← Chapters

ဇယ့်ဖင်ကျွန်းသို့ ပြောင်းခြင်း

Vol. 8 Ch. 77

ဇယ့်ဖင်ကျွန်းသို့ ပြောင်းခြင်း

Vol. 8 Ch. 77

လင်ဝမ်ယိ တစ်ယောက် လုံးဝ အိပ်ချင်စိတ် မရှိတော့ပေ။

ဤညသန်းခေါင်ယံတွင် ပန်းထိုးမည်ဆိုလျှင်လည်း သူမ မျက်လုံးထိခိုက်သွားနိုင်သည်။

ထို့ကြောင့် ခဏစဉ်းစားလိုက်ပြီးနောက် ရှအန်းကို ပြောလိုက်လေသည်။

"အဖေ ငါ့အတွက် လုပ်ပေးထားတဲ့ အဖြူနဲ့အမည်း စစ်တုရင်ကို ယူလာသေးလား..."

"သခင်မလေး... ယူတော့ ယူလာပါတယ်... ဒါပေမဲ့ အခု ကစားမလို့လား..."

"အင်း... တစ်နေကုန် အိပ်ထားတော့ အခု လှဲနေလို့လည်း မရတော့ဘူးလေ... ထုတ်ပြီး နည်းနည်းလောက် ကစားရအောင်..."

"ဒါပေမဲ့ သခင်မလေးရယ်... စစ်တုရင် ကစားတာက ပင်ပန်းတယ်နော်..."

"ကိစ္စမရှိပါဘူး... ငါ့ဘာသာ ဘယ်ညာ ခွဲပြီး ကစားမှာလေ... အနိုင်အရှုံး လုမှာမှ မဟုတ်တာ... အပျင်းပြေ သက်သက်ပါပဲ..."

ရှအန်းလည်း လင်ဝမ်ယိကို မတားနိုင်တော့သဖြင့် ပြောသည့်အတိုင်း သွားယူပေးရတော့သည်။

သခင်ကြီးလင်က သမီးဖြစ်သူ နန်းတော်ထဲတွင် ပျင်းနေမည်စိုး၍ ထိုစဉ်က ဉာဏ်စမ်းကစားစရာလေးများကို သေချာ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်၏။ ၎င်းတို့က အချိန်ဖြုန်းဖို့အတွက် အလွန် သင့်တော်ပေသည်။

မူလကတော့ ရှအန်းသည် အသစ်အဆန်းလေး ဖြစ်သွားဖို့သာ နွေရာသီအပန်းဖြေနန်းတော်သို့ ယူလာခဲ့ခြင်းသာ။ ဤသို့သော အခြေအနေမျိုးတွင် အသုံးဝင်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သူမက လင်ဝမ်ယိ မျက်လုံးထိခိုက်မည်စိုး၍ ဘေးတစ်ဖက်တစ်ချက်စီတွင် နန်းတွင်းမီးအိမ် နှစ်လုံးကို သေချာချထားပေးလိုက်သည်။

အလင်းရောင်က မျက်စိပသာဒဖြစ်သလို အလွန်အမင်း မှောင်မနေပေ။

ဘယ်ဘက်လက်က အဖြူရောင်၊ ညာဘက်လက်က အမည်းရောင်။ တစ်ဖက်က တိုက်ခိုက်ပြီး တစ်ဖက်က ကာကွယ်သည်။

သူမဘာသာ ဘယ်ညာကစားရသည့် အရသာက တကယ်ကို အချိန်ဖြုန်းရန် ကောင်းလွန်းလှ၏။

လင်ဝမ်ယိတစ်ယောက် အားရပါးရ ကစားနေစဉ်မှာပင် ရုတ်တရက် တံခါးဝမှ အော်သံကို ကြားလိုက်ရသည်။

သူမ အပြင်ဘက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်မိသည်။

ဒီအချိန်ကြီး ဘယ်သူများ ရောက်လာတာပါလိမ့်...။

ဝင်လာသူကို မြင်လိုက်ရသည့်အခါမှာတော့ ရှအန်းတင်မကဘဲ လင်ဝမ်ယိပါ အနည်းငယ် အံ့ဩသွားရသည်။

"အရှင်မင်းကြီး... ဘယ်လိုရောက်လာတာလဲ..."

