← Chapters

အဆိပ်မိသွားခြင်း

Vol. 8 Ch. 73

အဆိပ်မိသွားခြင်း

Vol. 8 Ch. 73

နှစ်ယောက်သား ထိုကိစ္စများကို စီစဉ်ပြီး မကြာမီမှာပင် တော်ဝင်သမားတော် ရောက်လာလေသည်။ အထဲဝင်လာသည့် သမားတော်ကို ကြည့်ကြည့်လိုက်တော့ ယခင်က သူမကို သွေးခုန်နှုန်းစမ်းပေးခဲ့သည့် တော်ဝင်သမားတော်ဖန်း မဟုတ်ဘဲ လူစိမ်းတစ်ယောက် ဖြစ်နေသည်။ အသက်က လေးဆယ်၊ ငါးဆယ်ခန့်ရှိပြီး ခန္ဓာကိုယ်မှာ ပိန်ပါးပါးပင်။

"တော်ဝင်သမားတော်ချန်... သခင်မလေးလင် ကို မြန်မြန် ကြည့်ပေးပါဦး... ခုနက နန်းဆောင်ရှေ့မှာ အန်တာ တော်တော်လေး ဆိုးနေလို့... တစ်ခုခုများ ဖြစ်နေလို့လား..."

"ဟုတ်ကဲ့ပါ..."

ယခုအချိန်တွင် သုန်ယွီကျုံးက ချိုးမင်ထံမှ သတင်းရပြီးနေပြီ ဖြစ်သည်။ သခင်မလေးလင် ကိုယ်ဝန်ရှိနေတာ မဟုတ်မှတော့ သည်လို အပြင်းအထန် အန်နေတာက နောက်ကွယ်မှာ တစ်ခုခုများ ရှိနေမလားဆိုတာ သေချာပေါက် တော်ဝင်သမားတော်ကို သေချာစစ်ဆေးခိုင်းရမည်။

ထင်သည့်အတိုင်းပင် တော်ဝင်သမားတော် သေ‌ွးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်သွားကာ မျက်နှာထားလည်း သိပ်မကောင်းတော့ပေ။ ထိုအချိန်တွင် လင်ဝမ်ယိမှာတော့ 'ယင်းဖော့ဆေးလုံး'ကို သောက်ထားသဖြင့် ဗိုက်ထဲမှ အလွန်အမင်း နာကျင်နေလေပြီ။ မျက်စိရှေ့တွင်လည်း ထူးဆန်းသည့် အရာများ စမြင်လာရပြီး ရှအန်းကို ကြည့်လိုက်ချိန်တွင်ပင် ပုံရိပ်တွေ ထပ်နေသည်အထိ ဖြစ်နေ၏။

"ဒုက္ခပါပဲ... သခင်မလေးလင် အဆိပ်မိထားတာပဲ..."

"ရှင်..."

ရှအန်းမှာ ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။ သူမက ဟန်ဆောင်သည့် နေရာတွင် ချွမ်ချီလောက် မကျွမ်းသဖြင့် တကယ်လန့်သွားသည့်ပုံစံမျိုးပေါက်အောင် မြေကြီးပေါ် ငုံ့နေလိုက်ရသည်။

သုန်ယွီကျုံးနှင့် ချိုးမင်တို့ ဆရာတပည့် နှစ်ယောက်၏ မျက်နှာထားများမှာလည်း ကြည့်မကောင်းအောင် ဖြစ်သွားကြသည်။ ပင်မနန်းဆောင်ကြီးထဲက တော်ဝင်ပွဲတော်မှာမှ သည်လိုကိစ္စမျိုး ဖြစ်လာရသည်လို့... အကယ်၍ အဆိပ်ခတ်တဲ့သူက လင်ဝမ်ယိ တစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ခဲ့ရင်ရော...။ သုန်ယွီကျုံး၏ ခြေဖဝါးမှစ၍ အေးစက်သွားသလို ခံစားလိုက်ရပြီး သူက ချိုးမင်ကို ချက်ချင်း တည်တည်ငြိမ်ငြိမ်ဖြင့် မှာလိုက်သည်။

"မင်း ဒီမှာ သေချာ စောင့်ကြည့်နေ... ငါ အရှင်မင်းကြီးဆီ သွားလျှောက်တင်လိုက်ဦးမယ်... တခြားဘယ်သူ့ကိုမှ သခင်မလေး အနားကို အကပ်မခံနဲ့... ကြားလား..."

