← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း ၃၈၈ ။ သွေဖည်တစ္ဆေများ ပြန်လည်ပေါ်ပေါက်လာမှု

ပုံရိပ်ယောင်ကိုယ်ခန္ဓာအကြောင်း ပြောပြီးတည်းက စုန့်ရန်က ရက်ပိုင်းလောက် ပိုတိတ်ဆိတ်လာတယ်။ သူက ယွင်ဟန့်ကို အနိုင်ကျင့်ဖို့တောင်စိတ်အခြေအနေမရှိတော့ဘူး။ အဲအစား သူက ကူယွဲ့နဲ့ ယိချင်းကို မြင်တိုင်း သူ့ကိုယ်အောက်ပိုင်းကိုကာရင်း သွားပုန်းတယ်။ သူတို့က သူ့ကိုအချိန်မရွေးတစ်ခုခုလုပ်မှာကို စီစဉ်နေသလိုမျိုး အမြဲကြောက်လန့်နေသလိုပဲ။ သူ့မျက်လုံးတွေကလည်း မကျေမချမ်းမှုနဲ့ အမြဲပြည့်နေတယ်။

"ဟေးဟေးဟေး ငါတို့က ဝံပုလွေတွေလိုမျိုး ဘာလို့ကြည့်နေတာလဲ" ကူယွဲ့ နှုတ်ခမ်းကိုဖိကာ စုန့်ရန်ကို လှမ်းဖမ်းဆွဲပြီး သူ့ကို လှမ်းရင်ဆိုင်လိုက်တယ်။

"တကယ်လို့ မင်းဟာက ပေါက်နေရင်တောင် ငါတို့စိတ်မဝင်စားဘူး ငါတို့ ချို့တဲ့နေတာလည်း မဟုတ်ဘူး"

"မချို့... တဲ့ဘူးတဲ့လား" စုန့်ရန် မျက်လုံးပြူးသွားတယ်။ ဘာဆိုလိုတာလဲ။ သူတို့က အရင်တုန်းက အများကြီး ဖြုတ်ခဲ့တာလား။

"ငါတို့မှာ မင်းမှာရှိတဲ့ဟာမျိုး ကြောင်အိမ်တွေ အပြည့်ရှိတယ်" မုန်လာဥဖြူက အမြဲလိုလို တစ်ခုခု ပေါက်နေတာကိုး...။

"ကြောင်... ကြောင်အိမ်တွေအပြည့်" စုန့်ရန်က ကြောက်လန့်သွားတဲ့ပုံ။ သူ့ခြေထောက်တောင် တုန်ယင်စ ပြုလာတယ်။

"တော်သင့်ပြီ၊ ငါတို့မင်းဟာကို ဂရုစိုက်တယ်များ တကယ်ထင်နေလား"

"..." ခင်ဗျားမှာ ဗီရိုအပြည့်ရှိနေပြီပဲဟာ- ဘယ်လိုလုပ် ဂရုမစိုက်ဘူးလို့ ပြောရဲရတာလဲ။

"ဒီပစ္စည်းက မင်းကိုယ်ပေါ် ပေါက်နေမှတော့ မင်း ဘယ်လိုဖြေရှင်းချင်လဲဆိုတာ မင်းသဘောပဲ၊ မင်း တခြားသူကို ပေးလို့လည်းရသလို၊ ဆေးလုံးသန့်စင်လည်းရတယ်၊ ငါတို့ဂရုမစိုက်ဘူး ဒါပေမဲ့ သတိပေးမယ်နော် - မင်း သူ့ကိုခူးပြီးရင် ထိန်းသိမ်းဖို့ မှော်အတတ်မသုံးရင် ဆေးလုံးသန့်စင်ဖို့ ၃ရက်အတွင်း သုံးရမယ်၊ မဟုတ်ရင် နောက်ပိုင်း အဲဒါနဲ့ ဆေးလုံးဖော်ရင်တောင် သုံးစွဲလို့ ရတော့မှာမဟုတ်ဘူး"

သုံးစွဲတာ

အဲဒါကို ဖြုတ်တာ၊ စားတာနဲ့ ဆေးလုံးလုပ်တာ

w(゚Д゚)w

စုန့်ရန် ကြက်သီးထသွားတယ်။ သူ့တစ်ကိုယ်လုံး နာကျင်စပြုလာတယ်။

"ခင်ဗျားတို့တွေက နတ်ဆိုးတစ်သိုက်ပဲ" အော်ဟစ်ပြီးတဲ့နောက် သူက စိတ်ကုန်ဟန် လက်တွေမြှောက်ကာ ပြေးထွက်သွားပြီး ခုလေးတင် ခန်းမထဲဝင်လာတဲ့ ယွင်ဟန့်‌ကိုတောင် သတိမထားမိဘဲ ပြေးထွက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်း သူက ပျောက်သွားလေရဲ့။

ရှန်းရင် ။ ။ "..."

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

"မင်းတို့အားလုံး ငါ့ကိုဘာကြည့်နေတာလဲ"

ကူယွဲ့က ဆရာတပည့်၂ယောက်ကို စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တယ်။

"ငါတစ်ခုခုမှားပြောမိလို့လား"

"ဟင့်-ဟင့်အင်း" နှစ်ယောက်သား ခေါင်းတခါခါနဲ့။

ထမင်းခူး ထမင်းခူး ထမင်းခူး...။

ဟင်းချက်၊ ဟင်းချက်၊ ဟင်းချက်...။

ဖေဖေနျိုက ချမ်းသာတာပဲ - အမြဲမှန်တယ်

"ကြီးမြတ်တဲ့ဆရာ၃ယောက်..." ခုမှဝင်လာတဲ့ ယွင်ဟန့်က အတော်လေး ဇဝေဇဝါဖြစ်နေပုံ။

"တာအိုရောင်းရင်းစုန့် ဘာဖြစ်နေတာလဲ"

"သူ ပုန်ကန်တဲ့ အဆင့်ကို ဖြတ်သန်းနေတာ ဖြစ်နိုင်တယ်" ကူယွဲ့ သူ့ကို လှမ်းကြည့်လိုက်တယ်။ "မင်း ကိစ္စတစ်ခုခုရှိလို့ ငါတို့ကိုရှာနေတာလား"

အဲတော့မှ ယွင်ဟန့်က သူဝင်လာတဲ့ ရည်ရွယ်ချက်ကို ပြန်သတိရတယ်။ သူက ကူယွဲ့ကို စာတစ်စောင် ပေးကာ စိတ်လှုပ်ရှားစွာပြောတယ်။

"ဒီလိုပါ ကြီးမြတ်တဲ့ဆရာ၊ ကျုပ် စောနက အရေးကြီးသတင်းတွေကို သူတို့ကို စောစောပို့ဖို့ စိတ်တန်ခိုးဂိုဏ်းတွေဆီ သွားချိန် မြောက်အရပ်မှာ သွေဖည် အကြွင်းအကျန် ဝိညာဉ်တွေကို တွေ့ရပြန်ပါတယ်၊ သူတို့က ကျုပ်တို့ဘက်ဆီ ဦးတည်ရာလမ်းကြောင်းအတိုင်း တရွေ့ရွေ့ လာနေကြတာပါ၊ အားလုံးက လေ့ကျင့်နေတာကြာနေပြီဆိုတော့ တပည့် တွေးနေတာက-"

"မင်း သရဲတစ္ဆေတွေကို ကိုင်တွယ်ဖို့ ဂိုဏ်းက လူတွေကို ခေါ်သွားချင်လို့လား" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ဟုတ်ကဲ့" ယွင်ဟန့် ခေါင်းညိတ်လိုက်တယ်။ သူ့ကြည့်ရတာ ပိုစိတ်လှုပ်ရှားနေတဲ့ပုံ။

"လူတိုင်း ကျင့်ကြံရတဲ့ ရည်ရွယ်ချက်က ဒီသွေဖည်သရဲတစ္ဆေတွေကို ကိုင်တွယ်ဖြေရှင်းပြီး ကမ္ဘာကြီးအတွက် တရားမျှတမှုကို လုပ်ဆောင်ဖို့ပါ၊ ကျုပ်တို့ ဒီအခွင့်အရေးကို ယူပြီး လူတိုင်းကို"

