ပိုင်ဖင်မှ သေရည်ဆက်သခြင်း
Vol. 8 Ch. 71
သူတို့နှစ်ယောက်၏ ရင်းရင်းနှီးနှီးပုံစံကို ကြည့်ပြီး လင်ဝမ်ယိ ပို၍ပင် အံ့ဩသွားမိသည်။
မုလန်ချွမ်းက လူများနှင့် အလွယ်တကူ ရင်းနှီးတတ်သူဖြစ်ပြီး နည်းနည်းပဲ ရင်းနှီးလျှင်တောင် အခြားလူများအမြင်တွင် ညီအစ်မအရင်းများလို ထင်ရအောင် နေတတ်ကြောင်း သူမ သိသည်။
သို့သော် ယင်းကွေ့ဖင် ၏ စကားပြန်ပြောပုံကလည်း တကယ့်ကို ရင်းနှီးဖော်ရွေလွန်းနေသည်။
သူမက တကယ်ပဲ မုလန်ချွမ်း ကို သူမတို့အုပ်စုထဲကလို့ သဘောထားလိုက်ပြီလား...။
အချိန်ဘယ်လောက်မှတောင် မရှိသေးဘူး... ကြည့်ရတာ မုလန်ချွမ်း ယောင်ယွဲ့နန်းဆောင် ကို ပြောင်းရွှေ့ရမယ်ဆိုတဲ့ ကိစ္စက ကောလဟာလ သက်သက်မဟုတ်လောက်ပေ။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ လင်ဝမ်ယိ ၏ နှုတ်ခမ်းထက်မှ အပြုံးက ပို၍သဘာဝကျသွားလေသည်။
သူတို့နှစ်ယောက် ရှိနေပြီး ရယ်ရယ်မောမော ပြောဆိုနေကြသဖြင့် လင်ဝမ်ယိ အနေဖြင့် စကားဝင်မပြောလျှင်တောင် နားထောင်ရုံဖြင့် ပျော်စရာကောင်းနေသည်။
သူတို့မှာ ဟိုဟိုဒီဒီစကားပြောနေရင်း ပျော်ရွှင်နေကြစဉ်မှာပင် အပြင်ဘက်မှ မိန်းမစိုး တစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။
"အရှင်မင်းကြီး ကြွလာပါပြီ..."
"လင်ကွေ့ဖေး ကြွလာပါပြီ..."
"လန်ဖေး ကြွလာပါပြီ..."
ရုတ်တရက် လူတွေအများကြီး ရောက်လာကြသဖြင့် ရှင့်ကျင့်အဆောက်အအုံ အတွင်း စကားစမြည်ပြောနေကြသူများအားလုံး မတ်တပ်ရပ်ကာ တံခါးဝသို့ သွားရောက် ကြိုဆိုလိုက်ကြရသည်။
ယီဖေး က မတ်မတ်ရပ်နေပြီး ကျန်လူများကတော့ ဂါရဝပြုလိုက်ကြ၏။
"ကျွန်တော်မျိုးမ တို့ အရှင်မင်းကြီး ၊ ကွေ့ဖေး မယ်မယ်နဲ့ လန်ဖေး မယ်မယ်တို့ကို ကြိုဆိုပါတယ်..."
ပြောရမည်ဆိုလျှင် မိန်းမလှလေးများ ပြည့်နှက်နေသော ဤအခန်းထဲတွင် ယခုအချိန်မှာတော့ တိတ်တိတ်ဆိတ်ဆိတ်နှင့် ရိုရိုသေသေရှိနေကြ၏။
"ထကြပါ... ဒီနေ့က မိသားစုစားပွဲဆိုတော့ အများကြီး စည်းကမ်းလုပ်နေစရာ မလိုပါဘူး..."
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."
နဂါးပုံထိုးထားသည့် ပေါ့ပေါ့ပါးပါး ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဧကရာဇ် သည် အလယ်သို့ လျှောက်သွားကာ ပလ္လင် ပေါ်တွင် ထိုင်လိုက်ပြီး နေရာအနှံ့သို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။ လင်ဝမ်ယိ ကို မြင်သောအခါ ကြည့်နေရာမှ တစ်ချက် ရပ်တန့်သွားသော်လည်း ချက်ချင်းပင် အကြည့်လွှဲသွားကာ ယင်းကွေ့ဖင် ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ကွေ့ဖင် ခရီးပန်းလာတော့ နေလို့ထိုင်လို့ ကောင်းရဲ့လား..."
