← Chapters

ပါးပါးနပ်နပ် ဖြေရှင်းခြင်း

Vol. 8 Ch. 76

ပါးပါးနပ်နပ် ဖြေရှင်းခြင်း

Vol. 8 Ch. 76

"ဒါက သိပ်တော့ မခက်လှပါဘူး..."

ဤသို့ပြောရင်း သူက လက်ချောင်းများပေါ်တွင် အနည်းငယ် တွက်ချက်ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် အသေအချာဆိုလာ၏။

"မယ်မယ်တွေကို ရေနဲ့နီးတဲ့ နေရာကို ပြောင်းရွှေ့ပေးလိုက်ရုံပါပဲ... အကယ်၍ အရှင်မင်းကြီးကသာ ပိုပြီး ဂရုတစိုက် စောင့်ရှောက်ပေးမယ်ဆိုရင် ဒီအကျပ်အတည်းက သေချာပေါက် အမြန်ဆုံး ပြေလည်သွားမှာပါ..."

"ဟုတ်သားပဲ... ကိုယ်တော် မွေးတုန်းက ဇာတာတွက်ပေးတဲ့ ဆရာတစ်ယောက်က ကိုယ်တော်က ရေဓာတ်ခံရှိတယ်လို့ ပြောဖူးတယ်..."

ရေဖြင့် သစ်သားကို ပျိုးထောင်ခြင်းက တကယ့်ကို နည်းလမ်းကောင်းတစ်ခုပင်...။

ကျင့်ရှစ်ရှီသည် ခန္ဓာကိုယ်ကို ပို၍ ကိုင်းညွတ်လိုက်ရင်း ထိုစကားကို ထောက်ခံကြောင်း ပြသလိုက်လေသည်။

အရှင်မင်းကြီးမှာ သူလိုချင်သည့် အဖြေကို ရသွားသောအခါ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ကွေးညွတ်သွားတော့၏။

"ဒီလိုဆိုမှတော့ သီးသန့် စီစဉ်လိုက်ကြတာပေါ့... သုန်ယွီကျုံး... ကိုယ်တော့်ရဲ့ အိပ်ဆောင်ကို ဇယ့်ဖင်ကျွန်းက ချီချင်းဆောင်ကို ရွှေ့လိုက်... အဲဒီနေရာက နွေရာသီအပန်းဖြေနန်းတော်ရဲ့ ရေကြောရှိတဲ့နေရာပဲ... ကိုယ်တော် ကိုယ်တိုင် အဲဒီမှာ သွားနေပေးမယ်ဆိုရင် မောင်းမဆောင်က လူတွေအားလုံး ဘေးအန္တရာယ်ကနေ သေချာပေါက် လွတ်မြောက်သွားမှာပဲ..."

"ဒီအစေခံ အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင်တော့ ကျင့်ရှစ်ရှီ တစ်ယောက် ကောင်းကောင်း သဘောပေါက်သွားလေပြီ။

ငါ ခန့်မှန်းထားတဲ့အတိုင်း ကွက်တိပဲ...။

ဧကရာဇ်က ရုတ်တရက် ဆင့်ခေါ်သည် ဆိုကတည်းက အရေးကြီးသည့် ကိစ္စမေးစရာရှိနေ၍သာ ဖြစ်ပေမည်။

သူ လာသည်က ပုံမှန်ဖြစ်သော်လည်း ဘာကြောင့် အဆင့်ရှစ် တာဝန်ခံအမတ်တစ်ယောက်ကိုပါ အတူခေါ်ရသနည်း။

ထို့ကြောင့် သေချာပေါက် လင်အိမ်တော်နှင့် ပတ်သက်နေမည်ပင်။

ဧကရာဇ်၏ မျက်နှာသာပေးခံရသူ တစ်ယောက်အနေဖြင့် မိမိကိုယ်ပိုင် အရည်အချင်းရှိရုံသာမက အရှင်မင်းကြီး ယခုအချိန်တွင် မည်သည့်စကားမျိုး ကြားချင်နေသလဲ ဆိုသည်ကိုပါ သိထားဖို့ လိုအပ်ပေ၏။

မဟုတ်လျှင် သူလည်း ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် တော်ဝင်နက္ခတ္တဗေဒင်ဌာန အကြီးအကဲ ရာထူးသို့ ရောက်လာမည် မဟုတ်ချေ။

ယခင်က ထိုရာထူးကို ရခဲ့သူများမှာ အများအားဖြင့် ဆံပင်ဖြူနေသော အဘိုးအိုများသာ ဖြစ်ကြောင်း သိထားရမည်။

