်လာတာ။ ဒီမသေမျိုးချီကတော့ လုံးဝခြားနားတယ်။ ဒါက ကောင်းကင်နန်းတော်ကနေ အလယ်ဗဟိုဆီ အသည်းအသန်ပြေးသွားတဲ့ မသေမျိုးချီပဲ။
သူနဲ့ယိချင်း အဲနေရာကို လုံး၀အလုံပိတ်ထားတာမို့ မသေမျိုးချီက နောက်ဆုံးမှာ တလိမ့်လိမ့် တက်နေတာကို အတင်းရပ်တန့်လိုက်ရတာ။ သူတို့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်ကာ သူတို့ဖန်တီးထားတဲ့ ကမ္ဘာလုံးထဲ ဝင်ခဲ့ကြတယ်။ ထူးဆန်းတာ အထဲမှာ မသေမျိုးချီက ပိုပါးလာတာပဲ။ စက္ကန့်နဲ့အမျှ အားနည်းသထက် အားနည်းလာတယ်။
မသေမျိုးချီ သွားနေပုံရတဲ့လမ်းကြောင်းအတိုင်း ဦးတည်ခဲ့ကြတယ်။ အလယ်မှာ လက်တစ်ချောင်းစာ အကျယ်အဝန်း အက်ကြောင်းတစ်ခု ပေါ်လာတာကို သူတို့ သိလိုက်ရတာပဲ။ ဒါက မကြီးဘူး။ အနီးကပ်မကြည့်ရင် အလွယ်တကူ လွတ်သွားမှာမျိုးပဲ။ ဒါပေမဲ့ ပတ်ပတ်လည်က မသေမျိုးချီတွေက အဲအက်ကြောင်းဆီ ဆက်လက်စီးဆင်းနေကြတယ်။
"ဘုံတံခါး" ကူယွဲ့က အံ့ဩတကြီးအော်တယ်။ အက်ကွဲကြောင်းက အောက်ဘုံဆီ ဦးတည်သွားတာ ထင်ရှားတယ်။ အဲငကြောက်က ဘုံတံခါးတွေကို ဖောက်ထွက်ဖို့ သူ့အငြိုးအတေးစွမ်းအင်ကို အားကိုးခဲ့ပေမဲ့လည်း ဘုံတံခါးက သူ့ကိုဒီနေရာဆီ ခေါ်ဆောင်လာပြီးရင် အလုံပိတ်သွားသင့်တာ။ ဘာကြောင့် ပွင့်နေသေးတာလဲ။ မသေမျိုးချီက ဒီနေရာမှာ စုဝေးနေတဲ့ပုံစံအရ အားလုံးက အောက်ဘုံဆီ လွတ်ထွက်ကုန်ကြသလိုပဲ။
အက်ကွဲကြောင်းကို စစ်ဆေးဖို့ သူ့ ကောင်းကင်စိတ်အာရုံကို သုံးခဲ့တယ်။ တကယ်ပဲ ကူယွဲ့ စောစောက မြင်ခဲ့ရတဲ့ နွေးထွေးတဲ့ အငြိုးအတေးစွမ်းအင်ရဲ့ အကြွင်းအကျန်တွေပဲ။ ဘုံတံခါးတွေပွင့်နေသေးတာ အံ့သြစရာမရှိတော့ဘူး။ သူ မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး ယိချင်းကို ဒီနေရာပိတ်ဖို့ ပြောခဲ့တာ ကောင်းတယ်။ မဟုတ်ရင် ကောင်းကင်နန်းတော်က မသေမျိုးချီ အားလုံး အက်ကွဲကြောင်းကတစ်ဆင့် စုပ်ယူခံလိုက်ရမှာ။
ငမည်းလေးနဲ့ ယွီဟုန်တို့က အောက်ဘုံထဲ ကျသွားပုံပဲ။
"စားဖိုမှူး၊ ဒီအက်ကွဲကြောင်းက ဘယ်ဘုံလေးကို ရောက်သွားမယ်ဆိုတာ မင်းအာရုံခံနိုင်လား"
ယိချင်း ခလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်တယ်။ "ဟင့်အင်း မသေမျိုးချီအများကြီးဝင်သွားခဲ့တာ၊ ဘုံတံခါးက မတည်ငြိမ်တော့ဘူးလေ၊ သေချာသိဖို့ နည်းလမ်းမရှိဘူး"
ကူယွဲ့ အမူအရာ ပျက်သွားတယ်။ သူ့လက်ကို ဝှေ့ယမ်းပြီး စည်းတံဆိပ်တစ်ခုသုံးကာ အက်ကွဲရာက အငြိုးအတေးစွမ်းအင်တွေကို စုစည်းလိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ အက်ကြောင်းက သူ့အလိုလို ပိတ်သွားလေရဲ့။
"ရှန်းရင်ကို ပြန်သွားရှာရအောင်" ဒီအက်ကြောင်းက ဘာလဲဆိုတာ သူတို့ မပြောနိုင်ပေမဲ့ အဲ cheat ကတော့ သေချာပေါက် ပြောနိုင်မှာပဲ။
…
အခန်း ၃၇၁ ။ သံသရာထဲဝင်မရ
အနောက်ဆောင်အတွင်း
"အလုပ်များလိုက်တာ"
တစ်ယောက်သောယင်က အလုပ်လုပ်ဖို့ ပျင်းလွန်းနေတဲ့အကြောင်း ဖော်ပြလေတယ်။
"ငါ့ခြေထောက်ကို အလုပ်များ၊ မြန်မြန်လုပ်"
ကူယွဲ့ သူမကိုဆက်ပြီး အလေလိုက်ခွင့်မပေစတော့ဘူး။ သူ သူမဘေးရပ်နေတဲ့ မုန့်ပေါ်ကို လှည့်ပြောလိုက်တယ်။
"ဂျပုလေး၊ အဲငကြောက်တစ္ဆေကို သံသရာဆီ အရင်ခေါ်သွားချေ"
သူ ရှန်းရင်ကို ဆွဲခေါ်ကာ ကောင်းကင်ဘုံက ကြယ်ရောင်စုံကောင်းကင်ဆီ ပြန်လာခဲ့တယ်။
ရှန်းရင် မျက်နှာပြင်တစ်ခုကို ပျင်းတိပျင်းရွဲဖွင့်ကာ ရှာဖွေမှုစတင်လိုက်တယ်။ တစ်အောင့်နေတော့ သူမအိပ်ငိုက်နေတဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ ဘုံသေးလေးတစ်ခုက သူမရှေ့ ပျံထွက်လာတယ်။