"မရဘူး" ကူယွဲ့ ကြားဖြတ်ပြောလိုက်တယ်။ သူတို့က တောင်ပံတောင် မပေါက်သေးဘဲ ပျံသန်းချင်နေပြီပေါ့။

"သူတို့က ချီကို သူတို့ရဲ့ခန္ဓာကိုယ်ထဲကို စုဆောင်းဖို့ပဲ သင်ယူရသေးတာ၊ သူတို့မှာ အခြေခံအုတ်မြစ်တွေတောင် မရှိကြသေးဘဲ စည်းတံ ဆိပ်တစ်ခုနှစ်ခုလောက်ပဲ သင်ပြီးကာစ၊ ဒါတောင် ခင်ဗျားက သူတို့ကို တစ္ဆေအုပ်လိုက်ကြီးကို ကိုင်တွယ်ဖို့ စေလွှတ်မယ် တွေးနေတယ်ပေါ့၊ ပြီးတော့ အငြိုးအတေးစွမ်းအင်နဲ့ သရဲတစ္ဆေတွေ၊ သူတို့ကိုသာ ချက်ချင်းသတ်လိုက်ပါလား"

"…" ယွင်ဟန့် ငြိမ်သွားတယ်။ ဒါက အန္တရာယ်များတယ်ဆိုတာ သူသိတယ်။

"ဒါပေမဲ့… ကျုပ်တို့ အကြွင်းအကျန်ဝိညာဉ်တွေကို အဲဒီနေရာမှာ ထားခဲ့မယ်ဆိုရင် အရပ်သားတွေရဲ့ မြို့တွေကို နောက်တစ်ကြိမ်ကျူးကျော်လာလိမ့်မယ်၊ ဒါဆို ဘာလုပ်ကြမလဲ"

"စားဖိုမှူးနဲ့ ငါသွားမယ်" သူတို့က ဘာပဲဖြစ်ဖြစ် အကြွင်းအကျန် ဝိညာဉ်တွေပဲ။ သူ့ဓားကျင့်ကြံသူတွေကို ထိခိုက်စေမှာ ခွင့်မပြုနိုင်ဘူး။

ယွင်ဟန့်အမူအရာပြောင်းသွားပြီး သူ့ပုံက နာကျင်နေပုံ။ ခဏတာ ချီတုံချတုံနဲ့ နောက်ဆုံးတော့ သူက ပြောလာတယ်။

"ခင်ဗျားတို့၂ယောက်လုံးရဲ့ အရည်အချင်းကို ယုံပါတယ်၊ ဒါပေမဲ့… လူတိုင်းက အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ကြပြီးပြီ၊ ဟုတ်တာပေါ့၊ တပည့်တွေက သူတို့ဆရာတွေရဲ့ အကူအညီအတွက် ကျေးဇူးတင်ကြမှာပဲ၊ ဒါပေမဲ့ ကျုပ်တို့အရင်က တစ်ခါမှ စစ်မြေပြင်ဆီ မရောက်ဖူးဘူး၊ အချိန်ကြာလာရင်…"

သူ့စကားကို ဆုံးအောင်မပြောနိုင်။ သူ့မျက်နှာမှာ စိုးရိမ်မှုနဲ့ အပြစ်ရှိစိတ်တွေ ဖုံးလွှမ်းနေတယ်။

ကူယွဲ့ တုံ့ဆိုင်းသွားပြီး ယွင်ဟန့် ပြောဖို့ကြိုးစားနေတာကို ရုတ်တရက် နားလည်သွားတယ်။ ကူယွဲ့ တကယ်ပဲ အရေးကြီးတဲ့အချက်တစ်ချက်ကို လျစ်လျူရှုမိခဲ့တာ — လူတစ်ယောက်ရဲ့ စိတ်နှလုံးပဲ

အစပိုင်းမှာ၊ ကူယွဲ့ ဒီခမ်းနားကြီးကျယ်တဲ့အဝင်ကို ပြုလုပ်ခဲ့ပြီး အမတကျင့်ကြံခြင်းကို တစ်ခါမှမကြုံဖူးတဲ့ကမ္ဘာကို အမတကျင့်ကြံသူတွေ တကယ်ပဲရှိတဲ့အကြောင်း ပြသဖို့အတွက်နဲ့ ဒီလိုကြီးမားတဲ့ အမတနန်းတော်ကြီးကို တည်ဆောက်ခဲ့တဲ့အထိပဲ။ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း၊ ဒီလူတွေက ချီကိုသူတို့ကိုယ်ထဲ စတင်စုဆောင်းပြီး ဓားကျင့်ကြံမှုကို စတင်လေ့ကျင့်ခဲ့တယ်။ အားလုံးက တစ်နေ့ကျ သွေဖည်တစ္ဆေတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ပဲ။

ဒါပေမဲ့ ပြဿနာက သူတို့ကိုယ်တိုင် မကြုံဖူးကြဘူး။ တစ်နည်းဆိုရရင် သူတို့သိသမျှက သီအိုရီပဲ။ သူတို့က သီးသန့် လေ့ကျင့်နေတာ ကြာလှပြီမို့ သူတို့ကျွမ်းကျင်မှုကို လက်တွေ့အသုံးချဖို့ အခွင့်အရေး မရ။ အစပိုင်းမှာတော့ ဒါက ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ အချိန်ပိုကြာလာရင်၊ သူတို့လေ့ကျင့်ရေးနဲ့ပတ်သက်ပြီး သံသယတွေစဝင်လာနိုင်တယ်။ အဲအချိန် သူတို့ စိတ်နှလုံးက အာရုံလွဲသွားတာနဲ့ ကောင်းကောင်း လေ့ကျင့်နိုင်တော့မှာ မဟုတ်ဘူး။

"ငါနားလည်ပြီ" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ အမှန်ကို ဒါ သူ့တပည့်တွေကို စွန့်စားခန်းတစ်ခုဆီ ခေါ်ထုတ်ရမဲ့အချိန်ပဲ။

"စိတ်ဝိညာဥ်ချီကို မကြာခဏ လေ့ကျင့်နေတဲ့ တပည့်တချို့ကို မင်းနဲ့ခေါ်သွားဖို့ စစ်ယွီကို ခေါ်လာခိုင်းလိုက်၊ မင်းတို့အဖွဲ့က ငါတို့နဲ့အတူ မြောက်ဘက်ကို လိုက်ရမယ်"

"ဟုတ်ကဲ့ ကြီးမြတ်တဲ့ဆရာ" ယွင်ဟန့်က စိတ်သက်သာရာရဟန်သက်ပြင်းချကာ လှည့်ထွက်သွားတယ်။

——————

စစ်ယွီက စုစုပေါင်း ခုနစ်ယောက်ကို စုဝေးခဲ့တယ်။ အများစုက ချီသန့်စင်မှု ဆဋ္ဌမအဆင့်မှာ ရှိပြီး ငယ်ရွယ်သူတွေပဲ။ တစ်နည်းဆိုရရင် ခန္ဓာကိုယ်ထဲ စွန့်ပစ်ပစ္စည်းတွေ နည်းပါးတယ်။ ပုံမှန်အရ ဝိညာဉ်ချီက အတွင်းပိုင်းမှာ ပိုပြီး ချောချောမွေ့မွေ့ စီးဆင်းနိုင်တယ်။ ကူယွဲ့ သူတို့ကို သူ့လက်ထောက်တွေ ဖြစ်ခွင့်ပေးဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ သူတို့ လေ့ကျင့်မှုရဲ့ ထိရောက်မှုကို သူတို့ကိုယ်တိုင် မျက်မြင်ကြုံရဖို့သာ လိုက်ရမှာ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့က လူထုအာရုံစိုက်မှုအတွက်သာ လိုက်ရတာပဲ။

