အခန်း (၃၈၅-၃၈၇)
Vol. 26 Ch. 385-387
အခန်း ၃၈၅ ။ ဓားကျင့်ကြံသူများကို လေ့ကျင့်ပေးခြင်း
"တာအိုရောင်းရင်း ကျေးဇူးပြုပြီး ကျုပ်ကို ယွင်ဟန့်လို့ခေါ်ပါ" ယွင်ဟန့်လေသံက ယဉ်ကျေးပြီး သူ့မျက်လုံးတွေက တလက်လက်တောက်ပစွာနဲ့ ကူယွဲ့ကိုကြည့်လာတယ်။
"ခင်ဗျားကိုဘယ်လို ခေါ်သင့်လဲဗျ"
"ကူယွဲ့ပါ" ဖေဖေနျိုက သူ့စီးပွားရေးဆန်ဆန်အပြုံးနဲ့ ဖြေလိုက်တယ်။ သူ တစ်ဖက်လှည့်ပြီး ပတ်လည်ကလူတွေနဲ့ မိတ်ဆက်ပေးတယ်။
"ဒါတွေက ဝူတိဂိုဏ်းတပည့်တွေလေ၊ သူတို့က မျှဝေပေးဖို့ရောက်လာကြတာ၊ သူတို့ အနာဂတ်မှာ တာအိုရောင်းရင်းနဲ့ ပူးပေါင်းဖို့ စောင့်စားနေပါတယ်"
"ဒါပေါ့ ဒါပေါ့" ယွင်ဟန့်က ခေါင်းညိတ်တယ်။ သူ့အပြောအဆိုအရ သူအရမ်းပျော်နေတယ်ဆိုတာ သိသာတယ်။ "ကျင့်ကြံခြင်းဆိုတဲ့ စကားကိုဖြန့်တာက ကြီးမားတဲ့ကိစ္စပဲ၊ တာအိုရောင်းရင်း ကျုပ် တတ်နိုင်သမျှ သေချာပေါက် လုပ်ပေးမှာပါ"
ကူယွဲ့ ယွင်ဟန့်နဲ့ စကားအများကြီးပြောဖို့ ရည်ရွယ်ချက်မရှိဘူး။ နောက်ထပ် အာလပသလာပ ဖလှယ်ပြီးတဲ့နောက်မှာ စစ်ယွီတို့ ဝိညာဉ်ကြောတွေစမ်းသပ်ဖို့အတွက် လမ်းပြဖို့ ယွင်ဟန့်ကို သွားခွင့်ပြုခဲ့တယ်။ ခန်းမထဲမှာ သူတို့ သုံးယောက်ပဲ ကျန်တော့တယ်၊ တစ္ဆေတစ်ကောင်နဲ့အတူ။ တပည့်စုဆောင်းခြင်းမှာ သူတို့ပါဖို့ မလိုဘူး။ တကယ်တော့၊ အဲဒါက သူတို့ရဲ့ရာထူးတွေကို စော်ကားရာရောက်သလိုဖြစ်မှာ။ သူတို့ဟာ ကြီးကျယ်တဲ့ ဝင်ရောက်မှုတစ်ခုဖြစ်အောင် အများကြီး အားထုတ်ခဲ့ကြတာ၊ သူတို့ အဲအခန်းကဏ္ဍကို အဆုံးထိ ကောင်းကောင်းကစားနိုင်တာ သေချာအောင်လုပ်ရမယ်။
ဒါပေမဲ့ကူယွဲ့ ဒီကမ္ဘာငယ်လေးထဲက လူတွေရဲ့ အရည်အသွေးအပေါ် သူ၏သိချင်စိတ်ကို မထိန်းဘဲ မနေနိုင်။ သူတို့အောက်က စမ်းသပ်စင်မြင့်ကို ပြသနေတဲ့ သလင်းကျောက်ကို ထုတ်ယူလိုက်တယ်။ အဲအချိန် စင်မြင့်ရှေ့မှာ လူတန်းရှ ည်ကြီးတန်းစီနေတယ်။ စိတ်တန်ခိုးကျင့်ကြံသူအမျိုးမျိုးက စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတယ်။ စစ်ယွီနဲ့ တခြားသူတွေ အဲကို ရောက်နေကြပြီထင်၊ လူအုပ်ကြီးက ရှေ့ကိုရောက်ဖို့ တွန်းပြီး တိုးဝှေ့မနေဘူး။ အဲအစား အရာရာတိုင်းက စည်းစနစ်တကျ သွားနေတယ်။
အံ့ဩစရာကောင်းတာက မြို့တံခါးမှာစောင့်တဲ့ အစောင့်တွေအပါအဝင် စင်မြင့်ပေါ်ကလူတိုင်းမှာ ဝိညာဉ်ကြောရှိနေတာပဲ။ ဟုတ်တာပေါ့၊ ဒါက စိတ်လှုပ်ရှားမှုကိုခံစားဖို့ပဲ ရောက်လာတဲ့ အရပ်သားတစ်ဦး၊ နှစ်ဦးကလွဲပြီးပေါ့။ ဝိညာဉ်ကြောရှိသူတွေကလည်း အရည်အသွေးမဆိုးဘူး။ အများစုက ဝိညာဉ်ကြော နှစ်ခု ဒါမှမဟုတ် သုံးခုရှိကြတယ်။ တစ်နာရီအတွင်းတွင် ကောင်းကင်ဝိညာဉ်ကြောရှိတဲ့ လူနှစ်ဦးကို တွေ့ရှိခဲ့တယ်။
ဒီလိုစွမ်းရည်ရှိတဲ့ လူတွေဟာ တခြားကမ္ဘာငယ်လေးတွေမှာ ရှားတယ်။ အရည်အသွေးကောင်းတဲ့ ခန္ဓာကိုယ်နဲ့လူတိုင်း တစ်မြို့တည်းမှာ စုလာသလိုပါပဲ။ တစ်ခုတည်းသောကိစ္စက...။
"ဘာလို့ သူတို့အားလုံးမှာ ကျင့်ကြံဆင့်ရှိနေကြတာလဲ" ကူယွဲ့ အားကိုးမရတဲ့ ဆရာတပည့်နှစ်ယောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။ "ဒီကမ္ဘာမှာ ကျင့်ကြံသူမရှိဘူးလို့ မင်းတို့ မပြောခဲ့ဘူးလား"
ဝိညာဉ်ကြောတွေကို စမ်းသပ်ပြီးသူတိုင်း ချီသန့်စင်ခြင်း ပထမအဆင့်ကနေ ပဉ္စမအဆင့်အတွင်း ရှိနေကြတယ်။
"ဖြစ်နိုင်တာ သူတို့ခေါ်တဲ့ စိတ်တန်ခိုးကျင့်ကြံခြင်းကြောင့် နေမယ်" ယိချင်းက ပြန်ဖြေတယ်။ "သူတို့က အဆောင်ဖန်တီးတဲ့ပညာကို အဓိက အလေးထားတဲ့ ကျင့်ကြံမှုကို လေ့ကျင့် သင်ကြားခဲ့ကြတာ၊ အဲဒါကြောင့် သူတို့တွေ ချီကို သူတို့ခန္ဓာကိုယ်ထဲ ဘယ်လိုစုရမလဲဆိုတာ မသိကြဘူးလို့ အခိုင်အမာဆို ကြပေမဲ့ အရင်ကလုပ်ခဲ့ဖူးတာပဲ၊ ဘယ်လိုပဲဆိုဆို သူတို့က အဆောင်ဖန်တီးဖို့ ပတ်ဝန်းကျင်က ဝိညာဉ်ချီကို ဘယ်လိုအသက်သွင်းရမလဲ သိကြတယ်။ အဲဒါကနေ ကျင့်ကြံဆင့်တချို့ သေချာပေါက်ရလာမှာပေါ့" သူတို့ ပျောက်ဆုံးနေတာက ဝိညာဉ်ချီကို နားလည်မှုပဲ။ အဲဒါကို ဘယ်လိုအသက်သွင်းရမလဲဆိုတာ မသိကြဘူး။ သေချာပေါက် ဝဋ်ကြွေးချေခြင်းကို ဘယ်လိုခံနိုင်ရည် ရှိအောင်လုပ်ရမလဲဆိုတဲ့ အခြေခံတွေကို မသိကြဘူးလေ။ ဒါကြောင့် သူတို့ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းပြီးရင် အခြေခံအုတ်မြစ်အဆင့်ကို မရောက်နိုင်တာနဲ့ သူတို့အားလုံး ချီသန့်စင်ခြင်းအဆင့်မှာအဲ ရှိနေကြသေးတဲ့အကြောင်းရင်းပဲ။