"ဒါ ငါတို့စာချုပ်လက်မှတ်ထိုးစင်မြင့်နဲ့ ဆက်စပ်နေတဲ့ဘုံလေးလား"
ကူယွဲ့ ရှေ့တက်ကာ ဘုံလေးကို အနီးကပ်ကြည့်လိုက်တယ်။ အစိမ်းရောင်အကွက်တချို့နဲ့ အဖြူရောင်တိမ်ငွေ့တစ်ခုက ဝိုင်းထားတာပဲ။ သူမျက်မှောင်ကြုတ်လိုက်တယ်။
"အဲဒါ နောက်ပေါက်ကမ္ဘာလား"
ဒီလိုဘုံလေးမျိုးက ပုံမှန်ဆို ဝိညာဉ်စွမ်းအင် အရမ်းကိုနည်းတာ။ အလုပ်လုပ်တဲ့ဝိညာဉ်ကြောရှိတဲ့ သေမျိုးအရေအတွက်က အရမ်းကိုနည်းပြီး တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလွန်းတယ်။ ဒါကြောင့် ကျင့်ကြံသူတွေဖြစ်လာဖို့ အင်မတန်ခဲယဉ်းတာပဲ။ နှစ်တစ်သန်းမှာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တဲ့လူ တစ်ယောက်မှတောင်မရှိ။ တချို့ဆို ကျင့်ကြံသူဖြစ်လာမဲ့အခွင့်အရေးမရှိအောင် သူတို့အမွေအနှစ်ကိုပါ ဖြတ်တောက်တဲ့အထိပဲ။ အငြိုးအတေးစွမ်းအင်က ကောင်းကင်ထိတောင် မြင့်တက်သွားတဲ့ တစ္ဆေက ဒီလိုဘုံငယ်လေးက လာတယ်ပေါ့လေ။ အဲဒါ အားလုးကို အံ့ဩစေတာပဲ။
"ထားလိုက်တော့၊ စားဖိုမှူး အဲသွားပြီး ငမည်းလေးနဲ့ယွီဟုန့်ကို ပြန်သွားခေါ်လာခဲ့ချေ" အဲစုံတွဲက အဲလိုဘုံငယ်လေးထဲကျသွားတာ ရက်ပိုင်းရှိနေပြီ။ ပြဿနာတစ်ခုခုတက်နေတာပဲနေမှာ။
"ကောင်းပြီ" ယိချင်းက ခေါင်းညိတ်တယ်။
"မြန်မြန်ပြန်လာခဲ့" ရှန်းရင် သူ့ပခုံးကိုပုတ်ကာ တစ်ဖက်လှည့်လိုက်တယ်။
"ဟုတ်သား၊ ငါ မုန်လာဥဖြူကို ရေမလောင်းရသေးဘူးပဲ"
သူမ လစ်ထွက်ဖို့ ကြိုးစားနေတုန်းရှိသေး သူမရဲ့ တစ်စုံတစ်ယောက်သောအဖေက လှမ်းတားတော့တယ်။
"ခဏ" ကူယွဲ့ ရှန်းရင်ကို ယိချင်းဆီ တွန်းထုတ်လိုက်တယ်။
"သူနဲ့လိုက်သွား"
"ဟမ်"
"ဘာဟမ်လဲ၊ စားဖိုမှူးက ခုမှပြန်ကောင်းကာစ၊ သူတစ်ယောက်တည်းသွားရင် မစိုးရိမ်မှာ သေချာလား"
ရှန်းရင်က ယိချင်းကို လှမ်းကြည့်ပြီး ဖေဖေနျိုဘက်ပြန်ကြည့်တယ်။ အင်မတန်လေးနက်စွာနဲ့ သူမက ခေါင်းညိတ်လာလေတယ်။
"အင်း ငါစားဖိုမှူးကို ယုံတယ်"
"သွားစမ်း" မင်း သောက်ပျင်းတစ်နေရုံမဟုတ်လား။
"ဖေဖေနျို ငါမသွားလို့မရဘူးလား" အဲဒါကရိကထ များလွန်းတယ်။
"လက်ထပ်ပွဲက ခုမှပြီးကာစ၊ ဂိုဏ်းအတွက် စီမံစရာကိစ္စတွေအများကြီးပဲ၊ ယွီဟုန်လည်းမရှိဘူး" သူ သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
"ကျန်ရစ်နေခဲ့ပြီး အမတအသုံးအဆောင်တွေ ပို့ဖို့ ချင်းဇယ်တိုက်ကြီးကို သွားချင်တယ်တော့ မပြောဘူးမလား၊ ဒါမှမဟုတ် ဝိညာဉ်သားရဲတွေရှာဖို့ တိမ်ပင်လယ်တိုက်ကြီးဆီလား၊ ဒါမှမဟုတ် အင်းကွက်တွေချဖို့ ပေါ်ပင်လယ်တိုက်ကြီးဆီလား"
ရှန်းရင် တုံ့ဆိုင်းသွားပြီး ယိချင်းလက်မောင်းကို လှမ်းဆွဲလိုက်တယ်။
"ဟုန်အာနဲ့ ငမည်းလေး ပျောက်နေတာကြာလှပြီ၊ ငါတို့ ခုစိုးရိမ်ရတော့မယ်၊ ဒီရက်ပိုင်း အပြင်မှာ ပြန်ပေးဆွဲသမားတွေ အများကြီးပဲ၊ ဂိုဏ်းချုပ်အနေနဲ့ ငါ သူတို့ကို ပြန်သွားခေါ်ရမှာပေါ့၊ သွားကြစို့ စားဖိုမှူး"
သူမ ယိချင်းကို ဆွဲခေါ်သွားဖို့လုပ်တယ်။
"ခဏ"
"ဖေဖေနျို ငါ့ကိုမတားပါနဲ့ ငါက အရမ်းသမာသမတ်ကျတဲ့ဂိုဏ်းချုပ်ပါ"
╭(・ᄇ・)و̑̑
"..." သူ့မှာအရှက်ရောရှိသေးရဲ့လား။
ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။ သူတစ်ဖက်လှည့်ကာ သူမဆီ အိတ်တစ်လုံးပစ်ပေးလိုက်တယ်။
"ငါမင်းကို တားနေတာမဟုတ်ဘူး၊ ဒီဝိညာဥ်ကျောက်တုံးတွေ မင်းနဲ့ယူသွား၊ ငါ ခရီးအတွက် အသုံးစရိတ်မပေးဘူး မပြောနဲ့"
ဝိညာဉ်ကျောက်တုံးတွေ။
✪ω✪
"သူတို့ကိုရှာတွေ့တာနဲ့ ပြန်လာနော်၊ ကမြင်းကြောထမနေနဲ့"
"ဟုတ်ကဲ့ပါ ဖေဖေနျို ပြဿနာမရှိပါဘူး ဖေဖေနျို"
"..."