ဒါကြောင့် သူ့ ပျံသန်းတဲ့ ဓမ္မအသုံးအဆောင်ကို ဆင့်ခေါ်ပြီး ယွင်ဟန့် ညွှန်ပြတဲ့ မြောက်ဘက်ဆီ မပျံသန်းခင် ရိုးရှင်းတဲ့ ညွှန်ကြားချက်တချို့ကို ပေးခဲ့တယ်။ အားလုံးက ရင်ခုန်နေကြတာ ထင်ရှားတယ်။ ကူယွဲ့ ဘေးကိုပစ်ချလိုက်တဲ့ ကြုံရာပျဉ်ပြားက လူတိုင်းကို လေထဲသယ်ဆောင်သွားမဲ့ လှေတစ်စင်းအဖြစ် ပြောင်းလဲသွားချိန် သူတို့က ပိုပြီးတောင် စိတ်လှုပ်ရှားလာတယ်။

သူတို့အားလုံး နာရီဝက်ကြာအောင် အံ့အားမှင်တက်နေပြီးမှာ လှေပေါ် လျှောက်ပတ်သွားရဲတယ်။ သူတို့ရှေ့မှာ ရောင်စုံမီးတွေ တဖျတ်ဖျတ်လင်းထိန်နေတယ်။

သူတို့အားလုံးက ချီသန့်စင်ရေးအဆင့်တပည့်တွေမို့ အရမ်းမြန်မြန် ခရီးသွားရင် ဖိအားကို ခံနိုင်ရည်ရှိမှာမဟုတ်မှန်း ကူယွဲ့ ခန့်မှန်းမိတယ်။ ဒါကြောင့် သူ ဓမ္မအသုံးအဆောင်ရဲ့အရှိန်ကို ရည်ရွယ်ချက်ရှိရှိ အရှိန်လျှော့ခဲ့တယ်။ သူတို့မရောက်ခင် တစ်ရက် အချိန်ယူခဲ့ရတယ်။

အဝေးကနေ သူတို့လူမရှိတဲ့ ကုန်းမြေတွေကို လှမ်းမြင်ရတယ်။ မြေပြင်က လုံးဝ ခြစ်ခြစ်တောက်ပူလောင်နေပုံရပြီး အားလုံးက မည်းနက်နေတယ်။ မြေပြင်တစ်ခုလုံးမှာ စိမ်းလန်းစိုပြေမှု နည်းနည်းတောင်မရှိ။ မြင်ကွင်းက မွဲခြောက်ခြောက်နိုင်လေရဲ့။

ကူယွဲ့ သူ့ကောင်းကင်စိတ်အာရုံကို အသက်သွင်းကို ယင်ချီ အပြင်းထန်ဆုံးလို့ခံစားရတဲ့ အနောက်ဘက်ဆီ ဝိညာဉ်လှေကိုခုတ်မောင်းလိုက်တယ်။ သူ ဝေးဝေး ပျံသန်းလာလေလေ ကောင်းကင်က ပိုမှောင်လာလေလေပဲ။ လွန်ခဲ့တဲ့တစ်စက္ကန့်ကတင် နေ့ခင်းကြောင်တောင်။ အခုတော့ သူတို့ပတ်ဝန်းကျင်က အရာအားလုံးက ပိန်းပိတ်အောင် မည်းမှောင်နေတယ်။

အရှေ့ဘက်ကနေပြီး သူတို့နားစည်ကို ဖောက်ဝင်လာတဲ့ သရဲတစ္ဆေတွေရဲ့ ဝိုးတဝါးအေးစိမ့်တဲ့ အော်ဟစ်သံတွေကို ကြားနေရတယ်။

"သွေဖည်တစ္ဆေတွေ ရှေ့မှာ သွေဖည်တစ္ဆေတွေရှိတယ်" တပည့်တွေက အာခေါင်ခြစ်အော်တော့တာပဲ။

ကူယွဲ့ လှေကို ချက်ချင်းပဲ ဆင်းသက်စေကာ သိမ်းလိုက်တယ်။ သူတို့ပတ်ဝန်းကျင်က အရာအားလုံးက အခုအချိန်မှာ လုံးဝကို မှောင်မိုက်နေခဲ့ပြီ။ ကောင်းကင်ကို ဖုံးလွှမ်းကာ သူတို့ကို လွှမ်းမိုးတော့မလို ခြိမ်းခြောက်နေတဲ့ ကြွယ်ဝတဲ့ ယင်ချီတည်ရှိမှုကြောင့် လေထုဟာ အရိုးထဲထိအေးစိမ့်နေတယ်။ ကြောက်မက်ဖွယ် အော်ဟစ်သံတွေက သူတို့နားဖျားမှာတင် ရှိနေသလို။ စက္ကန့်နဲ့အမျှ သူတို့က ပိုရှင်းလင်းလာတယ်။

လူတိုင်း သွေးပျက်စပြုလာတယ်။ သူတို့ ဓားတွေကို ဆွဲထုတ်ကာ ကြောက်ရွံ့စွာနဲ့ ရှေ့ကို မျှော်ကြည့်နေကြတယ်။

"စိတ်အေးအေးထား..." ကူယွဲ့ သူတို့ကို သတိပေးလိုက်တယ်။

"မင်းတို့ကို ငါတို့ လေ့ကျင့်ခိုင်းထားသလိုပဲ မင်းတို့ဝိညာဥ်ချီကို လှည့်ပတ်ထိန်းညှိလိုက်"

သူတို့အားလုံး ရပ်သွားကြတယ်။ တစ်ယောက်ပြီးတစ်ယောက်၊ ကူယွဲ့ ညွှန်ကြားချက်ကို လိုက်နာကြတော့တယ်။ အမှန်ပဲ စောစောက ရှိခဲ့တဲ့ အေးစက်စက် ယင်ချီက စတင်လွင့်ပျောက်လာတယ်။ သူတို့ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။ ယင်ချီတွေ သူတို့ဆီ မရောက်နိုင်တော့အောင် သူတို့ပတ်ဝန်းကျင်မှာ အကာအကွယ်အလွှာတစ်ခု ဖွဲ့လိုက်သလိုမျိုးပဲ။

…

အခန်း ၃၈၉ ။ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးခြင်း

"အလုပ်... အလုပ်ဖြစ်နေတယ်" သူတို့မျက်လုံးထဲက အကြောက်တရားက စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းသွားတယ်။ အရင်က ယင်ချီကိုဖြေရှင်းဖို့ သူတို့တွေ မရေမတွက်နိုင်တဲ့ အဆောင်တွေသုံးခဲ့ရတယ်။ ဒါတောင် ဝိညာဉ်ချီနည်းနည်းလေးပဲ အသက်သွင်းနိုင်ပြီး အကျိုးသက်ရောက်မှုက သိပ်မကြာခဲ့ဘူး။

"တကယ်လို့ ဝိညာဉ်ချီက ခန္ဓာကိုယ်ကို ကာကွယ်ထားရင် တစ္ဆေတွေနဲ့ ဝိညာဉ်တွေက မင်းတို့အနားလာမှာမဟုတ်ဘူး" ကူယွဲ့ ရှင်းပြလိုက်တယ်။

"မင်းတို့ ကိုယ်ပတ်လည်မှာ ဝိညာဉ်ချီရှိသရွေ့ အဲဒီအကြွင်းအကျန်ဝိညာဉ်တွေက မင်းတို့ကိုယ်ကိုထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး"

သူစကားပြောပြီးပြီးချင်း လူအုပ်ကြီးက စိတ်လှုပ်ရှားလာတယ်။

နောက်အခိုက်အတန့်မှာ အကြွင်းအကျန်ဝိညာဉ်အုပ်ကြီးက သူတို့ဆီပျံသန်းလာတယ်။ အမည်းရောင်ထုကြီးက သူတို့ဆီ တစ္ဆေတွေရဲ့ ကြက်သီးထပြီး ကြောက်ခမန်းလိလိအော်သံတွေ သယ်ဆောင်လာတယ်။ သူတို့ရဲ့ ကြောက်မက်ဖွယ်မျက်နှာတွေကို သူတို့ဝိုးတဝါးမြင်နေရတယ်။