ကူယွဲ့ ဒါကို စဉ်းစားကြည့်မိတယ်။ နောက်တော့ ကောင်းကင်စိတ်အာရုံနဲ့ လူအုပ်ကို လေ့လာလိုက်တယ်။ အမှန်ပဲ၊ သူ အုတ်မြစ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးမှ ရှာမတွေ့။ ရုတ်တရက် သူ့ခေါင်းထဲ မေးခွန်းတစ်ခု ဝင်လာတယ်။
"ယွင်ဟန့်က ဘယ်လိုလုပ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်လာတာလဲ"
“သူ့မှာ မီး… သူ့မှာ ကုသိုလ်ရှိတယ်လေ"
ကူယွဲ့ သူ့ကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်ရင်း ယွင်ဟန့်တစ်ဝိုက်မှာ ရွှေရောင်တောက်နေတာကို သတိရလိုက်တယ်။ ကုသိုလ်ကောင်းမှုနဲ့လူတွေက ပုံမှန် ကောင်းကင်တာအိုရဲ့ ဂရုစိုက်မှု ခံရတယ်။ ယွင်ဟန့် ပတ်လည်က အလင်းရောင်က ဒီလောက်တောက်ပနေပုံထောက်ရင် ကျင့်ကြံနေချိန် ဘာအတားအဆီးမှ မကြုံခဲ့ရတာ သဘာဝပါပဲ။ ဝဋ်ကြွေးချေခြင်းကို ဖြတ်ကျော်စရာမလိုဘဲ သူတက်လှမ်းနိုင်တဲ့ အကြောင်းရင်းဖြစ်နိုင်တယ်။
သူ သလင်းကျောက်ထဲ စူးစူးဝါးဝါး စူးစူးဝါးဝါး ကြည့်လိုက်တယ်။ အဓိကအနေနဲ့ စာရင်းထဲ နာမည်တွေရေးသွင်းပေးဖို့ စစ်ယွီကို ကူညီဖို့ အင်မတန်လေးလေးနက်နက် ကူညီပေးနေသူကိုပေါ့။
"သူ့ကိုယ်ပိုင် ကျင့်ကြံမှုမှာ အမှားအယွင်း ရှိနေတာကို သဘောပေါက်ခဲ့ပြီး သူ့ရဲ့လေ့ကျင့်ရေးနည်းစနစ်ကို ပြောင်းလဲဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တယ်၊ အဓိကက သူ ဒါကို တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ဒီကမ္ဘာငယ်လေး၏ အကျိုးစီးပွားအတွက် လုပ်ခဲ့တာပဲ၊ ယွင်ဟန့်လို နှလုံးသားက တကယ်ပဲ ရှားပါးတယ်၊ ဒီလောက် ကောင်းမှုတွေ အများကြီး စုဆောင်းထားတာ ထိုက်တန်ပါတယ်လေ"
"တကယ်ပဲ" ယိချင်း ခေါင်းညိတ်လိုက်တယ်။ ယွင်ဟန့်က ဒီကမ္ဘာရဲ့ကျင့်ကြံမှုမှာ ပြဿနာရှိနေကြောင်း ပထမဆုံးတွေ့ရှိသူ ဖြစ်နိုင်တယ်။ ယိချင်းက လေ့ကျင့်ပြီး မသေမျိုးဖြစ်လာနိုင်တဲ့ နည်းလမ်းကို သိကြောင်း နားလည်သွားချိန် သူက သာမန်လူတွေလုပ်မဲ့ဟာလိုမျိုး သွေးဆောင်မှုကို အရှုံးပေးပြီး သူ့ဘာသာ လေ့ကျင့်ရေးသိုင်းတွေကို ပြောင်းလဲတာမျိုး မလုပ်ခဲ့ဘူး။ အဲ့ဒီအစား သူပထမဆုံး လုပ်ခဲ့တာက ယိချင်းကို သူ့ကျင့်ကြံနည်းကို ကျန်တဲ့ စိတ်တန်ခိုးကျင့်ကြံသူတွေဆီ ပြောပြဖို့ တောင်းဆိုခဲ့တာပဲ။ သူ့စိတ်ထဲမှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ မရှိဘူး။ သူလိုချင်တာတစ်ခုတည်းက ကမ္ဘာငယ်လေး အန္တရာယ်ကနေ လွတ်မြောက်ဖို့ပဲ။ "တကယ့်ကို သူက ရှားရှားပါးပါး ကြင်နာတတ်တဲ့ စိတ်ဓာတ်ရှိသူပဲ"
"ခင်ဗျားတို့ အဲလိုပြောလို့မရဘူးလေ" စုန့်ရန်က သူတို့နှစ်ယောက်ကို ရုတ်တရက် ကြားဖြတ်ပြောတယ်။ သူက သလင်းကျောက်ထဲ မထီမဲ့မြင် ငုံ့ကြည့်ကာ စုတ်သပ်တယ်။ သူ့အမူအရာက မှောင်မည်းသွားလေရဲ့။
"လူတချို့ရဲ့ မျက်နှာပြင်ကို ကြည့်ရုံနဲ့ သူတို့ နှလုံးသားထဲမှာ ဘာခိုအောင်းနေတယ်ဆိုတာ မပြောနိုင်ဘူး"
သူတို့ဘေး သစ်သီးတစ်လုံးကို ဝါးနေတဲ့ ရှန်းရင်က ခဏရပ်ပြီး သူဌေးတစ္ဆေကို လှည့်ကြည့်တယ်။ "နင် သူ့ကို သဘောမကျဘူးလား"
ယိချင်းနဲ့ ကူယွဲ့က စုန့်ရန်ကို အဲလိုမျိုးတစ်စုံတရာပြောတဲ့အပေါ် အံ့အားသင့်စွာ လှည့်ကြည့်လိုက်တယ်။
စုန့်ရန်က သလင်းကျောက်ထဲ ဆက်ပြီး အထင်သေးစွာကြည့်ကာ မျက်မှောင်ကြုတ်တယ်။ သူက အလိုလို ပြန်ဖြေတယ်။
"သူက နေလုံးကြီးနဲ့တူနေတာ၊ အရမ်းမျက်စိကျိန်းလွန်းတယ်၊ ဘာကြိုက်စရာရှိလဲ၊ ဟမ့်"
ဒေါသကြီးလာတာနဲ့အမျှ သူ့မျက်လုံးထဲ အမုန်းတရားတွေ ပိုမိုနက်ရှိုင်းလာတယ်။ သူ ယွင်ဟန့်ကနေ အကြည့်မခွာနိုင်ဘူး။
ယိချင်းက ခုန်ပြီး ရှေ့ကို တိုးလာမိတယ်။
"သူ့ခန္ဓာကိုယ်တစ်ဝိုက်က ကုသိုလ်တွေ တောက်ပနေတာကို မင်းမြင်နိုင်တာလား"
"အရမ်းတောက်ပလွန်းနေတာ ဘယ်သူက မမြင်နိုင်မှာလဲ" သူက ယိချင်းကို ကြည့်ပြီး သူမျက်စိကန်းနေတဲ့ပုံစံမျိုး ပြောလို့ အစော်ကားခံရသလိုကြည့်တယ်။
ယိချင်း ကူယွဲ့နဲ့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်တယ်။