အရှင်မင်းကြီးက ရွှေနဂါးပုံ ထိုးသွင်းထားသော အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး လရောင်အောက်မှ ဖြတ်လျှောက်လာသည်မို့ ကြည့်ရသည်မှာ ပို၍ ခံ့ညားထည်ဝါနေ၏။

"ဒီလောက် နောက်ကျနေပြီကို... မင်း အဆောင်က ဘာလို့ မီးလင်းနေသေးတာလဲ..."

"ကျွန်တော်မျိုးမ နေ့လယ်ကတည်းက အိပ်နေတာဆိုတော့ အခု အိပ်ချင်စိတ် မရှိတော့လို့... ထိုင်နေတာပါ..."

ထို့နောက် ရှအန်းက အရှင်မင်းကြီး လက်ဆေးဖို့ ရေနွေး ခပ်လာပေးသည်။ လင်ဝမ်ယိက အရှင်မင်းကြီးကို လက်သုတ်ပေးနေရင်း မေးလိုက်၏။

"အရှင်မင်းကြီးရော... အခု အိပ်ရမယ့် အချိန်မဟုတ်ဘူးလား..."

"ကိုယ်တော် ချီချင်းဆောင်ကို အခုလေးတင် ပြောင်းလာတာ... အထဲမှာ ခမည်းတော် အသက်ရှင်တုန်းက အသုံးအဆောင်တွေ အများကြီး ရှိနေတော့ မြင်ရတာ နည်းနည်း စိတ်မကောင်းဖြစ်သွားလို့... အပြင်ထွက် လမ်းလျှောက်လာတာ..."

အပြင်ထွက် လမ်းလျှောက်တာ ဟုတ်လား...။

ဒီလောက် ညနက်နေမှ အရှင်မင်းကြီးက နွေရာသီအပန်းဖြေနန်းတော်မှာ ညဖက်ကြီး လမ်းလျှောက်ချင်နေတာလား...။

ဒါပေမဲ့ သူက တိုင်းပြည်၏ အရှင်သခင်ပဲလေ။ သူ ညဘက် လမ်းလျှောက်ချင်သည်ဆိုလျှင်လည်း ဘယ်သူမှ ဝင်တား၍ မရပါ။

"ဒီလောက် ညနက်နေမှကို ဒီမှာ စစ်တုရင် ကစားနေရတာလား... ဆက်ကစားလေ မအိပ်ချင်လေ ဖြစ်မှာကို မကြောက်ဘူးလား..."

သူက ထိုင်ခုံရှေ့ကို လျှောက်သွားပြီး ဖိနပ်ချွတ်ကာ အပေါ်ကို တက်ထိုင်လိုက်လေသည်။ သေချာ အကဲခတ်ကြည့်လိုက်ပြီးနောက် အရှင်မင်းကြီး မျက်မှောင်ကြုတ်သွား၏။

"ဒါက ဘယ်လို ကစားနည်းလဲ... ကြည့်ရတာ စစ်တုရင်နဲ့လည်း မတူဘူး..."

လင်ဝမ်ယိ ပြုံးလိုက်ပြီး သူ့မျက်နှာချင်းဆိုင်သို့ လျှောက်သွားကာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"စစ်တုရင် မဟုတ်ပါဘူး... ဒါက အဖေနဲ့ ကျွန်တော်မျိုးမ အားတဲ့အချိန်တွေမှာ မကြာခဏ ကစားလေ့ရှိတဲ့ ကစားနည်းပါ... အရုပ်ငါးခု တန်းသွားရင် နိုင်ပြီ... ဒေါင်လိုက်ပဲဖြစ်ဖြစ်၊ အလျားလိုက်ပဲဖြစ်ဖြစ်၊ စောင်းစောင်းပဲဖြစ်ဖြစ် ရတယ်..."