ဒီအကြွင်းအကျန်ဝိညာဉ်တွေရဲ့ အရေအတွက်က သူတို့မြို့မှာကြုံခဲ့ရတာထက် များလွန်းတယ်။ ယိချင်း ‌မျက်မှောင်ကြုတ်ကာ ရှေ့ကိုတက်ပြီး စည်းတံဆိပ်တစ်ခု ဖန်တီးဖို့ပြင်လိုက်တယ်။

"ခဏ" ကူယွဲ့ ရုတ်တရက် သူ့လက်မောင်းကို ဆွဲဖမ်းလာတယ်။ သူက ယွင်ဟန့်ဘက်လှည့်ကာ ပြောတယ်။

"သူလာပါစေ"

ယွင်ဟန့် တန့်သွားတယ်။ သူ့ကုသိုလ်ရဲ့ ရွှေရောင်အလင်းတောင် တုန်လှုပ်သွားတယ်။ သူ မယုံကြည်နိုင်စွာ မျက်လုံးပြူးလိုက်တယ်။ "ကျုပ်... ကျုပ်လား" ငါ နားကြားများလွဲနေလား။

"ဟုတ်တယ်" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။ လူသိရှင်ကြား လိုချင်မှတော့ မှန်မှန်ကန်ကန်လုပ်တာ သေချာအောင်လုပ်ရမှာပေါ့။ "ပြန်လည်ဝင်စားမှုအင်းကွက်ကို ဘယ်လို ဖန်တီးရမလဲဆိုတာ သင်ပေးခဲ့တယ် မဟုတ်ဘူးလား"

ယွင်ဟန့် နှုတ်ခမ်းကို ဖိလိုက်တယ်။

"ဒါပေမဲ့... ဒါပေမဲ့ မနေ့ကမှ သင်ပေးခဲ့တာလေ" လေ့ကျင့်တောင် မလေ့ကျင့်ရသေးတာ - သူဘယ်လို အဲလောက် မြန်မြန်ဆန်ဆန် ဖန်တီးနိုင်မလဲ။

"အကောင်းဆုံးကြိုးစား" ကူယွဲ့ သူ့ပခုံးကိုပုတ်လိုက်တယ်။

"ခင်ဗျားက အပေါင်းအသင်းတွေကြား ကျင့်ကြံဆင့်အမြင့်ဆုံးပဲ" ယုံကြည်တယ်။

"..." ကျုပ်ကို အကွက်ဆင်နေတာ မဟုတ်တာ သေချာရဲ့လား။

အကြွင်းအကျန်ဝိညာဉ်တွေက သူတို့ဆီ ဦးတည်လာတယ်။ ရေကိုဖုံးလွှမ်းနေတဲ့မင်ရည်တွေလို အုပ်စုတစ်ဝိုက်က အလင်းရောင်က ဝါးမျိုခံရတော့မယ်။ တစ္ဆေတွေဆီက စူးစူးဝါးဝါးအော်သံတွေက သူတို့နားကို စတင်နာကျင်စေတဲ့အထိပဲ။

တပည့်တွေရဲ့ ရင်ဘတ်တွေ တင်းကျပ်လာပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ပြင်ပထိခိုက်ဒဏ်ရာတောါ မတွေ့ရဘူး။ အမှန်ပဲ ကြီးမြတ်တဲ့ဆရာကူယွဲ့ ပြောခဲ့တဲ့အတိုင်း သူတို့ခန္ဓာကိုယ်ကို ကာကွယ်တဲ့ ဝိညာဉ်ချီရှိသရွေ့ တစ္ဆေနဲ့ ဝိညာဉ်တွေက သူတို့ကို အန္တရာယ်ပြုနိုင်မှာမဟုတ်ဘူးပဲ။

ယွင်ဟန့် အံကြိတ်လိုက်တယ်။ အကောင်းဆုံးကြိုးစားဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။

မနေ့က ကူယွဲ့ သင်ပေးခဲ့တဲ့ စည်းတံဆိပ်ကို ပြန်သတိရအောင် သူကြိုးစားလိုက်တယ်။ သူ့ဝိညာဥ်ချီကို ထိန်းညှိကာ စည်းတံဆိပ်တစ်ခု ဖန်တီးပြီး အသက်ရှူအောင့်ရင်း ရှုပ်ထွေးတဲ့ ကျိန်စာတစ်ခုကို ရွတ်ဆိုခဲ့တယ်။ ခဏအကြာ သူ့လက်ဖဝါးကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာတယ်။ သူ့ခြေဖဝါးအောက်မှာတော့ အကျွမ်းတဝင်ရှိတဲ့ အင်းကွက်တစ်ခု ပေါ်လာလေရဲ့။

အင်းကွက်က စက္ကန့်အနည်းငယ် လင်းလာပြီး နောက်တစ်ကြိမ် ပျောက်သွားခဲ့တယ်။

ယွင်ဟန့် အသက်ပြင်းပြင်းရှူပြီး တံဆိပ်ကို ထပ်ဖန်တီးဖို့ ကြိုးစားရင်း အသက်ရှုအောင့်ကာ တူညီတဲ့ ကျိန်စာကို ရေရွတ်လိုက်တယ်။ အဖန်ဖန် အထပ်ထပ် ကြိုးစားပေမဲ့ အကြိမ်တိုင်း အင်းကွက်က ချက်ချင်းနီးပါး ပျောက်ကွယ်သွားခဲ့တယ်။ လေးငါးခါလောကါ ဆက်တိုက်ဖြစ်နေပေမဲ့ ယွင်ဟန့် မအောင်မြင်သေးဘူး။ သူ့ခေါင်းတစ်ခုလုံး ချွေးတွေနဲ့ စိုရွှဲလာတယ်။

"အင်းကွက်ရဲ့ ဝိညာဉ်ချီကို တည်ငြိမ်အောင်ထား" ယိချင်း မနေနိုင်တော့ဘဲ ယွင်ဟန့်ကို သတိပေးလိုက်တယ်။ သူတို့ အချိန်ဆက်ဖြုန်းနေရင် ဆရာ့အတွက် ညစာချက်ဖို့ အချိန်မီပြန်ရောက်နိုင်မှာမဟုတ်ဘူး။

ယွင်ဟန့် တုံ့ဆိုင်းသွားတယ်။ နောက်ဆုံးတော့ တစ်ခုခုကို တွေးလိုက်မိသလိုမျိုး သူ့မျက်လုံးတွေ တောက်ပလာတယ်။

"ကြီးမြတ်တဲ့ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်" ယွင်ဟန့် အသက်ပြင်းပြင်းတစ်ချက် ထပ်ရှူလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ အင်းကွက်ပုံစံကို စိတ်ကူးကြည့်ဖို့ ကြိုးစားတယ်။ သူ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီကို ထိန်းညှိပြီး နောက်တစ်ကြိမ် အင်းကွက်ကို တစ်လက်မချင်း တစ်လက်မချင်းဖန်တီးကာ အသက်ရှူအောင့်ရင်း ကျိန်စာကို ရေရွတ်လိုက်တယ်။

နောက်တစ်ခု သူသိလိုက်တာက အင်းကွက်က သူ့ခြေဖဝါးအောက်မှာ ဖြစ်ပေါ်လာပြီ။ ပြီးတော့ ပိုပိုပြီး ကြီးမားလာတာနဲ့အမျှ စက္ကန့်ပိုင်းအတွင်းမှာပဲ အုပ်စုတစ်ခုလုံးရဲ့ ခြေဖဝါးအောက်က မြေကြီးကို ဖုံးလွှမ်းသွားခဲ့တယ်။ အင်းကွက်ပတ်လည်က ယင်ချီတွေ လွင့်ပျောက်သွားတယ်။ အစောပိုင်းက အဖွဲ့ကို မရပ်မနား တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ သရဲတစ္ဆေတွေလည်း နောက်ဆုံး ငြိမ်သက်သွားခဲ့တယ်။ အခု သူတို့က ဖောက်ထွင်းမြင်ရတဲ့ လူသဏ္ဌာန်တွေနဲ့တူသွားပြီ။ သူတို့ရဲ့ အမူအရာတွေတောင် ပုံမှန်အတိုင်းပဲ။ နောက်တော့ သူတို့က အစိမ်းရောင်မီးခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တယ်။