သူ အခုပိုတောင်စိုးရိမ်လာပြီ။ သူ အခုဘာလုပ်ရမလဲ။ ဝိညာဉ်ကျောက်တုံးတွေ ပြန်တောင်းဖို့ နောက်ကျလွန်းသွားပြီလား။
——————
ဆရာတပည့်က ဘုံငယ်လေးဆီ မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့တယ်။ ကူယွဲ့ပြောသလိုပဲ ဘုံငယ်လေးက ဝိညာဉ်ချီမရှိသလောက်ပဲ။ လေထုဖွဲ့စည်းမှုက အင်မတန်ရှုပ်ထွေးတယ်။ မြေကြီးအငွေ့အသက်မျိုးစုံပဲ။ ယိချင်းတောင် မသက်မသာဖြစ်လာလို့ မျက်မှောင်ကြုတ်မိတယ်။
သူ ဟိုဟိုဒီဒီကြည့်ပြီး ပြဿနာမတက်အောင် တောအုပ်ထူကြီးတစ်ခုရဲ့အလယ်မှာ ပေါ်လာဖို့ ရွေးချယ်လိုက်တယ်။
"ဆရာ၊ ဒီမှာခဏလောက် စောင့်ပေးပါ၊ ကျွန်တော် ယွီဟုန့်အရှိန်အဝါကို ရှာလိုက်ဦးမယ်" ယိချင်းက အကျင့်အတိုင်း ရှန်းရင်ကို အသီးတစ်လုံးကမ်းပေးလိုက်တယ်။ သူ့လက်နှစ်ဖက်လုံးကိုသုံးပြီး စည်းတံဆိပ်တစ်ခုဖန်တီးကာ ယွီဟုန်နဲ့ငမည်းလေးရဲ့ အရှိန်အဝါတွေကို စတင်ရှာဖွေဖို့လုပ်လိုက်တယ်။ မသေမျိုးချီတချို့ သူ့ကိုယ်ကနေ ထွက်သွားပြီး ဘုံငယ်လေးတစ်ခုလုံးဆီ ပျံ့နှံ့သွားတယ်။
ရှန်းရင် အသီးတစ်ဝက်တောင်မကုန်ခင် သူက မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်ကာ ရှန်းရင်ဘက်လှည့်ပြောတယ်။
"ဆရာ၊ ဒီကနေမြောက်ဘက်ရဲ့ မိုင်တစ်သောင်းလောက်အကွာမှာ နတ်ဆိုးချီတချို့ ရှိနေတာအာရုံခံမိတယ်၊ ကျွန်တော်ထင်တာ... ငမည်းလေးဖြစ်လောက်တယ်"
ရှန်းရင် မျက်လုံးမှေးလိုက်တယ်။
"ဘယ်ကမြောက်ဘက်လဲ"
စားဖိုမှူးက သူ့ညာဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ဒီဘက်ပါ"
သူ ဓားပေါ်ပျံတက်မို့ရှိသေး ရှန်းရင်က ဆန့်ကျင်ဘက်ဆီလှည့်ထွက်သွားတာ သတိပြုမိလိုက်တယ်။
"ဒါဆို ဒီဘက်သွားကြစို့"
"အာ ဟမ်" ယိချင်း တန့်သွားတယ်။ "ကျွန်တော်တို့... သူတို့ကို ပြန်သွားခေါ်မှာမဟုတ်ဘူးလား"
"စားဖိုမှူး..." ရှန်းရင် သူ့ပခုံးကိုပုတ်လိုက်တယ်။
"သူတို့တစ်ခုခုဖြစ်မယ် နင်ထင်လား"
ယိချင်းက သူမကို အူတူတူပြန်စိုက်ကြည့်တယ်။ သူမဘာမေးလဲနားမလည်ပေမဲ့ ရိုးရိုးသားသား ဖြေလိုက်တယ်။
"ယွီဟုန်နဲ့ ငမည်းလေးကျင့်ကြံဆင့်တွေအရတော့ သူတို့ အောက်ဘုံဆီကျသွားတာကြောင့်နဲ့တော့ ကြီးကြီးမားမားဖြစ်မှာမဟုတ်ပါဘူး"
"ဒါဆို ဘာလို့ သူတို့ ပြန်မလာတာလို့နင်ထင်လဲ"
"ဟမ်" ယိချင်း အူကြောင်ကြောင်ဖြစ်နေဆဲ။
"သူတို့ဟန်းနီးမွန်းထွက်နေတာပဲ၊ တကယ်လို့ ငါတို့ သူတို့ကိုခုသွားရှာရင် ကောင်းမှာမဟုတ်ဘူး"
ငါတို့ အနည်းဆုံး တစ်လလောက်တော့ စောင့်ရမှာပဲ။ သူတို့မှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေ အာလုံးကုန်မှ ပြန်လာလိမ့်မယ်။
"ဟန်းနီးမွန်းဆိုတာ... ဘာလဲ" ယိချင်း ရှန်းရင်ပြောတဲ့ စကားတစ်လုံးကိုနားမလည်ဘူး။
