တော်ဝင်နက္ခတ်ဗေဒင်ဌာန အကြီးအကဲ
Vol. 8 Ch. 75
ဒါကြောင့် သူက အရှင်မင်းကြီး၏ အမိန့်ကို သေသေချာချာ နာခံဖို့ကသာ အရေးအကြီးဆုံး ကိစ္စပင်။
နွေရာသီအပန်းဖြေနန်းတော်ထဲတွင် လင်ကွေ့ဖေး၏ အကြီးအကျယ် ရှာဖွေစစ်ဆေးမှုများကြောင့် လူတိုင်း ကြောက်လန့်တကြားဖြစ်နေကြပြီး ဤပြဿနာထဲ ပါသွားမည်ကို စိုးရိမ်နေကြလေသည်။
သို့သော် အနောက်ဘက်ရှိ ဟွေ့ဖန်းယာခြံဝင်းလေးကတော့ ယခုအချိန်တွင် အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။
လင်ဝမ်ယိ သတိလည်လာချိန်တွင်တော့ သူမ၏ ခြံဝင်းလေးထဲသို့ ပြန်ရောက်နေခဲ့လေပြီ။
သူမမျက်လုံးဖွင့်လိုက်သည်နှင့် ချွမ်ချီနှင့် ရှအန်းတို့နှစ်ယောက် အခန်းကန့်အပြင်ဘက်တွင် တိုးတိုးလေး တစ်ခုခုဖြင့် အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရသည်။
"အဟွတ်... အဟွတ်..."
သူတို့နှစ်ယောက်က အသံကြားလိုက်ရသည်နှင့် အတွင်းခန်းထဲသို့ ကမန်းကတန်း ပြေးဝင်လာကြလေ၏။
ချွမ်ချီက လင်ဝမ်ယိ၏ ရှေ့သို့ ချက်ချင်း ပြေးလာကာ ဒူးထောက်ချလိုက်ပြီး မျက်ရည်ပေါက်ကြီးငယ်ကျလျက် ငိုယိုနေတော့သည်။
"သခင်မလေး... သခင်မလေး... အခုမှပဲ သတိရလာတော့တယ်... သခင်မလေးသာ တစ်ခုခုဖြစ်သွားရင် ဒီအစေခံ ဘယ်လိုလုပ်ရမလဲ..."
သူမမှာ အလွန်ဝမ်းနည်းစွာ ငိုကြွေးနေပြီး ဘေးနားမှ ရှအန်းကလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း မျက်ရည်ကျနေရှာသည်။
သူတို့နှစ်ယောက်၏ ထိုပုံစံကြောင့် လင်ဝမ်ယိတစ်ယောက် အလွန်ပင် စိတ်မကောင်းဖြစ်သွားရတော့၏။
"ကဲပါ... ငါ ဘာမှမဖြစ်ပါဘူး..."
သူတို့တွေ ငိုလို့ မတိတ်ကြသေးတော့ လင်ဝမ်ယိလည်း အားယူကာ အသံကိုမြှင့်၍ ပြောလိုက်ရသည်။
"ငါ အရမ်း ရေဆာနေပြီ... ရေလေး တစ်ခွက်လောက် အရင်သောက်ပြီးမှ နင်တို့နဲ့ စကားဆက်ပြောလို့ ရမလား..."
"သခင်မလေး ရေသောက်ချင်လို့လား... ဒီအစေခံ အခုပဲ သွားယူလိုက်ပါ့မယ်..."
ချွမ်ချီက မီးဖိုချောင်လေးထဲတွင် သူမအတွက် သကြားခဲနှင်းသစ်တော်သီးပေါင်း ပြင်ထားသည်။ သခင်မလေးက အန်ထားပြီး နေမကောင်းဖြစ်နေမည်ကို သိ၍ ထိုစွပ်ပြုတ်ကိုသောက်ပြီး ပိုသက်သာသွားစေရန်ပင်။
သူမ ကမန်းကတန်း ထွက်သွားတော့ ရှအန်းက ဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ ကမ်းပေးလာသည်။
ထို့နောက် သူမက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"သခင်မလေး... ဒါက ယင်းဖော့ဆေးလုံးရဲ့ ဖြေဆေးပါ... မြန်မြန်လေး သောက်လိုက်ပါနော်..."
