ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲသွားပြီ
Vol. 8 Ch. 74
အရှင်မင်းကြီးက မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် တစ်ချက်ကလေးမျှ မလှုပ်ပေ။ လင်ဝမ်ယိ ၏ သနားစရာကောင်းပြီး ညစ်ပေနေသည့် ပုံစံကိုလည်း အနည်းငယ်မျှ ရွံရှာဟန် မပြေ။
သုန်ယွီကျုံး လည်း သူပြောလိုက်သည့်စကားက အချည်းနှီးဖြစ်သွားမှန်း သိလိုက်သဖြင့် အနောက်တွင်သာ ရပ်နေလိုက်ပြီး ချိုးမင်ကို မျက်ရိပ်ပြလိုက်သည်။
ချိုးမင်က အနံ့ဆိုးများ ထွက်သွားအောင် ပြတင်းပေါက်တွေကို ချက်ချင်း သွားဖွင့်လိုက်သည်။
လင်ဝမ်ယိ သည်တစ်ကြိမ် အန်လိုက်ရမှ အနည်းငယ် သက်သာသွားသလိုခံစားရသော်လည်း သူမဗိုက်တစ်ခုလုံးနှင့် လည်ချောင်းထဲတွင်တော့ ပူလောင်နေဆဲပင်။ သူမ၏ မျက်လုံးများမှာလည်း ဝေဝါးနေလေ၏။
"သခင်မလေး မိထားတဲ့ အဆိပ်က တော်တော်လေး ပြင်းပါတယ်... ကျွန်တော်မျိုး အပ်စိုက်လိုက်တာက ဗိုက်ထဲက အဆိပ်တချို့ကို အန်ထွက်လာအောင် လုပ်ပေးလိုက်တာပါ... ကံကောင်းလို့ အဆိပ်မိတဲ့ အချိန် သိပ်မကြာသေးတော့ အသက်အန္တရာယ် မရှိသွားတာပါ..."
တော်ဝင်သမားတော်သို့ ၏ စကားဆုံးသွားတော့မှ အခန်းထဲတွင် ရှိနေသူအားလုံး သက်ပြင်းချလိုက်မိကြသည်။ အထူးသဖြင့် အရှင်မင်းကြီးပင်။ သူ့ ကျောဘက်တွင် တင်းတင်းဆုပ်ထားသော လက်သီးများမှာလည်း နောက်ဆုံးတော့ ပြေလျော့သွားလေပြီ။
"ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
အရှင်မင်းကြီးမှာ တော်ဝင်သမားတော်သို့ ၏ စကားတစ်ခွန်းကြောင့် လန့်သွားပြီး သေရည်မူးနေသည်ပင်ပြေသွားရသည်။ သူသည် သမားတော်သို့ကို စိုးရိမ်တကြီး ကြည့်နေမိပြီး တစ်ခုခု မကောင်းတာ ပြောလာမည်ကို ကြောက်နေမိ၏။
"ဒါပေမဲ့... ကျန်နေတဲ့ အဆိပ်တွေကို ဖယ်ရှားဖို့ဆိုရင်တော့ ကျွန်တော်မျိုး အနေနဲ့ ဆေးပြင်းတချို့ သုံးရပါလိမ့်မယ်... အဲဒီအထဲမှာ အအေးဓာတ်များတဲ့ ဆေးဖက်ဝင်အပင် တချို့ပါတော့ ခန္ဓာကိုယ်ကို နည်းနည်းတော့ ထိခိုက်နိုင်ပါတယ်..."
"အရေးကြီးတာကိုသာ ပြောစမ်း..."
"သခင်မလေးလင် ကိုယ်ဝန်ရဖို့ဆိုတာ... နည်းနည်းတော့ ခက်ခဲသွားလိမ့်မယ်..."