"ဆရာ စိတ်ချပါ... ဘယ်လိုလုပ်ရမလဲ ကျွန်တော် သိပါတယ်..."

သုန်ယွီကျုံး ခေါင်းညိတ်ပြလိုက်ပြီး ပင်မနန်းဆောင်ဘက်သို့ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။

ပင်မနန်းဆောင်ထဲတွင်တော့ လူတိုင်းမှာ စားရတာ အရသာမရှိသလို ဖြစ်နေကြပြီး သတင်းကိုသာ စောင့်မျှော်နေကြ၏။ အထူးသဖြင့် လင်ကွေ့ဖေးပင်။ သူမမှာ လင်ဝမ်ယိ ကိုယ်ဝန်ရှိနေပြီဆိုသည့် သတင်းကောင်းကို ချက်ချင်း ကြားချင်နေမိသည်။ သုန်ယွီကျုံး ရောက်လာသည်ကို မြင်တော့ သူမက ထိုင်ခုံမှ ဝမ်းသာအားရ ထရပ်လိုက်ပြီး မေးလိုက်သည်။

"လင်ချန်ကျိုက် ကိုယ်ဝန်ရှိနေတာလား... ဘယ်လောက်တောင် ရှိနေပြီလဲ..."

အရှင်မင်းကြီးကတော့ နှုတ်မှထုတ်မပြောသော်လည်း သုန်ယွီကျုံးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေ၏။ သို့သော် ထင်မှတ်မထားစွာပင် သုန်ယွီကျုံးက ကြမ်းပြင်ပေါ်သို့ ရုတ်တရက် ဒူးထောက်ကျသွားကာ အော်ဟစ်ငိုယိုလာ‌၏။

"အရှင်မင်းကြီး... ကွေ့ဖေးမယ်မယ်... သခင်မလေးလင် ကိုယ်ဝန်ရှိနေတာ မဟုတ်ပါဘူး... အဆိပ်မိသွားတာပါ..."

"ဘာ..."

"အဆိပ်မိတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ရှိနေသူအားလုံးမှာ သက်ပြင်းချလိုက်မိကြသည်။ ကိုယ်ဝန်မရှိလို့ တော်သေးတာပေါ့... မဟုတ်ရင်တော့ ဒီနန်းတော်ထဲမှာ အကြီးအကျယ် ပွက်လောရိုက်တော့မှာ...။ သို့သော် သူတို့ ပြန်တွေးကြည့်လိုက်တော့ ကြောက်စရာကောင်းနေပြန်သည်။ ဘယ်လိုလုပ်ပြီး အဆိပ်မိသွားရတာလဲ...။ လင်ဝမ်ယိ စားခဲ့တာတွေက သူတို့နဲ့ အတူတူပဲ မဟုတ်လား... သူတို့ရော အဆိပ်မိနေပြီလား...။

ချက်ချင်းပင် လူတိုင်း ထိတ်လန့်သွားကြပြီး ကြောက်ကြောက်နှင့် တီးတိုးပြောဆိုနေကြတော့သည်။

အရှင်မင်းကြီးက မျက်နှာထားမည်းမှောင်လျက် ဧကရာဇ်ပလ္လင်ပေါ်မှ ဆင်းလာလိုက်ပြီး လက်ဝဲဆောင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ အနောက်မှ လင်ကွေ့ဖေး လိုက်လာဖို့ ပြင်နေသည်ကို မြင်သည်နှင့် သူက ခြေလှမ်း လှမ်းနေသည်ကို ချက်ချင်းရပ်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ကွေ့ဖေး... မင်းက အနောက်ဆောင်ကို ဒီလိုပဲ အုပ်ချုပ်‌ေနတာလား... အခုချက်ချင်း သွားစုံစမ်းစမ်း... ကိုယ်တော့်အနားက လူကိုတောင် အဆိပ်ခတ်တဲ့အထိ ဖြစ်လာတာကို မင်းက ဘာတစ်ခုမှ မသိရဘူးလား..."