"စုန့်ရန်၊ မင်းအရင်က ယွင်ဟန့်ကို သိခဲ့တာလား"
"ဟင်" စုန့်ရန်က လှည့်လာတယ်။
"မသိပါဘူး"
"ဒါဆို... မင်းက သူ့ကို ဘာလို့ ဒီလောက်မုန်းနေရတာလဲ"
စုန့်ရန်က သူပြောမိတာကို သဘောပေါက်သွားဟန် ရပ်တန့်သွားတယ်။ သူ ခေါင်းကိုကုတ်ရင်း ဇဝေဇဝါအကြည့် မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။
"ကျွန်တော်မသိပါဘူး၊ ဒီတိုင်း... သူက လူကောင်းတစ်ယောက်နဲ့ မတူရုံပဲ၊ မုန်းစရာကြီး" သူပြောပြီးတော့ ခေါင်းတညိတ်ညိတ်နဲ့ ဖန်လုံးထဲကလူကို ဒေါသတကြီးစိုက်ကြည့်နေတယ်။ သူ့တစ်ကိုယ်လုံး တင်းမာလာလေရဲ့။
ယိချင်း ခု ပိုပြီးတောင် နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်မိတယ်။ များသောအားဖြင့် ကောင်းမှုအလင်းနဲ့ လူတွေက ဖော်ရွေပြီး လူချစ်လူခင်များသင့်တယ်၊ စုန့်ရန်က ကြောက်တတ်တဲ့ တစ္ဆေဖြစ်ပြီး သူနဲ့တည့်ဖို့ မခဲယဉ်းဘူး။ သူ့ဆရာထက်တောင် ကြင်နာတတ်ပြီး ဖော်ရွေတယ်။ ကူယွဲ့ ယွင်ဟန့်နဲ့သူ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ
ဒီလိုပြင်းထန်တဲ့အမြင်မျိုး ရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ဖြစ်နိုင်တာ မသေခင်က ယွင်ဟန့်ကိုသိခဲ့တာများလား။
…
ကြည့်ရတာ ယွင်ဟန့်ကို ဒါနဲ့ပတ်သက်ပြီး မကြာခင် မေးရမဲ့ပုံပဲ။
——————
ကူယွဲ့ စိတ်လှုပ်ရှားနေတယ်။ ရုတ်တရက်ကြီး ဓားကျင့်ကြံမှုမှာ လေ့ကျင့်မဲ့ တပည့်တွေအများကြီးရမယ် မထင်ခဲ့ဘူး။ နောက်နေ့ စစ်ယွီက သူ့ကို စမ်းသပ်မှုရလဒ်တွေ တင်ပြလာတယ်။ စုစုပေါင်း ကောင်းကင်ဝိညာဉ်ကြော ၁၇ခုရှိပြီး နှစ်ယောက်က အင်မတန်အရည်အသွေးမြင့်တဲ့ ဝိညာဉ်ကြောတွေရှိတယ်။ သူတို့တွေ ဝိညာဉ်ကြော ၂ခု၊ ၃ခုနဲ့ လူရာချီတွေ့ခဲ့ရတယ်။ ဒါက သူတို့တွေ့တဲ့ အသုံးမဝင်တဲ့ဝိညာဉ်ကြောနဲ့လူအရေအတွက်ထက်တောင် များသေးတယ်။
ဒါတွေကြား ကူယွဲ့ အရည်အသွေးပိုကောင်းတဲ့ကိုယ်ခန္ဓာနဲ့လူတချို့ကို ဓားကျင့်ကြံသူတွေဖြစ်လာဖို့ ရွေးထုတ်လိုက်တယ်။ ဒီလူတွေကိုတော့ သူကိုယ်တိုင် သူ့သိုင်းတွေ ဝေမျှမယ်။ ကျန်တဲ့သူတွေကို သူတို့ကိုယ်ထဲ ချီစုဆောင်းပြီး အခြေခံဓားသိုင်းတွေကိုသင်ပေးဖို့ စစ်ယွီတို့ကို ခိုင်းလိုက်တယ်။ ခန္ဓာကျင့်ကြံရေးမသင်ပေးမိအောင်လည်း သူတို့ကိုကူယွဲ့ အထပ်ထပ်မှာရသေးတယ်။ ပြီးတော့ ရှန်းရင်ကို တပည့်တွေအားလုံးကနေ သီးသန့်ခြားထားလိုက်ပြီး လေ့ကျင့်ဖို့ ခန်းမကိုပဲဝင်ခွင့်ပြုခဲ့တယ်။
သူရွေးထားတဲ့ ကျင့်ကြံသူတွေကိုကြည့်လေ သူပိုကျေနပ်လာလေပဲ။ သူတို့ လေ့ကျင့်ရေးစတင်ဖို့ ပုံမှန်ဖြစ်တဲ့ အရွယ်ကာလကို ကျော်လွန်ပြီး အသက်နည်းနည်းကြီးသွားကာ ခန္ဓာကိုယ်တွေထဲ အကျိုးမရှိတဲ့စွမ်းအင်တွေနဲ့ အရည်အသွေးတွေ စုဆောင်းမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူတို့ သေချာလေ့ကျင့်ပြီး သူတို့သက်တမ်းမကုန်ခင် အမြုတေဖွဲ့စည်းနိုင်သရွေ့ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မပြောနဲ့ မသေမျိုးဆီ ကောင်းကောင်းရောက်မယ်လို့ ကူယွဲ့ ယုံကြည်ချက်ရှိတယ်။
ကမ္ဘာငယ်လေးမှာ ဝိညာဉ်ချီနဲ့ ဝိညာဉ်ဆေးမြစ် အပင်တွေ မရှိသလောက်ပဲ။ ဒါပေမဲ့ ဒါက ဓားကျင့်ကြံသူတွေကို မထိခိုက်စေဘူး။ ဓားကျင့်ကြံသူတွေက သူတို့ကိုယ်ပိုင်ဓားသိုင်းအပေါ် မူတည်တာ။ ကြီးကြီးမားမား ထိခိုက်တာကလွဲရင် ဆေးလုံးတွေနဲ့ ဆေးဖက်ဝင်အပင်တွေက သူတို့အတွက် အကျိုးမရှိဘူး။ ဒါ့အပြင် သူတို့မှာ ယွင်ဟန့်ရှိတယ် သူကိုယ်တိုင်က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေ။ သူလုပ်ရမှာက ဒီကျင့်ကြံမှုမှာ နည်းနည်းပိုအားထုတ်ကျင့်ကြံပြီး ဝဋ်ကြွေးချေခြင်းကို ခံနိုင်ရည်ရှိဖို့ပဲ။ မကြာခင် သူက အမတဖြစ်လာပြီး အမတနယ်ပယ်ထဲဝင်ရောက်ဖို့ သင့်တော်လိမ့်မယ်။
ထုံးစံအတိုင်း သူက ဓားကျင့်ကြံရေး လမ်းညွှန်တွေကို လိုက်နာနေတာပေါ့။
ကူယွဲ့ ဓားကျင့်ကြံသူတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုကို မြင်ရသလောက်နီးပါးပဲ။ သူ ဒီလူထုတစ်ရပ်လုံးအတွက် ကျင့်ကြံမှုဝေမျှဖို့ဆိုတဲ့ ကြီးမြတ်တဲ့ အကြောင်းရင်းထဲ အပြည့်အဝ စိတ်မြုပ်နှံထားတယ်။
နေ့ခင်းကြောင်တောင် အလုပ်လစ်နေသော ရှန်းရင် ။ ။ "..."