ထိုစကားထွက်လာသည်နှင့် အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
လင်ဝမ်ယိကို ကြည့်သည့် သူတို့၏ အကြည့်များတွင် သနားကြင်နာမှုများ ပါဝင်နေသည်။ အထူးသဖြင့် ချိုးမင်ပင်။
နန်းတော်ထဲရှိ ကိုယ်လုပ်တော်များအတွက် သားသမီးမရှိလျှင် မည်မျှ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းရမည်ဆိုတာကို သူ ကောင်းကောင်းသိသည်။
ဘယ်လောက်ပဲ မျက်နှာသာရပါစေ ဘာမှအသုံးမဝင်ပေ။ နောင်တစ်ချိန် အရှင်မင်းကြီး နတ်ရွာစံသွားသည့်အခါ အရင်ဆုံး အသတ်ခံရပြီး အတူမြှုပ်နှံခံရမည့်သူများမှာ မျက်နှာသာရပြီး သားသမီးမရှိသည့် ကိုယ်လုပ်တော်များပင် ဖြစ်သည်။
သူတို့၏ သခင်မလေးတွင် ထိုသို့သော အဆုံးသတ်မျိုး ရှိလာမည်ကို တွေးမိသည်နှင့် နောက်ကွယ်မှ အဆိပ်ခတ်သူကို သူ မမုန်းဘဲ မနေနိုင်တော့ပေ။
ရှအန်း ကတော့ ခေါင်းကိုသာ အမြဲငုံ့ထားပြီး သိပ်စိုးရိမ်နေသည့်ပုံ မပေါ်ပေ။
ယင်းဖော့ဆေးလုံး၏ အဆိပ်အတွက် သူမဆီမှာ ဖြေဆေးရှိသည်။
အအေးမိရောဂါ ထလာမည်ကတော့ သေချာပေါက်ပင်။ သို့သော် လင်ဝမ်ယိ၏ ခန္ဓာကိုယ်ကိုတော့ အများကြီး ထိခိုက်စေမည်မဟုတ်ပေ။
တစ်နှစ် နှစ်နှစ်လောက် သေချာ ဂရုစိုက်လိုက်ရင် ကိုယ်ဝန်ရဖို့ကလည်း ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပေ။
ဒါပေမဲ့ နန်းတွင်းက တော်ဝင်သမားတော်တွေက စကားပြောရင် အမြဲတမ်း ပုံကြီးချဲ့ပြောတတ်ကြတာပဲလေ... မဟုတ်ရင် သူတို့ရဲ့ ဆေးပညာဘယ်လောက် တော်ကြောင်းကို ဘယ်လိုလုပ်ပြီး ပြနိုင်မှာလဲ...။
သို့သော် ထင်မှတ်မထားစွာပင် အရှင်မင်းကြီးက အေးအေးဆေးဆေးပင် ပြောလာသည်။
"ကိစ္စမရှိဘူး... လင်ချန်ကျိုက်ရဲ့ အဆိပ်ကို အရင်ပျောက်အောင်ကုပေး... သူ အန္တရာယ်ကင်းကင်းနဲ့ ပြန်ကောင်းလာဖို့ပဲ လိုတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ရှအန်းတင်မကဘဲ ခေါင်းမူးနေသော လင်ဝမ်ယိပင် အံ့ဩသွားပြီး နားမလည်နိုင်သည့် အကြည့်များဖြင့် သူ့ကို ကြည့်လိုက်မိသည်။
လင်ဝမ်ယိက အရှင်မင်းကြီးဟာ ကလေးတွေကို သဘောကျလိမ့်မည်ဟု ထင်ထားခဲ့သည်။ သူ့ အသက်အရွယ်အရ သားတော်နှစ်ပါးနှင့် သမီးတော်တစ်ပါးသာ ရှိသေးသဖြင့် တော်ဝင်မျိုးဆက်မှာ များနေပြီဟု မဆိုနိုင်ပေ။
ယခု ကိုယ်ဝန်ဆောင်ထားသည့် ကိုယ်လုပ်တော် နှစ်ယောက်ရှိနေသော်လည်း သိပ်တော့ မထူးခြားလှပေ။
ထိုက်ကျူဧကရာဇ် လက်ထက်ကဆိုလျှင် မင်းသားနှင့် မင်းသမီး အားလုံးပေါင်း နှစ်ဆယ့်ခြောက်ပါးတောင် ရှိခဲ့သည် မဟုတ်လား။
ထို့ကြောင့် သူ၏ စကားက လင်ဝမ်ယိကို အတော်လေး နားမလည်နိုင်ဖြစ်သွားစေသည်။
သူမက စူးစိုက်ကြည့်နေ၍ အနေရခက်သွားသလားမသိ... အရှင်မင်းကြီးက မလုံမလဲဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်သည်။
သုန်ယွီကျုံး လည်း ချက်ချင်း သဘောပေါက်သွားသည်။ သူက ဘေးဘီကို ကြည့်လိုက်ရာ ရှုပ်ပွနေသည်များအားလုံး ရှင်းလင်းပြီးသလောက် ရှိနေပြီမို့ တိုးတိုးလေး လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး တော်ဝင်သမားတော်သို့ကို ဆေးစာသွားရေးခိုင်းဖို့ အရင်လိုက်ပို့ပေးလိုက်ပါ့မယ်..."