ယွင်ဟန့်က ဘယ်လိုပဲဖြစ်ဖြစ် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေ။ သူ့ ဝိညာဉ်စွမ်းအားက ကောင်းကင်မျိုးနွယ်ယိချင်းနဲ့ မယှဉ်နိုင်ဘူးပေါ့။ အဲ့ထက်၊ ဒီတစ်ခေါက်က အရင်ကထက် အကြွင်းအကျန်ဝိညာဉ်တွေပိုများတယ်။ သူ အကြွင်းအကျန်ဝိညာဉ်အားလုံးကို မေ့ပျောက်ခြင်းမြစ်ထဲ မပို့နိုင်ခင် စုစုပေါင်း ခြောက်ကြိမ်တိုင်တိုင် ခင်းကျင်းခဲ့ရတယ်။

ဒီအရာတွေက သူ ပထမဆုံးအကြိမ် အင်းကွက်ကို စတင်ဖန်တီးတာဖြစ်ပြီး ဝိညာဉ်ချီကို ထိန်းချုပ်ရာမှာ မကျွမ်းကျင်သေး‌တာကြောင့် ယွင်ဟန့် ခန္ဓာကိုယ်က ဒီလို အသေးစိတ်တဲ့အင်းကွက်ကို အကြိမ်ရေတချို့ ဖန်တီးပြီးနောက်မှာ ယွင်ဟန့် ခန္ဓာကိုယ်က အနည်းနဲ့အများတော့ ဝိညာဉ်ချီတွေ ကုန်ခမ်းသွားခဲ့တယ်။ သူက ခါးကိုကိုင်းကာ လက်နှစ်ဖက်ကို ဒူးတစ်ဖက်စီတင်ပြီး မောဟိုက်နေတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ အလွန်စိတ်လှုပ်ရှားနေပုံ။ သူက နောက်တစ်ကြိမ် အင်းကွက်ဖန်တီးဖို့ စိတ်ပိုင်းတောင်ဖြတ်ထားသလိုပဲ။

ဒီနည်းနဲ့ အကြွင်းအကျန် ဝိညာဉ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း သူပထမဆုံးအကြိမ် နားလည်ခဲ့တာပဲ။ အရင်က စိတ်တန်ခိုးကျင့်ကြံသူတွေနဲ့အတူ သွေဖည်တစ္ဆေတွေကို ရင်ဆိုင်ခဲ့ချိန်နဲ့ မတူဘူး။ ဒီတစ်ကြိမ်မှာတော့ သူအရင်က ခံစားနေကျ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို မခံစားခဲ့ရဘူး။ ဒီတစ်ကြိမ် အကြွင်းအကျန်ဝိညာဉ်တွေကို သူတို့သွားသင့်တဲ့နေရာဆီ အမှန်တကယ်ပြန်ပို့လိုက်တာ ထင်ရှားတယ်။ သူ့တစ်ကိုယ်လုံးက ဝိညာဉ်ချီတွေ ကုန်ခမ်းသွားပေမဲ့ သူတစ်ခါမှ မခံစားဖူးတဲ့ ကျေနပ်မှုနဲ့ငြိမ်းချမ်းမှုကို ခံစားရတယ်။

အကြွင်းအကျန် ဝိညာဉ်တွေ ပျောက်ကွယ်သွားတာကို မြင်ရုံမျှမကဘဲ ဘဝသစ်တွေ ဖြစ်ပေါ်လာတာကို မြင်ရသလိုပဲ။

ဒါက... အနာဂတ်ရဲ့ တကယ့်ဘဝပေါ့။

တခြားတပည့်တွေလည်း စိတ်လှုပ်ရှားစွာနဲ့ မယုံနိုင်စွာ ကြည့်နေကြတယ်။ ပတ်ဝန်းကျင်က တောက်ပလာတော့ သူတို့မျက်လုံးတွေမှာ အလင်းရောင်နဲ့ ပြည့်လာတယ်။ အတိတ်ကာလတုန်းက၊ စိတ်တန်ခိုးကျင့်ကြံသူတွေ သရဲတစ္ဆေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရာချီထောင်ချီ လိုအပ်လိမ့်မယ်။ အခုက တစ်ယောက်တည်းပဲ။ ဒါ့အပြင်၊ မိနစ်ပိုင်းအတွင်း ဖြေရှင်းခဲ့ပြီး ဘယ်သူမှမသေဆုံးခဲ့။

ဒီတော့ ဒါက အမတကျင့်ကြံသူတွေရဲ့ စွမ်းအားပေါ့ ဆက်လေ့ကျင့်နေရင် သွေဖည်တစ္ဆေတွေအပြင် ကမ္ဘာပေါ်က ပြဿနာမှန်သမျှကို ဖြေရှင်းနိုင်လိမ့်မယ်။ သူတို့ရဲ့ ကြီးမြတ်တဲ့ ဆရာတွေ ပြောတဲ့အတိုင်း မသေမျိုးဆီတက်လှမ်းဖို့တောင်... အခုဆို လက်လှမ်းမီလာသလိုပဲ။

ရှိနေတဲ့ တပည့်အားလုံး အံ့သြစွာ တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။

တစ်ဖက်မှာ ကူယွဲ့က မျက်မှောင်ကြုတ်တယ်။ သူ လွှမ်းမိုးနေသေးတဲ့ ယင်ချီကို ခံစားမိသေးတဲ့ မြောက်ဘက်လမ်းကြောင်းကို လေ့လာဖို့ လှည့်ကြည့်လိုက်တယ်။ ဟိုးက...။

"ပြန်ကြမလား" ယိချင်းကမေးတယ်။ လုံခြုံရေးအတွက် သူကထပ်ပြောလိုက်တယ်။

"နောက်ကျနေပြီ" ညစာချက်ဖို့ ပြန်ရမယ်။

ကူယွဲ့က သူ့နှုတ်ခမ်းတွေကို သပ်လိုက်တယ်။ မင်းက အဲဒီအစားသရဲအတွက် စားစရာအပို မပြင်ဆင်ထားသလိုမျိုး ပြောနေလိုက်တာ။

သူ တူညီတဲ့ သစ်သားပျဉ်ကို ထုတ်ယူကာ ကောင်းကင်ထဲ ပစ်လိုက်တယ်။ သူ တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး ပျဉ်ပြားက ချက်ချင်းပဲ ဝိညာဉ်လှေအဖြစ် တစ်ဖန်ပြောင်းသွားပြန်တယ်။

"လှေပေါ်တက်၊ ပြန်ဖို့အချိန်ရောက်ပြီ"

"ဟုတ်ကဲ့ပါ ကြီးမြတ်တဲ့ဆရာ" အဖွဲ့က လေးစားစွာနဲ့ ပြန်ဖြေတယ်။ သူတို့အားလုံး လှေပေါ်ကို စိတ်လှုပ်ရှားစွာ တက်လိုက်ကြတယ်။

ယိချင်း လှေပေါ်တက်ဖို့ရှိသေး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး လေပြင်းက မျက်နှာကို ဖြတ်သွားတာ ခံစားလိုက်ရတယ်။ သူ့နှလုံးသား ငြိမ်ကျသွားပြီးဓားချီတွေ အလျင်စလိုပေါ်လာကာ ပြိုကွဲသံအကျယ်ကြီးထွက်လာတယ်။

မြေပြင်က တစတစ ကွဲစပြုလာသော်လည်း အဲအတွက် တာဝန်ရှိသူကို ရှာမတွေ့။ သူ့ပတ်ဝန်းကျင်မှာ မှောင်မိုက်တဲ့ အရှိန်အဝါတစ်ခု ပေါ်လာပြီး ပေါက်ကွဲစေတတ်တဲ့ချီနဲ့အတူ လှေဆီ ပြေးဝင်လာတယ်။