လင်ဝမ်ယိ ခေါင်းညိတ်လိုက်ပြီး ရေပင်မသောက်ဘဲ ဆေးလုံးကို ပါးစပ်ထဲ တန်းထည့်ကာ ငုံထားလိုက်သည်။
ဤဖြေဆေးက လုံးဝမခါးသည့်အပြင် အနည်းငယ်ပင် အေးမြမြ နိုင်သေး၏။ ထို့ကြောင့် ဆေးလုံး အရည်ပျော်သွားသည့်အချိန်တွင် အက်ကွဲနေသော လည်ချောင်းမှာ အတော်လေး နေလို့ထိုင်လို့ ကောင်းသွားတော့သည်။
"ဖြေဆေးရှိလို့သာ တော်တော့တယ်... မဟုတ်ရင် ဒီအစေခံ အကြိမ်တစ်သောင်း သေရရင်တောင် အပြစ်ကျေမှာ မဟုတ်ဘူး..."
လင်ဝမ်ယိက သူမ စိုးရိမ်နေမှန်း သိသဖြင့် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခုဖြင့် ပြုံးပြလိုက်သည်။
"စိတ်ချပါ... ဖြေဆေးမရှိဘဲနဲ့ ငါလည်း အဆိပ်သောက်ရဲမှာ မဟုတ်ဘူး..."
ရှအန်း ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်ဝန်းများမှာ ကြောက်လန့်တကြား ဖြစ်နေဆဲပင်။
"အပြင်ဘက်မှာ ဘယ်လိုအခြေအနေ ရှိလဲ..."
"ရှောင်လုကျစ် ပြောတာ ကြားရသလောက်တော့... ကွေ့ဖေးမယ်မယ် အကြီးအကျယ် ဒေါသထွက်ပြီး ကိုယ်လုပ်တော်တွေ အားလုံးရဲ့ နန်းဆောင်တွေကို စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးနေတယ်တဲ့... ဒီနေ့ စားခဲ့သောက်ခဲ့သမျှတွေကိုလည်း တစ်ခုမကျန် စစ်ဆေးနေပါတယ်တဲ့... အခု အပြင်ဘက်မှာ အခြေအနေတွေ အတော်လေး တင်းမာနေပေမယ့် သခင်မလေးကတော့ စိတ်အေးအေးထားပြီး အနားယူလို့ ရပါတယ်..."
လင်ဝမ်ယိ မျက်လုံးများ မှိတ်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။
အကယ်၍သာ သူမမှာ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် လူဒီလောက်များများကို အလန့်တကြား မဖြစ်စေချင်သလို သူမ၏ ကိစ္စများတွင်လည်း မပါဝင် မပတ်သက်စေချင်ပေ။
သို့သော် သည်လို အခြေအနေမျိုးအထိ ချောင်ပိတ်ခံလိုက်ရချိန်တွင်တော့ သူမမှာလည်း သည်နည်းလမ်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
စဉ်းစားကြည့်လျှင် လင်ကွေ့ဖေးက သူမတွင် အအေးမိရောဂါ ရှိပြီး ကိုယ်ဝန်ရဖို့ ခက်ခဲကြောင်းသာ သိသွားချှင် သူမဆိုသည့် သည်စစ်တုရင်ရုပ်လေးကို သေချာပေါက် စွန့်ပစ်လိုက်လိမ့်မည်။
သူမသာ အသုံးမဝင်တော့လျှင် သူမ၏ မိဘနှင့် မောင်နှမများလည်း သူတစ်ပါး၏ ကြိုးကိုင်မှုအောက်မှ အနည်းငယ် လွတ်မြောက်သွားလိမ့်မည်။
သို့သော်လည်း လတ်တလောတွင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရရှိထားသဖြင့် သူမအတွက် အရမ်းကြီးတော့ အခက်တွေ့လှမည် မဟုတ်ချေ။
သူမ အခွင့်အရေးရှာပြီး အဘိုးမှတဆင့် သူမ မောင်လေးကို အမတ်ချုပ်အိမ်တော်ထဲမှ ခေါ်ထုတ်သွားနိုင်ဖို့ စီစဉ်မှသာ ဖြစ်တော့မည်။
မဟုတ်လျှင် ထိုအမတ်ချုပ်အိမ်တော်ထဲ ဆက်နေရမည်ဆိုလျှင် ထွက်ပေါက်ကို မပြောနှင့်... အသက်ရှင်နိုင်ဖို့ပင် ခက်ခဲလှ၏။
လင်ဝမ်ယိမှာ နိုးလာတာ မကြာသေးသော်လည်း သူမ၏ ခေါင်းထဲတွင် ဤအကြောင်းများကိုသာ ဆက်တိုက် တွေးတောနေမိလေ၏။
အလွန် တွေးမိသွားသဖြင့် သူမ၏ ခန္ဓာကိုယ်ကပါ မခံနိုင်ဖြစ်လာပြီး ခေါင်းတွေ အကြီးအကျယ် ထိုးကိုက်လာလေသည်။
