← Chapters

ရုတ်တရက် အော့အန်ခြင်း

Vol. 8 Ch. 72

ရုတ်တရက် အော့အန်ခြင်း

Vol. 8 Ch. 72

ဧကရာဇ် ကလည်း သေရည် သောက်နိုင်သူဖြစ်၍ လာတိုက်သမျှကို မငြင်းဘဲ လက်ခံသည်။ သို့သော် သူက နေ့လယ်စာ မစားရသေးဘဲ သေရည် ခုနစ်ခွက် ရှစ်ခွက်လောက် သောက်လိုက်ရသဖြင့် သူ့မျက်နှာတွင် ချင်ချင်းပင် သွေးရောင်လွှမ်းလာတော့လေသည်။

လင်ကွေ့ဖေး က သုန်ယွီကျုံး ကို ချက်ချင်း မျက်ရိပ်ပြလိုက်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး အရင်ဆုံး ဟင်းလေး နည်းနည်း စားပါဦး... မဟုတ်ရင် ဗိုက်ဟောင်းလောင်းနဲ့ သေရည်သောက်ရင် မူးပြီး နေလို့မကောင်း ဖြစ်ပါလိမ့်မယ်..."

သုန်ယွီကျုံး က ခေါင်းညိတ်ပြီး ရှေ့တိုးလာလိုက်ကာ ဧကရာဇ် အတွက် ဟင်းထည့်ပေးလေသည်။ သူက ပုံမှန်အတိုင်းပင် ဟင်းအမျိုးစုံကို နည်းနည်းစီ ခပ်ထည့်ပေးလိုက်သည်။

ဧကရာဇ်က အထဲမှ နှစ်မျိုး သုံးမျိုးလောက်ကို ရွေးစားလိုက်တော့ အရသာက ယခင်ကနှင့် သိပ်မကွာခြားလှပေ။ သို့သော် ရှန်ယိနန်းဆောင် တွင် စားခဲ့ရသော ထမင်းဟင်းများကို သူ ရုတ်တရက် သတိရသွားပြီး စားရတာ အရသာမရှိတော့သလို ခံစားလိုက်ရသည်။

နွေရာသီအပန်း‌ေဖြစခန်းသို့ လိုက်လာသည့် ကိုယ်လုပ်တော်များက သိပ်မများလှသော်လည်း ဤညစာစားပွဲ တစ်လျှောက်လုံးမှာ ဧကရာဇ်ဟာ လင်ဝမ်ယိဆီမှ ဘာအသံမျှ မကြားရပေ။ ကြားထဲတွင် သစ်သားတိုင် ကွယ်နေသဖြင့် သူ သေချာ မမြင်ရဘဲ သူမ၏ ဘေးတိုက်မျက်နှာလေးကိုသာ ဝိုးတဝါး မြင်နေရသည်။

တော်တော်လေးပုန်းနေတတ်တာပဲဟု သူ စိတ်ထဲ တွေးလိုက်မိသည်။ ပုံမှန်ဆို စကားတတ်လွန်းသူက သည်နေ့တော့ စကားလေး တစ်ခွန်းနှစ်ခွန်းလောက်တောင် ထွက်မပြောဘူးလား။

ဧကရာဇ် ယွီဝမ်ဟုန် စကားပြောဖို့ ပြင်လိုက်စဉ်မှာပင် လင်ကွေ့ဖေး က အရင် စကားစလာသည်ကို ကြားလိုက်ရသည်။

"အရှင်မင်းကြီး သေရည်ပဲ သောက်မနေပါနဲ့... တော်ဝင်စားဖိုဆောင် က ဒီနေ့ ဟင်းပွဲအသစ် တစ်ပွဲ လုပ်ထားတယ်... အသားကောင်းတဲ့ ဝက်သားကို ကွေ့ဟွာပန်းပျားရည် ဆမ်းပြီး အပေါ်ယံ အရေခွံ ကြွပ်ရွနေအောင် ဖုတ်ထားတာပါ... အရှင်မင်းကြီး နဲ့ ညီအစ်မတွေ အားလုံး မြည်းကြည့်ကြပါဦး... ကျွန်တော်မျိုးမ ကြည့်ရတာတော့ တော်တော်လေး စားချင်စရာ ကောင်းနေတယ်..."