"ဟန်းနီးမွန်းဆိုတာက..." ရှန်းရင် ခေါင်းစောင်းပြီး ဘယ်လိုပြောရင်အကောင်းဆုံးလဲ စဉ်းစားနေမိတယ်။
"လုံးဝကို နားလည်ပေးနိုင်ပြီး သဘာဝကျ ဥပဒေနဲ့လျော်ညီတာမျိုး၊ ကျင့်ကြံသူနှစ်ယောက် လက်ထပ်ပြီးရင်အတူတူဖြတ်သန်းတဲ့ ညတွေကိုပြောတာ"
ယိချင်းတန့်သွားပြီး နောက်ဆုံးတော့ တစ်စုံတစ်ခုကို သဘောပေါက်သွားတယ်။ သူက မျက်နှာနီရဲလာတယ်။ ရှန်းရင် သူ့နားတွေထဲကနေ မီးခိုးတွေထွက်လာတာကို မြင်လိုက်ရသလိုပဲ တောင်ထင်မိတယ်။
ကျင့်ကြံသူ နှစ်ယောက်... နှစ်ယောက်... ညမှာ...။
(っ//////////c)
သူက ရှန်းရင်ကို တစ်ချက်ခိုးကြည့်ကာ ပုံရိပ်မျိုးစုံ သူ့ခေါင်းထဲဖြတ်ပြေးသွားတယ်။ တစ်ခုခု သူ့နှာခေါင်းကနေ စီးကျလာလေရဲ့။
"နင်နားလည်လား"
ဘာကို နား... နားလည်ရမှာလဲ။
"သွားကြစို့ တောင်ဘက်ဆီဦးတည်ကြမယ်" ရှန်းရင် သူ့လက်မောင်းကိုဆွဲလိုက်တယ်။
"ဆရာ ဒါမြောက်ဘက်ပါ"
"..."
တစ်ခဏအကြာ...။
"အော်ဟုတ်သား၊ စားဖိုမှူး ဒီတောအုပ်ထဲ တိရစ္ဆာန်လေးတွေရှိတယ်ထင်လား"
ယိချင်းနှာခေါင်းဖိကာ ဖြေလိုက်တယ်။
"သားရဲမျိုးစုံ ၃၆၉၅၇ ကောင်ရှိပါတယ်"
"ကောင်းပြီလေ၊ သွားပြီး ဝတဲ့တစ်ကောင်ရွေးခဲ့"
"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ"
————
သူတို့နှစ်ယောက်လုံး ဘာတိရစ္ဆာန်မှ ရှာမတွေ့တာတော့ နှမြောစရာပဲ။ သူတို့ရှေ့က စတင်လှုပ်ရှားလာပြီး လမ်းကြောင်းတစ်ခု ပွင့်လာတယ်။
"ဂိုဏ်းချုပ်…" မုန့်ပေါ်က ခါးသက်သက်အမူအရာနဲ့ သူတို့ဆီသို့ လျှောက်လာတယ်။ သူမနောက်မှာ ဓမ္မဂါထာတွေနဲ့ ဖွဲ့စည်းထားတဲ့ အတန်းပါးပါးလေး။ အတန်းရဲ့အဆုံးမှာ သားမွေးဘောလုံးနဲ့တူတဲ့ အငြိုးအတေးစွမ်းအင်လုံးတစ်လုံး။
"ဒါ... စုန့်ရန်လား" ယိချင်း အငြိုးအတေးစွမ်းအင်လုံးကို သံသယစိတ်နဲ့ကြည့်လိုက်တယ်။ ဘယ်လိုလုပ် အဲလောက်မြန်မြန် အငြိုးအတေး စွမ်းအင်လုံးတစ်လုံးအဖြစ် ပြန်ဖြစ်သွားတာလဲ။ "ဖေဖေနျိုက သူ့ကို လူဝင်စားဖို့ ဒီနေရာဆီ ခေါ်လာခိုင်းတာလား"
မုန့်ပေါ် အမူအရာ ပျက်သွားတယ်။ ရှန်းရင်ဆီ ဦးညွှတ်ရင်း သူမမျက်လုံးတွေမှာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုတွေ ပြည့်လျှံနေလေတယ်။
"တပည့် မအောင်မြင်ခဲ့ပါဘူး၊ ဒီတစ္ဆေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အငြိုးအတေး စွမ်းအင်တွေကို ဘာကြောင့် မဖယ်ရှားနိုင်လဲဆိုတာ ကျွန်မ မသိဘူး၊ အဲဒီအစား၊ အငြိုးအတေးစွမ်းအင်တွေကို ပိုပိုပြီးထုတ်နေတယ်"
သူမ စကားပြောနေရင်း အငြိုးအတေးစွမ်းအင်တွေကို ဖယ်ရှားဖို့ လက်ကို မြှောက်လိုက်တယ်။
"အငြိုးအတေးစွမ်းအင်ကို ဖယ်ရှားမရဘူး၊ ဒီဝိညာဥ်က သံသရာဆီ လုံးဝမဝင်နိုင်ဘူး၊ စွမ်းအင်တွေကို ဖယ်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ဘာလို့မရတာလဲမသိ... အာ"