ပြောပြီးသည်နှင့် သူက ဝတ်ရုံလက်ကိုခါကာ ထွက်သွားတော့သည်။ လင်ကွေ့ဖေးမှာ အတော်လေးကို မအီမသာဖြစ်သွား၏။

သူမလည်း ဘာမှ မလုပ်လိုက်ဘဲနှင့် သူမက ဘယ်လိုလုပ်ပြီး အဆိပ်မိသွားရတာလဲ...။

သူမက ဝမ်းသာအားရဖြစ်နေသည့်ဟန်ရသည့် ယီဖေးနှင့် ပိုင်ဖင် တို့ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။ သူမ ရင်ထဲတွင် ဒေါသတွေ ပြည့်နှက်နေသော်လည်း ပေါက်ကွဲစရာ နေရာမရှိဖြစ်နေသည်။ ထို့နောက် သူမက ဟန်ဆောင်ပြုံးလိုက်ရင်း ပြောလိုက်သည်။

"လူတိုင်း ပင်မနန်းဆောင်ထဲမှာပဲ နေခဲ့... တစ်ယောက်မှ ထွက်မသွားရဘူး... လင်ချန်ကျိုက် ရဲ့ စားပွဲပေါ်က အရာအားလုံးကို အခုချက်ချင်း သွားစစ်ဆေး... ဘယ်နေရာမှာ ပြဿနာရှိနေလဲ ဆိုတာ ကြည့်လိုက်..."

"ပြီးတော့ တခြားကိုယ်လုပ်တော်တွေရဲ့ အဆောင်တွေကိုလည်း သွားရှာကြ... ဘယ်သူကများ ဒီအရှင်မ မျက်စိအောက်မှာ ဒီလို ယုတ်မာတဲ့ အလုပ်မျိုးကို ရဲရဲတင်းတင်း လုပ်ရဲတာလဲ ဆိုတာ ဒီအရှင်မ ကြည့်ချင်သေးတယ်..."

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."

လင်ကွေ့ဖေးက ထိုစကားများကို ပြောနေချိန်တွင် မျက်လုံးများက ယီဖေးကိုသာ စူးစိုက်ကြည့်နေလေသည်။ ယီဖေးကတော့ သူဘာမျှမလုပ်ထား၍ တစ္ဆေခြောက်မည်ကို သေချာပေါက် မကြောက်ပေ။ သူမကလည်း လင်ကွေ့ဖေးကို နည်းနည်းလေးမျှ မကြောက်သည့်ဟန်ဖြင့် ပြန်ကြည့်နေ၏။

သို့သော် သူမအနောက်ဘက်၊ အစွန်ဆုံးခုံတွင် ထိုင်နေသော ဟယ့်နျန်ဇစ် မှာမူ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေလေ၏။ သူမ ယခင်က ယီဖေးရှေ့တွင် ဘာတွေပြောခဲ့ဖူးသည်ကို မမေ့သေးပေ။ သူမက ထိုအချိန်တုန်းက မနာလိုဖြစ်မိပြီး လင်ဝမ်ယိကို အဆိပ်ခတ်သတ်မယ်လို့ ပြောခဲ့မိတာလေးတင်...။ အကယ်၍သာ ယီဖေးတို့က သူမပြောခဲ့ဖူးသည့် ထိုစကားတွေကို ထုတ်ပြောလိုက်လျှင် လင်ကွေ့ဖေးကတော့ သူမကို လာသတ်တော့မှာပဲ။ သူမမှာ တွေးလေ ကြောက်လေ ဖြစ်လာပြီး သူမ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေတော့သည်။ ပင်မနန်းဆောင်ထဲမှ လူတိုင်းလည်း ထိတ်လန့်နေကြသဖြင့် သူမ သည်လို ကြောက်နေသည့်ပုံစံက သိပ်တော့ သိသာမနေခဲ့ပေ။