ကိုယ့်လိပ်ပြာကိုယ် မလုံတာမျိုး၊ တိုင်းပြည်ကို ထိခိုက်စေတာမျိုး မဟုတ်သရွေ့... ကောင်းကင်နက္ခတ်ကဲ့သို့သော လက်ဆုပ်လက်ကိုင်ပြမရသည့် ကိစ္စများမှာ အလိုက်သင့် လှည့်ပြောင်းပြောဆိုနိုင်သည့် နည်းလမ်းများ ရှိနေစမြဲပင်။

ထိုနေရာတွင် ရှိနေသူများအနက် လင်ကွမ်ကျူ တစ်ယောက်သာ ဘာတွေဖြစ်နေမှန်း နားမလည်နိုင် ဖြစ်နေရှာ၏။

သူက ဤအရွယ်ရောက်မှ နန်းတွင်းသို့ ဝင်လာရသူဖြစ်ရာ ဧကရာဇ်၏ အလေးပေးခံရသော သူ့ရှေ့မှ နက္ခတ္တဗေဒင်ဌာန အကြီးအကဲနှင့် ယှဉ်လျှင် ကွာခြားချက်မှာ အမှန်ပင် ကြီးမားလှပေသည်။

အလုပ်ကိစ္စများ ပြောပြီးသွားပြီးနောက် ကိုယ်ရေးကိုယ်တာ ကိစ္စများ ပြောရမည့် အချိန်ရောက်လာလေပြီ။

ထို့ကြောင့် ဧကရာဇ်က လင်ကွမ်ကျူကို သီးသန့် ချန်ထားခဲ့ပြီး ကျင့်ရှစ်ရှီကိုတော့ သုန်ယွီကျုံး ကိုယ်တိုင် အပြင်သို့ လိုက်ပို့ပေးခဲ့သည်။

ချင်းရှန်းခန်းမ တံခါးဝမှ ထွက်လာသည့်အခါ ကျင့်ရှစ်ရှီက သုန်ယွီကျုံးကို ပြုံးကာ ပြောလိုက်လေသည်။

"လမ်းပြပေးခဲ့တဲ့ ကုန်းကုန်းကို ကျေးဇူးတင်ပါတယ်... မဟုတ်ရင် ကျွန်တော်မျိုးရဲ့ တွက်ချက်မှုတွေက ဒီလောက် တိကျမှာ မဟုတ်ဘူး..."

"ကျင့်တာရင်က ဘာတွေပြောနေတာလဲ... ဒီအစေခံက စကားနည်းနည်းပါးပါး ဝင်ပြောပေးရုံတင်ပါ... တကယ်တော့ တာရင်ရဲ့ အကင်းပါးမှုကြောင့်ပါ..."

ထိုစကားကြောင့် ကျင့်ရှစ်ရှီပင် အနည်းငယ် အနေရခက်သွားရသည်။

"သုန်ကုန်းကုန်း အရှင်မင်းကြီးကို အလုပ်အကျွေးပြုရတာ ပင်ပန်းနေရောပေါ့... ကျွန်တော်မျိုးဆီမှာ မွေးရပ်မြေကနေ လာပို့ထားတဲ့ လက်ဖက်ရည်သစ် တစ်ထုပ်ရှိတယ်... သောက်ရတာ တော်တော်လေး အရသာရှိတယ်... ပြန်ရောက်ရင် လူစား လာပို့ခိုင်းလိုက်ပါ့မယ်..."

"ကျင့်တာရင်က သဘောကောင်းလွန်းပါတယ်... ဒါဆိုရင်လည်း ဒီအစေခံ ရဲရဲဝံ့ဝံ့ပဲ လက်ခံလိုက်ပါတော့မယ်..."

သူတို့နှစ်ယောက် စကားစမြည် ဆက်ပြောစရာမလိုဘဲ အရာအားလုံးကို နားလည်သွားကြပြီး အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြ တော့သည်။

ချင်းရှန်းခန်းမအတွင်း၌မူ လင်ကွမ်ကျူ တစ်ယောက် အရှင်မင်းကြီးရှေ့တွင် တစ်ယောက်တည်း ကျန်နေခဲ့ရာ မစိုးရိမ်ဟုဆိုလျှင် လိမ်ရာကျသွားပေမည်။

အထူးသဖြင့် ခုနက စကားများထဲတွင် ပါလာသည့် မောင်းမဆောင် ကိစ္စများပင်။

လင်ကွမ်ကျူ တစ်ယောက် သူ၏သမီးကိစ္စဖြစ်နိုင်မည်ဟု ခံစားနေရ၏။

သူ့မှာ မေးချင်သော်လည်း ဘယ်လို စမေးရမှန်း မသိဖြစ်နေရှာသည်။ အဆုံးတွင်တော့ အရှင်မင်းကြီးကပင် တိတ်ဆိတ်မှုကို အရင် ဖြိုခွင်းလိုက်ပြီး လင်ကွမ်ကျူကို စကားစလိုက်လေသည်။

"ဒီမှာ အပြင်လူလည်း မရှိတော့... ကိုယ်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်..."