သူမစကားမဆုံးခင်မှာ အငြိုးအတေး စွမ်းအင်လုံးလေး ပျောက်သွားတယ်။ သူရဲဘောကြောင်တဲ့စာဂျပိုးက နောက်တစ်ကြိမ် ပေါ်လာပြန်လေရဲ့။
"ဒါက…" သူ လှည့်ပတ်ကြည့်ရင်း မျက်လုံးတွေက ဇဝေဇဝါနဲ့ ပြူးကျယ်ကုန်တယ်။ မုန့်ပေါ်က အတန်းကို ကိုင်ထားတာကိုမြင်တော့ ဖြူဖျော့သွားပြီး သွေးပျက်သွားတယ်။ ခဏအကြာမှာ သူက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ရင်ဘတ်ကို ပုတ်လိုက်တယ်။
"ဒါဆို ခင်ဗျားတို့ပဲ၊ အမတတွေ ဟုတ်သား၊ ခင်ဗျားတို့ အမတတွေ ကျွန်တော့်ကို သံသရာဆီ ပို့ပေးဖို့ သွားနေတာ မဟုတ်ဘူးလား၊ ဒါ မြေအောက်ကမ္ဘာလား"
"ဒါ တကယ်ကို ထူးဆန်းတယ်၊ နင်က အတိအကျဘာလဲ" မုန့်ပေါ် သူ့ကို စိတ်ရှုပ်ထွေးစွာ လေ့လာတယ်။ အားလုံးက တစ္ဆေကို ပတ်လည်ဝိုင်းလိုက်ကြတယ်။
"စောနက နင့်ရဲ့ အငြိုးအတေး စွမ်းအင်တွေကို ငါ မဖယ်ရှားနိုင်ခဲ့ဘူး၊ ဂိုဏ်ချုပ်ရှေ့ရောက်လာတာနဲ့ အငြိုးအတေး စွမ်းအင်တွေအားလုံး ဘာကြောင့် ပျောက်ကွယ်သွားတာလဲ"
ဒီဝိညာဉ်က မေ့ပျောက်ခြင်းမြစ်ထဲ ဝင်ဖို့ အခက်အခဲရှိနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ တစ္ဆေကို လေ့လာဖို့ ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တယ်။ အငြိုးအတေး စွမ်းအင်ကြောင့် သူ့ဝိညာဉ်သည် အခုအားနည်းနေတာကလွဲပြီး သာမန်ထက် ထူးခြားတဲ့အရာမရှိဘူး။
"ဆရာ သူက…" ကျူးကျော်သူဖြစ်နိုင်လား။
"မဟုတ်ဘူး" သူရဲဘောကြောင်တဲ့ တစ္ဆေကို စစ်ဆေးရင်း ရှန်းရင် မျက်လုံးမှေးလိုက်တယ်။ သူမက မုန့်ပေါ်ဘက် လှည့်တယ်။
"ဂျပုလေး နင့်အပြင် အငြိုးအတေး စွမ်းအင်တွေကို ဘယ်လို ဖယ်ရှားရမလဲဆိုတာ တခြားသူ သိလား"
…
အခန်း ၃၇၂ ။ ချင်းဟယ်စီရင်စု
"ရှိပါတယ်၊ ဒါပေမဲ့ ပိုပြီးတော့ အလုပ်ရှုပ်တဲ့ဟာမျိုးပေါ့"
မုန့်ပေါ်က တခဏစဉ်းစားနေပြီး ပြောတယ်။
"အငြိုးအတေးစွမ်းအင်ဆိုတာ ဒီလူအသက်ရှိနေတုန်းက မတရားမှုတစ်မျိုးမျိုးကိုခံစားခဲ့ရလို့ပဲ၊ ရလဒ်ကတော့ သုက ကမ္ဘာကြီးအပေါ် အငြိုးအတေးတွေရှိလာတာ၊ ဒါကို အတင်းအကြပ် ရှင်းထုတ်ပစ်ဖို့ ကြိုးစားတာကလွဲရင် သူဘယ်လိုသေလဲဆိုတာ ရှာဖွေပြီး သူ့နှလုံးသားထဲက အထုံးအဖွဲ့ကို ဖြည်ဖို့ပဲ၊ အဲဒါက အငြိုးအတေးစွမ်းအင်ကို ရှင်းပေးလိမ့်မယ်"
အဲဒါ တကယ်ကို အလုပ်ရှုပ်ပုံပဲ။
သော့ချက်က ဝိညာဉ်ကိုယ်တိုင် သူ ဘယ်လိုသေလဲဆိုတာ မေ့နေတာ။ သူတို့ဘယ်လို အဖြေသွားရှာမလဲ။
ရှန်းရင် ခေါင်းစောင်းပြီး ယိချင်းဘက်လှည့်လိုက်တယ်။
"ငါတို့ သူ့ထဲက အငြိုးအတေးစွမ်းအင်ကို ရိုက်ထုတ်လိုက်ရင်ရော"
အဲဒါ ဘာမှမကုန်ကျတဲ့နည်းလမ်းတစ်ခုဖြစ်နိုင်တယ်။
"ဆရာ..." ယိချင်းက မျက်မှောင်ကြုတ်တယ်။