"အရှင်မင်းကြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ အားလုံး အဆင်ပြေပါတယ်..."
သူမက အနောက်ဆောင်ထဲတွင် မည်သူနှင့်မျှ ရန်ငြိုးမထားတတ်ပေ။ ကိုယ်ဝန်မရှိခင်ရော ရှိပြီးနောက်မှာပါ စီးပိုးနိုင်နင်းသည့်လုပ်ရပ်မျုိး လုပ်သည်ဟု သတင်းမထွက်ခဲ့ပေ။ ထို့ကြောင့် လူအများက သူမကို ပို၍ပင် အားကျနေကြသည်။ အထူးသဖြင့် အချိန်ကောင်းမှာ ကိုယ်ဝန်ရသွားခြင်းကိုပင်။
လင်ကွေ့ဖေးက ဧကရာဇ် ၏ ဘေးတွင် ထိုင်နေပြီး ကျက်သရေရှိပြီး သဘောထားကြီးသည့် ပုံစံမျိုးဖြင့် နေနေလေ၇ာ သဘာဝကျကျပင် သူမက အခြားကိုယ်လုပ်တော်များကို ပိုပြီး ဂရုစိုက်ပြလေသည်။
"ညီမလေးယင်း နဲ့ ညီမလေးလန် တို့ဆီကို ကျွန်တော်မျိုးမ ရေခဲတုံးတွေထပ်ပြီး ပို့ခိုင်းထားပါတယ်... သီးသန့်မီးဖိုချောင် အသုံးစရိတ်ကိုလည်း နှစ်ဆတိုးပေးထားပါတယ်... အရှင်မင်းကြီး စိတ်ချပါ... ဆောင်းဦးပေါက်လို့ အချိန်တန်ရင် ဒီနန်းတော်ထဲမှာ ကလေးနှစ်ယောက် ထပ်တိုးလာတော့မှာပါ..."
လန်ဖေး က ကိုယ်ဝန်လရင့်နေပြီဖြစ်၍ ဘာမှမလွဲချော်လျှင် သူမက အရင်မွေးဖွားမည်ဖြစ်သည်။ ယခုအချိန်တွင် သူမက ဂုဏ်ယူဝင့်ကြွားစွာဖြင့် စူထွက်နေသော ဗိုက်လေးကို ပွတ်သပ်ရင်း ပုဝါဖြင့် ပါးစပ်ကိုအုပ်ကာ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
"ကွေ့ဖေး မယ်မယ် က တကယ့်ကို စေ့စပ်သေချာလွန်းပါတယ်... ကျွန်တော်မျိုးမ တို့ကို ဂရုတစိုက်ရှိရုံတင်မကဘူး... ဒုတိယမင်းသား ဆီကိုလည်း တန်ဖိုးကြီး ဆေးဘက်ဝင်ပစ္စည်းတွေ ပို့ပေးသေးတယ်... ဒုတိယမင်းသားက အဲဒါတွေ စားပြီး တော်တော်လေး သက်သာလာတယ်လို့ ကြားတယ်..."
"အသုံးဝင်တယ်ဆိုရင် ပြီးတာပါပဲ... ဒါဆို ခဏနေရင် ဒီအရှင်မ လူလွှတ်ပြီး ထပ်ပို့ခိုင်းလိုက်ပါဦးမယ်..."
"မယ်မယ် သတိတရ ရှိပေးလို့ ကျေးဇူးတင်ပါတယ်... နောက်ရက်ကျရင် ကျွန်တော်မျိုးမ ဒုတိယမင်းသား ကို ခေါ်ပြီး မယ်မယ် ဆီ ကျေးဇူးတင်စကား လာပြောပါ့မယ်..."
"ဒီလိုစကားတွေ ပြောနေစရာ လိုလို့လား... ဒီအရှင်မ က အနောက်ဆောင်ကိစ္စတွေကို တာဝန်ယူထားရမှတော့ နန်းတော်ထဲက ညီအစ်မတွေကို ဂရုစိုက်ရမှာက သဘာဝပဲဟာ... ညီမတို့အားလုံး အမြန်ဆုံး သားရတနာလေးတွေ မွေးဖွားပြီး တော်ဝင်မိသားစု အတွက် မျိုးဆက်ပွားပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."
"မယ်မယ် ပြောတာ မှန်ပါတယ်..."