"ငါးခုတန်းရင် နိုင်ပြီဆိုတော့... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ..."

သူက ပြောရင်းဖြင့် အမည်းရောင်အရုပ်ကို ယူလိုက်ပြီး လေးဘက်လေးတန်ကို သေချာ ကြည့်ကာ ချက်ချင်းပင် အရုပ်တစ်ရုပ်ကို ချလိုက်သည်။

မကြာမီမှာပင် အမည်းရောင်ဖက်က အခြေအနေပြန်ကောင်းလာပြီး အဖြူရောင်ဖက်ကတော့ လုံးဝအခွင့်မသာတော့ပေ။

လင်ဝမ်ယိက ဧကရာဇ် ယွီဝမ်ဟုန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

"အရှင်မင်းကြီး အရင်က တစ်ခါမှ မကစားဖူးဘူးလား..."

"မကစားဖူးဘူး..."

ဒါဆို ဒီပါရမီက...ထူးချွန်လိုက်တာ။

ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သဘောပေါက်သွားတာလဲ...။

သူမတွေးနေစဉ်မှာပင် အရှင်မင်းကြီးဆီမှ စကားတစ်ခွန်း ပြောလာလေသည်။

"ကိုယ်တော်နဲ့ အတူတူ နည်းနည်းလောက် ဆက်ကစားကြတာပေါ့..."

"ဟုတ်ကဲ့ပါ..."

မည်သို့ပင်ဆိုစေကာမူ လင်ဝမ်ယိလည်း အိပ်မပျော်သေးသည်ဖြစ်ရာ ချက်ချင်းပင် လက်ခံလိုက်၏။

နှစ်ယောက်သား မီးရောင်အောက်တွင် အားရပါးရ ကစားနေကြသည်မှာ ဝမ်ကုအဆောင်က မိုးရွာသည့်ညတွင် အတူတူ စကားပြောခဲ့ကြသော အဲဒီညဆီသို့ ပြန်ရောက်သွားသလိုပင်။

အပြင်ဘက်တွင် ရပ်နေကြသော သုန်ယွီကျုံးနှင့် ချိုးမင်တို့ နှစ်ယောက်လည်း အချင်းချင်း ကြည့်ရင်း ပြုံးလိုက်ကြလေ၏။

"ဆရာ... ဇယ့်ဖင်ကျွန်းဖက်မှာရော အကုန်စီစဉ်ပြီးသွားပြီလား..."

"အင်း... ချီချင်းဆောင်ထဲမှာက ပုံမှန်ဆိုရင် သန့်ရှင်းရေး လုပ်ထားပြီးသားမို့... အရှင်မင်းကြီး အမြဲသုံးတဲ့ ပစ္စည်းလေးတွေကိုပဲ ပြောင်းပေးလိုက်ရုံဆိုတော့ သိပ်အလုပ်မရှုပ်ပါဘူး..."

ထို့နောက် သူက ပြတင်းပေါက်ပေါ်တွင် ထင်ဟပ်နေသော သူတို့နှစ်ယောက် ကစားနေကြသည့် အရိပ်ကို ကြည့်ရင်း ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။

"အရှင်မင်းကြီးက ဇယ့်ဖင်ကျွန်းပေါ် မသွားသေးဘဲ ဟွေ့ဖန်းယာခြံဝင်းကို အရင် ရောက်လာတာကိုက ထူးဆန်းတယ်..."

ဒီတစ်ခွန်းတည်းနှင့်ပင် ချိုးမင် တစ်ယောက် ကောင်းကောင်း သဘောပေါက်သွားလေပြီ။

"ဒါဆို အရှင်မင်းကြီးက သခင်မလေးဆီမှာ အိပ်တော့မှာလား..."