အငြိုးအတေးစွမ်းအင်

ကူယွဲ့ ကြောင်အမ်းသွားတယ်။ သူတို့ဝိညာဉ်ချီက ယင်ချီကို ကာကွယ်နိုင်ပေမဲ့ အငြိုးအတေးစွမ်းအင်ကိုတော့ မဟုတ်ဘူး။ လူတိုင်း သူတို့မျက်စိရှေ့မှာတင် အငြိုးအတေးစွမ်းအင် ဝါးမျိုတာခံရတော့မှာပဲ။ ကူယွဲ့ လက်ဖဝါးတစ်ဖက်နဲ့ တံဆိပ်တစ်ခုကို အလိုလို ဖန်တီးလိုက်တယ်။ ရွှေရောင်အလင်းတန်းတစ်ခုက ဝိညာဉ်လှေပေါ်က လူတစ်စုကို ဖုံးလွှမ်းသွားပြီး အငြိုးအတေး စွမ်းအင်တွေကို ထိန်းထားနိုင်ခဲ့တယ်။

"ကောင်းကင်သခင်ယွင်ဟန့်" လှေပေါ်က တပည့်တွေက အော်ဟစ်ကြတယ်။

ကူယွဲ့ ရင်ထိတ်သွားတယ်။ သူလှည့်ကြည့်လိုက်တော့ ယွင်ဟန့်က လှေပေါ်မတက်ရသေးတာ သိလိုက်ရတယ်။ အငြိုးအတေးစွမ်းအင်တွေက သူ့ကို ဝါးမျိုသွားပြီ။ သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ကာ ဓားချီကို သူ့ဆီလှမ်းပစ်လိုက်တယ်

သူ အငြိုးအတေးစွမ်းအင်ကို ဖယ်ထုတ်ဖို့ ရည်ရွယ်ထားပေမဲ့ ဓားချီက ယွင်ဟန့်နဲ့ နီးကပ်လာတာနဲ့အမျှ အငြိုးအတေးစွမ်းအင်တွေ ပျောက်ကွယ်သွားခဲ့တယ်။ ယွင်ဟန့်နဲ့ အတူတဲ့လေ။

"…" ဘာဖြစ်တာလဲ။ သူဘယ်မှာလဲ။

"ဟိုမှာ" ယိချင်းက လှည့်ပြီး မြောက်ဘက်ဆီညွှန်ပြတယ်။ သူက ဓားပေါ်တက်ကာ လိုက်သွားလေတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ တစ်ဖန်၊ သူ ဝိညာဉ်လှေပတ်ပတ်လည်မှာ အင်းကွက်တွေ ထပ်ထည့်သွင်းလိုက်တယ်။

"ငါတို့ သူ့ကို သွားကယ်မို့၊ မင်းတို့အားလုံး အရင်ပြန်သင့်တယ်" ပြောပြီးတာနဲ့ လက်ကိုဝှေ့ယမ်းကာ ဝိညာဉ်လှေကို အသက်သွင်းလိုက်တယ်။ လှေက ဂိုဏ်းဦးတည်ရာဆီ ပျံသန်းသွားတော့တယ်။

ကူယွဲ့ သူ့ဝိညာဉ်ဓားကို ဆင့်ခေါ်ပြီး ယိချင်းနောက် လိုက်တော့မဲ့ဆဲဆဲ အနီရောင် အလင်းတန်းတစ်ခု သူ့မျက်လုံးထောင့်မှာပေါ်လာတယ်။ သူ့ခါးမှာ တစ်စုံတစ်ခု တုန်ယင်နေသလိုပဲ။

ဒါ စစ်ယွီဆီ ထားခဲ့တဲ့ ဆက်သွယ်ရေးအဆောင်ပဲ။

သူက အမြန်ယူလိုက်ပြီး ဝိညာဉ်ချီတစ်တန်း လွှတ်လိုက်တယ်။ ချက်ချင်းပဲ၊ စစ်ယွီရဲ့ ပုံသဏ္ဌာန်က အဆောင်ပေါ် ပေါ်လာတယ်။ "အကြီးအကဲကူယွဲ့ မကောင်းတော့ဘူး ဂိုဏ်းချုပ်… ဂိုဏ်းချုပ် ပျောက်နေတယ်”

"ဘာ"

w(゚Д゚)w

…

အခန်း ၃၉၀ ။ မရေမတွက်နိုင်သော အကြိမ်မြောက် ရှန်းရင်ကို ရှာခြင်း

"ဘာဖြစ်ခဲ့တာလဲ" ကူယွဲ့ ပေါက်ကွဲသွားတယ်။ တကယ်ပဲ သူ ကျောပေးလိုက်တာနဲ့ သူမက ပျောက်သွားပြီ။

"အဲဒီ အရပ်မျက်နှာမသိတဲ့ငတုံးကို ကြည့်ထားဖို့ မင်းတို့ကို ငါပြောခဲ့တယ် မဟုတ်လား၊ မင်းတို့အားလုံး ဘာလို့ ကျောခိုင်းကြတာလဲ"

"မဟုတ်ပါဘူး…" စစ်ယွီက စိုးရိမ်တကြီး ဖြစ်နေဟန်။ "ကျွန်မတို့ ဂို‌ဏ်းချုပ်ကို စောင့်ကြည့်နေပေမဲ့...ပေမဲ့ ဂိုဏ်းချုပ်က ကျွန်မတို့မျက်စိရှေ့မှာတင် ပျောက်သွားတာပါ"

"…" ပျောက်သွားတာလား။

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ တစ်အောင့်ကြာမှ သူ နားလည်သွားတယ်။

"ကောင်းပြီလေ၊ ငါနားလည်ပြီ၊ ဂိုဏ်းထဲကတပည့်တွေကိုကြည့်ထား၊ စားဖိုမှူးနဲ့ ငါ မကြာခင်ပြန်လာမယ်"

"ဟုတ်ကဲ့"

ကူယွဲ့ သူ့ဆက်သွယ်ရေးအဆောင်ကို သိမ်းလိုက်ပြီး အရင်ကထက်တောင် မျက်မှောင်ကြုတ်လိုက်တယ်။ ရှန်းရင်က အားမကိုးရပေမဲ့ ကူယွဲ့ သူ့ကိုရှိနေတဲ့နေရာမှာတင် ငြိမ်ငြိမ်နေဖို့ အထူးတလည် ညွှန်ကြားချက်တွေ ပေးပြီးရင် ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ စစ်ယွီပြောနေတဲ့ပုံအရတော့ တစ်ခုခု သူမကို ဖြစ်သွားတဲ့ပုံပဲ။ ဆက်စဉ်းစားကြည့်ပြီး ကူယွဲ့ ဓားပျံကို စီးကာ ယိချင်းနောက်လိုက်ခဲ့တယ်။

စားဖိုမှူးက အဝေးကြီးမရောက်သေးဘူး။ တစ်မိနစ်တောင် မပြည့်ခင် ကူယွဲ့ သူ့ကို ရှာတွေ့ခဲ့တယ်။ စားဖိုမှူးကလည်း စောနက အငြိုးအတေးစွမ်းအင်တွေထဲ ပျောက်သွားတဲ့ ယွင်ဟန့်ကို ရှာတွေ့သွားပြီ။ ယိချင်းက အခု ယွင်ဟန့်နဲ့အတူ ထွက်ပြေးဖို့ကြိုးစားနေတဲ့ အငြိုးအတေးစွမ်းအင်လုံးကို ချိပ်ပိတ်ဖို့ ဓားအင်းကွက်ကို ဖန်တီးနေတယ်။ သူက အငြိုးအတေးစွမ်းအင်ကို မောင်းထုတ်ဖို့ စည်းတံဆိပ်တစ်ခု ပြုလုပ်တော့မဲ့ဆဲဆဲ။

"စားဖိုမှူး" ကူယွဲ့က စိတ်အားထက်သန်စွာ လှမ်းခေါ်လိုက်တယ်။

"ရှန်းရင်ပျောက်နေတယ်"

"ဘာ" ယိချင်း ဆတ်ခနဲခေါင်းလှည့်လာတယ်။ သူ့ကိုယ်ထဲက ဓားဆန္ဒပေါက်ကွဲသွားလို့ လေခဲ သပ်သပ်ရပ်ရပ် ချိန်ထားတဲ့ ဝိညာဉ်ဓားတွေတောင် မြေကြီးပေါ်ကျကုန်တယ်။