လင်ကွေ့ဖေး နှင့် လန်ဖေး တို့ အပြန်အလှန် မြှောက်ပင့်ပြောဆိုနေကြသည်ကို နေရာတွင် ရှိနေသူတိုင်းက နားလည်ကြသည်။ အရှင်မင်းကြီး ၏ ရှေ့တွင် သဘောထားကြီးပြီး တည်ငြိမ်သည့် ပုံစံမျိုး ဖမ်းချင်ရုံသာ။ မည်သို့ပင်ဖြစ်စေ ကွေ့ဖေး ရာထူးမှ မိဖုရားခေါင် ရာထူးသို့ တက်ရန် ခြေတစ်လှမ်းသာ လိုတော့သည် မဟုတ်ပါလား။
ထို့အပြင် မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားသည်မှာလည်း သုံးနှစ်ကျော်ပြီဖြစ်ရာ သည်နှစ်နှစ်အတွင်း လင်ကွေ့ဖေး ကို မိဖုရားခေါင်တင်မြှောက်ရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။ ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် ချိန်ဆနေကြပြီး လင်ကွေ့ဖေး ၏ ရှေ့တွင် ဘယ်လို မျက်နှာလုပ်ရမည်ကိုသာ စဉ်းစားနေကြလေသည်။
တုချန်ကျိုက်က ယခု လင်ကွေ့ဖေး ၏လူဖြစ်နေပြီဖြစ်ရာ လင်ကွေ့ဖေး သာ တကယ် မိဖုရားခေါင် ဖြစ်သွားလျှင် သူမလည်း ရေတက်လာလျှင် လှေမြင့်လာသကဲ့သို့ အလိုလို အဆင့်အတန်း မြင့်တက်လာမည်ဖြစ်သည်။ ထို့ကြောင့် သူမက ဘယ်သူ့ထက်မဆို ပို၍ တောက်ပစွာ ပြုံးလိုက်ပြီး အမြန်ပြောလိုက်သည်။
"ကွေ့ဖေး မယ်မယ် က ဉာဏ်ပညာရှိပြီး ကျက်သရေနဲ့ ပြည့်စုံတယ်... အမျိုးသမီးတွေအတွက် စံပြပါပဲ... ကျွန်တော်မျိုးမ တို့ကတော့ မယ်မယ် နဲ့ အရှင်မင်းကြီးတို့ အချစ်တွေ ခိုင်မြဲပါစေလို့ပဲ ဆုတောင်းပါတယ်... ဒါမှ နန်းတော်တစ်လုံးက လူတွေလည်း မယ်မယ့်ရဲ့ စေတနာေတွကို ခံစားနိုင်မှာ"
လင်ကွေ့ဖေး က ပြုံးရုံသာ ပြုံးပြီး စကားမပြန်ခဲ့ပေ။ ထို့နောက် ဧကရာဇ် ဘက်သို့ လှည့်ကာ ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး ကြည့်ပါဦး... တုချန်ကျိုက် က တကယ့်ကို စကားတတ်တာပဲနော်..."
"အင်း... တုချန်ကျိုက် ကို လရောင်သေရည်တစ်ခွက် ဆုချလိုက်... အဲဒီသေရည်က ချိုမြမြဆိုတော့ သူနဲ့ လိုက်ဖက်မှာပါ..."
တုချန်ကျိုက် မှာ ဧကရာဇ် ၏ ချီးကျူးမှုကို မရတာ ကြာပြီဖြစ်၍ ယခုလို ရုတ်တရက် ကြားလိုက်ရသောအခါ ဝမ်းသာလွန်း၍ ဘာလုပ်ရမှန်းပင် မသိတော့ပေ။ ချက်ချင်း ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်မျိုးမ ကို ဆုချတဲ့အတွက် အရှင်မင်းကြီး ကို ကျေးဇူးတင်ပါတယ်..."