"မင်း ဒီကောင်လေး... တကယ့်ကို နေရာမှန်ကို ရောက်လာတာပဲ..."

သုန်ယွီကျုံးက သူ၏ ယပ်တောင်လေးဖြင့် ချိုးမင်ကို ဖွဖွလေး ရိုက်လိုက်ပြီး ပြုံးစစနှင့် ပြောလိုက်သည်။

"သွား... ပေါ့ပေါ့ပါးပါး ညစာလေး ဘာလေး သွားပြင်ချေ... ဒီညတော့ တော်တော်လေး အိပ်ရေးပျက်ခံရဦးမယ်ထင်တယ်..."

ထိုစကားကို ကြားလိုက်သည်နှင့် ချိုးမင် မျက်နှာပေါ်က အပြုံးတွေက ချက်ချင်း ဝေဆာသွားတော့၏။

နွေရာသီအပန်းဖြေနန်းတော်တွင်က စည်းကမ်းများ သိပ်မကြီးပေ။ ဒါကြောင့် အရှင်မင်းကြီးက ဟွေ့ဖန်းယာခြံဝင်းတွင် ညအိပ်မည် ဆိုလျှင်လည်း ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပေ။ ဒါ့အပြင် ဆင်ခြေကလည်း အသင့်ရှာထားပြီးသား ဖြစ်၏။

ပထမအချက်မှာ အရှင်မင်းကြီး ဒီဇယ့်ဖင်ကျွန်းသို့ ပြောင်းလာခြင်းမှာ မောင်းမဆောင်က လူများအားလုံးအတွက် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ခမည်းတော်၏ ပစ္စည်းများကို မြင်ပြီး သတိရနေ၍ ချီချင်းဆောင်တွင် ဆက်မနေချင်သည်မှာလည်း သဘာဝကျ၏။ ထို့အပြင် ဟွေ့ဖန်းယာခြံဝင်းက ဇယ့်ဖင်ကျွန်းနှင့် အနီးဆုံး ဖြစ်နေသဖြင့် ဤနေရာကိုလာခဲ့သည်ဆိုတာလည်း အကြောင်းပြချက် ခိုင်လုံနေပေသည်။

ထို့ကြောင့် သုန်ယွီကျုံး၏ စကားတစ်ခွန်းက ဟွေ့ဖန်းယာခြံဝင်းရှိ လူများ အကုန်လုံးကို ပြုံးသွားစေသည်။

ဘာပဲဖြစ်ဖြစ် သခင်မလေးက နေ့ခင်းတုန်းကမှ ရှန့်ကျင့်စံအိမ်မှာ အဆိပ်မိထားတာလေ... ညကျတော့လည်း အရှင်မင်းကြီး ကိုယ်တိုင် လာ နှစ်သိမ့်ပေးတယ်။ ဒီလောက် မျက်နှာသာရတာမျိုးက မောင်းမဆောင်ထဲမှာတော့ ပထမဆုံးအကြိမ်ပဲ။

ချွမ်ချီ တစ်ယောက် အစွမ်းကုန် ကြိုးစားပြီး ညစာကို ပြင်ဆင်နေလေသည်။ သူမက တတ်နိုင်လျှင် သူမသိသမျှ ဟင်းတွေ အားလုံးကိုပါ တစ်ခါတည်း ချက်ပြလိုက်ချင်စိတ် ပေါက်နေမိ၏။ သို့သော် ဒီလို ညဉ့်နက်အချိန်ကြီး အဆီတွေ အများကြီးစားလျှင် အစာမကြေဖြစ်မည်စိုး၍ ခဏစဉ်းစားလိုက်ပြီး ခေါက်ဆွဲအရည်ကြည်ပြုတ် လေး တစ်ပွဲကိုသာ ပြင်ဆင်လိုက်လေသည်။