"အား~" အငြိုးအတေးစွမ်းအင် ဝါးမျိုခံနေရတဲ့ လူက နာနာကျင်ကျင်ထအော်တယ်။ သူက ဓားမြှောင်လေးနဲ့ ပေါင်ကို ထိုးခံလိုက်ရတာပဲ။ ခေါင်းကြောမာတဲ့ အငြိုးအတေးစွမ်းအင်က ဓားချီပေါက်ကွဲမှုနဲ့ အပြတ်သန့်ရှင်းခံလိုက်ရပြီး အားနည်းကာ မောဟိုက်နေပြီး အင်မတန်နာကျင်နေပုံရတဲ့ ယွင်ဟန့်ကို ချန်ထားခဲ့တယ်။

အားအားအား နာတယ် နာတယ် နာတယ်ဟ...။

(; ́༎ຶД༎ຶ`)

"ဆရာ ဘာဖြစ်တာလဲ" ယိချင်းက သွေးပျက်စွာနဲ့ ကူယွဲ့ကိုမေးလိုက်တယ်။ သူ တခြားဘာကိုမှ ဂရုမစိုက်တော့ဘူး။

"သူတို့လည်း အခုမသေချာဘူး၊ စစ်ယွီပြောတာတော့ သူတို့မျက်စိရှေ့မှာတင် ရုတ်တရက် ပျောက်သွားတာတဲ့" ကူယွဲ့ ခေါင်းယမ်းလိုက်တယ်။

ယိချင်း အမူအရာက မည်းမှောင်သွားပြီး သူ့ကိုယ်ခန္ဓာက အမျက်ဒေါသနဲ့ပြည့်လာတယ်။

"ဘယ်ခွေးသားလေးက သူများဆရာကို ခိုးဖို့ ကြိုးစားနေတာတုံး"

"အရင်ပြန်ကြရအောင်" သူက ဓားကို စတင်တက်စီးလိုက်တယ်။

"ခဏ" ကူယွဲ့ သူ့ကို ပြန်ထိန်းထားလိုက်တယ်။

"အလောမကြီးနဲ့ မင်း ရှန်းရင်အကြောင်း ကောင်းကောင်းသိတာပဲ၊ သူ မလှုပ်ချင်ရင် ဘယ်သူမှ သူ့ကို မလှုပ်ခိုင်းနိုင်ဘူး၊ ဒီတစ်ကြိမ် သူ ထူးထူးဆန်းဆန်း ပျောက်သွားရတာက... ထူးဆန်းတဲ့ကိစ္စတစ်ခုခုကို ရှာတွေ့သွားလို့နေမယ်"

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူနည်းနည်း စိတ်ငြိမ်ငြိမ်ထားကာ ဒါကိုစဉ်းစားလိုက်တယ်။။

"ဒီကမ္ဘာမှာ တစ်ခုတည်းသောထူးဆန်းတဲ့အရာတွေက သွေဖည်တစ္ဆေတွေဆိုတာပဲ၊ ဆရာ ပျောက်ဆုံးသွားမှုက သူတို့နဲ့ဆိုင်နိုင်လား"

ကူယွဲ့ ဒါကိုလည်း စဉ်းစားကြည့်ဖူးတယ်။

"တကယ်ပဲ ဒီကမ္ဘာမှာ ကြောက်စရာကောင်းလောက်တဲ့အထိ သွေဖည်ဝိညာဉ်တွေများလွန်းတယ်"

"ဖေဖေနျို၊ ဆရာ့မှာ ဆက်သွယ်ရေးအဆောင်ရှိတယ်၊ ကျွန်တော်တို့ သူနဲ့ဆက်သွယ်နိုင်မလား"

"သူ့ရဲ့ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်တဲ့စရိုက်ကို သိရသလောက်တော့ ဆက်သွယ်ရေးအဆောင်က သူ့အတွက် အသုံးမဝင်ဘူး" ကူယွဲ့ အရင်က ဆက်သွယ်ရေးအဆောင်ကို သုံးပြီး သူမဆီ ဆက်သွယ်ဖို့ မကြိုးစားဖူးတာမဟုတ်ဘူး။ သူမနဲ့ဆို ဘယ်ဆက်သွယ်ရေးကိရိယာမဆို...။ ခဏ သူ ရုတ်တရက် တစ်ခုကိုတွေးမိပြီး သူ့လက်ပတ်ကို ငုံ့ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက တောက်ပသွားခဲ့တယ်။

"ဒီ‌လက်ကောက်ဝတ်မှာ အလုပ်တင်ပြတဲ့လုပ်ငန်းစ ဉ်ရှိတာ မှတ်မိတယ်၊ ငါတို့ကို စီမံထိန်းသိမ်းသူဆီ တိုက်ရိုက်ဆက်သွယ်လို့ရအောင် လုပ်ပေးတယ်"

သူက စကားပြောရင်း သူ့လက်ပတ်ကို တတောက်တောက်နှိပ်လိုက်တယ်။ အဲသုံးစွဲပုံအညွှန်းကို သူအလဟသ ဖတ်ထားတာမဟုတ်ဘူး။ တစ်အောင့်နေတေည့ လက်ကောက်ကနေမျက်နှာပြင်တစ်ခု ခုန်ထွက်လာကာ လေထဲ လွင့်မျောနေတယ်။ ရှန်းရင်က အဲပေါ် ပေါ်လာပြီး တစ်နေရာရာမှာထိုင်နေကာ အဆာသွတ်မုန့်ကို စားနေတယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

တကယ်ပဲ သူတို့အကြောင်းမရှိ စိုးရိမ်မိနေတာပဲ။

"အာ စားဖိုမှူး ဖေဖေနျို" ရှန်းရင်လက်က တစ်ခဏတန့်သွားပြီးမှ သူမပါးစပ်ထဲ နောက်ဆုံးအဆာသွတ်မုန့်ကို ထိုးထည့်ကာ လက်ကိုဖုန်ခါလိုက်တယ်။

"ဘာလို့ငါ့ကိုရှာနေတာလဲ"

ဆက်သွယ်ရေးကိရိယာက ရုတ်တရက်မြည်လာတော့ သူမလန့်သွားတာ။ သူ့အစ်မလို့ ထင်မိတာလေ။

"ဆရာ အဆင်ပြေရဲ့လား"

"ပြေပါတယ်" သူမက ခေါင်းစောင်းတယ်။

ကူယွဲ့ နှုတ်ခမ်းဖိလိုက်တယ်။

"မင်း ဘယ်မှာလဲ"

သူ သူမပတ်ဝန်းကျင်ကို သေချာကြည့်ပေမဲ့ ခဲရောင်လိုမျိုးပဲမြင်ရတယ်။ သူမပတ်လည်က ဝါးတားတား မီးခိုးရောင်ပုံစံမျိုးဖြစ်နေတယ်။

"ငါမသိဘူး" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။

"ငါ ဒီကိုတစ်ခါမှ မရောက်ဖူးဘူး"

"ရောက်နေတဲ့နေရာမှာပဲ နေပြီး မလှုပ်နဲ့၊ ငါတို့ မင်းကို ခုလာခေါ်မယ်" ကူယွဲ့ ရှန်းရင်က သူမဘယ်နေရာမှာရှိနေလဲဆိုတာ ပြောနိုင်ဖို့လည်း မမျှော်လင့်ထားဘူး။

သူ လက်ပတ်ပေါ် နှိပ်လိုက်ရင်း ယိချင်းကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ နှစ်ယောက်သား တစ်ချိန်တည်း သူတို့ဝိညာဉ်ဓားတွေကို ဆင့်ခေါ်ကာ ရှန်းရင်ကို ရှာဖို့အသင့်ပြင်လိုက်တယ်။