ချွမ်ချီ ယူလာသည့် သကြားခဲနှင်းသစ်တော်သီးပေါင်းကို သောက်လိုက်တော့မှသာ သူမ အတော်လေး သက်သာသွားလေ၏။
သူမ ရင်ထဲမှ ပူလောင်နေသော ခံစားချက်များလည်း အများကြီး သက်သာသွားသည့်အပြင် ဆေးသောက်ထားသည့် အရှိန်ကြောင့် သူမ ပြန်ပြီး ငိုက်မြည်းလာတော့သည်။
ရှအန်းက သူမ မျက်ခွံများ မှေးကျလာသည်ကို မြင်သောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"သခင်မလေး အေးအေးဆေးဆေးသာ အနားယူလိုက်ပါတော့... ဒီတစ်ခေါက် အတော်လေး ထိခိုက်သွားတာဆိုတော့ ပုံမှန် ပြန်ဖြစ်ဖို့ လအတော်ကြာလောက် သေချာ ဂရုစိုက်ရဦးမှာပါ..."
"အင်း..."
သူမ၏ အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်သွားပြီး လင်ဝမ်ယိတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားတော့သည်။
ရှအန်းက အိပ်ရာခန်းဆီးများကို ချပေးလိုက်ပြီးနောက် ခြေသံမကြားရစေရန် ခပ်ဖွဖွနင်းလျက် အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
အခန်းတံခါးကို သေချာပိတ်ပြီးသည်နှင့် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေသော ချိုးမင်တစ်ယောက် လျှောက်လာသည်ကို သူမ တွေ့လိုက်ရ၏။
"သခင်မလေး အခြေအနေ ဘယ်လိုနေသေးလဲ..."
"အိပ်ပျော်နေတုန်းပါပဲ..."
"တော်ဝင်သမားတော်သို့ ပေးထားတဲ့ ဆေးရော..."
"သခင်မလေး နိုးလာမှ တိုက်လိုက်ပါ့မယ်... အခုလို အိပ်ပျော်နေနိုင်တာကလည်း ကောင်းပါတယ်လေ..."
ချိုးမင် ခေါင်းညိတ်လိုက်မိသည်။ ရှအန်း ပြောသည်ကလည်း အမှန်ပင်။
သူက တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီးနောက် ဆက်ပြောလေသည်။
"သခင်မလေးကို မင်းတို့ပဲ သေချာ နှစ်သိမ့်လိုက်ကြပါ... ငါ တော်ဝင်သမားတော်သို့ ကို သီးသန့် သေချာ မေးကြည့်ပြီးသွားပြီ... ကိုယ်ဝန်ရဖို့က လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူးတဲ့... ကျန်းမာရေး လုံးဝပြန်ကောင်းလာတဲ့အခါ ဖြည်းဖြည်းချင်း ကုသသွားလို့ ရပါတယ်တဲ့... အခုလောလောဆယ် အလောတကြီး ပူပန်နေစရာ မလိုပါဘူး..."
ထိုစကားကို ကြားသောအခါ ရှအန်း၏ ရင်ထဲတွင် ချိုးမင်အပေါ် ပို၍ပင် လေးစားသွားရသည်။
ယေဘူယျပြောရမည်ဆိုလျှင် နန်းတော်ထဲတွင် သားသမီး မထွန်းကားနိုင်သော ကိုယ်လုပ်တော် တစ်ယောက်အတွက် အနာဂတ်ဆိုတာ မျှော်လင့်ချက် မဲ့နေသည်ပင်။
ချိုးမင်ကဲ့သို့ ရာထူးနှင့် အနာဂတ် လမ်းပွင့်နေသူ တစ်ယောက်အဖို့တော့ သည်ရှန်ယိနန်းဆောင်က သူ့အတွက် အချိန်ကုန်၊ အဟန့်အတား ဖြစ်စေသည်သာ။
မူလကတော့ သူ တခြားတစ်နေရာရာကို ပြောင်းသွားမည်ဟု သူမ ထင်ထားခဲ့မိသည်။
ဥပမာ...ချိုးမင်ကို နေရာရွှေ့ထားတာမျိုးပင်။
သို့သော် သူမ ထင်မထားမိသည်မှာ သူက ဟွေ့ဖန်းယာခြံဝင်းလေးထဲတွင်သာ ဆက်နေနေ၍သာမက သခင်မလေးကိုပါ ဤမျှ စိတ်ရင်းအမှန်ဖြင့် ဂရုစိုက်ပေးနေလိမ့်မည်ဟုပင်။
ရှအန်း ပြုံးလိုက်ကာ သူ့ကို အရိုအသေပေးလိုက်လေသည်။
"ချိုးကုန်းကုန်း စိတ်ချပါ... သခင်မလေးအတွက် ကျွန်မတို့ အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးပါ့မယ်..."