အပေါ်တွင်တော့ နေ့ခင်းက နှပ်ထားသော အမဲသားပြားလေးများကို တင်ပေးထားပြီး ဘေးက ပန်းကန်လုံးအသေးလေး ထဲတွင်တော့ ဆီသတ်ထားသော ငရုတ်သီးလေးများ ထည့်ထားလိုက်သည်။ ကြည့်ရသည်မှာ အရောင်အသွေး လှပပြီး စားချင်စရာ တကယ့်ကို ကောင်းနေပေသည်။

ထင်ထားသည့်အတိုင်းပင်... ချိုးမင်က အဲဒီခေါက်ဆွဲပွဲကို အရှင်မင်းကြီး ရှေ့ချပေးလိုက်‌တော့ ပုံမှန်ဆိုလျှင် များများစားခဲလှသော အရှင်မင်းကြီးက စွပ်ပြုတ်ရည်ကိုပါ ကုန်အောင် သောက်လိုက်လေသည်။

သူ့ နဖူးတွင် ချွေးသီးချွေးပေါက်များ ထွက်လာသော်လည်း ယခုချိန်မှာတော့ အဝစားလိုက်ရသဖြင့် နတ်သုဒ္ဓါစားလိုက်ရသလိုပင်။

"မင်း ကောင်မလေးရဲ့ လက်ရာက တော်ဝင်စားဖိုဆောင်ထက်တောင် ပိုကောင်းနေသေးတယ်... ကိုယ်‌ေတာ် လာတဲ့ အခေါက်တိုင်း အံ့ဩစရာကောင်းတဲ့ ဟင်းတွေ အမြဲစားနေရတယ်..."

သူက ပြောပြီးသည်နှင့် ပုဝါဖြင့် နှုတ်ခမ်းထောင့်ကို သုတ်လိုက်ပြီး လက်ဖက်ရည်နှင့် ပလုတ်ကျင်းကာ အနံ့ပျောက်အောင် လုပ်လိုက်သည်။

လင်ဝမ်ယိကတော့ ထိုစကားကို ကြားလိုက်ရသည့်အခါ လုံးဝ အံ့ဩမသွားပေ။ ချွမ်ချီ၏ လက်ရာက ငယ်ငယ်ကတည်းက လေ့ကျင့်လာခဲ့တာ မဟုတ်လား။

တော်ဝင်စားဖိုမှူးများကို ယှဉ်နိုင် မယှဉ်နိုင်တော့ သူမ မမှန်းတတ်ချေ။ သို့သော် အရှင်မင်းကြီးက တန်ဖိုးကြီး ဟင်းလျာများချည်းသာ စားလာခဲ့ရသူဖြစ်သဖြင့် ဒီလို ရိုးရိုးရှင်းရှင်း ခေါက်ဆွဲလေးကို တစ်ခါတလေ စားရခြင်းက သူ့အတွက် စားမြိန်နေမည်မှာ အသေအချာပင်။

"အရှင်မင်းကြီး သဘောကျရင် ပြီးတာပါပဲ... ချွမ်ချီက သူ့ရဲ့ နာမည်ကြီး ဟင်းတွေ အများကြီး ချက်တတ်သေးတယ်... နောက်တစ်နေ့ကျရင် အရှင်မင်းကြီး မြည်းစမ်းဖို့ ထပ်လုပ်ခိုင်းလိုက်ပါ့မယ်..."

"အင်း..."

စကားပြောနေရင်းပင် လင်ဝမ်ယိက စီစဉ်ထားသည့်အတိုင်း ပြုံးလိုက်ပြီး အရှင်မင်းကြီး၏ အမည်းရောင် အရုပ်ကို ဝိုင်းလိုက်လေသည်။

ကစားကွက် တစ်ကွက် လွဲသွားသည်နှင့် ပွဲတစ်ခုလုံး ရှုံးသွားသည်ပင်။

"မင်းက တော်တော်လေး ရဲတင်းတာပဲ... ကိုယ်တော့်ကို နိုင်အောင် ကစားရဲတယ်ပေါ့... မင်း အဘိုးက ကိုယ်တော့်ရဲ့ မင်းဆရာ လုပ်တုန်းကတောင် ကိုယ်တော့်ကို လွယ်လွယ်နဲ့ နိုင်အောင် မလုပ်ခဲ့ဘူး... ပြီးတော့ ဒီလောက် အပြတ်အသတ်ကြီး ရှုံးသွားတာကို..."