"သူ့ဝိညာဉ်က အရမ်းအားနည်းနေပြီရယ်၊ ကျွန်တော်တောင် ဆရာ့ဆီက ရိုက်ချက်ကို မခံနိုင်တာ - သူ့ဝိညာဉ် သေချာပေါက် လွင့်ပျောက်သွားလိမ့်မယ်"
"..." ဒါဆို ငါတို့ဘာလုပ်သင့်လဲ။ နင် သူ့ကိုရိုက်ရင်ရော။
"သူက ချင်းဟယ်က လာတယ်လို့ပြောတယ်လေ" ယိချင်း တစ္ဆေကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
"ကျွန်တော်တို့ အဲကိုတစ်ချက်သွားကြည့်ရင်ရော"
"အဲမှာ စားစရာတစ်ခုခုရှိမှာလား"
"စီရင်စုမြို့ဆိုတော့ လူတွေတော့များမယ်ထင်တာပဲ၊ စားဖို့အတွက် စားသောက်စရာရှိသင့်ပါတယ်"
သူတို့အရင်းအမြစ်တွေကိုလည်း ပြန်ဖြည့်တင်းလို့ရနိုင်တယ်။
"ဒါဆို ငါတို့ဘာစောင့်နေတာလဲ၊ သွားကြစို့"
"ဟုတ်ကဲ့ဆရာ" ယိချင်း မုန့်ပေါ်ဘက်လှည့်လိုက်တယ်။
"ဂျပုလေး မင်းအရင်ပြန်နှင့်ပါလား၊ တစ္ဆေကို ခုငါတို့ဆီလွှဲပေးလိုက်"
မုန့်ပေါ်က ခေါင်းညိတ်ကာ တစ်ဖက်လှည့်ပြီး ဇဝေဇဝါ ဖြစ်နေသေးတဲ့ တစ္ဆေလေးကို တစ်ချက် ခိုးကြည့်တယ်။ နောက်တော့ သူမက ပျောက်ကွယ်သွားတယ်။
စုန့်ရန်က မုန့်ပေါ် လေထဲ ပျောက်သွားသည်ကိုမြင်ပြီး ထခုန်တယ်။ သူ ချက်ချင်းပဲ သူ့ကိုယ်သူ ဘောလုံးလို ကောက်ကွေးပြီး ယိချင်းကို လှည့်ကြည့်တယ်။
"အမတတို့၊ ခင်ဗျားတို့နှစ်ယောက် ဘာတွေပြောနေတာလဲ၊ ဘာအငြိုးအတေးစွမ်းအင်လဲ၊ ကျွန်တော့်ခန္ဓာကိုယ်မှာ ကြောက်စရာတစ်ခုခု... တစ်ခုခုရှိနေတာလား..." တစ္ဆေက ဘာဖြစ်နေလဲ နားမလည်ဘူး။ ဒီအငြိုးအတေးစွမ်းအင်အကြောင်း သူတို့ စကားစမြည်ပြောတာကို ကြားပြီးနောက်မှ ဒီအရာက သူ့ကို လူဝင်စားမရအောင်လုပ်နေတဲ့အကြောင်း အဓိပ္ပာယ်ကောက်နိုင်ခဲ့တယ်။
"မင်းသေဆုံးရတဲ့အကြောင်းရင်းကို ရှာဖွေဖို့ ငါတို့ အခုသွားမှာ" ယိချင်းက ရှင်းပြတယ်။
"စိတ်မပူပါနဲ့၊ မင်း လူဝင်စားဖို့ ငါတို့ သေချာအောင်လုပ်မယ်"
စုန့်ရန်ခေါင်းညိတ်ပြီး သူတို့နှစ်ယောက်လုံးကို ဂါရ၀ပြုတယ်။
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့အမတတို့"
ယဉ်ကျေးတဲ့တစ္ဆေပဲ။
"ဆရာ သွားကြစို့" ယိချင်း သူ့ဓမ္မဓားကို ဆွဲထုတ်ကာ ရှန်းရင်ကို အပေါ်ဆွဲတင်လိုက်တယ်။ နောက်တော့ သူ တစ္ဆေဘက်လှည့်တယ်။
စုန့်ရန်က တန့်သွားပြီး ဓားပေါ်ခုန်တက်ရမယ်ဆိုတာ သဘောပေါက်သွားလို့ အဲဆီ မျောလွင့်လာခဲ့တယ်။ သူက စာဂျပိုးဖြစ်တဲ့အတိုင်း နောက်တစ်ကြိမ် ဂါရ၀ပြုတယ်။
"ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့အမတ၊ ကျွန်တော့်ကို ခေါ်သွား - အား"
သူစကားမဆုံးခင် ယိချင်းက တစ္ဆေကို ဓားပေါ်ဆွဲတင်ပြီး ထွက်လာခဲ့တယ်။ စုန့်ရန် လေထဲပျံတက်ဖို့တောင် အချိန်မရလိုက်။ သူ သေခါနီးဝက်လို စူးစူးဝါးဝါးအော်ဟစ်တော့တယ်။
ယိချင်း ။ ။ "..."
ရှန်းရင် ။ ။ "..."