သူမ ပြောပြီးသည်နှင့် အပျိုတော်များ တန်းစီဝင်လာကြပြီး လူတိုင်း၏ စားပွဲပေါ်တွင် ပန်းကန်ပြား တစ်ချပ်စီ ချပေးကြလေသည်။ ဝက်သားဟင်းမှာ တကယ့်ကို အရောင်အဆင်းလှပပြီး မွှေးပျံ့သော ရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

ဧကရာဇ် မှာ ယခုလေးတင် သေရည်သောက်ထားရာ ယခုအချိန်တွင် အသားဟင်းလေး စားလိုက်ရလျှင် အကောင်းဆုံးပင်။ သူက တစ်လုပ်စားကြည့်လိုက်‌‌ေတာ့ အရသာက အီဆိမ့်မနေဘဲ ကြွပ်ရွပြီး ခံတွင်းထဲမှာ ရနံ့သင်းသင်းလေးပျံ့လာသည်။

"မဆိုးဘူး... တော်ဝင်စားဖိုဆောင် က ဒီဟင်းပွဲကို သေချာ လုပ်ထားတာပဲ..."

ဧကရာဇ်က ချီးကျူးလိုက်သောအခါ လင်ကွေ့ဖေး ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ ကွေးတက်သွား၏။

"ညီအစ်မတွေလည်း မြည်းကြည့်ကြပါဦး... ဒီဟင်းကို အရှင်မင်းကြီး တောင် သဘောကျတာနော်..."

"ဟုတ်ကဲ့ပါ..."

ထို့နောက် ကိုယ်လုပ်တော်များအားလုံး တူကို ကိုင်ကာ စားသောက်ကြလေသည်။

လင်ဝမ်ယိ သည် ထိုအသားဟင်း ပန်းကန်ပြား ကို ကြည့်ရင်း မူလကတည်းက အန်ချင်နေသည့် စိတ်ကို လုံးဝ မထိန်းနိုင်တော့ပေ။ အခြားသူများအတွက် မွှေးပျံ့နေသော ရနံ့က ယခုအချိန်တွင် သူမအတွက်တော့ အန်ချင်စရာ အနံ့အသက် ဖြစ်နေလေသည်။ ရုတ်တရက် ထွက်ပေါ်လာသည့် ပျို့တက်သည့် အသံက ခန်းမတစ်ခုလုံး ဆူညံနေသည့် အသံများကိုပင် ဖုံးလွှမ်းသွားလေတော့သည်။

လူတိုင်း။ဝိုင်းကြည့်လိုက်ကြသည်။ လင်ဝမ်ယိ က လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ ကျန်လက်တစ်ဖက်က ရင်ဘတ်ကို ပုတ်နေသည့် အမူအရာကို မြင်သောအခါ ယီဖေး က အရင်ဆုံး ဒေါသတကြီး အော်ပြောလိုက်သည်။

"အရှင်မင်းကြီး ရှိနေတာကို လင်ချန်ကျိုက် က ဒီလို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ဆိုတာ ဘာသဘောလဲ..."

လင်ဝမ်ယိမှာ ထိုမျှ ကြီးမားသည့် စွပ်စွဲချက်ကို ကြားလိုက်ရသဖြင့် ပါးစပ်ဟကာ ပြန်ဖြေရှင်းချင်သော်လည်း လက်ကို ဖယ်လိုက်သည်နှင့် အသားဟင်းအနံ့က နှာခေါင်းထဲ ထပ်ဝင်လာသဖြင့် နောက်တစ်ကြိမ် ပျို့တက်လာပြန်သည်။

ယီဖေး မှာ ဒေါသအကြီးအကျယ် ထွက်သွားတော့လေပြီ။

"နင် ဘာလုပ်နေတာလဲ... ဒီအရှင်မ ကို တမင်သက်သက် ရွံအောင် လုပ်နေတာလား..."

သူမက ဒေါသတကြီး ထအော်ဖို့ ပြင်လိုက်သော်လည်း လင်ကွေ့ဖေး က ဝင်တားလိုက်လေသည်။ သူမ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပြီး ဧကရာဇ် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အရှင်မင်းကြီး ... ညီမလေးရဲ့ ပုံစံကို ကြည့်ရတာ... ကိုယ်ဝန်ရှိနေတာများလား... ကျွန်တော်မျိုးမ မှတ်မိသလောက်ဆိုရင် မင်ရော့ ကို ကိုယ်ဝန်ရှိတုန်းကလည်း ဒီလိုပဲ အဆက်မပြတ် အန်ခဲ့ဖူးတယ်..."