"အရှင်မင်းကြီး ကိုယ့်ရာထူးကို အသုံးချပြီး သူများအပေါ် အနိုင်မကျင့်ရဘူးနော်... အဖေက ပြောဖူးတယ်... စစ်တုရင် ကစားတဲ့အခါ လူကြီးလူငယ် မခွဲခြားဘူး... ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တယ်တဲ့..."

ယခုညက လင်ဝမ်ယိ သူမ၏မိသားစု အကြောင်းကို ဒုတိယအကြိမ်မြောက် ပြောပြသည့် ညပင်။

အရှင်မင်းကြီးကတော့ နေ့ခင်းတုန်းက သူ တွေ့ခဲ့သည့်လူမှာ တကယ်ရော လင်ဝမ်ယိ ပါးစပ်ကပြောနေသည့် အဖေ ဟုတ်ပါရဲ့လားဟုပင် သံသယ ဝင်လာမိ၏။

ဘာလို့ ဒီလောက်တောင် ကွာနေရတာလဲ...။

သူကိုယ်တိုင်ကလည်း အသတ်အဖြတ် ဝါသနာပါတဲ့ ရက်စက်တဲ့ ဘုရင်မှ မဟုတ်တာ... တာဝန်ခံအမတ်လင်က သူ့ကို တွေ့တဲ့အခါကျ ဘာလို့ ဒီလောက် ကြောက်နေတဲ့ မျက်နှာဖြစ်နေရတာလဲ...။

ထို့ကြောင့် သူလည်း မတ်မတ် ထိုင်လိုက်ပြီး လင်ဝမ်ယိကို ကြည့်ကာ ပြောလိုက်လေသည်။

"ကိုယ်တော် ဘာအဆင့်ရော ရာထူးရောမသုံးဘဲနဲ့ မင်းကို အပြတ်အသတ် နိုင်အောင် ကစားပြမယ်..."

နှစ်ယောက်သား တစ်ပွဲ ပြန်စလိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် လိုက်ဖမ်းလိုက်၊ ပိတ်လိုက်ဖြင့် တကယ့်ကို အားရစရာပွဲပင်။

စစ်တုရင်အရုပ်များ ကစားခုံပေါ်တွင် ပြည့်လုနီးပါး ဖြစ်လာချိန်၌မူ လင်ဝမ်ယိ ရှုံးသွားတော့သည်။

ပြီးတော့ ကျေကျေနပ်နပ်ကို ရှုံးသွားခြင်းဖြစ်သည်။ အရှင်မင်းကြီး၏ ဒီလို ချောင်ပိတ်ထားသည့်အကွက်ထဲမှာ သူမ ဘယ်ဖက်ကိုပဲ သွားသွား ရလဒ်ကတော့ အတူတူပင်။

တကယ်ကို ဧကရာဇ်တွေရဲ့ စိတ်ဆိုတာ ပင်လယ်ကြမ်းပြင်က အပ်လိုပါပဲလား... ဒီသေးငယ်တဲ့ စစ်တုရင်ခုံလေး ကနေတောင် သူ့ရဲ့ စိတ်ကူးတွေက ဘယ်လောက် နက်ရှိုင်းသလဲဆိုတာ မြင်နိုင်နေတယ်။

ဒါပေမဲ့ လင်ဝမ်ယိ တစ်ချက် တွေးလိုက်မိတော့လည်း... ဒါက သဘာဝပါပဲလေ။

All Chapters