တုချန်ကျိုက်က လင်ကွေ့ဖေး နှင့် ပေါင်းလိုက်သဖြင့် ဧကရာဇ် ၏ ရှေ့တော်တွင် မျက်နှာသာရသွားသည်ကို မြင်သောအခါ အားလုံး၏ စိတ်ထဲတွင် တွက်ကိန်းတွေ ပြန်စတင်လာကြလေပြီ။
ယီဖေး ကတော့ တုချန်ကျိုက် ကို ကြည့်ရင်း ပြုံးသလိုလို မပြုံးသလိုလိုဖြင့် အထင်သေးစွာ မထီပုံများ သူမမျက်နှာထက်တွင်အထင်းသားပေ။ ထို့နောက် သူမ ချောင်းနှစ်ချက် ဟန့်လိုက်ရာ သူမ၏ အနောက်တွင် ထိုင်နေသည့် ပိုင်ဖင် က ချက်ချင်း နားလည်လိုက်လေသည်။
ထို့နောက် သူမက စားပွဲပေါ်မှ သေရည် ခွက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ဝမ်းသာလွန်း၍ မျက်ရည်ကျမတတ် အမူအရာဖြင့် ချွဲနွဲ့စွာ ပြောလိုက်လေသည်။
"အရှင်မင်းကြီး ... ကျွန်တော်မျိုးမ က မနှစ်ကတည်းက နန်းတော်ထဲမှာ ဗုဒ္ဓဘုရားကျမ်းစာတွေကို ရွတ်ဖတ်နေခဲ့တာဆိုတော့ အရှင်မင်းကြီး ကို မတွေ့ရတာ ကြာပါပြီ... အခု အရှင်မင်းကြီး က အရင်တုန်းကလိုပဲ ခန့်ညားထည်ဝါပြီး ဩဇာတိက္ကမ ကြီးမားနေတုန်းပဲဆိုတာ မြင်ရတော့... ကျွန်တော်မျိုးမ ရင်ထဲမှာ ဘုရားရှင်ကို ကျေးဇူးတင်နေမိပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... ကျွန်တော်မျိုးမ တို့ရဲ့ တာ့ဝေ့ပြည် ကြီး နှစ်ပေါင်းထောင်သောင်းမက တည်တံ့ပြီး တိုင်းပြည်အေးချမ်းသာယာပါစေလို့ ဆုတောင်းပါတယ်..."
သူမက မူလကတည်းက ဆွဲဆောင်မှုရှိသူ ဖြစ်ရာ ယခုလို ချွဲနွဲ့နေသော ပုံစံလေးကြောင့် သူမ၏ အလှတရားက ပို၍ပင် တောက်ပသွားပြီး မြင်သူတိုင်းကို သနားချစ်ခင်သွားစေသည်။
လင်ကွေ့ဖေး တစ်ချက်ကြည့်လိုက်သော်လည်း စိတ်ထဲ သိပ်မထားပေ။ သို့သော် သူမ မျက်လုံးထောင့်မှနေ၍ လင်ဝမ်ယိ ကို ရှာကြည့်လိုက်သည်။ ပိုင်ဖင် ကို မြင်လျှင် သူမ ဘယ်လိုများ ခံစားနေရမလဲ။
ထင်သည့်အတိုင်းပင် လင်ဝမ်ယိ ၏ မျက်နှာမှာ ဖြူလျော့နေပြီး နေမကောင်းသည့် ပုံစံပေါက်နေသည်ကို မြင်သောအခါ လင်ကွေ့ဖေး ၏ စိတ်ထဲတွင် အလွန် ကျေနပ်သွားလေသည်။ သူမအနေနှင့်က တောင်ပေါ်မှာနေ၍ ကျားနှစ်ကောင် သတ်ပုတ်ကြသည်ကို စောင့်ကြည့်ရုံသာ...။ ပိုင်ဖင် နှင့် လင်ဝမ်ယိ တို့ကို အရင် ယှဉ်ပြိုင်ခိုင်းထားလိုက်ဦးမယ်ဟု သူမတွေးလိုက်သည်။
လင်ဝမ်ယိမှာတော့ ပိုင်ဖင် တစ်ယောက် လူမြင်ကွင်းသို့ ပြန်ရောက်လာပြီး ပြောနေသည့် 'ရင်တွင်းဖြစ် စကားများ' ကို နားထောင်ဖို့ အာရုံမရနိုင်တော့ပေ။ သူမ ခေါင်းတွေ မူးဝေပြီး ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်နေသလို ခံစားနေရသည်။ သူမမှာ တံတောင်ဆစ်ဖြင့် စားပွဲကို ထောက်ထားရပြီး ခေါင်းမူးပြီး အန်ချင်နေသည့် ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရလေသည်။
အကယ်၍သာ ပင်မနန်းဆောင်ထဲရောက်နေတာမဟုတ်လှျင် ဝေဒနာကို သက်သာအောင် သူမ ချက်ချင်းသာ လှဲချပစ်လိုက်ချင်တော့သည်။
ပိုင်ဖင် ကတော့ တခြားလူတွေ ဘယ်လိုတွေးမလဲ ဆိုတာကို ဂရုမစိုက်အားပေ။ သူမ တစ်နှစ်လုံး ဘယ်သူနှင့်မှ မတွေ့ရဘဲ သိမ်းဆည်းထားရသည့် ရင်တွင်းဖြစ်စကားတွေကို အကုန် ထုတ်ပြောပစ်ချင်နေသည်။ ဧကရာဇ် ကို ကြည့်နေသော သူမ၏ အကြည့်များတွင် အချစ်တွေ ပြည့်နှက်နေပြီး အနည်းငယ် ဝမ်းနည်းအားငယ်မှုများလည်း ပါဝင်နေ၏။
သူမ၏ ထိုပုံစံကို မြင်သောအခါ ဧကရာဇ် ကလည်း လက်ထဲမှ သေရည် ခွက်ကို ကိုင်ကာ ဩရှရှ အသံဖြင့် ပြောလိုက်သည်။
"ပိုင်ဖင် ရဲ့ စကားတွေက သိပ်ကောင်းတယ်... ကိုယ်တော် တစ်ခွက် သောက်လိုက်မယ်..."