အင်း၊ တစ်ခုခုကို မေ့နေတယ်လို့ ခံစားရတာ ဘာကြောင့်ပါလိမ့်။
ထားပါတော့လေ အရေးမကြီးလောက်ပါဘူး။
"စားဖိုမှူး နင် ငါ့နေ့လယ်ခင်းလက်ဖက်ရည်ပြင်ပေးလို့ရမလား၊ ဗိုက်ဆာနေပြီ"
"ဟုတ်ကဲ့ပါဆရာ ပြဿနာမရှိပါဘူး ဆရာ"
…
အခန်း ၃၈၆ ။ စုပေါင်းဆန် ကင်းလွတ်ခြင်း
ဖြစ်နိုင်တာ သူတို့က အဆောင်ဖန်တီးတဲ့နေရာမှာ အခြေခံရှိပြီးသားမို့နေမယ်။ လူတိုင်းက သူတို့ ကျင့်ကြံခြင်းသိုင်းတွေကို မြန်မြန်ပဲ အကျွမ်းဝင်သွားတယ်။ လအနည်းငယ်အတွင်း လူတိုင်း တစ်ဆင့်နှစ်ဆင့် တိုးတက်ကုန်တယ်။ ယွင်ဟန့်ကတော့ အတော်လေးကို မြန်မြန်ဆန်ဆန် တိုးတက်နေတာ၊ သူက နတ်ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်ရောက်နေပြီ။ တစ်ခုတည်းသော မကောင်းတဲ့ကိစ္စက ဒီလူတွေရဲ့ သွေးကြောတွေက ဝိညာဉ်ချီအများကြီးကို ရင်ဆိုင်ရတာနဲ့ ကျင့်သားမရသေးတာ။ အခု သူတို့က အချိန်အကြာကြီး ငြိမ်နေတော့ သူတို့ကိုယ်က ခိုင်မာတဲ့အုတ်မြစ်တည်ဆောက်ဖို့ကို ခုခံမှုပုံစံတွေပြနေတယ်။
ဒါကိုဖြေရှင်းဖို့ ကူယွဲ့ သူတို့ကို ဝိညာဉ်ချီစုဝေးခိုင်းတာ ရပ်လိုက်တယ်။ အဲအစား ချက်ချင်း သူတို့ဓားသိုင်းအတွက် ခိုင်မာတဲ့အုတ်မြစ်ကို စတင်တည်ဆောက်ခိုင်းခဲ့တယ်။ သူတို့ဓားသိုင်းတွေက သူတို့ကိုယ်ခန္ဓာတွေကိုသန်မာအောင်နဲ့ သွေးကြောတွေကို အသက်သွင်းပေးဖို့ ကူညီနိုင်တယ်။ ဒါကလွဲရင် ကူယွဲ့ သူတို့ကိုယ်ခန္ဓာတွေကို စွန့်ပစ်ပစ္စည်းတွေနဲ့ ညစ်ပတ်မှာဆိုးလို့ ဆန်လွတ်ကင်းအောင်လည်း လုပ်ခိုင်းနေတယ်။
ဆန်လွတ်ကင်းမှုရဲ့ ပထမအဆင့်က အမြဲခဲယဉ်းတယ်။ သူတို့က ဆန်လွတ်ကင်းမှုဆေးလုံးကြောင့် ဗိုက်မဆာပေမဲ့ သူတို့က တစ်နေ့ထမင်း၃နပ်စားတာကို ကျင့်သားရနေပြီ။ သူတို့ ဗိုက်မဆာရင်တောင် ထမင်းစားချိန် စားသောက်တာကနေ တောင့်ခံဖို့ သူတို့အတွက်ခက်တယ်။ ဒါကလည်း ကျင့်ကြံသူတွေ ငယ်ငယ်တည်းက စတင်လေ့ကျင့်ရတဲ့အကြောင်းရင်းပဲ။
ကျင့်ကြံခြင်းပြောင်းလဲနေတဲ့လူအများစုက ဆယ်နှစ်လောက်ကို ဆန်ငါးမျိုးလောက် ပြောင်းစားတာကို ကျင့်သားရနေတဲ့လူကြီးတွေ။ သူတို့ကို ရုတ်တရက် ထမင်းစားဖို့ ရပ်ခိုင်းလိုက်တာက သူတို့အတွက် နှိပ်စက်နေသလိုပဲ။ ဒါပေမဲ့ ကူယွဲ့က စည်းကမ်းတင်းကြပ်တဲ့ဆရာ။ သူက ဆန်ကို သူတို့ ကင်းလွတ်အောင် အတင်းအကြပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား။ သူက လူတွေကို ထမင်းစားဆောင်တွေမှာ အလုပ်လုပ်မှာကို တားမြစ်ပြီး တောင်တံခါးတွေကိုပါ ပိတ်ထားလိုက်တယ်။
ဒါကြောင့် တစ်ဂိုဏ်းလုံးမှာ ရနံ့မွှေးကြိုင်တဲ့ထမင်းကို တည်ခင်းတဲ့ တစ်ခုတည်းသောနေရာက အနောက်ဆောင်ပဲ။ အနောက်ဆောင်က တပည့်တွေအားလုံး သူတို့ရဲ့ သိုင်းစဉ်တွေကို ပြန်လေ့လာချိန် ဖြတ်လျှောက်တဲ့နေရာဖြစ်လာတယ်။
အရမ်း... အရမ်းကို မွှေးလွန်းတယ်
( ̄『̄)
သူတို့ အထဲကို လှည့်ချောင်းကြည့်တယ်။ တပည့်တွေက နံရံပတ်လည်မှာတန်းစီပြီး ခန္ဓာကိုယ်တွေက အစိမ်းရောင်တောက်ပကာ အထဲကို ပြူးကြည့်နေကြတယ်။ ရှန်းရင် သူတို့ကို မျက်နှာသေနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။ ရာနဲ့ချီတဲ့ အကြည့်တွေက သူမပေါ်ရောက်နေပြီး ထမင်းတစ်ဇွန်းစားလိုက်တယ်။
တကယ်ပဲ နောက်အခိုက်အတန့်မှာ နံရံတစ်လျှောက် တဂွီဂွီသံတွေ ကြားလိုက်ရတယ်။ တံတွေးမျိုချသံတွေပါ မပြတ်မသား ကြားခဲ့ရတယ်။
သူမ စိုးရိမ်စပြုလာတယ်။ ဒီနံရံ... ပြိုတော့မှာလား။
သူမကို နေ့တိုင်း ဒီလိုမျိုး မျက်လုံးရာချီကြည့်နေတာတောင် ရှန်းရင်ကတော့... ဖိအားသုည။ သူမက အကြိမ်တိုင်း သူမကိုတည်ခင်းပေးတဲ့ စားစရာပမာဏကိုတောင် တိုးချင်သေးတယ်။
╮(╯▽╰)╭
"စားဖိုမှူး ဟင်း၂ပွဲထပ်ချက်ပေး၊ ငါ ဗိုက်မဝသေးဘူး"
"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"
ဝင်လာကာစကူယွဲ့ ။ ။ "..."
ဝင်လာကာစ ယွင်ဟန့် ။ ။ "..."
နံရံတစ်လျှောက် စီတန်းနေတဲ့လူများ ။ ။ "..."