လင်ကွေ့ဖေး ထိုစကားကို ပြောလိုက်သည်နှင့် နေရာတွင် ရှိနေသူ အားလုံး၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲသွားကြလေသည်။ ရွံရှာသူတွေ ရှိသလို၊ မနာလိုသူတွေလည်း ရှိပြီး၊ မျက်မှောင်ကြုတ်ကာ ဘာတွေတွေးနေမှန်း မသိသူများလည်း ရှိကြသည်။

လင်ကွေ့ဖေး ကတော့ တကယ်ကို ဝမ်းသာနေခြင်းပင်။ လင်ဝမ်ယိ နန်းတွင်း ဝင်လာတာ နှစ်လပဲ ရှိသေးတာကို ဒီလောက်မြန်မြန် ကလေးရသွားပြီလေ။ ဆယ်လပြည့်လို့ သားယောကျ်ားလေး မွေးလာလျှင် ထိုအချိန်ကျမှ သူမက တရားဝင် ခေါ်ယူမွေးစားလိုက်လို့ ရသည်ဟု တွေးလိုက်မိသည်။ ထိုသို့ဆိုရင် သားကြောင့် မယ်တော်ရာထူးတက်ပြီး မိဖုရားခေါင် ပလ္လင်ပေါ်တောင် ရောက်သွားနိုင်သေးသည် မဟုတ်လား။

သူမ ဝမ်းသာလွန်း၍ အပြင်ဘက်သို့ ချက်ချင်း အော်ပြောလိုက်သည်။

"မြန်မြန်... တော်ဝင်သမားတော် ကို သွားခေါ်ချေ"

ထို့နောက် ဧကရာဇ် ကို တစ်ချက် ကြည့်လိုက်ပြီး သူမ၏ စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို လုံးဝ ဖုံးကွယ်မထားနိုင်တော့ပေ။

အရှင်မင်းကြီးမှာတော့ အစပိုင်းတွင် အနည်းငယ် အံ့ဩသွားသော်လည်း ပြန်စဉ်းစားကြည့်လိုက်တော့ တကယ်လည်း ဖြစ်နိုင်သည်ပင်။ လင်ဝမ်ယိ ၏ ခန္ဓာကိုယ်လေးက လေတိုက်ရင်တောင် လဲကျသွားမတတ် အားနည်းလှသော်လည်း မျက်နှာသာပေးခံရတာ ဘယ်လောက်မှ မရှိသေးဘဲ တော်ဝင်မျိုးဆက်ကို ကိုယ်ဝန်ဆောင်နိုင်ပြီဆိုတော့... တကယ်ကို အထင်သေးလို့ မရပါလား။ သူက ပါးစပ်မှ ဖွင့်မပြောသော်လည်း မျက်နှာအမူအရာတွင်တော့ ဝမ်းသာနေကြောင်း ပေါ်လွင်နေ၏။

"သုန်ယွီကျုံး ... လူလွှတ်ပြီး လင်ချန်ကျိုက် အရှေ့က ထမင်းဟင်းတွေကို သိမ်းခိုင်းလိုက်... ပြီးရင် သူ့ကို လက်ဝဲနန်းဆောင်ကို ခေါ်သွားပြီး အနားယူခိုင်းလိုက်... တော်ဝင်သမားတော် လာကြည့်တဲ့အထိ စောင့်နေလိုက်..."

"ဒီအစေခံ အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်..."

ထိုအချိန်တွင် လင်ဝမ်ယိမှာတော့ ခေါင်းတွေမူးပြီး အဆက်မပြတ် အန်နေရသဖြင့် ဘာကိုမှ သတိမထားနိုင်တော့ပေ။

ရှအန်း ကတော့ အလွန် စိုးရိမ်နေလေပြီ။ သခင်မလေး မှာ အအေးမိရောဂါ ရှိနေတာ... ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရနိုင်မှာလဲ။ မနေ့ညက အိပ်ခါနီး လေအေးမိသွားပြီး ဒီနေ့လည်း ခရီးအမြန်နှင်လာရလို့ နေမကောင်းဖြစ်သွားရတာပဲဖြစ်မှာပါ။