အရှင်မင်းကြီးက ပြောပြီးသည်နှင့် ခေါင်းမော့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ ထိုသို့ ပြတ်ပြတ်သားသား သောက်လိုက်သည်ကို မြင်သောအခါ ပိုင်ဖင် ကလည်း ပြုံးပြီး ချက်ချင်း တစ်ခွက် လိုက်သောက်လိုက်လေသည်။ ထို့နောက်မှ ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး တုချန်ကျိုက် ကို ကြည့်လိုက်သည်။ သူမ၏ အကြည့်များထဲရှိ လှောင်ရယ်မှုများနှင့် အထင်သေးမှုများက တုချန်ကျိုက် ၏ နှလုံးသားကို လောင်ကျွမ်းသွားစေသည်။
သို့သော် သူမက ပုဝါကိုသာ လိမ်ကျစ်ရင်း ရှက်ရွံ့စွာဖြင့် ထိုင်ချလိုက်ရုံသာ တတ်နိုင်တော့၏။ သူမတွင် ပိုင်ဖင် နှင့် ယှဉ်ပြိုင်ဖို့ သတ္တိလည်းမရှိ၊ အရည်အချင်းလည်း မရှိကြောင်း သူမသိထားသည်။
ပိုင်ဖင် နန်းတွင်း ဝင်လာတုန်းက အရှင်မင်းကြီး၏ အချစ်တော်ဖြစ်ခဲ့ပြီး အချိန်အကြာကြီး မျက်နှာသာပေးခံခဲ့ရတာပဲလေ။
သို့သော် ပိုင်ဖင် အကျယ်ချုပ်ချခံခဲ့ရသည့် ကိစ္စကို သူမ ပြန်တွေးမိလိုက်သောအခါ စောစောက ရှက်ရွံ့မှုများ အားလုံး လွင့်ပါးသွားတော့သည်။ ဘယ်လောက်ပဲ ဘဝင်မြင့်နေတဲ့ ကိုယ်လုပ်တော်ဖြစ်ပါစေ... ကွေ့ဖေး မယ်မယ် ကို တွေ့ရင် ဒူးထောက်ပြီး ဂါရဝပြုရတာပဲ မဟုတ်လား။ ထို့ကြောင့် ဤအနောက်ဆောင်တွင် တစ်ဦးတည်းသော ဆုံးဖြတ်ပိုင်ခွင့်ရှိသူက လင်ကွေ့ဖေး သာဖြစ်သည်။ သူမ၏ ခြေသလုံးကို ဖက်ထားနိုင်ဖို့က အရေးအကြီးဆုံး ကိစ္စပင်။
ထိုအကြောင်းကို တွေးမိပြီး တုချန်ကျိုက် ပြန်ပြုံးလိုက်သည်။ သူမက လရောင်သေရည်ကို ကိုင်ကာ တစ်ငုံချင်း ဖြည်းဖြည်းချင်း အရသာခံသောက်လိုက်လေသည်။ ပိုင်ဖင် က အရင် စပြီး သေရည်ဆက်သလိုက်သဖြင့် အခြား ကိုယ်လုပ်တော်များလည်း နောက်ကောက်မကျချင်ကြပေ။ ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ မင်္ဂလာရှိသည့် ဆုတောင်းစကားများ ပြောဆိုပြီး ဧကရာဇ် ကို သေရည်ဆက်သကြတော့သည်။