"ဒါဆိုလည်း ကောင်းပြီ..."
ချင်းရှန်းဆောင်အတွင်း၌မူ ဧကရာဇ်က သူ၏ရှေ့တွင် ဒူးထောက်နေသော လူနှစ်ယောက်အား ကြည့်ရင်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန် ပေါက်နေလေ၏။
"တော်ဝင်နက္ခတ်ဗေဒင်ဌာန အကြီးအကဲ ကျင့်ရှစ်ရှီ က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ..."
"တော်ဝင်နက္ခတ္တဗေဒဌာန တာဝန်ခံအမတ် လင်ကွမ်ကျူ က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ..."
"ထကြပါ..."
"မှန်လှပါ..."
ဤကျင့်ရှစ်ရှီဆိုသည်မှာ အရှင်မင်းကြီး ကိုယ်တိုင် ရာထူးတိုးမြှင့်ပေးထားသူ ဖြစ်သဖြင့် အရှင်မင်းကြီး၏ မျက်နှာတော်ကို တွေ့ခွင့်ရသည်မှာလည်း အကြိမ်ပေါင်း မနည်းတော့ပေ။
သူ့အသက်မှာ ယလေးဆယ်ခန့်ရှိပြီး အရပ်အမောင်း မြင့်မားကာ တည်ကြည်ခန့်ညားသော မျက်နှာထားရှိသည်။ နှုတ်ခမ်းမွေးစစနှင့် သူ့ပုံစံမှာ ကြည့်ရသည်မှာ အတော်ပင် တည်ငြိမ်ရင့်ကျက်ဟန် ရှိလေ၏။
သို့သော် ဘေးတွင် ရပ်နေသော လင်ကွမ်ကျူမှာမူ အတော်လေး စိတ်လှုပ်ရှားကာ ဂဏာမငြိမ်ဖြစ်နေပုံ ရလေသည်။
သူက အရှင်မင်းကြီးကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဖူးခြင်းဖြစ်သလို ယခုလို ရှုပ်ထွေးနေသော ပတ်သက်မှုများကြောင့် ပို၍ပင် အနေရခက်နေလေ၏။
အရှင်မင်းကြီးကလည်း သူ့အခြေအနေကို ရိပ်မိသဖြင့် စိတ်ကို အနည်းငယ် လျှော့ပြီး ပြောလိုက်သည်။
"တာဝန်ခံအမတ်လင်... သိပ်ပြီး စိတ်လှုပ်ရှားမနေပါနဲ့... အရပ်သားတွေရဲ့ အခေါ်အဝေါ်အရ ပြောရမယ်ဆိုရင် ကိုယ်တော်က မင်းကို ယောက္ခမ လို့တောင် ခေါ်ရဦးမှာ..."
သည်စကားလည်း ကြားလိုက်ရရော လင်ကွမ်ကျူ၏ နဖူးက ချွေးစေးများ ပို၍ပင် ထွက်လာရတော့သည်။
အပြင်ဘက်တွင် နွေလယ်ခေါင်၏ ပူပြင်းမှုများ ဝေ့သီနေသော်လည်း သူ၏ ကျောပြင်တစ်ခုလုံးမှာတော့ ချမ်းစိမ့်သွားသလို ခံစားလိုက်ရ၏။
ထို့ကြောင့် သူက ချက်ချင်းပင် ရိုကျိုးစွာ လျှောက်တင်လိုက်လေသည်။
"ကျွန်တော်မျိုး မခံယူဝံ့ပါဘူး..."