"အင်း..."
ထို့နောက် သူက လက်ဝှေ့ယမ်းပြလိုက်ပြီး အားလုံး သူ့နောက်မှ လိုက်ထွက်သွားကြတော့သည်။
လက်ဝဲဆောင်ထဲတွင် အရှင်မင်းကြီးနှင့် လင်ဝမ်ယိ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး နှစ်ယောက်သားမှာ ဘာစကားမှမဆိုဘဲ ငြိမ်သက်နေကြသည်။
တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်သူမှာတော့ အရှင်မင်းကြီးပင်။ သူက လင်ဝမ်ယိကို အနည်းငယ် သဘောမကျသလိုမျိုး ကြည့်လိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို အားနည်းလွန်းတယ်... နန်းတွင်းကို ရောက်ကတည်းက မင်း ကုတင်ပေါ်မှာ လှဲနေရတဲ့ ရက်တွေချည်းပဲ ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာ ပြန်တွေးကြည့်ဦး..."
လင်ဝမ်ယိ မျက်လုံးများ နီရဲလာသည်။ ခုနက အန်ထားရ၍ သူမ၏ ကိုယ်တွင်းအင်္ဂါများ အကုန်လုံး လှုပ်ခါပြီး နာကျင်နေလေပြီ။
ပြဿနာတွေ မဖြစ်ချင်လို့ မတတ်သာဘဲ ကိုယ့်ဘာသာ အဆိပ်သောက်ခဲ့ရသည့် လုပ်ရပ်အတွက် စိတ်ထဲ ဝမ်းနည်းနေသည့်အထဲ အခု အရှင်မင်းကြီးကပါ သည်လိုဆူလာတော့ သူမ ပိုပြီး ဝမ်းနည်းသွားရသည်။
"အရှင်မင်းကြီးက ဒီလိုပြောတာ သိပ်တော့ မတရားဘူးထင်တယ်... ကျွန်တော်မျိုးမ နန်းတွင်းကို ဝင်လာကတည်းက အကြိမ်ကြိမ် ဒဏ်ရာရတာနဲ့ ရေထဲကျတာနဲ့... အခုဆိုရင် အဆိပ်တောင် မိသေးတယ်... ဒါတွေက ကျွန်တော်မျိုးမ ဖြစ်ချင်လို့ ဖြစ်လာတာတွေများ မှတ်နေလို့လား..."
နေမကောင်းဖြစ်နေတဲ့သူက ပိုပြီး ရဲတင်းတတ်တယ်ဆိုတဲ့အတိုင်းပဲ...။
သူမ ပြောလိုက်သည့် စကားများက အရှင်မင်းကြီးကို ဆွံ့အသွားစေရုံသာမက အနည်းငယ် မကျေမနပ်ဖြစ်နေသည့်သဘောမျိုးပင် ပါနေ၏။
သူမမှာ ရှိသည့် အသိစိတ်လေးဖြင့် ထိန်းထားလို့သာ တော်တော့သည်။ မဟုတ်လျှင် လင်ဝမ်ယိ တစ်ယောက် "ကျွန်တော်မျိုးမ နဲ့ နန်းတော်က ဓာတ်မတည့်လို့ပါ" ဟုပင် ပြောထွက်သွားနိုင်လေ၏။
သူမ၏ ဝမ်းနည်းနေသော ပုံစံလေးကို မြင်ရသောအခါ အရှင်မင်းကြီးလည်း စိတ်ပျော့သွားရသည်။
သူက လင်ဝမ်ယိ နဖူးဆီ လက်လှမ်းလိုက်ပြီး ချွေးများကြောင့် နဖူးပေါ်တွင် ကပ်နေသော ဆံနွယ်လေးများကို သပ်တင်ပေးလိုက်ရင်း ချော့မော့သည့် လေသံလေးဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိတော့ဘူး... ကိုယ်တော် မင်းကို ကတိပေးတယ်... ဒီကိစ္စကို သေချာ စုံစမ်းပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ဖော်ထုတ်ပေးမယ်... မင်းအတွက် တရားမျှတမှု ပြန်ရှာပေးမယ်..."