"အဟမ်း" ကူယွဲ့ လည်ချောင်းရှင်းကာ နံရံတစ်လျှောက်ကလူတွေရဲ့အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်လိုက်တယ်။ သူ့အကြည့်က အေးစက်နေတယ်။
"မင်းတို့ ဒီနေ့အတွက် အခြေခံဓားသိုင်းတွေကို သင်ယူပြီးပြီလား"
တစ်ယောက်ချင်းစီ သူတို့အမူအရာက မလုံမလဲဖြစ်သွားတယ်။ သူတို့က ဆိုးသွမ်းတာကို လူမိသွားတဲ့ ကလေးတွေလိုပဲ။
"ဆရာ့ကို... တင် တင်ပြပါတယ်၊ ကျွန်တော်တို့ ပြီး... ပြီးသွားပါပြီ"
"မင်းတို့က နံရံပေါ်တက်ဖို့ အားရှိသေးတယ်ပေါ့၊ ကြည့်ရတာ ဒါက မင်းတို့အတွက် အရမ်းရိုးရှင်းနေတယ် ထင်တယ်၊ မနက်ဖြန်ကစပြီး အကြိမ်၁ရာစီ ပိုလေ့ကျင့်ကြ"
သူတို့အားလုံး မျက်နှာ ဖြူဖျော့သွားတယ်။
"..." ခင်ဗျားက နတ်ဆိုးလား။
စက္ကန့်ပိုင်းအတွင်း လူအုပ်ကြီးက တတွတ်တွတ်ပြောကာ ညည်းတွားရင်း နံရံကနေ ဆင်းကုန်တယ်။ သူတို့က လေ့ကျင့်ရေးကွင်းဆီ ပြန်ပျောက်သွားကြတယ်။
"ပြီးတော့ မင်း" ကူယွဲ့ တစ်ယောက်သော အစားသရဲကို စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တယ်။
"မင်းခြံဝန်းထဲ စားဖို့လိုလို့လား၊ အခန်းထဲမှာ ဘာလို့မစားနိုင်တာလဲ"
မင်း ငါတို့စစ်သားတွေကို နှောင့်ယှက်နေတာပဲ။
ရှန်းရင်က နောက်ထပ် ဇွန်းတစ်ဇွန်းအပြည့် ထမင်းခူးပြီး ပြန်ဖြေလိုက်တယ်။
"အခန်းထဲက စားပွဲက သေးလွန်းတယ် - ငါ့ဟင်းပွဲတွေအားလုံးကို မဆန့်ဘူးလေ"
ကူယွဲ့ ဟင်းပွဲအပြည့် စားပွဲကိုကြည့်ကာ နှုတ်ခမ်းတွေဖိလိုက်တယ်။ သူ ဖြေစရာနည်းမရှိတော့ဘူး။
"ဆရာ ကျေးဇူးပြုပြီးမစိုးရိမ်ပါနဲ့" ယွင်ဟန့်က ပြုံးဖြီးဖြီးနဲ့ပြောတယ်။
"သူတို့က ခုမှဆန်ကင်းလွတ်တာကို စလေ့ကျင့်နေတာဆိုတော့ ကျင့်သားမရသေးတာပါ၊ အချိန်ကြာလာတာနဲ့အမျှ သူတို့ကျင့်သားရသွားပါလိမ့်မယ်"
အဲဒါပဲ ကူယွဲ့ မျှော်လင့်နိုင်တော့တယ်။
ရက်အနည်းငယ်ကြာတော့ နံရံပေါ်တက်ပြီး ရှန်းရင်စားစရာကို သွားရည်ကျတဲ့လူတွေ လျော့နည်းလာတယ်။ သူတို့က စောင့်မကြည့်ချင်တော့ဘူး။ အဲအစား သူတို့က မေးခွန်းတွေ ပိုမေးလာတယ်။
"ဆရာရှန်း၊ ခင်ဗျားရဲ့ကျင့်ကြံမှုက ကျွန်တော်တို့နဲ့ ကွာခြားတယ်လို့ ကြားတယ်"
"ဆရာရှန်း၊ ခင်ဗျားက ဆန်ကင်းလွတ်ဖို့ မလိုဘူးလို့ကြားတယ်"
"ဆရာရှန်း ခင်ဗျားက ဆရာစစ်ယွီတို့ကို ခင်ဗျားသိုင်းတွေ ဝေမျှပေးခဲ့သူလို့ကြားတယ်"
"ဆရာရှန်း၊ ကျွန်တော်တို့ကို တစ်ခုနှစ်ခုလောက် သင်ပေးဖို့ ဘယ်တော့အားမလဲဟင်"
"ဆရာရှန်း ကျွန်တော့်ခန္ဓာကိုယ်အမျိုးအစားက ခင်ဗျားရဲ့ကျင့်ကြံမှုကို လေ့လာဖို့အတွက် သင့်တော်တယ်ထင်လား၊ ဆန်ကင်းလွတ်ဖို့အတွက် မလိုတဲ့ဟာမျိုးလေ"
ရှန်းရင် ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ကူယွဲ့က ရင်ထိတ်သွားတယ်။ သူ ဒုတိယဝူတိဂိုဏ်း ဖြစ်ပေါ်လာမှာကို အနံ့ရနေမိသလိုပဲ။
သူ ရုတ်တရက် ဂိုဏ်းထဲက သဟဇာတဖြစ်မှုကို ချိုးဖောက်နေတဲ့လူကို အလုပ်ဖြုတ်ချင်စိတ် ပေါ်လာတယ်။
"အာ အယ်..." ယွင်ဟန့်က စိတ်လှုပ်ရှားစွာရယ်ပြီး အမြန် စကားလမ်းကြောင်းလွှဲလိုက်တယ်။
"အော်ဟုတ်သား၊ တာအိုရောင်းရင်းယိချင်း ကျုပ်တို့ကို ဒီကို အလောတကြီးခေါ်တာ ဘာကိစ္စပါလဲ"
အဲတော့မှ ယိချင်း လုပ်စရာကိစ္စရှိသေးမှန်း သတိရတယ်။ သူက ယွင်ဟန့်ကို သံသယနဲ့ ကြည့်နေတဲ့ စုန့်ရန်ဘက် မျက်နှာချင်းဆိုင်လိုက်တယ်။ သူက လက်ကိုမြှောက်ကာ စည်းတံဆိပ်တစ်ခု ဖန်တီးပြီး အရိပ်ကို နည်းနည်းထပ်ပိုအကောင်အထည်ပေါ်စေလိုက်တယ်။
"ယွင်ဟန့် ခင်ဗျား သူ့ကိုမြင်ဖူးလား"
ယွင်ဟန့် တုံ့ဆိုင်းသွားပြီး ယိချင်းဘာပြောလဲ နားမလည်။ ဒါပေမဲ့ သူ စုန့်ရန်ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ တစ်အောင့်ကြာတော့ သူ ယိချင်းဘက်ပြန်လှည့်ကာ ခေါင်းယမ်းလိုက်တယ်။
"ကျုပ် ဒီညီအစ်ကိုကို တစ်ခါမှမမြင်ဖူးပါဘူး"
"ဘယ်သူက ခင်ဗျားညီအစ်ကိုလဲ" စုန့်ရန်က ချက်ချင်း ရန်ပြန်တွေ့ကာ စုပ်သတ်တယ်။
"ကျုပ်နဲ့ခင်တဲ့ပုံစံ မဖမ်းနဲ့"
ယွင်ဟန့် ကြောင်သွားတယ်။ ဒါ သူ ဒီလိုရိုင်းတဲ့လူကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သေချာပေါက် သူက စိတ်ရှည်စွာ ပြန်ဖြေလိုက်တာပေါ့။
"ကျုပ်တောင်းပန်ပါတယ် - ကျုပ်ရိုင်းပျသွားတယ်၊ ဒါပေမဲ့..." သူ ယိချင်းဘက် ပြန်မျက်နှာချင်းဆိုင်လိုက်တယ်။
"တကယ်ပဲ သူ့ကိုမမြင်ဖူးပါဘူး၊ ဘာလို့ တာအိုရောင်းရင်းယိချင်းက ဒီမေးခွန်းမေးတာပါလိမ့်"
"တကယ် ကျုပ်ကို မမြင်ဖူးတာလား" စုန့်ရန်က သံသယနဲ့ သူ့ကိုခေါင်းစခြေဆုံး စစ်ဆေးတယ်။ သူ့မျက်နှာက သူခံစားနေရတဲ့ ရွံရှာမှုကို မဖုံးဖိထားနိုင်။
"တကယ်မမြင်ဖူးတာပါ" ယွင်ဟန့်က ခေါင်းညိတ်တယ်။
"ခင်ဗျား လိမ်နေတာ မဟုတ်ပါဘူးနော်" စုန့်ရန်ကိုယ်ထဲကသံသယက မြင့်တက်လာတယ်။ သူက ယိချင်းဘက်လှည့်တယ်။
"ကြီးမြတ်တဲ့အမတ၊ ဒီစိတ်တန်ခိုးကျင့်ကြံသူတွေက သူတို့ဘာအမှားမှ မလုပ်ခဲ့သလို ဟန်ဆောင်တဲ့ နေရာမှာ အတော်ဆုံးပဲ၊ သူ့ကို အလွယ်တကူမယုံကြည်ပါနဲ့"
"အင်း..." ယွင်ဟန့်က အပြစ်ကင်းစွာ စိတ်ကောင်းရှိတဲ့လေသံနဲ့ပြောတယ်။
"တာအိုရောင်းရင်း၊ ကျုပ် တံခါးပိတ်ကျင့်ကြံနေတာ ဆယ်နှစ်ရှိပါပြီ၊ ဒါ အပြင်ရောက်တာ ပထမဆုံးအကြိမ်ပါ၊ ကျုပ်တကယ် ခင်ဗျား ဘယ်သူလဲ မသိဘူး"
"သူ့နာမည်က စုန့်ရန်၊ သူက မတော်တဆ သူ့ဘဝမှာ အရေးကြီးတာမှန်သမျှကို မေ့သွားတာ" ယိချင်း မိတ်ဆက်ပေးလိုက်တယ်။
"အဲဒါကြောင့် သူ့အကြောင်း ပိုသိရအောင် ရှာဖို့လုပ်နေကြတာ"
"သိပါပြီ..." ယွင်ဟန့်က ခေါင်းညိတ်တယ်။ တစ်ခုခုကို မှတ်မိသွားသလိုမျိုး သူအကြံပေးလိုက်တယ်။
"ကျုပ် သူ့ကို မသိပေမဲ့လည်း ဒီမှာ စိတ်တန်ခိုးကျင့်ကြံသူအများကြီးပဲ၊ အများစုက လောကတစ်ခွင်သွားလာဖူးတယ်၊ ကျုပ် ဘာသိရမလဲကြည့်ဖို့ ခင်ဗျားအတွက် မေးပေးရင်ရော"
"ခင်ဗျားက တကယ်ကြင်နာတာပါပဲလား" စုန့်ရန်က ယိချင်း ပြန်မဖြေနိုင်ခင် ထေ့ငေါ့ပြောတယ်။
"တာအိုရောင်းရင်းစုန့်က ဒီကြီးမြတ်တဲ့ဆရာတွေရဲ့ မိတ်ဆွေမို့ ယွင်ဟန့် သေချာပေါက် ကူညီပေးမှာပါ"
"အပြောတော့ ကောင်းသားပဲ" စုန့်ရန်က ပိုပိုပြီးရန်လိုလာတဲ့ပုံပေါ်လာတယ်။ ဒေါသတကြီး သူကထပ်ပြောတယ်။
"ခင်ဗျား ဒီတစ်ကြိမ် ဘာအမြတ်ထုတ်ဖို့ ကြိုးစားနေလဲဆိုတာ ဘယ်သူသိမှာလဲ"
"..."