ဆယ်မိနစ်အကြာ...။
"ငါ့ပေါ်ကနေဆင်း" ယိချင်း ဆက်သည်းမခံနိုင်တော့ဘူး။ သူ့ကို ရေဘဝဲလို တွယ်ကပ်နေတဲ့ တစ္ဆေကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ ဘယ်လောက်ပဲကြောက်တတ်ပါစေ သူ ခုလောက်ဆို စိတ်တည်ငြိမ်နေသင့်ပြီလေ။ သူတို့တွေ ပျံနေတာပဲ ဆယ်မိနစ်လောက်ရှိနေပြီ
"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့အမတ" စုန့်ရန်ရဲ့နဂိုဖြူဖပ်ဖြူရော်မျက်နှာက ပိုတောင်ဖြူဆုတ်လာတယ်။
"ကျွန်တော်... ကျွန်တော်က အမြင့်ကြောက်တယ်"
စောနလေးကတင် မင်း လေထဲ မျောနေတာ မဟုတ်ဘူးလား။ မင်း မကြောက်တဲ့ဟာရော ရှိသေးရဲ့လား။
ယိချင်း မျက်မှောင်ကြုတ်ကာ သူ့ကိုယ်ကနေ တစ္ဆေကိုခွာချပြီး လက်တစ်ကမ်းစာမှာ ထိန်းထားလိုက်တယ်။
"လမ်းပြ"
"ဟမ် အား" စုန့်ရန်က မတည်ငြိမ်သေး။
"မင်းနေခဲ့တဲ့ ချင်းဟယ်စီရင်စု - ဘယ်ဘက်လဲ"
"အ.. အရှေ့တောင်"
ယိချင်း ရပ်ပြီး အရှေ့တောင်ဘက် လှည့်ပျံလာခဲ့တယ်။
တစ်နာရီအကြာမှာတော့ - လမ်းမှာ ပြတ်တောင်းပြတ်တောင်း အော်သံတွေနဲ့အတူ - အုပ်စုက နောက်ဆုံးတော့ လူနေဒေသတစ်ခုဆီ ရောက်လာခဲ့တယ်။ အဝေးကနေ ရွာတချို့ကိုပါ မြင်ရသေး။ သုံးယောက်သား ဆင်းလိုက်ကြတယ်။ စုန့်ရန်က လုံးဝတောင့်တင်းတဲ့အထိ ကြောက်နေတယ်။ သူ့တစ္ဆေကိုယ်က ခုဆို ပိုတောင်ဖောက်ထွင်းမြင်နေရပြီ။ သူ့ကြည့်ရတာ အချိန်မရွေး လွင့်ပျောက်နိုင်တဲ့ပုံ။
သူတို့ဆင်းဆင်းချင်း သူက သန်မာချင်ယောင်ဆောင်ပြီး မတ်မတ်ရပ်ဖို့လုပ်တယ်။ စိတ်ပြန်တည်ငြိမ်သွားတဲ့နောက် သူက ချောင်းဟန့်ပြီး လက်သီးဆုပ်ကာ နှစ်ယောက်ကို ဂါရ၀ပြုတယ်။
"ကျွန်တော် တောင်းပန်ပါတယ်"
သူက နောက်တစ်ကြိမ် တည်ငြိမ်တဲ့လူကြီးလူကောင်း ဖြစ်လာပြန်တယ်။ ခရီးတစ်လျှောက်လုံး သွေးပျက်လာသူက သူ မဟုတ်တဲ့အတိုင်းပဲ။ သေချာပေါက် သူ့တုန်နေတဲ့ ခြေထောက်တွေကြောင့်သာ မဟုတ်ရင် ပြောနိုင်မှာမဟုတ်ဘူး။
"ဘယ်လား ညာလား" ယိချင်းက သူတို့ရှေ့ရှိနေတဲ့လမ်းကြောင်းနှစ်ခုကို လက်ညှိုးထိုးတယ်။ သူတို့ ရှေ့ဆက်သွားရင် မြို့လယ်ခေါင်ဆီ ရောက်တော့မှာ။ အဲမှာ သေမျိုးတွေလည်း အများကြီး၊ သူတို့ မြေပြင်ပေါ် အာရုံစိုက်ရဦးမှာမို့ အမြင့်ကြီးလည်းပျံသန်းလို့မရဘူး။ မလိုလားတဲ့အာရုံစိုက်မှုမရအောင် သူတို့တွေ ကျန်တဲ့လမ်းတစ်လျှောက်ကို လမ်းလျှောက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
စုန့်ရန်က ဘယ်ညာကြည့်တယ်။ သူ့မျက်လုံးထဲ ပျော်ရွှင်နေတဲ့အရိပ်အယောင်နဲ့ ညာဘက်ကလမ်းကို လက်ညှိုးထိုးပြတယ်။
"ကျွန်တော် ဒီနေရာကို မှတ်မိတယ် ဒီလမ်းအတိုင်းသွားကြစို့၊ ကျွန်တော်တို့ ၂နာရီလောက်နေရင် စီရင်စုဆီ ရောက်လိမ့်မယ်"
"သွားကြစို့" ယိချင်းက ခေါင်းညိတ်ကာ ခြေနှစ်လှမ်းလှမ်းပြီးချိန် ရှန်းရင်က မရွေ့သေးတာ နားလည်လိုက်ရတယ်။ သူမက ညာဘက်ကလမ်းကြောင်းကို ငေးကြည့်နေတာ။
"ဆရာ" ယိချင်း သူမကို လှမ်းခေါ်လိုက်တယ်။
ရှန်းရင်က သတိပြန်ဝင်လာပြီး ကောင်းကင်ကိုလက်ညှိုးထိုးပြတယ်။
"စားဖိုမှူး... အဲကရာသီက အရမ်းဆိုးနေလား"
"ရာသီဥတုလား" ယိချင်း တန့်သွားကာ ညာဘက်ခြမ်းက လမ်းကြောင်းကို စစ်ဖို့ သူ့ကောင်းကင်စိတ်အာရုံကို လွှတ်လိုက်တယ်။ သူ့မျက်လုံးတွေပြူးသွားတယ်။ သိပ်မဝေးတဲ့နေရာမှာ မြို့တစ်မြို့ရဲ့ကောင်းကင်က ဖိနှိပ်ခံထားရပြီး မှောင်မည်းနေတယ်။ မြို့တစ်ခုလုံးက အမှောင်ထုလွှမ်းခြုံနေတယ်။ အေးစက်ပြီး ပြင်းထန်တဲ့ ယင်လေလှိုင်းတွေ။ တစ္ဆေချီက လေထဲပြည့်နေတယ်။ လုံးဝကို တစ္ဆေမြို့လိုပဲ။