လင်ကွေ့ဖေး သည်လိုလုပ်လိုက်တော့ သူမကပဲ လူအများရှေ့မှာ ကိုယ်ဝန်ရှိချင်ယောင် ဆောင်နေသလို ဖြစ်သွားတော့သည်။ ခဏနေလို့ တော်ဝင်သမားတော် ရောက်လာပြီး လင်ဝမ်ယိ မှာ ကိုယ်ဝန်မရှိဘူးဆိုတာ သိသွားလျှင် ဖြေရှင်းရ ခက်တော့မည်။

သူမက ချိုးမင် ကို ကြည့်ရင်း ပြာပြာသလဲ ပြောလိုက်သည်။

"ချိုးကုန်းကုန်း ... သခင်မလေး က ခေါင်းကိုက်လို့ အန်တာပါ... ကိုယ်ဝန်ရှိတာနဲ့ ဘာမှ မဆိုင်ပါဘူးနော်..."

ချိုးမင် ကလည်း ဒါကို မသိဘဲ နေပါ့မလား။ သို့သော် လောလောဆယ် သူလည်း ဘာမှ မဆုံးဖြတ်နိုင်သဖြင့် သူမကိုသာ အရင် တည်ငြိမ်အောင် ဖျောင်းဖျလိုက်ရသည်။

"စိတ်အေးအေးထားပါ... မင်း အရင် သခင်မလေး ကို သွားပြုစုလိုက်ဦး... ငါ အခွင့်အရေးရှာပြီး ဆရာ့ကို ပြောလိုက်မယ်..."

"ဟုတ်ကဲ့ပါ..."

လက်ဝဲဆောင်ထဲတွင် လင်ဝမ်ယိ မှာ စောစောက အလွန်အမင်း အန်ထားသဖြင့် ယခုအခါ အလွန် အားနည်းနေလေပြီ။

ရှအန်းင သူမအနားသို့ လျှောက်သွားပြီး အနားမှာ မည်သူမျှ မရှိသည်ကို မြင်လျှင် ချက်ချင်းပင် လက်ကောက်ဝတ်ကို စမ်းကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ တစ်ခုခု လွဲချော်သွားမည်ကို သူမ စိုးရိမ်နေမိ၏။

ခဏအကြာ သူမမျက်လုံးပြန်ဖွင့်လိုက်တော့ လင်ဝမ်ယိ သတိပြန်လည်လာသည်ကို တွေ့လိုက်ရသည်။ ရှအန်း ကို ကြည့်နေသော သူမ အကြည့်များထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။

"ငါ..."

"သခင်မလေး စိတ်ချပါ... သခင်မလေးမှာ မရှိပါဘူး..."

ထိုစကားကို ကြားလိုက်ရမှ လင်ဝမ်ယိ တကယ် စိတ်အေးသွားတော့သည်။

သူမက မျက်နှာသာရချင်လို့ တမင်သက်သက် ဟန်ဆောင်နေတာလို့ အထင်လွဲခံရရင် ခံရပါစေ... ယခုအချိန်တွင် တကယ် ကိုယ်ဝန်ရှိနေတာမျိုးတော့ အဖြစ်မခံနိုင်ပေ။

သူမသည် ပြားချပ်နေသော ဗိုက်လေးကို လှမ်းကိုင်လိုက်ရာ ထိုနေမကောင်းသည့် ခံစားချက်က ထပ်ဆန်တက်လာပြန်သည်။

"ယင်းဖော့ဆေးလုံး... နင် ယူလာခဲ့လား..."

ရှအန်း က ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ ဆံထိုးထဲတွင် ဆေးလုံး အနည်းငယ် ဝှက်ထားသည်။ ထိုအထဲမှ အသက်ကယ်ဆေးလုံးများ ရှိသကဲ့သို့ မလွှဲသာမရှောင်သာ အခြေအနေမျိုးမှလွဲ၍ အလွယ်တကူ အသုံးမပြုသင့်သော အဆိပ်ဆေးလုံးများလည်း ပါဝင်လေသည်။

လင်ဝမ်ယိ ပြောသည့် ယင်းဖော့ဆေးလုံး ဆိုသည်မှာ အဆိပ်ဆေးလုံးပင် ဖြစ်လေသည်။

"ယူခဲ့..."

"သခင်မလေး..."