"ကျုပ်ကိစ္စကို ခင်ဗျား ကိုင်တွယ်ဖို့မလိုဘူး၊ အနာဂတ်မှာ ဘာပြဿနာရှာမလဲ ဘယ်သူသိမှာလဲ"
"တာအိုရောင်းရင်းစုန့်... ခင်ဗျား ကျုပ်ကိုမယုံဘူးလား"
"ခင်ဗျားလို စိတ်ရှုပ်စရာမျက်နှာနဲ့ ဘယ်လိုယုံနိုင်မှာလဲ"
"ခင်ဗျား-" အကောင်းဆုံးလူတွေတောင် ဒေါသထွက်မှာပဲ။ စုန့်ရန် ဒီလောက်ရိုင်းနေတော့ ယွင်ဟန့် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ဘူး။
"ဘာလဲ၊ ခင်ဗျား ကျုပ်ကိုနုတ်ပိတ်ဖို့သတ်တော့မှာလား" စုန့်ရန်က ဒေါသအမျက်ချောင်းချောင်း ထွက်နေပုံ။ သူကအားလုံးရှေ့ ဒီဒေါသကို ထိန်းဖို့ ကြိုးစားနေပေမဲ့ သူ့ကိုယ်က တင်းမာနေတာ အချိန်မရွေးပေါက်ထွက်တော့မလိုပဲ။
"သူဌေးတစ္ဆေ" ရှန်းရင်က ရုတ်တရက် စုန့်ရန်ပခုံးကိုပုတ်လာတယ်။
စုန့်ရန် ထခုန်မိတယ်။ သူ့ကိုယ်ထဲ စီးဆင်းနေတဲ့ စောနက ဒေါသနဲ့တင်းမာမှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားတယ်။ သူက တစ်ဖက်လှည့်ကာ ရှန်းရင်ကို အူတူတူစိုက်ကြည့်လိုက်တယ်။
"ကြီးမြတ်တဲ့... အမတ"
"စကားကောင်းကောင်းပြော"
ဇဝေဇဝါအကြည့် စုန့်ရန်မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ နောက်တော့ သူကခေါင်းငုံ့ပြီး ဘာမှမပြောတော့ဘူး။
…
အခန်း ၃၈၇ ။ နောက်တီးနောက်တောက် တစ္ဆေ
စုန့်ရန်နဲ့ ယွင်ဟန့်က ရှားစောင်းစေးနဲ့မျက်ချေးလိုပဲ။ တိတိကျကျပြောရရင်တော့ စုန့်ရန်က ယွင်ဟန့်ကို သည်းမခံနိုင်ဘူး။ သူတို့တွေ့တိုင်း စုန့်ရန်ရဲ့ တစ္ဆေခန္ဓာကိုယ်တစ်ခုလုံးက စကားနည်းနည်း ပြောပြီးတာနဲ့တင် မသက်မသာဖြစ်လာတာ။ အရင်က ယွင်ဟန့်က တခြားစိတ်တန်ခိုးကျင့်ကြံသူတွေကို စီမံရင်း အလုပ်များနေပြီး အနောက်ဆောင်ကို လာတာနည်းတာမို့ အခြေအနေတွေက ပိုသာခဲ့တယ်။ သူ စလေ့ကျင့်တည်းက ဒါပေမဲ့ အမြဲရှောင်နေလို့မရဘူးလေ။ သူ့ကျင့်ကြံဆင့်ကမြင့်တာမို့ သေချာပေါက် သူ့အစွမ်းကလည်း တခြားသူတွေနဲ့ကွဲပြားတာပေါ့။ သူက ယိချင်းနဲ့ကူယွဲ့တို့ပဲ ဆွေးနွေးလို့ရတာမို့ ရွေးစရာမရှိဘဲ ခဏခဏ အနောက်ဆောင်ဆီပြေးရတာပေါ့။ အဲဒါနဲ့ သူ စုန့်ရန် မကြာခဏ ဝင်တိုးတော့တာပဲ။
ယွင်ဟန့်က စိတ်ထားကောင်းပေမဲ့ သူ စုန့်ရန်နဲ့ ထိတွေ့တိုင်း ဒေါသထွက်ရတယ်။ တစ်ဖက်မှာတော့ စုန့်ရန်က သူဒေါသထွက်တာကို ကြည့်ရတာ သဘောကျနေတယ်။ ယွင်ဟန့် အနောက်ဆောင်ဆီ မလာရင်တောင် စုန့်ရန်က သူ့ကိုဒေါသထွက်အောင် လုပ်ဖို့အတွက်နဲ့သွားရှာတယ်။
အချိန်နဲ့အမျှ စုန့်ရန်က ယွင်ဟန့်က ဓမ္မဝတ်ရုံတွေပေါ်မှာ လျှောက်ရေးခြစ်တယ်။ သူက ယွင်ဟန့် လျှောက်နေကျလမ်းတွေမှာလည်း တွင်းတူးတယ်။ ယွင်ဟန့်အိပ်နေတုန်း သူ့အိပ်ရာခေါင်းရင်းကို ချိုးတယ်။ ယွင်ဟန့်အိမ်သာထဲမှာရှိတုန်း တစ်ရှူးတွေကိုလည်း ယူသွားပစ်တယ်။ ဒီကိစ္စတွေက ကြီးကြီးမားမား မဟုတ်ပေမဲ့ လူတိုင်းကို ရူးစေတယ်။ ဂိုဏ်းက စုန့်ရန်ဆီ ဦးတည်တဲ့ တပည့်တွေရဲ့ ဒေါသတကြီး အော်သံတွေ ခဏခဏအပ်ခိုးထပ်နေတယ်။
ဒါပေမဲ့ စုန့်ရန်ကတော့ ပျော်နေလေရဲ့။ ယွင်ဟန့် ဒုက္ခခံစားရတာမြင်တိုင်း သူစိတ်သက်သာရာရတယ်။
"စကားမစပ်..." ရှန်းရင် မနေနိုင်တော့ဘူး။
"နင် မီးသီးကို ဘယ်လောက်မုန်းနေတာလဲ"
"ကျွန်တော် သူ့ကိုမမုန်းပါဘူး" စုန့်ရန်က အပြစ်ကင်းစွာ မျက်တောင်ခတ်ပြီး လေးနက်တဲ့လေသံနဲ့ ပြောတယ်။
"ကြီးမြတ်တဲ့အမတ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ ကျွန်တော်က စိတ်ထားသေးသိမ်သူ မဟုတ်ပါဘူး"
"အိုး" ရှန်းရင် ခေါင်းစောင်းကာ သူမရှေ့က ယွင်ဟန့်ကို လက်ညှိုးထိုးလိုက်တယ်။
"ဒါဆို နင်အဲလူခေါင်းပေါ်က လက်ဆွဲပုံးကို ကျေးဇူးပြုပြီး ဖယ်လိုက်ပါလား"
သူ ယွင်ဟန့်ကို ရေလောင်းနေတာ နေ့တစ်ဝက်လောက်ရှိနေပြီ။ သူက လူလေ မုန်လာဥဖြူမှမဟုတ်တာ - ဘာလို့ သူ့ကိုရေလောင်းဖို့ လိုမှာလဲ။
ကူယွဲ့ ။ ။ "..."