ယိချင်း ရင်ထိတ်သွားတယ်။ ပြင်းလိုက်တဲ့ယင်ချီ။ မြေအောက်ဘုံကလွဲလို့ ဒီလိုမျိုးနေရာကို ရောက်ဖူးတာ ပထမဆုံးပဲ။
"ဆရာ"
"သွားကြစို့" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
ယိချင်း သူ့ဓားပျံကိုဆွဲထုတ်ပြီး မြို့ဆီ အုပ်စုကိုခေါ်လာခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်း သူတို့က ရှေ့ကိုရောက်လာတယ်။ ဒီကယင်ချီက အများကြီးပိုထူတာအသိသာကြီးပဲ။ ကောင်းကင်က လမ်းတစ်လျှောက်လုံး ကြည်လင်ခဲ့ပေမဲ့ အခု သူတို့ရှေ့ တိမ်မည်းတွေက ကောင်းကင်မှာပြည့်နေပြီ။
မြို့တစ်ခုလုံး လုံးဝ တိတ်ဆိတ်နေတယ်။ သူတို့ကြားရတာဆိုလို့ လေတိုးသံတွေပဲရှိတယ်။ မော့ကြည့်လိုက်တော့ သူတို့တွေ ဂိတ်တံခါးမှာ ရေးထားတဲ့ စာလုံးသုံးလုံးကိုမြင်လိုက်ရတယ်။ ချင်းဟယ်စီရင်စု။
ဒါချင်းဟယ်စီရင်စုပဲ။ ယိချင်း မျက်မှောင်ကြုတ်ကာ ခုပိုတောင်ဖြူဖျော့လာတဲ့ စုန့်ရန်ကို လှည့်ကြည့်လိုက်တယ်။ သူ ဒီမှာဘာဖြစ်ခဲ့လဲ အရိပ်အမြွက်သိလိုက်ရသလိုပဲ။ သူ မြို့ထဲ လျှောက်လာခဲ့တယ်။
"ကျွန်တော်တို့... အထဲသွားမို့လား" စုန့်ရန်အသံက တုန်နေတယ်။ သူက အလိုလို ရှန်းရင်နဲ့ ပူးကပ်မိသွားတယ်။
ယိချင်း အမူအရာမည်းမှောင်တော့တာပေါ့။ သူ အခြေအနေတွေ သွားစစ်ဆေးချင်ပေမဲ့ ခုတော့ တစ္ဆေကို ရှန်းရင်နဲ့ ဝေးဝေးဆီ ဆွဲခေါ်သွားလိုက်တယ်။ ငါ့ဆရာနဲ့ ဝေးဝေးနေ ခွေးလေး။
"ဆရာ အဲကယင်ချီက ဆိုးဆိုးရွားရွား ပြည့်လျှံနေတယ်၊ အထဲမှာသက်ရှိတစ်ယောက်မှမရှိဘူး"
အဲဒါတင် မကဘူး၊ တစ္ဆေချီတွေလည်း အများကြီးပဲ။ မြို့ထဲက တစ္ဆေအများစုက မြေအောက်ဘုံဆီ ဘယ်တော့မှ မဝင်ခဲ့ရတာ ဖြစ်နိုင်တယ်။ သူတို့က အဲမြို့တစ်ဝိုက်မှာ လျှောက်သွားနေရုံ ဖြစ်လိမ့်မယ်။
"သေမျိုးဘုံကဒီမှာ တစ္ဆေတွေအများကြီးပဲ...၊ အဲမြို့မှာ ထူးဆန်းတာ တစ်ခုခုရှိပုံပဲ"
"အင်း" ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ သူမက လက်ထဲကအသီးကို ဘေးပစ်ထုတ်ပြီး အကျင့်အတိုင်း ယိချင်းအိတ်ကပ်ထဲကနေ နောက်ထပ်အသီးတစ်လုံး ထုတ်တယ်။
"ကျွန်တော်တို့အထဲဝင်မှပဲ အကြောင်းရင်းအစစ်သိရမှာ" ယိချင်း နောက်တစ်ကြိမ် မြို့တံခါးတွေကို လှမ်းကြည့်လိုက်တယ်။
"ဆရာ အထဲမှာမှောင်နေပြီ၊ ကျွန်တော်နဲ့ အဝေးကြီး မသွားပါနဲ့"
"အိုး"
ယိချင်းက မြို့တံခါးဆီဝင်ဖို့ လျှောက်လိုက်ပြန်တယ်။ တစ်ခဏစဉ်းစားပြီးတဲ့နောက် သူတစ်ဖက်လှည့်ကာ အင်မတန်လေးနက်တဲ့အမူအရာနဲ့ ရှန်းရင်လက်ကို ဆွဲဖမ်းလိုက်တယ်။ သူမ လမ်းပျောက်မှာ သူတကယ် ကြောက်နေပြီ။
"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့အမတ" စုန့်ရန်ကတော့ ခု တက်တက်ကြွကြွ ကြောက်နေတာပေါ့။
"အဲမြို့ထဲ... တစ္ဆေတွေတော့ ရှိမှာ မဟုတ်ဘူးမလား"
"..." သူက ဘာလဲဆိုတာ မေ့နေတာလား။
"မင်း ဒီမှာနေခဲ့လို့ရတယ်" ယိချင်း ညွှန်ကြားကာ တစ်ဖက်လှည့်ပြီး မြို့ထဲစလျှောက်ခဲ့တယ်။ ဒါက တကယ်ကို ကြီးမားတဲ့တစ္ဆေမြို့ပဲ - သူတို့ ဒီတိုင်းလျစ်လျူရှူထားစရာ အကြောင်းမရှိဘူး။
ရှန်းရင် နှစ်ယောက်သား ဝေးသထက်ဝေးသွားတာကိုကြည့်နေတယ်။ လေပြင်းတွေက သူ့ကို ဆက်တိုက်ခတ်လာတော့ အံကြိတ်ကာ သူတို့နှစ်ယောက်သားနောက် လိုက်ခဲ့တော့တယ်။
သူတို့ မြို့ထဲဝင်ဝင်ချင်း ပတ်လည်ကယင်ချီတွေကသိသိသာသာဖြစ်လာတယ်။ အရိုးထဲထိ စိမ့်ချမ်းစေတာမျိုးပဲ။ စုန့်ရန် အလိုလိုတုန်ယင်နေတယ်။ သူတို့ရှေ့က၂ယောက်ကတော့ လေပြင်းတွေ သက်ရောက်မှုမရှိသလိုမျိုး ခပ်မှန်မှန်ပဲလမ်းလျှောက်နေတယ်။ စုန့်ရန် သူတို့ကို အမှီလိုက်ဖို့ ခပ်မြန်မြန် ပျံသန်းခဲ့တော့တယ်။