လင်ဝမ်ယိ အဆိပ်မိသည့် ကိစ္စက သူမသက်သက်လုပ်ကြံထားတာပင်။
ယခု အရှင်မင်းကြီးက သည်လို ပြောလာတော့ သူမ အနည်းငယ်တော့ နေရခက်သွားမိသည်။
ထို့ကြောင့် သူမက မျက်လွှာချလိုက်ပြီး စောစောကလို စူပုတ်ပုတ်ပုံစံလေး မဟုတ်တော့ဘဲ တိုးတိုးလေး ပြောလိုက်သည်။
"အရှင်မင်းကြီး စီစဉ်တဲ့အတိုင်းပါပဲ..."
အရှင်မင်းကြီး သူမကို စောင်သေချာခြုံပေးလိုက်ပြီး သူမ၏ ကျောပြင်လေးကို ဖွဖွလေး ပုတ်ပေးရင်း ကလေးတစ်ယောက်ကို ချော့သိပ်သလို ပြောလိုက်သည်။
"ပင်ပန်းနေပြီဆိုရင်လည်း ခဏလောက် အိပ်လိုက်... ကိုယ်တော် ဒီမှာပဲ မင်းကို စောင့်ပေးနေမယ်..."
လင်ဝမ်ယိ ခေါင်းညိတ်ပြလိုက်သည်။ သူမလည်း ဒီကနေ့ မနက်ကတည်းကစပြီး အခုချိန်ထိ ရုန့်ရင်းဆန်ခတ်ဖြစ်သွားတော့ တကယ်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူမ မျက်လုံးလေး တဖြည်းဖြည်း မှိတ်ကျသွားပြီး အိပ်ပျော်သွားတော့သည်။
အရှင်မင်းကြီးက ကုတင်ဘေးတွင် ငြိမ်သက်စွာ ထိုင်ရင်း လင်ဝမ်ယိကို သေချာ စိုက်ကြည့်နေမိသည်။
ယခုအကြိမ်က သူမအိပ်နေသည့်ပုံစံကို သူသေချာ ကြည့်ဖြစ်တာ ဒုတိယအကြိမ်ပင်။
အရင်တစ်ခေါက် ဝမ်ကုအဆောင်မှာ အိပ်ပျော်နေခဲ့တုန်းက အခြေအနေနဲ့ မတူဘဲ သည်တစ်ကြိမ်တွင်တော့ သူမ မျက်နှာက တကယ်ကို ကြည့်မကောင်းအောင် ဖြစ်နေခဲ့သည်။
ဖြူရော်နေတဲ့အထဲမှာမှ အနည်းငယ် ပြာနှမ်းနေသေးရာ အဆိပ်တွေအရှင်းမပျောက်သေးမှန်း တစ်ချက်ကြည့်လိုက်ရုံနှင့် သိသာနေသည်။
လင်ဝမ်ယိ အဆိပ်မိသွားပြီဟု သုန်ယွီကျုံး လာပြီး လျှောက်တင်လာသည့် အချိန်တုန်းက သူ ဘယ်လောက်တောင် ထိတ်လန့်သွားသလဲဆိုတာ နတ်မင်းများသာ သိလိမ့်မည်။ ထိုစက္ကန့်ပိုင်းလေးအတွင်းက ထိတ်လန့်မှုမျိုးဟာ နှစ်ပေါင်းများစွာအတွင်း သူ တစ်ခါမှ မကြုံခဲ့ဖူးသည့် ခံစားချက်မျိုးပင်။
ယခင်ဧကရာဇ် နတ်ရွာစံပြီးကတည်းက လူတိုင်းက သူ့ကို အမြင့်မြတ်ဆုံးနေရာမှာသာ ထားခဲ့ကြသည်။
ဧကရာဇ်ပလ္လင်၏ အေးစက်မှုနှင့် တော်ဝင်မိသားစု၏ သံယောဇဉ်ကင်းမဲ့မှုတွေက တဖြည်းဖြည်းနှင့် သူ့နှလုံးသားကို ခံစားချက်မဲ့အောင် လေ့ကျင့်ပေးခဲ့သည်။
ဤတစ်သက် တခြားဘယ်သူ့အပေါ်မှာမှ မေတ္တာသက်ဝင်လာတော့မှာ မဟုတ်ဟု ထင်ထားခဲ့သော်လည်း... နန်းတွင်းထဲ ဝင်လာတာ နှစ်လပင် မပြည့်သေးသည့် မိန်းကလေးတစ်ယောက်ကြောင့် သူ့၏ အကာအရံများ အားလုံး ပြိုလဲသွားရလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