လက်ဝဲဆောင်ထဲတွင်တော့ တော်ဝင်သမားတော်ချန် မှာလည်း နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေလေပြီ။ အရှင်မင်းကြီးက ကုတင်ပေါ်တွင် ဗိုက်နာလွန်း၍ လူးလှိမ့်နေသော လင်ဝမ်ယိကို ကြည့်ရင်း ရင်ထဲတွင် ထိတ်လန့်မှုနှင့်အတူ ဒေါသများပါ ထွက်နေမိသည်။ သူက အရှေ့တိုးသွားပြီး သူမကို ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်။ သူမ ရုန်းကန်ရင်း သူ့ကိုပါ ထိခိုက်မိမည်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ သုန်ယွီကျုံး လည်း စိုးရိမ်တကြီးဖြင့် အနောက်မှ နန်းတွင်းအစေခံမလေးများကို အော်ပြောလိုက်သည်။

"မင်းတို့ မျက်စိကန်းနေကြတာလား... မြန်မြန်သွားပြီး သခင်မလေးကို ချုပ်ထားလေ..."

"ဟုတ်ကဲ့..."

ရှအန်းက ပထမဆုံး ထလိုက်ပြီး အဆိပ်မိနေသည့် လင်ဝမ်ယိကို ကြည့်ရင်း ရင်ကွဲမတတ် ခံစားနေရသည်။ သို့သော် ယခုအချိန်တွင်တော့ သူမမှာ ဆိတ်ဆိတ်နေရန်သာ တတ်နိုင်ပြီး တော်ဝင်သမားတော်က အပ်စိုက်ကာ ဆေးကုသပေးမည်ကိုသာ စောင့်နေရတော့သည်။

တိုက်ဆိုင်ချင်တော့ ယခုရောက်နေသည့် တော်ဝင်သမားတော်ချန်ကလည်း မိန်းမရောဂါနှင့် ကလေးရောဂါများကိုသာ ကျွမ်းကျင်သူဖြစ်သည်။ အဆိပ်ဖြေသည့် ကိစ္စတွင်တော့ ဘာမှ မတတ်နိုင်သဖြင့် ချိုးမင်တစ်ယောက် အတွေ့အကြုံရင့်သည့် တော်ဝင်သမားတော်သို့ကို အမြန်သွားပင့်ရလေသည်။ ထို့ကြောင့် ထိုအချိန်လေးအတွင်းမှာ လင်ဝမ်ယိ တစ်ယောက် အဆိပ်ဒဏ်ကို အလူးအလဲ ခံနေရရှာသည်။

လင်ဝမ်ယိ မှာ နာကျင်လွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်နေပြီး ကိုယ့်လျှာကိုပင် ကိုက်မိလုမတတ် ဖြစ်နေ၏။ ကံကောင်း၍ အရှင်မင်းကြီးက မျက်စိလျင်လျင်နှင့် သူမ၏ ပါးစပ်ကို ချက်ချင်း ဟထားလိုက်ကာ ပုဝါယူလာပြီး တစ်ခုခုဖြင့် ဆို့ထားဖို့ အော်ပြောလိုက်လေသည်။ လက်ဝဲဆောင်တစ်ခုလုံးမှာ ရှုပ်ယှက်ခတ်နေပြီး သုန်ယွီကျုံးမှာလည်း အရှင်မင်းကြီး၏ နဖူးပေါ်တွင် ဒေါသကြောင့် ထောင်ထနေသော သွေးကြောများကို ကြည့်ကာ ကြောက်လန့်နေမိသည်။

အရှင်မင်းကြီး ဒေါသထွက်ခြင်းက သာမန်ကိစ္စလေး မဟုတ်ပေ။ အထူးသဖြင့် သည်ကိစ္စက လင်ချန်ကျိုက်၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေသည် မဟုတ်လား။ သူက တံတွေးကို မနည်းမျိုချလိုက်မိသည်။ နတ်ဘုရားများ ကျွန်တော်မျိုးတို့ကို ကယ်မ‌ေတာ်မူပါဦး... လင်ချန်ကျိုက် တစ်ခုခု မဖြစ်ပါစေနဲ့... မဟုတ်ရင် အရှင်မင်းကြီး ဘယ်လောက်တောင် ပေါက်ကွဲမလဲဆိုတာ မှန်းဆလို့တောင် မရတော့ဘူး...။

သူတွေးနေဆဲမှာပင် အပြင်ဘက်မှ အသံများ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြားလိုက်ရသည်။

"လာပြီ... လာပြီ... တော်ဝင်သမားတော်သို့ ရောက်လာပြီ..."