"တော်ဝင်သမားတော် လာကြည့်ရမယ့် အခြေအနေရောက်နေပြီဆိုတော့ ဒီလိုလုပ်မှရမယ်..."

ရှအန်းက သူမ သခင်မလေး၏ အကြံကို ချက်ချင်း နားလည်သွားပြီး သွားကိုတင်းတင်းကြိတ်ကာ ချက်ချင်း ထုတ်ပြီး လင်ဝမ်ယိ ကို ကမ်းပေးလိုက်သည်။

သူမက နေမကောင်းဖြစ်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက် မြိုချလိုက်လေသည်။ တော်သေးသည်က ထိုဆေးလုံးမှာ မကြီးလှသဖြင့် မျိုချရတာ မခက်ခဲပေ။

ရှအန်း က ရေနွေးကမ်းပေးရင်း တစ်ဖက်မှ ကျောကို ပုတ်ပေးကာ သက်သာအောင် လုပ်ပေးလိုက်သည်။

ယင်းဖော့ဆေးလုံး တွင် အဆိပ်ပါဝင်ပြီး စားလိုက်လျှင် ခေါင်းမူးစေသည့် လက္ခဏာများ ဖြစ်ပေါ်စေတတ်ရာ... စောစောက သူမ ခေါင်းမူးပြီး အဆက်မပြတ် အန်ခဲ့သည့် အခြေအနေနှင့်လည်း ကိုက်ညီသွားသည်။

အရေးအကြီးဆုံးအချက်မှာ ဤယင်းဖော့ဆေးလုံး အဆိပ်ကို ဖြေရန်အတွက် အအေးသတ္တိရှိသည့် ဆေးဝါးများကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမ၏ ကိုယ်တွင်းရှိ အအေးမိရောဂါ ကလည်း အလိုလို ပြန်ဖြစ်လာမည်ဖြစ်ပြီး သည်ကိစ္စကို သဘာဝကျကျပင် သိသွားစေနိုင်လေသည်။

လင်ဝမ်ယိ ၏ အအေးမိရောဂါ ကိစ္စကို အရှေ့ဆောင် မှ လူများလွဲ၍ အခြားမည်သူမျှ မသိကြပေ။ သူမလာမစ ဤနှစ်များအတွင်း ဆေးကုသမှု ခံယူခဲ့ရာ တော်တော်လေး သက်သာလာခဲ့ပြီဖြစ်သည်။ သို့သော် သူမ၏ ထိခိုက်ထားသော ခန္ဓာကိုယ်ကို ပိုမို ကောင်းမွန်စွာ ပြန်လည် နာလန်ထူလာစေရန်အတွက် ဆေးများကို ဆက်သောက်နေခဲ့ရခြင်းပင်။

ထို့ကြောင့် တော်ဝင်သမားတော်ဖန်း လာရောက် စစ်ဆေးကုသပေးခဲ့သည့် အချိန်တုန်းကလည်း သူ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

တစ်ချက်က တော်ဝင်သမားတော်ဖန်းက အပြင်ပန်းဒဏ်ရာများကိုသာ အဓိက ကုပေးသူဖြစ်ပြီး အတွင်းဒဏ်ရာများနှင့် အထူးသဖြင့် အမျိုးသမီးရောဂါများကို နားလည်မှု သိပ်မရှိပေ။ နောက်တစ်ချက်ကတော့ လင်ဝမ်ယိက တော်ဝင်သမားတော် ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် ဆေးများကို တမင်သက်သက် ရပ်ထားခဲ့ခြင်းကြောင့်ပင်။

သို့သော် ယခုအချိန်တွင်မူ သူမမှာ အရပ်လေးမျက်နှာလုံးမှ ရန်သူတွေ ဝိုင်းနေသလို ဖြစ်နေလေပြီ။ အခြားသူများ သူမအပေါ် စောင့်ကြည့်နေမှုများကို လျှော့ချနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူမ၏ အအေးမိရောဂါ ကို လူတွေ သိသွားအောင် လုပ်ခြင်းပင်။

ထိုသို့ဆိုလျှင် လူတိုင်းက သူမမှာ ကိုယ်ဝန်ရနိုင်ခြေ ခက်ခဲကြောင်း သိသွားကြမည်ဖြစ်ပြီး... သဘာဝကျကျပင် သူမဆီ မြှားဦးလှည့်လာတော့မည် မဟုတ်ပေ။

All Chapters