အရှင်မင်းကြီးက သူမ၏ မျက်လွှာချကာ အေးချမ်းစွာအိပ်နေသည့် မျက်နှာလေးကို ကြည့်ရင်း မျက်မှောင်ကြုပ်လိုက်မိသည်။
သူ အခုမှ သေချာ ပြန်စဉ်းစားကြည့်မိသည်။ လင်ဝမ်ယိ တစ်ယောက် နန်းတွင်းကို ရောက်လာကတည်းက ပစ်မှတ်တစ်ခုလိုမျိုး လူတိုင်း၏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံနေရတာ အမှန်ပင်။
သေချာတွေးကြည့်လိုက်လျှင်တော့ သူမ၏ နောက်ခံ မတောင့်တင်းလို့ပင်။
အမတ်ချုပ်အိမ်တော်၏ တရားဝင်သမီး ဆိုတာက နာမည်ခံသက်သက်သာ။
သူမ နန်းတွင်း ဝင်လာတုန်းက ရထားသည့် ရာထူးအဆင့်အတန်းနှင့် သူမအစ်ကို လင်ရှင်းကျစ် နဂါးလှေပြိုင်ပွဲမှာ ဖြစ်ခဲ့သည့် အခြေအနေတွေကို ကြည့်ရုံနှင့်တင် အကြမ်းဖျင်း သိနိုင်၏။
ကန်ခိုင်းယို စုံစမ်းသိရှိလာခဲ့သည့် အမတ်ချုပ်အိမ်တော်၏ လျှို့ဝှက်ချက်တွေဆိုလျှင် ထည့်ပြောနေဖို့ပင်မလိုတော့ချေ။
လင်မိသားစု အိမ်တော်က ကြည့်ရတာ ထင်သလောက် မရိုးရှင်းနိုင်ပေ။
သည်နေရာအထိ တွေးမိပြီးနောက် အရှင်မင်းကြီး၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တချို့ ချလိုက်၏။
အရှင်မင်းကြီးက သူမ၏ အသက်ရှူသံများ ပုံမှန်ဖြစ်ပြီး ငြိမ်သက်သွားသည်ကို တွေ့လျှင် လက်ဝဲဆောင်ထဲမှ ထွက်လာခဲ့လေသည်။
သူက သုန်ယွီကျုံး တစ်ယောက် တံခါးဝတွင် ရိုရိုသေသေ စောင့်နေသည်ကို မြင်တော့ ချက်ချင်း အမိန့်ပေးလိုက်သည်။
"မင်း သွားလိုက်... တော်ဝင်နက္ခတ်ဗေဒင်ဌာန အကြီးအကဲနဲ့ လင်ချန်ကျိုက်ရဲ့ အဖေကို အတူတူ ခေါ်လာခဲ့... ကိုယ်တော် မေးစရာ ကိစ္စရှိတယ်..."
"အမိန့်တော်အတိုင်းပါ..."
"ပြီးတော့ လူရှာပြီး လင်ချန်ကျိုက်ကို ဟွေ့ဖန်းယာခြံဝင်း ပြန်ပို့ခိုင်းလိုက်... သူ နေမကောင်းမချင်း ဘယ်သူမှ သွားပြီး အနှောင့်အယှက်မပေးစေနဲ့... ကွေ့ဖေး အပါအဝင်ပဲ... ကြားလား..."
"ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး သေချာ မှတ်ထားပါ့မယ်..."
သုန်ယွီကျုံး သဘောပေါက်လိုက်သည်။ အရှင်မင်းကြီးက လင်ချန်ကျိုက် အဆိပ်မိသွားသည့် ကိစ္စကို လင်ကွေ့ဖေးအပေါ် ဒေါသပုံချလိုက်ခြင်းပင်။
မည်သို့ပင်ဖြစ်စေ မောင်းမဆောင်ကိစ္စ အဝဝကို သူမက တာဝန်ယူရတာမဟုတိလား။ နွေရာသီအပန်းဖြေနန်းတော် ကို ရောက်သည့် ဒုတိယနေ့မှာတင် သည်လို အဆိပ်ခတ်ခံရသည့် ကိစ္စမျိုး ပေါ်လာရသည်လို့...။
ယင်းက လင်ကွေ့ဖေး၏ တာဝန်ပေါ့လျော့မှု အပြစ်ဖြစ်သလို... တခြားလူများ မသိမသာ လှုပ်ရှားလာမှုတွေလည်း ပါဝင်နေတာပင် ဖြစ်လိမ့်မည်။