ချိုးမင်က တော်ဝင်သမားတော်သို့ကို တရွတ်တိုက်ဆွဲရင်း ပြေးရင်းလွှားရင်းဝင်လာ၏။ အသက်ခုနစ်ဆယ် ရှစ်ဆယ်အရွယ်ရှိနေပြီဖြစ်သော သမားတော်ကြီးခမျာ သူ‌ဆွဲခေါ်လာ၍ အမောဆို့နေလေပြီ။ သူက အထဲဝင်ဝင်ချင်း အရှင်မင်းကြီးကို မြင်လိုက်ရသဖြင့် မောကြီးပန်းကြီးနှင့် ဂါရဝပြုရန် ပြင်လိုက်သော်လည်း အရှင်မင်းကြီးက တားလိုက်သည်။

"အရိုအသေပေးဖို့ မလိုဘူး... လင်ချန်ကျိုက်ကို ဘာအဆိပ်မိသွားတာလဲဆိုတာ မြန်မြန် လာကြည့်စမ်း..."

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ..."

တော်ဝင်သမားတော်သို့က အသက်ကို ဝဝရှူလိုက်ပြီး အမောဖြေလိုက်ကာ ရှေ့သို့ အမြန်တိုးသွားပြီး သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူက တည်ငြိမ်သော မျက်နှာထားဖြင့် အရှင်မင်းကြီးကို လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး... သည်ကိစ္စကို ကျွန်တော်မျိုးကိုသာ လွှဲထားလိုက်ပါ... သခင်မလေးအတွက် အဆိပ်ဖြေဖို့ နည်းလမ်း ရှိပါတယ်..."

အရှင်မင်းကြီး မည်မျှပင် စိတ်ပူနေပါစေ... သူ နောက်ဆုတ်ပေးလိုက်ရတော့သည်။ တော်ဝင်သမားတော်သို့မှာ အသက်ကြီးပြီဟု ထင်ရသော်လည်း အပ်စိုက်ရာတွင်တော့ အလွန်မြန်ဆန်ပြီး တိကျလှသည်။ သူ့လက်ထဲမှ ရွှေအပ်တစ်ချောင်းပြီးတစ်ချောင်း လင်ဝမ်ယိ၏ သွေးကြောဆုံမှတ်များဆီသို့ စိုက်ဝင်သွားလျှင် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော လင်ဝမ်ယိ၏ ခန္ဓာကိုယ်လေးလည်း တဖြည်းဖြည်း ငြိမ်ကျသွားလေတော့သည်။ ထို့နောက် ရုတ်တရက် ထပ်ပြီး တဆတ်ဆတ် တုန်လာပြန်သည်။

"ဇလုံ ယူခဲ့..."

"ဟုတ်ကဲ့..."

နန်းတွင်းအစေခံမလေးက ကြေးဇလုံကို ချက်ချင်း ယူလာပေးလိုက်ရာ လင်ဝမ်ယိက 'ဝေါ့' ခနဲ ထပ်အန်လိုက်ပြန်သည်။ သူမက အစကတည်းက ဘာမှ သိပ်မစားရသေးသည့်အပြင် ခုနက ပင်မနန်းဆောင်ပေါ်မှာလည်း နှစ်ကြိမ်တိုင်တိုင် အန်ထားသေး၍ ယခု အန်ချလိုက်သည်မှာ ချဉ်စော်နံနေသော အရည်များသာဖြစ်ပြီး အနံ့မှာ အလွန် ဆိုးရွားလှသည်။

"အရှင်မင်းကြီး... ခဏလောက် ရှောင်နေပေးပါလား... အရှင်မင်းကြီး ဒီမှာ ရှိနေရင် တော်ဝင်သမားတော်တို့ သခင်မလေးလင်ကို ဆေးကုပေးရတာ အဆင်မပြေဖြစ်မှာစိုးလို့ပါ..."

All Chapters