"အရမ်းလည်း ရိုသေပြမနေပါနဲ့... လင်ချန်ကျိုက်ကလည်း သူ့မိသားစုအကြောင်း မကြာခဏ ပြောပြဖူးပါတယ်... မိဘတွေနဲ့ ညီအစ်ကိုတွေကို အရမ်းလွမ်းနေရှာတာ... အခု သူက နန်းတော်ထဲမှာဆိုတော့ နေရထိုင်ရ သိပ်မလွယ်ကူဘူးလေ... ကိုယ်တော်က သူ့ကိုယ်စား နည်းနည်းပါးပါး စောင့်ရှောက်ပေးရမှာပေါ့..."
ကျင့်ရှစ်ရှီကမူ ဘေးတွင် ရပ်နေကာ သူ့မျက်နှာပေါ်၌ မည်သည့် ခံစားချက်မှ ပေါ်မနေချေ။
သူက နားမပါလာသည့်လူလိုပင် အရှင်မင်းကြီးနှင့် လင်ကွမ်ကျူတို့၏ မိသားစုအရေး စကားပြောနေမှုများကို မသိချင်ယောင်ဆောင်ကာ ရိုသေစွာသာ ရပ်နေလေသည်။
အရှင်မင်းကြီးက ပေါ့ပေါ့ပါးပါး မေးသော်လည်း လင်ကွမ်ကျူကတော့ သတိကြီးစွာဖြင့်သာ ပြန်လည် ဖြေနေ၏။
အပြန်အလှန် စကားအနည်းငယ်ပြောလိုက်ပြီးနောက် လင်ကွမ်ကျူမှာ အနည်းငယ် အနေရခက်နေဆဲဖြစ်သော်လည်း အစကထက်စာလျှင် အတော်လေး တည်ငြိမ်သွားလေပြီ။
သူ၏ ပခုံးများ အနည်းငယ် ပြေလျော့သွားသည်ကို မြင်ကာမှ အရှင်မင်းကြီးက စကားလမ်းကြောင်းကို ရုတ်တရက် လွှဲလိုက်လေသည်။
"လတ်တလော နက္ခတ်အခြေအနေတွေ ဘယ်လိုရှိလဲ..."
ထိုအခါ ကျင့်ရှစ်ရှီက ချက်ချင်းပင် ရိုကျိုးစွာ လျှောက်တင်လေသည်။
"အရှင်မင်းကြီး... နက္ခတ်တွေကတော့ တည်ငြိမ်အေးချမ်းပါတယ်... ဒါပေမယ့် ကျွန်တော်မျိုး တွက်ကြည့်ရသလောက် အနောက်ဘက်က လနဲ့ ကြယ်တွေကို မြူတွေ ဖုံးလွှမ်းထားတဲ့ လက္ခဏာမျိုး တွေ့နေရတယ်... သေချာတာကတော့ နန်းတွင်းက မယ်မယ် တစ်ပါးပါး အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်..."
" ဘယ်လိုမျိုးလဲ..."
"အနောက်အရပ်က ရွှေဓာတ်ပါ... ရွှေက သစ်သားကို နိုင်တယ်... အနောက်ဆောင်က ကိုယ်လုပ်တော်တွေထဲမှာ မျိုးရိုးနာမည် ဒါမှမဟုတ် နာမည်မှာ သစ်သားဓာတ် ပါတဲ့သူဆိုရင် အထူးသတိထားဖို့ လိုအပ်ပါတယ်..."
(T/N - 林晚意(လင်ဝမ်ယိ) ရဲ့ 林 (lín) က သစ်တော လို့အဓိပ္ပာယ်ရလို့ သစ်သားဓာတ်ပါတယ်လို့ဆိုလို့ရပါတယ် )
ထိုစကားကို ကြားသောအခါ လင်ကွမ်ကျူ မျက်မှောင်ကြုတ်သွားပြီး ကျင့်ရှစ်ရှီအား တစ်ချက် လှမ်းကြည့်လိုက်မိသည်။
သူလည်း နက္ခတ်ဗေဒင်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူပင်။ သို့သော် ကျင့်ရှစ်ရှီပြောသော ထိုနက္ခတ်အခြေအနေမျိုးကို သူ ဘာကြောင့် သတိမထားမိခဲ့ရသနည်း။
အရှင်မင်းကြီးက ကျင့်ရှစ်ရှီကို စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်မေးလိုက်လေသည်။
"ဒါကို ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲ..."