"အရှင်မင်းကြီး မိန့်တော်မူပါ..."

"လင်ချန်ကျိုက် အဆိပ်မိသွားတယ်... တော်ဝင်သမားတော် ပြောတာတော့ အမြစ်ပြတ် ကုသချင်ရင် ပြင်းထန်တဲ့ ဆေးတွေကို သုံးရမယ်တဲ့... အဲဒီဆေးက ခန္ဓာကိုယ်ကို နည်းနည်း ထိခိုက်စေနိုင်တယ်... ကိုယ်တော်က သူ စိတ်မကောင်းဖြစ်နေမှာကို စိုးရိမ်လို့... သူ့မိသားစုဝင်တွေ လာပြီး နှစ်သိမ့်ပေးနိုင်မယ်ဆိုရင် သူ ပိုမြန်မြန် သက်သာလာနိုင်မယ်လို့ တွေးမိတာ..."

"ဘာ... အဆိပ်မိတယ်..."

လင်ကွမ်ကျူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူကြားလိုက်ရသည့် စကားကို လုံးဝ မယုံကြည်နိုင်ဖြစ်သွားသည်။

ပြီးခဲ့သည့် တစ်ခေါက်က ဟယ့်စုန်း နန်းတော်ထဲ သွားတုန်းက သူမ ရေထဲကျသွားသည်ဟု ကြားရသည်။ အခု သူ နွေရာသီအပန်းဖြေနန်းတော်ကို လာတော့ သူ့သမီး အဆိပ်မိသည်တဲ့လား။

ဒီနန်းတော်ကြီးက လူကို အရိုးတောင် မချန်ဘဲ ဝါးမျိုတတ်တဲ့ နေရာကြီးပါလား...။

ဘာလို့များ ဒီလောက်တောင် အန္တရာယ်များရတာလဲ...။

"အရှင်မင်းကြီး... ချန်ချန်ရော အဆင်ပြေရဲ့လား..."

လင်ကွမ်ကျူမှာ အလွန်စိုးရိမ်သွားသည့်အတွက် လင်ဝမ်ယိ၏ အိမ်နာမည်ကို ယောင်ပြီး ခေါ်မိသွားလေသည်။

အခြေအနေမဟန်မှန်း သိလိုက်တော့မှ ချက်ချင်း စကားပြန်ပြင်လိုက်ရ၏။

"အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ... ကျွန်တော်မျိုး စိတ်ပူသွားလို့ စကားမှားသွားတာပါ... လင်ချန်ကျိုက် အဆင်ပြေရဲ့လား..."

"လူကတော့ ဘာမှမဖြစ်ပါဘူး... ဒါပေမဲ့ လနည်းနည်းလောက် သေချာ အနားယူရလိမ့်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ လင်ကွမ်ကျူမှာ သူ့မှာသာ တောင်ပံပါလျှင် သူ၏သမီးရှေ့သို့ ချက်ချင်း ပျံသွားပြီး သေချာသွားကြည့်ချင်စိတ်များ ပေါက်သွားတော့သည်။

သို့သော် လက်တွေ့တွင်တော့ ထိုသို့ လုပ်၍မရရာ ဘယ်လောက်ပင် စိတ်ပူနေပါစေ အချည်းနှီးသာ ဖြစ်လေ၏။

အရှင်မင်းကြီးက သူ စိုးရိမ်သည်နေကို သေချာပေါက် မြင်‌ေနတော့ အရင်က လင်ဝမ်ယိ ပြောပြဖူးသည့် မိသားစု အကြောင်းများကို သတိရသွားသည်။

ဒီမိသားစုရဲ့ သံယောဇဉ်က တကယ်ကို ခိုင်မြဲတာပဲ...။

"အခု နွေရာသီအပန်းဖြေနန်းတော်မှာဆိုတော့ စည်းကမ်းတွေက သိပ်မကြီးပါဘူး... ဒါကြောင့် သခင်မလင်သာ နန်းတော်ထဲ လာပြီး လင်ချန်ကျိုက်ကို တွေ့ချင်တယ်ဆိုရင် ကိုယ်တော် စီစဉ်ပေးလို့ ရပါတယ်..."