ယိချင်း ။ ။ "..."
ရွှဲရွှဲနစ်နေသော ယွင်ဟန့် ။ ။ "..."
"ဟုတ်ကဲ့ ကြီးမြတ်တဲ့အမတ" စုန့်ရန်က စိတ်သက်သာရာရတဲ့အမူအရာနဲ့ လက်ဆွဲပုံးကို ချက်ချင်း ချလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ဆွဲပုံးက လွတ်နေပြီလေ။
ယွင်ဟန့် မျက်နှာကရေကိုသုတ်ပြီး သူသင်ယူထားတဲ့ ဖုန်ဖယ်ရှားချိပ်ဆိုတဲ့ စည်းတံဆိပ်အသစ်တစ်ခု ဖန်တီးလိုက်တယ်။ တစ်ခဏနေတော့ သူ့ဝတ်ရုံတွေက ပြန်ခြောက်သွားတယ်။ သူက လူတွေ သူ့အပေါ်စနောက်တာကို ကျင့်သားရသွားသလိုမျိုးပဲ။ သူတစ်ဖက်လှည့်ကာ ကူယွဲ့ဘက် လှည့်လိုက်တယ်။
"ကျွန်တော့်ကို သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ၊ တပည့် ခုနားလည်ပါပြီ၊ ကျွန်တော် လေ့ကျင့်ဖို့ ခုပြန်လိုက်ပါဦးမယ်"
"ကောင်းပါပြီ သွားပါ" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
သူ အမြန် ထူးဆန်းတဲ့ရောင်စုံ လိပ်တွေနဲ့ ဖုံးနေတဲ့ ဝတ်ရုံကို ကိုင်ကာ စုန့်ရန် သူ့ကိုလိုက်ခြောင်းမှာ ကြောက်သလိုမျိုး ပြေးထွက်သွားတယ်။
လူတိုင်း တစ်ယောက်သော တစ္ဆေကို လှည့်ကြည့်လိုက်တယ်...။
"ကျွန်တော် ဘာမှမလုပ်ဘူးနော်" စုန့်ရန်က လက်ဆွဲပုံးကို ခန္ဓာကိုယ်နောက်ဝှက်ကာ ကောင်းကင်ကို မျက်နှာသေနဲ့မော့ကြည့်တယ်။
သုံးယောက်သား ။ ။ "..." ငါတို့ကန်းနေတယ်များ ထင်နေလား။
သူတို့က စုန့်ရန်ကို တားဖို့ မကြိုးစားခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ စုန့်ရန်က ယွင်ဟန့်နဲ့ပတ်သက်ရင် အတော်လေးကို ခေါင်းကြောမာတာ။ သူတို့ဘာပဲပြောပြော သူက စကားနားမထောင်ဘူး။ သူတို့ သူ့ကို သီးသန့်ခြားထားရင်တောင် သူက တခြားတပည့်တွေကိုတုပပြီး တစ္ဆေအမတအဖြစ် လေ့ကျင့်တယ်။ သူ့ကိုလွှတ်ပေးလိုက်တာနဲ့ ယွင်ဟန့်ကို အနှောင့်အယှက်ပေးဖို့ လုပ်ပြန်တယ်။ သူတို့လုပ်နိုင်တာ သူ ကြောက်တတ်တဲ့တစ္ဆေကနေ ဆိုးဆိုးရွားရွား နောက်ပြောင်တဲ့ တစ္ဆေအဖြစ် ပြောင်းလဲသွားတာကိုပဲ။
"မင်း..." ယိချင်းက သူ့ကို ခေါင်းစခြေဆုံးကြည့်ကာ မချင့်မရဲသက်ပြင်းချလိုက်တယ်။
"ထားလိုက်တော့" ယိချင်း သူ မုန်လာဥဖြူရဲ့ ပုံရိပ်ယောင်ကိုယ်ကနေ လွှမ်းမိုးခံလိုက်ရတာလား မပြောနိုင်ဘူး။ ဘာကြောင့်မှန်းမသိ သူက မုန်လာဥဖြူနဲ့ ပိုပိုတူလာတယ်။ ပြီးတော့ သူက ဒီယွင်ဟန့်အပေါ် တွန်းကန်မှုကို အမြဲခံစားနေရတာ။ အကြောင်းရင်းရှိမယ်ဆိုတာ ယိချင်းသေချာတယ်။ စုန့်ရန် ဘယ်သူလဲဆိုတာ ယွင်ဟန့် တကယ်မသိပေမဲ့ သူတို့ ပတ်သက်မှုတစ်မျိုးမျိုးတော့ ရှိနိုင်တယ်။ အကြောင်းနဲ့အကျိုးပဲလေ။ ဒီလိုကိစ္စတွေကို အများကြီး ဝင်စွက်ဖက်လို့မရဘူး။
"ကြီးမြတ်တဲ့အမတ..." စုန့်ရန်က ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားပြီး သူတို့ဘက်လှည့်လာတယ်။ သူက ယိချင်းဆီ ကွေ့ပတ်သွားကာ အသံခပ်တိုးတိုးဆိုတယ်။
"ကျွန်တော့်ပုံရိပ်ယောင်ကိုယ်က နေမကောင်းဖြစ်နေတယ်လို့... ထင်လားဟင်"
ယိချင်း တန့်သွားပြီး သူ့ကိုကြည့်လိုက်တယ်။
"ပုံရိပ်ယောင်ကိုယ်က ဘယ်လိုလုပ် နေမကောင်းဖြစ်နိုင်မှာလဲ" ဒါက အမတကိုယ်ခန္ဓာလေ၊ သေမျိုးခန္ဓာကိုယ်မဟုတ်ဘူး။
"ဒါပေမဲ့..." သူ့အမူအရာက ရှုပ်ထွေးနေတယ်။ သူက တစ်ခုခုကို စိုးရိမ်နေပုံပဲ။ နားထင်ကိုကုတ်ကာ သူက ရှက်ကိုးရှက်ကန်းနဲ့ဖြေတယ်။
"ကျွန်တော့်ခန္ဓာကိုယ်က အရင်နဲ့မတူသလိုခံစားရတယ်၊ ဒီခန္ဓာကိုယ်က ခင်ဗျားဆီကလာတာလေ၊ ကျွန်တော့်ကို... စမ်းကြည့်ပေးရင်ရော"
"ဟမ်" ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ စုန့်ရန် ဝိညာဉ်က အငြိုးအတေးစွမ်းအင်ကို ထုတ်နိုင်တယ်။ ဒီပုံရိပ်ယောင်ခန္ဓာကိုယ်မှာ ပြဿနာရှိနေရင် တကယ်ကို ကယိကထများမှာ။ ဒါကြောင့် ယိချင်း သူ့နဖူးကို လက်ညှိုးတစ်ချောင်းနဲ့ထိကာ တစ်အောင့်နေတော့ ပြန်ရုတ်လိုက်တယ်။
"မင်း အဆင်ပြေပါတယ်"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" စုန့်ရန် အံ့သြသွားတယ်။ "အဲဒါ မဖြစ်နိုင်ဘူးမလား၊ ထပ်စစ်ဆေးကြည့်ရင်ရော"
"မင်းတကယ်အဆင်ပြေတယ်"
"အာ…" သူက ပိုစိတ်ပူပန်လာပြီး ကူယွဲ့ကို အသည်းအသန် ကြည့်တယ်။
"ဘယ်လို-"
"စားဖိုမှူးက မင်းနေကောင်းတယ်လို့ ပြောတယ်လေ၊ ဆိုလိုတာ မင်းသေချာပေါက် နေကောင်းတယ်"
စုန့်ရန် စကားမဆုံးခင် ကူယွဲ့ ကြားဖြတ်ပြောလိုက်တယ်။
"ပုံရိပ်ယောင် ခန္ဓာကိုယ်က အမတမှော်အတတ်ရဲ့ ထုတ်ကုန်တစ်ခုပဲ၊ ဒီအကြောင်းအရာတွေကို သူက ငါ့ထက် ပိုသိတယ်"
"ဒါပေမဲ့ ကျွန်တော် တကယ်ပဲ" စုန့်ရန်က အခု ပိုထူးဆန်းနေတယ်။ သူက လျှာခလုတ်တိုက်နေရင်း ဖြူဖျော့လာတယ်။
"မင်းဘာပြောဖို့ကြိုးစားနေတာလဲ" ကူယွဲ့ မေးလိုက်တယ်။
စုန့်ရန်က အခြေအနေမဟန်တာ ယိချင်းလည်း ပြောနိုင်တယ်။
"ပြောမှာဖြင့်ပြော"
"ကျွန်တော်…" စုန့်ရန်က သူ့အနားကရှန်းရင်ကို တစ်ချက် ခိုးကြည့်တယ်။ လည်ချောင်းရှင်းရင်း သူ့မျက်နှာမှာ တစ်စုံတစ်ခု ဖြတ်ပြေးသွားတယ်။ "ကောင်းပြီ၊ ကြီးမြတ်တဲ့အမတတို့၊ ကျွန်တော်တို့... ဘေးရှောင်ပြီး စကားပြောလို့ရမလား”
သူပြောပြီးတာနဲ့ နှစ်ဦးစလုံး မတုံ့ပြန်နိုင်ခင်၊ သူတို့ လက်မောင်းနှစ်ဖက်ကို လက်တစ်ဖက်စီနဲ့ကိုင်ကာ အပြင်ခေါ်သွားပြီး အသီးအနှံများကို ဝါးနေဆဲရှန်းရင်ကို နောက်မှာထားခဲ့တယ်။
ရှန်းရင် ။ ။ "..."