"ကြီးမြတ်တဲ့... ဆရာတို့" ခပ်တိုးတိုးအသံက သူတို့နောက်ကနေ လှမ်းခေါ်တယ်။ နောက်ဆုံးတော့ စကားပြောဖို့ ခွန်အားပြန်ရပြီဖြစ်တဲ့ ယွင်ဟန့်က လက်တစ်ဖက်ကို ပျော့ဖတ်ဖတ် မြှောက်လိုက်တယ်။

"ကျုပ်... ကျုပ်ဒီမှာပါ" တစ်ခုခုကိုများ မေ့နေကြပြီလား။ ကျုပ်ကိုလိုမျိုးလေ။

နှစ်ယောက်သား တန့်သွားတယ်။

ချီး သူတို့ သူ့ကို တကယ်မေ့သွားတာ။

ယိချင်း သူ့ဆီ ခပ်သွက်သွက်လျှောက်ပြီး ခေါင်းစခြေဆုံး စစ်ဆေးကာ သူ့အကြည့်က ပေါင်ပေါ် ကဝိညာဉ်ဓားဆီ ရောက်သွားတယ်။ မျက်မှောင်ကြုတ်ကာ သူ ဓားကိုဆွဲထုတ်လိုက်တယ်။ နောက်တော့ သူက ယွင်ဟန့်ဒဏ်ရာကိုကုသဖို့ စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ သူ့လေသံက စိတ်ရှုပ်သွားတဲ့ပုံ။

"ခင်ဗျားဓားသိုင်းက မပြည့်စုံသေးဘူး၊ ကစားဖို့ ဓားကို မထုတ်နဲ့"

ယွင်ဟန့် ။ ။ "..."

( ̄△̄;)

ကစားတယ်လား။

ဒါ ဘယ်သူ့ဓားတုံး။

"ဖေဖေနျို ဆရာဘယ်မှာလဲ" ယိချင်းက ယွင်ဟန့်ကို သူ့ဓားပေါ်တင်ကာ မေးလိုက်တယ်။

စာလုံးနီတွေ ကူယွဲ့မျက်နှာပြင်ပေါ် ပေါ်လာတယ်။

[ဤရှာဖွေမှုအား ခွင့်မပြုထားပါ]

"ချီး" ကူယွဲ့ သွေးအန်လုနီးပါးဖြစ်နေပြီ။ ဘယ်လိုသောက်ကျိုးနည်း ခွင့်ပြုချက်ကို လိုချင်နေတာလဲ။ လက်လျှော့ပြီး ဖန်သားပြင်ပေါ်ကလူကို မေးဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ဘူး။

"ရှန်းရင်၊ မင်းပတ်ဝန်းကျင်ကို ပြောပြ"

"မြူခိုးတွေ" အရမ်းကိုမြူမှိုင်းနေတာ။

"အဓိပ္ပာယ်မရှိတာ" မရေရာတဲ့ နာမဝိသေသနတွေ သုံးနေတာတော်တော့ - ငါတို့က မြို့တော်မှာ ရှိနေတယ်လို့ ထင်နေတာလား။ "ဒီထက်ပိုပြီး တိတိကျကျပြော"

"အိုး" ရှန်းရင်က လှည့်ပတ်ကြည့်ရင်း ပျင်းတိပျင်းရွဲပြောတယ်။

"ငါ ကျောက်တုံးပေါ်မှာ ထိုင်နေတာ၊ ငါ့ဘေးမှာ သစ်ပင်တစ်ပင်ရှိတယ်၊ ဘာသစ်ရွက်မှမရှိဘူး"

"တခြားရော"

"ဒီမှာ အပူချိန်က တော်တော်နည်းတယ်၊ နောက်ထပ် ဆူညံသံတချို့ ရှိသေး…" သူမက ရုတ်တရက် ခေါင်းစောင်းလိုက်တယ်။

"ငါ့ဆီလာနေတဲ့ ပုံသဏ္ဌာန်တချို့ ရှိနေတယ်၊ ဒီအရူးတွေ အဲမှာ ရပ်နေတာ ခု နေ့တစ်ဝက်လောက် ရှိပြီထင်တယ်"

"ဘာလူတွေလဲ၊ သူတို့ ဘာဝတ်ထားကြလဲ"

"မမြင်ရဘူး မြူမှိုင်းနေတယ်လို့ပြောတယ်လေ၊ မြင်ရဖို့ခက်တယ်"

"ဒါဆို လမ်းလျှောက်ပြီး တစ်ချက် သောက်ကျိုးနည်းသွားကြည့်ဟ"

"အရမ်းဒုက္ခများတာပဲ"

"ပါးစပ်ပိတ်ထား" နောက်ဆုံးတော့ ကူယွဲ့ သူ ထိန်းထားဖို့ ကြိုးစားနေတဲ့ ဒေါသ ပေါက်ကွဲသွားတော့တယ်။

"ဒါကို ငါ ဘယ်သူ့အတွက် လုပ်နေတာလဲ၊ ပြီးတော့ မင်း-"

"ဖေဖေ... နျို" သူ စကားမဆုံးခင် ယိချင်းက သူ့ပခုံးကိုပုတ်တယ်။

"ဘာလဲ"

ယိချင်းက ထူးထူးဆန်းဆန်းပြန်ဖြေတယ်။

"ဆရာဘယ်မှာလဲသိပြီ... ထင်တယ်"

"ဘာ" ကူယွဲ့က အလန့်တကြား အော်တယ်။ "သူဘယ်မှာလဲ" မင်းသူမကို ဘယ်လိုရှာလိုက်တာလဲ။

ယိချင်းက သူ့နှုတ်ခမ်းတွေကို ဖိလိုက်ပြီး သူ့အမူအရာက ပိုတောင်ထူးဆန်းလာတယ်။ ခဏကြာတော့ လက်ကိုမြှောက်ပြီး သူတို့ရှေ့ကို ညွှန်ပြတယ်။

"ဟိုမှာ"

ယိချင်း ညွှန်ပြနေတဲ့ လမ်းကြောင်းအတိုင်း ကူယွဲ့လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့၊ အဲလမ်းကြောင်းမှာ သူမြင်ရသမျှက နေရာအနှံ့မှာ ယင်ချီပျံ့နေလို့ မီးခိုးရောင်ဖြစ်နေတဲ့ အကွက်ကြီးပဲ။ ယိချင်းက အဲနေရာကို သန့်စင်ဖို့ လေစည်းတံဆိပ်တစ်ခုဖန်တီးကာ ထူထဲနေတဲ့ယင်ချီတွေကို မှုတ်ထုတ်လိုက်တယ်။

သူတို့နဲ့ မီတာတစ်ရာအကွာက ကြီးမားတဲ့ အနက်ရောင်ကျောက်တုံးကြီးပေါ် ထိုင်နေတဲ့ အကျွမ်းတဝင်ရှိ‌တဲ့ အသွင်ကို မြင်တွေ့လိုက်ရတယ်။ သူမက ဒူးခေါင်းပေါ် တံတောင်ဆစ်တင်ကာ ယိမ်းထိုးနေတယ်။

ကူယွဲ့ စိတ်ထဲမှာ တစ်စုံတစ်ခုရာ ဖျတ်ခနဲ ပြတ်တောက်သွားသလို ခံစားလိုက်ရတယ်။ ဒေါသတကြီး အော်သံက ဧရိယာအနှံ့ ပဲ့တင်ထပ်သွားလေရဲ့။

"ရှန်း ရင်"

အသံထွက်တော့ သောက်ကျိုးနည်း သေသွားမှာမို့လား။ မင်း ဒါကို တမင်သက်သက် လုပ်နေတာ မဟုတ်လား။ ဒီလိုပဲ ဖြစ်ရမယ်

ခဏနေပါဦး

သူ့ဆီလာနေတယ်လို့ ပြောတာ ဘာတွေလဲ။ သူမ ပြောခဲ့တာက သစ်ပင်တွေ၊ ကျောက်တုံးတွေနဲ့ အရူးသုံး-

စားပွဲမှောက်

(╯‵□′)╯(┻━┻

မင်း ဘယ်သူတွေကို အရူးလို့ခေါ်လိုက်လဲဆိုတာ ရှင်းရှင်းလင်းလင်းပြောရင် ကောင်းမယ်။

All Chapters