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး... ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး... ကျွန်တော်မျိုး ပြန်ရောက်ရင် သခင်မကို ပြောလိုက်ပါ့မယ်..."

"အင်း... တာဝန်ခံအမတ်လင် အရင် ပြန်နားလိုက်တော့...ကိုယ်တော် အချိန်ကျရင် သခင်မလင်ကို အိမ်တော်ကနေ လာကြိုဖို့ လူလွှတ်လိုက်မယ်..."

"အမိန့်တော်အတိုင်းပါ..."

လူများ ပြန်ထွက်သွားပြီးနောက်မှာတော့ အရှင်မင်းကြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

သူက တော်ဝင်ပလ္လင်ပေါ်တွင် ထိုင်နေရင်း ခေါင်းကို လက်ဖြင့်ထောက်ထားကာ သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ပေါ်လွင်လာ၏။

သုန်ယွီကျုံးက လက်ဖက်ရည်တစ်ခွက် ကိုင်ပြီး ဝင်လာချိန်တွင် အရှင်မင်းကြီး စိတ်ရှုပ်နေသည်ကို မြင်လိုက်ရသဖြင့် ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး... ဟွေ့ဖန်းယာခြံဝင်းကို လူလွှတ်ပြီး မေးကြည့်လိုက်တော့... သခင်မလေးလင် အိပ်ပျော်နေပါတယ်တဲ့... အရှင်မင်းကြီးက သူ့မိသားစု လာတွေ့ဖို့ ဒီလောက်တောင် ဂရုတစိုက် စီစဉ်ပေးတာကို သိရင် သခင်မလေး သေချာပေါက် ဝမ်းသာမှာပဲ..."

ဝမ်းသာမှာလား...။

အရှင်မင်းကြီးကတော့ ခါးသက်သက် ခံစားချက်တစ်ခုကိုသာ ခံစားနေရသည်။

သူ ငယ်ငယ်က နေမကောင်းဖြစ်တိုင်း ခမည်းတော်က သူ့ကို ရင်ခွင်ထဲ ထွေးပိုက်ပြီး နှစ်သိမ့်ပေးခဲ့သည်များကို ပြန်သတိရသွား၏။

အခုတော့ သူ လိုချင်လျှင်တောင် ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့်လည်း သူလင်ဝမ်ယိ၏ မိသားစုကို နန်းတော်ထဲ လာလည်ဖို့ စီစဉ်ပေးလိုက်ခြင်းပင်။

ဒါပေမဲ့ ဤလျော်ကြေးက လင်ဝမ်ယိအတွက် တကယ် အသုံးဝင်ပါ့မလား ဆိုတာတော့ သူမသိပေ။

တော်ဝင်သမားတော်သို့ ပြောခဲ့သည့်စကားကို သူ ကောင်းကောင်း မှတ်မိနေသည်။

လင်ဝမ်ယိမှာ နောင်တစ်ချိန် ကလေးရလာခဲ့လျှင်ပင် အသက်ကိုလုပြီး မွေးရမည့် အခြေအနေတဲ့...။

သူ တစ်ခဏမျှ ဘာဆက်လုပ်ရမှန်းတောင် မသိဖြစ်သွားလေသည်။

.....

သစ်ကိုင်းများပေါ်သို့ လရောင် ဖြာကျလာချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးဟာ ငြိမ်သက်အေးချမ်းနေလေ၏။

လင်ဝမ်ယိ အိပ်ရာမှ နိုးလာသောအခါ အပြင်ဘက်တွင် သိုးချိုမီးအိမ် နှစ်လုံး ထွန်းထားသည်ကို မြင်လိုက်ရသည်။

အရမ်းမလင်းသော်လည်း ကြည့်ရသည်မှာလည်း မှောင်မနေပေ။

အကြာကြီး အိပ်လိုက်ရသဖြင့် သူမ တော်တော်လေး နေလို့ကောင်းသွားပြီ ဖြစ်၏။

သို့သော် ခြေလက်များက ပြန်ပြီး အေးစက်လာတော့ သူမ၏ အအေးမိရောဂါ ပြန်ထလာပြီဆိုတာ သိလိုက်ရသည်။

"ရှအန်း..."

သူမ အပြင်ဘက်ကို လှမ်းခေါ်လိုက်တော့ ခဏလေးအတွင်းမှာပင် အခန်းကန့် နောက်ကွယ်မှ လူရိပ်တစ်ခု ပေါ်လာသည်။

"သခင်မလေး နိုးပြီလား..."