သူတို့က သူမ နားထောင်လို့မရတဲ့ ယောက်ျားလေးလျှို့ဝှက်ချက်တွေ ပြောနေတာလား။
(⊙_⊙)?
"ဘာဖြစ်တာလဲ" ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ အခု သူ ခိုးကြောင်ခိုးဝှက်တစ္ဆေကို စိတ်ရှုပ်တဲ့အမူအရာနဲ့ကြည့်လိုက်တယ်။ ဆရာနဲ့ ဝေးလွန်းနေပြီ - သူ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲ။
"ကြီးမြတ်တဲ့အမတတို့..." စုန့်ရန် အမူအရာက နောက်တစ်ကြိမ် စိုးရိမ်လာဟန်။
"ကျွန့်တော် ပုံရိပ်ယောင် ခန္ဓာကိုယ်က တကယ်ကို ပြဿနာတစ်ခုခုရှိတယ်၊ ဒီနှစ်ရက်အတွင်းမှာတော့ သိသိသာသာ ကွဲပြားသွားသလို ခံစားနေရတာ"
"ဘယ်လိုနည်းနဲ့လဲ"
စုန့်ရန်က ဇဝေဇဝါဖြစ်နေဟန် ပြန်ဖြေတယ်။
"ကြီးမြတ်တဲ့အမတတို့ကို တင်ပြပါတယ်၊ ဒီနှစ်ရက်အတွင်း ကျွန်တော့် ခန္ဓာကိုယ်က ပူနွေးလာတယ်၊ တစ်ခုခုကို ထည့်ထားသလိုမျိုး ခဏခဏ နည်းနည်းချင်းစီနာကျင်နေတာ ဘာအကြောင်းကြောင့်လဲ မသိဘူး"
"..." ယိချင်း သူ့ကို အူတူတူ ပြန်စိုက်ကြည့်နေမိတယ်။ ရုတ်တရက် သူတစ်ခုခုကို သတိရသွားသလိုမျိုး တောင့်တင်းသွားတော့တယ်။
"ဘာကိစ္စရှိလို့လဲ စားဖိုမှူး" ကူယွဲ့ သူ့ကို လှည့်မေးလိုက်တယ်။ "သူ့အခြေအနေက ပြင်းထန်တာလား"
"ဟင့်အင်း…" ယိချင်း သူ့နှုတ်ခမ်းကို ဖိလိုက်တယ်။ ခဏအကြာမှာတော့ သူကဖြေလာတယ်။
"သူ့ပုံရိပ်ယောင်ခန္ဓာကိုယ်က… မုန်လာဥဖြူရဲ့ ဒုဓလီပန်းကနေ ပြုလုပ်ထားတာ"
ဒုဓ... လီပန်းလား။
မုန်လာဥဖြူဟာ
(⊙_⊙)
ကူယွဲ့ ချက်ချင်းနားလည်ပြီး တင်းမာသွားတယ်။ သူတို့နှစ်ယောက်စလုံး စုန့်ရန်ရဲ့ ကိုယ်ရေးကိုယ်တာနေရာကို ချက်ချင်းငုံ့ကြည့်မိသွားတယ်။
"..."
တိတ်ဆိတ်မှုက ကြီးစိုးလာခဲ့တယ်။
"ဘာ...ကိစ္စရှိလို့လဲဟင်" စုန့်ရန် သူ့ခန္ဓာကိုယ်အောက်ပိုင်းမှာ အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူ ကြောင်အမ်းနေမိတယ်။ သူ့မှာ နာတာရှည်ရောဂါရှိနေသလားလို့ တွေးမိပြီး အံကြိတ်ကာ မေးလိုက်တယ်။
"ဒါက တစ်ခါမှ မမြင်ဖူးတဲ့ ဆန်းသစ်တဲ့ အခြေအနေလား၊ ခင်ဗျားတို့ ကျွန်တော့်ကို တစ်ချက် ကြည့်ကြည့်ရင်ရော" သူတို့အားလုံးက ယောက်ျားတွေချည်းပဲဟာ။ သူ့ဘောင်းဘီကို ဆွဲချဖို့ လုပ်လိုက်တယ်။
"ရပ်လိုက်" သူတို့နှစ်ယောက်က ထအော်တယ်။
နှစ်ယောက်သား လက်လှမ်းပြီး သူ့လက်ကို အသေဆုပ်ကိုင်ထားလေရဲ့။
"ငါတို့အဲ့လောက် မရင်းနှီးဘူး"
ဒီရှုထောင့်မှာတော့ မုန်လာဥဖြူကို မတုပနဲ့။
"ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ"
"စိတ်အေးအေးထား မင်းအဆင်ပြေတယ်" ယိချင်း အမူအရာက ခု နည်းနည်း ထူးဆန်းနေတယ်။
"မင်းရဲ့ ပုံရိပ်ယောင် ခန္ဓာကိုယ်က စတည်းက... ဒီလိုမျိုးပဲ၊ ဒါ ပုံမှန်ပါပဲ - မင်း ဒါကို ကျင့်သားရဖို့ပဲ လိုတယ်"
"မှန်တယ်၊ မှန်တယ်" ကူယွဲ့က အသည်းအသန် ခေါင်းညိတ်တယ်။
"ဒါက ပုံမှန်ပါပဲ"
"ဒါပေမဲ့…"
"ဘာမှဒါပေမဲ့မရှိဘူး ရက်နည်းနည်းစောင့်လိုက်၊ ပေါက်လာတာနဲ့ ဖြုတ်လို့ရတယ်"
"မှန်တယ်၊ ငါတို့သိရသလောက်ဆို ဆေးလုံးသန့်စင်ဖို့နဲ့ သုံးစွဲဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့အတွက် တပည့်တွေဆီ ပေးလို့တောင် ရတယ်"
စုန့်ရန် ။ ။ "..."
ဖြုတ်တယ်တဲ့လား။ ဆေးလုံးသန့်စင်မှုလား။ သုံးစွဲမှုတဲ့
Σ(°△°|||)
ခင်ဗျားတို့တွေက နတ်ဆိုးတွေလား