"အင်း... ဘယ်အချိန်ရှိပြီလဲ..."

"ဟိုင်အချိန် (ည ၉ နာရီ - ၁၁ နာရီ) ကျော်သွားပါပြီ..."

ပြောရင်းဖြင့် ရှအန်းက သူမဆီသို့ ရေနွေးအိတ်လေး လှမ်းပေးလိုက်ရာ လင်ဝမ်ယိ ပြုံးလိုက်မိသည်။

ကိုယ့်အိမ်က အစေခံကမှ တကယ်ကို နားလည်ပြီး ဂရုစိုက်ပေးတတ်တာပဲ...။

"သခင်မလေးရဲ့ အအေးမိရောဂါ ပြန်ထလာရင် နွေရာသီဖြစ်နေရင်တောင် ခြေလက်တွေ အေးစက်နေမှာ သေချာတယ်လေ... ဒါကြောင့် သခင်မလေး နိုးလာမယ့်အချိန်ကို စောင့်ရင်း ဒီအစေခံ ကြိုပြီး ပြင်ဆင်ထားတာပါ..."

နွေးထွေးသော အထိအတွေ့လေးကို ခံစားလိုက်ရတော့ လင်ဝမ်ယိ ရင်ထဲတွင်လည်း ရေပူစမ်းလေး စီးဆင်းသွားသလို နွေးထွေးသွားရ၏။

"သခင်မလေး တစ်ခုခု စားချင်လား... ချွမ်ချီက ညစာအတွက် သခင်မလေး အကြိုက်ဆုံးဟင်းတွေ ချက်ထားတယ်..."

လင်ဝမ်ယိ သည်တစ်နေ့လုံး ဘာမှ ကောင်းကောင်း မစားရသေးသည့်အပြင် အကြိမ်ပေါင်းများစွာလည်း အန်ထားသေးသည်။ ထို့ကြောင့် သူမ အခု အလွန် ဗိုက်ဆာနေလေပြီ။

"ယူခဲ့လိုက်လေ... ငါ တကယ် ဗိုက်ဆာနေပြီ..."

"ဟုတ်ကဲ့ပါ..."

လင်ဝမ်ယိက အိပ်ရာပေါ်မှ ဆင်းပြီး ပိုးသားဝတ်ရုံလေး ခြုံကာ ရှစ်ထောင့်စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။ အဲဒီတော့မှ လင်ဝမ်ယိက ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းကို မော့ကြည့်လိုက်မိသည်။

လရောင်က ဒီလောက်တောင် သာယာပြီး အေးချမ်းနေပါလား။

နွေရာသီအပန်းဖြေနန်းတော်တွင်းရှိ ဉာဏ်နီဉာဏ်နက်အပြည့်ဖြင့် အကြံအစည်များနှင့်တော့ တခြားစီပါပင်။

တဖြည်းဖြည်းနှင့် ပြည့်ဝန်းလာသော လမင်းကြီးကို ကြည့်ရင်း လင်ဝမ်ယိ၏ စိတ်ထဲမှာလည်း အေးချမ်းသွားသည်။

သူမက ညစာစားပြီးနောက် ဆေးထပ်သောက်လိုက်လေသည်။

ဆေးညွှန်းကို ရှအန်းက ကြိုပြီး ကြည့်ထားပြီးသားဖြစ်၍ လင်ဝမ်ယိ၏ အအေးမိရောဂါ သောက်ဆေးနှင့် ဓာတ်မတည့်တာမျိုး မရှိပေ။

တစ်ခုတည်းသော ပြဿနာကတော့ ဆေးသောက်ချိန်ကို ခွဲထားဖို့ လိုတာပင်။

မဟုတ်လျှင် သူမ တစ်နေ့လုံး ဆေးတွေကို အကြိမ်မရေတွက်နိုင်အောင် သောက်နေရလိမ့်မည်။ ဆေးဆိုသည်မှာ ဘယ်လိုပင်ဖြစ်ဖြစ် ခန္ဓာကိုယ်ကို အနည်းနှင့်အများ ထိခိုက်စေတတ်သည်မို့... ဒီလို ဆေးပြင်းတွေကို ပေါင်းသောက်လိုက်လျှင် ဘယ်လောက်ပဲ ကျန်းမာသည့်သူဖြစ်ပါစေ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူမက အတော်ကြာကြာ ယခုအချိန်တွင် တော်တော်လေး လန်းဆန်းတက်ကြွနေလေပြီ။

All Chapters